အခန်း ၆၄
Vol. 7 Ch. 64
Chapter 64-ချန်းရော့ယွီကို ချော့ခြင်း
အခန်းထဲမှာ ချန်းရော့ယွီက တံခါးနောက်မှာ ထိုင်ပြီး သူမ၏ ခြေထောက်များကို ပိုက်ထားကာ အံ့မခန်း ခံစားနေရသည်။
ဒီလိုမျိုး ရှင်းပြလို့ မရတဲ့ မကောင်းတဲ့ ယောက်ျားက မယုံနိုင်လောက်အောင် မနာလိုဖြစ်ပြီး စိတ်တိုနေတယ်။ သူမ မလိမ်ခဲ့ဘူး။ သူမက သူ့ကို အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဒါတွေအားလုံးက သူကိုယ်တိုင်ရဲ့ မိုက်မဲမှုကြောင့်ပဲ ဖြစ်တယ်။ သူက တခြားသူတွေကိုတောင် အပြစ်တင်ဖို့ သတ္တိရှိနေသေးတယ်။
သူမ သူ့ကို စိတ်မဝင်စားချင်ပေမဲ့ စီးစီး ထွက်ခွာသွားတာကို သူမ အရမ်း ဝမ်းနည်းတယ်။ သူမကို မစ္စတာတိုင်ရန်နိုဆောရပ်စ်က မှားယွင်း စွပ်စွဲခဲ့တယ်။ ချန်းရော့ယွီ ဒီအကြောင်း တွေးလိုက်တဲ့အခါ သူမ ပြန်ငိုချင်လာတယ်။
"ကြမ်းပြင်ပေါ်မှာ မထိုင်နဲ့။ ကြမ်းပြင်က အေးတယ်"
မုန့်ကု၏ အသံက အရမ်း ဒေါသထွက်နေပုံရသည်။
သူမ လန့်ဖျပ်သွား၏။ သူမ ဘယ်ညာ ကြည့်လိုက်သော်လည်း ဘယ်သူမှ မရှိပေ။ သူမ ကြမ်းပြင်ပေါ် ထိုင်နေတာကို သူ ဘယ်လို သိတာလဲ။ သူမ အချိန်အကြာကြီး တွေးလိုက်ပြီးမှ သူမ ခုနက စကားပြောခဲ့တာကို သတိရသွားတယ်။ ဖြစ်နိုင်တာက သူ သူမရဲ့ အသံကို ကြားပြီး သူမ ကြမ်းပြင်ပေါ် ထိုင်နေတာကို ခန့်မှန်းနိုင်ခဲ့တာလား။
သူမရဲ့ မူးဝေနေတဲ့ ခေါင်းကို နှိပ်လိုက်တဲ့အခါ ခေါင်းကိုက်တာ စတင်နေပြီဟု ခံစားရသည်။
"ဒေါက်တာမုန့်၊ ကျွန်မ ခေါင်းကိုက်နေတယ်"
"တံခါးဖွင့်။ ကိုယ် ကြည့်ပါရစေဦး"
"ရှင့်ကို မကြည့်ခိုင်းဘူး။ ရှင့်ကြောင့် ဖြစ်တာ"
သူ သက်ပြင်းချလိုက်သည်။
"ချန်းရော့ယွီ"
"ဘာလဲ?!"
သူမ၏ အသံက ပြင်းထန်နေသည်။
"ထပါ။ ကြမ်းပြင်ပေါ် မထိုင်နဲ့၊ ကြမ်းပြင်က အေးတယ်"
"မထဘူး"
သူမက ရန်လိုသော အဖြေကို ပေးလိုက်သည်။
"မင်း ဖျားလိမ့်မယ်။ စမ်းကြည့်လိုက်!"
သူက ပြင်းပြင်းထန်ထန် ပြောလိုက်သည်။
"စမ်းကြည့်မယ်!"
သူမ၏ အသံက ပိုပြင်းထန်နေသည်။
မုန့်ကုသည် တံခါးအပြင်ဘက်မှာ သက်ပြင်း ထပ်ချလိုက်ပြီး တံခါးကို ကန်ချချင်သလို ခံစားရ၏။ သူ ထိုင်ချလိုက်ပြီး တံခါးကိုခြား၍ သူမကို မေးလိုက်သည်။
"ချန်းရော့ယွီ မင်း ရေမဆာဘူးလား။ ကိုယ် မင်းအတွက် ရေတစ်ခွက် ငှဲ့ထားတယ်"
"မသောက်ချင်ဘူး"
"မင်း ရေဆာနေတယ်။ ဘယ်လိုလုပ်မလဲ"
"ကျွန်မ ရေငတ်ပြီး သေပါစေတော့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို ဘယ်သူမှ စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး!"
မုန့်ကု တကယ်ပဲ ကျိန်ဆဲချင်စိတ် ဖြစ်လာသည်။ နောက်တစ်ခါ သူ့ရဲ့ ချန်းရော့ယွီကို အရက်တိုက်ရဲတဲ့ ဘယ်သူမဆို သူ ဓားနဲ့လှီးပစ်မယ်!
"ချန်းရော့ယွီ မင်း ဘယ်လောက်တောင် သောက်ထားလဲ"
"ကျွန်မ မမူးဘူး"
"မင်း မူးနေတယ်လို့ ကိုယ် မပြောပါဘူး။ ကိုယ် မင်းကို မေးချင်တာက... မင်းရဲ့ ဆီးအိမ် ဖောင်းကားနေတယ်လို့ မခံစားရဘူးလား"
"ဆီးအိမ် ဘယ်မှာလဲဆိုတာ ကျွန်မ မသိဘူး"
"ကောင်းပြီ၊ မင်း ဗိုက်ဖောင်းနေလား။ ရေချိုးခန်းသွားချင်လား"
"အမ်?"
ချန်းရော့ယွီ ကြောင်သွားသည်။ အဲဒါ မှန်တယ်။ သူမ မတော်တဆ တံခါးကို လော့ခ်ချမိသွားတယ်။ သူမက မုန့်ကုကို တံခါးအပြင်ဘက်မှာ လော့ခ်ချတာ မဟုတ်ဘူး... သူမကိုယ်သူမ အခန်းထဲမှာ လော့ခ်ချထားတာ။
ရေဆာရင် ရေသောက်ဖို့ မရှိ၊ သေးပေါက်ချင်ရင် အိမ်သာ မရှိ... ကြီးမားတဲ့ အမှားပဲ!
သူမ ခဏရပ်ပြီး နည်းနည်း သတိပြန်ဝင်လာသည်။
တံခါးအပြင်ဘက်မှာ မုန့်ကုက ပြော၏။
"တံခါးဖွင့်ပါဦး၊ အရင် ရေသောက်ပြီး အိမ်သာသွားလိုက်။ ပြီးမှ ပြန်လာပြီး အိပ်ရာပေါ်မှာ ကောင်းကောင်း အနားယူနိုင်တယ်။ ကိုယ် မင်းရဲ့ ခေါင်းကို နှိပ်ပေးမယ်၊ မင်း ခေါင်းမကိုက်တော့တဲ့အခါ ကိုယ့်ကို ဆက်ဆူလို့ရတယ်၊ အဆင်ပြေလား"
"မရဘူး"
သူ ဘာပြောပြော ကိစ္စမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငြင်းတာက မှန်တယ်လို့ ခံစားရတယ်။ ဒီတစ်ကြိမ်မှာတော့ သူ တကယ်ပဲ လွန်လွန်းတယ်၊ စည်းကမ်းမရှိဘူး။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ?
ချန်းရော့ယွီက စတင်ပြီးတော့ ကျယ်လောင်စွာ စငိုတော့သည်။
သူတို့ အနာဂတ် ရှိဦးမလား။ သူမ ဘာလို့ ယုံကြည်မှု မရှိသလို ခံစားနေရတာလဲ?
တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ မုန့်ကုက သူ့နဖူးကို စပြီးတော့ နှိပ်လိုက်၏။
"မင်း ဘာလို့ ငိုနေတာလဲကွာ"
"ကျွန်မ နှစ်ရက်တာအချစ် ဆုံးရှုံးသွားတာကို ဝမ်းနည်းနေတာ"
ချန်းရော့ယွီက မျက်ရည်သုတ်ရင်း မုန့်ကု အပြင်မှာ ကျိန်ဆဲနေတာကို ကြားလိုက်ရသည်။
"ရှင်လည်း ကျွန်မကို ဆူနေတာပဲ!"
"ကိုယ် မင်းကို မဆူပါဘူး!"
မုန့်ကုက မျက်နှာတည်ဖြင့် ပြောလိုက်သော်လည်း ချန်းရော့ယွီက မမြင်နိုင်ခဲ့ပေ။
"မင်း အရင် ထရမယ်။ ကြမ်းပြင်ပေါ်မှာ မထိုင်နဲ့"
သူ စိတ်ရှည်လက်ရှည်နဲ့ ဖျောင်းဖျလိုက်သည်။
"ရှင် ဂရုစိုက်စရာ မလိုပါဘူး"
"ကိုယ် မင်းကို ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်း ရေသောက်ဖို့ ထွက်လာရမယ်၊ ပြီးရင် အိမ်သာသွားရမယ်၊ မထိန်းထားနဲ့၊ ဟုတ်ပြီလား။မင်း ဘာလို့ ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားတာလဲ"
သူ ဘာမှ မပြောတာက ပိုကောင်းတယ်။ ဒါပေမဲ့ သူ အမြဲတမ်း အိမ်သာအကြောင်း ပြောနေတာကြောင့် သူမ တကယ်ပဲ သွားချင်လာတယ်။ သူမ မှားနေမှန်း သိပေမယ့်လည်း ဝန်မခံချင်ပေ။
လူနှစ်ယောက်ဟာ အချိန်အတော်ကြာ ပိတ်ဆို့နေသည့် အနေအထားတွင် ရှိနေသည်။ တစ်ယောက်က အထဲမှာ ထိုင်နေပြီး ကျန်တစ်ယောက်က အပြင်မှာ ထိုင်ချနေသည်။ နောက်ဆုံးမှာတော့ မုန့်ကုက မေးလိုက်၏။
"မင်း ထလာဖို့ ဆန္ဒရှိအောင် ကိုယ် ဘာလုပ်ပေးရမလဲ"
အခန်းထဲမှာ တိတ်ဆိတ်သွားသည်။
ထို့နောက် သူ ထပ်မေး၏။
"မင်း တံခါးဖွင့်အောင် ကိုယ် ဘာလုပ်ပေးနိုင်မလဲ"
ဆက်လက် တိတ်ဆိတ်နေသည်။
မုန့်ကုက ထပ်မေးသည်။
"မင်း ဒေါသ မထွက်တော့အောင် ကိုယ် ဘာလုပ်သင့်သလဲ"
"ကျွန်မ စဉ်းစားမိတဲ့အချိန် ရှင့်ကို ပြောပြမယ်"
ဒီတစ်ကြိမ်မှာ ချန်းရော့ယွီက ကျယ်လောင်ပြီး ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်သည်။
"ဒါဆို မင်းရဲ့ အဖြေကို ကိုယ် ဘယ်လိုစောင့်သင့်လဲ"
"အိမ်ပြန်"
"မပြန်ဘူး"
"ကျွန်မ အိမ်ကနေ ထွက်သွား"
"မသွားဘူး"
အခန်းထဲမှာရော အပြင်မှာပါ တိတ်ဆိတ်သွားပြန်သည်။
"နင်တို့နှစ်ယောက် ဒီထက် ပိုပြီး စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည် နည်းနိုင်သေးလား"
ရှင်းလင်းသည့် မိန်းကလေး အသံက ထိုအရူးနှစ်ယောက်ကြားက ပိတ်ဆို့မှုကို ဖြိုခွဲလိုက်သည်။
မုန့်ကု ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ လျန်စီးစီးသည် သေသေသပ်သပ် ဝတ်ဆင်ထားပြီး မျက်နှာတွင် မိတ်ကပ်လိမ်းခြယ်ထားကာ လက်ပိုက်ထားရင်း သူမ အခန်းတံခါးမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူ အစောပိုင်းက ကြားလိုက်ရတဲ့ ငိုသံများဟာ အထင်အမြင်မှားခြင်းမျှသာ ဖြစ်ဟန်ရှိသည်။
မုန့်ကု မတ်တပ်ရပ်လိုက်ပြီးတော့ အနည်းငယ် ရှက်ရွံ့သလို ခံစားရသည်။ လျန်စီးစီးက သူ့ကို လျစ်လျူရှုပြီး ရှေ့လျှောက်သွားကာ ချန်းရော့ယွီ၏တံခါးကို ခေါက်လိုက်သည်။ သူမက အော်ပြောလိုက်၏။
"ရော့ယွီ တံခါးဖွင့်!"
ချန်းရော့ယွီက ချက်ချင်း တံခါးဖွင့်ပေးလိုက်သည်၊ ဒီလို နာခံမှုကြောင့် မုန့်ကု မျက်မှောင်ကြုတ်သွား၏။
ချန်းရော့ယွီ ပထမဆုံး လုပ်တာက အိမ်သာကို ပြေးသွားခြင်းပင်။
"ကျွန်မ ပြန်လာတဲ့အထိ စောင့်၊ ပြီးရင် စကားပြောကြမယ်"
လျန်စီးစီးနှင့် မုန့်ကုတို့ တစ်ချိန်တည်းမှာပင် သူတို့နှုတ်ခမ်းများကို တွန့်လိုက်ပြီး နှစ်ယောက်လုံး သူမ၏ နောက်ကျောကို လှည့်ကြည့်ကာ မျက်လုံးလှန်လိုက်ကြသည်။
ချန်းရော့ယွီ ပြန်ထွက်လာတဲ့အချိန် လျန်စီးစီးနှင့် မုန့်ကု နှစ်ယောက်လုံး ဧည့်ခန်း ဆိုဖာပေါ်မှာ ထိုင်နေကြသည်။ လျန်စီးစီး မတ်တပ်ရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ ပြောလာသည်။
"ကောင်းပြီ၊ ငါ မနက်ဖြန် သွားတော့မယ်။ နင်တို့ ကိစ္စတွေကို ငါ စိတ်ပူပေးဖို့ နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ အစကတည်းက နင် ဝင်မပါချင်ခဲ့ဘူး၊ ဒါပေမဲ့ နင်တို့နှစ်ယောက်က တကယ် အရူးတွေ ဖြစ်နေလို့ ငါ မခံနိုင်တော့ဘူး။ ဒါကြောင့် အခု ငါ ရှိနေတုန်း နင်တို့ ပြောစရာရှိရင် ရှင်းရှင်းလင်းလင်း ပြောတာ ပိုကောင်းမယ်"
မုန့်ကုက မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
"ငါ မတုံးဘူး။ ငါက သူ(မ) အဆင့်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နေတာ"
"ကျွန်မက ဘယ်အဆင့်လဲ!"
ချန်းရော့ယွီက သူ့ကို အော်လိုက်သည်။
"ကျွန်မက ရင့်ကျက်ပြီး ဂုဏ်သိက္ခာရှိတယ်။ ရိုးအပြီး ခက်ခဲတဲ့သူတစ်ယောက်လို မဟုတ်ဘူး"
"ရင့်ကျက်မှုနဲ့ ဂုဏ်သိက္ခာရဲ့ အထူးအရည်အသွေးတွေကို မင်း ဘယ်လို ရှာတွေ့တာလဲ။ သီချင်းဆိုချင်တာ၊ မှတ်စုတွေ ချရေးချင်တာ၊ကိုယ့်ကိုကိုယ် သေလုနီးပါး ချုပ်ထားတဲ့သူက ဘယ်သူလဲ"
"ဒါဆို ဒူးရင်းသီး ဝယ်ပြီး တံခါးအပြင်ဘက်ကို ပစ်ချပြီး နောက်မှ ခိုးသွားတယ်လို့ သူခိုးကို အပြစ်တင်တဲ့သူက ဘယ်သူလဲ။ ပြီးတော့ တကယ့် အခြေအနေကို ရှာမတွေ့ဘဲ တခြားသူတွေကို မှားစွပ်စွဲပြီး... သဘောထားသေးပြီး တခြားသူတွေကို လျစ်လျူရှုတဲ့သူက ဘယ်သူလဲ!"
"ရပ်! ရပ်!"
လျန်စီးစီး မခံနိုင်တော့ပေ။
"နင်တို့နှစ်ယောက် စာရင်းရှင်းချင်တယ်ဆိုရင် တံခါးပိတ်ပြီး ဖြည်းဖြည်းချင်း လုပ်သင့်တယ်။ ရော့ယွီ နင် အရင် ပြောလို့ရတယ်။ နင် ဘာလို့ ကိုယ့်ကိုကိုယ် အခန်းထဲမှာ ဘာလို့ လော့ခ်ချထားတာလဲ"
"သူ ပြောတာက ဒီရက်ပိုင်း သူ ငါ့အပေါ် အေးစက်စက် လုပ်ခဲ့တာက ငါ အဲဒီနေ့တုန်းက နင်နဲ့ ညစာ ထွက်စားခဲ့လို့တဲ့။ သူက ငါ တခြား ယောက်ျားတစ်ယောက်နဲ့ ညစာ ထွက်စားတယ်လို့ ထင်နေခဲ့တာ။ အဲ့ဒါက ငါ့ကို ဒေါသထွက်စေတယ်!"
"ဒါပဲလား"
"ငါ မှားစွပ်စွဲခံရတာလေ။အသိသာကြီးကို ငါ မလုပ်ခဲ့ဘူး။ ငါက ကျိုးကျယ်ကို ရပ်ကွက်အဝင်ဝမှာ တွေ့လို့ သူ့နဲ့အတူတူ ပြန်လျှောက်လာခဲ့တာပဲရှိတာ"
"ကောင်းပြီ"
လျန်စီးစီးက လှည့်ပြီး မုန့်ကုကို ရင်ဆိုင်လိုက်သည်။
"ဒေါက်တာမုန့်၊ အဲဒီနေ့တုန်းက ရော့ယွီက ကျွန်မနဲ့ ညစာ ထွက်စားခဲ့တာ။ အဲ့နောက်တော့ ကျွန်မက တခြားသူငယ်ချင်းတွေနဲ့ တွေ့ဖို့ ထွက်သွားခဲ့လို့ သူ(မ) တစ်ယောက်တည်း ပြန်လာခဲ့တာပါ။ ဒါပဲ ဖြစ်ခဲ့တာ"
ချန်းရော့ယွီသည် သူ့ခေါင်းကို လေးလံစွာ ငြိမ့်ပြလိုက်တဲ့ မုန့်ကုကို စိုက်ကြည့်လိုက်သည်။
မုန့်ကု သူ့အမှားကို သူ သိတယ်။ သူ ရှက်ရွံ့ပြီး ဘာပြောရမှန်း မသိတော့ပေ။
လျန်စီးစီးကလည်း ပြောသည်။
"ဒီကိစ္စက ဘာများ အရေးကြီးလို့လဲ။ ဒေါက်တာမုန့် ရှင် သူ(မ)ကို တခြားယောက်ျားတစ်ယောက်နဲ့ ဖမ်းမိခဲ့မယ်ဆိုရင် ရှင် သူ(မ)ဆီ သွားပြီး နေရာမှာပဲ ဆူပူသင့်တယ်လေ။ ဒါဆို ဒါက နားလည်မှုလွဲတာတစ်ခုပဲဆိုတာ တွေ့ရမှာပေါ့၊ ဟုတ်တယ်မလား။ ပြီးတော့ နင်၊ ရော့ယွီ... သူ့ရဲ့ အေးစက်တဲ့ သဘောထားကို လက်မခံနိုင်ဘူးဆိုရင် နင် သူ့ဆီသွားပြီး ကောင်းကောင်း ဆူပူသင့်တယ်လေ။ ဒါဆို အရာအားလုံး ရှင်းသွားမှာ မဟုတ်ဘူးလား။ ဒီလောက်ကြာကြာ ထိန်းထားတာ ဘာအသုံးဝင်လဲ"
လူနှစ်ဦးသည် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး စကားမပြောကြပေ။
ချန်းရော့ယွီ ပါးစပ်ကို တင်းတင်းစေ့ထားပြီး အချိန်အကြာကြီး သည်းခံပြီးနောက် ပြောလိုက်သည်။
"နင် ဘယ်လိုလုပ် လွယ်လွယ်နဲ့ ကျိန်ဆဲပြီး ဆဲဆိုနိုင်တာလဲ။ ငါ့ခံစားချက်တွေ ထိခိုက်ခဲ့ရတယ်။ တစ်ခါတစ်လေကျရင် သူက အလုပ်များနေတယ်၊ ဖိအားများနေတဲ့အချိန်ဆိုရင် သူ့စိတ်ခံစားချက်က ဆိုးနေလိမ့်မယ်၊ ဒါကြောင့်မလို့ ငါက ထည့်တွက်ပေးသင့်တယ်... ဒါကြောင့် သူ တခြားတစ်ခုခု တွေးနေမှန်း ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ငါလည်း သူ့အတွက် ထည့်တွက်ပေးချင်ပါတယ်၊ ဒါပေမဲ့ ဒါက နှစ်ပတ်ကျော်ကြာနေပြီ မဟုတ်ဘူးလား။ တကယ်တော့ ငါ ထည့်တွက်ပေးနိုင်တော့ဘူး"
ဒါဆိုရင် ရန်မဖြစ်၊ မတိုက်ခိုက်ကြတဲ့ စုံတွဲတစ်တွဲတောင် ထိခိုက်နာကျင်တဲ့ ခံစားချက်တွေ ရှိနေတယ်။ သူမက သူမရဲ့ ခံစားချက်များကို ထိန်းချုပ်ဖို့ မှားယွင်းတဲ့ ရွေးချယ်မှု လုပ်ခဲ့တာကြောင့် ဒီနေ့ရက်တွေ အားလုံးကို မလိုအပ်ဘဲ ဝမ်းနည်းမှုဖြင့် ဖြတ်သန်းခဲ့ရတာလား?
မုန့်ကု သူမကို ကြည့်ပြီး တောင်းပန်ချင်သော်လည်း လျန်စီးစီး ရှိနေတာကို တွေးလိုက်သောအခါ သူ့စကားလုံးများကို ပြန်မျိုချလိုက်သည်။
ချန်းရော့ယွီ ခေါင်းနည်းနည်း မူးလာသည်ဟု ခံစားရပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ဘီယာတစ်လုံးကို ကောက်ယူပြီး တစ်ငုံ သောက်လိုက်သည်။ လျန်စီးစီးနှင့် မုန့်ကုသည် သူမကို စိုက်ကြည့်နေကြ၏။ နောက်ထပ် နှစ်ငုံ သောက်ပြီးနောက် အနည်းငယ် အနေရခက်တာကြောင့် သူမ နောက်ဆုံးမှာ ဘီယာကို ချလိုက်သည်။
"ဒါ သူ့အမှားပဲ။ စီးစီး၊ နင် သူ့ကို ဝေဖန်သင့်တယ်"
"ငါ ဘာလို့ သူ့ကို ဝေဖန်ရမှာလဲ။သူက နင့်အတွက် မကောင်းဘူးလို့ ထင်ရင် နင် သူ့ကို ပစ်သွားလို့ရတယ်။ ငါ နင့်ကို H-မြို့ကို ခေါ်သွားနိုင်တယ်၊ ပြီးတော့ ငါတို့အတူတူ ငါတို့ရဲ့ နွေဦးကို ရှာနိုင်တယ်"
(T/N-နွေဦးက အချစ်ရာသီကို ဆိုလိုပါတယ်။ စီးစီးက ချန်းရော့ယွီကို အခြားအချစ်တစ်ခု ရှာဖို့ပြောနေတာပါ)
မုန့်ကုက အမျိုးသမီးနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
ချန်းရော့ယွီက ခေါင်းငုံ့ပြီး ပြောလာသည်။
"ငါ မသွားချင်ဘူး။ H-မြို့ရဲ့ နွေဦးမှာ ဒေါက်တာမုန့် မရှိဘူး။ ငါ သူ့ကို အချိန်အကြာကြီး ကြိုက်ခဲ့တာ"
မုန့်ကုသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လျန်စီးစီးက သူ့ကို မျက်စောင်းထိုးလိုက်သည်။
"စိတ်လှုပ်ရှားမနေနဲ့။ သူ(မ) မူးနေတာ"
မုန့်ကုက သူမကို ပြန်ကြည့်ပြီး ပြောလိုက်သည်။
"အရက်မူးနေတဲ့လူက စကားအမှန်တွေ ပြောတယ်"
"နင် H-မြို့ကို ရောက်တဲ့အထိ စောင့်... နင် သူ့ထက် ပိုကောင်းတဲ့သူ၊ သူ့ထက် ပိုသင့်တော်တဲ့သူကို တွေ့တဲ့အခါကျရင် နင် ငါ့ကို ပြောပြ။ ငါ သူ့ထက် နည်းနည်း ပိုချောတဲ့သူကို လိုချင်တယ်။ သူက နူးညံ့သိမ်မွေ့ရမယ်၊ ထည့်တွက်တတ်ရမယ်၊ သဘောထားသေးသိမ်မနေရဘူး..."
ချန်းရော့ယွီက ခေါင်းငုံ့ကာ ဆက်ပြောနေပြီး သူတို့ရဲ့ အမူအရာတွေကို မမြင်ခဲ့ပေ။
လျန်စီးစီးက ပြုံးပြီး မုန့်ကု၏ မျက်လုံးများကို ကြည့်သည်။
"ဒီလို စကားအမှန်တွေ..."
"သူ(မ) မူးနေတာ"
မုန့်ကုက အေးစက်စွာ ပြောလိုက်သည်။
"သူက ဆရာဝန် ဖြစ်နိုင်ရင် အကောင်းဆုံးပဲ။ သူ့ရဲ့ ကြီးမားတဲ့ အဖြူရောင် ကုတ်အင်္ကျီနဲ့ ပုံစံကို ငါ အရမ်း ကြိုက်တယ်"
ချန်းရော့ယွီက ဆက်ပြောနေပြီး ထို့နောက် သူမ ထပ်ပြောသည်။
"ငါ အိပ်ချင်နေပြီ"
သူတို့နှစ်ယောက်လုံး ခေါင်းလှည့်ပြီး သူမကို ကြည့်လိုက်ကြသည်။ မုန့်ကုသည် သက်ပြင်းချပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။
လျန်စီးစီးက သူတို့ကို ကြည့်လိုက်ပြီး ရုတ်တရက် သူမ၏ မျက်လုံးအိမ်များ ပူနွေးလာသည်ဟု ခံစားလိုက်ရသည်။ သူမ ကျယ်လောင်စွာ ပြောလိုက်သည်။
"ကောင်းပြီ၊နင်တို့နှစ်ယောက်က ချစ်သူတွေဖြစ်နေကြပြီဆိုတော့ နင်တို့ ပျော်ရွှင်သင့်တယ်။ ငါ ငါ့အခန်းကို ပြန်ပြီး အိပ်တော့မယ်၊ နင်တို့နှစ်ယောက် ဆူညံသံကို လျှော့ထားရမယ်နော်။ တတ်နိုင်သမျှ တိတ်တိတ်လေး နေကြပါ၊ ငါ့ကို မနှောင့်ယှက်ပါနဲ့"
"ဒါဆို နင် ငါ့ကို ဂရုမစိုက်တော့ဘူးလား"
ချန်းရော့ယွီ ရုတ်တရက် မော့ကြည့်ပြီး စိတ်ပျက်အားငယ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ငါ နင့်ကို ဘယ်လို ဂရုစိုက်ရမှာလဲ။ နင် လက်ထပ်ဖို့၊ အိပ်ရာဝင်ဖို့၊ ကလေးရဖို့ ငါ ကူညီရမှာလား"
"မဟုတ်ဘူး၊ မဟုတ်ဘူး"
ချန်းရော့ယွီ မျက်နှာနီမြန်းလာပြီး မုန့်ကုကို ဖက်တွယ်လိုက်ရင်း မှီလိုက်သည်။
"ငါ့မိသားစုက မစ္စတာတိုင်ရန်နိုဆောရပ်စ်က အရမ်း စင်ကြယ်တဲ့ ယောက်ျားပါ"
လျန်စီးစီးနှင့် မုန့်ကု နှစ်ယောက်လုံး သံသယဖြင့် သူမကို ကြည့်လိုက်ကြသည်။
"သူ(မ) တကယ် မူးနေတာ။ရှင် ဒီကိစ္စကို ဖြေရှင်းရမယ်"
လျန်စီးစီးက မုန့်ကုကို ပြောပြီးတဲ့နောက် လှည့်ကာ သူမ၏ အခန်းသို့ ပြန်သွားသည်။
မုန့်ကုက ခေါင်းလှည့်ပြီး ချန်းရော့ယွီကို ကြည့်လိုက်သည်။ သူမက မျက်တောင်ခတ်ပြီး သူ့ကို ပြန်ကြည့်နေ၏။
"ကျွန်မ အိပ်ချင်နေပြီ"
"အွန်း..."
"ကျွန်မ မမူးပါဘူး။ ကျွန်မ လုံးဝ သတိရှိနေတယ်"
"သေချာလား"
"အမှန်ပဲ။ ကျွန်မ သတိရှိပြီး ရှင် ကျွန်မကို မှားစွပ်စွဲခဲ့တယ်၊ ရှင် ဆင်ခြင်တုံတရား မရှိဘူးဆိုတာ သိတယ်။ ကျွန်မ နှစ်ရက် ချစ်ခဲ့ရပြီးတော့ ကျွန်မရဲ့ အချစ်ကို ဆုံးရှုံးလိုက်ရတယ်"
မုန့်ကုသည် သူမနှင့် ဆက်ငြင်းခုံဖို့ စွမ်းအင် မရှိတော့ပေ။
"မင်း အခန်းထဲ ပြန်ဝင်တော့။ ကောင်းကောင်း အိပ်ပြီး နိုးလာတဲ့အခါ မင်းရဲ့ အချစ်ကို မဆုံးရှုံးခဲ့ဘူးဆိုတာ တွေ့ရလိမ့်မယ်"
"မဟုတ်ဘူး၊ မဟုတ်ဘူး... ကျွန်မ တစ်ယောက်တည်း အချစ်ကို ဆုံးရှုံးလို့ မရဘူး။ ဒေါက်တာမုန့်၊ ရှင်လည်း ရှင့်ရဲ့ အချစ်ကို ဆုံးရှုံးခဲ့ရတယ်"
"မဆုံးရှုံးပါဘူး"
မုန့်ကုသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူမကို ပွေ့ချီလိုက်သည်။
ချန်းရော့ယွီ အော်ဟစ်လိုက်ပြီး လန့်ဖျပ်သွား၏။ အဲ့ဒီနောက် ဘာဖြစ်သွားလဲဆိုတာကို သဘောပေါက်တဲ့အခါ သူမ သက်သာရာရသွားသည်။ သူမ၏ လက်များကို မုန့်ကု၏ လည်ပင်းပတ်ပတ်လည် ပတ်လိုက်ပြီး သူ့ပခုံးပေါ် မှီကာ သူ့ကို ပြောလိုက်သည်။
"ရှင် ရှင့်ရဲ့ အချစ်ကို ဆုံးရှုံးခဲ့ရတယ်"
"မဆုံးရှုံးပါဘူး"
သူ သူမကို သူမရဲ့အခန်းဆီ ပွေ့ချီသယ်သွားပြီး ဒီလိုမျိုး အဓိပ္ပာယ်မဲ့တဲ့ စကားဝိုင်းကို ဆက်ပြောဖို့ ရည်ရွယ်ချက် မရှိတော့ပေ။
"ဒေါက်တာမုန့် ရှင် တော်တော်လေး သန်မာတာပဲ"
သူမက အဓိပ္ပာယ်မဲ့တဲ့ ခေါင်းစဉ်တစ်ခုသို့ ပြောင်းလိုက်သည်။ သူမ စကားပြောရင်း သူ့လက်မောင်းကို ညှစ်လိုက်၏။
"အားကောင်းပြီး သန်မာတယ်"
"ကျေးဇူးပဲ"
မုန့်ကုသည် သူမ၏ စကားလုံးများတွင် ဝှက်ထားသော ချီးကျူးစကားများကို ဖမ်းဆုပ်နိုင်ခြင်း မရှိပေ။
"ရှင် ကျွန်မကို ဒီလို ပွေ့ချီပြီး ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ စမ်းကြည့်ပါလား။ ကျွန်မ အချိန်ကို မှတ်တမ်းတင်ပေးနိုင်တယ်"
ဒီစကားလုံးတွေက အချစ်ဆုံးရှုံးမှုနဲ့ လုံးဝ မသက်ဆိုင်ပေ။
မုန့်ကု သူမကို လျစ်လျူရှုပြီး သူမကို အိပ်ရာပေါ် တိုက်ရိုက် ပစ်ချလိုက်ကာ စောင်ကို သူမအပေါ် ဆွဲတင်လိုက်သည်။
"အိပ်တော့"
"ဒေါက်တာမုန့် ကျွန်မကို ပြောပါဦး... လူတစ်ယောက်ကို ချစ်တာက ပိုခက်လား၊ ဒါမှမဟုတ် လူတစ်ယောက်ကို ကုသတာက ပိုခက်လား"
မုန့်ကု ကြောင်သွားသည်။
"ကျွန်မ ထင်တာက နှစ်ခုလုံးက အတူတူပဲ ခက်ကြတယ်"
သူမက ပြန်ဖြေပြီး သူမ၏ ထင်မြင်ချက်ကို ဖော်ပြခဲ့သည်။
"မင်း လူတွေကို ဘယ်လို ကုသရမယ်ဆိုတာ သိလို့လား"
သူက အားပျော့စွာ မေးလိုက်သည်။
အခု ဘယ်သူက တကယ်တမ်း ဆရာဝန်လဲ?
"ကျွန်မ မသိဘူး၊ ဒါပေမဲ့ ကျွန်မ ဆရာဝန်တွေဆီ သွားဖူးတယ်။ ဆရာဝန်တွေက မကြာခဏ ပြောလေ့ရှိတယ် ~ ဒီရောဂါအတွက် အကြောင်းရင်းတွေ အများကြီး ရှိတယ်၊ အခုတော့ ဆေးပညာလောကမှာလည်း မရှင်းလင်းသေးဘူး"
"ဒါဆို ဘာလဲ"
သူ တကယ်ပဲ ဒီစကားလုံးတွေ ပြောခဲ့ဖူးပြီး ရောဂါတွေက တကယ်ပဲ မရှင်းလင်းတာ မှန်တယ်။
"ဒါဆို..."
သူမ မျက်တောင်ခတ်ပြီး သမ်းဝါးလိုက်သည်။ အချိန်အကြာကြီးကြာမှ သူမ ပြောလိုက်၏။
"ဒါဆို..."
သူမ၏ အသံက ပိုပြီး ပျော့ပျောင်းလာပြီး နောက်ဆုံးတွင် သူမ အိပ်ပျော်သွားသည်။
မုန့်ကု ကြောင်သွားတယ်။ ဒီလိုပဲလား?သူမ သူ့ကို ထပ်ပြီး အသင့်မဖြစ်သေးတဲ့ အခြေအနေမှာ ဖမ်းမိပြန်ပြီ။
သူ သူမ၏ အိပ်ရာအစွန်းမှာ ခဏထိုင်နေပြီး စဉ်းစားလိုက်သည်။
ဒါဆို ရောဂါရဲ့ အကြောင်းရင်းက ဘာလဲ။
Translator -JJ