အခန်း ၆၈
Vol. 7 Ch. 68
Chapter 68-ဆေးသောက်
နောက်တစ်နေ့တွင် အလုပ်ဆင်းခါနီးအချိန်၌ မုန့်ကုဆီကနေ ဖုန်းခေါ်ဆိုမှု ရောက်လာပြီး သူ နောက်ကျမှသာ ထွက်လာနိုင်မယ်ဖြစ်ကြောင်း ပြောပြသည်။ သူ ဆေးရုံမှာ ညစာစားမှာဖြစ်ပြီး သူမကို အရင် စားဖို့ပြော၏။ ချန်းရော့ယွီက သဘောတူလိုက်ပြီး သူမ ညစာ စားပြီးတဲ့နောက် သူ့ကို စောင့်ဖို့အတွက် ဆေးရုံ သွားမယ်လို့ ပြောလိုက်သည်။
လူနှစ်ဦး သဘောတူညီမှု ရပြီးတဲ့နောက် ချန်းရော့ယွီသည် အလုပ်ဆင်းပြီးနောက် အိမ်သို့ ခဏဝင်လိုက်သည်။ သူမ အိမ်ကနေ ထွက်လာပြီး မုန့်ကုနဲ့ သွားတွေ့ရန် ပြင်ဆင်နေတဲ့အချိန် လုပေါင်နီကို ရပ်ကွက်အဝင်ဝ အပြင်ဘက်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေတာ တွေ့လိုက်ရသည်။
ချန်းရော့ယွီသည် လုပေါင်နီကို အထူးတလည် မှတ်မိနေပြီး တစ်ချက်ကြည့်လိုက်တာနဲ့ သူမကို မှတ်မိသည်။ လုပေါင်နီသည် တွေဝေပြီး စိုးရိမ်ပူပန်နေပုံရ၏။ လုပေါင်နီ မော့ကြည့်လိုက်တဲ့အချိန် ချန်းရော့ယွီကို မြင်တဲ့အခါ ခဏလောက် အံ့အားသင့်သွားပြီး နောက်လှည့်ကာ ထွက်ပြေးသွားတော့သည်။
ချန်းရော့ယွီ အဲ့ဒီမိန်းကလေး ဘာဖြစ်နေလဲဆိုတာ အံ့ဩမိတယ်။
နောက်ဆုံးတော့ လုပေါင်နီ ဝေးဝေး မပြေးဘဲ ရုတ်တရက် နောက်လှည့်ကာ ချန်းရော့ယွီဆီ ပြေးလာပြီး ပြောသည်။
"ရှင် ကျိုးကျယ်ကို တွေ့ရင် ကျွန်မကို တွေ့ခဲ့တယ်လို့ သူ့ကို မပြောပါနဲ့"
ချန်းရော့ယွီ အံ့အားသင့်သွားပြီး သတိမမူဘဲ ခေါင်းငြိမ့်လိုက်သည်။
လုပေါင်နီက ထပ်မံ အလေးပေး ပြောလာသည်။
"ရှင် သူ့ကို မပြောရဘူးနော်"
ဒီတစ်ကြိမ်မှာတော့ ချန်းရော့ယွီ ခေါင်းမငြိမ့်တော့ဘဲ ထိုမိန်းကလေးကို သံသယဖြင့် ကြည့်လိုက်သည်။
လုပေါင်နီက အလျင်အမြန် ပြောလိုက်၏။
"ကျွန်မ ဘာဆိုးတာမှ မလုပ်ခဲ့ပါဘူး။ ကျွန်မ သူ့ကို ရှာဖို့ ဒီကို လာခဲ့တယ်ဆိုတာကို သူ သိစေချင်လို့ မဟုတ်တာပါ။ ဆိုလိုတာက....... ကျွန်မ သူ့ကို လာရှာသင့်တာ မဟုတ်ဘူး၊ ဒါကြောင့် သူ မသိတာက ပိုကောင်းတယ်"
သူမ မျက်နှာ နီရဲသွားပြီး အရမ်းစိုးရိမ်တကြီးဖြင့် စကားထစ်လာခဲ့သည်။
"အော်"
ဒီတစ်ကြိမ်မှာတော့ ချန်ရော့ယွီ နားလည်သွားတယ်။
"ရှင် သူ့ကို မပြောဘူးလို့ ကတိပေးမှာလား"
လုပေါင်နီက မေးလိုက်သည်။
"အင်း..."
ချန်းရော့ယွီက ပြန်ဖြေသည်။
လုပေါင်နီ သက်ပြင်းချလိုက်သည်။
"ဒါဆို ကျွန်မ သွားတော့မယ်။ ဒီအတွက် တောင်းပန်ပါတယ်။နှုတ်ဆက်ပါတယ်နော်"
ချန်းရော့ယွီ ခေါင်းငြိမ့်လိုက်ပြီး လုပေါင်နီ ထွက်သွားတဲ့ လမ်းကြောင်းအတိုင်း လျှောက်သွားလိုက်သည်။ သူမက ဘတ်စ်ကားမှတ်တိုင်သို့ သွားနေပြီး လုပေါင်နီလည်း ဘတ်စ်ကားမှတ်တိုင်သို့ သွားနေသည်။ သူတို့နှစ်ယောက် ခဏလောက် လမ်းလျှောက်ကြပြီး တူညီတဲ့ လမ်းကြောင်းအတိုင်း သွားနေကြတာကို တွေ့တဲ့အခါ တစ်ယောက်နှင့်တစ်ယောက် ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ကြသည်။
လုပေါင်နီသည် အနည်းငယ် စိုးရိမ်ပူပန်နေပြီး ဘတ်စ်ကားကို စောင့်နေတဲ့အချိန် ချန်းရော့ယွီနှင့် စကားမပြောပေ။ ချန်းရော့ယွီသည် သူမကို ကြည့်ပြီး ရုတ်တရက် မေးလိုက်၏။
"နင် ကျိုးကျယ်ကို ကြိုက်လား"
လုပေါင်နီ ကြောက်လန့်တကြား ခုန်သွားပြီး သူမ မျက်နှာ နီရဲသွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"အော်၊ ငါ သိပြီ"
ချန်းရော့ယွီ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မ... မဟုတ်ဘူး..."
လုပေါင်နီ ရှင်းပြဖို့ ကြိုးစားပေမယ့် သူမကို မယုံကြည်ကြောင်း ပြသနေတဲ့ ချန်းရော့ယွီ၏ အမူအရာကို မြင်တဲ့အခါ လုပေါင်နီသည် စိုးရိမ်တကြီးဖြင့် ချန်းရော့ယွီ၏ လက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။
"ကျေးဇူးပြုပြီး၊ သူ့ကို မပြောပါနဲ့"
ချန်းရော့ယွီ သူမကို ကြည့်လိုက်ပြီး သူမ ပထမဆုံး မုန့်ကုကို လိုက်ခဲ့တဲ့အချိန်တုန်းက ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခကို တွေးလိုက်မိသည်။ သူမ မေးကြည့်လိုက်၏။
"နင် သူ့ကို ဖွင့်ပြောဖို့ ဒီကို လာခဲ့တာလား"
လုပေါင်နီက ပြောလာသည်။
"ကျွန်မ... ကျွန်မ သူ့ကို ဘာပြောရမှန်း မသိဘူး။ ကျွန်မ ရောက်လာခဲ့တာပဲ"
"နင် ရောက်လာခဲ့ပြီး နောင်တရတယ်။ အခု၊ နင် ထွက်သွားချင်နေတာလား"
"သူ... ကျွန်မ..."
လုပေါင်နီ ရေရွတ်လိုက်သည်။
"သူက သူ့ဇာတိမြို့ကို ပြန်ဖို့ စီစဉ်ထားတယ်။ ကျွန်မ သူ့ကို ဒါပြောလိုက်ရင် သူ့ကို ပိုပြီး ပြဿနာတွေ ပေးသလို ဖြစ်လိမ့်မယ်။ သူက ကောင်းတဲ့လူပါ။ ဒါပေမဲ့ ကျွန်မ မပြောလိုက်ရင် ကျွန်မ ဘယ်တော့မှ ပြောပြဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူးလို့ ကြောက်မိတယ်"
"ဒါဆို နင် သူ့ကို ပြောသင့်တယ်"
လုပေါင်နီ ခေါင်းခါလိုက်သည်။
"မပြောတာ ပိုကောင်းပါတယ်။ တကယ်တော့ ကျွန်မရဲ့ မိသားစုက ကျွန်မ တခြားမြို့က လက်တွဲဖော်ကို မရှာဖို့ မျှော်လင့်ပါတယ်။ ကျွန်မ ပြောရင်တောင် အဓိပ္ပာယ်မရှိဘူး၊ ပြီးတော့ သူ ကျွန်မကို မကြိုက်တာလည်း ဖြစ်နိုင်တယ်"
"အရင်တုန်းက သူ နင့်ကို အရမ်း စိုးရိမ်ပြီးတော့ နင့်ကို ရှာဖို့ ထွက်လာခဲ့သေးတယ်"
လုပေါင်နီ အနည်းငယ် အံ့အားသင့်သွားသည်။ ချန်းရော့ယွီ ဒီအကြောင်းကို သိလိမ့်မယ်လို့ သူမ မျှော်လင့်ထားပုံမရပေ။
"သူက လူတိုင်းအပေါ် အရမ်း ကောင်းတာပါ။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ သူက ကျွန်မမှာ ပြဿနာတစ်ခုခု ရှိတယ်လို့ ထင်ပြီးတော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်လိမ့်မယ်"
ချန်းရော့ယွီသည် ဘာပြောရမှန်း မသိတော့ဘဲ လုပေါင်နီက ခေါင်းငုံ့ကာ စကားမပြောပေ။
ခဏအကြာတွင် ချန်းရော့ယွီ နောက်ဆုံး၌ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်သည်။
"ပေါင်နီ၊ နင့်ကို ပေါင်နီလို့ ခေါ်လို့ရမလား"
လုပေါင်နီ မော့ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။
ချန်းရော့ယွီက သူမကို ပြောလိုက်သည်။
"ငါ နင့်ကို ပြောပြမယ်။ အစတုန်းက ငါလည်း အခြေအနေ အရမ်းကောင်းတဲ့ ဆရာဝန်တစ်ယောက်ကို ကြိုက်ခဲ့တယ်၊ သူ့ရဲ့ အခြေအနေတွေက ငါ့ထက် အများကြီး ပိုကောင်းတယ်။ငါ အချိန်အကြာကြီး တုံ့ဆိုင်းခဲ့ပြီးတော့ အဲ့ဒီနောက် အံကြိတ်ပြီး ရဲရဲဝံ့ဝံ့ လိုက်ပိုးပန်းတော့တာပဲ"
လုပေါင်နီက သူမကို ကြည့်ပြီး သူမ ဆက်ပြောမည့်အရာကို စောင့်နေသည်။
"ဒါပေမဲ့ သူ ငါ့ကို ငြင်းခဲ့တယ်၊ ငါ ကျရှုံးသွားတယ်"
"အော်"
လုပေါင်နီ ခေါင်းငုံ့လိုက်ပြီး ရှုံးနိမ့်သွားတယ်လို့ ခံစားရသည်။
"ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ ငါ့ကို ပြန်လိုက်တယ်လေ။ အခု ငါတို့ အတူတူရှိနေကြပြီ"
"ဟင်?"
လုပေါင်နီ အံ့အားသင့်သွားပြီး ခေါင်းထောင်လာသည်။
ချန်းရော့ယွီက ဆက်ပြောပြသည်။
"ငါ့အဓိပ္ပာယ်က အဲဒီအချိန်တုန်းက ငါ သူ့ကို လိုက်ဖို့ ဆုံးဖြတ်ချက် ခိုင်မာခဲ့တာ မဟုတ်ဘူးဆိုရင်၊ ငါတို့ ဒီနေ့ အတူတူ ရှိနေမှာ မဟုတ်ဘူး။ လုပ်ငန်းစဉ်မှာ ကျရှုံးမှု ရှိခဲ့ပေမဲ့ အနည်းဆုံးတော့ ငါ ကိုယ့်ကိုကိုယ် ကြိုးစားဖို့ အခွင့်အရေး ပေးခဲ့တယ်။ နင် မကြိုးစားဘဲ ကျရှုံးမှုကို လက်ခံဖို့ ဆန္ဒရှိလို့လား"
လုပေါင်နီ ပါးစပ်ဖွင့်လိုက်ပြီး အဲဒီမှာ ကြောင်တောင်တောင် ရပ်နေခဲ့သည်။
ဒီအချိန်မှာ ချန်းရော့ယွီသည် သူမ၏ ဘတ်စ်ကား မှတ်တိုင်သို့ ရောက်လာတာကို မြင်လိုက်ရသည်။ သူမ ဖြည်းဖြည်းချင်း ရပ်နေတဲ့ ဘတ်စ်ကားကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ငါ သွားရတော့မယ်"
လုပေါင်နီ တုံ့ပြန်လိုက်ပြီး အလျင်အမြန် အော်ပြောသည်။
"ရှင် ကျွန်မကို ရှင့်ရဲ့ ဖုန်းနံပါတ် ချန်ထားခဲ့ပေးလို့ ရမလား။ ကျွန်မ... ကျွန်မ စကားပြောဖော် မရှိဘူး"
ချန်းရော့ယွီသည် သူမကို နံပါတ် ပြောပြခဲ့ပြီး လုပေါင်နီက ကျေးဇူးတင်စကား ပြောသည်။ သူမ ဘတ်စ်ကားပေါ် တက်ရင်း လက်ဝှေ့ယမ်းပြခဲ့သည်။
ချန်းရော့ယွီ စိတ်ခံစားချက် ကောင်းနေတယ်။
တိတ်တိတ်လေး ချစ်နေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ဘယ်သူ နားလည်နိုင်မလဲ။ သူမ... သူမ အရမ်း ကောင်းကောင်း နားလည်ပါတယ်...
သူမ သီချင်း ထပ်ဆိုချင်မိတယ်။ ပေါင်နီက သူမလို ကံကောင်းပြီး နောက်ဆုံးမှာ သူမ ကြိုက်တဲ့သူနဲ့ အတူတူ ဖြစ်နိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲ။ ပြီးတော့ ဒီနည်းနဲ့ ကျိုးကျယ်ကလည်း သူ့ရဲ့အခြား တစ်ဝက်ကို ရှာတွေ့ခဲ့တယ်လို့ ယူဆနိုင်တယ်၊ ဒါဆို သူမရဲ့ မိဘတွေက သူမအကြောင်း ဘာမှ ပြောစရာရှိတော့မှာ မဟုတ်ဘူး။ မုန့်ကုကို သူမ အိမ်ကို ပြန်ခေါ်သွားရဲတဲ့အထိ ဘယ်လောက်ကြာကြာ စောင့်ရမလဲဆိုတာကိုလည်း သူမ တွေးနေမိတယ်။
ချန်းရော့ယွီ ဆေးရုံကို ရောက်တဲ့အခါ ပုံမှန်အတိုင်း ဆေးရုံဥယျာဉ်တွင် စောင့်နေသည်။ သူမ မုန့်ကုကို ဖုန်းခေါ်လိုက်တဲ့အချိန် သူ ဆင်းလာနိုင်ဖို့ နောက်ထပ် ဆယ်မိနစ်လောက် အနည်းဆုံး လိုအပ်ကြောင်း ပြောပြသည်။ ချန်းရော့ယွီက စိတ်ထဲမထားဘဲ သူ့ကို စိတ်အေးလက်အေး အလုပ်လုပ်ခိုင်းလိုက်သည်။
ဖုန်းချပြီးတဲ့နောက် သူမ တစ်ယောက်တည်း ဥယျာဉ်ပတ်ပတ်လည် လမ်းလျှောက်နေသည်။ ရာသီဥတုက အေးလာပြီး ပန်းပွင့်များ အများကြီး ပွင့်တော့ခြင်း မရှိပေ။ ကျန်ခဲ့တာတွေကတော့ အသက်ဓာတ်နဲ့ ရှင်သန်နေတဲ့ အရွက်စိမ်းများသာ ဖြစ်သည်။ ချန်းရော့ယွီ ရုတ်တရက် သဘာဝတရားက လက်တွေ့ဆန်မှု အပြည့်ရှိတယ်လို့ ခံစားရ၏။ ကြည့်လေ.... အပင်တွေက သူမကို ပန်းတွေ ဘယ်လောက်ပဲ လှပပါစေ၊ နောက်ဆုံးမှာ အကိုင်းအခက်တွေကပဲ အဆုံးထိ ခံနိုင်ရည်ရှိတယ်ဆိုတာ ပြောပြနေကြတယ်။
သူမက အစိမ်းရောင် အကိုင်းအခက်တစ်ချောင်းဖြစ်တာကြောင့် အဲ့ဒီမက်မွန်ပွင့်ပုပ်များထက် ပိုကောင်းတယ်။
သူမ ဒါကို တွေးနေတဲ့အချိန်မှာပဲ သူမရဲ့ မျက်လုံးထောင့်ကနေ မက်မွန်ပွင့်ပုပ် တစ်ခုကို မြင်လိုက်ရပြီး ဒါက မျက်စိကို ဆူးစေတဲ့ တစ်ခု ဖြစ်သည်။
ချီယောင်သည် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး တခြား အမျိုးသမီး ဆရာဝန်တစ်ဦးနှင့်အတူ ဉယျာဉ်ကို ဖြတ်လျှောက်လာသည်။
ချန်းရော့ယွီ အံ့သြသွားတယ်။ ဒီအမျိုးသမီးက ဒီဆေးရုံကို ပြောင်းလာတာလား။ သူမက မုန့်ကုရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်လာတာလား?
ဒီအချိန်မှာ ချီယောင်လည်း သူမကို မြင်လိုက်သည်။ သူမက ချန်းရော့ယွီကို မှတ်မိပုံရပြီး သူမကို ကြည့်ဖို့ ခြေလှမ်း ရပ်လိုက်သည်။
အဲဒီ အကြည့်...
ချန်းရော့ယွီ တွေးလိုက်တယ် ~ ဘဝမှာ ဘယ်နေရာမှာ မတွေ့ဆုံနိုင်ဘဲ ရှိမလဲ။ ပြီးတော့ သူတို့ တွေ့ဆုံတဲ့အခါ သူမကို ကန်ကျောက်ဖို့ စိတ်ကူးပဲ ပေါ်လာတယ်။ ဒီစကားလုံးတွေကို အမျိုးသမီးနှစ်ယောက် တွေ့ဆုံတဲ့ ဒီမြင်ကွင်းကို ဖော်ပြဖို့ ပြောသင့်တယ်။ ချီယောင်က သူမနဲ့ မုန့်ကုရဲ့ ဆက်ဆံရေးအကြောင်း သိမသိ သူမ တွေးနေမိတယ်။
ချန်းရော့ယွီ ခါးကို မတ်လိုက်ပြီး ချီယောင်ကို ပြန်စိုက်ကြည့်လိုက်သည်။ သူမက မုန့်ကုရဲ့ လက်ရှိချစ်သူအနေဖြင့် သူ့ရည်းစားဟောင်းထက် အရှိန်အဝါအရ မရှုံးသင့်ဘူးလို့ ခံစားရတယ်။ မဟုတ်ရင် သူမမိသားစုရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ် ဘယ်မှာ မျက်နှာထားရပါ့မလဲ?
သို့သော် ချီယောင်က သူမကို နှုတ်ဆက်ဖို့ ရှေ့မတိုးလာပေ။ သူမက ချန်းရော့ယွီကို လေးနက်စွာ အကြည့်အနည်းငယ် ပေးခဲ့ပြီးမှ အခြား အမျိုးသမီးဆရာဝန်၏ ခြေလှမ်းများနောက်သို့ လိုက်ကာ အတူတူ ထွက်သွားသည်။
ချန်းရော့ယွီ နှုတ်ခမ်းကို ကိုက်လိုက်သည်။ မုန့်ကုနှင့် သူမရဲ့ဆက်ဆံရေး အတည်ပြုပြီးတဲ့နောက် ချီယောင်ကို သူမ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။ တကယ်တော့ သူမက တခြား မိန်းကလေးအကြောင်း စိတ်မဝင်စားတာ မဖြစ်နိုင်ပေ။
မုန့်ကုက အတိတ်တုန်းက ချီယောင်အပေါ် နက်နဲတဲ့ ခံစားချက်များ ရှိခဲ့ကြောင်း သူမ သိတယ်။
မုန့်ကုရဲ့ ကျရှုံးခဲ့တဲ့ ဆက်ဆံရေး နှစ်ခုက ချီယောင်နဲ့ သူ့ရဲ့ အရင်ဆက်ဆံရေးကြောင့် ဖြစ်တယ်ဆိုတာ သူမ သိတယ်။
ပြီးတော့ မုန့်ကု အသက် ၃၀ ရှိနေပြီဖြစ်ပေမယ့် ဘာလို့ လက်မထပ်သေးတာလဲဆိုတာကိုလည်း သူမ သိတယ်။
ကောင်းပြီ၊ ဒီအချက်အလက်တွေ အားလုံးကို ချပြလိုက်တဲ့အခါ ဒီအမျိုးသမီးဟာ တကယ်ကို အအေးမိ ဗိုင်းရပ်စ်လို ဖြစ်နေတယ်ဆိုတာ သက်သေပြနေတယ်။ သူမက ခေါင်းကိုက်တာ၊ နှာပိတ်တာနှင့် မသက်မသာဖြစ်ခြင်းတို့ကိုပဲ ပေးလိမ့်မယ်လို့ ထင်ရသော်လည်း တကယ်တမ်းတွင် ဂရုမစိုက်ပါက သူမက တကယ် သတ်နိုင်တယ်။
ချန်းရော့ယွီ သူမ၏ အိတ်ကို ထိလိုက်သည်။ မုန့်ကု၏ လစာကတ်က သူမ၏ ပိုက်ဆံအိတ်ကို နွေးထွေးစေပြီး သူမ၏ နှလုံးသားကို အေးချမ်းစေသည်။ အဲ့ဒီယောက်ျားက သူမကို သူ့ရဲ့ လစာကတ်ကိုတောင် ပေးခဲ့ပြီဆိုတော့ သူမ ဘာကို ကြောက်ရမှာလဲ။
မစ္စတာမက်မွန်ပွင့်တောအုပ်က အရမ်း ဉာဏ်ကောင်းတာကြောင့် ပန်းပွင့်တွေရဲ့ ပွင့်ချိန်က မကြာရှည်ဘဲ အစိမ်းရောင် အကိုင်းအခက်တွေကပဲ အဆုံးထိ တည်မြဲနိုင်တာကို သူ သိရမယ်။
ချန်းရော့ယွီ သူမရဲ့စိတ်ထဲမှာ ကိုယ့်ကိုကိုယ် လျှို့ဝှက် အားပေးလိုက်သည်။ သူမ အရွက်စိမ်းများကို စိတ်ပျံ့လွင့်စွာ စိုက်ကြည့်နေပြီး ထိုအနေအထားတွင် ဘယ်လောက်ကြာကြာ နေခဲ့မှန်း မသိပေ။ ရုတ်တရက် တစ်စုံတစ်ယောက်က သူမခေါင်းကို ထိုးလိုက်သည်ဟု ခံစားရပြီး သူမ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ မုန့်ကု၏ ခန့်ညားပြီး ပြုံးနေသော မျက်နှာကို တွေ့လိုက်ရသည်။
"ဟိုင်း၊ ချစ်သူလေး။ မင်း ငေးကြည့်နေတဲ့အခါ အရမ်း ချစ်စရာကောင်းတာပဲ"
ယိုး... ဒီလို ချိုသာတဲ့ စကားလုံးတွေ...
ချန်းရော့ယွီ ချက်ချင်း သူ့ကို အားပေးသည့်အနေဖြင့် ပြန်မေးလိုက်သည်။
"ကျွန်မ ဘယ်လောက် ချစ်စရာကောင်းလဲ"
"ချန်းရော့ယွီလို ချစ်စရာကောင်းတာပေါ့"
သူ့အဖြေက တကယ်ပဲ ကောင်းတယ်၊ သူမကို ထပ်ပြီး ချီးမွမ်းနေသလိုပဲ။
ချန်းရော့ယွီ ပျော်ရွှင်ပြီး ပြုံးလိုက်သည်၊ ပြုံးပြီးမှ သူမက သူမ ငေးကြောင်နေတဲ့အချိန်မှာ ချစ်စရာကောင်းတယ်လို့ ပြောခဲ့တာကို သတိပြုမိလိုက်သည်။
ဟွန့်... သူ လှည့်ကွက်တွေ အပြည့်ပဲ။ သူ သူမကို လုံးဝ ချီးမွမ်းခဲ့တာ မဟုတ်ဘူး။
"ဒေါက်တာမုန့်၊ ရှင့်ကို သတိပေးပါရစေ၊ ရှင့်ရဲ့ အကဲဖြတ်ကာလ မကုန်ဆုံးသေးဘူး။ မနေ့က ရှင် အမှားကြီးတစ်ခု လုပ်ခဲ့တယ်၊ ပြီးတော့ ခုနက ကျွန်မ ကျစ်ဆံမြှီးတစ်ခု တွေ့လိုက်တယ်။ရှင် ဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပြော"
(T/N-ဒီနေရာမှာ ကျစ်ဆံမြှီးဆိုတာက အခြားသူတွေက အခွင့်ကောင်းယူနိုင်တဲ့ အမှားတစ်ခု သို့မဟုတ် ချို့ယွင်းချက် သို့မဟုတ် ထိခိုက်လွယ်သော အချက်ကို ဆိုလိုပါတယ်)
"ခုနက ကျစ်ဆံမြှီးတစ်ခု ရှိခဲ့တယ်လား"
မုန့်ကု နားမလည်နိုင် ဖြစ်နေသည်။
"ဒါဆို ကိုယ် အရင် ဖြေရှင်းလိုက်မယ်။ ဘာလဲဆိုတာ ပြောပြပါဦး"
ဟမ့်... ဒီလောက်တောင် စိတ်အားထက်သန်တာလား?
သူ့ရဲ့ သဘောထားကြောင့် ချန်းရော့ယွီ အနည်းငယ် အကြောင်းမဲ့ စိတ်ဆိုးနေသလို ဖြစ်သွားသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလိုက်၏။
"ရှင်နဲ့ ချီယောင်က ဆေးရုံတစ်ခုတည်းမှာ အလုပ်လုပ်နေကြတာ။ ဘာလို့ ကျွန်မကို မပြောတာလဲ"
"ချီယောင်? အော်၊ ကိုယ်တို့ရဲ့ ဆေးရုံနှစ်ခုက ဖလှယ်ရေး အစီအစဉ် လုပ်နေတာလေ။ သူတို့ဆေးရုံက ဆရာဝန်တွေကို ဒီကို ရေတို သင်တန်း လုပ်ဖို့ ပို့ထားတာ။ အရင်တုန်းက ကိုယ်တို့ဆေးရုံက ယာယီ အထူး ဖလှယ်ရေးအစီအစဉ် လုပ်နေတယ်ဆိုတာ မင်းကို ပြောဖူးပါတယ်။ မင်းတောင် ကိုယ့်ကို ဆူခဲ့တယ်လေ။ ရှင် ဖလှယ်ရေး အစီအစဉ်ကို တက်ရင် လုံလောက်ပြီ၊ ရှင်က ကျွန်မကို လိုက်ရှာဖို့ ဘာလို့ စိတ်ပူနေသေးတာလဲလို့လည်း ကိုယ့်ကို ပြောခဲ့သေးတယ်"
"ဒါပေမဲ့ ရှင် ချီယောင်အကြောင်း ဘာမှ မပြောခဲ့ဘူး"
မုန့်ကု စကားပြောချင်သော်လည်း မျက်လုံးများကို ချန်းရော့ယွီ နောက်သို့ ရွှေ့လိုက်သည်။
ချန်းရော့ယွီ နှလုံးခုန်နှုန်း မြန်လာတယ်လို့ ခံစားရပြီး ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ ချီယောင်ကို မလှမ်းမကမ်းမှာ ရပ်နေတာ တွေ့လိုက်ရသည်။
"ရှင်တို့ နှစ်ယောက် ဘာဖြစ်နေတာလဲ။ ကျွန်မ နာမည်ကို ပြောနေတာ ကြားလိုက်တယ်"
ချီယောင်သည် သူမ၏ အဖြူရောင် ကုတ်အင်္ကျီကို ချွတ်ထားပြီး အဝါနုရောင် ထရန့်ချ် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူမက မျက်ခုံးပင့်ပြီး ပြုံးလိုက်စ။
ဒီလောက် လှတဲ့ အမျိုးသမီး.....
ချန်းရော့ယွီ၏ နှလုံးသားက ချီယောင်၏ ဟန်ဆောင်မှုကို ဘေးဖယ်လိုက်ပြီး သူမတို့နှစ်ဦး သူမကြောင့် ရန်ဖြစ်နေကြတာကို မြင်ရတဲ့ ချီယောင်၏ ပျော်ရွှင်မှုနှင့် အေးစက်တဲ့ ဟန်ဆောင်မှုအပေါ် ပို၍ပင် စိတ်ဆိုးလာသည်။
"ရှင့် နာမည်ကို ကြားတယ်ဟုတ်လား"
ချန်းရော့ယွီက မုန့်ကု စကားမပြောခင် စတင်ပြောလိုက်သည်။
"ရှင်က ဘယ်သူလဲ"
မုန့်ကုသည် ချန်းရော့ယွီ နောက်ကွယ်ကနေ ချောင်းဆိုးလိုက်၏။
အမျိုးသမီးနှစ်ယောက်ဟာ သူ့ကို စိုက်ကြည့်ဖို့ ခေါင်းလှည့်လိုက်ကြပြီး အဲဒီနောက် သူတို့ ခေါင်းပြန်လှည့်ကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကြသည်။
"ကျွန်မက ချီယောင်ပါ"
ချီယောင်က ချန်းရော့ယွီ ဟန်ဆောင်နေတာကို သိပေမယ့် သူမလည်း မျက်နှာပျက်ခံချင်စိတ် မရှိပေ။
"ကျွန်မတို့ မုန့်ကုရဲ့ အိမ်မှာ တွေ့ခဲ့ဖူးတယ်၊ ရှင် မေ့သွားပြီလား။ ကျွန်မက ဒေါက်တာမုန့်ရဲ့ သူငယ်ချင်းဟောင်းပါ။ ရှင် ကျွန်မအကြောင်း ကြားဖူးမှာပါ"
"ရှင့်ကို ချီယောင်လို့ ခေါ်တယ်"
ချန်းရော့ယွီက 'သူငယ်ချင်းဟောင်း' ဆိုတဲ့ စကားလုံးတွေကို လျစ်လျူရှုပြီး ခုနက ရှင်းရှင်းလင်းလင်း မကြားခဲ့သလိုမျိုး သူမ၏ နာမည်ကို ထပ်မံ အတည်ပြုမေးလိုက်သည်။
မုန့်ကုက နောက်ထပ် ချောင်းခြောက် နှစ်ခါဆိုးလာပြန်သည်။
ဒီတစ်ကြိမ်မှာတော့ အမျိုးသမီးနှစ်ဦးက သူ့ကို ဂရုမစိုက်တော့ဘဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။
"ဟုတ်ပါတယ်၊ ကျွန်မက ချီယောင်ပါ"
ချီယောင်က စကားလုံးတိုင်းကို ထပ်မံ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ သူမက အရပ်ရှည်ပြီး အရှိန်အဝါ ရှိ၏။
ချန်းရော့ယွီ သူမရဲ့ မေးစေ့ပင့်လိုက်သော်လည်း သူမရဲ့အရပ်အမောင်းနှင့် အသွင်အပြင်က တခြား အမျိုးသမီးနှင့် မယှဉ်သာပေ။ သူမ၏ အရှိန်အဝါက ချီယောင်လောက် မကောင်းမှန်း သိတာကြောင့် သူမ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ခြင်း မရှိဘဲ ပြောလိုက်သည်။
"ရှင့်နာမည်က တကယ် ထူးဆန်းတယ်"
မုန့်ကု နောက်တစ်ကြိမ် ချောင်းဆိုးလိုက်သည်။
ချန်းရော့ယွီက သူ့ကို လှည့်ကြည့်လိုက်ပြီး ပြန်လှည့်သွားသည်။
"ခုနက ကျွန်မတို့ ရှင့်အကြောင်း ပြောနေတာ မဟုတ်ဘူး၊ ရှင် နားလည်မှုလွဲနေတာ။ အသိသာကြီး ကျွန်မတို့က ဆေးသောက်တဲ့အကြောင်း ပြောနေတာပါ။ ဆေးသောက်တာ.. ချီယောင် မဟုတ်ဘူး"
( T/N-'ဆေးသောက်' ဆိုတဲ့အသံထွက်က 'Chī Yào' ဖြစ်ပြီး ချီယောင်နဲ့ အသံထွက် ဆင်တူသည်။)
ချီယောင် သူမ၏ မျက်နှာကို တင်းမာလိုက်ပြီး မုန့်ကုကတော့ ရယ်မောလိုက်သည်။
"ဘာရယ်တာလဲ"
ချန်းရော့ယွီ သူ့ကို စူးစိုက်ကြည့်သည်။
"ရှင် ချောင်းဆိုးနေတာပဲ၊ ရှင် ဆေးကို အမြန်ဆုံး သောက်တာ ပိုကောင်းတယ်"
"ကောင်းပြီ၊ ကောင်းပြီ... သွားပြီး ဆေးဝယ်ရအောင်"
မုန့်ကုသည် ချန်းရော့ယွီ၏လက်ကို ဆွဲကိုင်လိုက်သည်။
"မင်းရဲ့ တရုတ်စကားက ဘယ်လောက် ဆိုးရွားလဲ ကြည့်လိုက်စမ်း။မင်း (ချီးယောက်) 'Chī Yào' နဲ့ (ချီယောင်) 'Qí Yáo' ဆိုတဲ့ စကားလုံးတွေကိုတောင် ကောင်းကောင်း အသံထွက်လို့ မရဘူး"
"ဘယ်သူ ပြောလဲ။ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောခဲ့တာ အသိသာကြီးပါ"
ချန်းရော့ယွီသည် ချီယောင်ကို မကြည့်ဘဲ မုန့်ကုကို ဆွဲခေါ်သွားသည်။ သူတို့ လျှောက်သွားနေစဉ်မှာပင် သူတို့ စကားပြောနေဆဲ ဖြစ်သည်။
"ရှင်းရှင်းလင်းလင်း မကြားခဲ့တာက ရှင်လေ။ ရှင် ဆေးသောက်သင့်တယ်"
ချီယောင်သည် သူတို့နောက်မှာ ရပ်နေပြီး ထွက်ခွာသွားတဲ့ သူတို့၏ ကျောပြင်များကို စူးစိုက်ကြည့်နေသည်။
Translator -JJ