← Chapters

အခန်း ၇၃

Vol. 7 Ch. 73

အခန်း ၇၃

Vol. 7 Ch. 73

Chapter 73-ကိုယ့်ကိုသော့ပေး

ချန်းရော့ယွီသည် သူမပါးစပ်ကို တွန့်လိုက်ပြီး နောက်ဆုံးတော့ သူ့အပေါ် အပြစ်တင်ဖို့ အချိန်တန်ပြီလို့ တွေးလိုက်သည်။

"ဒေါက်တာမုန့်၊ ရှင် ဒါကို တမင်တကာ လုပ်ခဲ့တာ မဟုတ်လား"

"ကိုယ်က ဘာကို တမင်တကာလုပ်လို့လဲ"

"ရှင် တမင်တကာ ရှင့်အမေကို လာပြီး ကျွန်မကို ဖမ်းခိုင်းခဲ့တာ"

ဒါက အရမ်း ရှက်စရာကောင်းတယ်၊ ပြီးတော့ သူ ဒီလို လုပ်ပြီးတဲ့နောက် သူမ သူ့ကို လွှတ်ပေးလိမ့်မယ်လို့ ထင်တာလား။

မုန့်ကုက သွားဖြဲကာ ပြုံးလိုက်သည်။

"ဒါကို တိုက်ဆိုင်မှုလို့ ခေါ်တယ်။ဒါက ဘုရားသခင်ရဲ့ စီစဉ်မှုပဲ။ဒါဆို ဒါက မင်း မိဘတွေနဲ့ တွေ့ခဲ့ပြီးပြီလို့ ယူဆလို့ရတယ် မဟုတ်ဘူးလား"

"မဟုတ်ဘူး။ ရှင့်အမေက ရှင့်အဖေက ကျွန်မကို သဘောမကျဘူးလို့ ပြောတယ်"

မုန့်ကု၏ အပြုံးက သူ့မျက်နှာပေါ်မှာ ခဲသွားပြီးနောက် သူ မျက်ခုံးတွန့်ကာ စူးစိုက်ကြည့်လိုက်သည်။

"သူတို့ ဘာလို့ ကိုယ့်ကို နှောင့်ယှက်နေကြတာလဲ"

ချန်းရော့ယွီ သူ့မျက်နှာပေါ်က အမူအရာကို မြင်ပြီး ရယ်ချင်သွားသည်။ သူက 'သူမ' ကို ရည်ညွှန်းနေတာလား ဒါမှမဟုတ် 'သူ့ကို' ရည်ညွှန်းနေတာလားဆိုတာ သူမ မသိပေ၊ ဘယ်လိုပဲဖြစ်ဖြစ် ထို လူကြီးနှစ်ဦးလုံးက သူ့ကို နှောင့်ယှက်နေကြတာပဲ ဖြစ်၏။

(T/N-ဒီ‌ နေရာမှာ သုံးတဲ့ နှောင့်ယှက်ခြင်း ဆိုတာက တစ်စုံတစ်ဦးကို တစ်ခုခု လုပ်ဆောင်ခြင်းမှ တားဆီးခြင်း၊ အခြားသူများ၏ အလုပ်များကို ဟန့်တားခြင်းကို ဆိုလိုသည်။)

"ချန်းရော့ယွီ၊ မင်း ကိုယ့်မိဘတွေကြောင့် ခြိမ်းခြောက်ခံရတယ်ဆိုရင် မင်း ကိုယ့်ကို လွယ်လွယ်ကူကူ အနားပေးလို့ မဖြစ်ဘူး။ မြန်မြန်၊ ကိုယ့်ကို မင်းအိမ်ကို ခေါ်သွားပြီး မင်းမိဘတွေကို ကိုယ့်ကို ကိုင်တွယ်ခိုင်းလိုက်"

မုန့်ကုသည် သူမ၏ လက်များကို ဆုပ်ကိုင်ထားပြီး သူမကို အကြံပေးလိုက်သည်။ သူ စကားပြောနေရင်း သူမကို မျက်တောင် ခတ်ပြပြီး ချစ်စရာကောင်းဟန် ဆောင်ပြသည်။

သူမ နှုတ်ခမ်းကို စေ့လိုက်ပြီး ရယ်မောတာကို ထိန်းချုပ်ရန် ကြိုးစား၏။ သူမ ခေါင်းကို မော့လိုက်ပြီး ရှေ့သို့ ကိုင်းကာ သူ့နောက်ကို ကြည့်လိုက်သည်။

"ဘာကြည့်နေတာလဲ"

"ရှင့်ရဲ့ အမြီးလှုပ်နေလားဆိုတာ ကျွန်မ ကြည့်နေတာ"

"......"

ဒီနေ့မှာတော့ အရေပြား ယားယံနေတဲ့ ချန်းရော့ယွီကို ဒေါက်တာမုန့်က အလုပ်ပြီးတဲ့နောက် သူ့အိမ်ကို ခေါ်သွားသည်။ သူမ သူ့အတွက် ညစာ ချက်ပြုတ်ပေးပြီး သူ့အဝတ်အစားများ လျှော်ဖွပ်ပေးကာ သူ့အိမ်ကို သန့်ရှင်းရေး လုပ်ပေးသည်။ သူ့လက်သည်းများ ညှပ်ပေးပြီးတော့ သူ့နားများကိုပင် သန့်ရှင်းရေး လုပ်ပေးလိုက်၏။ ထို့နောက် သူမ သူ့ကို မဆင်မခြင် မှတ်ချက်များဖြင့် စနောက်ဖို့ ရက်ရောစွာ ခွင့်ပြုထားလိုက်သည်။

ဒါပေမဲ့ သူ့ရဲ့ မိဘတွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်အတွက် သူမက "ကျွန်မ အကြောင်းကြားဖို့ စောင့်ပါဦး" လို့သာ ပြောလိုက်သည်။

မုန့်ကုသည် သူ့ပါးစပ်ကို တွန့်ပြီး မျက်ခုံးတွန့်လိုက်တာကြောင့် ချန်းရော့ယွီက သူ့အမြီး ကျဆင်းနေသလားဆိုတာ ကြည့်ချင်စိတ် ထပ်ဖြစ်လာသည်။

>>>>>>>>>>>>>>>>>>>

နွေဦးပွဲတော်က မြန်မြန် နီးကပ်လာပြီ။

ထို အချိန်တိုလေးအတွင်းမှာ အရာများစွာ ဖြစ်ပျက်သွားသည်။

တကယ်တော့ အဖေကျိုးနဲ့ အမေကျိုးတို့ ချန်းရော့ယွီကို လာရှာတဲ့နေ့က ကျိုးကျယ်ဟာ လုပေါင်နီကို သွားရှာခဲ့တာ ဖြစ်သည်။ သူ့မိဘတွေက သူ့ရဲ့ လုပ်ရပ်တွေကြောင့် သတိပေးခံရပြီးပြီ ဖြစ်တာကြောင့် သူ နောက်ထပ် တွန့်ဆုတ်မနေသင့်တော့ဘူးလို့ ခံစားရ၏။ ဒါနဲ့ သူ လုပေါင်နီဆီ သွားပြီး စကားတစ်ခွန်း မေးခဲ့သည်။

"မင်း ကိုယ်နဲ့အတူတူ C-မြို့ကို ပြန်လိုက်ခဲ့ဖို့ ဆန္ဒရှိလား"

လုပေါင်နီ အရမ်း ဝမ်းသာသွားတယ်။

ကျိုးကျယ်က ထပ်ဖြည့်ပြောသည်။

"ငါ့မှာ ပိုက်ဆံ မရှိဘူး၊ ငါ စီးပွားရေး စတင်ဖို့ ချေးငွေယူထားရတယ်၊ ပြီးတော့ အကြွေးတွေလည်း ရှိနေတုန်းပဲ"

လုပေါင်နီက ပြန်ဖြေသည်။

"ကိစ္စမရှိပါဘူး။ ကျွန်မ ရှင့်ရဲ့ စာရင်းကိုင် လုပ်ပေးပါ့မယ်၊ ပြီးတော့ လစာလည်း ယူမှာ မဟုတ်ဘူး"

ကျိုးကျယ်က ထပ်ဖြည့်ပြောလိုက်သည်။

"မင်းရဲ့ မိသားစုက သဘောမတူရင်တောင် ငါနဲ့အတူတူ လိုက်ရဲလား"

သူမ မျက်လုံးထောင့်များ နီရဲလာပြီး လုပေါင်နီက ပြုံးလျက် ပြောလိုက်သည်။

"ရှင် ကျွန်မကို ခေါ်သွားရဲရင် ကျွန်မ ရှင်နဲ့ လိုက်ရဲပါတယ်"

ဒီအရာတွေ အားလုံးကို လုပေါင်နီက ချန်းရော့ယွီကို ဖုန်းခေါ်ပြီး ပြောပြခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းမှာ သူမနဲ့ ကျိုးကျယ်တို့က ချန်းရော့ယွီနဲ့ မုန့်ကုတို့ကို အတူတူ ညစာစားဖို့ ဖိတ်ခေါ်ခဲ့ကြပြီး အဲဒီညစာစားပွဲမှာ ပိုပြီး အရာများစွာ ဖော်ထုတ်ခဲ့သည်။

တကယ်တော့ ကျိုးကျယ်က လုပေါင်နီအပေါ် ကောင်းမွန်တဲ့ ခံစားချက် အမြဲတမ်း ရှိခဲ့တယ်၊ ဒါကြောင့် ဒီအချိန်တစ်လျှောက်လုံး သူ သူမကို အမြဲတမ်း စိုးရိမ်ပူပန်မှု ပြသခဲ့တယ်၊ ဒါပေမဲ့ သူမက သာမန် စာရင်းကိုင်တစ်ယောက် မဟုတ်ခဲ့ဘူး။ သူမက ယာဉ်မောင်းသင်တန်းကျောင်း သူဌေးရဲ့ တူမဖြစ်ပြီး သူမရဲ့ မိဘတွေက A-မြို့မှာ သူတို့ရဲ့ ကိုယ်ပိုင် စီးပွားရေး ရှိသည်။ လုပေါင်နီရဲ့ ယာဉ်မောင်းသင်တန်းကျောင်းမှာ စာရင်းကိုင် အလုပ်က တကယ်တော့ သူမ ပျင်းရိငြီးငွေ့မှု မရှိစေဖို့ သူမကို လုပ်စရာတစ်ခုခု ပေးဖို့ သူမမိသားစုက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့လည်း လုပေါင်နီသည် တစ်ခါမှ မောက်မာဝံ့ကြွားခြင်း မရှိသလို သူမက သူမရဲ့အလုပ်မှာ အလေးအနက် ရှိသည်။ သူမက သူမ၏ လုပ်ဖော်ကိုင်ဖက်များကိုလည်း အလွန်ဂရုစိုက်၏။ သူမက မိန်းကလေးကောင်းတစ်ယောက်ဖြစ်သည်။ ဒါက ကျိုးကျယ် သူမအပေါ် ကောင်းမွန်တဲ့ ခံစားချက် ရှိရခြင်းရဲ့ အကြောင်းရင်း ဖြစ်၏။ လုပေါင်နီရဲ့ ဦးလေးနဲ့ မိဘတွေက မြို့ငယ်လေးတွေက လာတဲ့သူတွေကို အမြဲတမ်း အထင်အမြင်သေးလေ့ရှိပြီး အထူးသဖြင့် ကျိုးကျယ်လို နေရာငယ်လေးတွေက လာတဲ့သူတွေကို ပို၍ အထင်သေးသည်။ ကျိုးကျယ်၏ အလုပ် စွမ်းဆောင်ရည်ဟာ အလွန် ကောင်းမွန်ပြီး ယာဉ်မောင်းသင်တန်းကျောင်းမှာ အရေးကြီးတဲ့ ရာထူး ရှိပေမဲ့ သူ ရရှိတဲ့ လေးစားမှုမှာ ကန့်သတ်ချက် ရှိသည်။ ဒါက ကျိုးကျယ် ထွက်သွားချင်ရတဲ့ အကြောင်းရင်း ဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းကို တည်ထောင်ဖို့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေတဲ့ တွန်းအားလည်း ဖြစ်သည်။

အပြန်အလှန် ကောင်းမွန်တဲ့ ခံစားချက် ရှိတဲ့ လူငယ်နှစ်ဦးစလုံးက ဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ ခံစားချက်တွေကို မထုတ်ဖော်ရဲခဲ့ကြပေ။ တိတ်တဆိတ်ဖြင့် ကျိုးကျယ် သူ့အတွက် အစီအစဉ်များ ပြုလုပ်၏၊ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖို့ အိမ်ပြန်ဖို့ လမ်းခင်းသည်၊ ဒါကြောင့် သူ လုပေါင်နီနဲ့ ပိုပြီး တိုးတက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။ သူ့အတွက် သူမက သူ့ဘဝရဲ့ ကောင်းမွန်တဲ့ အမှတ်တရ တစ်ခုသာ အမြဲ ဖြစ်နေလိမ့်မယ်။ သူ ဒီမြို့မှာ ကြိုးစား အလုပ်လုပ်ခဲ့တဲ့ နေ့ရက်တွေမှာ သူ့ကို တစ်ချိန်က အားပေးထောက်ခံခဲ့တဲ့ ဖော်ရွေပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ဦး ရှိခဲ့ဖူးတယ်။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ သူမနဲ့ သူ လမ်းခွဲသွားလိမ့်မယ်၊ ဒါပေမဲ့ သူ သူမ ပေးခဲ့ဖူးတဲ့ နွေးထွေးမှုကို ထာဝရ အမှတ်ရနေလိမ့်မယ်။

သို့သော်လည်း သူ ကုမ္ပဏီကနေ နုတ်ထွက်ပြီး သူ့ဇာတိမြို့ကို ပြန်ဖို့ စီစဉ်ထားတယ်လို့ ပြောပြီးနောက် သူ တကယ်တမ်း လုပေါင်နီကို သူ့ကို လိုက်စေဖို့ နှိုးဆွမိလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ရုတ်တရက် သူ အသင့်မဖြစ်ဘဲ ဖမ်းမိသွား၏။ ကျိုးကျယ် အလွန် ဝမ်းသာပေမဲ့ သူတို့ရဲ့ မှောင်မိုက်တဲ့ ကံကြမ္မာကို တိတ်တဆိတ် သက်ပြင်းချမိသည်။ သူ လုပေါင်နီကို သူ့နောက် လိုက်ပြီး သူ့နဲ့အတူ ဒုက္ခခံစေဖို့ မဖြစ်နိုင်ဘူးလို့ ခံစားရသည်။ သူ လုပေါင်နီမိသားစုရဲ့ အတားအဆီးတွေကို ကျော်လွှားဖို့လည်း ယုံကြည်မှု မရှိပေ။ ဘာပဲဖြစ်ဖြစ် သူ ဒီနှစ်တွေမှာ လုမိသားစုအတွက် အလုပ်လုပ်ခဲ့ပြီး သူတို့ရဲ့ သဘောတရားနဲ့ ကိစ္စရပ်တွေ ကိုင်တွယ်ပုံကို သူ အရမ်း ရင်းနှီး၏။

ဒါပေမဲ့ တစ်ခါတလေ ယောက်ျားတစ်ဦးရဲ့ ရဲစွမ်းသတ္တိက အမျိုးသမီးတစ်ဦးရဲ့ အားပေးမှုကနေ လာတာ ဖြစ်ပြီး ဆူညံတဲ့ ထောက်ခံမှု မလိုအပ်ပေ။ ချစ်ခင်တွယ်တာတဲ့ မျက်လုံးတစ်စုံနဲ့ နွေးထွေးတဲ့ လက်သေးသေးလေးများသာ အကန့်အသတ်မဲ့ အလားအလာကို လှုံ့ဆော်ဖို့ လိုအပ်သည်။

ကျိုးကျယ်သည် ဒေါသကြီးပြီး ပြင်းထန်ကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့သူ မဟုတ်သလို ပြဿနာရှာမယ့်သူလည်း မဟုတ်ပေ။ သူက နူးညံ့မှုနဲ့ ကြင်နာမှု အပြည့်ရှိတဲ့ သာမန် ယောက်ျားတစ်ယောက်သာ ဖြစ်သည်။သူ။ထွက်သွားဖို့ အချိန်က အရမ်း ဖိအားပေးနေတာကြောင့် ဒါမှမဟုတ် သူ့မိဘတွေရဲ့ နက်နဲတဲ့ စိုးရိမ်ပူပန်မှုက သူ့ကို လျင်မြန်တဲ့ ဆုံးဖြတ်ချက်ချဖို့ ဖိအားပေးခဲ့တာကြောင့်၊ ဒါမှမဟုတ်မဟုတ် လူပေါ်နီရဲ့ ဖွင့်ဟဝန်ခံမှုက သူ့ကို ယုံကြည်မှု ပေးခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။... အတိုချုပ်အားဖြင့် သူ အချိန်အများကြီး မယူတော့ဘဲ နောက်ဆုံးမှာ လုပေါင််နီကို ရဲရင့်တဲ့ ကမ်းလှမ်းချက်ဖြင့် သူ့ရဲ့ အချစ်ကို ဖွင့်ပြောလိုက်သည်။

အနာဂတ်က မသိရသေးပေမဲ့ အချစ်တော့ ရှိနေတယ်။ အရာအားလုံး အတည်ပြုပြီးသား ဖြစ်ရင်တောင် ပြောင်းလဲမှု အန္တရာယ်ကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သူတို့နှစ်ယောက်လုံး ခံစားရသည်။ ဒါကြောင့် အရမ်း စဉ်းစားမနေဘဲ ရဲရဲရင့်ရင့် စွန့်စားလိုက်တာ ပိုကောင်းတယ်။ ဒါကြောင့် လုပေါင်နီ မတွန့်ဆုတ်ဘဲ ကျိုးကျယ်နဲ့ သဘောတူခဲ့တာက ဒီလာမယ့် နွေဦးပွဲတော်မှာ သူတို့ C-မြို့ကို နှစ်သစ်ကူးဖို့ ပြန်မယ်၊ ပြီးရင် A-မြို့ကို ပြန်လာပြီး သူမမိဘတွေကို ဆွဲဆောင်မယ်ဆိုတာပဲ ဖြစ်သည်။

ကျိုးကျယ်နဲ့ လုပေါင်နီတို့ မျက်နှာနီမြန်းကာ ရှက်ရွံ့စွာဖြင့် သူတို့ရဲ့ အတွေးတွေကို ပြောနေတဲ့အချိန်မှာ မုန့်ကုက ချက်ချင်း သူ့မျက်လုံးများကို မှေးစင်းလိုက်ပြီး သူမရဲ့ ပျက်ကွက်မှုကို မကျေနပ်ကြောင်း ပြသတဲ့ အမူအရာနဲ့ ချန်းရော့ယွီကို တစ်ချက် ကြည့်လိုက်သည်။

ချန်းရော့ယွီ မမြင်ချင်ယောင် ဆောင်လိုက်သော်လည်း တစ်ညလုံး မုန့်ကု၏ မထီမဲ့မြင်ပြုမှု ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။

သူတို့ အိမ်ရောက်တဲ့အခါ မုန့်ကုက သူမနဲ့ အပြစ်တင် စကားပြောဖို့ စတင်လာသည်။

"လုပေါင်နီကို ကြည့်လိုက်စမ်း။ သူ(မ)မိသားစု ပြဿနာက မင်းထက် ပိုပြီး ပြင်းထန်တယ်။ သူ(မ)ဆုံးဖြတ်ချက်က မင်းထက် ပိုပြီး ရဲရင့်တယ်၊ ပြီးတော့ သူ(မ) အခု C-မြို့မှာ သွားနေတော့မယ်။မင်း အပြစ်ရှိတယ်လို့ မခံစားရဘူးလား"

ချန်းရော့ယွီ ခေါင်းငုံ့ပြီး စကားမပြောရဲပေ။

"လုပေါင်နီအကြောင်း မပြောဘဲ မင်းသူငယ်ချင်းကောင်း လျန်စီးစီးအကြောင်း ပြောရအောင်။သူ(မ)က မင်းထက် ပိုပြီး စဉ်းစားပူပန်စရာတွေ မရှိဘူးလား။သူ(မ)က မင်းထက် ပိုပြီး အန္တရာယ်မများဘူးလား။ဒါပေမဲ့ သူ(မ) အခု လက်ထပ်တော့မယ်၊ မင်း အပြစ်ရှိတယ်လို့ မခံစားရဘူးလား"

သူမ ချေပချင်ပေမဲ့ ပြောစရာ ကောင်းတာ တစ်ခုမှ မစဉ်းစားနိုင်ခဲ့ဘဲ ခေါင်းငုံ့လျက် ဆက်နေခဲ့သည်။

"လျန်စီးစီးလို ထူးခြားတဲ့ မျိုးစိတ်အကြောင်း မပြောဘဲ မင်းရဲ့ သူငယ်ချင်းကောင်း ကောင်းယွီလန်အကြောင်းပဲ ပြောမယ်။သူ(မ) တိုးတက်နေတာ မင်း မြင်လား။အဲဒီ ရင်းဇယ်ဆိုတဲ့ကောင်က ငါ့ထက် ပိုပြီး စိတ်ချရတာလား။ဒါပေမဲ့ သူ(မ) ဒီ နွေဦးပွဲတော်မှာ သူ(မ)မိဘတွေနဲ့ တွေ့ပြီး စေ့စပ်တော့မယ်! ငါ့ကိစ္စကရော ဘယ်လိုလဲ"

မုန့်ကုသည် စကားပြောလေ ဒေါသ ပိုထွက်လာလေ ဖြစ်၏။

"ငါက ဘာလို့ လျှို့ဝှက်ထားရပြီး ငါ့ရဲ့ အဆင့်နဲ့အခြေအနေကို မသိအောင် ဖုံးကွယ်ထားရတာလဲ"

"ရှင့်ရဲ့ အဆင့်က အရမ်း ရှင်းပါတယ်"

သူမ တိုးတိုးလေး ပြောလိုက်တဲ့အခါ သူ့ဆီကနေ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။

"မင်း ပြောရဲသေးတယ်ပေါ့!"

မုန့်ကု ဒေါသတကြီး ပြောလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ငါ့ကို သော့ပေး"

"ဘာသော့လဲ"

"ငါ့အိမ်သော့"

သူမ အံ့အားသင့်သွားပြီး အနည်းငယ် နာကျင်မိစ။ သူမ တိုးတိုးလေး ပြောလိုက်သည်။

"ဒီလို မလုပ်ပါနဲ့"

"ဘယ်လိုလဲ"

"ကျွန်မတို့ ကောင်းကောင်း ဆွေးနွေးကြရအောင်"

"ငါ လုပ်နေတယ်... ငါ့စကားတွေ ရှင်းတယ်၊ ငါ့အမူအရာကလည်း ပြည့်စုံတယ်"

သူ လက်ဝါးကို အပေါ်ဘက် လှည့်ကာ လက်ဆန့်ထုတ်လိုက်သည်။

"ငါ့ကို ပေး"

ချန်းရော့ယွီ သူ့ကို တွေဝေစွာ ကြည့်လိုက်ပြီး အရမ်း ဝမ်းနည်းမိ၏။

"ဒေါက်တာမုန့်၊ ဒီလို မလုပ်ပါနဲ့။ ကျွန်မ ဒီလာမယ့် နွေဦးပွဲတော်မှာ အိမ်ပြန်ပြီး မိဘတွေကို ပြောပြပါ့မယ်"

"ငါ့ကို ပေး"

မုန့်ကုက မျက်နှာအမူအရာ မရှိဘဲ အတော်လေး တင်းမာနေသည်။

ချန်းရော့ယွီ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်၏၊ သူမ၏ မျက်လုံးထောင့်များ ပူနွေးလာပြီး သူမ မျက်ရည်ကျလုနီးပါး ဖြစ်လာသည်။ သူမသာ သူ့ကို တောင်းပန်ခဲ့မယ်ဆိုရင် သူမ အဆင့်အတန်း နိမ့်ကျသွားလိမ့်မယ်။

သူမ ခေါင်းလှည့်ပြီး သူမရဲ့အိတ်ဆီ ပြေးသွားကာ ငိုချင်စိတ်ကို မျိုချလိုက်ပြီး သော့တွဲတစ်ခုကို ဆွဲထုတ်၍ သူ့ခေါင်းပေါ် ပစ်ပေါက်ချင်စိတ် တကယ် ဖြစ်သွားသည်။ ဒါပေမဲ့ အဲဒီမှာ သူမရဲ့ တခြားသော့တွေလည်း ရှိနေတာကြောင့် သော့တွဲထဲကနေ သူ့သော့ကို ဖြည်းဖြည်းချင်း ထုတ်လိုက်ရုံသာ တတ်နိုင်လေသည်။

သူမ ဒါကို သူ့ဆီ ပစ်ပေါက်မယ်၊ ပြီးတော့ သူမ သူ့ကို လျစ်လျူရှုမယ်။ သူ တကယ်ပဲ လွန်လွန်းတယ်။ သူမ ဒီလိုမျိုး စိတ်အပြောင်းအလဲမြန်တဲ့၊ မကောင်းတဲ့ ယောက်ျားကို တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ သူ့ကို ဒီလောက် ကောင်းခဲ့တာ အချည်းနှီးပဲ။ သူမ ဒီလောက် အရူးဖြစ်ခဲ့တာ၊ ဝက်တွေတောင် ရယ်မောလောက်အောင် အရမ်း မိုက်မဲခဲ့တာပဲ!

ဒါပေမဲ့ သူက သူမကို သော့ ပစ်ပေါက်ဖို့ အခွင့်အရေး မပေးချေ။ သူမ သော့တွဲကနေ လွှတ်လိုက်တာနဲ့ ချက်ချင်းပဲ သူ သော့ကို လုယူသွားသည်။

ချန်းရော့ယွီ အံကြိတ်လိုက်ပြီး သူမရဲ့နှလုံးသား နာကျင်သွားသည်ဟု ခံစားရသည်။ သူမ သူ့ကို မကြည့်ဘဲ သူမရဲ့ နှလုံးသား ပြာမှုန့်ဖြစ်သွားသလို ခံစားရ၏။ သူမ အရမ်း ဝမ်းနည်းမိတယ်။ သူမ သော့တွဲကို သူမရဲ့အိတ်ထဲ ပစ်ထည့်လိုက်ပြီး ခေါင်းလှည့်ကာ ထွက်သွားဖို့ ရည်ရွယ်ချက်ဖြင့် တံခါးမကြီးဆီ လျှောက်သွားသည်။ သူမ အိမ်ကနေ ထွက်သွားတာနဲ့ ဒီတစ်ကြိမ်တော့ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်တော့ဘူးလို့ ဆုံးဖြတ်လိုက်၏။

ဒါပေမဲ့ မူန့်ကု မြှားတစ်စင်းလို တံခါးဆီ ပစ်သွားပြီး 'ကာ-ဒါ၊ ကာ-ဒါ' ဆိုတဲ့ အသံအနည်းငယ်နဲ့အတူ လှည့်ပြန်လာပြီး ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာရင်း တီးတိုး သီချင်းဆိုလိုက်သည်။ သူမရဲ့ ရှေ့မှာပဲ သူ သော့ကို သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။

ချန်းရော့ယွီ ကြောင်သွားတယ်။ ဒါ ဘာအဓိပ္ပာယ်လဲ။

သူမ တံခါးဆီ အမြန်သွားပြီး သော့ခလောက်တွေကို လှည့်ကြည့်လိုက်တဲ့အခါ သူမ ဖွင့်လို့ မရနိုင်ဘူးဆိုတာ တွေ့လိုက်ရသည်။

သူ တကယ်ပဲ တံခါးကို သော့ခတ်ခဲ့တာ!

သူ တကယ်ပဲ အတွင်းကနေ တံခါးကို သော့ခတ်လိုက်တာ!

ချန်းရော့ယွီ ဒေါသထွက်သွားပြီ။ သူမ လှည့်ပြန်လာပြီး သူမနောက်ကွယ်မှာ မာနကြီးကြီး ပြုံးနေတဲ့ မုန့်ကုအပေါ် ပြေးဝင်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

"ရှင် အရိုင်းအစိုင်း! လူယုတ်မာကြီး! ခွေးမသား! ရှင် ကျွန်မကို ကြောက်အောင် လုပ်ရမှာလား! ရှင် ကိုယ့်ကိုယ်ကို ၃ နှစ်ပဲ ရှိသေးတယ်လို့ ထင်နေတာလား! ရှင့်လို လူကြီးတစ်ယောက်က ကလေးလို ဆက်လုပ်နေတုန်းပဲ! ရှင် ဒီလောက် ကလေးဆန်နေတာလား! ရှင့်ရဲ့ ဉာဏ်ရည် ဘယ်လောက် မြင့်လဲ! ကျွန်မကို အနိုင်ကျင့်ရတာ လွယ်တယ်လို့ ထင်နေတာလား! လူယုတ်မာကြီး! ကျွန်မ ရှင့်ကို မုန်းတယ်၊ ကျွန်မ ရှင့်ကို အမုန်းဆုံးပဲ! ကျွန်မ ရှင့်အတွက် ဘယ်တော့မှ ထပ်ပြီး ချက်ပေးမှာ မဟုတ်ဘူး! ကျွန်မ ရှင့်ကို ဂရုမစိုက်တော့ဘူး! ထွက်သွား! ကျွန်မ ရှင့်ရဲ့ ပိုက်ဆံတွေ အားလုံးကို သုံးပစ်မယ်၊ ပြီးတော့ တစ်ပြားမှ မချန်ထားဘူး! ကျွန်မ ရှင့်ရဲ့ တံခါးအပြင်ဘက်မှာ သော့ခလောက် ဆယ်ခု တပ်ပြီး ရှင့်ကို အိမ်ထဲမှာ သော့ခတ်ချထားမယ်! ကျွန်မ ရှင့်ကို အများကြီး မုန်းတယ်! ကျွန်မ ရှင်နဲ့ ဘယ်တော့မှ ထပ်ပြီး စကားပြောမှာ မဟုတ်ဘူး..."

ခဏတာ အော်ဟစ်ပြီးနောက် သူမ၏ ပါးစပ် ပိတ်ဆို့သွားသည်။

သူမကိုလည်း သူက နံရံဆီ ဖိထား၏။

သူမ၏ အိတ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြပေ။

သူမ၏ လက်နှစ်ဖက်စလုံးကို သူက လှုပ်ရှားလို့ မရအောင် ဖိချုပ်ထားပြီး သူမ သူ့ကို ကန်ဖို့အတွက် သူမ၏ ခြေထောက်ကို မြှောက်လိုက်သည်။ နောက်ဆုံးမှာ သူမ၏ ခြေထောက်ကိုလည်း ဖိချုပ်ခံရပြီး သူမ၏ အိမ်တွင်း ဖိနပ်က ဘေးဘက်ကို လွင့်သွားခဲ့သော်လည်း ဘယ်သူမှ ဂရုမစိုက်ကြပေ။

လူနှစ်ဦးစလုံး အာရုံစိုက်ပြီး စိတ်အားထက်သန်တဲ့ အနမ်းတစ်ခုမှာ လုံးဝ နှစ်မြှုပ်နေကြသည်။

ချန်းရော့ယွီရဲ့ နှလုံးသား ရှုပ်ထွေးနေတယ်။ သူတို့ ဆက်ဆံရေး အတည်ပြုပြီးတဲ့နောက် သူမ အမြဲတမ်း သူ့ကို ပြင်းထန်ခဲ့ပေမဲ့ သူ အနိုင်ကျင့်တဲ့ ပုံစံ ပြုမူတာနဲ့ တစ်ပြိုင်နက် သူမရဲ့ စိတ်ထဲ ပျောက်ကွယ်သွားပြီး တိုက်ခိုက်ဖို့ အားအင် ဆုံးရှုံးသွားတတ်တယ်။

ဒါပေမဲ့ သူမ သူ့ကို မကျေနပ်ဘူး၊ လုံးဝ မကျေနပ်ဘူး။ သူ တကယ်ပဲ လွန်လွန်းတယ်။ သူ သူမကို ဘယ်လိုလုပ် ဒီလောက် လွန်လွန်မင်းမင်း ဆက်ဆံရဲတာလဲ။

မုန့်ကု သူမ၏ နှုတ်ခမ်းကို လွှတ်လိုက်ပြီး သူမကို ဖိထားမှုကို အနည်းငယ် ဖြေလျော့လိုက်သည်။

သူ့မျက်နှာက အရမ်း နီးကပ်နေတယ်။

သူတို့မျက်လုံးများ ဆုံတွေ့လိုက်ပြီး သူတို့ရဲ့စိတ်ခံစားချက်များ လှိုင်းလုံးများလို ပွက်လောရိုက်လာသည်...

Translator -JJ

All Chapters