အခန်း ၇၉
Vol. 8 Ch. 79
Chapter 79-အမေချန်းရဲ့မေးခွန်းများ
ထို့နောက် ကိစ္စများက ချန်းရော့ယွီ၏ မျှော်လင့်ချက်ထက် ကျော်လွန်ပြီး တိုးတက်သွားသည်။
မုန့်ကုသည် အတားအဆီးများ အားလုံးကို အောင်မြင်စွာနဲ့ ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်သွားပေမယ့် ညနေပိုင်း သူ သူ့ရဲ့ ဟိုတယ်ကို ပြန်သွားပြီး သူမ အိမ်မှာ ရှိနေတဲ့အချိန် သူမရဲ့ ဒုက္ခများ စတင်လာတော့သည်။ အမေချန်းက ပိုသိချင်ပုံရပြီး သမီးဖြစ်သူကို အသေးစိတ် စစ်ဆေးမေးမြန်းခြင်းအတွက် အိမ်ထဲကို ဆွဲခေါ်သွား၏။
သူမ ဘယ်လို တွေ့ခဲ့တာလဲ။ သူတို့ ဘယ်လို အဆင်ပြေနေကြလဲ။ သူ သူမကို ကောင်းကောင်း ဆက်ဆံရဲ့လား။ သူက စိတ်တိုတတ်လား။ သူမ သူ့ပိုက်ဆံကို တာဝန်ယူတာ မှန်ရဲ့လား။ သူက သူမကို သုံးဖို့ ခွင့်ပြုရဲ့လား။ သူ့မိသားစုရဲ့ အခြေအနေက ဘယ်လိုလဲ။ သူ့မိဘတွေက သူမအပေါ် ဘယ်လို သဘောထားလဲ။ သူတို့ ဘယ်တော့ လက်ထပ်ဖို့ စီစဉ်ထားလဲ။ အိမ်က ဘယ်သူ့နာမည်နဲ့ မှတ်ပုံတင်ထားလဲ... သူ့နာမည်လား၊ သူ့မိဘနာမည်လား။ လက်ထပ်ပြီးတဲ့နောက် သူတို့ သူ့မိဘတွေနဲ့ အတူနေကြမှာလား။ သူ့ရဲ့ လစာ ဘယ်လောက်လဲ။ သူ့ရဲ့ ရာထူးတိုးဖို့နဲ့ လစာတိုးဖို့ အလားအလာက ဘယ်လောက်ရှိလဲ။ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်အထိ ရောက်နေပြီလဲ။ သူ သူမကို အမြတ်ထုတ်ခဲ့သလား။ သူတို့ ဘယ်လို သန္ဓေတားနည်းကို သုံးကြလဲ။ သူတို့ ဘယ်တော့ ကလေးယူဖို့ စီစဉ်ထားလဲ.........
ချန်းရော့ယွီ ခေါင်းမူးပြီး သူမရဲ့ ဦးနှောက် ဖောင်းကားသည်အထိ စစ်ဆေးမေးမြန်းခံရသည်။ သူမ မစဉ်းစားဖူးသေးတဲ့ ကိစ္စအချို့တောင် အမေချန်းရဲ့ 'ဝန်ခံဖို့ လိုအပ်တဲ့' စာရင်းထဲမှာ စာရင်းသွင်းပြီးသား ဖြစ်နေသည်။
သူမကို ည ၁၂ နာရီနီးပါးအထိ စစ်ဆေးမေးမြန်းနေပြီး သူမ တကယ် အိပ်ချင်နေပြီဖြစ်၏။ နောက်ဆုံးတော့ သူမ ညှာတာပေးဖို့ တောင်းပန်တဲ့နေရာမှာ အောင်မြင်သွားပြီး သူမရဲ့ အိပ်ခန်းဆီ ပြန်သွားသည်။ အခန်းထဲမှာ သူမရဲ့ အဒေါ်ငယ်က အခုထိ နိုးနေတုန်းပဲ၊ ပြီးတော့လည်း သူမကို ထပ်ပြီးတော့မေးမြန်းဖို့ ရည်ရွယ်နေတယ်။ ချန်းရော့ယွီ ကြမ်းပြင်ပေါ် လှိမ့်လိုက်ပြီး အခြေအနေက အရမ်း ဆိုးတာကြောင့် သူမ မခံနိုင်တော့ဘူးလို့ တွေ့လိုက်ရသည်။ သူမ အိပ်ချင်ယောင် ဆောင်ချင်တဲ့အချိန်မှာပဲ အမေချန်းက အခုလေးတင် စဉ်းစားမိတဲ့ မေးခွန်းအချို့နဲ့အတူ ပြန်ပြေးလာပြီး ချန်းရော့ယွီဆီကနေ အဖြေတွေ လိုချင်သည်။
ချန်းရော့ယွီ သူတို့ကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိတာကြောင့် အိမ်သာသွားဖို့ အကြောင်းပြချက် ရှာပြီးတော့ အဲ့ဒီနေရာမှာ သူမ မုန့်ကုကို အကူအညီနဲ့ အားပေးမှုအတွက် ဖုန်းခေါ်လိုက်သည်။
"ဘာလို့ ရှင် ဒီမှာ ရှိနေတုန်းက မမေးကြဘဲ ရှင် ထွက်သွားမှ မေးနေကြတာလဲ"
သူမ အရမ်း အိပ်ချင်နေပြီး ငိုချင်စိတ် ပေါက်နေပြီ။
"မင်း အသုံးမကျဘူး"
မုန့်ကုက အထင်သေးစွာ ပြောလိုက်သည်။
"မင်းက အလေးအနက်ထားပြီးတော့ သူတို့ကို မင်း အိပ်ချင်နေတယ်၊ သူတို့ မေးချင်တာတွေကို မနက်ဖြန်မှ မေးလို့ရတယ်၊ ပြီးတော့ မင်း အခု အိပ်ချင်တယ်လို့ ပြောရမယ်။ပြီးရင် သူတို့ကို ဂရုမစိုက်ဘဲ အိပ်လိုက်တော့"
"ကောင်းပြီ"
ချန်းရော့ယွီ သူ့ရဲ့ ညွှန်ကြားချက်တွေကို မှတ်သားပြီးတဲ့နောက် သူမ၏ အိပ်ခန်းဆီ ပြန်သွားသည်။
အမေချန်းနဲ့ အဒေါ်ငယ် နှစ်ယောက်လုံးက သူမ ပြန်လာဖို့ စောင့်ဆိုင်းနေကြတုန်းပဲ။ ချန်းရော့ယွီသည် သူမနဲ့ မသက်ဆိုင်သလို ဟန်ဆောင်ပြီး ကြမ်းပြင်ပေါ်က သူမရဲ့စောင်အောက်ကို လျှောဝင်သွားသည်။ သူမ သူတို့ကို မနက်ဖြန်မှ စကားပြန်ပြောနိုင်မယ်လို့ ပြောလိုက်သည်။ အဘွား အိပ်ပျော်နေတာကြောင့် သူတို့ အဘွားအိုကို အနှောင့်အယှက် မပေးသင့်ဘူး။လူကြီးတွေ ညဥ့်နက်တဲ့အထိ မအိပ်တာ မကောင်းဘူး၊ ဒါကြောင့် သူတို့ စောစော ပြန်အိပ်သင့်တယ်လို့ ပြောလိုက်သည်။
ရလဒ်အနေနဲ့ သူမ စကားမဆုံးခင်မှာပဲ အမေချန်းက သူမရဲ့ခေါင်းကို ပုတ်လိုက်ပြီး အဒေါ်ငယ်ကတော့ ဘာမှ မကြားချင်ယောင် ဆောင်နေသည်။ လူနှစ်ယောက်က ထပ်ပြီး စကားပြောဆိုလာကြပြီး A-မြို့မှာ နေထိုင်ရတဲ့ ပြဿနာတွေကို ဆွေးနွေးကြသည်။ သူမသာ လက်ထပ်ခဲ့ရင် မင်္ဂလာပွဲကို နေရာ နှစ်ခုမှာ ကျင်းပမှာလား၊ ဒါမှမဟုတ် ဘာလဲ။ သူတို့ လက်ထပ်ငွေလက်ဆောင် ဘယ်လောက် ပေးသင့်တယ်၊ သင့်လျော်တယ်လို့ ယူဆနိုင်မလဲဆိုတာကိုလည်း ဆွေးနွေးကြသည်၊ ပြီးတော့ A-မြို့မှာ လက်ထပ်ပွဲ အခမ်းအနားတွေကို ဘယ်လို ပုံမှန် လုပ်လေ့ရှိလဲဆိုတာကိုလည်း သိချင်ကြသည်။
အဒေါ်ငယ်က မုန့်ကုရဲ့ မိဘတွေရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့ ပုံစံနဲ့ ဒီအပေါ်မှာ သူတို့ရဲ့ အမြင်တွေ ဘယ်လိုရှိလဲဆိုတာကို ချန်းရော့ယွီကို မေးသည်။ သူမ အမေချန်းကို ပြောတာက မုန့်ကုက မိသားစုထဲမှာ သားတစ်ယောက်တည်း ဖြစ်တာကြောင့်၊ ပြီးတော့ သူ့ရဲ့ အခြေအနေတွေက အရမ်းကောင်းတာကြောင့် မုန့်ကုရဲ့ မိသားစုက မောက်မာပြီး ဆက်ဆံဖို့ မလွယ်မှာကို စိုးရိမ်သည်။ ဒါပေမဲ့လည်း သမီးကို ပေးစားရတာ မလွယ်ကူတဲ့အတွက်နဲ့ သမီးကို ပြုစုပျိုးထောင်ခဲ့တဲ့ အလုပ်က အချည်းနှီး မဖြစ်သင့်တဲ့အတွက် လက်ထပ်ငွေလက်ဆောင်ကို လျှော့ချလို့ မရဘူးလို့ ပြောသည်။
အမေချန်းလည်း နည်းနည်း စိုးရိမ်နေတယ်။ သူတို့ရဲ့ မိသားစုနှစ်ခုစလုံး လူမှုအဆင့်အတန်း တူညီရင် အလွယ်တကူ ပြေလည်သွားနိုင်ပေမယ့် အခုလို အခြေအနေမှာ သူမတို့လို မြို့ငယ်လေးက လာတဲ့သူတွေကို တစ်ဖက်လူက အထင်သေးမှာကို သူမ ကြောက်နေတယ်။ ဒါကြောင့် သူမ ချန်းရော့ယွီကို ဖမ်းဆွဲထားပြီး မုန့်ကုအကြောင်း ထပ်ပြီး မေးခွန်းများ မေးတော့သည်။
ချန်းရော့ယွီ တကယ်ပဲ မြေကြီးထဲ အပေါက်တူးပြီး အထဲဝင်ပြီးတော့ ကောင်းကောင်း အိပ်ချင်မိတယ်။ သူမ လူကြီးနှစ်ယောက် ဘာတွေ ဆွေးနွေးနေလဲဆိုတာကို စိတ်မဝင်စားပေ။ သူမ နားမလည်ဘူး၊ ပြီးတော့ သူမ ဒီအဆင့်ကို မရောက်သေးတဲ့အတွက် သူမ မစိုးရိမ်ပေ။
သူမ မျက်လုံးမှိတ်ပြီး အိပ်ချင်နေကြောင်း ချန်းရော့ယွီ ပြောပေမယ့် အမေချန်းနဲ့ အဒေါ်ငယ်တို့က စိတ်လှုပ်ရှားစွာ စကားပြောနေတာကြောင့် သူမကို လျစ်လျူရှုထားကြသည်။ ဒီအချိန်မှာ ချန်းရော့ယွီရဲ့ လက်ကိုင်ဖုန်း မြည်လာပြီး ဖုန်းခေါ်ဆိုမှုက မုန့်ကုဆီက ဖြစ်သည်။
"အကျိုးသက်ရောက်မှု မရှိဘူးလား"
မုန့်ကုက မေးလာသည်။
"ဟမ်?......"
ချန်းရော့ယွီ စိတ်မကောင်း ဖြစ်ပြီး အိပ်ချင်စိတ်ဖြင့် နှုတ်ခမ်းကို စေ့လိုက်သည်။
"မင်း အသုံးမကျဘူးဆိုတာ ငါ သိတယ်"
"ဪ"
ဒါပေမဲ့ သူမ ဘာလုပ်နိုင်မှာလဲ။
"သူတို့ကို အခု ပြောလိုက်ပါ၊ သူတို့ ဆက်ပြောချင်သေးရင် ငါ သူတို့ကို ညစာ လာကျွေးပြီး စကားပြောဖို့ ဖိတ်နိုင်တယ်လို့၊ ဒါဆို မင်း ကောင်းကောင်း အိပ်လို့ရမယ်"
"ဪ"
"ဪ၊ ဘာလဲ... သူတို့ကို အခု ပြောလိုက်၊ ပြီးတော့ ဖုန်းမချနဲ့"
ဒါကြောင့် ချန်းရော့ယွီ သူမကို စိုက်ကြည့်နေတဲ့ လူကြီးနှစ်ဦးကို ပြောလိုက်သည်။
"ဖုန်းခေါ်နေတာ မုန့်ကု။ သူက အမေနဲ့ အဒေါ်ငယ်တို့ ဆက်ပြောချင်သေးရင် သူ ညစာ ကျွေးမယ်တဲ့၊ ပြီးတော့ သမီး အိပ်လို့ရအောင် အမေတို့ နှစ်ယောက် အပြင်ထွက်ပြီး စကားပြောလို့ရတယ်လို့ ပြောတယ်"
"အာ?"
အမေချန်းနဲ့ အဒေါ်ငယ်တို့ ချက်ချင်း ပျော့ပျောင်းသွားကြသည်။
"ဒီကလေး၊ နင် သူ့ကို ဘာလို့ ဒီအကြောင်း ပြောပြတာလဲ။ ဒီအချိန်က အရမ်း နောက်ကျနေပြီ၊ ငါတို့ ညစာ မသွားပါဘူး၊ ပြီးတော့ သူ့ကို အနားယူဖို့ ပြောလိုက်။ငါတို့ မနက်ဖြန်မှ ထပ်ပြောကြမယ်"
ချန်းရော့ယွီ ဖုန်းထဲကို ပြောလိုက်သည်။
"ကျွန်မ အမေက နောက်ကျနေပြီ၊ ရှင် အနားယူသင့်တယ်လို့ ပြောတယ်။ သူတို့ ညစာ မလိုဘူးတဲ့"
"အမေ့ကို ကိုယ့်ကိုယ်စား ပြောပေးဦး...'ကောင်းသောညဖြစ်ပါစေ'လို့... 'သွားအိပ်တော့"
"အိုး"
ချန်းရော့ယွီ ညွှန်ကြားချက်အတိုင်း ပြောလိုက်သည်။
"အမေ၊ မုန့်ကုက 'ကောင်းသောည ဖြစ်ပါစေ' လို့ ပြောတယ်... 'သွားအိပ်တော့တဲ့'"
အမေချန်း တစ်ခုခု ထပ်ပြောချင်သေးပေမယ့် သူမရဲ့သမီးက ဖုန်းမချဘဲ ကိုင်ထားတာကို မြင်လိုက်ရတော့ သူမရဲ့သားမက်က ဒီကိစ္စကို ကြီးကြပ်နေတာ ထင်ရှား၏။ ရုတ်တရက် သူမ နည်းနည်း ရှက်သွားပြီး အနေရခက်စွာ စကားအနည်းငယ် ရေရွတ်လိုက်ပြီး သူမအခန်းဆီ ပြန်သွားသည်။
အဒေါ်ငယ်ကလည်း သဘာဝအတိုင်း ဘာမှ ပြောစရာ မရှိတော့ဘဲ အိပ်ဖို့ နေရာယူလိုက်သည်။ ချန်းရော့ယွီ သက်ပြင်းချလိုက်ပြီး ဖုန်းလိုင်းရဲ့ တစ်ဖက်က မုန့်ကုကို ပြောလိုက်သည်။
"ကောင်းပြီ၊ အစည်းအဝေး ပြီးပြီ။ သွားအိပ်တော့မယ်... ဂွတ်နိုက်"
သူမ ဖုန်းချလိုက်ပြီး ကုတင်ထဲမှာ နေရာယူကာ အိပ်ပျော်သွားသည်။ ရုတ်တရက် တံခါးက ထပ်ဖွင့်လာပြီး အမေချန်းက သူမရဲ့ခါးကို ကုန်းကာ စောင်အောက်မှာ နေရာယူနေတဲ့ ချန်းရော့ယွီရဲ့ ဘေးမှာ ထိုင်ချလိုက်သည်။ သူမ တိုးတိုးလေး မေးလိုက်သည်။
"သမီး၊ အမေ စဉ်းစားနေတာ။ မုန့်ကု အဲဒီကလေးက ကောင်းပေမဲ့ သူ့မိသားစုရဲ့ အခြေအနေက ငါတို့ မိသားစုထက် အများကြီး ပိုကောင်းတယ်။ သူ နင့်ကို ဘယ်လို ဆက်ဆံလဲ။တစ်ခါတလေ အမေက စကားကြမ်းတယ်၊ ဒါပေမဲ့ အမေ အခုထိ နင့်ဘက်မှာပဲ ရှိနေတုန်းပဲ။သူ့မိသားစုက နင့်ကို ဆိုးဆိုးရွားရွား ဆက်ဆံရင် နင် အမေ့ကို ပြောရမယ်။အမေတို့ စည်းစိမ်ဥစ္စာ မလိုဘူး။ နင့်ကို ကောင်းကောင်း ဆက်ဆံစေချင်ရုံပဲ"
ချန်းရော့ယွီ ထိမိသွားပြီး သူမ၏ မျက်လုံးများ ပူနွေးလာသည်။ သူမ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်ပြီးတော့ မျက်လုံးဖွင့်ကာ သူမရဲ့အမေကို ဖက်ချင်သွားသည်။ ဒါပေမဲ့ သူမ တကယ် လှုပ်ရှားလိုက်ရင် ရလဒ်က သူမကို သူမရဲ့အမေက ထပ်ပြီး ဖမ်းထားပြီး မုန့်ကုနဲ့ သူ့မိသားစုအကြောင်း စကားပြောတာကို ဆက်လုပ်နိုင်တယ်လို့ တွေးမိတာကြောင့် သူမ အိပ်ချင်ယောင် ဆောင်တာကို ဆက်လုပ်တာက ပိုကောင်းသည်။
အမေချန်း ခဏလောက် စောင့်ပြီးတော့ သူမရဲ့ သမီး တကယ် အိပ်ပျော်နေပြီဆိုတာ သတိထားမိတော့ သူမ မနက်ဖြန်မှ ထပ်ပြောမယ်လို့ ရေရွတ်ပြီး ထွက်သွားသည်။
အချိန်အတော်ကြာပြီးနောက် ချန်းရော့ယွီ မျက်လုံးဖွင့်ပြီး မုန့်ကုဆီ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။
~ကျွန်မ အမေက ရှင်နဲ့ ရှင့်မိသားစုက ကျွန်မကို ကောင်းကောင်း ဆက်ဆံရဲ့လားလို့ မေးတယ်။ သူ(မ)က စည်းစိမ်ဥစ္စာ မလိုဘူးတဲ့၊ ကျွန်မကို ကောင်းကောင်း ဆက်ဆံစေချင်ရုံပဲလို့ ပြောတယ်။ ဒါကြောင့် ရှင် ကျွန်မကို နည်းနည်း ပိုကောင်းအောင် ဆက်ဆံရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်မမှာ ကျွန်မကို ကျောထောက်နောက်ခံ ပေးမယ့် အမေ ရှိနေလို့ပဲ~
ခဏအကြာမှာ မုန့်ကုရဲ့ မက်ဆေ့ခ်ျ ပြန်ရောက်လာသည်။
~ကိုယ့်ယောက္ခမကို ပြောလိုက်၊ သူ(မ)ရဲ့ သမီးက သူ(မ)ရဲ့ နှလုံးသားနဲ့ ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ပြီးသားလို့။ နောင်တရဖို့ နောက်ကျသွားပြီ။~
သူမ နှုတ်ခမ်းကို စေ့ပြီး မက်ဆေ့ခ်ျကို စိုက်ကြည့်လိုက်ပြီး အချိန်အကြာကြီး နောက်မှ ပြန်ဖြေလိုက်သည်။
~ ဖေ့!~
အဲ့ဒီနောက် သူမ စိတ်ကျေနပ်သွားပြီး လှပတဲ့ အိပ်စက်ခြင်းထဲကို ဝင်ရောက်သွားသည်။
မုန့်ကုသည် နှစ်သစ်ကူးရဲ့ ဆဋ္ဌမမြောက်နေ့အထိ C-မြို့မှာ နေခဲ့သည်။ ချန်းမိသားစုဆီကနေ ချစ်ခင်စောင့်ရှောက်မှုနဲ့ မေးခွန်းများကို ရယူခြင်းအပြင် သူက သားမက်လောင်းတစ်ဦးအနေနဲ့ သူ့ရဲ့ သဘောထားကောင်းကို ပြသတဲ့အနေနဲ့ အဖေချန်း၊ အမေချန်းနဲ့ မောင်လေးချန်းတို့ကို စျေးဝယ်ထွက်ခြင်းအတွက် ခေါ်သွားသည်။
ဒီအချိန်အတွင်းမှာ ချန်းရော့ယွီက ဒီပစ္စည်းက စျေးကြီးတယ်၊ အဲဒါက လက်တွေ့မကျဘူး၊ ဒါက အလေအလွင့်ပဲ၊ ပြီးတော့ အဲဒါက မသင့်လျော်ဘူးလို့ ပြောပြီး သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်ရဲ့ ပိုက်ဆံအိတ်အပေါ် လုံးဝ ထိန်းချုပ်မှုကို ပြသသည်။ နောက်ဆုံးမှာ ချန်းမိသားစုဝင်သုံးဦးနဲ့ မူန့်ကု၊ စုစုပေါင်း မျက်လုံး လေးစုံက သူမကို စူးစိုက်ကြည့်လာကြသည်။ ဒါပေမဲ့ သူမ အခုထိ သူမ၏ မူများကို ဆုပ်ကိုင်ထားခဲ့ပြီး သူမရဲ့ ကိုယ်ပိုင် အမြင်နဲ့ ရပ်တည်ချက်ကို လိုက်နာဖို့ အခိုင်အမာ ပြောဆိုသည်။
နောက်ဆုံးမှာ အဖေချန်း ခေါင်းရမ်းလိုက်သည်၊ မောင်လေးချန်းကတော့ သူမ ပါတီနှစ်ခုကြား နေရာယူပြီး သူ့ကို လျစ်လျူရှုတဲ့အတွက် သူမကို မထီမဲ့မြင် ပြုလာသည်၊ ပြီးတော့ အမေချန်းက ဒီသမီးက အိမ်မှာ စားနေပေမဲ့ တိတ်တဆိတ် အပြင်ကို တွားသွားတယ်လို့ ညည်းညူလိုက်သည်။
(ဒီနေရာမှာ ချန်းရော့ယွီက ချန်းမိသားစုရဲ့ သမီးဖြစ်ပေမယ့် သူမရဲ့ ကိုယ်ပိုင်မိသားစုဘက်ကို မပါဘဲ၊ အပြင်လူဖြစ်ပြီး မိသားစုဝင် မဖြစ်သေးတဲ့ မုန့်ကု၏ဘက်ကို ပါနေသည်ဟု ဆိုလိုသည်။)
မိသားစု ပဋိပက္ခကို ကြားဝင် ဖြေရှင်းဖို့အတွက် မုန့်ကုက ရှေ့ကို ထွက်လာပြီး ချန်းရော့ယွီဆီကနေ ငွေကြေးအာဏာကို ယာယီ ရုပ်သိမ်းကြောင်း ဖော်ပြလိုက်သည်။ ချန်းမိသားစုဝင်သုံးဦးက ချက်ချင်းပဲ သူတို့ရဲ့ ကန့်ကွက်မှုတွေကို ရပ်လိုက်ကြပြီး ဆက်ပြီး စျေးဝယ်ဖို့ ရှက်ရွံ့နေကြသည်။
ချန်းရော့ယွီ တိတ်တဆိတ် မုန့်ကုကို ကြည့်လိုက်ပြီး ရလဒ်အတွက် သူမ၏ ကျေနပ်မှုကို ပြသလိုက်သည်။
နှစ်ရက်တာ စျေးဝယ်ပြီးတဲ့နောက် ရလဒ်ကတော့ လူတိုင်း ပျော်ရွှင်ခဲ့ကြပြီး မုန့်ကုရဲ့ ပိုက်ဆံအိတ်ကြောင့် ချန်းရော့ယွီဟာ လျင်မြန်စွာ သန်မာတဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲလာသည်။ မုန့်ကုကလည်း သူမ သူ့မိဘတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ခံစားရကြောင်း သူမကို သီးသန့် ပြောပြလာသည်။
သူမ သူ့ကို လျစ်လျူရှုလိုက်ပြီးတော့ သူ နောက်ပြောင်နေတယ်လို့ တွေးခဲ့လိုက်သည်။
ဆဋ္ဌမမြောက်နေ့မှာ နေရောင်ခြည် တောက်ပနေပြီး ရာသီဥတုက အရမ်းကောင်း၏။ မုန့်ကုသည် နှုတ်ဆက်ပြီး ချန်းရော့ယွီနဲ့အတူ သူတို့ A-မြို့ဆီ ပြန်သွားကြသည်။
ချန်းရော့ယွီသည် သူမအမေနဲ့ ဆက်ဆံရေးက သူမ ငယ်ငယ်တုန်းကလိုမျိုး အဆမတန် တိုးတက်လာခဲ့တာကြောင့် သူမ စိတ်ကောင်းဝင်နေသည်။ ခရီးလမ်းတစ်လျှောက်လုံး သူမ 'ငါ ချန်းရော့ယွီကို လာရှာချင်တယ်' ဆိုတဲ့ သီချင်းကို ညည်းနေပြီး တစ်ချိန်တည်းမှာပဲ သူမရဲ့ဒိုင်ယာရီ စာအုပ်ငယ်ထဲမှာ ရေးမှတ်နေသည်။
"မင်း ဘာတွေ ရေးနေတာလဲ"
မုန့်ကုသည် ကားမောင်းနေတာကြောင့် သူမရဲ့ စာအုပ်ငယ်ကို စစ်ဆေးလို့ မရဘဲ ရိုးရိုးရှင်းရှင်း မေးလိုက်သည်။
"ရှင် လုပ်ခဲ့တဲ့ မိုက်မဲတဲ့ ကိစ္စတွေကို ရေးနေတာ"
"ဒါဆို ကိုယ် လုပ်ခဲ့တဲ့ မိုက်မဲတဲ့ကိစ္စတွေ ဘေးနားမှာ မင်း လုပ်ခဲ့တဲ့ မိုက်မဲတဲ့ ကိစ္စတွေ အားလုံးကို ရေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်။ ဒါပေမဲ့ ဒီစာအုပ်က လုံလောက်ရဲ့လား။ကိုယ် မင်းကို ပိုကြီးတဲ့ စာအုပ်တစ်အုပ် ရှာပေးနိုင်တယ်"
"ဟွန့်......"
ချန်းရော့ယွီ သူမ၏ နှာခေါင်းကို တွန့်လိုက်သည်။
"ကိုယ် လုပ်ခဲ့တဲ့ လိမ္မာပါးနပ်တဲ့ ကိစ္စတွေကို မင်း ရေးထားပြီးပြီလား"
မုန့်ကု ထပ်မေးလိုက်သည်။
"မလိုပါဘူး။ ရှင်က လိမ္မာပါးနပ်တဲ့ ကိစ္စတစ်ခုပဲ လုပ်ထားတာ။ကျွန်မ မေ့မှာ မဟုတ်ဘူး"
"ဘာလဲ"
"အဲဒါက... ရှင် ကျွန်မကို ကြိုက်ပြီး ကျွန်မကို လိုက်ခဲ့တာ။ကျွန်မကို ရှင့်ရဲ့ ဇနီးဖြစ်ဖို့ ရှာခဲ့တာက ရှင့်ရဲ့ ဉာဏ်ရည်ကို အပြည့်အဝ ထင်ဟပ်စေတယ်"
မုန့်ကု ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူ ပိုတွေးလေ၊ ပိုရယ်လေ ဖြစ်ပြီး နောက်ဆုံးမှာတော့ သူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟေး၊ ဘာတွေ ဒီလောက် ရယ်စရာကောင်းနေတာလဲ"
"ဘာမှ မဟုတ်ဘူး"
"ဘာမှ မဟုတ်ဘူးဆိုတာ ဘာလဲ"
"ကိုယ် မင်းကို ယုံကြည်မှု ရှိတယ်လေ"
သူမ မုန့်ကုရဲ့ စကားတွေကို နားမလည်နိုင်ပေ။ နောက်ပိုင်းမှာ သူမ ကားထဲမှာ အိပ်ပျော်သွားခဲ့ပြီး နိုးလာတဲ့အခါမှာတော့ သူမ မုန့်ကုရဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို နောက်ဆုံးတော့ နားလည်သွား၏။
သူမကို စားသောက်ဆိုင်တစ်ခုဆီ ခေါ်သွားပြီး အပေါ်ထပ်ကို ခေါ်သွားတဲ့အချိန်မှာ သူ့မိဘတွေက သီးသန့်အခန်းတစ်ခုမှာ သူမကို စောင့်နေကြောင်း ပြောလာသည်။
ဘာ!
ချန်းရော့ယွီ၏ ခြေလှမ်းများ ယိုင်နဲ့သွားပြီး သူမ အကြီးအကျယ် အံ့အားသင့်သွားသည်။
သူမအပေါ်မှာ ဒီလို ရုတ်တရက် တိုက်ခိုက်မှုမျိုး လုပ်ဖို့ လိုအပ်လို့လား။
"ကျွန်မ မပြင်ဆင်ရသေးဘူး"
ဒါ ကြောက်စရာကောင်းလိုက်တာ! သူမကို အသက်ကြီးတဲ့မိဘများကို ကြောက်ရွံ့ခြင်း ရောဂါက ချက်ချင်း တိုက်ခိုက်လာသည်။
သူမ မုန့်ကုရဲ့ လက်ကို ဆွဲပြီး မေးလိုက်သည်။
"ကျွန်မ သူတို့ကို တွေ့တဲ့အခါ ဘာပြောရမလဲ"
"ဘာမဆို ရတယ်"
"ကျွန်မ စကားတောင် မပြောနိုင်ရင် ဘယ်လိုလုပ်မလဲ"
"ဒါဆို စားရုံပဲ"
"သူတို့ ကျွန်မကို မေးခွန်းတွေ မေးရင် ဘယ်လိုလုပ်မလဲ"
"ဖြေလိုက်ရုံပဲ"
"သူတို့ ကျွန်မကို ချက်လက်မှတ် ထုတ်ပေးရင် ဘယ်လိုလုပ်မလဲ"
"......"
Translator -JJ