အခန်း ၈၂
Vol. 8 Ch. 82
Chapter 82- ချန်းရော့ယွီ VS ချီယောင်
ယောကျ်ားတွေဆိုတာ တကယ့်ကို ထူးဆန်းတဲ့ သတ္တဝါတွေပဲ။ တစ်ခါတလေမှာ သူတို့က စိတ်မရှည်ဘဲ အလျင်စလို ဖြစ်နေတတ်ပြီး၊ တစ်ခါတလေမှာတော့ ဝါးလုံးရှစ်တောင်နဲ့ ရိုက်ရင်တောင် မလှုပ်မယှက် နေတတ်ကြပြန်တယ်။
မုန့်ကုကိုပဲ နမူနာကြည့်လေ။
အရင်တုန်းကတော့ သူတို့ရဲ့ အခြေအနေကို အတည်ပြုဖို့ နှစ်ဖက်မိဘကို အမြန်ဆုံး တွေ့ဆုံခိုင်းခဲ့တာ သူကိုယ်တိုင်ပဲ။ အခုတော့ သူတို့ တွေ့ပြီးသွားပြီ၊ မိသားစုနှစ်ခုလုံးလည်း အောင်အောင်မြင်မြင် ဆုံတွေ့ခဲ့ကြပြီ။ အဖေမုန့်ရဲ့ အမူအရာက သိပ်မကောင်းလှသလို၊ အမေချန်းကလည်း သူ့မိသားစုအပေါ် သံသယတွေ ရှိနေသေးပေမဲ့၊ ခြုံငုံကြည့်ရင်တော့ နှစ်ဖက်စလုံးက ဘာ ကန့်ကွက်မှုမှ မရှိတဲ့အတွက် အခြေအနေက ကောင်းမွန်တယ်လို့ ဆိုရမယ်။ လက်ထပ်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ အခြေအနေတွေအပေါ်မှာပဲ အမြင်မတူတာလေးတွေ နည်းနည်းပါးပါး ရှိခဲ့တာဖြစ်၏။
ပုံမှန်ဆိုရင်တော့ မုန့်ကုရဲ့ အလျင်စလို ဖြစ်တတ်တဲ့ အရှိန်နဲ့ဆိုရင် သူက အလယ်ကနေ ညှိနှိုင်းပြီး မင်္ဂလာပွဲ အစီအစဉ်တွေကို အပြီးသတ်မှာဖြစ်သည်။
ဒါပေမဲ့ ရုတ်တရက် သူက မလောတော့ဘူး ဖြစ်နေပြန်တယ်။
သူက ချန်းရော့ယွီကို လက်ထပ်ပွဲအကြောင်း မပြောတော့သလို၊ သူမဘက်ကလည်း သူမရဲ့ မာနကို ဘေးဖယ်ပြီး သူ့ကို မတိုက်တွန်းချင်ဘူး။အခု သူတို့နှစ်ယောက်ဟာ အတူနေနေကြတာဖြစ်လို့ ပုံမှန် လင်မယားတွေနဲ့ သိပ်မခြားနားတော့ဘူး။ သူက အိမ်ထောင်သည် တစ်ယောက်ရဲ့ အသွင်သဏ္ဌာန်ထဲကို ပိုပိုပြီး စီးဝင်လာခဲ့ပြီဖြစ်၏။
ဥပမာအားဖြင့်၊ ချန်းရော့ယွီနဲ့ အတူရှိနေဖို့အတွက် သူဟာ သူငယ်ချင်းတွေနဲ့ အပြင်ထွက် လည်ပတ်တာမျိုး ခဲယဉ်းလာပြီး၊ ချိန်းဆိုမှု ရှိရင်တောင် ချန်းရော့ယွီကိုပါ အတင်းခေါ်သွားတတ်လာသည်။ စိတ်မကြည်လင်တဲ့အချိန်မှာ တစ်ခါတလေ ဆေးလိပ်သောက်တတ်တဲ့ အကျင့်ကိုလည်း စွန့်လွှတ်လိုက်ပြီဖြစ်သလို၊ သူမနဲ့ သဘောတူညီချက်တစ်ခုလည်း လုပ်ထားသေး၏။ အဲဒါကတော့ သူ ဆေးလိပ်တစ်လိပ် သောက်မိတိုင်း ဒူးရင်းသီးသကြားလုံး တစ်လုံး စားရမယ်ဆိုတဲ့ ပြစ်ဒဏ်ပင်။ သူ့အတွက်တော့ ဒီနည်းလမ်းက ကြောက်စရာ အကောင်းဆုံးဖြစ်တာကြောင့် သူ ဆေးလိပ်ကို အောင်မြင်စွာ ဖြတ်နိုင်ခဲ့၏။
နောက်ထပ် ထူးခြားတာတစ်ခုကတော့ သူက အမဲသားစတိတ် (Steak) ကြော်တာကလွဲလို့ ကျန်တဲ့ ဟင်းချက်စွမ်းရည်တွေကတော့ တိုးတက်မလာခဲ့ချေ။ ကြက်ဥကြော်တိုင်း အမြဲတမ်း ပျက်စီးသွားတတ်တာကလည်း တကယ့်ကို ထူးဆန်းစရာကောင်း၏။ တကယ်တော့ အားလုံးက "ကြော်" တဲ့ နည်းပညာချင်း အတူတူပဲလေ။ ဒါပေမဲ့ သူကြော်လိုက်ရင် ကြက်ဥက တူးသွားတာ ဒါမှမဟုတ် ပုံပျက်သွားတာမျိုးပဲ ဖြစ်ပြီး နောက်ဆုံးမှာတော့ ကြက်ဥမွှေဘဝနဲ့ပဲ ဇာတ်သိမ်းရတယ်။ အတိုချုပ်ပြောရရင် ဒေါက်တာမုန့်ရဲ့ မီးဖိုချောင်ထဲက တာဝန်ဟာ ပန်းကန်ဆေးတဲ့ အဆင့်မှာတင် ရပ်တန့်သွားခဲ့တယ်။ အကြိမ်ကြိမ် အဝေဖန်ခံရပြီးတဲ့နောက်မှာတော့ သူက ပန်းကန်ဆေးဆပ်ပြာ အလွန်အကျွံ မသုံးဘဲ ပန်းကန်ဆေးတတ်တဲ့ အလေ့အကျင့်ကို ရသွားခဲ့သည်။
သူ့ရဲ့ အဝတ်အစားတွေကိုလည်း ဟိုတစ်စ ဒီတစ်စ ပစ်မထားတော့ဘဲ သူမ သတ်မှတ်ပေးထားတဲ့ အဝတ်ခြင်းထဲကို စနစ်တကျ ထည့်တတ်လာသည်။ သူမရဲ့ အဝတ်ခေါက်ပုံ ခေါက်နည်းတွေကိုလည်း လိုက်ပြီး အမှားပြင်မနေတော့ဘဲ သူမရဲ့ အလေ့အကျင့်အတိုင်းပဲ လိုက်လုပ်ပေးတော့သည်။ သူကတော့ အိမ်သန့်ရှင်းသပ်ရပ်နေဖို့အတွက် မလိုဘူးထင်တဲ့ ပစ္စည်းမှန်သမျှကို လွှင့်ပစ်ချင်သူ ဖြစ်ပေမဲ့ သူမကတော့ အဲဒီပစ္စည်းတွေက ကောင်းနေသေးတာကြောင့် တစ်နေ့နေ့မှာ ပြန်သုံးလို့ရမလားဆိုပြီး နှမြောတတ်သည်။ အစပိုင်းမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ မုန့်ကုကပဲ အလျှော့ပေးလိုက်သည်။ သူက ဧည့်ခန်းထဲမှာ ဗီရိုအကြီးကြီးတစ်ခု လုပ်ပေးလိုက်ပြီး သူမ နှမြောလို့ မစွန့်ပစ်နိုင်တဲ့ ပစ္စည်းတွေအားလုံးကို အဲဒီထဲမှာ ထည့်သိမ်းထားစေသည်။ဒီနည်းနဲ့ သူလည်း မျက်စိရှုပ်စရာ မမြင်ရတော့သလို၊ သူမလည်း သူမရဲ့ ပစ္စည်းလေးတွေကို ကာကွယ်နိုင်သွားတာကြောင့် နှစ်ယောက်လုံး ပျော်ရွှင်သွားကြသည်။
ဆိုရရင်တော့ သူတို့ရဲ့ ဘဝဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး ချောမွေ့ခြင်း၊ သဟဇာတဖြစ်ခြင်း၊ ကြည်နူးခြင်းတို့နဲ့ ပြည့်နှက်နေသည်။
ချန်းရော့ယွီ တွေးမိတာက... "ငါတို့ဘဝက အရမ်း တည်ငြိမ်နေလို့များလား? မစ္စတာတိုင်ရန်နိုဆောရပ်စ်က ငါ့ကို ပိုင်ဆိုင်သွားပြီလို့ ခံစားနေရလို့ လက်ထပ်စာချုပ်ဆိုတာ အရေးမကြီးတော့ဘူးလို့ ထင်နေတာလား? သူ ဘာလို့ မလောတာလဲ?"
နှစ်ဖက်မိဘတွေကလည်း ချန်းရော့ယွီလိုပဲ တွေးနေကြပုံပေါက်သည်။ အထူးသဖြင့် သမီးဖြစ်သူ နစ်နာမှာကို စိုးရိမ်နေတဲ့ အဖေချန်းနဲ့ အမေချန်းတို့ပင်။ သူတို့က သူမဆီကို ခဏခဏ ဖုန်းဆက်ပြီး "မင်္ဂလာဆောင်ဖို့ ဘယ်လို အစီအစဉ်ရှိလဲ? မုန့်ကုက ဘာတွေ ပြင်ဆင်ထားလဲ?" ဆိုပြီး စိုးရိမ်တကြီး မေးမြန်းတတ်ကြသည်။
တကယ်တော့ ဒီမင်္ဂလာကိစ္စက လူနှစ်ယောက်စလုံးနဲ့ သက်ဆိုင်တယ်။ဒါပေမဲ့ သူမမိဘတွေက မုန့်ကုရဲ့ အစီအစဉ်ကိုပဲ မေးနေကြတာ အဆန်းမဟုတ်ပေမဲ့၊ အမေမုန့်ကိုယ်တိုင်ကပါ သူမဆီ ရောက်လာပြီး "မုန့်ကုက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေ တွေးနေလဲ? သူ့မှာ ဘာအစီအစဉ်ရှိလဲ?" လို့ လာမေးတဲ့အခါမှာတော့ သူမ တကယ်ပဲ အံ့အားသင့်သွားရတော့သည်။
ချန်းရော့ယွီရဲ့ စိတ်ထဲမှာတော့ အတော်လေး ရှုပ်ထွေးနေ၏။ အိမ်မှာဆိုရင် သူမကပဲ မုန့်ကုကို ပန်းကန်ဆေးခိုင်း၊ အိမ်သန့်ရှင်းရေးလုပ်ခိုင်းနဲ့ ခိုင်းနေကျ ဖြစ်ပေမဲ့ လူကြီးတွေက ဒီမင်္ဂလာကိစ္စကို မေးလာတဲ့အခါမှာတော့ ဘာလို့ အားလုံးက မုန့်ကုရဲ့ သဘောထားကိုပဲ အဓိကထား မေးနေကြတာလဲ? သူမရဲ့ သဘောထားကရော အရေးမပါတော့ဘူးလား?
တကယ်တော့ သူမမှာလည်း ထူးထူးခြားခြား သဘောထားရယ်လို့ မရှိဘူး။ မုန့်ကု စီစဉ်သမျှကိုပဲ သူမက လိုက်နာမှာ။ ဒါကြောင့် မုန့်ကုကို စမ်းသပ်ကြည့်တဲ့အနေနဲ့ သူမက "အမေတို့၊ အဖေတို့က ကျွန်မတို့ရဲ့ မင်္ဂလာပွဲ အစီအစဉ်အကြောင်းတွေ စိုးရိမ်တကြီး မေးနေကြတယ်" လို့ တမင် ပြောကြည့်လိုက်သည်။
သို့သော် မုန့်ကုကတော့ အေးအေးဆေးဆေးပဲ ပြန်ဖြေလာသည်။
"ကိုယ် သူတို့ကို ဖုန်းဆက်လိုက်မယ်။ နောက်တစ်ခါ သူတို့ မင်းကို ထပ်မေးရင် ကိုယ့်ကိုပဲ တိုက်ရိုက်ဖုန်းဆက်ခိုင်းလိုက်၊ မင်းကို လာပြီး ဒုက္ခမပေးခိုင်းနဲ့တော့"
အဲဒီစကားကို ကြားလိုက်ရတော့ သူမ စိတ်ထဲမှာ [ဒါဆို သူ့မှာ ဘာအစီအစဉ်မှ မရှိဘူးဆိုတဲ့ သဘောလား? အစီအစဉ်ရှိရင် ငါ့ကို အခုပဲ တိုက်ရိုက်ပြောပြမှာပေါ့]လို့ တွေးမိသွားသည်။
ချန်းရော့ယွီ နည်းနည်းတော့ စိတ်ပျက်သွားမိတာ အမှန်ပဲ။ ဒါပေမဲ့ သူမ မုန့်ကုနဲ့ စတွဲဖို့ ဆုံးဖြတ်ခဲ့တုန်းက အခြေအနေတွေကို ပြန်တွေးကြည့်တော့... ဖြစ်နိုင်တာက မုန့်ကုက အခုချိန်မှာ တစ်ခုခုကို အသေအချာ တွက်ချက် အကဲဖြတ်နေတာလည်း ဖြစ်နိုင်တယ်။
သူ့ကို သူမ ယုံကြည်ပေးသင့်တယ်။ ဒီလို တွေးလိုက်တော့မှ သူမ စိတ်သက်သာရာ ရသွားတော့သည်။ အဓိကအချက်ကတော့ မုန့်ကုဟာ သူမအပေါ် တကယ် ကောင်းတာရယ်၊ သူတို့နှစ်ယောက် အတူတူ ပျော်ရွှင်နေကြတာပဲဖြစ်သည်။
★★★★★★★★★★
ဒီနေ့မှာတော့ ချန်းရော့ယွီသည် မုန့်ကုအတွက် အဝတ်အစားသစ်တွေ ဝယ်ဖို့ ဈေးဝယ်ထွက်လာသည်။
အခုတလော မုန့်ကုက ခရီးထွက်နေတယ်။ သူက ဆေးရုံအုပ်ကြီးနဲ့အတူ နိုင်ငံခြားက ဆွေးနွေးပွဲတစ်ခုကို သွားတက်နေတာ။ ဒါဟာ သူ့အတွက် ပညာသင်ယူဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်လို့ သူ အရမ်း ပျော်နေပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်က သူ သူမဆီ ဖုန်းဆက်ပြီး ပြောပြတာကတော့... ဧည့်ခံပွဲတစ်ခုမှာ ဝိုင်ဖိတ်စင်သွားလို့ သူ အကြိုက်ဆုံး အပြာရောင် ရှပ်အင်္ကျီ ညစ်ပတ်သွားတယ်။ အဲ့ဒီမှာတင် ပိုက်ဆံကို ရေလိုသုံးတတ်တဲ့ အဲ့ဒီလူက ဝိုင်အစွန်းအထင်းတွေက လျှော်လို့မပြောင်နိုင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ချက်ချင်းပဲ အင်္ကျီကို လွှင့်ပစ်လိုက်သတဲ့။ ပြီးတော့ အင်္ကျီလျှော်ခကလည်း မနည်းဘူး၊ လျှော်ခထဲကို ပိုက်ဆံလေး နည်းနည်း ထပ်ပေါင်းလိုက်ရင် အင်္ကျီအသစ်တစ်ထည် ဝယ်လို့ရနေပြီဆိုပြီး ဆင်ခြေတွေလည်း ပေးလာသေးတယ်။
ချန်းရော့ယွီ အမှတ်ရမိတာက အဲဒီအင်္ကျီဟာ တော်တော်လေးကို ဈေးကြီးသည်။ သူမ တကယ်ပဲ မုန့်ကုကို အင်္ကျီလျှော်ခ ဘယ်လောက်ကျလဲဆိုတာ အသေအချာ မေးကြည့်ချင်မိတယ်။ ဒါမှသာ အင်္ကျီအသစ်တစ်ထည် ဝယ်ဖို့ ပိုက်ဆံဘယ်လောက် ထပ်ထည့်ရမလဲဆိုတာကို နှိုင်းယှဉ်တွက်ချက်လို့ ရမှာလေ။ တကယ်တော့ သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်ဟာ ပျင်းရိတတ်သူမှန်း သူမ သိတယ်။ အင်္ကျီအညစ်အပတ်ကို အိတ်ထဲထည့်ပြီး အိမ်အထိ သယ်မလာချင်တာကြောင့်သာ လွှင့်ပစ်လိုက်တာ။ တစ်ခါတလေကျရင် သူ့ရဲ့ အဲဒီလို ထူးဆန်းတဲ့ "အပျင်းရောဂါ" နဲ့ "အသန့်ကြိုက်လွန်းတဲ့ရောဂါ" ပေါင်းစပ်မှုကို ကြည့်ပြီး သူမ သူ့ခေါင်းကိုပဲ ခေါက်လိုက်ချင်တော့တယ်။
ဘာပဲဖြစ်ဖြစ်၊ သူမကတော့ သူ့ရဲ့အင်္ကျီကိစ္စကို မှတ်ထားလိုက်သည်။ မနက်ဖြန် မုန့်ကု ပြန်လာမယ့်နေ့ဖြစ်လို့ သူမက သူ့ကို အံ့အားသင့်သွားစေချင်သည်။ ဒါကြောင့် သူမ ဈေးဝယ်ထွက်ပြီး သူလွှင့်ပစ်လိုက်တဲ့ အင်္ကျီနဲ့ ပုံစံတူ အင်္ကျီအသစ်တစ်ထည်ကို ပြန်ဆုံခြင်း အမှတ်တရလက်ဆောင်အဖြစ် ဝယ်ပေးလိုက်သည်။
အင်္ကျီဝယ်ပြီးတဲ့နောက်မှာတော့ ဘောင်းဘီတစ်ထည်ကို သူမ ထပ်တွေ့၏။ ပုံစံကလည်း လှသလို ဆိုဒ်ကလည်း သူ့အတွက် အတော်ပဲမလို့ ဘောင်းဘီတစ်ထည်ပါ ထပ်ဝယ်လိုက်သည်။ ဖိနပ်ဆိုင်ရှေ့က ဖြတ်တော့လည်း ပြသထားတဲ့ အမျိုးသား သားရေဖိနပ်တစ်စုံက အရမ်းကြည့်ကောင်းနေပြန်တာကြောင့် သူမ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ ဝယ်လိုက်ပြန်သည်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ အတွင်းခံတချို့က ကြာပြီဖြစ်တာကို သတိရသွားလို့ သူ အမြဲဝယ်နေကျ တံဆိပ်ကနေ သူကြိုက်တတ်တဲ့ ပုံစံနဲ့ အရောင်လေးတွေကိုပါ ရွေးဝယ်ပေးလိုက်သေး၏။
ဈေးဝယ်ပြီးလို့ ပြန်ကြည့်လိုက်တော့ သူမလက်ထဲက အိတ်တွေအားလုံးဟာ မစ္စတာတိုင်ရန်နိုဆောရပ်စ်အတွက်ချည်းပင်။ သူမ ခဏလောက် စဉ်းစားကြည့်ပြီး ဘာမှကျန်မနေတော့ဘူးဆိုတာ သေချာသွားတဲ့အခါမှ ကျေနပ်သွားတော့သည်။ ဒါကြောင့် သူမ အောက်ထပ်က ကော်ဖီဆိုင်မှာ ခဏနားပြီး တစ်ခုခုသောက်ဖို့ ပြင်ဆင်လိုက်သည်။သူမဟာ မှန်နံရံကြီးတွေဘေးက စားပွဲမှာ ထိုင်လိုက်ပြီး မေးစေ့လက်ထောက်ကာ လမ်းပေါ်က မြင်ကွင်းတွေကို ငေးကြည့်နေမိသည်။ လမ်းပေါ်မှာ လူတွေဟာ သွားလာလှုပ်ရှားနေကြ၏။ အချိုမြိန်ဆုံး စုံတွဲလေးတွေရှိသလို သက်ကြီးရွယ်အို စုံတွဲတစ်တွဲကိုလည်း တွေ့လိုက်ရသည်။ ဆံပင်ဖြူဖြူနဲ့ အဘိုးအဘွားနှစ်ဦးဟာ လမ်းဘေးက ခုံတန်းလေးမှာ နားနေကြပြီး အဘိုးက အဘွားကို ရေသန့်ဘူးလေး ကမ်းပေးလိုက်ကာ အဘွားကလည်း အဘိုးရဲ့ ချွေးတွေကို သုတ်ပေးဖို့ လက်ကိုင်ပဝါလေး ကမ်းပေးနေသည်။
အဲဒီစုံတွဲကို ကြည့်ရင်း သူမ တကယ်ပဲ အားကျမိသွားသည်။ သူမနဲ့ မုန့်ကုသာ အဲဒီလိုမျိုး အိုမင်းတဲ့အထိ အတူရှိသွားနိုင်ရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ? အဲဒီမှာတင် သူမ ရုတ်တရက် တွေးမိသွားတာက... အဲဒီ မုန့်ကု ဆိုတဲ့လူကြီးက အခုတလော ဘာမှလည်း လှုပ်လှုပ်ရှားရှား မရှိဘူး... ဖြစ်နိုင်တာက သူက သူမဘက်က အရင် လက်ထပ်ခွင့်တောင်းလာမှာကို စောင့်နေတာများလား?
သူမ ဒီကိစ္စကို အလေးအနက် စဉ်းစားကြည့်တယ်။ သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်ရဲ့ စိတ်နေစိတ်ထားအရ အဲဒီလိုဖြစ်ဖို့ တကယ်ပဲ အခွင့်အလမ်းရှိတယ်။ သူ့ရဲ့ အပြုအမူတွေကို ပြန်တွေးကြည့်လေလေ၊ ဒါဟာ ဖြစ်နိုင်ခြေ ပိုများလေလေပဲလို့ သူမ ခံစားရတယ်။ တကယ်တော့ သူ သူမကို အကြိမ်ကြိမ် အရိပ်အမြွက် ပေးခဲ့တာပဲလေ။
ဥပမာအားဖြင့်၊ သူမဘက်က အရင်ဦးဆောင်မယ်ဆိုရင် သူ စိတ်မရှိပါဘူးလို့ သူ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ သူမ ရှက်နေတာကြောင့် ဒါကို အသေအချာ မစဉ်းစားမိခဲ့ဘူး။ နောက်ထပ် ဥပမာတစ်ခုကတော့... အကယ်၍ သူမက လူ့အရိုးစုပုံစံနဲ့ လုပ်ထားတဲ့ ပန်းစည်းကို မကြိုက်ဘူးဆိုရင် သူမကိုယ်တိုင်ပဲ နည်းလမ်းရှာရလိမ့်မယ်လို့ သူ ပြောခဲ့တာမျိုးပဲ။ အဲဒီတုန်းကတော့ သူက သူမကို ပြဿနာရှာနေတာလို့ပဲ ထင်ခဲ့တာ။ အတိုချုပ်ပြောရရင် အဲဒီလို နောက်ပြောင်သလိုလိုနဲ့ ပြောခဲ့တဲ့ စကားတွေကို သူမ အာရုံမစိုက်မိခဲ့ပေမဲ့၊ အခု ပြန်စဉ်းစားကြည့်တော့မှ သူ ဘာကြောင့် ဘာမှ လှုပ်လှုပ်ရှားရှား မရှိတာလဲဆိုတာ ကျိုးကြောင်းဆီလျော်သွားတော့တယ်။
ဒါဆို သူ့ရဲ့ ယောကျာ်းမာန ကျေနပ်သွားအောင် သူမဘက်ကပဲ အရင် လက်ထပ်ခွင့်တောင်းသင့်သလား? သူမကတော့ ဒါကို လုပ်ဖို့ ဝန်မလေးဘူး။ သူ ပျော်မယ်ဆိုရင် သူမလည်း ပျော်ရမှာပဲလေ။
ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ဉာဏ်သုံးရတာ တော်တော်လေး ပင်ပန်းသည်။ သူမက နည်းနည်း "တုံး" တာကြောင့် သူ့ကိုလည်း ပျော်စေမယ့်၊ သူမရဲ့ မျက်နှာလည်း မပျက်စေမယ့် ခမ်းနားထည်ဝါတဲ့ လက်ထပ်ခွင့်တောင်းမှုကို ဘယ်လိုမျိုး လုပ်ရမလဲဆိုတာ မသိဘူး ဖြစ်နေသည်။ သူမက နည်းနည်းလည်း ပျင်းတတ်တာကြောင့် ဦးနှောက်သိပ်မသုံးချင်ပေ။ ဒါကြောင့် ဒီကိစ္စကို မုန့်ကု လုပ်တာက အကောင်းဆုံးဖြစ်၏။
ချန်းရော့ယွီ သေချာစဉ်းစားပြီးတဲ့နောက် မုန့်ကုကို စမ်းသပ်ကြည့်ဖို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။
~လမ်းပေါ်မှာ အဘိုးအဘွား စုံတွဲတစ်တွဲကို တွေ့တယ်၊ သူတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတာ အရမ်း အားကျဖို့ကောင်းတာပဲ~
မုန့်ကုဆီက မက်ဆေ့ခ်ျက ချက်ချင်းဆိုသလို ပြန်ရောက်လာသည်။
~ကိုယ်ပြန်လာတာကို စောင့်နေ၊ ပြီးရင် ကိုယ် မင်းကို အဲဒီလို ချစ်ပေးမယ်"
"ဖေ့!" မဟုတ်မဟတ်တွေ ပြောပြန်ပြီ! ချန်းရော့ယွီ တွေးမိတာက... ငါ့ရဲ့ အရိပ်အမြွက်က သူ နားလည်အောင် မရှင်းလင်းသေးလို့လား?
အဲဒီအချိန်မှာပဲ မုန့်ကုက သူမ ဘယ်မှာလဲ၊ ဘယ်လမ်းမှာလဲ၊ ဘာလုပ်နေတာလဲဆိုတာကို မက်ဆေ့ခ်ျပို့ပြီး မေးလာသည်။ သူမက ပြန်ဖြေရင်းနဲ့ နောက်ထပ် အရိပ်အမြွက်တစ်ခု ထပ်ပေးလိုက်သည်။ သူတို့ဟာ အသက်ကြီးတဲ့စုံတွဲတွေလိုပဲ သူမက သူ့အတွက် အတွင်းခံတွေ ဝယ်ပေးနေတာလို့ ပြောလိုက်သည်။
မုန့်ကုက ပြန်ပြောလာသည်။
~အရမ်းကောင်းတာပေါ့၊ ဘယ်သူက ဝယ်ပေးပေး၊ အဲဒီလူကပဲ ပြန်ချွတ်ပေးဖို့ တာဝန်ယူရလိမ့်မယ်~
ချန်းရော့ယွီ ဖုန်းကိုကြည့်ရင်း မျက်နှာနီမြန်းသွားသည်။ ဒီလူကတော့ တစ်ရက်ကလေးတောင် သူမကို မစရရင် သေသွားမှာလားမသိဘူး။ သူမ ဖုန်းကိုကိုင်ပြီး ပြုံးနေတုန်းမှာပဲ... ပြတင်းပေါက်အပြင်ဘက် ခပ်လှမ်းလှမ်းကနေ သူမဆီကို လျှောက်လာနေတဲ့ ဆွဲဆောင်မှုရှိတဲ့ လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။
အဲဒီလူက ချန်းရော့ယွီ အနီးကို ရောက်လာတဲ့အခါ သူမရဲ့ ခြေလှမ်းတွေ တုန့်ခနဲ ဖြစ်သွားပြီး မျက်နှာမှာ အံ့အားသင့်သွားတဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။ သူမကလည်း ချန်းရော့ယွီကို သတိထားမိသွား၏။
အဲဒီလူကတော့ ချီယောင်ပင်။
မှန်နံရံကြီးရဲ့ တစ်ဖက်တစ်ချက်မှာ အမျိုးသမီးနှစ်ယောက်ဟာ ခဏလောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ချန်းရော့ယွီ မျက်တောင်ခတ်လိုက်ပြီး စိတ်ထဲမှာ နည်းနည်းတော့ အီသွားတယ်။ လွန်ခဲ့တဲ့ အတောအတွင်းမှာ ဒီအမျိုးသမီးက မူးနေတယ်လို့ အကြောင်းပြပြီး မုန့်ကုဆီ ဖုန်းဆက်ပြီးတော့ အသဲအသန် ငိုယိုပြီး သနားအောင် လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ မုန့်ကုကတော့ သူမကို လုံးဝ လျစ်လျူရှုခဲ့တယ်။ နောက်ပိုင်းမှာလည်း သူမက အတန်းဖော်တွေ ပြန်ဆုံတဲ့ပွဲကို စီစဉ်ပြီး တခြားလူတွေကတစ်ဆင့် မုန့်ကုကို ဖိတ်ခိုင်းခဲ့သေးတယ်။ မုန့်ကုက သူမကို မြင်လိုက်တဲ့အချိန်မှာပဲ ချက်ချင်း လှည့်ထွက်သွားတယ်။ အဲဒီကိစ္စတွေကြောင့် ချန်းရော့ယွီ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။
ချန်းရော့ယွီ နားမလည်နိုင်တာတစ်ခုက... အဲဒီတုန်းက မုန့်ကုကို ပစ်ပယ်သွားခဲ့တာ ချီယောင် ကိုယ်တိုင် ဖြစ်ပြီးတော့၊ အခုကျမှ ဘာလို့ သူ့အပေါ် ဒီလောက်အထိ အစွဲအလမ်းကြီးနေရတာလဲ? ဆိုတဲ့ အချက်ပဲ။ ပြီးတော့ ချီယောင်က အရမ်းမာနကြီးတဲ့သူလို့လည်း ပြောကြတယ် မဟုတ်လား? တကယ်ပဲ မာနကြီးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် ဘာလို့ ဒီလိုကိစ္စမျိုးတွေလုပ်ပြီး ကိုယ့်ကိုယ်ကို အောက်ကျနောက်ကျ အဖြစ်ခံနေရတာလဲ? ဒီကိစ္စနဲ့ပတ်သက်ပြီး မုန့်ကုက သူမကို ရှင်းပြဖူးပါတယ်။
"သူ(မ)က မာနကြီးလွန်းလို့ အငြင်းခံလိုက်ရတယ်ဆိုတဲ့ အချက်ကို သူ(မ)ကိုယ်သူ(မ) လက်မခံနိုင်ဖြစ်နေတာ"
တခြားလူကို သူ(မ)ကပဲ စွန့်ပစ်တာကို ခွင့်ပြုပေမဲ့၊ တခြားလူက သူ(မ)ကို ငြင်းပယ်တာကိုတော့ လက်မခံနိုင်ဘူးလား? ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့ မာနမျိုးကတော့ တကယ်ပဲ ရွံစရာကောင်းတယ်။
ချီယောင်ဟာ မုန့်ကုကို ချစ်နေသေးတယ်လို့ ချန်းရော့ယွီ ယုံကြည်ပေမဲ့၊ သူမရဲ့ အချစ်ကတော့ အရမ်းကို ပုံပျက်ပန်းပျက် ဖြစ်နေတာကြောင့် ချန်းရော့ယွီရဲ့ နားလည်နိုင်စွမ်း အတိုင်းအတာထက် ကျော်လွန်နေသည်။ ဒါကြောင့် ချန်းရော့ယွီသည် သူမကို မမြင်ချင်ယောင်ဆောင်ပြီး ခေါင်းကို တခြားဘက်သို့ လှည့်လိုက်၏
သူမက ဖုန်းကိုပဲ အာရုံစိုက်ပြီး ကစားနေလိုက်ရင်း မနက်ဖြန် မုန့်ကု ပြန်လာမယ့် လေယာဉ်အချိန်ကို မေးဖို့ စာရိုက်ဖို့ ပြင်နေသည်။ သူမက လေဆိပ်ကို သွားကြိုဖို့ စီစဉ်ထားပေမဲ့ မက်ဆေ့ခ်ျကို ရိုက်လို့တောင် မပြီးသေးခင်မှာပဲ... ရုတ်တရက် တစ်စုံတစ်ယောက်က သူမရဲ့ စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ချန်းရော့ယွီ မော့ကြည့်လိုက်တဲ့အခါ ချီယောင် ဖြစ်နေတာကို တွေ့လိုက်ရ၏။
သူမ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ဖြစ်သွားတယ်။ ဒီအမျိုးသမီးက ဘာသဘောနဲ့ အနားကို ရောက်လာတာလဲ?
"ငါ နင့်ကို စကားပြောချင်တယ်"
ချီယောင်က ပြောလာသည်။ သူမရဲ့ လေသံက တကယ့်ကို ရိုင်းစိုင်းလွန်းနေတယ်။
ချန်းရော့ယွီက သူမရဲ့ ဖုန်းကို ချလိုက်ပြီး ချီယောင်ကို စိုက်ကြည့်နေလိုက်သည်။ ချီယောင်ကလည်း အမိန့်ပေးတဲ့ လေသံမျိုးနဲ့ "စကားပြောရအောင်" လို့ ထပ်ပြောလိုက်သည်။ သူမရဲ့ ပုံစံက တကယ့်ကို တစ်ဖက်လူကို ဖိနှိပ်လိုတဲ့ အရှိန်အဝါမျိုးပင်။
ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုကတော့ ချန်းရော့ယွီက သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်ရဲ့ လက်အောက်မှာ အချိန်အတော်ကြာ လေ့ကျင့်မှု ခံထားရသူ ဖြစ်တာကြောင့် ဒီလို ဖိနှိပ်တဲ့ အရှိန်အဝါမျိုးတွေကို ကောင်းကောင်းကြီး အသားကျနေပြီပဲ ဖြစ်တယ်။ သူမက နှုတ်ခမ်းကို စေ့လိုက်ပြီး -
"ဒီမှာ အမျိုးသမီး... တကယ်လို့ ရှင်က ယဉ်ကျေးတတ်တဲ့သူဆိုရင် 'စကားခဏလောက် ပြောလို့ရမလား' လို့ အရင်မေးသင့်တယ်။ ကျွန်မက သဘောတူမှ ရှင်က ထိုင်သင့်တာပေါ့။ တကယ်လို့ ကျွန်မက စကားမပြောချင်ဘူးလို့ ငြင်းလိုက်ရင်လည်း ရှင်က 'နှောင့်ယှက်မိတာ တောင်းပန်ပါတယ်' လို့ ပြောပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ ထွက်သွားသင့်တာလေ"
သူမ တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်လိုက်သည်။
အဲဒီစကားကို ကြားလိုက်ရတော့ ချီယောင်ရဲ့ မျက်နှာဟာ ဒေါသကြောင့် မည်းမှောင်သွားပြီး ကြည့်ရဆိုးသွားတော့သည်။ သူမက အံကြိတ်ပြီး ပြောလိုက်သည်။
"ငါက ထိုင်တောင် ထိုင်နေပြီပဲ"
သူမရဲ့ ပုံစံက "ငါထိုင်လိုက်ပြီ... နင် ဘာလုပ်နိုင်မှာလဲ" ဆိုတဲ့ လူမိုက်ဆန်ဆန် ပုံစံမျိုးပင်။
လူမိုက်လုပ်ချင်တာလား? ချန်းရော့ယွီ စိတ်ထဲကနေ ခနဲ့လိုက်သည်။ ကံဆိုးတာက ချီယောင် လူမှားသွားတာပဲ။ ချန်းရော့ယွီမှာ လူမိုက်တွေကို ကိုင်တွယ်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ ပြီးတော့ သူမက အဲဒီလို အပြုအမူမျိုးကို သူမရဲ့ မိသားစုဝင် မစ္စတာတိုင်ရန်နိုဆောရပ်စ် တစ်ယောက်ဆီကပဲ လက်ခံနိုင်တာ။
"ရှင် ထိုင်နေတော့ ဘာဖြစ်လဲ? ရှင့်ခြေထောက်တွေက ကျိုးနေတာမှ မဟုတ်တာ၊ ပြန်ထပြီး လမ်းလျှောက်သွားလို့ ရတာပဲ။ ဘယ်သူမှ ရှင့်ကို တားမထားဘူး"
ချန်းရော့ယွီကလည်း "ရှင့်ကို ဘယ်သူမှ ဂရုမစိုက်ဘူး" ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်တုံ့ပြန်လိုက်သည်။
"နင်က ဘာလို့ ဒီလောက်တောင် မာနကြီးနေရတာလဲ?"
ချီယောင် သူမရဲ့ စိတ်ကို မထိန်းနိုင်တော့ပေ။ သူမက ဒီကိုလာပြီး သူမရဲ့ မကျေနပ်ချက်တွေကို ပေါက်ကွဲပစ်ဖို့ ကြံရွယ်ခဲ့တာဖြစ်၏။ ဒါပေမဲ့ အခုတော့ ထိပ်တိုက်တွေ့တာနဲ့ ကျောက်ဆောင်ကို သွားတိုက်မိသလို ဖြစ်နေသည်။
"ဒါကို 'မာနကြီးတာ' လို့ မခေါ်ဘူး၊ 'ယဉ်ကျေးမှုမရှိတာ' လို့ ခေါ်တာ"
ချန်းရော့ယွီက ခါးကို မတ်လိုက်ပြီး -
"ကျွန်မ ရှင့်အပေါ် ဘာလို့ ယဉ်ကျေးမှု မရှိရသလဲဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိတယ်။ ပထမအချက်က ရှင်က မဖိတ်ဘဲ ရောက်လာတာ၊ ပြီးတော့ ရှင့်မှာ ယဉ်ကျေးမှု မရှိဘူး။ ဒုတိယအချက်က ရှင့်ရဲ့ စရိုက်က ရွံစရာကောင်းတယ်၊ ရှင့်ကို မြင်ရတာက ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ တတိယအချက်က ရှင့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်၊ ဒါကြောင့် ကျွန်မ ရှင့်နဲ့ ဆွေးနွေးစရာ ဘာမှမရှိဘူး။ အဲဒီတော့ ရှင် စဉ်းစားကြည့်ပါဦး... ကျွန်မက ဘာလို့ ရှင့်ကို ယဉ်ကျေးပြရမှာလဲ? ဒါ့အပြင် ကျွန်မ ရှင့်ကို ပြန်မေးရဦးမယ်... ရှင်ကိုယ်တိုင်ကရော ဘာလို့ ဒီလောက်တောင် မာနကြီးနေရတာလဲ?"
ချီယောင်ရဲ့ မျက်နှာသည် ဖြူလျော့သွားရာကနေ စိမ်းဖန့်ဖန့် အရောင် ပြောင်းသွားတော့သည်။ သူမက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"နင့်ကို ကြည့်ရတာ သူများတွေ ပြောသလို မဟုတ်ဘဲ စကားပြော အတော်လေး တတ်တာပဲ။ ငါ မထင်ထားခဲ့ဘူး"
"ဒါက ကျွန်မတို့ အိမ်က မုန့်ကုက ကျွန်မကို ကောင်းကောင်း သင်ပေးထားလို့ပါ"
ချန်းရော့ယွီက သူမကို ပိုဒေါသထွက်အောင် တမင်တကာ ပြောလိုက်သည်။
"ဒါ့အပြင် ရှင်လည်း အရွယ်ရောက်နေပြီ၊ ကလေးမဟုတ်တော့ဘူး။ သူများပြောတာကိုပဲ အမြဲ လိုက်နားမယောင်နဲ့လေ။ ရှင့်မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ မျက်စိနဲ့ ဦးနှောက် မရှိဘူးလား? ဒါမှမဟုတ် တစ်ခုခုဆိုရင် သူများအပေါ် ပုံချပြီး ငါနဲ့မဆိုင်ဘူးလို့ ပြောတတ်တဲ့ အကျင့်ရှိနေတာလား? မုန့်ကုအကြောင်း လိုက်စုံစမ်းတုန်းကလည်း ဒီလိုပဲ၊ မုန့်ကုကို တွေ့ချင်တုန်းကလည်း ဒီလိုပဲ။ အခု ကျွန်မကို ပြဿနာလာရှာတော့လည်း ဒီပုံစံပဲလား။ တကယ်လို့ သူတို့က ရှင့်ကို သေခိုင်းရင်ရော ရှင် သေမှာလား? ပြီးတော့ ရှင်ပြောတဲ့ 'သူတို့' ဆိုတာ ဘယ်သူတွေလဲ? ကျွန်မအကြောင်း ဘာတွေပြောကြလို့လဲ? ကျွန်မက တခြားလူတွေမျက်စိထဲမှာ ငတုံးငအလို့ အထင်ခံရတယ်ဆိုတာကို အရိပ်အမြွက် ပြောချင်တာဆိုရင်တော့ ရပ်လိုက်တော့နော်။ကျွန်မကို တိုက်ရိုက်ပဲ ပြောလိုက်။ ကျွန်မက တကယ်ပဲ အူကြောင်ကြောင်နိုင်တယ်။ ကျွန်မကို နှိမ့်ချချင်ရင်လည်း လှည့်ပတ်မပြောနဲ့၊ ကျွန်မ နားလည်မှာ မဟုတ်ဘူး။ ကျွန်မ နားမလည်ရင် ရှင့်မှာ အနိုင်ရသွားတဲ့ ခံစားချက် ရမှာမဟုတ်ဘူး၊ အဲဒီလို ခံစားချက် မရရင် ရှင်ပဲ ဒေါသထွက်ရလိမ့်မယ်။ အဲဒီတော့ ဘာလို့ အပင်ပန်းခံပြီး လုပ်နေမှာလဲ?"
ချန်းရော့ယွီ စကားဆုံးတော့ သူမကိုယ်တိုင်လည်း တော်တော်လေး ဒေါသထွက်နေမိကာ စိတ်မထိန်းနိုင်ဘဲ ထပ်ပြောလိုက်သည်။
"ကျွန်မ စကားတွေ အများကြီး ပြောမိသွားတဲ့ပုံပဲ။ ပုံမှန်ဆိုရင် ကျွန်မက တကယ်ပဲ အူကြောင်ကြောင်နိုင်ပေမဲ့၊ ဒီနေ့တော့ ကျွန်မရဲ့ ဖော်ပြနိုင်စွမ်းက အဆင့်အတန်း တော်တော်မြင့်နေတယ်။ ဒေါသထွက်တာက လူတစ်ယောက်ရဲ့ အစွမ်းအစတွေကို နှိုးဆွပေးနိုင်ပုံရတယ်"
သူမ စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး မုန့်ကုဆီကို မနက်ဖြန် လေယာဉ်ဆိုက်မယ့်အချိန် မေးဖို့ စာပို့လိုက်သည်။ အခုချိန်မှာတော့ သူမကို နှစ်သိမ့်ပေးဖို့ သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ် ပြန်လာမယ့် သတင်းကောင်းကို တကယ်ပဲ လိုအပ်နေပြီ။
ချီယောင်သည် ချန်းရော့ယွီရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပေမဲ့ ဘာစကားမှ ပြန်မပြောနိုင် ဖြစ်နေသည်။ ချန်းရော့ယွီကတော့ သူမကို တည့်တည့်တောင် မကြည့်ချင်တော့ဘဲ စာပို့ပြီးတာနဲ့ ထွက်သွားဖို့ ပြင်လိုက်၏။ ဒီလိုမိန်းမမျိုးနဲ့ အပိုစကားတွေ ပြောနေရတာကိုက ပျင်းဖို့ကောင်းလွန်းတယ်။
စာပို့ပြီးပြီးချင်းမှာပဲ မုန့်ကုဆီက စာပြန်ဝင်လာသည်။ တစ်ချိန်တည်းမှာပဲ ချီယောင်ကလည်း စကားစပြောလာ၏။
မုန့်ကုဆီက မက်ဆေ့ခ်ျကတော့-
~မပြောပြနိုင်ဘူး~
တကယ့်ကို အမြင်ကတ်စရာပဲ! သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်ဟာ ပိုပိုပြီးတော့ ဆိုးလာပြီလို့ ချန်းရော့ယွီ ခံစားလိုက်ရတယ်။
အဲဒီအချိန်မှာပဲ ချီယောင်က ပြောလာသည်။
"ငါ မုန့်ကုကို ချစ်တယ်"
ဒါက ပိုလို့တောင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသေးတယ်။
ချီယောင်က တစ်ဖက်သတ် အရှက်မရှိတဲ့ ဂြိုဟ်ကနေ ကမ္ဘာမြေကို တိုက်ခိုက်ဖို့ ရောက်လာတဲ့သူ ဖြစ်ရမယ်လို့ ချန်းရော့ယွီ တွေးမိတယ်။ သူမရဲ့ တာဝန်က ကမ္ဘာသူ ကမ္ဘာသားတွေကို အရှက်မရှိတဲ့ အတတ်ပညာတွေ လာသင်ပေးနေတာလား မသိဘူး။
ချန်းရော့ယွီသည် သူမကို အေးအေးဆေးဆေးပဲ စာတစ်ကြောင်း ပြန်ပစ်ကျွေးလိုက်သည်။
"မုန့်ကုက ကျွန်မကို ချစ်တယ်လေ"
ပြီးတာနဲ့ သူမရဲ့ ဖုန်းကို အိတ်ထဲထည့်၊ ဘေးနားက ဈေးဝယ်အိတ်တွေကို ဆွဲပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
နောက်ဆုံးမှာတော့ ချီယောင်ဟာ အားမရသေးဘဲ ချန်းရော့ယွီကို ရွံစရာကောင်းလောက်အောင် ထပ်ပြောလာသည်။
"သူ နင့်ကို ချစ်တော့ရော ဘာဖြစ်လဲ? ငါက သူ့နှလုံးသားထဲမှာ တစ်သက်လုံး ရှိနေမှာပဲ"
ရုတ်တရက် ချန်းရော့ယွီရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး ခေါင်းမော့ကာ ချီယောင်ကို စိုက်ကြည့်လိုက်သည်။
ချီယောင်သည် မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး လက်နှစ်ဖက်ကိုလည်း တင်းတင်းဆုပ်ထား၏။ သူမရဲ့ စကားလုံးတွေကို တစ်လုံးချင်း ညှစ်ထုတ်ပြီး ပြောလာသည်။
"အဲဒီတုန်းက ငါတို့နှစ်ယောက်ကြားမှာ ရှိခဲ့တဲ့ ခံစားချက်တွေကို နင် ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ငါတို့ ဘယ်လောက်တောင် ချစ်ခဲ့ကြလဲဆိုတာလည်း နင် သိမှာမဟုတ်ဘူး။ သူက ငါ့ကို ချစ်ခဲ့သလိုမျိုး တခြား ဘယ်မိန်းမကိုမှ ထပ်ပြီး အဲဒီလောက် မချစ်နိုင်တော့သလို၊ ငါကလည်း သူ့ကို ချစ်သလိုမျိုး တခြား ဘယ်ယောကျ်ားကိုမှ ထပ်မချစ်နိုင်တော့ဘူး"
ချန်းရော့ယွီ သူမကို အသေအချာ အကဲခတ်ပြီး ငေးကြည့်နေမိသည်။အဲ့ဒီနောက် သူမ လက်ထဲက ဈေးဝယ်အိတ်တွေကို ချလိုက်ပြီး ခါးကို မတ်မတ်ထိုင်ကာ ပြောလိုက်၏။
"မစ္စချီ... ရှင့်ရဲ့ အခု စိတ်အခြေအနေနဲ့ ရှင် တကယ်ပဲ ဆရာဝန်တစ်ယောက် လုပ်နိုင်ပါ့ဦးမလား? လူနာကို ရောဂါရှာတဲ့နေရာမှာ အမှားမှားအယွင်းယွင်းတွေ လုပ်မိရင် ဘယ်လိုလုပ်မလဲ? ရှင့်တို့ ဆေးဘက်ဆိုင်ရာမှာ စိတ်ကျန်းမာရေး မကောင်းတဲ့သူကို ဆရာဝန်အဖြစ် ခွင့်မပြုဘူးဆိုတဲ့ စည်းမျဉ်းတွေ မရှိဘူးလား? ရှင်ရော နှစ်တိုင်း စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ရဲ့လား?"
"နင် ဘာတွေပဲ ပြောပြော... ငါနဲ့ မုန့်ကုကြားမှာ ရှိခဲ့တဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေကိုတော့ နင် ဘယ်တော့မှ ငြင်းလို့မရဘူး။ သူ ငါ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ငါတို့ အတူတူ မရှိနိုင်ရင်တောင် သူ့နှလုံးသားရဲ့ တစ်နေရာမှာ ငါ့အတွက် နေရာတစ်ခု အမြဲ ရှိနေမှာပဲ"
ချန်းရော့ယွီသည် စားပွဲပေါ်က ရေခွက်ကို ယူပြီး သူမ(ချီယောင်)မျက်နှာကို ပက်ပစ်ချင်တဲ့ စိတ်ရိုင်းကို အတင်းထိန်းထားရ၏။ သူမ အံကြိတ်ထားလိုက်သည်။ အခုမှပဲ ချီယောင် ဒီကို လာရတဲ့ တကယ့်ရည်ရွယ်ချက်ကို သူမ သဘောပေါက်သွားတော့တယ်။ သူမ(ချီယောင်)က မုန့်ကုကို လာလုတာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ မလုပ်နိုင်မှန်း သိနေလို့ပဲ။ ချီယောင် လာရတဲ့ ရည်ရွယ်ချက်က ချန်းရော့ယွီကို နာကျင်အောင်လုပ်ဖို့၊ ဒေါသထွက်အောင်လုပ်ဖို့နဲ့ သူမရဲ့ ဒေါသတွေကို မုန့်ကုအပေါ် ပုံချမိစေဖို့ပဲ။ သူမ ကိုယ်တိုင် မုန့်ကုနဲ့ အတူမရှိနိုင်ရင်တောင်၊ သူ့ရဲ့ လက်ရှိရည်းစားကိုလည်း အေးအေးဆေးဆေး မနေစေချင်တဲ့ သဘောပင်။
ပထမဆုံးအကြိမ်အဖြစ် ချန်းရော့ယွီသည် 'ဒေါသထွက်လွန်းလို့ ရယ်မိတယ်' ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်သွား၏။ သူမ အရမ်းဒေါသထွက်နေလို့ အဆုတ်တွေတောင် ပေါက်ထွက်တော့မတတ် ခံစားနေရပေမဲ့ သူမကတော့ ပြုံးလျက်ပဲ ပြောလိုက်သည်။
"မစ္စ ချီ... ရှင် သိလား? ကျွန်မ ငယ်ငယ်တုန်းက ဆီးသီးခြောက် အရမ်းစားချင်ခဲ့တာ။ ဒါပေမဲ့ တစ်ခါတော့ ဆီးသီးထဲက ပိုးကောင်ကို ကိုက်မိရော။ အဲဒီမှာတင် ကျွန်မ အရမ်းရွံသွားပြီး ဗိုက်ထဲကရှိသမျှ အကုန်အန်ထုတ်လိုက်ရတယ်။ အဲဒီနောက်ပိုင်း ကျွန်မ ဆီးသီးခြောက်ကို လုံးဝ မစားတော့ဘူး။ ဘာလို့လဲဆိုတော့ စိတ်ဒဏ်ရာရသွားလို့ပဲ။ အဲဒီပိုးကောင်ကို ကိုက်မိတုန်းက ရွံစရာကောင်းတဲ့ ခံစားချက်ကို ကျွန်မ အမြဲမှတ်မိနေတယ်။ မစ္စ ချီ... မုန့်ကုလည်း ဒီလိုပဲ ဖြစ်နေမှာ သေချတယ်။ သူ့မှာ အတိတ်မေ့ရောဂါ မရှိတာမလို့ ရှင့်ကို သူ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အဲဒီတော့ သူ့နှလုံးသားထဲမှာ ရှင့်ကို မှတ်မိနေတာက ဘာဆန်းလို့လဲ? ရှင် အခုချိန်မှာ အရမ်းအထီးကျန်နေလို့ ဒီလိုကိစ္စလေးနဲ့ပဲ ကိုယ့်ကိုယ်ကို အရမ်းကျေနပ်နေတာလား? ရှင်က မုန့်ကုရဲ့ နှလုံးသားကို ဓားနဲ့ထိုးခဲ့တာလေ။ ရှင့်ကြောင့် ရခဲ့တဲ့ နာကျင်မှုတွေအတွက် ယောကျ်ားတစ်ယောက်က ရှင့်ကို မှတ်မိနေတာကို ရှင်က ဂုဏ်ယူနေသင့်တယ်လို့ ထင်နေတာလား? ရှင် မှားသွားပြီ။ 'ဒဏ်ရာပျောက်ရင် အမာရွတ်ကို မေ့သွားတယ်' ဆိုတဲ့ စကားကို ကြားဖူးလား? အခု ကျွန်မက မုန့်ကုရဲ့ နှလုံးသားကို ကုပေးနေတာ"
ချန်းရော့ယွီ မတ်တတ်ရပ်လိုက်ပြီး သူမရဲ့ ဈေးဝယ်အိတ်တွေကို ကောက်ကိုင်လိုက်သည်။
"မစ္စ ချီ... ရှင်လည်း မငယ်တော့ဘူးနော်။ ရုပ်ရှင်တစ်ကားထဲက စကားတစ်ခွန်းကို ကျွန်မ သတိရမိတယ်။ အဲဒါက... 'မိန်းမတစ်ယောက် အသက်ကြီးသွားပြီဆိုရင် လက်ထပ်နိုင်ဖို့ အခွင့်အလမ်းက အကြမ်းဖက်သမားဆီကနေ အသတ်ခံရဖို့ အခွင့်အလမ်းထက်တောင် အများကြီး ပိုနည်းသွားပြီ' တဲ့။ ကျွန်မတို့အိမ်က မုန့်ကုနဲ့ ရှင့်ကြားက ပတ်သက်မှုက ပြီးဆုံးသွားပြီ။ ဒါကြောင့် ရှင့်ဘဝအတွက်ပဲ ရှင် အကောင်းဆုံး ကြိုးစားပါတော့"
သူမသည် ဈေးဝယ်အိတ်တွေကို ဆွဲ၊ ကျသင့်ငွေ ဘေလ်ကို ကိုင်ပြီး ပိုက်ဆံပေးဖို့ ကောင်တာဆီ လျှောက်သွားဖို့ ပြင်လိုက်သည်။ အဲဒီအချိန်မှာပဲ ချီယောင်က သူမကို စိုက်ကြည့်ရင်း ရုတ်တရက် အော်ပြောလိုက်သည်။
"မုန့်ကုရဲ့ ပထမဆုံးအကြိမ်က ငါ့အတွက်ပဲ။ ငါတို့ နှစ်ယောက်လုံးရဲ့ ပထမဆုံးအကြိမ်တွေကို တစ်ယောက်ကိုတစ်ယောက် ပေးခဲ့ကြတာ!"
ချန်းရော့ယွီက လှည့်တောင်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"နောင်အနာဂတ်ရဲ့ အကြိမ်တိုင်းကတော့ ကျွန်မအတွက်ပဲ ဖြစ်လိမ့်မယ်"
သူမ ဒေါသတကြီးနဲ့ ကောင်တာမှာ ပိုက်ဆံပေးပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ ရုတ်တရက် ချန်းရော့ယွီ လှည့်ပြန်လာပြီး ချီယောင်ရဲ့ ရှေ့ကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာကာ ပြောလိုက်သည်။
"မစ္စ ချီ... အရင်တုန်းက ရှင် မုန့်ကုကို နာကျင်အောင် လုပ်ခဲ့တာဟာ ရှင့်ရဲ့ မိသားစု အခြေအနေ မကောင်းလို့၊ လူတိုင်းက ရှင့်ကို အထင်သေးကြလို့ဆိုပြီး ရှင် ခံစားခဲ့ရလို့ပဲ။ ရှင်နဲ့ မုန့်ကု တွဲနေတာကို သူများတွေက တစ်ခုခု မကင်းတာမျိုးလို့ ထင်မှာကို ရှင် မလိုချင်ဘူး။ ဒါပေမဲ့ ရှင် နားလည်ထားရမှာက... မိသားစု အခြေအနေ မကောင်းတာနဲ့ ဆင်းရဲတာက လူတွေ ရှင့်ကို အထင်သေးဖို့ အကြောင်းပြချက် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူတွေကပဲ တခြားလူတွေ အထင်သေးတာကို ခွင့်ပြုကြတာ။ မစ္စ ချီ... ရှင့်ကို တခြားလူတွေ အထင်သေးတာအတွက် သူများကို အပြစ်မတင်နဲ့၊ ရှင့်ကို မုန့်ကုက ပြန်လှည့်မကြည့်တာကိုလည်း မနာလိုမဖြစ်နဲ့။ ကျွန်မ ပြောပြမယ်... အဲဒါတွေအားလုံးမှာ အကြောင်းပြချက် ရှိတယ်။ ရှင် အိမ်ပြန်ပြီးတော့ မှန်ထဲမှာ ရှင့်ကိုယ်ရှင် သေချာပြန်ကြည့်လိုက်ဦး။ ရှင်က တကယ့်ကို တန်ဖိုးမရှိတဲ့သူ ဖြစ်နေလို့ပဲ!"
ဒီစကားတွေကို တစ်ခါတည်းနဲ့ အားရပါးရ ပြောဆိုပြီးတဲ့နောက်မှာတော့ ချီယောင်သည် လက်သီးကို တင်းတင်းဆုပ်ထားပြီး မျက်နှာတစ်ခုလုံး နီမြန်းနေတာ သူမ တွေ့လိုက်ရသည်။ ချီယောင်ရဲ့ မျက်နှာပေါ်က အမူအရာနဲ့ မျက်ဝန်းထဲက အရိပ်အယောင်တွေကို ချန်းရော့ယွီ ဖော်ပြဖို့တောင် ခက်ခဲ၏။ ဒါက ဒေါသလား? အရှက်ရတာလား? ဒါမှမဟုတ် ဝမ်းနည်းကြေကွဲတာလား?
ချီယောင် နောင်တရနေမလား? သူမ(ချန်းရော့ယွီ)ကို လာပြီး ပြဿနာရှာမိတာက တကယ့်ကို မိုက်မဲတဲ့ လုပ်ရပ်ဆိုတာကိုရော သိသွားပြီလား? ပုံမှန်လူတစ်ယောက်ဆိုရင် ဒီလို နိမ့်ကျပြီး ဦးနှောက်မရှိတဲ့ လုပ်ရပ်မျိုးက မကောင်းဘူးဆိုတာ သိသင့်တာပေါ့။ သူမ(ချီယောင်)က ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ စိတ်အလိုလိုက်ပြီး လုပ်မိသွားတာများလား?
ချန်းရော့ယွီသည် ချီယောင်ရဲ့ လှပတဲ့ မျက်နှာလေးကို တစ်ချက် ထပ်ကြည့်လိုက်၏ ။
[ကိုယ့်ကံကိုယ်ဖန်တီးတာပဲ! ရှင်နဲ့ ထိုက်တန်ပါတယ်!] လို့ စိတ်ထဲက ဆိုလိုက်မိသည်။ သူမ အဲဒီမိန်းမအပေါ် နည်းနည်းလေးတောင် သနားစိတ် မရှိဘူး။
ဒေါသတွေ အပြည့်နဲ့ ချန်းရော့ယွီသည် အပြင်ထွက်ပြီး အိမ်ပြန်ဖို့ တက္ကစီတစ်စီး ငှားလိုက်၏။ လမ်းတစ်လျှောက်လုံး သူမ စဉ်းစားလေလေ၊ ပိုပြီး ဒေါသထွက်လေလေဖြစ်သည်။ ဒီကမ္ဘာပေါ်မှာ ဘာလို့ ဒီလိုမျိုး မိန်းမတွေ ရှိနေရတာလဲ? ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင် ဖျက်ဆီးရုံတင်မကဘဲ သူများရဲ့ ပျော်ရွှင်မှုကိုပါ လိုက်ပြီး ဖျက်ဆီးချင်နေကြတာ။
ချန်းရော့ယွီ တွေးနေမိတာက... တကယ်လို့ အဲဒီတုန်းက သူမရဲ့ မုန့်ကုနောက်ကို လိုက်ခဲ့တဲ့ ကြိုးစားမှုက ချက်ချင်း အောင်မြင်သွားခဲ့ရင်၊ အခုလိုမျိူး ချီယောင်ရဲ့ ရန်စမှုကို ခံရတဲ့အခါ သူမ တကယ်ပဲ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ မုန့်ကုနဲ့ ရန်ဖြစ်မိမှာလား? ဒါမှမဟုတ် သူမက သိပ်ပြီး အသုံးမကျတဲ့သူမလို့ ရန်မဖြစ်ဘဲ ဝမ်းနည်းနေမှာလား? အဲဒီအခါကျရင် မုန့်ကုကလည်း စိတ်မချမ်းသာဘဲ စိတ်မရှည်ဖြစ်လာပြီး နောက်ဆုံးမှာတော့ ရန်ဖြစ်ကြဦးမှာပဲ။ အဲဒီကနေတစ်ဆင့် သူတို့က မပျော်ရွှင်ရတဲ့ စုံတွဲတစ်တွဲ ဖြစ်သွားနိုင်မလား?
ကံကောင်းတာက မုန့်ကုဟာ အစပိုင်းမှာ သူမကို ငြင်းခဲ့တယ်။ သူ ငြင်းခဲ့လို့သာ သူမက သူနဲ့ တဖြည်းဖြည်းချင်း အသားကျအောင် နေထိုင်ခွင့် ရခဲ့တာ။ ဒါက သူမကို အများကြီး စဉ်းစားဖို့ အခွင့်အရေး ပေးခဲ့သလို၊ သူမရဲ့ စိတ်ဓာတ်နဲ့ ဝိညာဉ်ကိုလည်း ပိုပြီး ကြံ့ခိုင်အောင် ပုံဖော်ပေးခဲ့တယ်။ သူ့ကို တကယ် နားလည်ပြီး ချစ်သွားဖို့အတွက်လည်း အချိန်ရခဲ့တာဖြစ်၏။
ဒါကြောင့် အခုချိန်မှာ သူမက သန်မာတယ်၊ ကျိုးကြောင်းဆီလျော်တယ်၊ သည်းခံနိုင်စွမ်း ရှိတယ်။ သူမ ချီယောင်အပေါ် အရမ်းကို ဒေါသထွက်နေမိသလို၊ တစ်ချိန်တည်းမှာပဲ သူမရဲ့ နှလုံးသားက နာကျင်နေမိတယ်။ တစ်ခါတုန်းက ဒီလိုမိန်းမမျိုးကြောင့် နာကျင်ခဲ့ရတဲ့ သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်အတွက် သူမ ရင်ထဲမှာ မကောင်းဖြစ်နေမိတာပင်။
ချန်းရော့ယွီ နှာတစ်ချက် ရှုံ့လိုက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အဲဒါကတော့ သူမဘက်ကပဲ အရင်ဦးဆောင်ပြီး မုန့်ကုကို လက်ထပ်ခွင့်တောင်းဖို့ပဲ။ သူက လူကောင်းတစ်ယောက်၊ တခြားအရာတွေကို ဂရုမစိုက်ဘဲ သူ့ကို ချစ်ခြင်းမေတ္တာတွေပဲ ပေးပြီး ပျော်ရွှင်အောင် ထားနိုင်မယ့် မိန်းမတစ်ယောက်နဲ့ သူ ထိုက်တန်တယ်။ ပြီးတော့ သူမ... သူမ ကိုယ်တိုင်ပဲ အဲဒီ မိန်းကလေး ဖြစ်ချင်တယ်။
သူမ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ချက်ချင်းဆိုသလို သူ့ကို ဘယ်လို လက်ထပ်ခွင့်တောင်းရမလဲဆိုတာ စတင်စဉ်းစားတော့သည်။မနက်ဖြန် မုန့်ကု ပြန်လာတဲ့အချိန် အံ့အားသင့်သွားအောင် အစီအစဉ်ကို မနက်ဖြန်အတွက်ပဲ သတ်မှတ်လိုက်သည်။
လက်ထပ်ခွင့်တောင်းတဲ့နေရာမှာ များသောအားဖြင့် ဘာတွေသုံးကြလဲ? လက်စွပ်၊ ပန်းစည်း၊ မိုးပျံပူဖောင်းတွေ... နောက်ပြီး ဘာရှိသေးလဲ?
ပထမဆုံးကတော့ လက်စွပ်ပဲ။ ဒါက သူမအတွက် အတားအဆီးတစ်ခု ဖြစ်နေတယ်။ မုန့်ကုရဲ့ လက်ချောင်းက ဘယ်လောက်အထိ တုတ်လဲဆိုတာ သူမ မသိသလို၊ လက်စွပ်ဆိုဒ်ကို ဘယ်လိုတိုင်းတာရမလဲဆိုတာလည်း သူမ မသိဘူး။ နောက်ပြီး လက်စွပ်ဒီဇိုင်း ရွေးချယ်တဲ့နေရာမှာလည်း သူမက မုန့်ကုလောက် မျက်စိမစူးဘူး။ တကယ်လို့ သူမရွေးတဲ့ လက်စွပ်ပုံစံကို သူ မကြိုက်ဘူးဆိုရင် ကြည့်ရဆိုးလိမ့်မယ်။ လက်စွပ်ကို အသင့်ပြင်ဖို့ကတော့ သိပ်မလွယ်ဘူး ထင်တယ်။
သူမ ဒါကို သေသေချာချာ ပြန်စဉ်းစားလိုက်သည်။ နောက်ဆုံးတော့... သူ့လက်ချောင်းမှာ ဘောပင်နဲ့ လက်စွပ်ပုံလေး အရင်ဆွဲပေးလိုက်ဖို့ ဆုံးဖြတ်လိုက်၏။ လက်ထပ်ခွင့်တောင်းတာ အောင်မြင်သွားပြီဆိုမှ သူတို့နှစ်ယောက် လက်ချင်းချိတ်ပြီး လက်စွပ်အစစ်ကို အတူတူသွားဝယ်ကြမယ်။
နောက်ပြီး ပန်းတွေနဲ့ ပူဖောင်းတွေ။ သူမ မုန့်ကုဆီကို မနက်ဖြန် လေယာဉ်ဆိုက်မယ့်အချိန်ကို မေးဖို့ စာထပ်ပို့လိုက်ပြန်သည်။ အဲဒီလူကြီး မုန့်ကုကတော့ ထုံးစံအတိုင်းပဲ အဖြေပေးလာသည်။
~မပြောပြဘူး~
တကယ်ကို အမြင်ကတ်စရာကောင်းတယ်! ဒီလောက်အထိ အမြင်ကတ်စရာကောင်းတဲ့ ယောကျ်ားမျိုး ဘယ်မှာရှိဦးမှာလဲ? သူက အချိန်ကို မပြောပြရင် သူမက အိမ်ကို ဘယ်လိုမျိုး အလှဆင်ပြီး စပရိုက်စ် လုပ်ရမှာလဲ? သူမ ဒါကို စဉ်းစားပြီး ပစ္စည်းတွေကို အရင်ဝယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ပန်းတွေတင်မကဘဲ ပူဖောင်းတွေနဲ့ တခြား အလှဆင်ပစ္စည်းတွေပါ ရနိုင်တဲ့ ပန်းဆိုင်တစ်ဆိုင်ကို သူမ သိသည်။ ဒါကြောင့် သူမ တက္ကစီဆရာကို လမ်းကြောင်းပြောင်းခိုင်းပြီး အဲဒီဆိုင်ကို ချက်ချင်း မောင်းခိုင်းလိုက်တော့သည်။
Translator -JJ