အခန်း ၈၃
Vol. 8 Ch. 83 - final
Chapter 83-ဇာတ်သိမ်းပိုင်း (လက်ထပ်ခွင့်တောင်းခြင်း)
ပစ္စည်းတွေအစုံအလင်ဝယ်ပြီးတဲ့နောက်မှာတော့ ချန်းရော့ယွီသည် အိတ်ကြီးအိတ်ငယ်တွေ၊ ပန်းစည်းတွေနဲ့ ပူဖောင်းတွေကို အတော်လေး ပင်ပင်ပန်းပန်းသယ်ပိုးပြီး အိမ်ကိုပြန်လာသည်။ အိမ်ထဲရောက်တာနဲ့ လက်ထဲကအိတ်တွေကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး ပူဖောင်းတွေကိုတော့ တံခါးနောက်က လက်ကိုင်မှာ ခဏချည်ထားလိုက်သည်။ ပြီးတော့ ဝယ်လာတဲ့ပန်းတွေကို သေသေသပ်သပ်စီစဉ်ပြီး ဧည့်ခန်းက ကော်ဖီစားပွဲပေါ်မှာ အလှဆင် တင်ထားလိုက်၏။
သူမ ခေါင်းလေးစောင်းပြီး ကြည့်လိုက်တော့... အင်း... တကယ့်ကို မျက်စိပသာဒဖြစ်စရာပဲ။ မနက်ဖြန် မုန့်ကု အိမ်ပြန်ရောက်တာနဲ့ ဒါကို ချက်ချင်းမြင်ရတော့မှာ။ သူမ ပန်းစည်းထဲမှာ ကတ်ပြားလေးတစ်ချပ်ကိုထည့်ပြီး အလှဆုံးဖြစ်အောင် ပြင်ဆင်လိုက်သည်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ အိတ်ထဲကဘောပင်ကိုထုတ်ပြီး ကတ်ပြားပေါ်မှာ "ဒေါက်တာမုန့်... ကျွန်မတို့ လက်ထပ်ကြရအောင်!" လို့ ရေးလိုက်ပြီး ဘေးနားမှာ အသည်းပုံအကြီးကြီးနှစ်ခုကိုလည်း ချစ်စရာကောင်းအောင် ဆွဲလိုက်၏။
သူမ သေသေချာချာပြန်ကြည့်ပြီး ကျေနပ်သွားတဲ့အခါမှ ကတ်ပြားကို ပန်းစည်းထဲ ပြန်ထည့်လိုက်သည်။ မနက်ဖြန်ကျရင်တော့ မုန့်ကု တကယ့်ကို အံ့အားသင့်သွားတော့မှာပဲလို့ တွေးရင်း ပြုံးလိုက်သည်။
နောက်တစ်ဆင့်ကတော့ ပူဖောင်းတွေပင်။ သူမ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး မနက်ဖြန် မနက်စောစောထပြီးတော့ ပူဖောင်းတွေကို ဧည့်ခန်းထဲမှာ လွှတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
ဒါဆိုရင် မုန့်ကု တံခါးဖွင့်ဝင်လာတာနဲ့ ပူဖောင်းတွေကို အရင်မြင်ရလိမ့်မယ်။ အော်... ဟုတ်သားပဲ၊ ပူဖောင်းတစ်ခုချင်းစီရဲ့အောက်မှာ 'ဒေါက်တာမုန့်.. ကျွန်မတို့ လက်ထပ်ကြရအောင်!' ဆိုတဲ့ စာသားပါတဲ့ စာရွက်လေးတွေ ချည်ထားရမယ်။
ဒါပေမဲ့... ဒီလိုဆိုရင် ပူဖောင်းတွေက ပန်းစည်းထက် ပိုပြီး ပေါ်လွင်သွားလိမ့်မယ်။ မုန့်ကုက ပူဖောင်းတွေကိုကြည့်ပြီး အံ့သြသွားပြီးရင် ပန်းစည်းကိုမြင်တဲ့အခါကျရင် သိပ်ပြီး ထူးခြားမှာ မဟုတ်တော့ဘူးလို့ သူမ ပြန်တွေးမိသည်။ ချန်းရော့ယွီ နှုတ်ခမ်းကိုကိုက်ပြီး အလေးအနက် ပြန်စဉ်းစားတော့၏။
ကောင်းပြီ... ပန်းစည်းကို အရင်ပြပြီးမှ ပူဖောင်းတွေကိုပြတာ ပိုကောင်းမယ်။ ဒါကြောင့် ပူဖောင်းတွေကိုတော့ အိပ်ခန်းထဲမှာပဲ ဝှက်ထားရမယ်။ မုန့်ကု ပြန်လာရင် ဧည့်ခန်းထဲက ပန်းစည်းကို အရင်မြင်ပြီး ဒါပဲရှိတယ်လို့ ထင်သွားလိမ့်မယ်။ ဒါပေမဲ့ သူ အိပ်ခန်းထဲကို ဝင်လိုက်တာနဲ့ လက်ထပ်ခွင့်တောင်းထားတဲ့ ပူဖောင်းအုပ်ကြီးကိုတွေ့ပြီး တကယ်အံ့သြသွားမှာ သေချာတယ။
သူမ တွေးလေလေ ပိုပြီးပျော်လေလေပင်။သူမ ပူဖောင်းတွေကို အိပ်ခန်းထဲ သယ်သွားပြီး လက်ထပ်ခွင့်တောင်းတဲ့ စာတိုလေးတွေ စရေးတော့သည်။ ရေးပြီးတာနဲ့ ပူဖောင်းကြိုးတွေမှာ တစ်ခုချင်း လိုက်ချည်ရင်း သီချင်းလေးတညည်းညည်းနဲ့ ပျော်ရွှင်စွာ ပြင်ဆင်နေလေသည်။
🎵မင်းကို မချစ်လို့သာဆိုရင် ဒီလောက် ပျော်ရွှင်စရာကောင်းတဲ့ စိတ်အခြေအနေမျိုး ဘယ်ရှိပါ့မလဲ...🎵
🎵ပျော်ရွှင်စရာ နေ့ရက်တိုင်းမှာ ငါ မင်းကို သတိရနေတယ်၊ သတိရတယ်၊ တကယ်ကို အရမ်း သတိရနေတာပါ...🎵
ဪ... ဟုတ်သားပဲ၊ ခဏနေရင် သူမ အပြင်ထွက်ပြီး မစ္စတာတိုင်ရန်နိုဆောရပ်စ် ကြိုက်တတ်တဲ့ စားစရာတွေ သွားဝယ်ရဦးမယ်။ မနက်ဖြန်ကျရင် သူ့အတွက် စားပွဲအပြည့် ဟင်းတွေချက်ပေးမယ်၊ ပြီးရင် ထမင်းပန်းကန်ထဲမှာ 'ဒေါက်တာမုန့်... ကျွန်မတို့ လက်ထပ်ကြရအောင်' ဆိုတဲ့ စာတိုလေး ထည့်ထားပြီး သူ့ကို ထမင်းခတ်ခိုင်းလိုက်ရင် သူ ဒါကို မြင်သွားမှာပဲ။
ချန်းရော့ယွီ တစ်ယောက်တည်း ပြုံးမိနေတာကို မထိန်းနိုင်တော့ပေ။ အူကြောင်ကြောင် ဒေါက်တာမုန့်ကို ဒီလို လှည့်ကွက်လေးနဲ့ ဆွဲဆောင်နိုင်တာ သူမ တကယ့်ကို တော်လွန်းတယ်လို့ ခံစားနေရတယ်။ လက်စွပ် မဝယ်နိုင်သေးပေမဲ့ မနက်ဖြန်ကျရင် သူ တကယ်ပဲ စိတ်လှုပ်ရှားသွားမှာ သေချာတယ်!
ယောကျ်ားတွေကို "ရိုမန့်တစ်" ဆန်ခြင်းရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို မိန်းမတွေကပဲ လက်တွေ့ပြသရမှာပေါ့!
ချန်းရော့ယွီသည် လက်ထဲက စာရွက်တွေပေါ်မှာ စာရေးနေရင်း သီချင်းကို ဆက်ပြီး ညည်းနေသည်။
🎵အချစ်ဆိုတာ တောက်ပတဲ့ အရာတစ်ခု၊ ငါ့ကိုရော မင်းကိုရော လင်းထိန်စေတယ်...🎵
🎵တို့နှစ်ယောက်စလုံး ခိုင်မြဲနေမယ်ဆိုရင် ဒီချိုမြိန်မှုက တို့ အသက်ကြီးတဲ့အထိ အတူရှိနေမှာပေါ့...🎵
အာ... သူမ ပါးစပ်ကနေ အလိုလို ထွက်လာတဲ့ ဒီသီချင်းစာသားဗားရှင်းအသစ်က တော်တော်လေး နားထောင်လို့ကောင်းတာပဲ။ နောက်မှ သူမရဲ့ မှတ်စုစာအုပ်လေးထဲမှာ မမေ့တမ်း ချရေးထားရမယ်။
သီချင်းကို ဆက်ဆိုမယ်၊ ဆက်ဆိုမယ်!
🎵မင်းကို မချစ်လို့သာဆိုရင်...🎵
ဒီတစ်ခါတော့ သူမ သီချင်းစဆိုလိုက်ရုံရှိသေး... ဧည့်ခန်းထဲကနေ တစ်စုံတစ်ယောက်က သီချင်းလိုက်ဆိုနေသံကို ကြားလိုက်ရသည်။ အဲဒါက သူမ အခုဆိုနေတဲ့ သီချင်းပင်...
🎵ငါ မင်းကိုချစ်တာကြောင့် မဟုတ်ရင်...ဘာလို့ အောက်ထပ်မှာ စောင့်နေမှာလဲ?
အချိန်အကြာကြီး စောင့်နေခဲ့ရတာတောင် ငါ မင်းကို မမြင်ရသေးဘူး...ငါ မင်းကိုလွမ်းတယ်....သတိရတယ်....ငါ မင်းကို တွေ့ချင်မိတယ်
မင်းကိုချစ်တာကြောင့်သာ မဟုတ်ရင် ငါက ဘာလို့ အလုပ်ဆင်းတဲ့အချိန် လာကြိုရမှာလဲ?
လမ်းပေါ်မှာ ကားတွေအများကြီးရှိပြီး လူတွေရှုပ်နေတယ်။ငါ မင်းကိုလွမ်းတယ်....သတိရတယ်.....ငါ မင်းကို တွေ့ချင်မိတယ်
အချစ်ဆိုတာ လူတွေအတွက် နှိပ်စက်ခြင်းတစ်မျိုးပဲ....ကိန်းဂဏန်းတွေရဲ့ထူးဆန်းတဲ့ ပေါင်းစပ်မှုကြောင့် အမှားတစ်ခုပဲကွာ....ငါ စိတ်တိုရတယ်.....
ကားမောင်းနေတုန်း စိတ်မလောနဲ့.....မင်းရဲ့နှလုံးသားထဲမှာ ငါ့အကြောင်းကို စဉ်းစားနေလိုက်စမ်းပါ🎵
ချန်းရော့ယွီ မှင်သက်သွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ အဲဒါ မုန့်ကုရဲ့ အသံပဲ။ သူက သီချင်းကို စာသားပြောင်းပြီး ဆိုနေတာ.. "ငါ ချန်းရော့ယွီကို ရှာဖို့လာခဲ့တယ်..."
သူမရဲ့ ရင်ခုန်သံတွေက ဗုံတီးနေသလို အဆက်မပြတ် တုန်ခါနေပြီး အခန်းထဲကနေ ပြေးထွက်လာသည်။ ဒါပေမဲ့ ဧည့်ခန်းထဲမှာတော့ ဘယ်သူမှ မရှိပေ။ အဲဒီအစား သူမ ပြင်ထားတဲ့ ပန်းစည်းဘေးမှာ လှပတဲ့ လက်ဆောင်ဗူးလေး တစ်ဗူး ရှိနေသည်။ ဗူးထဲမှာတော့ တောက်တောက်ပပနဲ့ ဖုန်းအသစ်တစ်လုံးရှိနေပြီး အဲဒီဖုန်းဆီကို ဖုန်းတစ်ကော (Call) ဝင်နေ၏။
"ဒါက ဘယ်တုန်းက ရောက်နေတာလဲ? စောစောလေးကမှ ဒါကြီး မရှိသေးတာ သေချာပါတယ်!"
သူမ ဖုန်းကို ကောက်ကိုင်လိုက်တော့ ဖုန်းခေါ်ဆိုသူရဲ့ ဓာတ်ပုံနေရာမှာ မုန့်ကုရဲ့ ပုံကို တွေ့လိုက်ရသည်။ ဖုန်းမြည်သံကလည်း "ငါ ချန်းရော့ယွီကို ရှာဖို့လာခဲ့တယ်" ဆိုတဲ့ သီချင်းသံပင်။
"လူလိမ်ကြီး! သူ သီချင်းမဆိုတတ်ဘူးလို့ ပြောခဲ့ပြီးတော့!"
သူမရဲ့ မျက်ဝန်းအိမ်မှာ ပူနွေးတဲ့ မျက်ရည်စတွေ ဝဲတက်လာပြီး လက်တွေကလည်း တုန်ရင်နေသည်။ သူမ ဖုန်းလက်ခံတဲ့ ခလုတ်ကို နှိပ်လိုက်တဲ့အခါ မုန့်ကုရဲ့ အသံကို ကြားလိုက်ရသည်။
"ချန်းရော့ယွီ... ခေါင်းမော့ကြည့်လိုက်ပါဦး"
ဘာကို ကြည့်ရမှာလဲ?
ချန်းရော့ယွီ ခေါင်းမော့ကြည့်လိုက်တဲ့အခါ ဆိုဖာနောက်က နံရံမှာ ချိတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်။ ဒါကြီးက ဘယ်တုန်းက ရောက်နေတာလဲ? သူမ လုံးဝကို သတိမထားမိခဲ့ဘူး!
ဒီအချိန်မှာပဲ ချန်းရော့ယွီ ဝမ်းသာလွန်းလို့ ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။
နံရံပေါ်က အဲဒီပန်းချီကားထဲမှာတော့ မက်မွန်တောအုပ်ကြီး ရှိနေတယ်။ သူမ အကျွမ်းတဝင်ရှိလှတဲ့ မက်မွန်တောအုပ်၊ အကျွမ်းတဝင်ရှိလှတဲ့ ကျောပြင်... အဲဒါက ဆရာဝန်ဝတ်စုံ အင်္ကျီအရှည်ကြီးကို ဝတ်ထားပြီး ဆံပင်တိုတို၊ ဝတ်စုံဘောင်းဘီနဲ့ သားရေဖိနပ်ကို စီးထားတဲ့... သူမရဲ့ ဒေါက်တာမုန့် ကိုယ်တိုင်ပဲ။
ပန်းချီကားထဲမှာတော့ ဒေါက်တာမုန့်ရဲ့ မျက်နှာချင်းဆိုင်၊ အောက်ဘက်ကို ကိုင်းကျနေတဲ့ မက်မွန်ကိုင်းလေးတစ်ခုပေါ်မှာ မက်မွန်ပွင့်ခက်လေးကို ကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ အဲဒီပန်းခက်လေးမှာ မက်မွန်ပန်းလေးတွေက လှပစွာ ပွင့်လန်းနေပြီး၊ အဲဒီအမျိုးသမီးဟာလည်း သူမ မမှတ်မိဘဲ မနေနိုင်လောက်အောင်ကို အကျွမ်းတဝင်ရှိလှတဲ့သူ... သူမကိုယ်တိုင်... ချန်းရော့ယွီ ဖြစ်နေသည်။
ပန်းချီကားထဲမှာ သူမက မက်မွန်ကိုင်းပေါ်မှာ ထိုင်ရင်း ပန်းခက်လေးကို ကိုင်ထားပြီး၊ ခေတ်သစ်ဗားရှင်း မစ္စတာမက်မွန်ပွင့်တောအုပ်ကတော့ သူမကို သူ့ရင်ခွင်ထဲမှာ ထွေးပွေ့ထားသည်။ သူတို့နှစ်ယောက်ဟာ အရမ်းကို ချိုမြိန်နေကြပြီး နမ်းရှုံ့နေကြတာဖြစ်၏။
ချန်းရော့ယွီ သူမရဲ့ ပါးစပ်ကို လက်နဲ့အုပ်လိုက်မိပြီး၊ မျက်ရည်တွေကလည်း မိုးပေါက်တွေလို အဆက်မပြတ် စီးကျလာသည်။ ဝေဝါးနေတဲ့ မျက်ဝန်းတွေကြားကနေ ပန်းချီကားပေါ်မှာ ရှေးဟောင်းစာလုံးလေးတွေနဲ့ ရေးထွင်းထားတဲ့ စာသားတစ်ကြောင်းကို မြင်လိုက်ရသည်...
/မက်မွန်ပန်းတွေ ထောင်သောင်းချီရှိပေမဲ့... တစ်ပွင့်တည်းကိုပဲ ရွေးချယ်ခဲ့တယ်/
တကယ့်ကို အမြင်ကတ်စရာပဲ၊ အရမ်းကို မုန်းစရာကောင်းတယ်! ဒီလောက် စိတ်တိုဖို့ကောင်းတဲ့ ယောကျ်ားမျိုး ဘယ်မှာရှိဦးမှာလဲ?! သူက သူမကို မမျှော်လင့်ဘဲ ဒီလောက်ကြီး လန့်သွားအောင် လုပ်လိုက်တာလေ။ တကယ်တော့ သူမက သူ့ကို စပရိုက်စ်လုပ်ဖို့ ကြံစည်နေတာလေ။ ဒါကို သူက ဘယ်လိုလုပ်ပြီး အရင်ဦးအောင် လုပ်သွားရတာလဲ? တကယ်ပဲ အမြင်ကတ်စရာကြီး၊မုန်းစရာကြီး!
ချန်းရော့ယွီ အသံထွက်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။
အဲဒီအချိန်မှာပဲ ဝရန်တာတံခါး ပွင့်သွားတဲ့အသံနဲ့အတူ တစ်စုံတစ်ယောက် အထဲကို လျှောက်ဝင်လာကာ သူမကို နောက်ကနေ သိုင်းဖက်လိုက်ပြီး အသံတစ်သံ ထွက်ပေါ်လာသည်။
"မစ္စ ချန်းရော့ယွီ၊ ကိုယ့်ကို လက်ထပ်မလား?"
သူမ ချက်ချင်းလှည့်ပြီး မုန့်ကုကို ဖက်လိုက်ရင်း ပိုပြီးတော့တောင် အော်ငိုလိုက်သည်။ ငိုနေရင်းနဲ့ပဲ သူမ မေးလိုက်သည်။
"ဘာလို့ ဒီလောက်တောင် စောစောပြန်လာတာလဲ? မနက်ဖြန်မှ ပြန်ရောက်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"
"ကိုယ့်လေယာဉ်က တကယ်တော့ ဒီနေ့ပဲလေ၊ ဒါပေမဲ့ မင်းကို အံ့သြသွားအောင် မနက်ဖြန်မှ ပြန်လာမယ်လို့ လိမ်ပြောလိုက်တာ။ ကိုယ့်တို့ရဲ့ လက်ထပ်ပွဲအကြောင်းကိုလည်း တစ်လျှောက်လုံး ဘာမှ မပြောခဲ့တာက... ဒီလက်ဆောင်က အဆင်သင့် မဖြစ်သေးလို့ပဲ"
သူက သူမကို ပန်းချီကားဘက် လှည့်ခိုင်းလိုက်ပြီး...
"ဒီပန်းချီကားကို ဆွဲပေးမယ့် ပန်းချီဆရာကို ရှာဖို့ အင်တာနက်ပေါ်မှာ တော်တော်ကြာအောင် ရှာခဲ့ရတာ။ ပြီးတော့ သူ(မ)ကို ဆက်သွယ်ပြီး ကိုယ့်အတွက် ပန်းချီကားတစ်ချပ် ဆွဲပေးဖို့ တောင်းဆိုခဲ့တာ။ ပုံထဲမှာ မစ္စတာမက်မွန်ပွင့်တောအုပ်က ဆရာဝန်တစ်ယောက်အဖြစ် ပါရမယ်၊ ပြီးရင် သူ့ရဲ့ မစ္စမက်မွန်ပန်းခက်လေးလည်း ပါရမယ်လို့ မှာလိုက်တာ။ ကိုယ့်ရဲ့ ကျောပုံကိုလည်း သူ(မ)ဆီ ပို့၊ မင်းရဲ့ပုံကိုလည်း ကိုယ် ရွေးပေးထားတာ။ ကြည့်လေ... ပန်းချီကားက တကယ် မလှဘူးလား?"
အဲဒီအချိန်မှာ ချန်းရော့ယွီကတော့ ရှိုက်ကြီးတငင် ငိုနေတာကြောင့် ဘာမှ သဲသဲကွဲကွဲ မမြင်ရပေ။ သူမ လုပ်နိုင်တာကတော့ ခေါင်းကိုသာ အဆက်မပြတ် ငြိမ့်ပြနေမိတာပင်။
"ဒါဆို... ကိုယ့်ကို လက်ထပ်မှာလား?"
သူက သူမရဲ့ လက်ကလေးကို ကိုင်ပြီး လက်စွပ်တစ်ကွင်းကို လက်ချောင်းထဲ စွပ်ပေးရင်း မေးလိုက်သည်။
ဆိုဒ်ကလည်း အတော်ပဲ! ချန်းရော့ယွီ ကြောင်တောင်တောင် ဖြစ်သွားပြီး လက်စွပ်ကိုပဲ ငေးကြည့်နေမိသည်။
မုန့်ကုက သူမ ဘာတွေးနေမှန်း သိနေတဲ့အတွက် ရှင်းပြလိုက်သည်။
"မင်း အိပ်နေတုန်း ကိုယ် တိုင်းထားတာလေ။ မင်းက အိပ်ရင် ဝက်တစ်ကောင်လိုပဲ၊ ကိုယ် မင်းကို ဘယ်လောက်ပဲ ဟိုရွှေ့ဒီရွှေ့လုပ်လုပ် မင်းကတော့ နိုးလာမှာ မဟုတ်ဘူး"
သူမကို ဝက်နဲ့ နှိုင်းယှဉ်လိုက်တာက သူမကို နည်းနည်းလေးတောင် စိတ်မချမ်းသာဘူးနော်၊ ဟုတ်ပြီလား? ဒါပေမဲ့လည်း ချန်းရော့ယွီသည် သူလုပ်ပေးခဲ့တဲ့ အရာတွေကြောင့် အရမ်းကို စိတ်လှုပ်ရှားနေရတာမလို့ သူ့ကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်၏။ သူမက သူ့ဘက်ကို လှည့်ပြီး တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားလိုက်သည်။
သူမရဲ့ တုံ့ပြန်မှုက မုန့်ကုကို အရမ်းပျော်ရွှင်စေတယ်။ သူကလည်း သူမကို ပြန်ဖက်ထားပြီး ပြုံးကာ ပြောလိုက်သည်။
"ကြည့်လေ၊ကိုယ်လည်း ရိုမန့်တစ်ဆန်ပြီး ဂရုစိုက်တတ်တယ် မဟုတ်လား? မင်းက လူ့အရိုးစုပုံစံ ပန်းစည်းနဲ့ လက်ထပ်ခွင့်တောင်းတာကို မကြိုက်ဘူးဆိုတာ ကိုယ် သိတာပေါ့၊ ဒါကြောင့် မင်းကြိုက်မယ့် အရာတစ်ခုခုနဲ့ ကိုယ် ပြောင်းလိုက်တာ။ ပျော်ရဲ့လား?"
ချန်းရော့ယွီ ခေါင်းညိတ်ပြလိုက်သည်။
" 'လိုက်ပိုးပန်းတဲ့' ကိစ္စမှာတော့ ကိုယ်က မင်းနောက်ကို ခြေတစ်လှမ်းနောက်ကျသွားတယ်။ ဒီလက်ထပ်ခွင့်တောင်းတဲ့ အစီအစဉ်ကိုတောင် မင်းက လုလုပ်တော့မလို့။ ချန်းရော့ယွီ.... မင်းကတော့ တကယ့်ကို အံ့သြစရာပဲ။ ဒီလိုကိစ္စမျိုးက ယောကျ်ားလေးတွေပဲ လုပ်တာ အကောင်းဆုံး။ မင်းက ဘာလို့ အရင်ဦးအောင် လုပ်ချင်နေရတာလဲ? နောက်ဆို နည်းနည်း စိတ်ထိန်းတတ်ဖို့ သင်ယူရမယ်နော်၊ နားလည်လား?"
သူမ ခေါင်းညိတ်လိုက်ပြန်တယ်။ တကယ်တော့ သူမကလည်း အရင်ဦးအောင် လက်ထပ်ခွင့်တောင်းချင်ခဲ့တာ မဟုတ်ဘူး၊ သူက အရမ်းနှေးနေလို့ပဲ လုပ်မိတော့မလို့ဖြစ်သွားတာလေ။
"အခုချိန်မှာ... ကိုယ် လက်ထပ်ခွင့်တောင်းပြီးပြီဆိုတော့ မင်း ဘာလုပ်သင့်လဲ?"
'ကျွန်မ သဘောတူတယ်!' လို့ ပြောရမှာလား? ဒါမှမဟုတ် 'ရက်စ်(yes)!' လို့ ပြောရမှာလား? ဒါတွေအပြင် တခြား ဘာပြောစရာ ရှိသေးလို့လဲ?!
မုန့်ကုကတော့ ယုံကြည်မှုအပြည့်နဲ့ ပြုံးပြီး သူမရဲ့ အဖြေကို စောင့်နေသည်။ ဒါပေမဲ့ သူ့ရဲ့ ချန်းရော့ယွီက 'သဘောတူတယ်' တို့ 'ရက်စ်(yes)' တို့အပြင် တခြားစကားတွေ ပြောလာလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေ။
"ဒေါက်တာမုန့်... ကျွန်မ ပြောပြမယ်။ 'ငါ ချန်းရော့ယွီကို ရှာဖို့လာခဲ့တယ်' ဆိုတဲ့ သီချင်းက ခေတ်နောက်ကျသွားပြီ။ အခု ကျွန်မတို့နှစ်ယောက်ရဲ့ အခြေအနေနဲ့ ပိုကိုက်ညီမယ့် သီချင်းစာသား ဗားရှင်းအသစ်တစ်ခုကို ကျွန်မ စဉ်းစားမိထားတယ်။ အဲဒီဗားရှင်းအသစ်ကို ကျွန်မ နားထောင်ဖို့အတွက် ရှင် အခုချက်ချင်း ဆိုပြရမယ်လို့ အလေးအနက် တောင်းဆိုပါတယ်နော်"
မုန့်ကုရဲ့ မျက်နှာပေါ်က အပြုံးတွေက တောင့်ခဲသွားပြီး သူ့ခေါင်းပေါ်ကနေ ဒေါသငွေ့တွေ ထွက်လာတော့သည်။
"ချန်းရော့ယွီ...... မင်းကတော့ ထပ်ပြီး အဆော့သန်ချင်နေပြန်ပြီပေါ့ ဟုတ်လား?"
ဒီ "ငါ ချန်းရော့ယွီကို ရှာဖို့လာခဲ့တယ်" ဆိုတဲ့ သီချင်းကို အသံသွင်းဖို့ သူ့မှာ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲဆိုတာ သူမ သိမှမသိဘဲ။ သူမရဲ့ မှတ်စုစာအုပ်ထဲက သီချင်းစာသားတွေကို ခိုးကူးရတာတင်မကဘဲ သီချင်းအသွားအလာကိုပါ အသေအချာ လေ့ကျင့်ခဲ့ရတာ။ ပြီးတော့ အသံသွင်းစတူဒီယိုကိုသွားပြီး သူ အဆင်ပြေတယ်လို့ မခံစားရမချင်း ဆယ်ကြိမ်မက အသံသွင်းခဲ့ရလို့ အသံဖမ်းပညာရှင်ကတောင် သူ့ကို အကြိမ်ကြိမ် ရယ်ခဲ့သေးတယ်။ အခုကျမှ သူမမှာ ဗားရှင်းအသစ် ရှိနေပြန်ပြီတဲ့လား?!
သူမကတော့ တကယ်ကို အသေစောချင်နေပြီထင်တယ်!
"ဒေါက်တာမုန့်... ကျွန်မ တကယ် နားထောင်ချင်လို့ပါ"
"ချန်းရော့ယွီ..... မင်း သဘောတူတယ်လို့ပဲ အရင်ပြောစမ်းပါ"
"ဒါဆို ရှင် ဆိုပြမှာလား?"
"သဘောတူတယ်လို့ ပြောစမ်း!"
"အရင် ဆိုပြလေ!"
"လက်ထပ်ဖို့ သဘောတူတယ်လို့ ပြော! မြန်မြန်ပြော!"
"သီချင်းအလိုက်က အတူတူပဲလေ၊ စာသားလေးပဲ ပြောင်းသွားတာကို..."
နောက်ဆုံးမှာတော့ မစ္စတာတိုင်ရန်နိုဆောရပ်စ်ဟာ စိတ်မရှည်နိုင်တော့ဘဲ ခေါင်းငုံ့ကာ မစ္စ မက်မွန်ပန်းခက်လေးရဲ့ နှုတ်ခမ်းအစုံကို သူ့ရဲ့ နှုတ်ခမ်းတွေနဲ့ ပိတ်ပင်တားဆီးလိုက်တော့သည်။
လက်ထပ်ဖို့ကိစ္စလား?
သေချာတာပေါ့... သူမ ဘယ်မှ ထွက်ပြေးလို့ မလွတ်တော့ဘူး!
🎵အချစ်ဆိုတာ တောက်ပတဲ့ အရာတစ်ခု၊ ငါ့ကိုရော မင်းကိုရော လင်းထိန်စေတယ်...🎵
🎵တို့နှစ်ယောက်စလုံး ခိုင်မြဲနေမယ်ဆိုရင် ဒီချိုမြိန်မှုက တို့ အသက်ကြီးတဲ့အထိ အတူရှိနေမှာပေါ့...🎵
~ပြီးပါပြီ~
အချပ်ပို(၂)ပိုင်းကျန်ပါသေးတယ်
Translator -JJ