← Chapters

အချပ်ပို(၂)

Vol. 8 Ch. 85 - extra 2

အချပ်ပို(၂)

Vol. 8 Ch. 85 - extra 2

အချပ်ပို(၂)-လင်မယားနှစ်ယောက်ရဲ့ပြဇာတ်ငယ်လေး

Side Story (1)

"ဒေါက်တာမုန့်... ကျွန်မတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လောက် မွေးရအောင်လေ။ ဒီမှာကြည့်ပါဦး..."

ချန်းရော့ယွီက အိမ်မွေးတိရစ္ဆာန်မဂ္ဂဇင်းကို မြှောက်ပြရင်း ပြောလိုက်သည်။

"ဒီခွေးလေးကိုကြည့်၊ ချစ်စရာလေးနော်။ ကျွန်မ တစ်ကောင်လောက် မွေးချင်တယ်"

"မရပါဘူး... မင်းတစ်ယောက်တည်းကို ပြုစုပျိုးထောင်နေရတာနဲ့တင် လုံလောက်နေပြီ"

"ကျွန်မဘာသာ ဂရုစိုက်မှာပေါ့။ ရှင် ဘာမှလုပ်ပေးစရာမလိုပါဘူး"

"မင်းက ကိုယ့်ကိုပဲ ဂရုစိုက်ပေးရင် ပြည့်စုံပြီ"

ချန်းရော့ယွီ နှုတ်ခမ်းဆူသွားမိတယ်။ စိတ်အားထက်သန်မှုတွေက ရုတ်ချည်းဆိုသလို ရေပက်ဖျန်းခံလိုက်ရသဖြင့် စိတ်ကောက်ချင်သလို ဖြစ်သွား၏။

"အဲ့ဒါဆို ရှင့်စကားအတိုင်းဆိုရင် ရှင်က ကလေးလည်း မလိုချင်ဘူးပေါ့လေ?"

"ကလေးက အိမ်မွေးတိရစ္ဆာန်နဲ့ မတူဘူးလေ"

"မတူတာတော့ မှန်တယ်။ ဒါပေမဲ့ ကလေးဆိုတာလည်း ပြုစုရတာပဲ၊ ဂရုစိုက်ရတာပဲ မဟုတ်ဘူးလား"

"အဲ့ဒါကတော့ ဟုတ်တယ်။ ပြီးတော့ ကိုယ်က ကလေး 'ဖန်တီး' တဲ့ လုပ်ငန်းစဉ်ကိုပဲ သဘောကျတာ၊ အိမ်မွေးတိရစ္ဆာန်ကို မဟုတ်ဘူး"

"......"

လူလည်ကြီး! လူယုတ်မာကြီး! ! !

Side Story (2)

တစ်နေ့တွင် မုန့်ကုသည် ဆိုဖာပေါ်မှာထိုင်ကာ တီဗီကြည့်နေ၏။

"ဒေါက်တာမုန့်... ဒီဘက်ကို ကြည့်ပါဦး... ဒီဘက်ကို..."

ကလစ်!

ချန်းရော့ယွီက ကင်မရာဖြင့် သူ့ကို ဓာတ်ပုံရိုက်လိုက်သည်။ ဓာတ်ပုံကို ပြန်ကြည့်ပြီးနောက် သူမ သိပ်သဘောမကျမိပေ။

"ဒေါက်တာမုန့်... ခေါင်းလေးနည်းနည်းစောင်းပြီး ချစ်စရာကောင်းတဲ့ ပုံစံလေး လုပ်ပြပါလားဟင်"

"ကိုယ် သတင်းကြည့်နေတယ်လေ"

ယောက်ျားရင့်မာကြီးတစ်ယောက်က အရေးကြီးတဲ့ လူမှုရေးသတင်းတွေကို တည်တည်တံ့တံ့ ကြည့်နေတဲ့အချိန်မှာ ခေါင်းစောင်းပြီး ချစ်စရာကောင်းအောင် လုပ်ပြခိုင်းတာက... နည်းနည်းတော့ လွန်ရာကျမနေဘူးလား။

ချန်းရော့ယွီ နှုတ်ခမ်းလေးဆူလိုက်သည်။

ယောက်ျားတွေကတော့လေ... တကယ့်ကို အလိုက်မသိတတ်လိုက်တာ!

ပုံမှန်ဆိုရင် အခုလိုမျိုး အိပ်ရေးဝဝအိပ်နိုင်ဖို့ဆိုတာ ဒေါက်တာမုန့်အတွက် လွယ်ကူလှတာမဟုတ်ချေ။

သူ မျက်လုံးဖွင့်ပြီးတော့ မျက်တောင်ခတ်ကြည့်လိုက်တဲ့အခါ ဘေးနားတွင် ကင်မရာတစ်လုံးကိုင်ပြီး ရပ်နေသည့် ဇနီးသည်ကို တွေ့လိုက်ရသည်။

"ဒေါက်တာမုန့်... လက်လေးကို ခေါင်းပေါ်မြှောက်ထားလိုက်၊ ပြီးတော့ ဘေးစောင်းအိပ်ပြီး ပျင်းရိပျင်းတွဲနဲ့ ချိုချိုသာသာလေး ပြုံးပြပါဦး"

သူက မပြုံးပြသည့်အပြင် မျက်မှောင်ကြုတ်ကာ ကြည့်ပြီး မေးလိုက်၏။

"ဘာဖြစ်လို့လဲ?"

"ရှင့်ကို ဓာတ်ပုံရိုက်ချင်လို့လေ"

"စိတ်မဝင်စားဘူး"

"စိတ်ဝင်စားဖို့ကောင်းပါတယ်ဆို။ အိမ်မွေးတိရစ္ဆာန် မွေးတဲ့သူတွေဆိုရင် သူတို့အကောင်လေးတွေကို ပုံစံအမျိုးမျိုးပေးခိုင်းပြီး ဓာတ်ပုံတွေ ရိုက်ကြတာလေ၊ အရမ်းချစ်ဖို့ကောင်းတာ။ ကျွန်မတို့မှာ အိမ်မွေးတိရစ္ဆာန်မှမရှိတာ... အဲ့ဒါကြောင့် ရှင့်ကိုပဲ ရိုက်ရတော့တာပေါ့"

"......"

Side Story (3)

"ဒေါက်တာမုန့်... ဒီနေ့ တီဗီအစီအစဉ်တစ်ခုမှာ အိမ်ထောင်ရေးကျွမ်းကျင်သူတစ်ယောက်က ပြောသွားတယ်၊ လင်မယားအချင်းချင်း သံယောဇဉ် ပိုတိုးအောင် တစ်နေ့ကို အနည်းဆုံး တစ်မိနစ်လောက် ဖက်ထားပေးရမယ်တဲ့"

ချန်းရော့ယွီက ထမင်းစားပွဲတွင် ထိုင်ရင်း ခင်ပွန်းဖြစ်သူကို စကားစလိုက်သည်။

"ကိုယ်တို့က တစ်နေ့ကို တစ်မိနစ်ထက်တောင် ပိုပြီး ဖက်ဖြစ်နေကြတာပဲလေ"

မုန့်ကုက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။

"အင်း... အဲ့ဒါလည်း ဟုတ်တာပဲ"

ချန်းရော့ယွီက သူမ၏ ထမင်းစားတူကို ကိုက်ရင်း တွေးနေမိသည်။

သူတို့နှစ်ယောက်က ဖက်ရုံတင်မကဘဲ 'ဟိုဟာမျိုးတွေ' ပါ လုပ်ဖြစ်နေကြတာဆိုတော့ သံယောဇဉ်ကတော့ အထူးပြောနေစရာ မလိုတော့ဘူး။

"ပြီးတော့ အဲ့ဒီဆရာက ပြောသေးတယ်... နေ့တိုင်း တစ်ယောက်ရဲ့ အားသာချက်တစ်ခုကို တစ်ယောက်က ထုတ်ပြောပေးရမယ်တဲ့။ အဲ့ဒါမှ အငြင်းအခုံတွေ ကင်းဝေးပြီး စိတ်ဝမ်းကွဲတာတွေ လျော့နည်းသွားမှာတဲ့"

သူတို့နှစ်ယောက်က ခဏခဏ ရန်ဖြစ်တတ်ကြတာမလို့ ဒီနည်းလမ်းကို စမ်းကြည့်သင့်တယ်လို့ သူမ တွေးမိသည်။

မုန့်ကုက ထမင်းတစ်လုတ်ကို စားလိုက်ရင်း ပြောလိုက်၏။

"အဲ့ဒါကတော့ နည်းနည်းခက်လိမ့်မယ်"

"ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့ နေ့တိုင်း ကိုယ်က စကားတစ်ခွန်းတည်းကိုပဲ ထပ်ခါတလဲလဲ ပြောနေရင် မင်း ငြီးငွေ့လာလိမ့်မယ်။ အဲ့ဒီအခါကျမှ ရန်ဖြစ်ရတာတွေ၊ စိတ်ဝမ်းကွဲတာတွေ ပိုဖြစ်လာဦးမယ်"

"......"

ခဏအကြာတွင်မှ ချန်းရော့ယွီ သဘောပေါက်သွားပြီး ပြန်အော်တော့သည်။

"ကျွန်မမှာ ချီးကျူးစရာ အားသာချက်က အဲ့ဒီလောက်တောင် နည်းနေတာလားလို့!!!"

Side Story (4)

"ဒေါက်တာမုန့်... ပြောပါဦး၊ ကျွန်မတို့ ကလေးလေးက ဘယ်လိုပုံစံလေး ဖြစ်မလဲဟင်"

ကိုယ်ဝန်ဆောင်မိခင်လောင်း ချန်းရော့ယွီက ကလေးမျက်နှာကို အလေးအနက် ပုံဖော်ကြည့်နေမိသည်။

"မင်း စိတ်အေးအေးထားစမ်းပါ။ ကိုယ့်ရဲ့ မျိုးရိုးဗီဇတွေနဲ့ဆိုရင် ရုပ်ရည်ရော IQ ပါ တခြားကလေးတွေထက် သာနေမှာ သေချာတယ်"

ဖခင်လောင်း ဖြစ်တော့မည့် မုန့်ကုက ဇနီးသည်၏ ဝိုင်းစက်နေသော ဗိုက်ကလေးကို အသာအယာ ပွတ်သပ်ရင်း စိတ်ထဲကနေလည်း 'ငါ့သားလေး ရေ... အဖေ မျက်နှာပွင့်အောင် ကြိုးစားစမ်းပါ' ဟု တိတ်တဆိတ် အားပေးနေမိသည်။

"အင်း..."

ချန်းရော့ယွီက အားတက်သရော ခေါင်းညိတ်လိုက်သည်။

"ကလေးရဲ့ ရုပ်ရည်နဲ့ ဉာဏ်ရည်အတွက်တော့ ကျွန်မ မစိုးရိမ်ပါဘူး။ ဒါပေမဲ့ ကလေးက အသက်ခြောက်လအရွယ်မှာတင် တခြားသူတွေနဲ့ ရန်ဖြစ်တတ်နေမလား... တစ်နှစ်သားအရွယ်ကျရင် သူများကို ဝေဖန်တတ်နေမလား... နှစ်နှစ်သားအရွယ်ကျရင်တော့ လူတွေ ဆွံ့အသွားအောင် စကားတွေ ပိုးစိုးပက်စက် ပြောတတ်နေမလားဆိုတာကိုပဲ ကျွန်မ ပိုစိုးရိမ်တာ"

"......"

ဖခင်လောင်းမှာ ဆွံ့အသွားရပြီး အတော်ကြာမှ ပြောလိုက်သည်။

"မိန်းမရေ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ဆရာဝန်မိသားစုဝင် တစ်ယောက်အနေနဲ့ မင်းရဲ့ အခြေခံဗဟုသုတ နည်းပါးမှုကိုတော့ နည်းနည်းလောက် ဖုံးဖုံးဖိဖိ လုပ်ပါဦး"

Side Story (5)

"ဒေါက်တာမုန့်... ဒေါက်တာမုန့်... ရှင့်သားက ကျွန်မကို ရန်လုပ်နေတယ်"

မုန့်ကုက သူဖတ်နေသည့် ဆေးပညာဂျာနယ်မှ မျက်လုံးလွှဲကာ ဇနီးသည်ကို ကြည့်လိုက်သည်။

"သူက ခြောက်လပဲ ရှိသေးတာလေ။ စကားတောင် မပြောတတ်သေးဘဲနဲ့ မင်းကို ဘယ်လိုလုပ် ရန်ဖြစ်မှာလဲ?"

"သူ့ကစားစရာကို ကြမ်းပြင်ပေါ် ပစ်ချလို့ ကျွန်မက ကောက်ပေးရင်း နည်းနည်း ဆူလိုက်တာလေ။ အဲ့ဒါကို သူက ကျွန်မကို လက်ညှိုးထိုးပြီး 'အီးအီး အားအား' နဲ့ ပြန်အော်နေတာ။ မျက်နှာကလည်း ရွံရှာတဲ့ အမူအရာကြီးနဲ့"

ပြောပြောဆိုဆိုနှင့်ပင် ချန်းရော့ယွီက သားဖြစ်သူ၏ အမူအရာကိုပါ လိုက်တုပြလိုက်သေး၏။

"အင်း..."

ဖခင်ဖြစ်သူက ဂျာနယ်ကို ဆက်ဖတ်ချင်သော်လည်း ဇနီးသည်၏ မျှော်လင့်ချက်အပြည့်နှင့် မျက်ဝန်းတွေကို မလွန်ဆန်နိုင်သဖြင့် ချော့မော့သည့်သဘောဖြင့် မေးလိုက်ရသည်။

"အဲ့ဒါ ကိုယ့်ကို ဘာလုပ်ပေးစေချင်လို့လဲ?"

"ရှင် သွားဆုံးမပေးရမယ်လေ"

မုန့်ကု သက်ပြင်းတစ်ချက်ချကာ ဇနီးသည်ကို ခေါ်ပြီး သားဖြစ်သူ၏ အခန်းထဲသို့ ဝင်သွားသည်။ အရုပ်ကလေးသဖွယ် ချစ်စရာကောင်းလှသည့် သားငယ်လေးမှာ ကုတင်ပေါ်တွင် ထိုင်နေပြီး အားအင်တွေ ပြည့်ဝနေပုံရသည်။ ဖခင်ဖြစ်သူကို မြင်တာနဲ့ တောက်ပတဲ့ အပြုံးလေးဖြင့် ဆီးကြိုလိုက်သည်။

ချန်းရော့ယွီက တိုးတိုးလေး ကပ်ပြော၏။

"ကြည့်ဦး... ခုနကတော့ ဒီလိုအမူအရာ မဟုတ်ပါဘူးဆို"

"မိန်းမရယ်... မင်း အတွေးလွန်နေတာပါ"

မုန့်ကုက ခပ်အေးအေးပင် ဆိုလိုက်သည်။ သူက သားလေးအနားကို လျှောက်သွားပြီး ချော့မော့ဟန်ဖြင့် မေးလိုက်၏။

"လူဆိုးလေး... မင်း ခုနက မေမေ့ကို မယဉ်မကျေး လုပ်ခဲ့တာလား?"

အရုပ်လေးက ခေါင်းလေးစောင်းကာ မျက်လုံးဝိုင်းကြီးများဖြင့် ဖခင်ဖြစ်သူကို စိုက်ကြည့်ကာ အပြစ်ကင်းစင်သော အမူအရာလေး လုပ်ပြလေသည်။ ထို့နောက် 'အီး... အီး...' ဟု အသံနှစ်ချက် ပြုလိုက်၏။

ဘေးနားတွင် ရပ်နေသည့် ချန်းရော့ယွီက ချက်ချင်းပင် ဝင်ရောက် ဘာသာပြန်ပေးသည်။

"သူက သူ မလုပ်ဘူးလို့ ပြောနေတာ"

မုန့်ကုက ဇနီးသည်ကို တစ်ချက်ကြည့်လိုက်ပြီး သားဖြစ်သူဘက် ပြန်လှည့်ကာ-

"မင်းမေမေက မင်းဆိုးတယ်လို့ တိုင်နေတယ်နော်။ မေမေ့အပေါ် နည်းနည်းလောက် ပိုကောင်းပေးရမယ်၊ နားလည်လား? နားမလည်ရင်တော့ အဖေက မင်းဖင်ကို ရိုက်မှာပဲ"

လူကောင်သေးသေးလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပါးစပ်လေးဟကာ ရယ်မောလိုက်ပြီး 'အီး... ယား...' ဟု ထပ်မံ အသံပြုပြန်သည်။

"သူ နားလည်ပါတယ်တဲ့"

ချန်းရော့ယွီက စကားပြန်အဖြစ် ဆက်လက် သရုပ်ဆောင်နေဆဲ။

ဒီတစ်ခါတော့ မုန့်ကုတစ်ယောက် ဟန်မဆောင်နိုင်တော့ဘဲ ရယ်မောလိုက်မိပြီး ချန်းရော့ယွီကိုပါ ကြမ်းပြင်ပေါ်တွင် အတူတူထိုင်ရန် ဆွဲခေါ်လိုက်သည်။ သူက မေးလိုက်၏။

"မိန်းမ... အဲ့ဒါက တကယ်ပဲ ပျော်စရာကောင်းလို့လား?"

"အင်း... ပျော်စရာကောင်းတာပေါ့"

မိသားစုလိုက် အတူတူရှိနေရတဲ့ ဒီအခိုက်အတန့်က သူမအတွက်တော့ အရမ်းပျော်စရာကောင်းတယ်။ သူမက ခင်ပွန်းသည်၏ ရင်ခွင်ထဲသို့ မှီထားရင်း သားလေးကို ကြည့်ကာ ကြည်နူးနေမိသည်။ သားလေးကို ကြည့်နေရင်း ရုတ်တရက် သတိရကာ မေးလိုက်၏။

"ဒေါက်တာမုန့်... ရှင် ငယ်ငယ်တုန်းကလည်း အရမ်းဆိုးပြီး ရှင့်အဖေကို အမြဲ ပြန်ပြောခဲ့တာ မဟုတ်လား? ကျွန်မတို့ သားလေးက ဘာလို့ ရှင့်လို မဖြစ်တာလဲဟင်။ ကျွန်မက ရှင့်လိုမျိုး သားလေးတစ်ယောက် လိုချင်တာ။ အား... အခုတော့ သူက အရမ်းလိမ္မာလွန်းနေတော့... အားနာစရာကြီး......"

"......"

(ပြီးပါပြီ)

ဒေါက်တာမုန့်နဲ့ချန်းရော့ယွီရဲ့ အချစ်ဇာတ်လမ်းလေးက ဒီနေရာမှာပဲ အဆုံးသတ်သွားပါပြီ။ မက်မွန်ပွင့်တွေမြင်တိုင်း ဒေါက်တာမုန့်တို့အတွဲကို သတိရနေတော့မယ်❤️

All Chapters