အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း (၁၄၁) မြေလျှိုးမရသော ရွှေခေါင်းလောင်း
ကနဦးအဆင့်တွင် စွမ်းရည်မြှင့်တင်သူများက ဆင့်ကဲပြောင်းလဲသူများထက် များစွာ ပိုမိုစွမ်းအားကြီးမားသည်မှာ ငြင်းဆန်ဖွယ်ရာမရှိသော အမှန်တရားပင် ဖြစ်သည်။ သီးသန့်စွမ်းရည်တစ်ခုအပေါ် အာရုံစိုက်ထားသော အဆင့်မြှင့်တင်မှုမျိုးမှာ အစောပိုင်းကာလများ၌ အထူးပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
အကယ်၍ ယခုအချိန်တွင် ချန်ရှောက်ရယ်သာ ချူဟန်ကို သေနတ်ဖြင့် ပစ်ခတ်မည်ဆိုပါက တစ်ခဏအတွင်း ကျည်ဆန်ထိမှန်သွားမည်မှာ သေချာသလောက် ဖြစ်သည်။ ထို့ပြင် စွမ်းရည်မြှင့်တင်သူဖြစ်သော ရှောင်မုန့်ချီသည်သာ အလွန်တရာ အစွမ်းထက်သည့် (အရှိန်မြှင့်တင်ခြင်း စွမ်းရည်) ပိုင်ရှင် ဖြစ်နေခဲ့လျှင် ချန်ရှောက်ရယ်၏ သေနတ်ပင် သူမအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတော့မည် မဟုတ်ချေ။
ချူဟန် မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားနေဆဲမှာပင်...
"ရှင်တို့က ဘာလို့ သတ်ဖြတ်ချင်နေရတာလဲ"
လွန်ခဲ့သော စက္ကန့်ပိုင်းအထိ ချူဟန်ကို သတ်မည် ဟု ကြုံးဝါးနေခဲ့သော ရှောင်မုန့်ချီက ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။ သူမမျက်နှာမှာ ယခင်ကကဲ့သို့ပင် နူးညံ့အားနွဲ့သော မိန်းမပျိုလေးတစ်ဦးအသွင်သို့ ပြန်လည်ပြောင်းလဲသွားတော့သည်။
သူမက ခန္ဓာကိုယ်ကို တွန့်လိမ်လျက် အောက်နှုတ်ခမ်းကိုကိုက်ကာ ချူဟန်အား ပြောလိုက်သည်။
"ကျွန်မကို ရှင့်နောက် လိုက်ခွင့်ပြုပါလား။ ကြည့်ပါဦး၊ ကျွန်မမှာ ကလေးလေးတစ်ယောက် ရှိနေတယ်။ ဒီလိုကပ်ဆိုးကြီးထဲမှာ ကျွန်မတို့ သားအမိ ဒုက္ခရောက်နေတာကို ရှင်က မျက်ကွယ်ပြုရက်လို့လား"
"သားအမိဟုတ်လား၊ ညီအစ်မတွေ မဟုတ်ဘူးလား"
ချူဟန် အမှတ်တမဲ့ မေးလိုက်မိသည်။
မိမိ၏ လွဲချော်နေသော မေးခွန်းကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ ဤရူးကြောင်ကြောင် မိန်းမနှစ်ယောက်ကြောင့် အာရုံလွင့်ပါးသွားသဖြင့် ဤမျှတုံးအသော မေးခွန်းမျိုး ထွက်ကျသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"အာ.. ဟုတ်သားပဲ၊ ညီအစ်မတွေပါ"
ရှောင်မုန့်ချီက ပေါ့ပျက်ပျက် ရယ်မောလိုက်သည်။
"ခုနက မေ့သွားလို့ပါ"
တကယ်ကြီးလားဟ။ ဒီလိုအကြောင်းကိုတောင် မေ့သွားရသလား။
ချိန်ရွယ်ထားသော ချန်ရှောက်ရယ်၏ သေနတ်ပြောင်းဝမှာ ယိုင်ကျသွားသည်။ ထူးဆန်းလွန်းလှသော ဤစကားဝိုင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ဆွံ့အသွားကြတော့သည်။
အကြောင်းအရာ ပြောင်းလဲသွားပုံမှာ အလွန်တရာ အခြေအနေမဲ့လွန်းလှသည်။ လွန်ခဲ့သော ခဏအထိ တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထုတ်လွှတ်နေခဲ့ကြသော်လည်း ယခုမူ မည်သည့်အတွက်ကြောင့် ရုတ်တရက် သာမန်စကားဝိုင်းအဖြစ်သို့ ပြောင်းလဲသွားရသနည်း။
သို့သော် ထိုအချိန်မှာပင်...
ဂျစ်... ဂျီး... ဂျီး... ဂျီး...
မည်သည့် ကြိုတင်သတိပေးချက်မျှမရှိဘဲ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် "ဘုန်း" ဟူသောအသံနှင့်အတူ ရှောင်မုန့်ချီ မျက်ဖြူလန်ကာ ရုတ်တရက် လဲကျသတိလစ်သွားတော့သည်။
သူမဘေးတွင် ကတုံးပြောင် အမျိုးသားတစ်ဦး ရပ်နေသည်။ ရှောင်မုန့်ချီနှင့် ချူဟန်တို့ ထိပ်တိုက်ရင်ဆိုင်ရင်း နေရာရွှေ့ပြောင်းသွားချိန်၌ ဟယ်ဆန်းဟုခေါ်သော ထိုကတုံးပြောင်အမျိုးသား၏ ဘေးသို့ အတိအကျ ရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်သည်။
အလွန်အန္တရာယ်ကင်းပုံမရသော ရှောင်မုန့်ချီအား ဟယ်ဆန်းက တစ်စုံတစ်ရာသော ကိရိယာကိုအသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း သတိလစ်သွားစေခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဤကိစ္စမှာ အလွန်ရုတ်တရက် ဆန်လွန်းလှသည်။ အိပ်ရာပေါ်သို့ ခုန်တက်ရန် ဘောင်းဘီချွတ်လိုက်ချိန်မှ တစ်ဖက်လူမှာ မိမိနှင့် လိင်တူဖြစ်နေမှန်း သိလိုက်ရသကဲ့သို့ ယုတ္တိကင်းမဲ့ကာ ရယ်စရာကောင်းလှသော မြင်ကွင်းမျိုးပင် ဖြစ်သည်။
အပြစ်အနာအဆာကင်းလွန်းသော လက်စွမ်းနှင့် မျှော်လင့်မထားသော အခြေအနေကြောင့် လူတိုင်း စကားပြောရန်ပင် မေ့လျော့သွားကြသည်။ လူအားလုံး၏ ဦးနှောက်က အခြေအနေကို လက်ခံနိုင်စွမ်း မရှိသေးချိန်တွင် ချူဟန်၏ မျက်လုံးများကသာ စူးရှစွာ တောက်ပနေခဲ့သည်။
'ခုနက ဟာက... လျှပ်စစ်ရှော့တိုက်ကိရိယာလား'
"အမလေးဗျာ၊ ဒီမိန်းမရဲ့ အရှိန်က ဘာကြီးလဲ၊ တကယ် လန့်သေတော့မလို့"
ဟယ်ဆန်းက အလွန်အမင်း ကြောက်ရွံ့သွားသည့်အလား ရင်ဘတ်ကို ဖိလျက် အလွန်အကျွံ သက်ပြင်းချလိုက်သည်။ ထို့နောက် ချက်ချင်းပင် ဖားယားသော အပြုံးဖြင့် ချူဟန်ကို ကြည့်လိုက်သည်။
"ကျွန်တော့်ရဲ့ အိုင်ဒေါကြီး... ဘယ်လိုလဲဗျ။ ကျွန်တော် ခင်ဗျား မျက်နှာပျက်စရာတွေများ လုပ်မိသေးလား"
မည်သူမျှ အသံမထွက်နိုင်ကြပေ။ ဟယ်ဆန်းကို ကြည့်နေသော သူတို့၏ အကြည့်များမှာ ဘီလူးသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင် ဖြစ်သည်။
"ဒီ အမှိုက်ကောင်တွေ၊ သတ်ပစ်မယ်"
လီရှီယုံက အစောပိုင်းက ကလေးဆန်သော မျက်နှာထားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော ရက်စက်ကြမ်းကြုတ်သည့် မျက်နှာသွင်ပြင်သို့ ရုတ်တရက် ပြောင်းလဲသွားကာ ခုန်အုပ်လိုက်တော့သည်။
ဂျစ်... ဂျီး... ဂျီး... ဂျီး...
ဘုန်း...
လီရှီယုံသည်လည်း မျက်ဖြူလန်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။
နတ်ဘုရားတစ်ပါး၏ လက်ရာသဖွယ် အလွန်လျင်မြန်သော တိုက်ခိုက်မှု ဖြစ်သည်။ ပိုမိုတိကျစွာ ဆိုရလျှင် ဤကတုံးပြောင်အမျိုးသား ကိုင်ဆောင်ထားသော လက်နက် ၏ ပစ်ခတ်နှုန်းနှင့် စွမ်းအားမှာ သာမန်ထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။ ထို့အပြင် သူ လီရှီယုံကို ပစ်ခတ်လိုက်ချိန်၌ သူတို့နှစ်ဦးကြားတွင် ဆယ်မီတာကျော်မျှ ကွာဝေးနေခဲ့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းက ကြောက်ရွံ့မှုများ ရောယှက်နေသော အကြည့်ဖြင့် ဟယ်ဆန်းကို စိုက်ကြည့်လိုက်ကြသည်။ ပထမအကြိမ်က တိုက်ဆိုင်မှုသက်သက်ဆိုလျှင် ယခု ဒုတိယအကြိမ်ကရော မည်သို့နည်း။ ယုံမှားသံသယဖြစ်ဖွယ်မရှိ၊ ဒါက သူ့ရဲ့ အစွမ်းအစ ပဲ။
ရှန်ကွမ်းယွီရှင်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အစပိုင်းက အတူသွားမည့်သူ တစ်ယောက်တိုးလာလျှင် ကောင်းသည် ဟုသာ တွေးထားခဲ့သော်လည်း သူမ လုံးဝ အာရုံမစိုက်ခဲ့သော ဤကတုံးပြောင် အမျိုးသားက ပြဿနာကို ဤမျှလွယ်ကူစွာ ဖြေရှင်းသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ချန်ရှန်ကော်နှင့် ဟယ်ဖေးယွမ်တို့၏ မျက်လုံးများလည်း တောက်ပသွားသည်။ တကယ်ကိုပဲ ဒီလူက လုံးဝ အထင်သေးလို့ရမည့်သူ မဟုတ်ဘူး။
လုဟုန်ရှန်းမှာ လုံးဝ ကြောင်အသွားတော့သည်။ သူက ချူဟန်နှင့် ဟယ်ဆန်းကို တစ်လှည့်စီ ကြည့်ရင်း ငိုချင်စိတ်ပင် ပေါက်လာသည်။ အစပိုင်း ချူဟန်နှင့် တွေ့ဆုံချိန်က သူ၏ ထူးကဲသော အရည်အချင်းကို မမြင်နိုင်ခဲ့ခြင်းမှာ မိမိ၏ မျက်စိလျှင်မှု မရှိခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် ယနေ့တွေ့ဆုံခဲ့သော ဤကတုံးကောင်ကို လွန်ခဲ့သော ခဏလေးကမှ မင်းကို ငါ ကာကွယ်ပေးမယ် ဟု ဝင့်ကြွားစွာ ပြောဆိုခဲ့မိသည် မဟုတ်ပါလား။
‘ငါ့မျက်လုံးတွေက ကန်းနေတာများလား’
"အမလေးဗျာ၊ ကျွန်တော်တော့ တကယ် သေပြီလို့တောင် ထင်လိုက်တာ"
ပတ်ဝန်းကျင်မှ စိုက်ကြည့်နေသော ကြောက်ရွံ့ရိုသေမှု အကြည့်များကို လုံးဝ သတိမထားမိသော ဟယ်ဆန်းက ထပ်မံ၍ အလွန်အကျွံ အော်ဟစ်လိုက်ပြန်သည်။
ထို့နောက် သူ၏ ကြီးမားလှသော မျက်နှာဝိုင်းကြီးကို တွန့်လိမ်ကာ ချူဟန်ရှေ့သို့ ပြေးလာခဲ့သည်။ ချီးကျူးခံချင်လွန်း၍ အမြီးနှံ့နေသော ခွေးပေါက်လေးတစ်ကောင်၏ မျက်နှာမျိုးပင် ဖြစ်သည်။
"အိုင်ဒေါကြီး... အိုင်ဒေါကြီး၊ ဘယ်လိုလဲဗျ။ ကျွန်တော့်ရဲ့ ဒီလက်နက်က ကြမ်းတယ်မလား။ နောက်တစ်ခါ ပစ္စည်းတွေသာ အစုံရရင် ခင်ဗျားအတွက် ဒီထက်မိုက်တဲ့ဟာ လုပ်ပေးဦးမယ်ဗျာ"
ထိုစကားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း ရင်ထဲ၌ ထပ်မံ၍ တုန်လှုပ်သွားကြပြန်သည်။ ချီးကျူးခံချင်နေသော ဤအမူအရာက ဘာကြီးလဲ။ ဤမျှ ကြောက်စရာကောင်းသော အစွမ်းအစရှိသူက မည်သည့်အတွက်ကြောင့် ချူဟန်အပေါ် ဤမျှ ရူးသွပ်စွာ ကြည်ညိုနေရသနည်း။
ချန်ရှောက်ရယ်မှာမူ တစ်ကိုယ်လုံးရှိ အဆီပြင်များ တုန်ခါသွားသည်။ သူ၏ ဘော့စ် ထံသို့ လေးစားအားကျသော အကြည့်များ တလက်လက် တောက်ပလျက် ဖားယားနေသော ထိပ်ပြောင်အမျိုးသား။ လူတိုင်း မနာလိုဖြစ်ရလောက်အောင် နတ်ဘုရားတစ်ပါးကဲ့သို့ သေနတ်ပစ်စွမ်းရည် ပိုင်ဆိုင်ထားသော ဤလူဝကြီးမှာ ယခုအခါ ချူဟန်အပေါ် သူ၏ကြည်ညိုလေးစားမှုသည် အဆုံးစွန်ထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
'ဘော့စ်ကတော့ တကယ်ကို ကြမ်းတာပဲ။ ဒီလိုမျိုး အန္တရာယ်ကောင်ကိုတောင် လုံးဝ ယဉ်ပါးသွားအောင် သိမ်းသွင်းနိုင်ခဲ့တာပဲ'
ချူဟန်၏ မျက်လုံးများက ရုတ်တရက် စူးရှသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။ သူ၏ ရှေ့မှောက်ရှိ ဟယ်ဆန်း ဟူသော အမျိုးသားကို ထပ်မံ၍ အကဲခတ်ကြည့်လိုက်သည်။ မျိုးရိုးနာမည်က ဟယ်၊ နာမည်က ဆန်း။ လက်နက်ထုတ်လုပ်ရာတွင် ကျွမ်းကျင်ပြီး အလွန်မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေး ကို ပိုင်ဆိုင်ထားသည်။
ရုတ်တရက် အသိဝင်သွားကာ ချူဟန်၏ မျက်လုံးများ တောက်ပသွားတော့သည်။
'တကယ်ကြီး သူ့ကိုများ ပြောတာလား'
ချူဟန် အမှတ်တမဲ့ လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ရင်တွင်းမှ လျှံတက်လာသော ပြင်းထန်သည့် ဝမ်းမြောက်မှုကို တည်ငြိမ်သော မျက်နှာဖုံးအောက်တွင် ဖိနှိပ်ထားလိုက်ပြီး ချီးကျူးခံချင်လွန်း၍ အမြီးနှံ့နေသော ဟယ်ဆန်းအား ပြောလိုက်သည်။
"မကြာခင် မင်းအတွက် ဦးထုပ်တစ်လုံး ပြင်ဆင်ပေးရမလား"
"အာ... ဘာလို့လဲဗျ"
ရုတ်တရက် အကြံပြုချက်ကြောင့် ဟယ်ဆန်း ခေါင်းယိမ်းသွားသည်။
"မင်းရဲ့ အဲဒီဉာဏ်ကောင်းတဲ့ ဦးနှောက်က လုံးဝ ထိခိုက်ခံလို့ မဖြစ်လို့လေ"
ချူဟန်က ပြုံးလျက် ပြောလိုက်သည်။
တီ…
[ ဟယ်ဆန်း၏ သစ္စာရှိမှု ၇၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ ]
စနစ်၏ ကြေညာသံက ဦးနှောက်ထဲ၌ ရုတ်တရက် မြည်ဟည်းသွားတော့သည်။
ထိုသို့ ကြားပြီးသည်နှင့် တစ်ပြိုင်နက်...
"ဝါး... အိုင်ဒေါကြီးက သဘောကောင်းလွန်းပါတယ်ဗျာ"
ဟယ်ဆန်းက ပြင်းထန်သော အဟုန်ဖြင့် ချူဟန်၏ ပေါင်ကို ဖက်တွယ်ကာ အော်ဟစ်ငိုကြွေးတော့သည်။
"ကျွန်တော်လေ၊ အခုကစပြီး တစ်သက်လုံး ခင်ဗျားအတွက် ခိုင်းနွားတစ်ကောင်လို အလုပ်အကျွေးပြုပါ့မယ်ဗျာ"
ဟယ်ဆန်းအတွက် သူ၏ တစ်ကိုယ်လုံးတွင် တန်ဖိုးအရှိဆုံးအရာမှာ IQ 250 ရှိသော ဤဦးနှောက်ပင် ဖြစ်သည်။ ချူဟန်၏ ထိုစကားက သူ၏ နှလုံးသားတည့်တည့်သို့ အတိအကျ ထိုးဖောက်ဝင်ရောက်သွားခဲ့ခြင်းပင် ဖြစ်သည်။ စိတ်လှုပ်ရှားမှု မဖြစ်ဘဲ မနေနိုင်တော့ပေ။
ချူဟန် ရင်သပ်ရှုမော ဖြစ်သွားရသည်။
'သေချာပြီ... တကယ်ပဲ ဒီကောင်ပဲ'
လွန်ခဲ့သော ခဏအထိ သံသယဖြစ်နေခဲ့သော်လည်း ဉာဏ်ကောင်းသည် ဟု ချီးကျူးလိုက်ရုံဖြင့် သစ္စာရှိမှု ၁၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားခြင်းက သူ၏ ယူဆချက်ကို အပြည့်အဝ အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။ ချူဟန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ ဉာဏ်နီဉာဏ်နက်ပါသော အပြုံးရိပ်တစ်ခု ပေါ်လာသည်။
နောင်အနာဂတ်ကာလတွင် ဤအမျိုးသား၏ တည်ရှိမှုမှာ အလွန်တရာ ကြီးမားလာပေလိမ့်မည်။ ဟယ်ဆန်း ဟူသော နာမည်ကိုယ်တိုင်က ထိုမျှလောက် ကျော်ကြားလာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခင်ဘဝ ကပ်ဆိုးကာလ၏ ၁၀ နှစ်တာအတွင်း သူ့အား ခေါ်ဝေါ်သော နာမည်မှာ အခြား စာလုံးအချို့ဖြင့် လုံးဝ အစားထိုးခံခဲ့ရသောကြောင့် ဖြစ်သည်။
"မြေလျှိုးမရသော ရွှေခေါင်းလောင်း"
ထိုဘွဲ့နာမည်မှာ ကပ်ဆိုးကာလ၏ ၁၀ နှစ်တာအတွင်း မိုးကြိုးသံကဲ့သို့ ကမ္ဘာတစ်ဝန်းလုံးသို့ ဟိန်းဟောက်သွားလိမ့်မည် ဖြစ်သည်။ နတ်ဘုရားအဆင့် စနိုက်ပါဖြစ်သော ချန်ရှောက်ရယ်နှင့်ပင် ယှဉ်နိုင်လောက်သည့် ကြီးကျယ်ခမ်းနားသော နာမည်ပင် ဖြစ်သည်။
သို့သော် သူ၏ မျက်နှာအစစ်အမှန်ကို မြင်ဖူးသူမှာ လက်တစ်ဆုပ်စာမျှသာ ရှိခဲ့သည်။ ထို့ကြောင့်ပင် ချူဟန်လည်း အစပိုင်းက သူ့ကို မှတ်မိနိုင်ခြင်း မရှိခဲ့ချေ။ ဟယ်ဆန်းသည် မိမိ၏ ဦးခေါင်းကို ပုံမှန်မဟုတ်လောက်အောင် အလွန်အမင်း တန်ဖိုးထားကာကွယ်လေ့ရှိပြီး မည်သည့်နေရာသို့သွားသွား ကြောက်မက်ဖွယ် တိကျမှုဖြင့် ဖန်တီးထားသော ချပ်ဝတ်တန်ဆာအပြည့်အစုံကို ဝတ်ဆင်ကာ ခေါင်းအစ ခြေအဆုံး လုံးဝ ဖုံးကွယ်ထားတတ်သည်။
မဟုတ်သေး၊ ယင်းကို ချပ်ဝတ်တန်ဆာ ဟု ခေါ်ဆိုရန်ပင် မသင့်တော်တော့ချေ။ အကာအကွယ်ပစ္စည်းဖြစ်သကဲ့သို့ တစ်ချိန်တည်းမှာပင် လက်နက်တစ်ခုလည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ အိုင်းယွန်းမန်း (Iron Man) ကို တွေးကြည့်လိုက်လျှင် နားလည်ရ လွယ်ကူပေမည်။ ကောင်းကင်သို့ မပျံသန်းနိုင်သည့်အချက်မှလွဲ၍ ဟယ်ဆန်း၏ ချပ်ဝတ်တန်ဆာ တိုက်ခိုက်ရေးစွမ်းအားမှာ အိုင်းယွန်းမန်း ဝတ်စုံနှင့် ဘာမျှ ကွာခြားမှုမရှိပေ။
ထို့အပြင် ဟယ်ဆန်းသည် ထိုနတ်ဘုရားအဆင့် စနိုက်ပါ ချန်ရှောက်ရယ်၏ လက်ချိုးရေတွက်၍ရသော လုပ်ဖော်ကိုင်ဖက် အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်ခဲ့သည်။ တစ်ယောက်က အလွန်စွမ်းအားကြီးမားသော လက်နက်များကို တီထွင်ထုတ်လုပ်ပြီး နောက်တစ်ယောက်က အသုံးပြုသည်။ အစွမ်းထက်ဆုံး တွဲဖက်များပင် ဖြစ်သည်။
သို့သော် ယခုမူ ထိုရွှေရောင်တွဲဖက် နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း ချူဟန်၏ လက်အောက်သို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ယခင်ဘဝက စစ်တပ်၏ သီးသန့်ဖြစ်ခဲ့သော ပါရမီရှင် နည်းပညာရူးသွပ်သူနှင့် နတ်ဘုရားအဆင့် စနိုက်ပါတို့သည် ဤဘဝတွင် ချူဟန် တစ်ဦးတည်းအတွက်သာ ဓားသွားများ လုံးဝ ဖြစ်လာတော့မည်။
ယခုအချိန်တွင် သူတို့၏ ပါရမီအစအနများကို စတင်ပြသရုံသာ ရှိသေးသော်လည်း တစ်နေ့တွင်မူ သူတို့သည် အထွတ်အထိပ်သို့ တက်လှမ်းသွားမည်မှာ မလွဲဧကန်ဖြစ်ပြီး ချူဟန်အတွက် အကောင်းဆုံးသော ညာလက်ရုံးနှင့် ဘယ်လက်ရုံး ဖြစ်လာကြပေလိမ့်မည်။
"ဒီနှစ်ယောက်ကို ဘယ်လိုလုပ်မလဲ"
ယွီရှင်းက မြေပြင်ပေါ်၌ ပုံကျနေသော ရှောင်မုန့်ချီနှင့် လီရှီယုံတို့ကို လက်ညှိုးထိုးပြလိုက်သည်။
သတိလစ်နေသော မိန်းမနှစ်ယောက်ကို ကြည့်ရင်း သူမ ခေါင်းကိုက်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဟုန်ကို ပိုင်ဆိုင်ထားသော ကိုယ်ကာယအဆင့်မြှင့်တင်သူနှင့် ကိုယ်ရည်ကိုယ်သွေးနှစ်ခွရှိသော ရူးကြောင်ကြောင် မိန်းမ။ ဤကဲ့သို့သော ဗုံးမျိုးကို မည်သူမဆို ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။
"ပစ်ထားလိုက်"
ချူဟန်၏ အသံတွင် မည်သည့် ခံစားချက်မှ ပါဝင်မနေခဲ့ပေ။
ယွီရှင်းက မျက်မှောင်ကြုတ်သွားသော်လည်း နှုတ်ခမ်းကို ဟလိုက်သေးသည်။
"ကျွန်မကို ဆယ်မိနစ်လောက် အချိန်ပေးပါ။ ဘေးကင်းမယ့် နေရာတစ်နေရာရှာပြီး စားစရာ နည်းနည်းပါးပါး ထားခဲ့ပေးချင်လို့ပါ"
ချူဟန် သူမကို မျက်လုံးထောင့်မှ ကြည့်လိုက်ကာ သူ၏ မျက်ဝန်းများထဲတွင် အဓိပ္ပာယ်နက်နဲသော အပြုံးရိပ်တစ်ခု ပေါ်လာ၏။
"သဘောပဲ"
အခန်း (၁၄၂) မင်းတို့ စည်းကျော်သွားပြီ
ယခုအချိန်၌ ကုန်တိုက်၏ ဒုတိယထပ်တွင် ဖြစ်သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်က ထိုအထပ်ကို အနည်းငယ် ကျောချမ်းဖွယ်ရာ အသွင်အပြင်ဖြင့် လင်းထိန်ပေးနေသည်။ လှေကားထစ် အဝင်ဝတွင် ဆူးရှင်းက ရပ်တန့်ကာ ရပ်နေသည်။ အကြောက်တရားကြောင့် သူ၏ ခြေထောက်နှစ်ဖက်စလုံး တုန်ယင်နေသော်လည်း ထွက်ပြေးရန် မကြိုးစားခဲ့ပေ။
သူ၏ မျက်နှာချင်းဆိုင်တွင်တော့ အမျိုးသားခုနစ်ဦး ရပ်နေလေသည်။ သူတို့က မတူညီသော လက်နက်များကို အသီးသီး ကိုင်ဆောင်ထားကြပြီး တိုက်ခိုက်လိုစိတ် ပြင်းပြနေသော အကြည့်များဖြင့် မျက်မှောက်ရှိ ဆူးရှင်းကို စူးစိုက်ကြည့်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မသမာသော အကြည့်များက သူ့နောက်ဘက်သို့ ခိုးကြည့်နေကြသည်။
ရှန်ကျိုတီက ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေသော အနက်ရောင် ဝတ်စုံဖြင့် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုအပြည့်ကို ထုတ်ဖော်ပြသနေသည်။ လော့ရှောင်ရှောင်၏ ချွေးများကို သုတ်ပေးရင်း ရံဖန်ရံခါ ပေါ်လာတတ်သော ကြင်နာယုယသည့် အမူအရာက အမျိုးသားများ၏ အသိတရားကိုပင် ရူးသွပ်သွားစေလောက်အောင် ဆွဲဆောင်မှုရှိနေသည်။
ပိုင်ယွန့်အာကတော့ ယခင်အတိုင်း ဖြူစင်သော ဂါဝန်လေးကို ဝတ်ဆင်ထားဆဲပင် ဖြစ်သည်။ ဖြောင့်တန်းနက်မှောင်နေသော ဆံကေသာက သဘာဝအတိုင်း ကျဆင်းနေပြီး မြင့်မြတ်ကာ အေးစက်သော အငွေ့အသက်များကို ဆောင်ကြဉ်းပေးနေသည်။ နဖူးပေါ်တွင် ဝဲကျနေသော ဆံစများအောက်ရှိ သူမ၏ အလှတရားမှာ တစ်ချက်ကြည့်ရုံဖြင့် မျက်စိမလွှဲနိုင်အောင် လှပလွန်းလှသည်။
တစ်ယောက်က မတ်တပ်ရပ်လျက်၊ တစ်ယောက်က ထိုင်လျက်ဖြင့် လော့ရှောင်ရှောင်၏ ဘေးတွင် ရှိနေကြသော ထိုအလှမယ်နှစ်ဦးသည် မျက်မှောက်တွင် ဖြစ်ပျက်နေသည့် အခြေအနေကို လုံးဝ ဂရုမစိုက်သည့်အလား ရှိနေကြသည်။
"ဆူးရှင်း၊ ငါတို့ သိလာတာလည်း အတန်အသင့် ကြာနေပြီမလား"
ခုနစ်ယောက်ထဲမှ တစ်ယောက်က မျက်နှာပိုးသတ်ကာ ရယ်မောရင်း ဆူးရှင်း၏ ပါးကို ဖြည်းညင်းစွာ ပုတ်လိုက်သည်။
"သတိပေးလိုက်မယ်၊ ဖယ်ပေးစမ်းပါ။ ဘေးကနေ ပွဲကြည့်ချင်ရင်လည်း ကြည့်ခွင့်ပေးမယ်လေ"
"မဖယ်ပေးနိုင်ဘူး"
အကြောက်တရားကြောင့် ခြေထောက်များ တုန်ယင်နေသော်လည်း ဆူးရှင်းက ခေါင်းခါလျက် တစ်လှမ်းမျှ နောက်မဆုတ်ခဲ့ပေ။ ချူဟန်နှင့် ချန်ရှောက်ရယ်တို့ မရှိတော့သည့် ယခုအချိန်တွင် သူတစ်ယောက်တည်းသာ ယောက်ျားသားအဖြစ် ရှိနေသည်။ လုံးဝ နောက်ဆုတ်ပေး၍ မဖြစ်ပေ။
"ဟေ့ကောင် ဆူးရှင်း၊ နည်းနည်းလေး ဉာဏ်ကောင်းတာနဲ့ ဆရာကြီး လုပ်မနေနဲ့" ထိုအမျိုးသား၏ မျက်ဝန်းများတွင် မည်းမှောင်သောအေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။
"ခွန်အားနဲ့ ယှဉ်မယ်ဆိုရင် မင်းက ငါတို့ထဲက ဘယ်သူ့ကိုမှ မယှဉ်နိုင်ဘူးဆိုတာ သိထားစမ်းပါ"
"သိတယ်"
ဆူးရှင်းက စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်သည်။
"ခင်ဗျားတို့ ဒီလိုလုပ်နေတာ ချူဟန် ပြန်လာရင် လက်စားချေခံရမှာ မကြောက်ဘူးလား"
"လက်စားချေမယ် ဟုတ်လား။ ဟားဟားဟား..."
အမျိုးသားများက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ကြသည်။
"ချူဟန် ဘာတွေလုပ်နေလဲဆိုတာတော့ မသိပေမယ့် သူတို့ ဒီလောက်ကြာတဲ့အထိ ပြန်မလာဘူးဆိုတော့ သေချာပေါက် တစ်ခုခုဖြစ်နေလို့ပဲ။ တကယ်လို့ ဘာမှမဖြစ်ခဲ့ဘူးဆိုရင်တောင် သူပြန်မလာခင် ငါတို့က လစ်ပြေးရင် ရနေတာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့အတွက် စိတ်ပူပေးလို့ ကျေးဇူးပဲကွာ"
ခြိမ်းခြောက်မှုက လုံးဝ အရာမထင်ကြောင်း သိလိုက်ရသောအခါ လူငယ်လေး ဆူးရှင်း၏ ရင်ထဲတွင် နက်ရှိုင်းသော အားကိုးရာမဲ့မှုများ ဖြစ်ပေါ်လာတော့သည်။ သူက အမျိုးသမီးနှစ်ယောက်ကိုတောင် မကာကွယ်ပေးနိုင်ဘူးလား။
ဆူးရှင်း၏ ပိန်လှီသော ခန္ဓာကိုယ်ကို လုံးဝ လျစ်လျူရှုကာ အမျိုးသားခုနစ်ဦးက တည့်မတ်စွာ ပြေးဝင်သွားကြသည်။ သူတို့၏ တပ်မက်မှုအပြည့်ပါသော အကြည့်များက ရှန်ကျိုတီနှင့် ပိုင်ယွန့်အာ၏ ခန္ဓာကိုယ်အနှံ့သို့ သွားလာနေကြသည်။ ဤအမျိုးသမီးနှစ်ဦးသည် တကယ့်ကို အဖိုးတန်ရတနာများပင် ဖြစ်သည်။ တစ်ဦးက ဆွဲဆောင်မှုအပြည့်ရှိပြီး အခြားတစ်ဦးက ရေခဲပမာ အေးစက်ကာ ညှို့ဓာတ်ပြင်းလှသည်။
"ရပ်လိုက်... ရပ်လိုက်စမ်း"
ဆူးရှင်းက အသည်းအသန် အော်ဟစ်ရင်း ဘေးနားရှိ ပစ္စည်းများကို ဆွဲယူကာ ထိုခုနစ်ဦးဆီသို့ ပစ်ပေါက်လိုက်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အမင်း နည်းပါးလွန်းလှသည်။ လုံးဝ နောက်တန်း အထောက်အကူပြု လူတစ်ယောက်ဖြစ်သော သူ့အတွက် ပစ္စည်းများကို အဝေးသို့ ပစ်နိုင်စွမ်းပင် မရှိသဖြင့် လုံးဝ မထိမှန်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုလူများက ဤမြင်ကွင်းကိုကြည့်ကာ လူရွှင်တော်တစ်ဦးကို မြင်လိုက်ရသည့်အလား လှောင်ပြောင်ရယ်မောနေကြသည်။
ထိုလူများက ရိုင်းစိုင်းစွာ ရယ်မောရင်း ဘောင်းဘီခါးပတ်ကို ကိုင်ကာ တဖြည်းဖြည်း တိုးကပ်လာချိန်မှာပင်။ ပိုင်ယွန့်အာက ရုတ်တရက် ရှည်လျားသော ဆံပင်များကို ညင်သာစွာ သပ်တင်လိုက်သည်။ အနည်းငယ် ကျဉ်းမြောင်းသွားသော လှပသည့် မျက်ဝန်းများတွင်တော့ စိတ်ကူးယဉ်ဆန်ဆန် အလင်းရောင်များ တောက်ပနေသည်။ သွယ်လျသော လက်ချောင်းလေးများမှာ အနုပညာလက်ရာတစ်ခုပမာ အသက်ရှုမှားလောက်အောင် လှပလွန်းလှသည်။
"အရမ်းမိုက်တာပဲကွာ"
အမျိုးသားများမှာ စိတ်လှုပ်ရှားမှုကြောင့် နှာခေါင်းများ ပွလာကာ ခြေလှမ်းများကို ပိုမိုမြန်ဆန်လိုက်ကြသည်။
လော့ရှောင်ရှောင်၏ ဘေးတွင် ထိုင်နေသော ရှန်ကျိုတီမှာ မျက်နှာကိုပင် မမော့လာဘဲ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။
"မြန်မြန်ပြေး"
ဆူးရှင်းက အော်ဟစ်လိုက်သည်။
"လော့ရှောင်ရှောင်ကို ခေါ်ပြီး ပြေးကြတော့"
သို့သော် သူ၏ သနားစရာကောင်းသော အသံကြီး ဆုံးသည်နှင့် တစ်ပြိုင်နက် ပိုင်ယွန့်အာ၏ သီးသန့်ဖြစ်သော ရေခဲပမာ အေးစက်လှသည့် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ရှင်တို့ စည်းကျော်သွားပြီ"
အရိုးထဲထိတိုင် အေးစက်သွားစေသော အသံကို ကြားလိုက်ရသော်လည်း ထိုလူများမှာ အန္တရာယ်ကို သတိမထားမိသည့်အပြင် သူမ ဘာပြောလိုက်သည်ကိုပင် ဂရုမစိုက်ဘဲ တစ်ပြိုင်နက်တည်း ခုန်အုပ်လိုက်ကြသည်။
ရွှစ်...
ပိုင်ယွန့်အာ၏ လှပသော မျက်ဝန်းများတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ နတ်ဘုရားများပင် မနာလိုဖြစ်ရလောက်အောင် လှပသော လက်တစ်ဖက်က လေထဲတွင် ဖြန့်ကားသွားသည်။ ပြတင်းပေါက်မှ ဖြာကျနေသော လရောင်အောက်တွင် သေသပ်လှပသော လက်သည်းလေးများက ငွေရောင်အလင်းတန်းများကို ဖြာထွက်နေသည်။
ဗျစ်...
ပေါ့ပါးသော အသံလေးနှင့်အတူ သွေးများက လေထဲတွင် လွင့်စင်သွားသည်။
လည်ချောင်းကို ဖျက်ဆီးလိုက်ပြီ။ အရိုးကို ဖြတ်တောက်လိုက်ပြီ။
ရှပ်... ဗျစ်.....
လည်ပင်းများ တစ်ခုပြီးတစ်ခု ပြတ်တောက်သွားကာ ဦးခေါင်းများ အဆက်မပြတ် လွင့်စင်သွားကြသည်။ အလွန်တရာ တိုက်ရိုက်ဆန်ပြီး အလွန်တရာ ကြမ်းတမ်းလှသော သွေးထွက်သံယို မြင်ကွင်းကြီးပင် ဖြစ်သည်။
နှင်းပွင့်များထက် ဖြူစင်သော ဝတ်စုံလေး။ မြေပြင်ကို ညင်သာစွာ ထိတွေ့နေသော ခြေဖျားလေးများက သူမ၏ လက်နှစ်ဖက်နည်းတူ အနုပညာဆန်သော အလှတရားများဖြင့် ပြည့်နှက်နေသည်။ အမျိုးသားခုနစ်ဦးကြားတွင် လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားနေသော သူမ၏ ပုံစံမှာ သက်ပြင်းချရလောက်အောင် နူးညံ့ပျော့ပျောင်းနေပြီး လူသားများထက် သာလွန်သော ပေါ့ပါးမှုမျိုး ရှိနေသည်။
လော့ရှောင်ရှောင်နှင့် သုံးမီတာမျှသာ ကွာဝေးသော နေရာတွင် သွေးစွန်းနေသော မြင်ကွင်းက မျက်စိတစ်မှိတ်အတွင်း ပြန့်နှံ့သွားတော့သည်။ အဝေးမှ ဆူးရှင်းမှာ လုံးဝ ဆွံ့အမှင်သက်နေပြီး ပစ်ပေါက်ရန် ဆုပ်ကိုင်ထားသော သစ်သားတုံးလေးမှာ ချလွမ်ခနဲ အသံမည်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဆယ်စက္ကန့်ပင် မပြည့်သေးချေ။ စောစောကတင် ရောင့်တက်နေခဲ့ကြသော အမျိုးသားခုနစ်ဦးမှာ ရုတ်တရက် အသက်မဲ့နေသော အလောင်းခုနစ်လောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပိုင်ယွန့်အာ မည်သို့ လှုပ်ရှားသွားသည်ကိုပင် သေသေချာချာ မမြင်လိုက်ရပေ။
"ပြောပြီးသားပဲလေ"
စက္ကန့်ပိုင်းအတွင်း လူခုနစ်ယောက်ကို အဆုံးစီရင်ခဲ့သော ပိုင်ယွန့်အာက အလောင်းများကို ညင်သာစွာ ကျော်ဖြတ်သွားသည်။ သူမ၏ အသံမှာ ရေခဲပမာ အေးစက်နေဆဲပင် ဖြစ်သည်။
"ရှင်တို့ စည်းကျော်သွားပြီလို့"
ဖြူစင်သော ဂါဝန်လေးပေါ်တွင် ဖုန်တစ်စက်မျှပင် တင်ကျန်မနေခဲ့ချေ။ သွယ်လျသော လက်သည်းထိပ်လေးများမှသာ သွေးစက်များ တောက်တောက်ကျလျက် ရှိသည်။ ထိုနီရဲရင့်မှောင်နေသော သွေးစက်များက ကြမ်းပြင်ပေါ်တွင် ကြက်သီးထဖွယ်ကောင်းသော သွေးရောင်ပန်းပွင့်များကို တစ်ပွင့်ပြီးတစ်ခု ဖန်တီးပေးနေသည်။
လူသတ်ခြင်း။ ထိုလုပ်ရပ်လေး တစ်ခုတည်းကပင် သက်ရှိအားလုံးကို ရင်ခုန်သွားစေလောက်အောင် လှပလွန်းနေခဲ့သည်။
ဘုန်း...
ဆူးရှင်းမှာ ခြေခွေကျသွားကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။ မျက်မှောက်တွင် ဖြစ်ပျက်သွားသော မယုံနိုင်စရာ မြင်ကွင်းကြီးနှင့် ထူးဆန်းလှသော အလှတရားများ ပြည့်နှက်နေသည့် ထိုမြင်ကွင်းကိုသာ မှင်သက်စွာ ငေးကြည့်နေမိတော့သည်။
အစမှ အဆုံးတိုင်အောင် ရှန်ကျိုတီက မျက်မှောက်တွင် ဖြစ်ပျက်သွားသော သွေးထွက်သံယို ကိစ္စများကို လုံးဝ ဂရုမစိုက်ဘဲ လော့ရှောင်ရှောင်ကို ပြုစုစောင့်ရှောက်ရန်သာ အာရုံစိုက်နေခဲ့သည်။ ပိုင်ယွန့်အာက လူခုနစ်ယောက်ကို အလွယ်တကူ ရှင်းလင်းပြီးနောက် မူလနေရာသို့ ပြန်လာကာ နံရံကို မှီလိုက်ချိန်မှသာ သူမက ခေါင်းမော့ကာ တစ်ချက် ကြည့်လိုက်သည်။
"ပထမအဆင့် ဖြစ်သွားပြီလား"
ပိုင်ယွန့်အာက ခေါင်းစောင်းကာ သူမကို တစ်ချက်သာ ကြည့်လိုက်ပြီး တိတ်ဆိတ်နေလိုက်သည်။
ရှန်ကျိုတီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး စိတ်ဝင်စားမှုမရှိဟန်ဖြင့် စကားတစ်ခွန်းသာ ချီးကျူးလိုက်သည်။
"မဆိုးဘူးပဲ"
"နင်လည်း ငါ့လိုပါပဲ... "
ပိုင်ယွန့်အာက ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
ပိုင်ယွန့်အာ ဆင့်ကဲပြောင်းလဲသူ ဖြစ်လာရန်မှာ အချိန်ပိုင်း ကိစ္စသာ ဖြစ်ကြောင်း ရှန်ကျိုတီ လုံးဝ သံသယမရှိခဲ့ပေ။ သူမ ဤမျှလောက် တည်ငြိမ်နေနိုင်ခြင်းမှာ သာမန်လူအခြေအနေတွင်ပင် ပိုင်ယွန့်အာသည် ထိုလူခုနစ်ယောက်ကို အလွယ်တကူ ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သိထားသောကြောင့် ဖြစ်သည်။ အဆင့်တက်သွားခြင်းက လူသတ်သည့် ဟန်ပန်များကို ပိုမို သပ်ရပ်သွားစေပြီး သဘာဝတရားနှင့် ပိုမို နီးကပ်သွားစေခြင်းသာ ဖြစ်သည်။
ဤမျှလောက် လှပသော အမျိုးသမီးကို တွေ့လျှင် မည်မျှများပြားသော အမျိုးသားများက အရူးအမူး ဝိုင်းအုံလာကြမည်နည်း။ ထို့အပြင် သူမက နောက်ဆုံးတွင် မည်သူ့လက်အောက်၌ ကျေကျေနပ်နပ် ခေါင်းငုံ့ခံမည်နည်း။
ရုတ်တရက် ချူဟန် ဟူသော အမည်က ဦးနှောက်ထဲတွင် ဖြတ်ပြေးသွားပြီး ရှန်ကျိုတီ၏ မျက်ဝန်းများက အနည်းငယ် မှိုင်းညို့သွားသည်။
ကြည့်ရသည်မှာ အင်အားကြီးမားသော အချစ်ပြိုင်ဘက် တစ်ယောက် တိုးလာပုံရသည်။
ယခုအချိန်တွင် မဟုတ်သေးလျှင်တောင်မှ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သေချာပေါက် ဖြစ်လာလိမ့်မည်။
ချူဟန်... သူသည် မဖြစ်နိုင်သော အံ့ဖွယ်များကို ဖန်တီးနိုင်သည့် အမျိုးသား ဖြစ်နေသည် မဟုတ်ပါလား။
တစ်ဖက်တွင် အဝေးမှ ဆူးရှင်းမှာ လွန်ခဲ့သော အချိန်ကတည်းက အကြောက်တရားကြောင့် လုံးဝ ဆွံ့အမှင်သက်နေခဲ့ပြီ ဖြစ်သည်။ သူ့ထက်ပင် သေးသွယ်သော လက်မောင်းများကို ပိုင်ဆိုင်ထားသည့် ပိုင်ယွန့်အာကို တုန်ယင်သော မျက်ဝန်းများဖြင့် ကြည့်နေမိသည်။ ဤအမျိုးသမီးက ခွန်အားကြီးမားသော အမျိုးသားခုနစ်ဦးကို ဤမျှလွယ်ကူစွာ ရှင်းလင်းပစ်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ခဲ့ချေ။ ရိုးရိုးရှင်းရှင်း ရှင်းလင်းပစ်လိုက်ခြင်း မဟုတ်ဘဲ ထိုလူများ၏ လည်ပင်းများကို လက်ချည်းသက်သက်ဖြင့် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
‘တကယ့်ကို ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ မိန်းမပဲ’
သို့ရာတွင် ပြဿနာမှာ ဤမျှလောက် ကြောက်လန့်နေသော်လည်း ဆူးရှင်းသည် သူမကို လုံးဝ မုန်းတီး၍ မရနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဤအမျိုးသမီး၏ လူသတ်နေသည့် ပုံစံက ကျိန်ဆဲချင်စရာကောင်းလောက်အောင် လှပလွန်းနေခဲ့သည် မဟုတ်ပါလား။
ပိုင်ယွန့်အာနှင့် ချူဟန်တို့၏ ဆက်ဆံရေးအကြောင်းကို အသေအချာ မသိရှိသော ဆူးရှင်းမှာ မျက်စိတစ်မှိတ်အတွင်း ချူဟန်အပေါ် ကြည်ညိုလေးစားမှုများ ပိုမို နက်ရှိုင်းသွားတော့သည်။
'တကယ့်ကို ငါတို့ရဲ့ ဘော့စ်ပဲ။ ဒီလို ဘီလူးမကြီးမျိုးကိုတောင် ကျိုးနွံသွားစေရုံတင်မကဘဲ ဘော့စ်ရဲ့အနောက်မှာ အစွယ်ကျိုးသွားသလို ငြိမ်ကုပ်နေအောင်ပါ လုပ်ထားနိုင်တာ တကယ်ကို လေးစားစရာပဲ'
ချူဟန်တို့ စူပါမားကတ်သို့ ပြန်လည်ရောက်ရှိလာချိန်ရှိ မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားသည်ဆိုသော စကားတစ်ခွန်းတည်းဖြင့်ပင် ပြည့်စုံလုံလောက်နေပေသည်။
လူအုပ်ကြီးက သူ့ကို အလယ်တွင် ဝန်းရံလျက် ခန့်ညားထည်ဝါသော ခြေလှမ်းများဖြင့် တက်လှမ်းလာကြသည်။ ဘယ်ဘက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ သေနတ်ပစ်စွမ်းရည်ရှိသော ချန်ရှောက်ရယ် ရှိပြီး ညာဘက်တွင်ကား အမည်မသိလက်နက်ကို ကိုင်ဆောင်ထားသော ဟယ်ဆန်း ရှိနေ၏။ နောက်ကျောဘက်၌မူ အောင်ပွဲခံထားရသူများပမာ စိတ်အားထက်သန်နေကြသော လူတစ်စုက လိုက်ပါလာသည်။ မည်သို့ပင် ကြည့်စေကာမူ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းနှင့်သာ တူနေတော့သည်။
ပထမထပ်ရှိ အသက်ရှင်ကျန်ရစ်သူများသည် ပင့်ကူပေါက်စလေးများ လူစုကွဲသွားသကဲ့သို့ အခန်းထောင့်များဆီသို့ အလုအယက် ထွက်ပြေးပုန်းအောင်းသွားကြပြန်သည်။ ထိုကြောက်မက်ဖွယ် ဖိအားကြောင့် အကြောက်လွန်ကာ မလှုပ်ရဲတော့ချေ။
ချူဟန်က သူတို့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဂရုမစိုက်ဘဲ ဒုတိယထပ်သို့ တန်းတန်းမတ်မတ် တက်သွားလေသည်။ ဇနီးနှင့် ကလေးတို့နှင့် ပြန်လည်ဆုံတွေ့ရ၍ ဝမ်းသာအားရ ပြေးထွက်သွားသော ကျန်းဇိုမှလွဲ၍ အခြားသူများအားလုံး ချူဟန်၏နောက်သို့ လိုက်ပါသွားကြသည်။
ထိုအချိန် ဒုတိယထပ်တွင်ကား ဆူးရှင်း တစ်ယောက် ပြန့်ကျဲနေသော အလောင်းများကို သစ်သားပြားများပေါ်သို့ စုပုံကာ ရှင်းလင်းရန် ပြင်ဆင်နေလေသည်။
ထိုစဉ် ချူဟန်တို့အဖွဲ့ ရုတ်တရက် တက်လာကြသဖြင့် မူလကတည်းက ကြောက်လန့်နေသော ဆူးရှင်းမှာ သူတို့၏ သတ်ဖြတ်လိုသော အငွေ့အသက်များကြောင့် သတိလစ်မတတ် ဖြစ်သွားရ၏။
"ဟာ ဘာလို့ အလောင်းတွေ ဒီလောက်များနေရတာလဲ" ဟယ်ဖေးယွမ်က အလန့်တကြား အော်လိုက်သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
"ငါတို့ မရှိတုန်းကို အခွင့်ကောင်းယူပြီး တစ်ယောက်ယောက်ကများ လာတိုက်ခိုက်သွားတာလား" ချန်ရှန်ကော်၏ မျက်နှာထက်တွင်လည်း ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေ၏။
"သတ်ပစ်မယ်။ ရန်သူတွေ ကျန်နေသေးလား" လုဟုန်ရှန်းမှာမူ အင်္ကျီလက်ကို ပင့်တင်လိုက်ကာ တိုက်ခိုက်ရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုသုံးယောက်၏ ခြိမ်းခြောက်မှုကြောင့် ဆူးရှင်းမှာ ထပ်မံ၍ ကြောက်ရွံ့တုန်လှုပ်သွားရသည်။ ကြောင်အမ်းအမ်းဖြင့် ခေါင်းကိုသာ ခါရမ်းနိုင်တော့ပြီး အကူအညီတောင်းသည့်အလား ချူဟန်ကို လှမ်းကြည့်လိုက်၏။
သို့သော် ချူဟန်ကိုယ်တိုင်ကမူ ထူးခြားစွာ ခံစားရခြင်း မရှိပေ။ ဤကပ်ဆိုးကမ္ဘာတွင် လူသေခြင်းဆိုသည်မှာ နေ့စဉ် ကြုံတွေ့နေရသော သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်သောကြောင့်တည်း။
အကြောင်းအရင်းကိုပင် မမေးဘဲ သူက ဆူးရှင်းအား အထင်ကြီးသွားသည့်အလား ခေါင်းညိတ်ပြလိုက်သည်။ "မင်း သတ်လိုက်တာလား"
"မ.. မဟုတ်ပါဘူးဗျ" ဆူးရှင်းက ကပျာကယာ ခေါင်းခါပြလိုက်ပြီး နံရံကိုမှီကာ မျက်လုံးမှိတ်ထားသော ပိုင်ယွန့်အာအား တိုးတိတ်စွာ လက်ညှိုးထိုးပြလိုက်သည်။
"ဒီကောင်မလေးကလား" စစ်ပွဲအတွေ့အကြုံရင့်ကျက်သော စစ်မှုထမ်းဟောင်း ဟယ်ဖေးယွမ်မှာ အံ့အားသင့်သွားတော့သည်။
"ဟေ့ကောင်လေး.. ပေါက်ကရတွေ လျှောက်မပြောနဲ့နော်" လုဟုန်ရှန်းက အစကတည်းက လုံးဝမယုံကြည်သော အမူအရာဖြင့် ဆိုသည်။ ထိုမျှ သေးသွယ်နုနယ်သော မိန်းမငယ်လေးတစ်ဦးက အလောင်းများကိုမြင်ပြီး ငိုမယိုဘဲ နေနိုင်ခြင်းကပင် ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်နေပါလျက် သူမကိုယ်တိုင် သတ်ဖြတ်ခဲ့သည်ဆိုခြင်းမှာ လုံးဝ ဖြစ်နိုင်ခြေမရှိပေ။
ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့ကမူ အတွေးနက်နေသော အကြည့်များဖြင့် ပိုင်ယွန့်အာကို လှမ်းကြည့်လိုက်ကြသည်။
မိန်းမငယ်လေးသည် လော့ရှောင်ရှောင်၏ ဘေးကပ်လျက်တွင် ရပ်နေ၏။ တစ်ဖက်မှလည်း ရှန်ကျိုတီက နေရာမှထကာ သူတို့ဆီသို့ လျှောက်လာနေလေသည်။
"တကယ်ပြောတာပါဗျာ" ဆူးရှင်းက ငိုမဲ့မဲ့မျက်နှာဖြင့် အသနားခံလိုက်သည်။ ခုနက မြင်ကွင်းကို ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းမတင်ထားခဲ့မိသည်ကို သူ သေမတတ် နောင်တရနေမိ၏။ ထိုမြင်ကွင်းမှာ ဂန္ထဝင်မြောက်သည်ဟု ခေါ်ဆိုထိုက်သော အလွန်အမိုက်စား ပြကွက်တစ်ခု ဖြစ်ခဲ့သည်လေ။
"ပြန်လာပြီလား" အနားသို့ လျှောက်လာသော ရှန်ကျိုတီက ချူဟန်ကို ပြုံးပြလိုက်သည်။ သူမ၏ အကြည့်များက အရင်နှင့်မတူဘဲ အနည်းငယ် ကွဲပြားနေ၏။ တွက်ကပ်တတ်သော အရိပ်အယောင်များ လျော့ပါးသွားပြီး နူးညံ့သိမ်မွေ့သော ခံစားချက်များက နေရာယူလာခဲ့သည်။
ချူဟန်က ရှန်ကျိုတီအား ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ပိုင်ယွန့်အာက သူတို့ကို သတ်ဖြတ်ခဲ့ခြင်းမှာ ချူဟန်၏ ခန့်မှန်းချက်ဘောင်အတွင်း၌သာ ရှိနေခဲ့၏။
သို့သော် ရှန်ကွမ်းယွီရှင်းမှာမူ မျက်မှောက်ရှိ မြင်ကွင်းကြောင့် လုံးဝ စကားဆွံ့အနေခဲ့သည်။
အမျိုးသမီး စစ်ဆရာဝန်ဖြစ်သော သူမသည် အလောင်းခုနစ်လောင်း၏ လည်ပင်းရှိ ပြတ်ရှဒဏ်ရာများကို ကြည့်ကာ အံ့သြတုန်လှုပ်စွာ မျက်လုံးပြူးသွားတော့သည်။ ထို့နောက် ရုတ်တရက် ရှေ့တစ်လှမ်းတိုးကာ အလောင်းများကို သေချာစွာ စစ်ဆေးကြည့်ရှုပြီး တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ဒါ.. ဒါက ဓားဒဏ်ရာတွေ မဟုတ်ဘူး။ သားရဲတစ်ကောင်ရဲ့ လက်သည်းတွေ ဒါမှမဟုတ် လက်ချောင်းတွေနဲ့တင် တိုက်ရိုက် ဆွဲလိမ်ဖြတ်တောက်ခံထားရသလိုပဲ.. လူသားတစ်ယောက်ရဲ့ လက်ရာလို့ မထင်ရဘူး"
သူမသည် စစ်ဆရာဝန်တစ်ဦးဖြစ်ပြီး လူ့ခန္ဓာကိုယ်အကြောင်းကို ကောင်းစွာ နားလည်ကျွမ်းကျင်သူ ဖြစ်သည်။ သူမ၏ စကားကြောင့် ချန်ရှန်ကော်၊ ဟယ်ဖေးယွမ်နှင့် အခြားသူများအားလုံး ချက်ချင်းပင် ကျောချမ်းသွားကြတော့သည်။
ထိုအခါ ရှန်ကျိုတီက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "လူသားတစ်ယောက်ရဲ့ လက်ရာဆိုတာ သေချာပါတယ်။ ပိုင်ယွန့်အာ သတ်လိုက်တာလေ"
ထိုပေါ့ပေါ့ပါးပါး စကားတစ်ခွန်းကြောင့် လူအားလုံး၏ အကြည့်များက နံရံကိုမှီနေသော ပိုင်ယွန့်အာထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။ မျက်လုံးကိုမှိတ်ထားပြီး အန္တရာယ်ရှိမည့် အရိပ်အယောင်လေးမျှပင် မရှိသော ထိုမိန်းမငယ်လေးက ဤကဲ့သို့ ကြောက်မက်ဖွယ် သွေးထွက်သံယိုမှုကို တကယ်ပဲ ကျူးလွန်ခဲ့တာလား။ လုံးဝ မဖြစ်နိုင်ဘူး။
လူတိုင်း၏ ထူးဆန်းသော အကြည့်များကို ခံစားမိသွား၍လားမသိ၊ ပိုင်ယွန့်အာက သူမ၏ မျက်လုံးအစုံကို တိတ်ဆိတ်စွာ ဖွင့်လိုက်သည်။
သူမ၏ အကြည့်များက လူအုပ်ကြီးကို ဖြတ်ကျော်ကာ ချူဟန်ထံသို့သာ တည့်မတ်စွာ ကျရောက်သွား၏။ အခြားသူများကိုမူ တစ်ချက်လေးမျှပင် လှည့်မကြည့်ချေ။ အဘယ်ကြောင့်ဆိုသော် ဤအဖွဲ့ထဲတွင် သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သူမှာ ချူဟန် တစ်ဦးတည်းသာ ရှိသောကြောင့်ပင်တည်း။
ပိုင်ယွန့်အာ၏ ထိုအကြည့်ကြောင့် လူတိုင်း နှလုံးသားကို ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ အသက်ရှူမှားသွားကြသည်။ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသော အေးစက်စက် ခံစားချက်တစ်ခုနှင့်အတူ အလိုအလျောက် နောက်ဆုတ်သွားချင်စိတ် ပေါက်သွားစေမည့် ကြီးမားလှသော ဖိအားကြီးတစ်ခုပင်။
သို့သော် ချူဟန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူက လုံးဝ သက်ရောက်မှုရှိဟန် မပေါ်ဘဲ နေ့စဉ်နှုတ်ဆက်နေကျအတိုင်း သူမကို ခေါင်းတစ်ချက် ပြန်လည်ညိတ်ပြလိုက်ရုံမျှသာ ဖြစ်သည်။
မိန်းမငယ်လေးသည် မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်ပြီး ပတ်ဝန်းကျင်၏ အခြေအနေနှင့် လေထုကို အနည်းငယ်မျှ ဂရုစိုက်သော အရိပ်အယောင်ပင် မပြတော့ချေ။
လုဟုန်ရှန်း၏ ရင်ထဲတွင် 'ကျစ်' ဟူသော ကျိန်ဆဲသံတစ်ခု အလိုအလျောက် ထွက်ပေါ်လာ၏။ မိမိ၏ အကဲခတ်ညံ့ဖျင်းမှုကို ထပ်မံ၍ သိမြင်လိုက်ရသောကြောင့်ပင်။
အခြားသူများ၏ မျက်နှာပေါ်တွင်လည်း သတိထားစောင့်ကြည့်နေသော အရိပ်အယောင်များ ပေါ်လွင်နေကြသည်။ မည်သူက လက်စားချေခဲ့သည်ဖြစ်စေ ဤအဖွဲ့ထဲတွင် ချူဟန်မှလွဲ၍ အခြား ကြောက်မက်ဖွယ် မိစ္ဆာကောင်များ ရှိနေသေးသည်ဟူသော အချက်ကို သက်သေပြလိုက်ခြင်းပင်။ သို့သော် အားလုံးထက် ပို၍ ကြောက်စရာကောင်းသည့်အချက်မှာ ထိုကဲ့သို့သော မိစ္ဆာကောင်များပင်လျှင် ချူဟန်ကိုသာ သူတို့၏ ခေါင်းဆောင်အဖြစ် လုံးဝ အသိအမှတ်ပြုထားကြခြင်း ဖြစ်သည်။
အသက်အကြီးဆုံးဖြစ်သော ဟယ်ဖေးယွမ်သည် ရုတ်တရက် အလိုအလျောက် သိမြင်မှုတစ်ခုကို ရရှိသွား၏။ 'ချူဟန်' ဟူသော အမျိုးသား၏ နာမည်သည် ဤကပ်ဆိုးကမ္ဘာကြီးတွင် ဧကန်မလွဲ ကြီးမားလှသော အလင်းရောင်များ ဖြာထွက်လာမည့် တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်ဟူ၍ပင်တည်း။
ကပ်ဆိုးကမ္ဘာ၏ ညကောင်းကင်ယံသည် ယခင်ယဉ်ကျေးမှုခေတ်နှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။ လရောင်သည် ငွေရောင်စစ်စစ်မဟုတ်ဘဲ သွေးကဲ့သို့ အနီရောင်သန်းနေခြင်း ဖြစ်၏။ ထို့အပြင် လေထုထဲတွင်လည်း တိုးတခါ ဆုတ်တလှည့် ဖြစ်နေသော သွေးညှီနံ့များနှင့် ပုပ်သိုးနံ့များက အစဉ်အမြဲ လွင့်ပျံနေတတ်သည်။
အသက်ဆယ့်ငါးနှစ်အရွယ် မိန်းကလေး လီရှီယုံသည် ဝေဝေဝါးဝါးဖြင့် နိုးထလာခဲ့သည်။ ပြတင်းပေါက်မှ ဖြာကျနေသော အနီရောင် လရောင်အောက်တွင် သူမက မျက်လုံးများကို ပွတ်သပ်လျက် ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ချူဟန် ခွေးကောင် ဘယ်ရောက်နေလဲ"
ထိုနေရာကား ထောင့်စေ့အောင် သန့်ရှင်းရေးလုပ်ထားသော သပ်ရပ်သည့် အခန်းတစ်ခန်း ဖြစ်သည်။ ရှောင်မုန်းချီသည် သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားကာ ပြတင်းပေါက်ဘောင်ကို မှီထား၏။ ရေချိုးပြီးခါစဖြစ်၍လားမသိ၊ သူမ၏ ဆံပင်များဆီမှ ရေစက်များ တောက်တောက်ကျနေပြီး အပြင်ဘက်ရှိ တစ်စုံတစ်ရာကို စိုက်ကြည့်နေသည်။
အကယ်၍ ရှန်ကွမ်းယွီရှင်းတို့သာ ဤနေရာတွင် ရှိနေမည်ဆိုပါက နှလုံးရပ်မတတ် အံ့အားသင့်သွားကြမည်မှာ သေချာလှ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် သူတို့ ရှောင်မုန်းချီနှင့် လီရှီယုံတို့ကို နေရာချထားပေးခဲ့သော နေရာနှင့် လုံးဝ ကွဲပြားခြားနားသော အခန်းတစ်ခန်း ဖြစ်နေသောကြောင့်ပင်။
"ဟဲ့.. စကားပြောတာ ဆင်ခြင်စမ်း" ရှောင်မုန်းချီက မေတ္တာအပြည့်ပါသော မျက်လုံးများဖြင့် အပြစ်တင်ရင်း မိန်းကလေးကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာထားမှာ အလွန်တရာ နူးညံ့သိမ်မွေ့နေပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည်ဆိုသည်ကို အနည်းငယ်မျှပင် ရိပ်မိစေမည် မဟုတ်ချေ။
" 'အစ်ကိုကြီး' လို့ ခေါ်စမ်း"
"အာ.. ဟုတ်သားပဲ" အလားတူ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော လီရှီယုံက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ "ဒါဆို အစ်ကိုကြီးက ဘယ်မှာလဲ"
"ဈေးဝယ်ထွက်သွားတယ်။ မကြာခင် ပြန်လာပြီး နင့်အတွက် ကြက်စွပ်ပြုတ် အထူးချက်ပေးလိမ့်မယ်" ရှောင်မုန်းချီ၏ ကိုယ်ရည်ကိုယ်သွေးများ ကွဲပြားနေမှုမှာ နတ်ဝင်ပူးနေသည့်အလား အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဝါး... အရမ်းကောင်းတာပဲ" လီရှီယုံဘက်ကလည်း ယခုကမ္ဘာကြီးမှာ ကပ်ဆိုးကျရောက်နေသည့် အချိန်ဖြစ်ကြောင်းနှင့် ဤသန်းခေါင်ယံအချိန်တွင် ဈေးဝယ်ရန် နေရာရှိပါ့မလား ဟူသော သံသယကိုပင် မဖြစ်မိဘဲ အပြစ်ကင်းစင်စွာဖြင့် မေးလိုက်သည်။
"ဒါနဲ့ နင် ဘယ်အချိန်ကတည်းက နိုးနေတာလဲ" ရှောင်မုန်းချီ၏ နှုတ်ခမ်းထောင့်များက ဖြည်းညင်းစွာ တွန့်ကွေးသွား၏။ "ငါက အစကတည်းက သတိလစ်မသွားခဲ့ပါဘူး"
ကပ်ဆိုးကာလ၏ ညအချိန်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ ချူဟန်အတွက် ညဘက် ကင်းစောင့်ခြင်းမှာ မရှိမဖြစ် လိုအပ်သော တာဝန်တစ်ခု ဖြစ်၏။ ယနေ့ည ကင်းစောင့်ရမည့်သူများမှာ သူနှင့် စစ်မှုထမ်းဟောင်း ဟယ်ဖေးယွမ်တို့ နှစ်ဦးတည်း ဖြစ်သည်။
စူပါမားကတ် ဝင်ပေါက်တွင် ထိုင်နေကြသော သားအဖအရွယ်မျှ ကွာဟသည့် အမျိုးသားနှစ်ဦးသည် စကားတစ်ခွန်းမျှ မဟကြဘဲ အနီရောင် လရောင်အောက်တွင် ညအချိန်ကို တိတ်ဆိတ်စွာ ကုန်ဆုံးနေကြသည်။
မိုးလင်းလုနီးပါး အချိန်သို့ရောက်သော် ချူဟန်သည် တစ်နေရာမှ ထုတ်ယူလိုက်သော စီးကရက်ဘူးထဲမှ တစ်လိပ်ကို ဆွဲထုတ်ကာ ဟယ်ဖေးယွမ်ထံသို့ ကမ်းပေးလိုက်သည်။ "သောက်မလား"
ချူဟန်သည် ဤစစ်မှုထမ်းဟောင်းအပေါ် အနည်းငယ်မျှပင် မုန်းတီးရွံရှာစိတ် မရှိပေ။ မိမိက သူဦးဆောင်သော အဖွဲ့မှ လူအများအပြားကို သတ်ဖြတ်ခဲ့ပြီး သက်ညှာမှုကင်းမဲ့စွာ ဆက်ဆံခဲ့သော်လည်း ဤစစ်မှုထမ်းဟောင်းက ချူဟန်အပေါ် 'သစ္စာရှိမှု ၂၀ ရာခိုင်နှုန်း' ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဤအချက်တစ်ချက်တည်းနှင့်ပင် ချူဟန်က ဟယ်ဖေးယွမ်ကို အထင်ကြီးလေးစားမိသွားခဲ့၏။
သူတစ်ပါးအပေါ် ကောင်းမွန်လွန်းသည့် အားနည်းချက်ရှိသော်လည်း အဆိုးအကောင်းကိုပင် မခွဲခြားနိုင်သော လူမိုက်တစ်ဦး မဟုတ်ကြောင်း သက်သေပြနေသောကြောင့် ဖြစ်သည်။
"ဟီးဟီး..." ဟယ်ဖေးယွမ်က ပြုံးရွှင်စွာ ရယ်မောလိုက်သည်။ စီးကရက်တစ်လိပ်က သူတို့နှစ်ဦးကြားရှိ အနေရခက်သော လေထုကို ချက်ချင်းပင် လွင့်စင်သွားစေခဲ့၏။
သူက ဝမ်းသာအားရဖြင့် စီးကရက်ကို လှမ်းယူလိုက်ပြီး နှာခေါင်းဝသို့တေ့ကာ အနံ့ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ "ဒါလေး မသောက်ရတာ တစ်လကျော်တောင် ရှိနေပြီကွ။ အမြဲတမ်း အောင့်အည်း သည်းခံနေရလို့ ငါ့ခေါင်းတွေတောင် ပေါက်ကွဲထွက်တော့မလိုပဲ"
"စူပါမားကတ်ထဲမှာ အများကြီးရှိတယ်။ ကြိုက်သလောက် ယူသွားလို့ရတယ်" ချူဟန်က ဟယ်ဖေးယွမ်၏ စီးကရက်ကို မီးညှိပေးလိုက်ပြီးနောက် မိမိစီးကရက်ကိုပါ မီးညှိကာ မီးခိုးကွင်းများကို မှုတ်ထုတ်လိုက်သည်။
ဟယ်ဖေးယွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး စီးကရက်ကို အားပါးတရ ဖွာရှိုက်လိုက်ပြီးနောက် ချူဟန်ဘက်သို့ လှည့်ကြည့်လိုက်၏။ နံရံကိုမှီကာ ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ မီးခိုးငွေ့များ မှုတ်ထုတ်နေသော ဤလူငယ်လေးသည် တစ်ကိုယ်လုံး လွှမ်းခြုံထားသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ရုပ်သိမ်းလိုက်ချိန်တွင် မည်သည့်နေရာတွင်မဆို တွေ့နိုင်သည့် သာမန် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးနှင့်သာ တူနေတော့သည်။ မည်သည့် လှည့်စားမှုမျှမရှိဘဲ ဖြူစင်ရိုးသားနေသည်ဟုပင် ထင်မှတ်ရ၏။
"ဟူး..." စစ်မှုထမ်းဟောင်းက ရုတ်တရက် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သဖြင့် ချူဟန်က သူ့ကို မျက်လုံးထောင့်မှ စောင်းငဲ့ကြည့်လိုက်သည်။
"မင်းကိုကြည့်ရတာ ငါ့သားကို သွားသတိရမိတယ်ကွာ" ဟယ်ဖေးယွမ်သည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် သူ၏မျက်လုံးများထဲ၌ မေတ္တာတရားများ ကိန်းအောင်းနေကာ စကားစလိုက်သည်။ "သူက အခု ရှစ်ကျားကျွမ်း စစ်ဒေသမှာ စစ်မှုထမ်းနေလောက်ပြီ။ ငါက သူ့ကိုရှာဖို့ အဝေးကြီးကနေ ဒီအထိ လာခဲ့ရတာ"
"ဦးလေး သားနာမည်က ဘယ်လိုခေါ်လဲ" ချူဟန်က ပေါ့ပေါ့ပါးပါးဟန်ဆောင်ကာ မေးလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ နှလုံးသားက ဒိတ်ခနဲ ခုန်သွားခဲ့၏။ လက်ရှိ ရှစ်ကျားကျွမ်း စစ်ဒေသကတော့...
ဟယ်ဖေးယွမ်က အေးချမ်းစွာ ပြုံးလိုက်ရင်း ချူဟန်၏ ခန္ဓာကိုယ်ကို အလိုအလျောက် တောင့်တင်းသွားစေမည့် နာမည်တစ်ခုကို နှုတ်မှ ထုတ်ဖော်လိုက်သည်။ "ဟယ်ဖုန်း လို့ခေါ်တယ်"
အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခုက ချူဟန်၏ မျက်လုံးအိမ်အတွင်း၌ မျက်စิတစ်မှိတ်အတွင်း ဖြတ်ပြေးသွားတော့သည်။
သူက မျက်နှာအမူအရာ အနည်းငယ်မျှ မပြောင်းလဲဘဲ စီးကရက်မီးခိုးများကို အားပါးတရ ရှူသွင်းလိုက်၏။ ထို့နောက် ကြည်လင်နေသော လေသံအတွင်း၌ မည်သူမျှ သတိမထားမိနိုင်သည့် တိုးတိတ်သော ခံစားချက်တစ်ခုကို ဖုံးကွယ်လျက် မေးလိုက်သည်။
"မည်သည့် 'ဟယ်' နည်း။ မည်သည့် 'ဖုန်း' နည်း။"