အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း (၁၄၃) ဘယ်ဟယ်လဲ၊ ဘယ်ဖုန်းလဲ
ချူဟန်တို့အဖွဲ့ ကုန်တိုက်ထဲသို့ ပြန်လည်ဝင်ရောက်လာချိန်၌ မြင်တွေ့ရသော မြင်ကွင်းမှာ တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းလှသည်။
လူအများအပြားက သူ့ကို ဝန်းရံထားပြီး ခန့်ညားထည်ဝါသော ခြေလှမ်းများဖြင့် ဝင်ရောက်လာကြသည်။ ဘယ်ဘက်တွင် နတ်ဘုရားတစ်ပါးပမာ စနိုက်ပါပစ်ခတ်မှုစွမ်းရည်ရှိသော ချန်ရှောက်ရယ်က ခြံရံထားပြီး ညာဘက်တွင်တော့ အမည်မသိ လက်နက်တစ်မျိုးကို ကိုင်ဆောင်ထားသော ဟယ်ဆန်းက လိုက်ပါလာသည်။ သူတို့၏ နောက်တွင်တော့ ခန့်ညားထည်ဝါသော အမျိုးသားအများအပြားက အစီအရီ လိုက်ပါလာကြရာ ကြည့်ရသည်မှာ မာဖီးယားဂိုဏ်းကြီးတစ်ခုနှင့် သဏ္ဌာန်တူလှပေတော့သည်။
ပထမထပ် ခန်းမကျယ်ကြီးထဲရှိ အသက်ရှင်ကျန်ရစ်သူများမှာ ထိုကြီးမားလှသော အရှိန်အဝါကြောင့် ကြောက်လန့်တကြားဖြစ်ကာ အခန်းထောင့်ချိုးများဆီသို့ ပင့်ကူများပမာ ပြေးလွှားပုန်းအောင်းသွားကြလေသည်။
ချူဟန်က သူတို့ကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး မည်သို့မျှ ဂရုမစိုက်ဘဲ ဒုတိယထပ်သို့ တက်သွားလိုက်သည်။ ဇနီးနှင့် သားသမီးများကို တွေ့ဆုံရန် ဝမ်းသာအားရ ကြိုတင်ပြေးသွားသော ကျန်းဇိုမှလွဲ၍ ကျန်သူများအားလုံးမှာ ချူဟန်၏ နောက်သို့ လိုက်ပါလာခဲ့ကြသည်။
ထိုအချိန်၌ ဒုတိယထပ်တွင် ရှိနေသော ဆူးရှင်းမှာ သစ်သားပြားပေါ်ရှိ အမျိုးသားအလောင်းများကို စုပုံကာ ရှင်းလင်းရန် ကြိုးစားနေဆဲပင် ဖြစ်သည်။
ထိုစဉ် ရုတ်တရက် ချူဟန်တို့အဖွဲ့ တက်လာသည်ကို မြင်လိုက်ရသောကြောင့် မူလကတည်းက ကြောက်လန့်နေခဲ့သော ဆူးရှင်းမှာ သူတို့ထံမှ ဖြာထွက်နေသည့် ကြောက်မခန်းလိမ့်မခန်း သတ်ဖြတ်လိုစိတ်များကြောင့် သတိလစ်မတတ်ပင် ဖြစ်သွားရသည်။
"ဝါး... ဘာအလောင်းပုံကြီးလဲဟ"
လန့်ဖျပ်ကာ နောက်သို့ ဆုတ်သွားသည်
"ဘာတွေ ဖြစ်ခဲ့တာလဲ"
"ငါတို့ မရှိတဲ့အချိန် အချောင်နှိုက်ပြီး ဝင်တိုက်တဲ့ကောင်တွေ ရှိနေတာလား"
ချန်ရှန်ကော်၏ မျက်နှာမှာလည်း တင်းမာသွားတော့သည်။
"သတ်ပစ်မယ်။ သူတို့ရဲ့ လက်ကျန်ကောင်တွေ ပုန်းနေသေးတာလား"
လူဟုန်ရှန်းက လက်မောင်းကို ပင့်တင်ကာ တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်သည်။
အမျိုးသားများ၏ ကြောက်စရာကောင်းသော အရှိန်အဝါကြောင့် ထပ်မံ၍ လန့်ဖျပ်သွားရသော ဆူးရှင်းမှာ အကြောက်အလန့်ဖြင့် ခေါင်းခါရမ်းပြရင်း အကူအညီတောင်းခံသည့် မျက်ဝန်းများဖြင့် ချူဟန်ကို စိုက်ကြည့်နေမိသည်။
တစ်ဖက်တွင်တော့ ချူဟန်မှာ မည်သို့မျှ တုန်လှုပ်သွားခြင်း မရှိချေ။
ဤကပ်ဆိုးကမ္ဘာကြီးတွင် အလောင်းများဆိုသည်မှာ ဆန်းကျယ်သောအရာ မဟုတ်တော့ပေ။ အကြောင်းအရင်းကိုပင် မမေးမြန်းတော့ဘဲ ဆူးရှင်းကို ကြည့်ကာ ချီးကျူးသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မင်း သတ်လိုက်တာလား"
"မ... မဟုတ်ပါဘူး။ ကျွန်တော် မဟုတ်ပါဘူး"
ဆူးရှင်းက ကပြာကယာ ငြင်းဆန်လိုက်ပြီး နံရံကိုမှီကာ မျက်လုံးမှိတ်ထားသော ပိုင်ယွန့်အာကို လက်ညှိုးထိုးပြလိုက်သည်။
"သူမလား"
စစ်သားကြီး ဟယ်ဖေးယွမ်မှာ အံ့အားသင့်သွားသည်။
"ဟေ့ကောင်လေး.. လျှောက်မပြောစမ်းနဲ့"
လူဟုန်ရှန်းဆိုလျှင် အစကတည်းက လုံးဝ မယုံကြည်ပေ။
ထိုမျှ သေးသွယ်နုနယ်လှသော မိန်းကလေးတစ်ဦးက အလောင်းများကို ကြည့်ပြီး မငိုယိုဘဲ နေနိုင်ခြင်းကပင် ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်နေပါလျက် ဤသွေးထွက်သံယို မြင်ကွင်းကြီးကို သူမတစ်ယောက်တည်း ဖန်တီးခဲ့သည်ဆိုသည်မှာ ယုံနိုင်ဖွယ်ရာ မရှိပေ။
သို့ရာတွင် ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့ နှစ်ဦးကတော့ တစ်စုံတစ်ရာကို ရိပ်မိသွားသည့်အလား ပိုင်ယွန့်အာကို စူးစိုက်ကြည့်လိုက်ကြသည်။
သူမက လော့ရှောင်ရှောင်၏ ဘေးတွင် ရပ်နေပြီး အခြားတစ်ဖက်တွင်တော့ ရှန်ကျိုတီက မတ်တပ်ရပ်ကာ သူတို့ဆီသို့ လျှောက်လာနေသည်။
"တကယ်ပြောနေတာပါဗျာ"
ဆူးရှင်းက ငိုသံပါကြီးဖြင့် အော်ပြောလိုက်သည်။
ယုံကြည်နိုင်စရာမရှိလောက်အောင် လှပပြီး ကြက်သီးထဖွယ်ကောင်းသော ထိုမြင်ကွင်းကို ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်မထားမိခဲ့ခြင်းအတွက် ယခုအချိန်မှပင် သူ အလွန်အမင်း နောင်တရနေမိသည်။ ထိုမြင်ကွင်းက တကယ့်ကို ဂန္ထဝင်မြောက် မြင်ကွင်းကြီးတစ်ခုပင် ဖြစ်သည်။
"ပြန်လာပြီပေါ့"
ရှန်ကျိုတီက ချူဟန်အနီးသို့ လျှောက်လာရင်း အနည်းငယ် ပြုံးပြလိုက်သည်။ သူမ၏ အကြည့်များက ယခင်ကနှင့် အနည်းငယ် ကွဲပြားသွားပြီး တွက်ချက်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားကာ ယုယကြင်နာမှုများ အစားထိုး ဝင်ရောက်လာသည်။
ချူဟန်က ခေါင်းတစ်ချက် ညိတ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
ထိုလူများကို သတ်ဖြတ်ခဲ့သူမှာ ပိုင်ယွန့်အာ ဖြစ်ကြောင်း သူ လုံးဝ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။
တစ်ဖက်တွင် မျက်မှောက်ရှိ မြင်ကွင်းကို ကြည့်ကာ ယွီရှင်းမှာ လုံးဝကို စကားဆွံ့အသွားခဲ့လေပြီ။
အမျိုးသမီးစစ်ဆရာဝန်ဖြစ်သော သူမက အလောင်းခုနစ်လောင်း၏ လည်ပင်းပြတ်ရှရာများကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။ ထို့နောက် တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်တော့သည်။
"ဒါ.. ဒါက ဓားနဲ့ ခုတ်ထားတဲ့ ဒဏ်ရာတွေ မဟုတ်ဘူး။ သားရဲတိရစ္ဆာန်ရဲ့ လက်သည်းတွေ.. ဒါမှမဟုတ် လက်ချောင်းတွေရဲ့ အားကိုပဲ သုံးပြီး တိုက်ရိုက် ဆွဲဖြဲထားတာ။ လူသားတစ်ယောက်ရဲ့ အင်အားနဲ့ ဒါမျိုး လုပ်နိုင်စရာ အကြောင်းမရှိဘူး"
စစ်ဆရာဝန်တစ်ဦးဖြစ်သော ယွီရှင်းသည် ဤကဲ့သို့သော ပြင်ပဒဏ်ရာများနှင့် ပတ်သက်၍ မည်သူ့ထက်မဆို ပိုမို ကျွမ်းကျင်လှသည်။ သူမ၏ စကားကြောင့် ချန်ရှန်ကော်၊ ဟယ်ဖေးယွမ်တို့မှာ ကျောချမ်းသွားကြတော့သည်။
ထိုအချိန်၌ ရှန်ကျိုတီက တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ဟုတ်ပါတယ်။ လူသတ်သွားတာပါ။ ပိုင်ယွန့်အာ သတ်လိုက်တာလေ"
သူမ၏ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းကြောင့် အားလုံး၏ အကြည့်များက ပိုင်ယွန့်အာထံသို့ တစ်ပြိုင်နက်တည်း စုပြုံသွားကြသည်။
နံရံကိုမှီကာ မျက်လုံးမှိတ်ထားပြီး ကြည့်ရုံဖြင့် မည်သည့် အန္တရာယ်မျှ မရှိနိုင်ဟု ထင်ရသော ထိုမိန်းကလေးက တကယ်ကြီး ဒီလိုလုပ်ခဲ့တာတဲ့လား။
မဖြစ်နိုင်လိုက်တာ။
ဘေးပတ်ဝန်းကျင်မှ သာမန်မဟုတ်သော အကြည့်များကို ခံစားမိသွား၍လားမသိ၊ ပိုင်ယွန့်အာက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ထိုအကြည့်များက လူအုပ်ကြီးကို ဖောက်ထွင်းကာ ချူဟန်ထံသို့ တည့်မတ်စွာ ရောက်ရှိသွားသည်။ သူမက အခြား မည်သူ့ကိုမျှ လှည့်ကြည့်ခြင်း မရှိပေ။ ဤလူအုပ်ကြီးထဲတွင် သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သူမှာ ချူဟန် တစ်ဦးတည်းသာ ရှိသောကြောင့်ပင် ဖြစ်သည်။
ပိုင်ယွန့်အာ၏ အကြည့်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ အလိုအလျောက် အသက်ရှုမှားသွားကြသည်။ ရေခဲပမာ အေးစက်လှသော ထိုအကြည့်များထဲတွင် လူကို ထိုးဖောက်ဝင်ရောက်နိုင်လောက်သည့် စူးရှမှုများ ပါဝင်နေသည်။ ထိုလွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကြောင့် မည်သူမဆို နောက်သို့ ဆုတ်သွားချင်စိတ် ပေါ်လာတော့သည်။
သို့သော် ချူဟန်က ထိုစူးရဲလှသော အကြည့်များကို ရင်ဆိုင်ရင်း အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်း မရှိဘဲ နေ့စဉ်ပုံမှန် နှုတ်ဆက်နေကျအတိုင်း ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
မိန်းကလေးက မျက်လုံးများကို ပြန်လည်မှိတ်လိုက်ပြီး ပတ်ဝန်းကျင်၏ အခြေအနေနှင့် လေထုကို လုံးဝ ဂရုမစိုက်တော့ပေ။
လူဟုန်ရှန်း၏ ရင်ထဲတွင် ထပ်မံ၍ အကြီးအကျယ် မှားယွင်းစွာ တွေးထင်မိခဲ့ပြီဟူသော နောင်တတရားများ ဖြစ်ပေါ်လာတော့သည်။
‘ငါ့မျက်လုံးတွေက ထပ်ပြီး ကန်းနေပြန်ပြီလား’
အခြားသူများ၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှုနှင့် သတိထားမှုများ ပေါ်လွင်နေကြသည်။ မည်သူက သတ်သည်ဖြစ်စေ ဤအဖွဲ့ထဲတွင် ချူဟန်အပြင် နောက်ထပ် ကြောက်မခန်းလိမ့်မခန်း စွမ်းရည်ရှိသူ တစ်ဦး ရှိနေသေးကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုကဲ့သို့သော ဘီလူးသရဲများက ချူဟန်ကို အကြွင်းမဲ့ ယုံကြည်ကိုးကွယ်နေကြခြင်း ဖြစ်သည်။
အသက်အကြီးဆုံးဖြစ်သော ဟယ်ဖေးယွမ်က အလိုအလျောက် သိလိုက်သည်။
ချူဟန် ဟူသော အမည်နာမသည် ဤကပ်ဆိုးကမ္ဘာကြီးတွင် သေချာပေါက် ကြောက်ခမန်းလိလိ တောက်ပလာလိမ့်မည်ဆိုသည်ကိုပင်။
ကပ်ဆိုးကမ္ဘာ၏ ညကောင်းကင်ယံက ယခင် ပုံမှန်ကမ္ဘာနှင့် ကွဲပြားခြားနားနေခြင်းမှာ လရောင်သည် ပကတိ ငွေရောင်မဟုတ်ဘဲ သွေးရောင် အနည်းငယ် စွန်းထင်းနေခြင်းပင် ဖြစ်သည်။
ထို့အပြင် လေထုထဲတွင် သွေးနံ့များနှင့် ပုပ်သိုးနံ့များက တစ်ခါတစ်ရံ ပြင်းထန်လျက်၊ တစ်ခါတစ်ရံ မှေးမှိန်လျက် လွင့်ပျံနေတတ်သည်။
အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် လီရှီယုံက တိတ်ဆိတ်စွာ နိုးထလာသည်။
ပြတင်းပေါက်မှ ဖြာကျနေသော လရောင်အောက်တွင် သူမက အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်သည်။
"ချူဟန်ဆိုတဲ့ ခွေးကောင် ဘယ်မှာလဲ"
ထိုနေရာမှာ သပ်ရပ်စွာ ရှင်းလင်းထားသော အခန်းတစ်ခန်း ဖြစ်သည်။
ရှောင်မုန့်ချီက သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ရေချိုးထားသည်မှာ မကြာသေးသောကြောင့် ဆံပင်များမှ ရေစက်များ တောက်တောက်ကျလျက် ရှိသည်။
သူမက ပြတင်းပေါက်ကို မှီကာ အပြင်ဘက်ရှိ မြင်ကွင်းကို စိုက်ကြည့်နေသည်။
အကယ်၍ ယွီရှင်းတို့သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် သေချာပေါက် အံ့အားသင့်ကာ သတိလစ်သွားနိုင်ပေသည်။ အကြောင်းမှာ ဤနေရာသည် လွန်ခဲ့သော အချိန်ခဏလေးကတင် သူတို့က ရှောင်မုန့်ချီနှင့် လီရှီယုံကို အိပ်ရာဝင်စေခဲ့သော နေရာမဟုတ်သောကြောင့်ပင်။
"စကားပြောတာ ဆင်ခြင်စမ်း"
ရှောင်မုန့်ချီက ကလေးကို အလိုလိုက်သည့်ဟန်ဖြင့် အနည်းငယ် စူးရဲစွာ ကြည့်လိုက်သည်။ ထိုအမူအရာမှာ အလွန်တရာ နူးညံ့သိမ်မွေ့လွန်းလှသဖြင့် သူမ၏ စိတ်ကျန်းမာရေး ချို့ယွင်းနေကြောင်းကို မြူတစ်မှုန်စာမျှပင် မခံစားရပေ။
"အစ်ကို လို့ ခေါ်စမ်းပါ"
"အင်း.. နားလည်ပါပြီ"
ထိုနည်းတူစွာ စိတ်ကျန်းမာရေး ချို့ယွင်းနေသော လီရှီယုံကလည်း လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကော ဘယ်မှာလဲ"
"ဟင်းချက်စရာတွေ သွားဝယ်နေတယ်။ ခဏနေရင် ကြက်သားစွပ်ပြုတ် ချက်ကျွေးမယ်တဲ့"
ရှောင်မုန့်ချီ၏ စရိုက်ကွဲပြားမှုမှာ နတ်ဘုရားများ၏ အဆင့်သို့ပင် ရောက်ရှိနေလေပြီ။
"ဝါး... ပျော်စရာကြီး"
လီရှီယုံမှာ ဤလို ညသန်းခေါင်ယံအချိန်၊ ထို့အပြင် ကပ်ဆိုးကမ္ဘာကြီးထဲတွင် ဟင်းချက်စရာများကို ဘယ်နေရာမှ သွားဝယ်မည်နည်းဆိုသော မေးခွန်းမျိုးကို လုံးဝ စဉ်းစားခြင်း မရှိဘဲ ဤသို့သာ မေးလိုက်သည်။
"အစ်မ ဘယ်အချိန်က နိုးနေတာလဲဟင်"
ရှောင်မုန့်ချီက နှုတ်ခမ်းထောင့်ကို ကွေးကာ ပြုံးလိုက်သည်။
"အစ်မက အစကတည်းက သတိလစ်မသွားပါဘူး"
ကပ်ဆိုးကမ္ဘာ၏ ညအချိန်သည် အန္တရာယ်များလှသည်။ ချူဟန်အတွက်တော့ ညတစ်ရေးနိုး ကင်းစောင့်ခြင်းမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်သည်။
ယခုညအတွက် ကင်းစောင့်တာဝန်ကျသူများမှာ သူနှင့် စစ်သားကြီး ဟယ်ဖေးယွမ်တို့ ဖြစ်သည်။ ကုန်တိုက်အဝင်ဝတွင် ထိုင်နေကြသော အသက်နှစ်ဆယ်ခန့် ကွာဟသည့် အမျိုးသားနှစ်ဦးမှာ အချင်းချင်း စကားတစ်ခွန်းမျှ မဆိုကြချေ။
လရောင်အောက်တွင် သူတို့နှစ်ဦး တိတ်ဆိတ်စွာ ထိုင်နေရင်း မိုးလင်းတော့မည့် အချိန်သို့ ရောက်ရှိလာသည်။
ချူဟန်က ဘယ်နေရာမှန်းမသိသော နေရာမှ ဆေးလိပ်တစ်ဘူးကို ရုတ်တရက် ထုတ်ယူလိုက်ပြီး ဟယ်ဖေးယွမ်ကို တစ်လိပ် ကမ်းပေးလိုက်သည်။
"သောက်မလား"
ချူဟန်သည် ဤစစ်သားကြီးအပေါ် မကောင်းမြင်စိတ် လုံးဝ မရှိခဲ့ပေ။ မိမိက သူ၏အဖွဲ့မှ လူအမြောက်အများကို သတ်ဖြတ်ခဲ့သည့်အပြင် သူကိုယ်တိုင်အပေါ်တွင်လည်း ရိုင်းစိုင်းစွာ ဆက်ဆံခဲ့သော်လည်း ဤစစ်သားကြီး၏ မိမိအပေါ် သစ္စာရှိမှုက ၂၀ ရာခိုင်နှုန်း အထိ ရှိနေသေးသည်။
ထိုအချက်တစ်ခုတည်းကပင် ချူဟန်က ဟယ်ဖေးယွမ်ကို အထင်ကြီးလေးစားရန် လုံလောက်နေပြီ ဖြစ်သည်။ သူက အနည်းငယ် စိတ်ထားနူးညံ့လွန်းသည်ဟု ဆိုနိုင်သော်လည်း အဆိုးအကောင်းကို မခွဲခြားတတ်သောသူ မဟုတ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
"အိုး"
ဟယ်ဖေးယွမ်၏ မျက်နှာက ဝင်းပသွားသည်။
ထိုဆေးလိပ်တစ်လိပ်ကြောင့် သူတို့နှစ်ဦးကြားရှိ စိမ်းသက်နေသော လေထုမှာ မျက်စိတစ်မှိတ်အတွင်း လွင့်စင်သွားတော့သည်။ သူက ဝမ်းသာအားရဖြင့် ဆေးလိပ်ကို လှမ်းယူလိုက်ပြီး နှာခေါင်းဝသို့တေ့ကာ အားပါးတရ ရှူရှိုက်လိုက်သည်။
"ဟား... ဒီကောင်နဲ့ ဝေးနေတာ တစ်လကျော်တောင် ရှိနေပြီ... တောက်လျှောက် အောင့်အည်းထားရတာ တော်တော်လေးကို မွန်းကြပ်နေပြီ..."
"ကုန်တိုက်ထဲမှာ အများကြီး ရှိပါသေးတယ်။ ကြိုက်သလောက် ယူသွားလို့ ရတယ်"
ချူဟန်က ဟယ်ဖေးယွမ်၏ ဆေးလိပ်ကို မီးညှိပေးလိုက်ပြီး မိမိအတွက်လည်း တစ်လိပ်ခဲကာ မီးညှိပြီးနောက် မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဟယ်ဖေးယွမ်က အနည်းငယ် ပြုံးလိုက်ပြီး ဆေးလိပ်ကို အားပါးတရ ဖွာရှိုက်လိုက်ပြီးနောက် ချူဟန်ဘက်သို့ မျက်နှာမူလိုက်သည်။
ထိုလူငယ်လေးမှာ ယခုအချိန်တွင် နံရံကို ခပ်စောင်းစောင်း မှီထားပြီး တိတ်ဆိတ်စွာ ခေါင်းငုံ့ကာ ဆေးလိပ်သောက်နေသည်။ တစ်ကိုယ်လုံးမှ ဖြာထွက်နေသော သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွားချိန်တွင် လက်ရှိ သူ၏ပုံစံမှာ လုံးဝ ဟန်ဆောင်မှုကင်းမဲ့ပြီး ဖြူစင်သန့်ရှင်းကာ သူ၏အသက်အရွယ်နှင့် လိုက်ဖက်သော အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦးအဖြစ်သာ မြင်တွေ့ရသည်။
"ဟူး..."
စစ်သားကြီးက ရုတ်တရက် သက်ပြင်းချလိုက်သဖြင့် ချူဟန်က သူ့ကို မျက်လုံးထောင့်ဖြင့် အကဲခတ်လိုက်သည်။
"မင်းကိုကြည့်ရတာ ငါ့သားကို သတိရသွားလို့ပါ"
ဟယ်ဖေးယွမ်က မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် မေတ္တာအပြည့်ပါသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"ငါ့သားက ရှီမြို့(ရှစ်ကျားကျွမ်းမြို့) မှာ တာဝန်ထမ်းဆောင်နေတာ။ ငါက သူ့ကို လိုက်ရှာဖို့အတွက် ဒီလောက်ဝေးတဲ့နေရာအထိ ရောက်လာခဲ့ရတာလေ"
"ဦးလေးသား နာမည်က ဘယ်သူလဲ"
ချူဟန်က ပေါ့ပေါ့တန်တန် မေးလိုက်သော်လည်း သူ၏ ရင်ထဲတွင်တော့ အကြီးအကျယ် တင်းမာနေခဲ့သည်။
ဟယ်ဖေးယွမ်က အေးချမ်းစွာ ပြုံးလိုက်ပြီး ချူဟန်၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေမည့် နာမည်တစ်ခုကို ပြောလိုက်သည်။
"ဟယ်ဖုန်း တဲ့"
အံ့အားသင့်မှုများက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
ချူဟန်က မျက်နှာအမူအရာ မပျက်စေဘဲ ဆေးလိပ်ငွေ့ကို အားပါးတရ ဖွာရှိုက်လိုက်ပြီးနောက် သူ၏ ကြည်လင်သော အသံထဲတွင် မည်သူမှ သတိမထားမိနိုင်လောက်သည့် သိမ်မွေ့သော ခံစားချက်တစ်ခုကို ဖုံးကွယ်လျက် မေးလိုက်သည်။
"ဘယ် ဟယ် လဲ... ဘယ် ဖုန်း လဲ"
အခန်း (၁၄၄) တိုက်ဆိုင်မှုလား၊ တမင်ရည်ရွယ်တာလား
"ဟားဟားဟား... ဟေဆိုတာ ငါ ဟယ်ဖေးယွမ်ရဲ့ ဟယ် ပေါ့ကွာ။ ဖုန်းဆိုတာကတော့..."
ဟယ်ဖေးယွမ်က အားပါးတရ ရယ်မောလိုက်သည်။
"တောင်ထွတ်တောင်ရိုးတွေကို ခေါ်တဲ့ ဖုန်း လေ။ ငါ့သားကို မင်းလိုပဲ မားမားမတ်မတ် ရပ်တည်နိုင်ပြီး ဘယ်တော့မှ မလဲပြိုမသွားတဲ့ သန်မာကြံ့ခိုင်တဲ့ ယောကျာ်းကောင်းတစ်ယောက် ဖြစ်စေချင်လို့ ပေးထားတာ။ ဟုတ်တယ်... ကွက်တိပဲ၊ အခု မင်းလိုမျိုးပေါ့ကွာ"
‘ဟယ်ဖုန်း…ဟယ်ဖုန်းတဲ့လား’
ချူဟန်က သောက်လက်စ ဆေးလိပ်ကို ခြေထောက်ဖြင့် နင်းချေလိုက်သည်။ ပုံမှန်အားဖြင့် ဆေးလိပ် သိပ်မသောက်တတ်သော သူသည် ယခုအချိန်တွင်မူ ရှားရှားပါးပါး နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ခိုင်မာပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ဦးလေးကို ရှစ်ကျားကျွမ်း စစ်ဒေသအထိ ကျွန်တော် လိုက်ပို့ပေးမယ်။ ဦးလေးသားကို သွားရှာကြတာပေါ့"
"ကောင်းပြီလေ"
ဟယ်ဖေးယွမ်က ချူဟန်၏ စိတ်ခံစားမှု အတက်အကျကို သတိမထားမိဘဲ မိမိပေါင်ကို ခပ်ပြင်းပြင်း ရိုက်ကာ အားရပါးရ ရယ်မောလိုက်သည်။
"အဲဒီအချိန်ကျရင် ငါ့သားနဲ့ မင်းကို လက်ရည်စမ်းခိုင်းရမယ်။ ဘယ်သူက ပိုစွမ်းလဲဆိုတာ ကြည့်ရသေးတာပေါ့။ ဟားဟားဟား... ငါ့သားက ဘယ်တော့မှ ငကြောက်တစ်ကောင် မဟုတ်ဘူးကွ"
"ဒါပေါ့"
ချူဟန်၏ လေသံမှာ အလွန် ပြတ်သားနေသည်။
ဦးလေးသားက ငကြောက်ဖြစ်စရာ အကြောင်းကို မရှိတာ။ ဤစကားကိုမူ ချူဟန် ရင်ထဲတွင်သာ သိမ်းထားလိုက်လေသည်။ မျက်လုံးအိမ်အတွင်း တစ်ခဏမျှ ပေါ်ထွက်လာသော ကောက်ကျစ်မှုနှင့် ရက်စက်မှု အရိပ်အယောင်များကို ဖုံးကွယ်ထားလိုက်သော်လည်း ချူဟန်၏ ရင်ခုန်သံများမှာ အတိုင်းအဆမသိ မြန်ဆန်နေတော့သည်။
ချန်ရှောက်ရယ်၊ ပိုင်ယွန့်အာ၊ ဟယ်ဆန်းနှင့် ဆူးရှင်း။ ဤလေးယောက်မှာ သူ စွမ်းရည်များကို သေချာပေါက် သိရှိထားပြီး လက်အောက်သို့ သိမ်းသွင်းထားနိုင်သော ခွန်အားကြီးသူများ ဖြစ်ကြသည်။ ကျန်ရှိနေသော သူများမှာ အနာဂတ်တွင် မည်မျှအထိ အစွမ်းထက်လာမည်ကိုမူ မသိနိုင်သေးချေ။
သို့သော် ဤ ဟယ်ဖုန်း ကတော့ အဆင့်အတန်း လုံးဝ ကွာခြားလွန်းလှသည်။ ထို ဟယ်ဖုန်း ၏ ဖခင်နှင့် ဤသို့ တိုက်ဆိုင်စွာ သိကျွမ်းရလိမ့်မည်ဟု ချူဟန် လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဟယ်ဖုန်း…
နောင်အနာဂတ်ကာလတွင် အတိုင်းအဆမသိ ကြီးမားလှသော အာဏာကို ဆုပ်ကိုင်ထားပြီး သူ၏နာမည်ကို ကြားရုံမျှဖြင့် ငိုနေသောကလေးပင် အသံတိတ်သွားရလောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိသော ကြီးကျယ်ခမ်းနားသည့် တည်ရှိမှုတစ်ခုပင် ဖြစ်သည်။
‘ဒီကောင်ကို ချူဟန်ဆိုတဲ့ ငါ သေချာပေါက် အရယူရမယ်’
ထိုအချိန် တစ်ပြိုင်နက်တည်းမှာပင်။
ရှစ်ကျားကျွမ်းမြို့သို့ ဦးတည်နေသော အဝေးပြေးလမ်းမကြီး၏ အဝင်ဝ၌ လမ်းကြမ်းသုံးကားတစ်စီးက အရှိန်ပြင်းပြင်းဖြင့် ဘရိတ်အုပ်လိုက်သည်။ မြို့ထဲသို့ ဝင်ရောက်မသွားဘဲ တိတ်ဆိတ်စွာ ရပ်တန့်နေသည်။
ယာဉ်မောင်းဘေးခုံတွင် လူငယ်တစ်ဦး ထိုင်နေသည်။ အကယ်၍ ချူဟန်သာ ဤနေရာ၌ ရှိနေမည်ဆိုပါက ထုံမြို့တွင် တွေ့ဆုံခဲ့ဖူးသော မုယဲ့ မှန်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေလိမ့်မည်။ မုယဲ့က စကားလုံးများကို ရွေးချယ်စဉ်းစားရင်း ယာဉ်မောင်းနေရာရှိ အမျိုးသားကို ကြည့်လိုက်သည်။
"အစ်ကို... အထဲကို မဝင်ဘူးလား"
စတီယာရင်ကို ကိုင်ထားသော အမျိုးသားမှာ ဦးထုပ်ကို ငိုက်ကျနေအောင် ဆောင်းထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသည်။ မုယဲ့နှင့် ၇၀ ရာခိုင်နှုန်းခန့် ဆင်တူသော မျက်နှာကို မော့လိုက်ကာ ရှစ်ကျားကျွမ်းမြို့ အဝင်ဝကို စူးစိုက်ကြည့်ရင်း ပြတ်သားသော အကြည့်ဖြင့် ခေါင်းခါပြလိုက်သည်။
"မဝင်ဘူး"
မုယဲ့က စက္ကန့်အနည်းငယ်မျှ တွေဝေသွားပြီးနောက် အနည်းငယ် သဘာဝမကျသော အသံဖြင့် မေးလိုက်သည်။
"အစ်ကို... ကျွန်တော့်ကို လာမရှာခင်အထိ ကျွန်တော် ရှန်းကော်စခန်းမှာ ချန်ရှန်ကော်တို့ရဲ့ စောင့်ရှောက်မှုနဲ့ နေခဲ့ရတာလေ။ အစ်ကိုက ဘာလို့ သူတို့နဲ့ မတွေ့ချင်ရတာလဲ"
မုယဲ့က အစ်ကို ဟု ခေါ်ဆိုလိုက်သော အမျိုးသား မုယဲ့ သည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ရုံမှလွဲ၍ မည်သည့်စကားမျှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။
"အစ်ကို"
နားမလည်နိုင်ဖြစ်နေသော မုယဲ့က ထပ်မံ၍ အသံထွက်လာသည်။
"ကျွန်တော် ရှစ်ကျားကျွမ်းမြို့မှာ လူတစ်ယောက်ကို ရှာချင်သေးတယ်။ သူ အဲ့ဒီမှာ သေချာပေါက် ရှိနေမယ်လို့ ကျွန်တော် ထင်တယ်"
ထိုအမျိုးသားက ယခင်အတိုင်း နှုတ်ဆိတ်နေဆဲဖြစ်ရာ ကားအတွင်း၌ အနေရခက်သော တိတ်ဆိတ်မှုက လွှမ်းမိုးသွားလေသည်။
"မုယဲ့"
မုယဲ့က ရုတ်တရက် အစ်ကိုဖြစ်သူ၏ နာမည်ကို တိုက်ရိုက်ခေါ်လိုက်ပြီး စိုးရိမ်ပူပန်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။
" ညီအရင်းဖြစ်တဲ့ ကျွန်တော့်ကိုတောင် ပြောမပြနိုင်တဲ့ ကိစ္စက ဘာကြီးမို့လို့လဲဗျာ"
မုယဲ့က ညီဖြစ်သူအား စိုက်ကြည့်လျက် ပြတ်သားသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"မင်းမှာ ရွေးချယ်စရာ လမ်းနှစ်ကြောင်းပဲ ရှိတယ်။ အခုချက်ချင်း ကားပေါ်ကဆင်းပြီး ညီအစ်ကို သံယောဇဉ်ကို ဖြတ်မလား။ ဒါမှမဟုတ် ချူဟန်ကို ရှာဖို့ လက်လျှော့ပြီး ငါ့နောက်ကို လိုက်မလား"
မုယဲ့၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကာ ပြင်းထန်သော တိတ်ဆိတ်မှုအောက်သို့ ပြန်လည်နစ်မြုပ်သွားတော့သည်။
နောက်တစ်နေ့ နံနက်ခင်း...
ချူဟန်သည် မိမိ၏ အဖွဲ့ကို ဦးဆောင်ကာ ကြီးကျယ်ခမ်းနားသော အင်အားဖြင့် စူပါမားကတ်မှ ထွက်ခွာလာခဲ့သည်။ စူပါမားကတ်အတွင်း တစ်လကျော်ကြာအောင် ပုန်းအောင်းနေခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများမှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ပေ။ ဤနေရာကို သိမ်းပိုက်ပြီးမှ အလွယ်တကူ စွန့်ခွာသွားသော လူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် သူတို့သည် ကားနောက်ဖုံးထဲသို့သာ စားနပ်ရိက္ခာအချို့ကို ထည့်သွင်းသွားခဲ့ခြင်း ဖြစ်သည်။ စူပါမားကတ်အတွင်း၌ လုံလောက်သည်ထက် ပိုမိုများပြားသော ပစ္စည်းများ ကျန်ရစ်နေဆဲပင် ဖြစ်သည်။
‘ပြောင်သလင်းခါအောင် မယူသွားဘူးလား။ တစ်ယောက်တည်း အပိုင်စီးမထားဘူးလား’
စူပါမားကတ်တွင် ကျန်ရစ်သူများ မည်သို့ပင် တွေးတောနေစေကာမူ ချူဟန် ဂရုစိုက်နေမည် မဟုတ်ပေ။ ယခုအချိန်တွင် သူ့အတွက် စားနပ်ရိက္ခာဆိုသည်မှာ ဇိမ်ခံပစ္စည်းတစ်ခု မဟုတ်တော့ချေ။
လက်ရှိ တိုက်ခိုက်ရေးစွမ်းအားဖြင့်ဆိုလျှင် ဤကပ်ဆိုးကမ္ဘာကြီး၌ ငတ်မွတ်ခေါင်းပါးနေစရာ အကြောင်းမရှိပေ။ ကြီးမားလာနေသော သူ၏ ရည်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် သာမန် စားနပ်ရိက္ခာလောက်နှင့် လုံးဝ မလုံလောက်နိုင်တော့ချေ။
ပြုပြင်မွမ်းမံထားသော Mercedes Benz G55 ကားကြီးက ရှေ့ဆုံးမှ ဦးဆောင်ကာ လမ်းဖောက်ပေးနေသည်။ လမ်းတစ်လျှောက်ရှိ အတားအဆီးများကို တစ်ခုပြီးတစ်ခု တိုက်ထုတ်ပစ်ရင်း ရှေ့သို့ ချီတက်နေသဖြင့် ခရီးစဉ်မှာ အလွန် ချောမွေ့နေသည်။ ထိုကား၏ နောက်တွင်မူ ကားအစီးရေ ဆယ်စီးကျော်ခန့် တန်းစီလိုက်ပါလာပြီး မြို့စွန်သို့ ဦးတည်ကာ မောင်းနှင်နေကြသည်။
ချူဟန် မောင်းနှင်နေသော G55 ကား၏ ယာဉ်မောင်းဘေးခုံတွင် ယခင်အတိုင်းပင် ပိုင်ယွန့်အာ ထိုင်နေသည်။ နောက်ခန်းတွင်မူ ဆူးရှင်းနှင့် ကတုံးပြောင် ဟယ်ဆန်းတို့ ရှိနေသည်။
အစပိုင်းက ထိုနှစ်ယောက်သည် ကျန်းဇိုကိုပါ G55 ပေါ်သို့ ခေါ်တင်ရန် ကြိုးစားခဲ့သေးသော်လည်း ဇနီးနဲ့ ကလေးကို စောင့်ရှောက်ဖို့ လိုသေးတယ် ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခံလိုက်ရသည်။ ထို့ကြောင့် ဟယ်ဆန်းမှာ အလွန်အမင်း နှမြောတသ ဖြစ်နေခဲ့သည်။
"ဟွန်း... ပါရမီရှင် ဦးနှောက်သုံးလုံး ပေါင်းဆုံခွင့်ရမယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရတာ နှမြောစရာကြီးဗျာ။ အတူတူသာဆိုရင် လမ်းခရီးမှာ လက်နက်သစ်တွေတောင် သုတေသနလုပ်လို့ ရနေပြီကို"
ဟယ်ဆန်းက ဂါထာရွတ်နေသည့်အလား တတွတ်တွတ် ဆက်တိုက် ပြောဆိုနေသဖြင့် ဘေးတွင်ထိုင်နေသော ဆူးရှင်းမှာ ဒီကတုံးကောင်ပြောတာကို လုံးဝ နားမထောင်ခဲ့သင့်ဘူး ဟု အလွန်အမင်း နောင်တရနေတော့သည်။
ထိုသို့ မောင်းနှင်လာခဲ့ရာ နေ့တစ်ဝက်ခန့် ကုန်လွန်သွားချိန်တွင်...
ရှဲ...
စကားပြောစက်ထဲမှ ဟယ်ဖေးယွမ်၏ အသံ ထွက်ပေါ်လာသည်။
"ချူဟန်... လမ်းကြောင်း မှားနေပြီ။ ရှစ်ကျားကျွမ်း စစ်ဒေသက ဒီလမ်း မဟုတ်ဘူး"
"စစ်ဒေသကို သွားမှာဆိုရင် ဒီလမ်း မဟုတ်ဘူးဗျ"
နောက်ခန်းမှ ဆူးရှင်းကလည်း ဝင်ပြောလိုက်သည်။ ဟယ်ဆန်း၏ အဆုံးအစမရှိသော စကားပြောဆိုမှုများမှ လွတ်မြောက်ရန်အတွက် သူက စကားကို ပိုရှည်အောင် ပြောလိုက်ခြင်း ဖြစ်သည်။
"ရှေ့က လမ်းဆုံကနေ ညာကွေ့ပြီး သုံးကီလိုမီတာလောက် ပြန်ကွေ့သွားမှ တခြားလမ်းကို ရောက်မှာ"
သို့သော် ချူဟန်က ဆူးရှင်း၏ စကားကို လျစ်လျူရှုကာ မူလလမ်းကြောင်းအတိုင်းသာ ဆက်လက်မောင်းနှင်နေသည်။ ထို့နောက် စကားပြောစက်ကို ယူကာ စကားတစ်ခွန်းတည်းသာ ပြောလိုက်သည်။
"ငါ့နောက်ကသာ လိုက်ခဲ့ကြ"
ရွေးချယ်စရာ အခွင့်အရေး လုံးဝမပေးသော အကြွင်းမဲ့ အာဏာစက်ပင်။
နောက်မှလိုက်ပါလာသော ကားဆယ်စီးကျော်ပေါ်ရှိ လူများသာမက G55 ကားပေါ်ရှိ ဆူးရှင်းပင်လျှင် စကားဆွံ့အသွားတော့သည်။
‘ဘော့စ်က လမ်းကြောင်း လုံးဝမမှတ်မိတဲ့သူများလား။ ဒီအတိုင်းသာဆိုရင် ရှစ်ကျားကျွမ်း စစ်ဒေသစခန်းကို တစ်သက်လုံး ရောက်တော့မှာ မဟုတ်ဘူး’
အနောက်ဘက်ရှိ အဖြူရောင် ထရပ်ကားအတွင်း၌ ယွီရှင်းက လော့ရှောင်ရှောင်အား နောက်ဆုံးအကြိမ် စစ်ဆေးနေသည်။ မိန်းကလေး၏ နာလန်ထမြန်ဆန်မှုမှာ သူမ၏ မျှော်မှန်းချက်ထက် များစွာ သာလွန်နေခဲ့သည်။
"အံ့ဖွယ်ပဲ။ တကယ့် အံ့ဖွယ်ပဲ။ မနက်ဖြန်ဆိုရင် သတိရလာနိုင်ပြီး လဝက်လောက်ဆိုရင် အားလုံး ပုံမှန်အတိုင်း ပြန်ကောင်းသွားလိမ့်မယ်"
"တော်သေးတာပေါ့"
ရှန်ကျိုတီက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ရှေ့မှောက်ရှိ အမျိုးသမီး စစ်ဆရာဝန်အား ရက်ရက်ရောရော ချီးကျူးစကား ဆိုလိုက်သည်။
"နင်က တကယ် တော်တာပဲ။ ဆေးပညာမှာတော့ အံ့မခန်းပါပဲ "
ယွီရှင်းက ခေါင်းခါလိုက်ပြီး ရှေ့တွင် မောင်းနှင်နေသော G55 ကို လေးနက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူမ၏ ဆေးပညာစွမ်းရည် မည်မျှရှိသည်ကို သူမကိုယ်တိုင် အသိဆုံး ဖြစ်သည်။ လော့ရှောင်ရှောင်၏ ဒဏ်ရာများကို ကုသပေးနိုင်သည် ဆိုသော်ငြား ဤမျှ ပုံမှန်မဟုတ်သော အမြန်နှုန်းဖြင့် နာလန်ထလာစေရန်မှာ မိမိအစွမ်းအစသက်သက်ဖြင့် လုံးဝ မဖြစ်နိုင်ချေ။
"အယ်"
ရုတ်တရက် ရှန်ကျိုတီက သံသယဝင်နေသော မျက်နှာဖြင့် ရှေ့မှလမ်းကို ကြည့်လိုက်သည်။
"လမ်း မှားနေတာ မဟုတ်ဘူးလား။ ဒါက ရှစ်ကျားကျွမ်း စစ်ဒေသကို သွားတဲ့လမ်း မဟုတ်ဘူးလေ"
ယွီရှင်းလည်း သတိဝင်သွားကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကျွန်မ ရှစ်ကျားကျွမ်း စစ်ဒေသကို ရောက်ဖူးတယ်။ ဒီလမ်းကြောင်း မဟုတ်တာတော့ သေချာတယ်"
"ဒီမယ် ဝတုတ်ကြီး... ချူဟန်ကို လမ်းမှားနေပြီလို့ မြန်မြန် လှမ်းပြောလိုက်ပါဦး" ရှန်ကျိုတီက အလောတကြီး ပြောလိုက်သည်။
"မလောပါနဲ့ဗျာ"
ချန်ရှောက်ရယ်က ထိုမိန်းမနှစ်ယောက် ပြောစကားကို လုံးဝ ဂရုမစိုက်ဘဲ ချူဟန်ကားနောက်သို့သာ ခပ်တည်တည်ဖြင့် လိုက်ပါသွားလေသည်။
"ဘော့စ်က ဒီဘက်ကို သွားတယ်ဆိုတော့ သူ့မှာ သေချာ စဉ်းစားထားတဲ့ အစီအစဉ် ရှိပြီးသား နေမှာပေါ့။ ခင်ဗျားတို့ အပိုတွေ စိတ်ပူမနေကြစမ်းပါနဲ့"
အတိအကျပင် ထိုအချိန်၌ စကားပြောစက်ထဲမှ ဟယ်ဖေးယွမ်နှင့် ချူဟန်တို့၏ အပြန်အလှန် ပြောစကားများကို ကြားလိုက်ရသည်။ ချူဟန်၏ ငါ့နောက်ကသာ လိုက်ခဲ့ကြ ဟူသော စကားတစ်ခွန်းကြောင့် ရှန်ကျိုတီနှင့် ယွီရှင်းတို့ ဆွံ့အသွားကြသည်။ ယင်းနှင့် ဆန့်ကျင်ဘက်အဖြစ် ချန်ရှောက်ရယ်ကမူ ပြုံးဖြီးဖြီး လုပ်နေသည်။
‘တကယ့် ငါ့ဘော့စ်ပါလား... အရှိန်အဝါကတော့ လုံးဝကို မိုက်တာပဲ’
ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့မှာလည်း တစ်ကားတည်း စီးနင်းလိုက်ပါလာကြရာ သူတို့နှစ်ဦးမှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်ကြသည်။
ချူဟန် ဟူသော အမျိုးသားသည် အမြဲတမ်း ဤကဲ့သို့ သာမန်ထက် ထူးကဲသော လုပ်ရပ်များကို လုပ်ဆောင်တတ်သည်။ သို့သော် ထိုသို့လုပ်ဆောင်တိုင်း သူတို့အား အပြည့်အဝ အညံ့ခံ လေးစားသွားစေရန် စွမ်းဆောင်နိုင်ခဲ့သည်ချည်းပင် ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ် တမင်တကာ လမ်းမှား၍ သွားနေခြင်းမှာလည်း ချူဟန်၏ ကိုယ်ပိုင် တွက်ချက်မှု များ သေချာပေါက် ရှိနေမည် ဖြစ်သည်။ ပထမတစ်ကြိမ်က တိုက်ဆိုင်မှုမျှသာ ဖြစ်နိုင်သည်။ ဒုတိယတစ်ကြိမ်မှာ အမှတ်မထင် ဖြစ်တည်မှု ဖြစ်နိုင်ပေမည်။ သို့သော် သုံးကြိမ်၊ လေးကြိမ်မက ကြုံတွေ့ရပြီးနောက်တွင်မူ ချူဟန်ဟူသော လူသားတစ်ဦး၏ ခန့်မှန်း၍မရနိုင်သော စွမ်းအားနက်ကြီးကို အကြွင်းမဲ့ လက်ခံယုံကြည်ရုံမှလွဲ၍ အခြားမရှိတော့ချေ။
တစ်ဖက်တွင်မူ ရှစ်ကျားကျွမ်းမြို့စွန်၌ တည်ရှိနေသော ဧရာမ ခံတပ်ကြီးဖြစ်သည့် ရှစ်ကျားကျွမ်း စစ်ဒေသစခန်း...
ယခုအချိန်တွင် တန်းစီနေသော စစ်သုံးတင့်ကားများက လမ်းဖောက်ပေးနေပြီး ယာဉ်အစီးရေ တစ်ရာနီးပါးက အရှေ့အနောက် ခြံရံထားလျက် အလယ်ဗဟိုရှိ ခရီးသွား ဇိမ်ခံကားကြီးသည် စစ်ဒေသမှ ဖြည်းညင်းစွာ ထွက်ခွာလာကာ ရှေ့သို့ စတင်ရွေ့လျားနေပြီ ဖြစ်သည်။ သူတို့ ထွက်ခွာသွားပြီးနောက် စခန်းကြီးမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး မြေပြင်ပေါ်၌ စွန်းထင်းနေသော သွေးကွက်များသာ ကျန်ရစ်နေခဲ့တော့သည်။
ဇိမ်ခံကားကြီး၏ အတွင်းဘက်…
စစ်ဝတ်စုံကို ဆင်မြန်းထားပြီး မှိုင်းညို့နေသော မျက်နှာထားရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သက်တောင့်သက်သာရှိသော ဆိုဖာပေါ်တွင် ထိုင်နေသည်။
သူ၏ ဘေးတွင် လူငယ်တစ်ဦး လဲလျောင်းနေသည်။ ဘယ်ဘက်လက်မောင်းကို ပတ်တီးများ အထပ်ထပ် စည်းနှောင်ထားပြီး ညာဘက်ပခုံးပေါ်တွင်လည်း ထူထဲသော ပတ်တီးစများ အုပ်ထားလေသည်။
ဤလူငယ်မှာ ခွမ်းချန် ဖြစ်ပြီး ဘေးတွင်ထိုင်နေသော သက်လတ်ပိုင်းအမျိုးသားကား သူ၏ဖခင်... ခွမ်းချန် စစ်ဒေသ၏ ဗိုလ်ချုပ် ခွမ်းချန် ပင် ဖြစ်တော့သည်။