← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇) သခင်လေး ရှောင်ချီ

ဟယ်ဆန်းနှင့် ဆူးရှင်းတို့ စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ချူဟန်ကိုယ်တိုင်လည်း အနည်းငယ် စိတ်လှုပ်ရှားလာချိန်တွင် ကျောဘက်ဆီမှ ခြေသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ဒေါက်... ဒေါက်...

ကြမ်းပြင်ကြွေပြားပေါ်သို့ သားရေဖိနပ်ဖြင့် နင်းလိုက်သော အသံဖြစ်သည်။ အေးစက်စက် အရှိန်အဝါတစ်ရပ်ကို ဖုံးလွှမ်းထားကာ မော်ဒယ်လမ်းလျှောက်နေသူတစ်ဦးပမာ ထိုခြေလှမ်းများမှာ ရုတ်တရက်ဆန်ပြီး ရိုင်းစိုင်းလှသော်လည်း စည်းချက်ညီနေသည်။

တစ်ဝက်ခန့် ပွင့်နေသော သံတံခါးကြီးမှာ ပြင်းထန်သော အရှိန်ဖြင့် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ရွှီး ခနဲ ပြန်ပိတ်သွားတော့သည်။ ထိုအမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှပြီး စောစောက နှေးကွေးလေးတွဲနေသော အနေအထားနှင့် လုံးဝကို ကွာခြားနေသည်။

ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ဆွံ့အသွားကြသည်။ စောစောက တရွေ့ရွေ့ ပွင့်လာခြင်းမှာ သူတို့ကို သက်သက်မဲ့ နောက်ပြောင်နေခြင်းသာ ဖြစ်မည်လော။ ထိုနှစ်ယောက်သား မကျေမချမ်း အော်ဟစ်တော့မည့်ဆဲဆဲမှာပင် အထင်သေးလှောင်ပြောင်နေဟန်ရှိသော အသံတစ်သံ လွင့်ပျံလာသည်။

"ငါ့ထက်အရင် ဒီကိုရောက်နေတဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားဘူး"

ချူဟန်သည် လျှပ်တစ်ပြက် လှည့်ကြည့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်ချင်စိတ်များ သက်ဆင်းလာပြီး အင်အားကြီးမားသော ရန်သူကို ရင်ဆိုင်ရမည့်အလား အသင့်ပြင်လိုက်သည်။

ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာလည်း တုန်တက်သွားကာ အသံထွက်ပေါ်လာရာ လှေကားဘက်သို့ အကြည့်ပို့လိုက်ကြသည်။

ဦးစွာ တွေ့လိုက်ရသည်မှာ ပြောင်လက်နေအောင် တိုက်ချွတ်ထားသော အနက်ရောင် သားရေဖိနပ်တစ်ရံပင် ဖြစ်သည်။ လှေကားထစ်များကို တစ်ထစ်ပြီး တစ်ထစ် မှန်မှန် ဆင်းသက်လာသည်။

ထို့နောက် သေသပ်သပ်ရပ်လှသော အနက်ရောင်ဝတ်စုံက တဖြည်းဖြည်း ပေါ်လာသည်။

ထိုသူမှာ အမျိုးသားတစ်ဦး ဖြစ်သည်။

မိန်းမဆန်ဆန် မျက်နှာပေါက်မျိုးရှိပြီး ရှည်လျားသော မျက်လုံးများရှိသည်။ ယောကျ်ားချင်း မြင်လျှင် ဆွဲထိုးချင်စိတ်ပေါက်သွားနိုင်ပြီး မိန်းမများ မြင်လျှင်တော့ ရင်ခုန်သွားစေမည့် မျက်နှာမျိုးပင် ဖြစ်သည်။ ဆံပင်များကို ဂျယ်လ်လိမ်းကာ နောက်သို့ သပ်ရပ်စွာ သပ်တင်ထားသည်။

ကမောက်ကမဖြစ်နေသော ဤကပ်ဆိုးကမ္ဘာနှင့် လုံးဝကို မလိုက်ဖက်လောက်အောင် သန့်ရှင်းသပ်ရပ်နေသည်။ ဟယ်ဆန်းနှင့် ဆူးရှင်းတို့အတွက်မူ ထိုသူမှာ သူစိမ်းတစ်ယောက်သာ ဖြစ်သည်။

သို့သော် ချူဟန်အတွက်တော့ ထိုမျက်နှာသည် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသည်။

'နီရဲနေတဲ့ နှုတ်ခမ်း၊ ဖြူဖွေးနေတဲ့ သွားတွေနဲ့ စာတတ်ပေတတ်တစ်ယောက်လို ပုံစံဖမ်းထားပေမယ့် တကယ့်ဗီဇကတော့ အဆိပ်ပြင်းမြွေတစ်ကောင်လို ကောက်ကျစ်စဉ်းလဲလွန်းတယ်'

‘ဒီကောင် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒုက္ခပဲ’

ရန်သူမလှုပ်လျှင် ကိုယ်တိုင်လည်း မလှုပ်ရှားရပေ။

ချူဟန်သည် ဘေးဘက်တွင် ငြိမ်သက်စွာ ရပ်နေလိုက်ပြီး သူ၏တည်ရှိမှုကို အတတ်နိုင်ဆုံး ဖျောက်ဖျက်ထားလိုက်သည်။ မည်သူကြည့်ကြည့် သာမန်လူတစ်ယောက်အဖြစ်သာ မြင်ရစေရန် ဟန်ဆောင်ထားသည်။

မိန်းမဆန်ဆန် မျက်နှာပေါက်နှင့် အမျိုးသားက အခန်းထောင့်တွင် တည်ရှိမှုကို အသေအလဲ ဖျောက်ဖျက်ထားသော ချူဟန်အား စိတ်ဝင်စားဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မွေးရာပါ အခြားသူများကို အထင်သေးတတ်သည့် အမူအရာများ ပေါ်လွင်နေသည်။

"ဒုက္ခသည် သုံးယောက်လား"

လုံးဝ ဖုံးကွယ်မထားသော ထိုမောက်မာသည့် အပြုအမူကြောင့် ဟယ်ဆန်းနှင့် ဆူးရှင်းတို့ ဒေါသထွက်သွားကာ အော်ဟစ်ရန် ရှေ့သို့ တက်သွားမိကြသည်။

သို့သော် ရုတ်တရက် ဆန့်ထွက်လာသော လက်တစ်ဖက်က သူတို့နှစ်ဦးရှေ့တွင် ပိတ်ကာထားလိုက်သည်။ သူတို့နှစ်ယောက်လုံး ချူဟန်ထံသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။

တင်းမာနေသော ချူဟန်၏ မျက်နှာနှင့် တစ်စုံတစ်ရာကို အသေအလဲ ဖိနှိပ်ထားဟန်ရှိသော ထိုအမူအရာကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦး၏ ရင်ခုန်သံများ မြန်ဆန်သွားတော့သည်။

'ဘော့စ်က... ဒီလူကို သတိထားနေတာလား'

ချူဟန်၏ စိတ်အစဉ်မှာ ဂနာမငြိမ် ဖြစ်နေသည်။

‘တခြားသူမဟုတ်ဘဲ ရှောင်ချီ ဖြစ်နေရလား...ဘာလို့များ ဒီအချိန်ကြီးမှာ သူက ဒီကို ရောက်နေရတာလဲ’

ရှောင်ချီ…

အတိတ်ဘဝတွင် ကပ်ဆိုးကမ္ဘာ စတင်ပြီးနောက် ဆယ်နှစ်တာ ကာလအတွင်း ကြီးစိုးခဲ့သော ထူးချွန်သူတစ်ဦး ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်တွင် အဆင့် (၂၃) နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး လူအများက သူ့ကို သခင်လေး ရှောင်ချီ ဟု ခေါ်ဝေါ်ကြသည်။

အထူးပြုပြောရလျှင် သူသည်လည်း ပိုင်ယွန့်အာကဲ့သို့ပင် စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည် သက်သက်ဖြင့် ထိုနေရာအထိ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှောင်ချီ သည် ဘာအထောက်အပံ့မှ မပါဘဲ လက်ရုံးရည်သက်သက်နဲ့ ထိပ်တန်းရောက်လာတဲ့ သာမန်လူ တစ်ယောက်‌ ဖြစ်သည်။

ဤသို့သော အမျိုးအစားများသည် နေရာတကာတွင် တွေ့ရတတ်သည့် သာမန်လူများ ဖြစ်နိုင်သကဲ့သို့ လူသားများကို ကြောက်ရွံ့တုန်လှုပ်စေနိုင်လောက်သည့် ဘီလူးသဘက်ကြီးများလည်း ဖြစ်နေနိုင်ပေသည်။

ယခု မျက်မှောက်ရှိ ရှောင်ချီ မှာ သေချာပေါက် သာမန်လူတစ်ယောက် မဟုတ်ပေ။

လှေကားထစ်များကို ဆင်းသက်လာသည့် သူ၏ ခြေလှမ်းတိုင်းမှ အရှိန်အဝါများ လျှံကျနေသည်။ သက်စောင့်စွမ်းအင် လှိုင်းဂယက်များကိုလည်း ထင်ရှားစွာ ခံစားသိရှိနိုင်သည်။ သူထုတ်လွှင့်နေသည့် ပြင်းထန်သော လှိုင်းဂယက်ကို ချူဟန် ရှင်းလင်းစွာ ခံစားမိနေပြီ ဖြစ်သည်။

'ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူ'

ဤမျှနှင့် မပြီးသေးပေ။ ချူဟန်၏ မှတ်ဉာဏ်များအရ ဤအမျိုးသားသည် ဆင့်ကဲပြောင်းလဲသူ မဖြစ်လာမီကတည်းက သိုင်းပညာကို အနှစ်နှစ်ဆယ်တိုင်တိုင် လေ့ကျင့်ခဲ့သူဖြစ်ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ အထူးတပ်ဖွဲ့ဝင်များထက်ပင် သာလွန်နေသေးသည်။

ကပ်ဆိုးကမ္ဘာ ရောက်ရှိလာပြီးနောက် ဆင့်ကဲပြောင်းလဲသူ ဖြစ်လာခြင်းက သူ့အတွက် ကျားကိုတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေတော့သည်။

သူသည် ပထမအဆင့် ဆင့်ကဲပြောင်းလဲသူများထက် ပိုမိုအားကောင်းရုံသာမက ဒုတိယအဆင့်များထဲတွင်လည်း ထိပ်တန်းအဆင့်ရှိ သိုင်းပညာရှင်တစ်ဦး အသေအချာပင် ဖြစ်သည်။ ထို့ကြောင့်ပင် မိမိ၏ စွမ်းရည်ကို ဖုံးကွယ်ထားရန် အလျဉ်းမရည်ရွယ်ဘဲ အစကတည်းက ဤမျှ ရဲတင်းစွာ အရှိန်အဝါများ ထုတ်လွှင့်နေခြင်း ဖြစ်သည်။

ထိုကောက်ကျစ်သော မျက်နှာကို ဆွဲထိုးချင်စရာကောင်းလောက်အောင် မောက်မာလွန်းလှသည်။ ချူဟန်တို့ သုံးယောက်လုံး မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ရှောင်ချီ က ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ကိုယ့်အဆင့်အတန်းကိုယ် သိသားပဲ"

သူက ခပ်အေးအေး ပြောချလိုက်ပြီးနောက် ဧကရာဇ်တစ်ပါးကဲ့သို့သော ခြေလှမ်းများဖြင့် ဧရာမ သံတံခါးကြီးရှေ့သို့ လျှောက်သွားလိုက်သည်။

တံခါးကို ခေါက်ခြင်းမရှိသလို လျှို့ဝှက်ကုဒ် ပြောခြင်းလည်း မရှိပေ။ ဝတ်စုံပေါ်ရှိ တွန့်ကြေရာများကို သပ်ရပ်အောင် ဖြန့်ရင်း အေးအေးလူလူ စကားစမြည် ပြောနေသည့်နှယ် ဤသို့ ဆိုလိုက်လေသည်။

"အဘိုးယဲ့... ကျွန်တော် မှာထားတဲ့ ပစ္စည်း လုပ်ပြီးပြီလား"

ရှောင်ချီ၏ ထိုသို့ မောက်မာသော အပြုအမူကို မြင်သော်လည်း ချူဟန်မှာ ဒေါသမထွက်မိပေ။

အတိတ်ဘဝမှ လွန်ခဲ့သော ဆယ်နှစ်ခန့်က လူငယ်ရှောင်ချီ ကို တိတ်ဆိတ်စွာ အကဲခတ်နေမိသည်။ အတိတ်ဘဝတွင် ဆယ်နှစ်ကျော်ကြာပြီးနောက်မှ မြင်တွေ့ခဲ့ရသော သခင်လေး ရှောင်ချီ နှင့် ယှဉ်လျှင် နုနယ်နေသေးသော်လည်း မျက်မှောက်မှ ဤလူသည် ထိုအဆိပ်ပြင်းမြွေကဲ့သို့သော ကောက်ကျစ်စဉ်းလဲမှု အရိပ်အယောင်များကို ယခုကတည်းက စတင်ပြသနေပြီ ဖြစ်သည်။

“ရှောင်မိသားစုက ကောင်တွေကို မကြိုဆိုနိုင်ဘူးကွ”

အသံချဲ့စက်ထဲမှ အသက်အရွယ်ရနေပြီဖြစ်သော်လည်း အရှိန်အဝါအပြည့်ပါသော အသံကြီး ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ပြင်းထန်သော ရန်လိုမှုများ ပါဝင်နေသည်။

ရှောင်ချီ က ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။

"အဘိုးယဲ့... အပြင်ဘက်ကမ္ဘာက အရင်တုန်းကလို မဟုတ်တော့ဘူးနော်။ ထားပါတော့၊ ဒီနေ့တော့ အကြမ်းဖက်ဖို့ မရည်ရွယ်ပါဘူး။ လာသတိပေးရုံ သက်သက်ပါ။ ခင်ဗျားအတွက် အချိန် တစ်နှစ်ပဲ ကျန်တော့တယ်။ အဲဒီအချိန်မတိုင်ခင် အပြီးမလုပ်နိုင်ရင်... နောက်တစ်ခါတော့ ဒီလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာမျိုး မျှော်လင့်မနေနဲ့"

‘ခြိမ်းခြောက်နေတာလား’

ချူဟန် ရင်ခုန်သွားသည်။ ရှောင်ချီ လို လူတစ်ယောက်က တံခါးတစ်ဖက်ရှိ ပုဂ္ဂိုလ်ကို ခြိမ်းခြောက်နေသည်ဆိုပါလား။

အသံချဲ့စက်ဆီမှ မည်သည့်တုံ့ပြန်မှုမျှ ထွက်ပေါ်မလာတော့ပေ။

ရှောင်ချီ လည်း ဂရုစိုက်ဟန်မပြဘဲ ချူဟန်တို့ကို ခပ်ပေါ့ပေါ့ တစ်ချက်ကြည့်လိုက်ကာ အင်္ကျီလက်ပေါ်မှ ဖုန်များကို ခါချလိုက်ပြီး ခြေလှမ်းများကို လှည့်ကာ လှေကားပေါ်သို့ တက်သွားတော့သည်။

သူ့မျက်လုံးထဲတွင် မည်သူ့ကိုမျှ အရေးလုပ်ဟန် မရပေ။

ချူဟန်သည် သူထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။ စိတ်ထဲတွင်တော့ အတွေးပေါင်းများစွာ လည်ပတ်နေသည်။

‘ကပ်ဆိုးကမ္ဘာကို ကျော်ဖြတ်ရှင်သန်ခဲ့တဲ့ သူရဲကောင်းတွေ... အဆင့်တက်တဲ့ နှုန်းက အရမ်းမြန်လွန်းတယ်’

ကပ်ဆိုးကမ္ဘာ စတင်ခဲ့သည်မှာ ယခုဆိုလျှင် တစ်လခွဲသာ ရှိသေးသည်။

ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူများ ပေါ်ထွက်လာခြင်းမှာ ချူဟန်၏ ခန့်မှန်းချက်ဘောင်အတွင်း၌ ရှိနေပြီး ဖြစ်သည်။ အမှန်ဆိုရလျှင် တတိယအဆင့် ဆင့်ကဲပြောင်းလဲသူများပင် ပေါ်ထွက်နေလောက်ပြီ ဖြစ်သည်။

ချူဟန်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ အလွန်တရာ သာမန်ဆန်လွန်းသည်။ (ပြန်လည်စတင်ခြင်း) စနစ် သာ မရှိလျှင် ယခုအချိန်၌ သာမန်လူတစ်ယောက်အနေဖြင့် ရွှံ့နွံများထဲတွင် ရုန်းကန်နေရဆဲ ဖြစ်ပေလိမ့်မည်။

တရုတ်ပြည်ကြီးက ကျယ်ဝန်းလှသည်။ ဘီလူးသဘက်များကဲ့သို့သော ပါရမီရှင်များမှာ မရေမတွက်နိုင်အောင် ရှိနေပေသည်။

ပထမအဆင့် ဆင့်ကဲပြောင်းလဲသူများမှာ ယခုအချိန်တွင် လူတစ်သောင်းကျော်နေလောက်ပြီ ဖြစ်သည်။ ဒုတိယအဆင့်၊ တတိယအဆင့် မည်မျှရှိမည်ကိုမူ ခန့်မှန်း၍ပင် မရနိုင်ပေ။ အတိတ်ဘဝ၏ ဆယ်နှစ်တာကာလအတွင်း နာမည်ကျော်ကြားခဲ့သော သိုင်းပညာရှင်များကို တွေးမိသောအခါ ချူဟန်၏ မျက်လုံးများထဲတွင် အလင်းရောင်တချို့ လင်းလက်သွားသည်။

သူတို့အတွက်မူ ပထမအဆင့် ဖုတ်ကောင်များက ပြိုင်ဘက်ပင် ဖြစ်တော့မည်မဟုတ်ပေ။ ဒုတိယအဆင့် ဖုတ်ကောင်များနှင့်ပတ်သက်၍... ထိုအနက်ရောင် သလင်းကျောက်၏ တည်ရှိမှုကို သူတို့ သတိထားမိနေလောက်ပြီလား။

ယခု ချူဟန်သည် ပထမအဆင့် ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပြင် (တိကျမှု) နှင့် (ခွန်အား) ဆိုင်ရာ ထူးခြားသည့် အထူးစွမ်းရည်များကိုပါ ပိုင်ဆိုင်ထားသည်။

တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်အရဆိုလျှင် အဆင့် ငါးရာအတွင်း၊ နှစ်ရာအပြင်ဘက် ဝန်းကျင်လောက်သာ ရှိနေမည် ဖြစ်သည်။

ထို့ကြောင့်ပင် ဤမျှ အင်အားကြီးမားသော ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူ ရှောင်ချီ ရှေ့တွင် အခြေအနေကိုသာ စောင့်ကြည့်နေခဲ့ရခြင်း ဖြစ်သည်။

အနာဂတ်က သိုင်းပညာရှင်တစ်ယောက်နဲ့ ဒီလောက်မြန်မြန် ဆုံတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ပြီးတော့ အခု ရှောင်ချီ က ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူ လုံးဝ မတွေးမိခဲ့ချေ။

အတိတ်ဘဝ၏ ဆယ်နှစ်တာကာလအတွင်း ထိုမျှအထိ ကြောက်ရွံ့ခြင်း ခံခဲ့ရသည်မှာလည်း သဘာဝကျပေသည်။ စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် သက်သက်ဖြင့် တိုက်ခိုက်ရေးစွမ်းရည် အဆင့် (၂၃) နေရာကို ရယူနိုင်ခဲ့သည် မဟုတ်ပါလော။

‘တောက်... ရုပ်ပိုင်းဆိုင်ရာကို ဒုတိယအဆင့်အထိ မြှင့်တင်ဖို့ အမှတ် နှစ်ရာတောင် လိုနေသေးတယ်’

ရုတ်တရက် ချူဟန်သည် ကားပေါ်မှ ဆင်းမလာသေးသော ပိုင်ယွန့်အာကို သတိရသွားသည်။ သူက ခေါင်းယမ်းလိုက်ပြီး အာရုံများကို ရှင်းထုတ်လိုက်သည်။ ပိုင်ယွန့်အာသည် နောက်ကျမှ အောင်မြင်မည့် အမျိုးအစား ဖြစ်သည်။ အခြား ဆင့်ကဲပြောင်းလဲသူများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအပေါ် စွဲလမ်းခြင်းမရှိဘဲ သဘာဝကျကျပင် ပထမအဆင့်၊ ဒုတိယအဆင့်များသို့ ထိုးဖောက်ကျော်လွန်ကာ နောက်ဆုံးတွင် ထိပ်ဆုံးသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထို့ကြောင့် ယခု ပိုင်ယွန့်အာအနေဖြင့် ဆင့်ကဲပြောင်းလဲခြင်း မရှိသေးသည့် အခြေအနေတွင်ပင် အလွန်တရာ အားကောင်းနေသော်လည်း ရှောင်ချီ ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ရှောင်ချီ ထွက်သွားပြီးနောက်တွင်လည်း ချူဟန်က စကားတစ်ခွန်းမျှ မဆိုဘဲ ထိုနေရာ၌ ဆယ်မိနစ်ခန့် ရပ်နေခဲ့သည်။

ထိုအချိန်အတွင်း ရှည်လျားသော လှေကားပေါ်မှ သဲ့သဲ့မျှသာရှိသော အသက်ရှူသံများကို ကြားတစ်ချက် မကြားတစ်ချက် ခံစားနေရသည်။ ရှောင်ချီ ချက်ချင်း ထွက်မသွားခဲ့ပေ။

ဆယ်နှစ်အကြာမှ သခင်လေး ရှောင်ချီ နှင့် ယှဉ်လျှင် ဤမျှလောက် ပုန်းကွယ်ခြင်းစွမ်းရည်မှာ အဆင့်နိမ့်လွန်းနေသော်လည်း ဟယ်ဆန်းနှင့် ဆူးရှင်းတို့ကို အပြည့်အဝ လှည့်စားရန်တော့ လုံလောက်ပေသည်။

"ဘော့စ်... အဲဒီလူက ဘယ်သူလဲ"

ဆူးရှင်းက နောက်ဆုံးတွင် အသံထွက်လာသည်။

"အိုင်ဒေါ... အဲဒီလူရဲ့ အဝတ်အစားက တော်တော် မိုက်တယ်နော်"

ဟယ်ဆန်း၏ အာရုံစိုက်မှုကတော့ တစ်လွဲကြီး ဖြစ်နေတော့သည်။

အခန်း (၁၄၈) အဘိုးယဲ့

ချူဟန်က စကားစမြည်ပြောဟန်ဆောင်လျက် ထိုနှစ်ယောက်၏ အာရုံကို ရှောင်ချီ ၏ အဝတ်အစား၊ ဖိနပ်နှင့် မျက်နှာသွင်ပြင်ဆီသို့ ရောက်သွားစေရန် လမ်းကြောင်းပေးလိုက်သည်။

ဒီတံခါးနောက်မှာ လူရှိနေလိမ့်မယ်လို့ ထင်မထားဘူး ဟူ၍ အံ့သြဟန်ဆောင်ကာ အော်ပြောလိုက်သော်လည်း စောစောက ထူးဆန်းသော စကားဝှက်အကြောင်းကိုမူ နှုတ်ဆိတ်နေခဲ့သည်။

သူတို့သည် ဤနေရာသို့ မတော်တဆ ရောက်လာခြင်းဖြစ်ကြောင်း ရှောင်ချီ ကို အထင်မှားစေရန် အစွမ်းကုန် ကြိုးစားနေခြင်းဖြစ်သည်။ လှေကားပေါ်မှ သဲ့သဲ့မျှ ကြားနေရသော အသက်ရှူသံ ပျောက်ကွယ်သွားမည့်အချိန်ကို ချူဟန် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ အကယ်၍ သူသာ ရှောင်ချီ၏ ကောက်ကျစ်စဉ်းလဲသော ပင်ကိုယ်စရိုက်ကို မသိဘဲ အထင်သေးမိပါက နောင်တစ်ခေတ်တွင် ယုတ်မာမှုဖြင့် နာမည်ဆိုးထွက်မည့် သခင်လေး ရှောင်ချီ ၏ လှည့်စားခြင်းကို အလွယ်တကူ ခံလိုက်ရပေမည်။

ဟယ်ဆန်းနှင့် ဆူးရှင်းတို့သည် နောင်အနာဂတ်တွင် တစ်ယောက်က တရုတ်ပြည်တစ်ဝန်း နာမည်ကြီးမည့် နည်းပညာနယ်ပယ်မှ ထိပ်တန်းပညာရှင်ဖြစ်လာမည်ဖြစ်ပြီး အခြားတစ်ယောက်မှာမူ အင်အားကြီးစခန်းတိုင်းက အလုအယက် ခေါ်ယူရမည့် ပါရမီရှင် ဗိသုကာပညာရှင် ဖြစ်လာမည့်သူများ ဖြစ်သည်။

အခြားကိစ္စများကို ဘေးဖယ်ထားလျှင်ပင် သူတို့၏ ဉာဏ်ရည်မှာ သာမန်ထက် များစွာသာလွန်လှသည်။ ချူဟန်က စကားလမ်းကြောင်းလွှဲနေမှန်း သတိထားမိသည်နှင့် သူတို့နှစ်ယောက်လုံးက ချက်ချင်း အခြေအနေကို ရိပ်မိသွားကြသည်။ ထို့ကြောင့် ချူဟန်နှင့် အလိုက်သင့် နာရီဝက်တိတိ အရူးဟန်ဆောင်ပေးနေခဲ့ကြသည်။ ဘီယာဖာတစ်ခု ယူလာပြီး ဖဲထိုင်ရိုက်ချင်စရာကောင်းလောက်အောင်ပင် အပန်းဖြေနေသည့်အလား သက်သောင့်သက်သာ ရှိလှသည်။

ရှောင်ချီ က ယုတ်မာသလို ချူဟန်ကလည်း အကြံအစည် ကြီးမားလှသည်။ ထိုမျှမက သူတို့နှစ်ယောက်လုံးက အရှုံးကို လုံးဝလက်မခံတတ်သလို သူတစ်ပါး၏ ချုပ်ကိုင်မှုကို ခံရမည်ကို အမုန်းဆုံးသော စရိုက်သဘာဝရှိသူများ ဖြစ်သည်။ သူတို့နှစ်ယောက် ပူးပေါင်းရန်ဆိုသည်မှာ အလျဉ်းမဖြစ်နိုင်သလို သူငယ်ချင်းဖြစ်လာရန်လည်း အကြောင်းမရှိပေ။ နောက်ဆုံးရလဒ်မှာ တစ်ယောက်သေ တစ်ယောက်ရှင် သတ်ဖြတ်ရမည့် လမ်းစသာ ရှိတော့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ယခုအချိန်တွင် ရှောင်ချီ က ချူဟန်၏ တည်ရှိမှုကို မသိသေးပေ။ ချူဟန်ကမူ သူ့ကို ကြိုတင်သတိထားနေပြီ ဖြစ်သည်။

သဲ့သဲ့မျှသာ ကြားရသော အေးစက်စက် လှောင်ပြုံးသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ရှောင်ချီ ၏ အသက်ရှူသံ လုံးဝ ပျောက်ကွယ်သွားတော့သည်။ သို့တိုင် ချူဟန်က သတိမလျှော့ဘဲ ဟယ်ဆန်းတို့နှစ်ယောက်နှင့် စကားဆက်ပြောနေခဲ့သည်။

နောက်ထပ် နာရီဝက်ခန့် ကြာသော်...

"ငါ ပြန်လာပြီဟေ့"

အသံချဲ့စက်ထဲမှ အဘိုးအို၏အသံ ထွက်ပေါ်လာသည်။

ချူဟန် သက်ပြင်းချလိုက်ပြီး ပြုံးလိုက်လေသည်။

"စောစောက စကားဝှက် မှန်တယ်မလား"

"ဟွန်း"

အသံချဲ့စက်ထဲမှ အေးစက်စက် နှာမှုတ်သံသာ ပြန်ထွက်လာသည်။

ချူဟန်က ဘာမှဆက်မပြောတော့ဘဲ အပြုံးလေးဖြင့် တံခါးရှေ့တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ အချိန်အတော်ကြာ စောင့်လိုက်ရသဖြင့် ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ခြေညောင်းလာပြီး ပျင်းရိပျင်းတွဲဖြင့် ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်နေကြပြီ ဖြစ်သည်။

တစ်မိနစ်ခန့်အကြာတွင် ဧရာမတံခါးကြီးက ဖြည်းညင်းစွာ ပွင့်ဟလာသည်။ တံခါးနောက်ကွယ်မှ မြင်ကွင်းက သူတို့သုံးယောက်၏ မျက်စိရှေ့သို့ အတိုင်းသား ပေါ်လာတော့သည်။

ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ချက်ချင်း မတ်တတ်ရပ်လိုက်မိပြီး မျှော်လင့်ချက်ကြီးစွာဖြင့် အတွင်းသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုမြင်ကွင်းကြောင့် သူတို့မှာ အံ့အားသင့်သွားကြသည်။ တည်ငြိမ်နေသော ချူဟန်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ထိုနှစ်ယောက်မှာ မျက်လုံးများ ပြူးကျယ်နေပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လျက် ဆွံ့အသွားကြသည်။ ကြောက်ရွံ့၍ တုန်ယင်ခြင်းမဟုတ်ဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်သည်။

အတွင်း၌ ဧရာမ နေရာလွတ်ကြီး ရှိနေသည်။ အဆုံးကိုပင် မမြင်ရလောက်အောင် ကျယ်ဝန်းလှသဖြင့် ဤစံအိမ်ကြီး၏ မြေအောက်တစ်ခုလုံးကို တူးဆွထားလေသလားဟု ချူဟန်ပင် တွေးတောမိသွားသည်။ ထိုနေရာလွတ်ထဲတွင် မျိုးစုံသော လက်နက်များနှင့် အမည်၊ အသုံးဝင်ပုံကိုပင် မသိနိုင်သော ရှုပ်ထွေးလှသည့် စက်ယန္တရားများ ပြည့်နှက်နေသည်။ ထိုအရာများထဲမှ နက်နဲလှသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

အထူးသဖြင့် မျက်စိကျစရာကောင်းသည်မှာ အခန်းအလယ်ရှိ အနီရောင်အဝတ်စပေါ်တွင် မြတ်နိုးစွာ တင်ထားသော ဓားမြှောင်တစ်လက်ပင် ဖြစ်သည်။ ချူဟန် မြင်ဖူးသမျှထဲတွင် အဟောင်းနွမ်းဆုံးဖြစ်သော်လည်း အထက်မြက်ဆုံး ဓားမြှောင်တစ်လက် ဖြစ်ပေလိမ့်မည်။

ဆူးရှင်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တဆတ်ဆတ် တုန်ယင်နေပြီး ဘေးရှိ ဟယ်ဆန်းမှာမူ အထဲသို့ ပြေးဝင်ကာ ထိုအရာများကို သုတေသနလုပ်ချင်စိတ်ကို ထိန်းမရသိမ်းမရ ဖြစ်နေသည်။ သူတို့မြင်နေရသမျှသည် ခေတ်မီနည်းပညာထက် များစွာ သာလွန်နေသည်။ စက်ယန္တရားများက အလွန်တိုးတက်နေပြီး လက်နက်များကလည်း ပြိုင်ဘက်ကင်းလောက်အောင် သေသပ်လှသည်။ ဘယ်ရှုထောင့်ကကြည့်ကြည့် ဉာဏ်ရည်ထက်မြက်လှသော သူတို့နှစ်ယောက်ကို အကြွင်းမဲ့ လက်ခံသွားစေကာ ဒူးပုတ်၍ ချီးကျူးချင်စိတ် ဖြစ်ပေါ်လာစေသည့် အရာများပင် ဖြစ်သည်။

"ထွီ"

ရုတ်တရက် တံတွေးထွေးလိုက်သည့် ရိုင်းစိုင်းသော အသံတစ်သံ ထွက်ပေါ်လာရာ သူတို့သုံးယောက်၏ အာရုံများ အပြင်လောကသို့ ပြန်ရောက်လာတော့သည်။

တစ်ကိုယ်လုံး ညစ်ပေနေပြီး အသက်အရွယ်ပင် ခန့်မှန်းရခက်သော ခါးကုန်းကုန်း အဘိုးအိုတစ်ဦးက အပြာရောင် အိမ်သာသုံး ဖိနပ်ကို တရွတ်တိုက်ဆွဲကာ လျှောက်လာသည်။ လမ်းလျှောက်ရင်း ဆီပေနေသော ကြက်ပေါင်တစ်ချောင်းကို အငမ်းမရ စားသောက်နေပြီး စားပြီးသား အရိုးများကို ကြမ်းပြင်ပေါ်သို့ တံတွေးနှင့်အတူ ထွေးချပစ်လိုက်သည်။

ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ခဏမျှ ခဏမျှ ဆွံ့အသွားပြီးနောက် ပြင်းထန်သော ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ ဒီလို မြင့်မြတ်တဲ့နေရာမှာ အစားစားရုံတင်မကဘူး စားကြွင်းစားကျန်တွေကိုပါ ကြမ်းပြင်ပေါ် ထွေးချရဲတယ်ပေါ့လေ။

ဒီမှာရှိသမျှအရာအားလုံးက နိုင်ငံတော်အဆင့် ရတနာတွေချည်းပဲ။ အထူးသဖြင့် သီးသန့်နယ်ပယ်တစ်ခုခုကို ရူးသွပ်လောက်အောင် စွဲလမ်းတတ်တဲ့ ဟယ်ဆန်းနဲ့ ဆူးရှင်းတို့အတွက်တော့ ဒီနေရာက မြင့်မြတ်တဲ့ ရတနာသိုက်ကြီးပင် ဖြစ်သည်။ အဲဒီနေရာမှာ အရိုးတွေ ထွေးချတယ်ဆိုတာ နတ်ဘုရားကို စော်ကားလိုက်တာနဲ့ အတူတူပဲ။

သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ။ ဆက်သည်းခံနေစရာ အကြောင်းမရှိတော့ပေ။

"ဒီခွေးအိုကြီး"

"ထပ်ထွေးကြည့်စမ်း၊ မင်းကို အသေသတ်ပစ်မယ်"

သူတို့နှစ်ယောက်က အဘိုးအိုကို ပြိုင်တူ ခြိမ်းခြောက်လိုက်ရာ ဘေးမှ ချူဟန်ပင် အလွန်အံ့အားသင့်သွားသည်။

ဖုန်း.. ဖုန်း..

ချူဟန်က သူတို့နှစ်ယောက်၏ နောက်စေ့ကို မညှာမတာ ရိုက်ချလိုက်ပြီး ထူးဆန်းသော အပြုံးကို အတင်းဖုံးဖိကာ ပြောလိုက်သည်။

"သောက်အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့၊ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေလို့ ငါပြောထားတယ်မလား"

စကားလုံးများက ကြမ်းတမ်းပြီး ရိုက်နှက်ရာတွင်လည်း လက်မလျှော့ခဲ့သော်လည်း ချူဟန် တကယ်ဒေါသထွက်နေပုံမပေါ်ပေ။ တမင်တကာ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

ချူဟန်၏ ရိုက်နှက်မှုကို ခံလိုက်ရသော ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ချက်ချင်း ငြိမ်သက်သွားပြီး ဆူပူခံရသော ကလေးငယ်များပမာ ကိုယ့်ခြေဖျားကိုယ်သာ ငုံ့ကြည့်နေကြတော့သည်။

ကြက်ပေါင်ကို ကိုက်နေသော အဘိုးအိုမှာ တစ်ခဏမျှ မှင်တက်သွားသော်လည်း ချူဟန်ကို အထက်အောက် သေချာကြည့်ပြီးနောက် ဝါကြင့်နေသော သွားများကို ပေါ်အောင်ရယ်လျက် မပီမသ ပြောလိုက်သည်။

"ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်များတဲ့ ကောင်လေးပဲ။ မင်းလိုကောင်မျိုးကို ငါ သဘောမကျဘူး"

ချူဟန်က ဂရုစိုက်ဟန်မပြဘဲ ပြုံးလိုက်ကာ ဓားမြှောင်ရှေ့သို့ တည့်တည့် လျှောက်သွားလိုက်သည်။ သူ့မျက်ဝန်းများအတွင်း စူးရှသော အလင်းတန်းတစ်ခု လျှပ်တစ်ပြက် တောက်ပသွားသည်။

"ဒီဓားမြှောင်ကို ငါ သဘောကျတယ်"

"ဟေ့ ကောင်လေး"

အဘိုးအိုက မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည်။

"ဒီနေရာက ငါ့ပိုင်နက်ကွ။ အခြေအနေကို သဘောမပေါက်သေးဘူးလား"

ဘာဖြစ်နေမှန်းမသိဘဲ ဇဝေဇဝါဖြစ်နေသော ဟယ်ဆန်းနှင့် ဆူးရှင်းတို့ရှေ့တွင် ချူဟန်က နောက်သို့လှည့်ကာ ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် အဘိုးအိုကို မေးလိုက်သည်။

"အဘိုးယဲ့... အဘိုးဆီမှာ တော်တော်ကောင်းတဲ့ ပုဆိန် တစ်လက် ရှိတယ်ဆို"

"ဟွန်း"

အဘိုးအိုက အေးစက်စက် နှာမှုတ်လိုက်ပြီး မျက်နှာလွှဲကာ ကြမ်းပြင်ပေါ်တွင် ရိုင်းပြစွာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထို့နောက် ကြက်ပေါင်ကို တပြွတ်ပြွတ်မြည်အောင် ပြန်စားနေပြန်သည်။

"ရှောင်မိသားစုက ကောင်မလေးရဲ့ လက်ချက်မလား။ အဲဒီလို ပေါတောတော စကားဝှက်ကို သူပဲ စဉ်းစားတတ်တာ"

ချူဟန်က ပြုံးသာပြုံးနေပြီး ငြင်းလည်းမငြင်းသလို ဝန်လည်းမခံပေ။ သူတို့နှစ်ယောက်လုံးက စောစောက ဤနေရာသို့ ရောက်လာသော ရှောင်ချီ ကိစ္စကိုမူ နားလည်မှုဖြင့် လုံးဝ ထုတ်မပြောကြပေ။

အနောက်တွင် ရပ်နေရမည်လား၊ ထိုင်နေရမည်လား ဝေခွဲမရဖြစ်နေသော ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ အခြေအနေကို ပို၍ပင် နားမလည်နိုင်တော့ဘဲ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများသာ ပြည့်နှက်နေတော့သည်။

"မင်းရဲ့ တပည့်တွေကိုခေါ်ပြီး မြန်မြန်ထွက်သွားတော့။ ဒီနေရာက မင်းတို့ကို ကြိုဆိုမနေဘူး" ကြက်ပေါင်စားပြီးသွားသော ညစ်ပေပေ အဘိုးအိုက သူတို့ကို လက်ခါပြကာ နှင်ထုတ်လေသည်။

"ရှောင်မိသားစုက ကောင်မလေး မျက်နှာကြောင့် အဲဒီ ဓားမြှောင်ကို မင်းကို ပေးလိုက်မယ်။ ဒါပေမဲ့ ငါ ၁၂ နှစ်တိတိ အချိန်ယူပြီး သွန်းလုပ်ထားတဲ့ ပုဆိန် ကိုတော့ အိပ်မက်တောင် မမက်နဲ့"

"တစ်.. တစ်ဆယ့်နှစ်နှစ်"

ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ထိုအချိန်ကာလကို ကြားလိုက်ရသဖြင့် လန့်ဖျပ်သွားကြသည်။ ထို့နောက် သူတို့၏ ခေါင်းထဲတွင် ထိတ်လန့်ဖွယ် တွေးထင်မှုတစ်ခု ပေါ်လာသည်။

‘ဒီအခန်းထဲမှာ စီရီနေတဲ့ လက်နက်တွေအားလုံးကို ဒီအဘိုးကြီးက တစ်ယောက်တည်း ဖန်တီးခဲ့တာများလား...ဒါဆိုရင်တော့ ဒီအဘိုးကြီးက သာမန်လူ လုံးဝမဟုတ်တော့ဘူး’

သူတို့နှစ်ယောက်၏ မျက်လုံးများက အားကောင်းသော မီးရောင်များပမာ တောက်ပသွားပြီး သာမန်သာရှိပုံရသော အဘိုးအိုကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။ ငှက်သိုက်ပမာ ရှုပ်ပွနေသော ဆံပင်များကို မလျှော်သည်မှာ လနှင့်ချီနေပြီဖြစ်လိမ့်မည်။ ညစ်ပေစုတ်ပြတ်နေသော အင်္ကျီများထံမှ သံချေးနံ့များ ထွက်ပေါ်နေသည်။ အရည်ပြားတွန့်လျက် သစ်ကိုင်းခြောက်များနှင့် တူသော လက်များရှိသော်လည်း အဆစ်တိုင်းက ပုံမှန်မဟုတ်ဘဲ ဖုထစ်နေကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော လက်ရုံးခွန်အားများ ဖုံးကွယ်ထားကြောင်း ဖော်ပြနေသည်။ ပွယောင်းသော အင်္ကျီအောက်တွင် ဖုံးကွယ်ထားသည့် လက်မောင်းများက မည်မျှသန်မာမည်ကိုတော့ မှန်းဆ၍ပင် မရနိုင်ပေ။

‘ဒီအဘိုးကြီးက ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတဲ့ ဘီလူးသတ္တဝါကြီးများလား...’

ချူဟန်က မျက်နှာချင်းဆိုင်ရှိ အဘိုးအိုကို စိုက်ကြည့်ရင်း မျက်ဝန်းထဲမှ အပြုံးများ ပိုမိုနက်ရှိုင်းလာသည်။

မနေ့က ရှောင်မုန့်ချီနှင့် လမ်းလျှောက်ရင်း ရှောင်ဖယ်လိုက်စဉ်က သူ၏ အိတ်ကပ်ထဲသို့ စာရွက်တစ်ရွက် အတင်းထိုးထည့်ခံခဲ့ရသည်။ ထိုစာရွက်ပေါ်တွင် လိပ်စာတစ်ခုနှင့် ထူးဆန်းသော စကားတစ်ခွန်းသာ ရေးသားထားသည်။ လိပ်စာက ဤနေရာကို ညွှန်ပြနေပြီး ထိုအဓိပ္ပာယ်မရှိသော စကားဝှက်က ရှေ့မှ အဘိုးအိုကို တံခါးဖွင့်ပေးစေရန် အသုံးပြုရသည့် စကားဝှက်ပင် ဖြစ်သည်။

အစပိုင်းက ထိုရူးကြောင်ကြောင် မိန်းမ နောက်ထပ် ထူးဆန်းသည့်အလုပ်တစ်ခု လုပ်ပြန်ပြီဟုသာ တွေးခဲ့မိသည်။ သို့သော် ထိုလိပ်စာကို မြင်လိုက်ရချိန်တွင် ချူဟန်၏ ခေါင်းထဲ၌ အတိတ်ဘဝ ကပ်ဘေးကမ္ဘာကာလမှ ရှစ်နှစ်အကြာတွင် နာမည်ကျော်ကြားလာမည့် ပုဂ္ဂိုလ်တစ်ဦး၏ အကြောင်းက ရုတ်တရက် ပေါ်လာခဲ့သည်။

မျှော်လင့်ချက် အနည်းငယ်မျှဖြင့် ဤနေရာသို့ ရောက်လာခဲ့ခြင်း၏ ရလဒ်အဖြစ် မယုံနိုင်လောက်စရာ လျှို့ဝှက်ချက်ကြီးတစ်ခုကို သူ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ရှေ့မှ အဘိုးအို၏ အမည်မှာ ယဲ့မော့ ဖြစ်သည်။ ယခင်ဘဝက သူသေဆုံးပြီး အချိန်အတော်ကြာမှသာ သူ၏ တည်ရှိမှုကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ကြသည့် ဒဏ္ဍာရီလာ အဘိုးအိုတစ်ဦးပင် ဖြစ်တော့သည်။

All Chapters