အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း (၁၄၉) ဝက်တစ်ကောင်လို ဖူးယောင်လာသည်အထိ ထိုးကြိတ်ပစ်မည်
ထိုစဉ်က တရုတ်ပြည်၏ တိုက်ခိုက်ရေးစွမ်းအား အဆင့်(၃၀)စာရင်းဝင်မဟုတ်သော သိုင်းသမားတစ်ဦးသည် ရှစ်ကျားကျွမ်းမြို့ကို ဖြတ်သန်းသွားရင်း ဤစံအိမ်ကြီးကို တွေ့ရှိခဲ့သည်။ ထိုသူက နောင်ခေတ်ကာလမှ အစွမ်းထက်လက်နက်ကို အသုံးပြုကာ ဤအခန်းတံခါးကို အတင်းအဓမ္မ ဖွင့်လှစ်ခဲ့လေသည်။
ရှစ်နှစ်ကြာပြီးနောက် ဤအခန်းထဲ၌ ယခုမျက်မြင်တွေ့နေရသည့် အရာများသာမက ပြိုင်ဘက်ကင်းလောက်အောင် သေသပ်လှပသော လက်နက်အေးများနှင့် သေနတ်များ သေသပ်စွာ စီရီနေမည်ဖြစ်သည်။ ထိုလက်နက်များကို ရရှိသွားသဖြင့် ထိုသိုင်းသမား၏ အဖွဲ့သည် တိုက်ခိုက်ရေးစွမ်းအားများ အဆပေါင်းများစွာ တိုးတက်သွားခဲ့ပေသည်။
ထို့ပြင် သူကိုယ်တိုင်လည်း ပုံမှန်မဟုတ်သော ပုဆိန်တစ်လက် ကို ရရှိသွားခဲ့သည်။
ပုဆိန်တစ်လက်တည်းဖြင့်ပင် သူ၏အဆင့်မှာ (၃၀)အောက်မှနေ၍ အဆင့်(၈)အထိ တဟုန်ထိုး တက်လှမ်းသွားခဲ့သည်။ ယခင်က အဆင့်(၈)နှင့် အဆင့်(၉)နေရာရှိ သိုင်းပညာရှင်များအားလုံး ထိုပုဆိန်၏ စတေးခံများ ဖြစ်သွားခဲ့ရလေသည်။
တခုတည်းသော ဝမ်းနည်းစရာကိစ္စမှာ ထိုသူ ဤနေရာကို တွေ့ရှိချိန်၌ ယဲ့မော့သည် ဤလောကမှ ထွက်ခွာသွားခဲ့ပြီး အရိုးစုအဖြစ်သာ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုအချိန်ကသာ ယဲ့မော့ အသက်ရှင်နေသေးပါက အင်အားစုမည်မျှလောက်က သူ့ကိုလုယူရန် သွေးချောင်းစီး တိုက်ပွဲများ ဆင်နွှဲကြမည်ကို ခန့်မှန်းကြည့်၍ ရနိုင်သည်။
ထို့နောက် နောင်လာနောက်သားများက ထိုပုဆိန်ကို မိစ္ဆာသတ်လက်နက် ဟု ခေါ်ဝေါ်သမုတ်လာကြသည်။ သတ်ဖြတ်ရေးလက်နက် ဆိုသည့် စကားလုံးကပင် ထိုပုဆိန်သည် မည်မျှလောက် ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခုဖြစ်ကြောင်း သက်သေပြနေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ရှစ်နှစ်ကြာပြီးမှသာ လူအများ၏ မြင်ကွင်းသို့ ရောက်ရှိလာခြင်းဖြစ်သော်လည်း အမှန်တကယ်တွင် လွန်ခဲ့သောရှစ်နှစ် ယခုအချိန်ကတည်းက ပြီးပြည့်စုံစွာ ဖန်တီးထားပြီး ဖြစ်နေခြင်းပင် ဖြစ်သည်။
ချူဟန်သည် မည်သူမှ ရိပ်မိနိုင်မည်မဟုတ်သော နက်ရှိုင်းသည့် ခံစားချက်များကို မျက်ဝန်းထဲ၌ ဖုံးကွယ်ထားလျက် မျက်မှောက်ရှိ ခါးကိုင်းကိုင်း အဘိုးအိုကို စိုက်ကြည့်နေလေသည်။
သူ အသက်မည်မျှရှိပြီလဲ၊ အသက်မည်မျှ ဆက်ရှင်နိုင်ဦးမည်လဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။ သူသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဤမျှစောစီးစွာ ရှောင်ချီ နှင့် ပတ်သက်နေရသနည်း ဆိုသည်မှာလည်း ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲပင် ဖြစ်သည်။
ရှောင်ချီ လိုချင်နေသည့် အရာက အတိအကျ ဆိုရလျှင် မည်သည့်အရာ ဖြစ်နေမည်နည်း။
ထိုအချက်အပေါ် ချူဟန် စိတ်ဝင်စားမှု အလွန်ပြင်းပြနေသည်။
သို့ရာတွင် ရှောင်ချီ မှာ တံခါးဝမှပင် နှင်ထုတ်ခံလိုက်ရပြီး သူကတော့ အထဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့သည်။
ပထမဆုံးအကြိမ် တိတ်ဆိတ်သော အားပြိုင်မှုတွင် ချူဟန်က အောင်ပွဲခံနိုင်ခဲ့လေသည်။
ချူဟန်က သဲ့သဲ့မျှ ပြုံးလိုက်လျက် မျက်မှောက်ရှိ အဘိုးအိုကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။
ထိုပုဆိန်ကို သူ မဖြစ်မနေ ရယူရမည်။
မဟုတ်သေး၊ ဤမျှနှင့် မလုံလောက်ပေ။ သူ ဤထက်ပို၍ လိုချင်သေးသည်။ ဤအဘိုးအို၏ လက်မှ ထွက်ပေါ်လာသော လက်နက်များသည် သံမဏိလက်နက်များဖြစ်စေ၊ သေနတ်ကဲ့သို့သော လက်နက်များဖြစ်စေ အားလုံးက အနာဂတ်ခေတ်လွန် ပစ္စည်းများသာ ဖြစ်ကြသည်။ လက်ရှိ သိပ္ပံနှင့် နည်းပညာအဆင့်အတန်းကို အဆပေါင်းများစွာ ကျော်လွန်နေပြီး ထိုလက်နက်များ၏ သေသပ်လှပမှုကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။
"မင်း ပြန်မသွားသေးဘူးလား။ ငါကိုယ်တိုင် မောင်းထုတ်ရမလား"
အဘိုးယဲ့ဟု အမည်ခံထားသော အဘိုးအို၏ လေသံမှာ အေးစက်နေပြီး သူ၏ ခြိမ်းခြောက်စကားမှာ ရယ်စရာဟာသတစ်ခုအလား ထင်မှတ်ရသည်။
သာမန် အဘိုးအိုတစ်ဦးက ဘာများ တတ်နိုင်မည်နည်း။ အဘိုးယဲ့၏ စစ်မှန်သော စွမ်းရည်ကို မသိသူများသာဆိုလျှင် နှာခေါင်းရှုံ့ကာ လှောင်ပြောင်ရယ်မောကြမည် အသေအချာပင်။ သို့သော် ချူဟန်ကတော့ သူ့အား အန္တရာယ်မရှိသော အဘိုးအိုတစ်ဦးဟု မြူတစ်စက်မျှပင် မထင်မှတ်ထားပေ။
ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ကြောက်မက်ဖွယ် လက်နက်များကို တီထွင်နိုင်စွမ်းရှိပြီး ထိုရှောင်ချီကိုယ်တိုင် လူကိုယ်တိုင်လာ၍ ခြိမ်းခြောက်ရလောက်အောင် အရေးပါသူဖြစ်သည်။ သူ၏ လက်ထဲ၌ မည်သည့် လျှို့ဝှက်ချက်မှ မရှိဘဲ မနေနိုင်ပေ။
ချူဟန်က အန္တရာယ်ကင်းမဲ့ဟန်ဖြင့် ထပ်မံပြုံးပြလိုက်သည်။
"အဘိုးယဲ့... ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ အဘိုးရဲ့ အဲ့ဒီပုဆိန်ကို ကျွန်တော့်ကို ပေးလိုက်ပါ။ အဲ့ဒီ ဓားမြှောင်ကိုလည်း ကျွန်တော် ယူသွားမယ်ဗျာ။ စကားစပ်လို့... ကျွန်တော့် ကားကိုပါ တစ်ဆိတ်လောက် ပြင်ပေးလို့ရမလား။ ကျွန်တော့်ဘာသာ ပြင်ကြည့်သေးတယ်ဗျ... ဒါပေမဲ့ သိပ်သဘောမကျလို့"
"ဟမ့်... ကိုယ့်အဆင့်ကိုယ်မသိတဲ့ ကောင်စုတ်လေး"
အဘိုးယဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ချူဟန်အား ကြည့်လိုက်သည်။
"ငါက ဘာလို့ အဲ့ဒီလို လုပ်ပေးရမှာလဲ။ ရှောင်မိသားစုက ကောင်မလေး မျက်နှာကို ထောက်ထားရုံနဲ့တင် လုံးဝ မတန်သေးဘူးကွ"
"အဲ့ဒီလောက်ကြီးလည်း စိတ်မလောပါနဲ့ဗျာ"
ချူဟန်က ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ အဘိုးယဲ့နှင့် သူ၏ အကွာအဝေးမှာ တစ်မီတာပင် မပြည့်ပေ။ ထို့နောက် ကျောဘက်တွင်ရှိနေသော ဟယ်ဆန်းနှင့် ဆူးရှင်းကို လက်ညိုးထိုးပြလိုက်သည်။
"အဘိုး... ဟိုနှစ်ယောက်ကို တော်တော်လေး စိတ်ဝင်စားနေတယ် မဟုတ်လား။ တစ်ယောက်က သင်ယူချင်စိတ် ပြင်းပြနေတဲ့ လူငယ် ရူပဗေဒပညာရှင်နဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ယောက်။ နောက်တစ်ယောက်က အိုင်ကျူ IQ 250 ရှိတဲ့ နည်းပညာ ရူးသွပ်သူတစ်ယောက်လေ။ ဘယ်လိုလဲ... သဘောကျရဲ့လား"
'သဘောကျရဲ့လား...'
ထိုစကားကြောင့် ဟယ်ဆန်းနှင့် ဆူးရှင်းတို့နှစ်ဦး ကျောချမ်းသွားရသည်။ သူတို့သည် အကြောက်လွန်ကာ မျက်နှာပျက်ယွင်းလျက် မျက်စိရှေ့ရှိ ညစ်ပတ်ပေရေနေသော အဘိုးအိုကို စိုက်ကြည့်လိုက်ကြသည်။
နောက်နေတာမလား။ ငါတို့က ယောကျ်ားစစ်စစ်တွေကွ။ မိန်းမတွေကိုပဲ သဘောကျတာ ဟု သူတို့ စိတ်ထဲမှ အော်ဟစ်နေမိသည်။
"မင်း ဘာပြောချင်တာလဲ"
အဘိုးယဲ့သည် မျက်လှည့်ပြသကဲ့သို့ သူ၏ အိတ်ကပ်ထဲမှ တွန့်ကြေနေသော ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး အရောင်မှိန်နေသော မျက်လုံးအိုများထဲ၌ ထက်မြက်သည့် အလင်းရောင်တစ်ချက် လက်လာသည်။
"အဘိုးယဲ့... အဘိုးလို နည်းပညာမျိုးက ဆက်ခံသူမရှိဘဲ ပျောက်ကွယ်သွားမယ်ဆိုရင် နှမြောစရာမကောင်းဘူးလား"
ချူဟန်သည် သူ၏ ရည်မှန်းချက်များကို လုံးဝ ဖုံးကွယ်မထားဘဲ နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ အကဲစမ်းလိုက်သည်။
"ဒါ့အပြင် အဘိုးလည်း လုံးဝ ဘေးကင်းနေတာမှ မဟုတ်တာ။ တစ်ယောက်ယောက်က အတင်းအဓမ္မ ခိုင်းစေဖို့ ကြိုးစားနေတာမလား။ လျှို့ဝှက်ချက် တစ်ခုခု ချန်မထားဘူးဆိုရင် အဘိုးရဲ့ အရည်အချင်းတွေလည်း အဲ့ဒီကောင်တွေရဲ့ အသုံးချခံ ဖြစ်သွားမှာပဲ မဟုတ်ဘူးလား"
ဆေးလိပ်မီးညှိရန် ဟန်ပြင်နေသော အဘိုးယဲ့၏ လက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ အရောင်မှိန်နေသော မျက်ဝန်းများထဲမှ ဓားတစ်လက်သဖွယ် ထက်ရှသည့် အကြည့်များ ထွက်ပေါ်လာကာ ချူဟန်ကို စိုက်ကြည့်လိုက်သည်။
"မင်းက တော်တော်လေး ရည်မှန်းချက် ကြီးတာပဲ"
"ဟုတ်တယ်... ရည်မှန်းချက်ကြီးတာပေါ့"
ချူဟန်က အလွယ်တကူပင် ဝန်ခံလိုက်သည်။
"ဒါပေမဲ့ ဒါက အဘိုးအပေါ်မှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်အပေါ်မှာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်ကိုယ်ကျွန်တော်တောင် ကြောက်လန့်မိတဲ့အထိ ရည်မှန်းချက် ကြီးမားနေတာ။ အဘိုးဆီကနေ ဘာကိုမှ အတင်းအဓမ္မ တောင်းဆိုဖို့ မရည်ရွယ်ပါဘူး။ လက်ရှိ အချိန်မှာ ကျွန်တော့်ဆီမှာ အဲ့ဒီလို အရည်အချင်းမရှိသေးဘူး ဆိုတာကိုလည်း ကောင်းကောင်း သိပါတယ်။ ဥပမာပြောရရင် ခုနက အဘိုး မောင်းထုတ်လိုက်တဲ့ အဲ့ဒီကောင်လေးလေ။ အဲ့ဒီကောင်ရဲ့ ဟန်လုပ်နေတဲ့ မျက်နှာကို ဝက်တစ်ကောင်လို ဖောင်းအစ်လာတဲ့အထိ ထိုးကြိတ်ပစ်ပြီး သူ့ရဲ့ မောက်မာတဲ့ အကျင့်စရိုက်ကို ပြင်ပေးပစ်ချင်နေတာ။ ဒါပေမဲ့ လက်ရှိ ကျွန်တော့်မှာ အဲ့ဒီလောက် အင်အားမရှိသေးဘူးလေ။ ဒါကြောင့် ကျွန်တော် ငြိမ်ငြိမ်လေးနေပြီး သူ မောက်မာနေတာကိုပဲ ကြည့်နေလိုက်တာပေါ့။ တစ်နေ့ကျရင် သူ့ကို ဖိနှိပ်နိုင်တဲ့ အင်အားရှိလာတဲ့အခါ ပထမဆုံး အဲ့ဒီကောင်ရဲ့ မျက်ခွက်ကို ဆွဲထိုးပစ်မယ်"
ချူဟန်သည် စကားပြောရင်း သူ၏ ဆေးလိပ်ကိုလည်း မီးညှိလိုက်သည်။ ထို့နောက် စကားလမ်းကြောင်းကို အသာအယာ လွှဲလိုက်သည်။
"ကျွန်တော် ခေါ်လာတဲ့ ဒီနှစ်ယောက်ကို တစ်ချက်လောက် စဉ်းစားပေးလို့ မရဘူးလား။ ကျွန်တော့် လက်အောက်ငယ်သားတွေ ဆိုပေမဲ့ အကျင့်စာရိတ္တကောင်းပြီး သဘောထား ပြည့်ဝပါတယ်။ ဉာဏ်လည်းကောင်းသလို အရေးအကြီးဆုံးက သင်ယူချင်စိတ် ပြင်းပြကြတယ်ဗျ"
"တော်စမ်းပါ တော်စမ်းပါ"
ခြေတစ်ဖက် မြေကြီးထဲ နစ်နေပြီဖြစ်သော အဘိုးအိုသည် ချူဟန်၏ မြှောက်ပင့်စကားများကြောင့် ခေါင်းကိုက်သွားဟန် ရသည်။
"မင်း ဘယ်လောက်ပဲ စကားလုံးလှလှတွေ သုံးပြီး ပြောနေပါစေ။ ငါ့အမြင်မှာတော့ နည်းနည်းပါးပါး ပါးနပ်တဲ့ လူငယ်လေး နှစ်ယောက်ထက် မပိုပါဘူးကွာ"
ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ဆွံ့အသွားကြသည်။ မည်သူမဆို မနာလိုဖြစ်ရလောက်အောင် ထက်မြက်သော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည့် သူတို့နှစ်ဦးမှာ ဤအဘိုးအို၏ အမြင်တွင်တော့ ပါးနပ်သော လူငယ်လေးများ ဟုသာ အခေါ်ခံလိုက်ရသည်။ ရင်ဘတ်ထဲ၌ တစ်ခုခု ဆို့နင့်သွားသကဲ့သို့ မွန်းကျပ်မှုကို ခံစားလိုက်ရသော်လည်း ပြန်လည်ချေပရန် စကားတစ်ခွန်းမျှ ရှာမတွေ့ခဲ့ပေ။
အကြောင်းမှာ သူတို့ကိုယ်တိုင်ပင် ဤအဘိုးအို၏ ရှေ့၌ ထိုအချက်သည် အမှန်တရားဖြစ်ကြောင်း နက်ရှိုင်းစွာ ခံစားနေရသောကြောင့်ပင် ဖြစ်သည်။ သူတို့သည် အကဲမခတ်တတ်သော လူရမ်းကားများ မဟုတ်ကြပေ။ ဤအခန်းထဲရှိ စက်ပစ္စည်းများနှင့် လက်နက်များ အားလုံးကို အပြည့်အစုံ ရေးဆွဲထားသော ပုံစံကြမ်းများနှင့် ခေတ်မီစက်ကိရိယာများ ပေးထားလျှင်ပင်၊ ထို့အပြင် နောက်ထပ် ဆယ်နှစ်ခန့် အချိန်ပေးလိုက်လျှင်တောင်မှ သူတို့အတွက် နားလည်သဘောပေါက်ရန် မဖြစ်နိုင်ပေ။ သူတို့ တစ်သက်လုံး ကြိုးစားလျှင်ပင် ဖန်တီးနိုင်မည်မဟုတ်သော အလွန်တရာ သေသပ်လှပသည့် အရာများအားလုံးမှာ ဤအဘိုးအို တစ်ဦးတည်း၏ လက်ရာများသာ ဖြစ်သည်။
သူ၏ တစ်ဘဝစာ မြှုပ်နှံထားသော အနှစ်သာရ။ တစ်သက်တာလုံး အသုံးချခဲ့သည့် ဉာဏ်ပညာ။ မယုံနိုင်စရာပင်။ မည်သို့မျှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ကြည်ညိုလေးစားစွာ ဦးညွှတ်ရုံမှလွဲ၍ အခြားမရှိတော့ချေ။
အဘိုးအိုသည် အိတ်ကပ်ထဲမှ မီးခြစ်ကို ရှာဖွေတွေ့ရှိသွားပြီးနောက် ချူဟန်၏ ရည်ရွယ်ချက်ကို ပေါ့ပေါ့ပါးပါးပင် ထောက်ပြလိုက်သည်။
"ဒီကောင်တွေကို ငါ့တပည့်အဖြစ် ထားချင်နေတာလား"
"အမှန်ပဲဗျ"
ချူဟန်က လက်ဖျောက်တစ်ချက် တီးလိုက်ပြီး သူ၏ မီးခြစ်ကို ကမ်းပေးလိုက်သည်။
"ကျွန်တော် မီးညှိပေးမယ်"
"မလိုဘူး"
အဘိုးယဲ့က ချူဟန်၏ ကမ်းလှမ်းမှုကို အေးစက်စွာ ငြင်းပယ်လိုက်သည်။
"ငါ့ရဲ့ နည်းပညာတွေက ဒီလောက် အဆင့်ရှိတဲ့ ကောင်လေးတွေ ဆက်ခံနိုင်လောက်တဲ့အထိ တိမ်ကောနေတာ မဟုတ်ဘူး"
အားနာမှုကင်းမဲ့လှသော ထိုရှုတ်ချစကားများကြောင့် ဟယ်ဆန်း နှင့် ဆူးရှင်းတို့မှာ ခေါင်းပို၍ ငိုက်ကျသွားကြသည်။ ပုံမှန်အားဖြင့် မိမိတို့၏ ဉာဏ်ရည်ဉာဏ်သွေးအပေါ် လုံးဝ ယုံကြည်မှုရှိသူများ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ဝင်စရာ မြေပေါက်ရှာချင်စိတ် ပေါက်နေကြပြီဖြစ်သည်။
"နည်းနည်းပါးပါး၊ တစ်ခုနှစ်ခုလောက် သင်ပေးရုံနဲ့တင် လုံလောက်နေပါပြီဗျာ"
ချူဟန်က မျက်နှာပြောင်တိုက်လျက် ပြုံးရွှင်စွာဖြင့် ဆက်လက် ဆွဲဆောင်နေသည်။
"အဘိုးရဲ့ တစ်သက်တာ အစွမ်းအစတွေကို အဲ့ဒီအတိုင်း အခေါင်းထဲအထိ ယူသွားဖို့ စိတ်ကူးထားတာတော့ မဟုတ်ပါဘူးနော်"
အဘိုးယဲ့ထံမှ အရာအားလုံးကို သင်ယူနိုင်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ သို့သော် အနည်းငယ်မျှသော အသိပညာ အစိတ်အပိုင်းလေးများကပင် ဟယ်ဆန်း နှင့် ဆူးရှင်းအတွက်တော့ တစ်သက်တာ ရတနာများ ဖြစ်လာလိမ့်မည်။ ပုဆိန် ကို ရယူခြင်းအပြင် ချူဟန် ၎င်းတို့နှစ်ဦးကို ခေါ်လာရသည့် စစ်မှန်သော ရည်ရွယ်ချက်မှာလည်း ဤအချက်ပင် ဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများမှာ မဖြစ်မနေ အစွမ်းထက်လာရမည်။ ပို၍ အစွမ်းထက်လာလေ ပို၍ ကောင်းလေပင် ဖြစ်သည်။
"ငါ သေဖို့ ကျိန်ဆဲဖူးတဲ့ ကောင်တွေထဲမှာ တစ်ယောက်မှ ဒီအခန်းထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်တာ မရှိသေးဘူးကွ"
အဘိုးယဲ့က ချူဟန်ကို စိုက်ကြည့်လိုက်ပြီး အရေတွန့်နေသော မျက်နှာပေါ်၌ ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
ထိုသူနှစ်ဦး၏ စကားပြောသံကို ကြားနေရသော ဟယ်ဆန်း နှင့် ဆူးရှင်းတို့မှာ ကြက်သီးမွေးညင်း ထလောက်အောင် အကြောက်တရားကို ခံစားနေရသည်။ သို့သော် တစ်ချိန်တည်းမှာပင် မျက်ရည်များ ကျဆင်းလာမတတ် ဝမ်းသာပီတိလည်း ဖြစ်နေကြသည်။ ချူဟန် သူတို့ကို ဤနေရာသို့ တကူးတက ခေါ်လာခဲ့ခြင်းမှာ သူတို့အတွက် ဆရာ တစ်ပါး ရှာဖွေပေးရန် ဖြစ်နေခဲ့သည်လား။
ထို့ပြင် ထိုသူမှာ သူတို့၏ အကြွင်းမဲ့ ခေါင်းဆောင်ကိုယ်တိုင် အစအဆုံး နှိမ့်ချကာ အပြုံးပန်းဆင်နေရလောက်အောင် အလွန် ကြီးကျယ်ခမ်းနားလွန်းသူ တစ်ဦးလည်း ဖြစ်နေပြန်သည်။
"ဒီလို ကြားရတာ ကျေးဇူးတင်ပါတယ်ဗျာ"
ချူဟန်သည် ယခင်အတိုင်း ပြုံးရွှင်နေဆဲဖြစ်သော်လည်း သူ၏ မျက်ဝန်းထဲ၌ ကြောက်လန့်သည့် အရိပ်အယောင် မြူတစ်စက်မျှ မရှိပေ။
"ဟမ့်"
အဘိုးယဲ့က ချူဟန်ကို စူးရဲစွာ ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လေထုမှာ ချက်ချင်းဆိုသလို အေးခဲသွားတော့သည်။
အခန်း (၁၅၀) သူက ဘာလို့ ဒီကို ရောက်နေရတာလဲ
အဘိုးအို ယဲ့မော့မှာ စကားတစ်ခွန်းမျှ မဟသလို ချူဟန်သည်လည်း ငြိမ်သက်နေသည်။ ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ထိုတိတ်ဆိတ်နေသော လေထုကို သည်းမခံနိုင်တော့ဘဲ စိုးရိမ်ပူပန်မှုကြောင့် ရင်ဘတ်များ ပေါက်ကွဲထွက်မတတ် ဖြစ်နေကြသည်။
ခေါင်းဆောင်ဖြစ်သူ၏ တောင်းဆိုမှုမှာ အလွန်ရုတ်တရက်ဆန်လွန်းနေသည်။ မည်သည့် ပတ်သက်မှုမျိုးမှမရှိဘဲ ဤမျှလောက် ဩဇာကြီးမားလှသူ တစ်ယောက်က သူတို့၏ တောင်းဆိုချက်များအားလုံးကို တစ်ပြိုင်နက်တည်း လက်ခံပေးမည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။ တစ်ဖက်လူအတွက်တော့ အရှုံးပေါ်သည့် ကိစ္စကြီးမဟုတ်ပါလား။
သူတို့နှစ်ယောက် ထွက်ပြေးချင်စိတ်များ ပေါက်လာပြီး ချူဟန်ကိုယ်တိုင်ပင် အနည်းငယ် စိတ်ပျက်သွားလုဆဲဆဲ အချိန်တွင်...
ညစ်ပတ်ပေရေနေသော အဘိုးအိုက ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။
"ငါလည်း ရှောင်ချီ ဆိုတဲ့ ကောင်လေးရဲ့ မျက်နှာကို ဝက်တစ်ကောင်လို ဖူးယောင်လာတဲ့အထိ ထိုးကြိတ်ပစ်ချင်နေတာကွ"
ချူဟန်မှာ တစ်ခဏမျှ ဆွံ့အသွားသည်။ ထို့နောက်တွင်မူ ဗိုက်နှိပ်ကာ အော်ဟစ်ရယ်မောလိုက်တော့သည်။
အဘိုးအိုက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်ကြည့်လိုက်သည်။
"မင်းလောက် မျက်နှာပြောင်တိုက်လွန်းတဲ့ကောင်ကို မတွေ့ရတာ တော်တော်ကြာပြီ။ ကောင်းတဲ့အရာတွေ အကုန်လုံးကို ကိုယ်တိုင်ယူသွားပြီးတော့များ အဘိုးအတွက် ဆက်ခံမယ့်သူ ရှာပေးမယ် လို့ ဘယ်လိုများ မျက်နှာပြောင်တိုက်ပြီး ပြောထွက်ရတာတုန်း"
"ဒါဆို လက်ခံလိုက်ပြီပေါ့နော်"
ချူဟန်၏ မျက်ဝန်းများ တောက်ပသွားသည်။ ကြည့်ရသည်မှာ ကြီးမားသော လောင်းကြေးတစ်ခုကို အနိုင်ရလိုက်သည့်ပုံပင် ဖြစ်သည်။ ဤအဘိုးအိုသည်လည်း သူ၏ တစ်သက်တာ ပညာရပ်များကို အခေါင်းထဲအထိ ဒီအတိုင်း သယ်သွားရမည်ကို နှမြောနေသည်မှာ သေချာလှသည်။
"တစ်ဝက်ပဲ လက်ခံတာကွ"
ယဲ့မော့က လက်တစ်ချောင်း ထောင်ပြလိုက်ပြီး နောက်ပြောင်ချင်နေသည့် မျက်နှာထားမျိုး ဖြစ်သွားသည်။
ချူဟန် ရင်ခုန်သွားသည်။
"ကျန်တဲ့ တစ်ဝက်ကကော"
တောင်းဆိုချက်များ ရှိနေသေးတာလား။
ချူဟန်၏ ဦးနှောက်မှာ ချက်ချင်းပင် အရှိန်ကုန် အလုပ်လုပ်သွားသည်။ သူပိုင်ဆိုင်ထားသော အချက်အလက်များကို အလျင်အမြန် စဉ်းစားတွက်ချက်လိုက်သည်။
သူသည် အနာဂတ်မှ ပြန်လာသူဖြစ်သည်။ အခြားမည်သူမျှ မသိနိုင်သော ဗဟုသုတများကို အများအပြား ပိုင်ဆိုင်ထားသည်။ အကယ်၍ မျက်မှောက်ရှိ အဘိုးအိုက မဖြစ်နိုင်သော တောင်းဆိုချက်များ တောင်းဆိုလာလျှင်တောင်မှ ထိုအသိပညာအချို့ကို မျှဝေပေးလိုက်ရန် ဝန်လေးနေမည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ထိုပုဆိန်ကို ရရှိပြီး ဟယ်ဆန်း နှင့် ဆူးရှင်းတို့ကို ဤနေရာတွင် ပညာသင်ကြားခွင့် ရရှိစေမည်ဆိုပါက သူ၏ အနာဂတ် ရည်မှန်းချက်များအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်လာမည်။
သို့ရာတွင် ယဲ့မော့၏ နောက်ထပ်စကားကြောင့် ချူဟန်တို့ သုံးယောက်စလုံး တစ်ပြိုင်နက်တည်း ခဏမျှ မှင်တက်သွားရလေသည်။
"ခွန်အားကြီးတဲ့ တပည့်နောက်တစ်ယောက် ထပ်ခေါ်ခဲ့။ ခေါင်းနည်းနည်း မကောင်းရင်လည်း ကိစ္စမရှိဘူး။ ဒီကောင်လေး နှစ်ယောက်ကိုတော့ ဦးနှောက်သုံးရတဲ့ နည်းပညာတွေ သင်ပေးမယ်။ ခွန်အားကြီးတဲ့ကောင်ကိုကျတော့ လက်နက်လုပ်တဲ့ ပညာတွေ သင်ပေးမယ်"
"ကောင်းပြီလေ... သဘောတူတယ်"
ချူဟန် မျက်လုံးပြူးသွားကာ ယဲ့မော့ စကားရုပ်သိမ်းသွားမည်ကို စိုးရိမ်သည့်အလား လျင်မြန်စွာ လှည့်၍ သူတို့နှစ်ဦးကို အမိန့်ပေးလိုက်သည်။
"ဟယ်ဆန်း... လုဟုန်ရှန်းကို သွားခေါ်။ ဆူးရှင်း မင်းက ဒီမှာကျန်ခဲ့ပြီး ဆရာ့အတွက် တံခါးစောင့်ပေးထား"
ချက်ချင်းပင် ဆရာ ဟု ခေါ်ဝေါ်စေလိုက်သော ချူဟန်၏ အကွက်မြင်မှုကြောင့် ယဲ့မော့မှာ ဤလူငယ်၏ မျက်နှာပြောင်တိုက်နိုင်စွမ်းကို ထပ်မံ အသိအမှတ်ပြုလိုက်ရလေသည်။
"ဟုတ်ကဲ့ပါ ဘော့စ်"
ဟယ်ဆန်း ချက်ချင်း လှည့်ထွက်သွားပြီး ဝမ်းသာလုံးဆို့ကာ ပြေးထွက်သွားတော့သည်။
ဆူးရှင်းသည်လည်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ သစ္စာရှိသော အစောင့်ခွေးတစ်ကောင်ပမာ တံခါးဝတွင် နေရာယူလိုက်ကာ ခြေတစ်လှမ်းမျှ မရွေ့တော့ချေ။ တစ်ချိန်တည်းမှာပင် ချူဟန်အပေါ် ထားရှိသည့် သူ၏ သစ္စာရှိမှုမှာ ၆၀ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်သွားခဲ့လေသည်။
ချူဟန်မှာ မျက်နှာတစ်ပြင်လုံး အပြုံးများဝေဆာသွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ တောက်ပနေသော မျက်ဝန်းများဖြင့် အဘိုးအိုကို စိုက်ကြည့်လိုက်သည်။
‘ကဲ... မြန်မြန်လေဗျာ... ပုဆိန်က ဘယ်မှာလဲ’
ယဲ့မော့မှာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော ချူဟန်ကို အကဲခတ်ကြည့်လိုက်ရင်း စိတ်ထဲတွင် နားမလည်နိုင်အောင် ဖြစ်သွားသည်။
‘ဒီကောင်လေးက ငါသူ့ကို ပုဆိန်သွားပြမယ်ဆိုတာ ဘယ်လိုလုပ် သိနေရတာလဲ။ ငါက ပုဆိန်ပေးမယ် လို့ စကားတစ်ခွန်းမှ မဟရသေးဘူးလေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ လူတွေရဲ့ စိတ်နေသဘောထားကို ဒီလောက်တိတိကျကျ ဖတ်တတ်နေပါလား’
"ငါ့နောက် လိုက်ခဲ့"
ယဲ့မော့က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး ခါးကိုင်းကိုင်းဖြင့် အခန်းတွင်းသို့ လျှောက်သွားလေသည်။
ချူဟန်မှာ အပြစ်ကင်းစင်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် နောက်မှ လိုက်သွားသည်။ သို့သော် သူ၏ ခေါင်းထဲတွင်မူ လုံးဝကွဲပြားခြားနားသော ကိစ္စတစ်ခုကို စဉ်းစားနေခဲ့သည်။
ထိုပုဆိန်မှာ နိုင်ငံတော် ရတနာအဆင့်ရှိသော ပစ္စည်းတစ်ခုဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော် ယခုထက်တိုင် နားမလည်နိုင်သေးသော ကိစ္စတစ်ခု ရှိနေသည်။
ရှောင်မုန့်ချီ ဆိုသော ထိုမိန်းမက သူ့ကို အဘယ်ကြောင့် ကူညီပေးခဲ့သနည်း။ အရင်ကဆိုလျှင် သူမနှင့် ပတ်သက်၍ မိမိ ဘာတစ်ခုမျှ သိမထားခဲ့ချေ။ အကြောင်းပြချက်မရှိသော ကူညီမှုနောက်ကွယ်တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေတတ်စမြဲပင်။ ပေါ့ဆနေ၍တော့ မဖြစ်ချေ။
ဟယ်ဆန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အပြင်ဘက်သို့ ပြေးထွက်လာခဲ့ပြီး G55 ကားတံခါးကို အားပါးတရ ဖွင့်ကာ ဝင်ထိုင်လိုက်သည်။ သို့ရာတွင် ပိုင်ယွန့်အာ တစ်ယောက် အေးချမ်းစွာ အိပ်မောကျနေသည်ကို မြင်လိုက်ရသောအခါ ဤမိန်းမလှလေး နိုးသွားမည်စိုးသဖြင့် သူ၏ လှုပ်ရှားမှုများကို အမြန်ပြန်လည် ထိန်းချုပ်လိုက်ရသည်။
ကားစတင် ထွက်ခွာပြီး မကြာမီမှာပင် ဟယ်ဆန်း ရုတ်တရက် ဘရိတ်စောင့်နင်းလိုက်ရပြီး ချွေးစေးများ ပျံကျလာတော့သည်။
အဘယ်ကြောင့်ဆိုသော် ကား၏ တည့်တည့်တွင် မနေ့ကမှ တွေ့ခဲ့ရပြီး ဤနေရာ၌ လုံးဝ မရှိသင့်သော မိန်းမတစ်ယောက် ရပ်နေသောကြောင့်ပင် ဖြစ်သည်။ သူမ၏ မျက်နှာထက်တွင် ချိုသာသော အပြုံးတစ်ခု ရှိနေလေသည်။
‘ရှောင်မုန့်ချီ...သူမက ဘာလို့ ဒီရောက်နေရတာလဲ’
ရှောင်မုန့်ချီသည် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကကဲ့သို့ အန္တရာယ်မရှိဟန်ပေါ်သော နူးညံ့သည့် အပြုံးလေးဖြင့် ကားဘေးသို့ လျှောက်လာခဲ့သည်။ ထို့နောက် လက်ချောင်းလေးများဖြင့် ကားမှန်ကို ခေါက်လိုက်ပြီး အကြောက်တရားကြောင့် ဖြူရော်နေသော ဟယ်ဆန်းမျက်နှာကို ဂရုမစိုက်ဘဲ စကားစပြောလိုက်သည်။
"မနေ့က ရှင်လုပ်လိုက်တဲ့ အားက နည်းနည်း ပျော့နေသေးတယ်နော်"
နောက်တစ်စက္ကန့်တွင်တော့ သူမ၏ ပုံရိပ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။ ဟယ်ဆန်းအား ခြောက်လှန့်ရန် သက်သက်သာ ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း အထင်အရှားပင် ဖြစ်သည်။ လုံးဝကို အကျင့်ယုတ်လွန်းသော လုပ်ရပ်တစ်ခု ဖြစ်သည်။
ဟယ်ဆန်းမှာ ရပ်တန့်မရသော ချွေးစေးများနှင့် တစ်ကိုယ်လုံး တုန်ရီနေမှုကို မထိန်းချုပ်နိုင်တော့ဘဲ လက်ရှိ မိမိ၏ ခံစားချက်ကို မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ။
‘ခုနက ယဲ့မော့ ပြောနေတဲ့ ရှောင်မိသားစုက ကောင်မလေး ဆိုတာ သူမကို ပြောတာများလား... ရှောင်မုန့်ချီကို ပြောတာလား’
‘တောက်... ဒါက ဘယ်လို အခြေအနေကြီးလဲဟ’
ဒုန်း...
ရုတ်တရက် ထွက်ပေါ်လာသော တံခါးပိတ်သံကြောင့် ဟယ်ဆန်း လန့်ဖျပ်ကာ သတိပြန်ဝင်လာသည်။
ကြည့်လိုက်သောအခါ မည်သည့်အချိန်ကတည်းက ကားပေါ်မှ ဆင်းသွားမှန်းမသိသော ပိုင်ယွန့်အာ တစ်ယောက် ခြေသံပင်မကြားရဘဲ ကားအနောက်ဘက်သို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။
"ဘယ်... ဘယ်သွားမလို့လဲ"
ဟယ်ဆန်း အလန့်တကြားဖြစ်သွားပြီး ဝေးကွာသွားသော ပိုင်ယွန့်အာ၏ ကျောပြင်ကို လှမ်းအော်မေးလိုက်သည်။
ပိုင်ယွန့်အာက ခြေလှမ်းများကို ရပ်တန့်ကာ လှည့်ကြည့်လာပြီး အေးစက်သော အကြည့်ဖြင့် ဟယ်ဆန်းကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာထားမှာ သိသာနေတဲ့ ကိစ္စကို လာမမေးနဲ့ ဟု ဆိုနေသည့်အလားပင် ဖြစ်သည်။
"အာ... အစ်ကိုချူဟန်ဆိုရင် မြေအောက်ခန်းမှာ ရှိတယ်"
မည်သို့ဖြစ်သည်မသိ။ သူမ၏ မျက်နှာထားကို တိတိကျကျ ဖတ်တတ်သွားသော ဟယ်ဆန်းမှာ မသိစိတ်မှပင် ထိုသို့ ဖြေဆိုလိုက်မိလေသည်။
ပိုင်ယွန့်အာ ဘာမျှမပြောတော့ဘဲ ကျောခိုင်းကာ ဆက်လျှောက်သွားတော့သည်။
ဟယ်ဆန်း သူ၏ ကတုံးကို တစ်ချက်ပွတ်သပ်လိုက်ပြီးနောက် လီဗာကို နင်းကာ လုဟုန်ရှန်းကို သွားကြိုရန် ထွက်ခွာလာခဲ့လေသည်။
‘ဒီနေ့တော့ အရာအားလုံးက တကယ်ကို ရူးချင်စရာ ကောင်းနေတော့တာပဲ’
ယဲ့မော့သည် ချူဟန်ကို ခေါ်ဆောင်ကာ ရှုပ်ထွေးလှသော လျှို့ဝှက်လမ်းကြောင်းများအတိုင်း အတွင်းဘက်သို့ ဝင်ရောက်လာခဲ့သည်။
အတွင်းပိုင်းသို့ ရောက်လေလေ လမ်းကြောင်းများမှာ ပို၍ ရှုပ်ပွလေလေ ဖြစ်လာသည်။ ဤအဘိုးအို၏ အနေအထိုင် ပေါ့ဆမှုအတိုင်းပင် အသုံးအဆောင် ပစ္စည်းများမှာ ဖရိုဖရဲ ပြန့်ကျဲနေသည်။ ကြမ်းပြင်ပေါ်တွင် တိုလီမိုလီ ပစ္စည်းအဟောင်းများ ပြန့်ကျဲနေသဖြင့် အမှိုက်ပုံကြီးတစ်ခုနှင့်ပင် တူနေကာ ချူဟန် ခလုတ်တိုက်မိမတတ်ပင် အကြိမ်ကြိမ် ဖြစ်သွားရလေသည်။
သို့တိုင်အောင် အံကြိတ်သည်းခံကာ အဘိုးအိုနောက်သို့ လိုက်ပါလာခဲ့ပြီးနောက် ထိုရှုပ်ပွနေသော နေရာကို ကျော်လွန်သွားသည်နှင့် ရုတ်တရက် ပုံမှန်မဟုတ်လောက်အောင် သေသပ်သော နေရာတစ်ခုသို့ ရောက်ရှိသွားတော့သည်။
ဆွတ်ဆွတ်ဖြူနေသော နံရံများနှင့် လင်းထိန်နေသော မီးရောင်များ။ သိပ္ပံရုပ်ရှင်များထဲတွင် တွေ့ရတတ်သည့် အနာဂတ်ခေတ်လွန် စင်္ကြံလမ်းတစ်ခုနှင့် တူလှပေသည်။
တပည့်သုံးယောက် ရရှိလိုက်သော ယဲ့မော့မှာ စိတ်လှုပ်ရှား ပျော်ရွှင်နေသည်။ ဤမြေအောက်ခန်းသို့ ဝင်ရောက်ခွင့် ပြုလိုက်ခြင်းကပင် မိသားစုဝင်တစ်ဦးကဲ့သို့ အသိအမှတ်ပြုလိုက်သည့် သက်သေပင်ဖြစ်သည်။ ဤအဘိုးအိုက အနည်းငယ် ခေါင်းမာတတ်ရုံသာ ဖြစ်သည်။
တစ်ဖက်တွင်လည်း ယဲ့မော့ကိုယ်တိုင်က ချူဟန်ဆိုသည့် လူငယ်လေးကို စိတ်ဝင်စားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုရှောင်မိသားစုမှ ကောင်မလေး ကိုယ်တိုင် ဖိတ်ခေါ်ဖူးသည့် လူဆိုသည်မှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှသောကြောင့် ဖြစ်သည်။
"ခုနက နေရာက ငါနေတဲ့ နေရာလေ"
ယဲ့မော့က လမ်းလျှောက်နေရင်းမှ ရှင်းပြလာသည်။
"မင်းတို့ ပထမဆုံး ဝင်လာတဲ့နေရာက အလုပ်လုပ်တဲ့ နေရာပေါ့။ အခု ဒီနေရာကကျတော့ ပြီးစီးသွားတဲ့ ပစ္စည်းတွေကို သိမ်းဆည်းတဲ့ နေရာပဲ"
‘ချူဟန်၏ မျက်ဝန်းများ အရောင်လက်သွားသည်။ ပြီးစီးသွားသော ပစ္စည်းများတဲ့လား။ ဒါဆိုရင်တော့ တကယ်ကြီး...’
"အကုန်လုံး ယူသွားလို့ရမယ်လို့တော့ မတွေးနဲ့နော်"
ယဲ့မော့က ချူဟန်၏ အတွေးများကို ချက်ချင်းပင် ရိုက်ချိုးလိုက်လေသည်။
"ပေးမှာက ခုနက ဓားမြှောင်ရယ်၊ မင်းလိုချင်နေတဲ့ ပုဆိန်ရယ် နှစ်ခုပဲ။ အပိုအနေနဲ့ ကားကိုပါ ပြင်ပေးမယ်။ အဲဒါကလွဲရင် ကျန်တာ ဘာတစ်ခုမှ မရဘူး"
ချူဟန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသော်လည်း ဘာမျှ ဆက်မပြောတော့ချေ။ သုံးခုရမည်ဆိုလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။
ပစ္စည်းသုံးခုဖြင့် တပည့်သုံးယောက်။ ဒီအဘိုးကြီးမှာ တွက်ရေးချက်ရေးတော့ တကယ်ကို တိကျလွန်းလှသည် ဟု စိတ်ထဲမှ ကျိတ်တွေးလိုက်လေသည်။
"ဒီနေရာပဲ"
ယဲ့မော့က မျက်မှောက်ရှိ တံခါးကို ဖွင့်လိုက်သည်။
မျက်စိကျိန်းမတတ် စူးရှလှသော အလင်းရောင်များက ချူဟန်၏ မျက်လုံးများထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
အခန်းတွင်းမှ မီးရောင်များ လင်းထိန်နေခြင်းမျိုး မဟုတ်ပေ။ အမှန်တွင် အခန်းထဲ၌ မီးရောင် တစ်စက်မျှပင် ရှိမနေခဲ့ချေ။
အစွန်းကုန် ရိုးရှင်းသေသပ်စွာ ပြင်ဆင်ထားပြီး ဆွတ်ဆွတ်ဖြူနေသော နံရံများဖြင့် ဝန်းရံထားသည့် ဗလာကျင်းနေသော အခန်းကျယ်ကြီး။ ထိုအခန်း၏ အလယ်ဗဟိုတွင် မြင့်မားသော ခုံမြင့်တစ်ခုသာ သီးသန့် ရှိနေလေသည်။
ချူဟန်၏ မျက်စိကို ကျိန်းစပ်သွားစေခဲ့သည်မှာ ထိုခုံမြင့်ပေါ်တွင် ဂုဏ်ပြုတင်ထားသော ပုဆိန်တစ်လက်ပင် ဖြစ်သည်။
ပုဆိန်သွားမှ ထွက်ပေါ်နေသော ထက်မြက်စူးရှလှသည့် အရောင်အဝါကြောင့် ချူဟန် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ရသည်။ သို့ရာတွင် နောက်တစ်ကြိမ် သေချာစွာ ထပ်မံ ကြည့်ရှုလိုက်သောအခါ ထိုပုဆိန်ထက်တွင် အလင်းပြန်နိုင်သည့် အစိတ်အပိုင်းဟူ၍ တစ်ခုမျှ မရှိနေကြောင်း တွေ့လိုက်ရသည်။
ချူဟန်က မျက်လုံးများကို ပြန်ပင့်ကာ မျက်မှောက်ရှိ ပုဆိန်ကို စိုက်ကြည့်လိုက်ပြီးနောက် ထိုလက်နက်၏ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် အသက်ရှူမှားသွားရတော့သည်။