အခန်း ၁၇၃
Vol. 18 Ch. 173
အခန်း (၁၇၃) မျက်နှာကို ဖြတ်ရိုက်ခံရခြင်းလား
ဤဒုတိယမန်နေဂျာသည် မိန်းကလေးများကို ဆွဲဆောင်ရန်အတွက် ကိုယ်ပိုင်လေယာဉ် ငှားရမ်းရန် သူ့ထံ ဖုန်းဆက်ရဲလိမ့်မည်ဟု ချန်ဖုန်း မထင်မှတ်ထားခဲ့ချေ။ သူက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
သူက ဖုန်းကိုကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။ "အစ်ကိုဝမ်... တကယ်လို့ ခင်ဗျားက ကိုယ်ပိုင်လေယာဉ် ငှားချင်ရင် စောစောကတည်းက ပြောသင့်တာပေါ့... ဘာလို့ ကျွန်တော့်ကို တိုက်ရိုက် မမေးရတာလဲ... ဘာလို့ ဒုက္ခခံပြီး ဖုန်းခေါ်နေရသေးလဲ..."
"ဟင်..."တစ်ဖက်လူ၏ အသံမှာ အနည်းငယ် ရင်းနှီးနေသလို ဒုတိယမန်နေဂျာ ခံစားလိုက်ရသည်။
‘ဒီမစ္စတာချန်က တကယ်ပဲ စကားပြောရ လွယ်ကူတာလား...
မျက်နှာချင်းဆိုင်တောင် ငှားလို့ရတယ် ဟုတ်လား...
နေပါဦး... အဲဒါ မမှန်ဘူးလေ...
ဘာလို့ ချန်ဖုန်းရဲ့ အသံနဲ့ နည်းနည်း တူနေရတာလဲ…’
သူ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်၏။
ဆိုဖာပေါ်ရှိ ချန်ဖုန်းက ပြုံးလျက် သူ၏ဖုန်းကို ဝှေ့ယမ်းပြနေပေသည်။
ထိုအခိုက် သူ၏ နှလုံးသားထဲသို့ မိုးကြိုးပစ်ချလိုက်သည့်အလား ဖြစ်သွားရ၏။
‘ကျစ်...ဘာတွေ ဖြစ်နေတာလဲ...
ငါဖုန်းခေါ်တာက…ချန်ဖုန်းဆီ မဟုတ်ဘူးလေ…ဒါ…ဒါမှမဟုတ်
သူက ဥက္ကဋ္ဌချန် များလား…’
ဒုတိယမန်နေဂျာ လုံးလုံးလျားလျား မှင်တက်သွားကာ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။
ဤရှယ်ယာရှင်သည် ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၎င်းမှာ ယွမ် ၇.၅ ဘီလီယံနှင့် ညီမျှကြောင်း သူ သိထားပေသည်။ သူက မူလက ရွှီချင်းချန်၏ ရှေ့တွင် ဟန်ရေးပြလိုခဲ့ခြင်း ဖြစ်၏။
သို့သော် ဟန်ရေးပြရန် ကျရှုံးသွားယုံမက လှောင်ပြောင်ခံလိုက်ရသည် မဟုတ်လား...
ဒုတိယမန်နေဂျာ၏ မျက်နှာအမူအရာမှာ အလွန် အနေရခက်နေခဲ့ပေသည်။
အထူးသဖြင့် ယခင်က ဥက္ကဋ္ဌချန်ထံသို့ သူ၏ လိပ်စာကတ်ကို ကမ်းပေးခဲ့ချိန်က ယွမ်နှစ်ထောင်တန် ကတ်တစ်ကတ်ဖြင့် သူ အချိန်အတော်ကြာ ဟန်ရေးပြနေခဲ့ခြင်း ဖြစ်သည်။ ပိုတွေးလေလေ အနေရခက်လေလေပဲ…
သူသည် လသာဆောင်မှ အလျင်အမြန် ပြေးလာပြီး ရိုသေလေးစားစွာ ခေါ်ဆိုလိုက်သည် "ချန်... ဥက္ကဋ္ဌချန်..."
ရွှီချင်းချန်နှင့် အခြားသူများလည်း မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။
‘ဥက္ကဋ္ဌချန်တဲ့လား...
ချန်ဖုန်းက တုန်းယောင် လေကြောင်းလိုင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတာများလား…’
ဒုတိယအဒေါ်က ရုတ်တရက် ဒုတိယမန်နေဂျာ၏ ပါးကို ရိုက်ချလိုက်ပြီး ရင်ထဲ၌ အလွန် ဒေါသထွက်နေခဲ့သည်။
"ကောင်းပြီလေ ဒုတိယမန်နေဂျာ... နင်က လူကောင်းတစ်ယောက်လို့ ထင်လို့ ငါတို့ရဲ့ ချင်းချန်နဲ့ မိတ်ဆက်ပေးခဲ့တာ..."
"ဒါပေမဲ့ နင်က... နင်က ငါတို့ကို တကယ် လိမ်ရက်တယ်ပေါ့..."
"ဘာ ကိုယ်ပိုင်လေယာဉ်လဲ... ဘာ ပြည်နယ်မြို့တော်ရုံးခွဲရဲ့ ဒုတိယမန်နေဂျာလဲ..."
"အကုန်လုံးက အလိမ်အညာတွေပဲလို့ ငါ ထင်တယ်... နင့်ကို နောက်တစ်ခါ ထပ်မမြင်ချင်တော့ဘူး..."
ထိုသို့ ပြောဆိုပြီးနောက် သူမ ဒေါသတကြီး ထွက်သွားလေ၏။
သူမ၏ ကိုယ်ပိုင်ညီမအရင်းက လှောင်ပြောင်မည်စိုး၍ သူမ ဤနေရာတွင် ဆက်မနေလိုတော့ချေ။ သူမ အကြံပြုခဲ့သောသူက လိမ်လည်သူတစ်ဦး ဖြစ်နေခဲ့၏။ သူမကို နောက်ထပ် ဘယ်နှစ်ကြိမ်လောက် လှည့်စားထားသေးလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
ဒုတိယမန်နေဂျာလည်း ဤနေရာတွင် ဆက်နေရန် ရှက်ရွံ့နေသဖြင့် ချန်ဖုန်းကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက်၊
အထိတ်တလန့်ဖြင့် ထွက်ပြေးသွားကြတော့သည်။
ရွှီချင်းချန်၏ ရှေ့တည့်တည့်တွင် လိမ်လည်မှု ဖော်ထုတ်ခံရခြင်းက တကယ်ကို ရှက်စရာကောင်းလှပေသည်။
ချန်ဖုန်းက စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။
သူသည် ရုံးချုပ်ရှိ ဒုတိယဥက္ကဋ္ဌ လုတုန်းထံသို့ မက်ဆေ့ခ်ျတစ်စောင်သာ ပို့လိုက်ပြီး ဒုတိယမန်နေဂျာ၏ အကောင့်များကို စစ်ဆေးရန်နှင့် သူ တရားမဝင်သော အလုပ်များ မလုပ်ထားရန် မျှော်လင့်ကြောင်း၊ ထိုသို့မဟုတ်ပါက ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်ကြောင်း ပြောကြားလိုက်၏။
မသက်ဆိုင်သူများ ထွက်သွားပြီးနောက်…
ချန်ဖုန်းအပေါ် ရှောင်ယွီဟယ်၏ သဘောထားမှာ ပို၍ပို၍ ကောင်းမွန်လာခဲ့ပေသည်။ "ရှောင်ချန်... သူတို့ကို ဂရုမစိုက်နဲ့... ဒီမှာ ခဏလောက် ထိုင်နေဦး... ငါ မင်းအတွက် မနက်စာ လုပ်ပေးမယ်..."
အိပ်ရာထပြီးနောက် ၎င်းတို့သည် မနက်စာစားရန် အချိန်ပင် မရခဲ့ကြချေ။
ရှောင်ယွီဟယ်က အခွင့်အရေးယူကာ ရွှီချင်းချန်ကို မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားပြီး တီးတိုးပြောလိုက်သည်။ "သမီး... ရှောင်ချန်က ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ယွမ် ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး သမီးကိုတောင် တာဝန်ခံအဖြစ် သီးသန့် ခန့်အပ်ခဲ့သေးတာ..."
"ရှင်းနေတာပဲ... သူ သမီးအပေါ် ခံစားချက် ရှိနေတာပေါ့..."
"သမီး ဒီအခွင့်အရေးကို မြန်မြန် ဆုပ်ကိုင်ထားရမယ်... ဒီလို ယောကျာ်းကောင်းမျိုးကို ဆုံးရှုံးလို့ မဖြစ်ဘူးနော်..."
"ဟင်..."
ရွှီချင်းချန် တကယ်ပဲ အဲဒီလို မတွေးမိခဲ့ချေ။ "အမေ... အမေ အတွေးလွန်နေတာလား... သူက အရမ်းချမ်းသာပြီး သူ့ပတ်ဝန်းကျင်မှာ လှပတဲ့ မိန်းမချောလေးတွေ အများကြီး ဝိုင်းဝိုင်းလည်နေတာလေ... သူက ဘယ်လိုလုပ် သမီးကို စိတ်ဝင်စားနိုင်မှာလဲ..."
"ဘာဖြစ်လို့လဲ... ငါ့သမီးက မလှလို့လား..."
ရှောင်ယွီဟယ်က မျက်နှာထား တင်းတင်းထားကာ သူမ၏ တင်ပါးကို လှမ်းပုတ်လိုက်သည်။ "ငါ့သမီးက ရင်သားထွားပြီး တင်ပါးကလည်း ကောက်ကြောင်းလှတယ်... ပြီးတော့ နင်က နာမည်ကျော် မင်းသမီးတစ်ယောက်လေ... သူက သမီးကို ဘယ်လိုလုပ် စိတ်မဝင်စားဘဲ နေနိုင်မှာလဲ..."
"အား..."
ရွှီချင်းချန်က သူမအမေကို ဒေါသတကြီး စိုက်ကြည့်လိုက်ရင်း သူမ၏ ကိုယ်ကိာ အလျင်အမြန် ရွှေ့ဖယ်လိုက်သည်။
ရှောင်ယွီဟယ်က ရယ်မောလျက် ထပ်ပြောသည် "စဉ်းစားကြည့်လေ... ကနဦးရင်းနှီးငွေ ယွမ် ၁ ဘီလီယံရှိတဲ့ ကုမ္ပဏီတစ်ခုက ကုမ္ပဏီကြီးတစ်ခုအဖြစ် သတ်မှတ်ခံရပြီးပြီ... ဘာလို့ ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ယောက်ကို ငှားပြီး မစီမံခိုင်းရတာလဲ..."
"သမီးကကော ဘာသိလို့လဲ... သရုပ်ဆောင်တာကလွဲရင် ကုမ္ပဏီတစ်ခုကို ဘယ်လိုစီမံရမလဲဆိုတာ သမီး ဘယ်လိုလုပ် သိနိုင်မှာလဲ..."
"ဒါပေမဲ့ ရှောင်ချန်က ဒီလောက် ကြီးမားတဲ့ ရှုပ်ထွေးမှုကြီးကို သမီးအပေါ် ပုံချပေးခဲ့တယ်... အဲဒါ သမီးကို ယုံကြည်လို့ မဟုတ်ဘူးလား..."
"ဘာလို့ ယုံကြည်ရတာလဲ... သူက သမီးကို သူ့မိန်းမအဖြစ် သဘောထားလို့ပေါ့..."
ရှောင်ယွီဟယ်သည် အရာအားလုံးကို အစကတည်းက မြင်သာနေသည့်အလား သူမ၏သမီးကို ဦးနှောက်ဆေးရန် တရစပ် ပြောဆိုနေခဲ့ပေ၏။
ရွှီချင်းချန်က စိတ်ထဲမှ တွေးတောလိုက်သည်။
‘တကယ်ပဲ အဲဒီလို ဖြစ်နေတာလား…’
"ဒါပေမဲ့... သူ့ဘေးနားမှာ မိန်းမတွေ အများကြီး ရှိတယ်လေ... သူနဲ့ အဆင်ပြေတဲ့ ကျောင်းရဲ့အလှလေး တစ်ယောက်ရှိတယ်လို့ ကြားတယ်... ပြီးတော့ သူနဲ့ အရမ်း ရင်းနှီးတဲ့ မိန်းမချော စီအီးအို တစ်ယောက်လည်း ရှိသေးတယ်..."
"ဘာအရေးကြီးလို့လဲ..."
ရှောင်ယွီဟယ်က ဂရုမစိုက်စွာ လက်ဝှေ့ယမ်းလိုက်သည်။ "ရှောင်ချန်လို ထူးချွန်တဲ့သူ တစ်ယောက်အတွက် သူ့ဘေးနားမှာ မိန်းမ နည်းနည်းပါးပါး ရှိနေတာက ပုံမှန်ပါပဲ... အမေ မမှားဘူးဆိုရင် သူက အခုထိ လူပျိုဖြစ်နေတုန်းပဲ မဟုတ်လား..."
"အမ်…ဟုတ်မှာပေါ့..."
ရွှီချင်းချန် တကယ်ပဲ ချန်ဖုန်းမှာ ချစ်သူရှိသည်ဟု မကြားဖူးခဲ့ချေ။
"အဲဒါ တကယ် မှန်တာပေါ့..."
ရှောင်ယွီဟယ်က လေးနက်စွာ ပြောဆိုလိုက်သည် "သူ့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် မိန်းမတွေ အများကြီးက အရှက်မရှိ သူ့အနား ကပ်လာကြမှာ မလွဲဧကန်ပဲ... အခု သူက မိန်းကလေး ဆယ်ယောက်လောက်နဲ့ ရှုပ်ရှုပ်ထွေးထွေး ဆက်ဆံရေး ရှိနေရင်တောင် အဲဒါက ပုံမှန်ပါပဲ..."
"ဘာပဲဖြစ်ဖြစ် သမီးလည်း အိမ်ထောင်မကျသေးဘူးဆိုတော့ သမီးမှာ အခွင့်အရေးတွေ အများကြီး ရှိနေသေးတာပဲ..."
"သမီးက သူ့ဘေးနားက မိန်းကလေးတွေ အားလုံးထက် သာလွန်နေသရွေ့ သမီးတို့နှစ်ယောက်အတွက် အခွင့်အရေး ရှိမလာနိုင်ဘူးလား..."
"ဟင်... သမီး... သမီး စဉ်းစားကြည့်ပါဦးမယ်..."
ရွှီချင်းချန်၏ ခံစားချက်များမှာ အလွန် ရှုပ်ထွေးနေခဲ့၏။ ချန်ဖုန်းကို မည်သို့ ရင်ဆိုင်ရမည်ကို သူမ မသိခဲ့ချေ။ သူမအမေ ပြောသည်ကလည်း အဓိပ္ပာယ်ရှိပေသည်။
"ကောင်းပြီလေ... မနက်စာ သွားစားကြရအောင်..."
ထိုအချိန်မှသာ ရှောင်ယွီဟယ် သက်ပြင်းတစ်ချက် ချနိုင်ခဲ့တော့သည်။
သူမ၏သမီးက သူမကိုယ်သူမ သက်သေပြပြီး ချန်ဖုန်းကို သမက်အဖြစ် ရရှိလာစေရန် သူမ မျှော်လင့်နေခဲ့၏။
မနက်စာမှာ ရိုးရှင်းလှပေသည်။ အီကြာကွေး၊ ပေါက်စီနှင့် ဆန်ပြုတ်ဖြူတို့ ဖြစ်၏။ ဒီနေ့ ရွှီချင်းချန်က သူ့မျက်နှာပေါ်တွင် ပန်းများ ပွင့်နေသည့်အလား သူ့ကို တစ်ခါတစ်ရံ ခိုးကြည့်နေတတ်သည်ကို ချန်ဖုန်း သတိပြုမိလိုက်သည်။ ထိုအဖြစ်က သူ့ကို လုံးလုံးလျားလျား စကားပြောစရာမဲ့ ဖြစ်သွားရ၏။
မနက်စာစားပြီးနောက် ရွှီချင်းချန်သည် ရုပ်ရှင်ကုမ္ပဏီ၏ လုပ်ငန်းလိုင်စင် လျှောက်ထားရန် ချန်ဖုန်းကို ဆွဲခေါ်သွားခဲ့သည်။
သူမက မိခင်၏ အကြံပေးချက်ကိုလည်း နှလုံးသွင်းထားပြီး ချန်ဖုန်းနှင့် နှစ်ကိုယ်တည်း ရှိနေရန် အခွင့်အရေးများကို ကြိုးစားရှာဖွေနေခဲ့ပေ၏။
သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသော ပုံရိပ်လေးကို ကြည့်ရင်း…
ချန်ဖုန်းက သူမကို အနီးသို့ ဆွဲယူလိုက်ပြီး ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြုံးလျက် ပြောလိုက်သည် "ချင်းချန်... မင်းက ဘာလို့ ငါ့ရင်ခွင်ထဲကို အတင်း တိုးဝင်လာရတာလဲ... ငါ့ဆီကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတာများလား..."
"ငါ..."
ရွှီချင်းချန်၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားခဲ့ပေသည်။သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
"ငါ ဟိုဘက်သွားပြီး ဖောင်တွေ သွားဖြည့်လိုက်ဦးမယ်..."
စကားပြောနေရင်း သူမ အလျင်အမြန် ပြေးထွက်သွားလေသည်။
ဆန့်ကျင်ဘက် လိင်တစ်ဦးနှင့် ဤမျှနီးကပ်စွာ သူမ တစ်ခါမှ မနေခဲ့ဖူးချေ။ ယခုလေးတင် ထိုအခိုက်အတန့်၌ ချန်ဖုန်းထံမှ ထွက်ပေါ်လာသော ယောက်ျားဆန်သည့် ရနံ့ကို ရှူရှိုက်မိပြီး သူ၏ တောင့်တင်းသော ရင်အုပ်ကို ခံစားလိုက်ရချိန်တွင် သူမ ခဏတာ မိန်းမောသွားခဲ့ပေ၏။
ချန်ဖုန်းက ရယ်မောလိုက်သည်။
လွန်ခဲ့သော နှစ်ရက်ခန့်က ထိုသားအမိနှစ်ယောက်က သူ့ကို အကြိမ်ကြိမ် လှည့်စားခဲ့ကြသည်။
သူ အတိုးနည်းနည်း ပြန်ယူရမှာပေါ့...
နောက်ပိုင်းအချိန်များတွင် ချန်ဖုန်းသည် ပေ့ဟူသို့ အလျင်စလို မပြန်ခဲ့ဘဲ ရုပ်ရှင်ကုမ္ပဏီကိစ္စများကို ရွှီချင်းချန်အား ကူညီဖြေရှင်းပေးရန် ဤနေရာတွင် ဆက်နေခဲ့ပေသည်။
ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်တည်းက
ကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူလှချေ။ အထူးသဖြင့် တရားဝင် ဌာနများတွင် လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရသည့်အခါ အတော်လေး ရှုပ်ထွေးပေသည်။
ချန်ဖုန်းက သူ၏ စစ်ဘက်ဆိုင်ရာဌာန မှတ်ပုံတင်ကတ်ကို တိုက်ရိုက် ထုတ်ပြလိုက်ချိန်တွင်
လုပ်ငန်းစဉ်တစ်ခုလုံးမှာ များစွာ ပိုမိုရိုးရှင်းသွားခဲ့ပြီး လုံးဝနီးပါး အဟန့်အတား မရှိခဲ့ချေ။ ပုံမှန်ဆိုလျှင် ပြီးစီးရန် တစ်ပတ်ခန့် အချိန်ယူရမည့် စာရွက်စာတမ်းများက
အခုတော့ နေ့ချင်းပြီးအောင် လုပ်လို့ရသွားပြီလေ။
"ဒီမှတ်ပုံတင်ကတ်က ဒီလောက် အသုံးဝင်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
ချန်ဖုန်းက သူ၏လက်ထဲရှိ မှတ်ပုံတင်ကတ်ကို တစ်ချက် ပြန်ကြည့်လိုက်၏။
၎င်းတွင် ရှန်ကွမ်ယွဲ့၏ အမည်သာ ပါရှိပြီး တစ်ဖက်လူ၏ ဓာတ်ပုံ မပါရှိချေ။
သူမ၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်၍ သူ အမြဲတမ်း စပ်စုချင်နေခဲ့သည်။
ကြည့်ရတာ နောက်တစ်ခါမှပဲ ကြည့်ဖို့ အခွင့်အရေး ရတော့မယ်ထင်တယ်။
ချန်ဖုန်းသည် ပေ့ဟူတွင် ငါးရက် ခြောက်ရက်ခန့် နေခဲ့ပေသည်။
တရုတ်နိုင်ငံအတွင်း၌ အခြေအနေများမှာ သဟဇာတဖြစ်နေပုံရသော်လည်း နယ်စပ်ရှိ ပဋိပက္ခများမှာမူ တဖြည်းဖြည်း ပိုမိုပြင်းထန်လာနေခဲ့၏။
တိုက်ပွဲက အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်တယ်…
(လူတချို့က နယ်စပ်ဇာတ်လမ်းကို အမြဲတမ်း ဖတ်ချင်နေကြတယ်... ကဲ စလိုက်ကြရအောင်...)