အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆) နှစ်ဖက်စလုံး၏ စီစဉ်မှုများ
စစ်တပ်စခန်းထဲတွင် ဆရာဝန်များ ရှိနေသော်လည်း… ဤနှစ်များတစ်လျှောက်လုံး ၎င်းတို့အားလုံးသည် ရှန်ကွမ်ယွဲ့၏ ရောဂါနှင့် ထိတွေ့ခဲ့ရပြီး သူမကို လုံးဝ မကုသပေးနိုင်ခဲ့ကြချေ။
သူတို့အနေဖြင့် လုံးလုံးလျားလျား ကူကယ်ရာမဲ့နေပုံပေါ်၏။
"ဗိုလ်ကြီး ယွင်ကျဲ့... စစ်သေနာပတိရဲ့ အခြေအနေက အခု အလွန်စိုးရိမ်ရပြီး ကျွန်တော်တို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး... သူ့ရဲ့ ရောဂါကို ကုသနိုင်မယ့်သူ ရှိမရှိ သိရအောင် ဟွာနိုင်ငံအတွင်းမှာ တစ်ယောက်ယောက်ကို ကြိုးစားရှာဖွေသင့်တယ်..."ဆရာဝန်တစ်ဦးက သက်ပြင်းချလျက် ပြောဆိုလိုက်သည်။
ဗိုလ်ကြီး ယွင်ကျဲ့သည် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် စစ်သေနာပတိ သတိလစ်နေချိန်တွင် ၎င်းတို့အထဲ၌ အသန်မာဆုံးဖြစ်ရာ အခြေအနေကို သူ တည်ငြိမ်အောင် လုပ်ရပေမည်။
ယွင်ကျဲ့က ခေါင်းခါရင်း ပြောလိုက်သည်။
"စစ်သေနာပတိရဲ့ အခြေအနေက အရမ်း ထူးဆန်းတယ်... ခင်ဗျားတို့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေက အတော်လေး မြင့်မားနေပြီပဲ... ခင်ဗျားတို့တောင် မကုသနိုင်ရင် တခြားသူတွေအတွက် ပိုတောင် ခက်ခဲဦးမယ်..."
"အဲလိုတော့ မဟုတ်ဘူးလေ..."
ဆရာဝန်က အလျင်အမြန် ပြောလိုက်သည်။ "ဟွာနိုင်ငံမှာ သမိုင်းကြောင်း ရှည်လျားတယ်... တကယ်တော့ ရှေးဟောင်း ကုထုံးများစွာက ပြည်သူတွေကြားမှာ လက်ဆင့်ကမ်းလာခဲ့ကြတယ်... အထူးသဖြင့် တရုတ်တိုင်းရင်းဆေးဆရာ တချို့ပေါ့... သူတို့ရဲ့ ဆေးပညာက တော်တော်လေး ကောင်းတယ်..."
"အခုတော့ ငါတို့အနေနဲ့ ဖြစ်နိုင်ချေ နည်းနည်းပဲရှိရင်တောင် ဒီနည်းလမ်းတွေကိုပဲ စမ်းကြည့်ရတော့မယ်..."
"အနောက်တိုင်းဆေးပညာပဲဖြစ်ဖြစ် တရုတ်တိုင်းရင်းဆေးပညာပဲဖြစ်ဖြစ် ဆေးပညာကျွမ်းကျင်မှု ကောင်းနေသရွေ့ စစ်သေနာပတိကို ရောဂါစစ်ဆေးပေးဖို့ သူတို့ကို ခေါ်လာလို့ရတယ်..."
ဗိုလ်ကြီး ယွင်ကျဲ့၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့၏။
စစ်သေနာပတိကို သတိပြန်လည်လာစေနိုင်သရွေ့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုသာ ရှိနေမည်ဆိုလျှင်တောင်မှပေါ့...
သူလည်း လက်လျှော့မှာ မဟုတ်ဘူး…
ထို့နောက် သူသည် ကျန်းထျန်ရှန်းထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။
"ဝန်ကြီးကျန်း... ပြဿနာတစ်ခု ဖြစ်သွားပြီ..."
"ဘာဖြစ်လို့လဲ..."
ကျန်းထျန်ရှန်း ချက်ချင်း လန့်ဖြတ်သွားခဲ့၏။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့ပြီး ရှန်ကွမ်ယွဲ့၏ ကျန်းမာရေးကို အမြဲတစေ စိုးရိမ်နေခဲ့သည်။
ယခု ဖုန်းမြည်လာသဖြင့် စစ်သေနာပတိ တစ်ခုခု ဖြစ်သွားပြီဖြစ်ကြောင်း သူ ချက်ချင်း ခန့်မှန်းမိလိုက်ပေ၏။
ဗိုလ်ကြီး ယွင်ကျဲ့က လေးနက်စွာ ပြောဆိုလိုက်သည်။ "တိုက်ပွဲကြီးက အခုလေးတင် ပြီးသွားတာ... ကျွန်တော်တို့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦး ဆုံးရှုံးခဲ့ရပြီး ကြယ်ငါးပွင့်အဆင့် စစ်သည် လေးဦးနဲ့ လူရာပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်..."
"ပြီးတော့ စစ်သေနာပတိက..."
"သူ ဘာဖြစ်သွားတာလဲ..."
ကျန်းထျန်ရှန်း မှာ အလွန် စိုးရိမ်ပူပန်သွားသည်။
ဗိုလ်ကြီး ယွင်ကျဲ့က အလျင်အမြန် ပြောလိုက်သည်။ "စစ်သေနာပတိက အခု သတိလစ်နေတယ်... အခြေအနေက အလွန် စိုးရိမ်ရတယ်... နယ်စပ်မှာ လောလောဆယ် ယာယီ အပစ်အခတ် ရပ်စဲထားပြီး သတင်းအချက်အလက် အကုန်လုံးကို ကျွန်တော်တို့ ပိတ်ဆို့ထားတယ်..."
"ဒါပေမဲ့ ဒီကိစ္စတွေကို ကြာကြာ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး..."
"စစ်သေနာပတိ ဒုက္ခရောက်နေတာကို ရန်သူတွေ သိသွားတာနဲ့ သူတို့က မတုံ့ဆိုင်းဘဲ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို သေချာပေါက် စတင်လာလိမ့်မယ်..."
"အဲဒီအချိန်ရောက်ရင် ငါတို့ တောင့်ခံထားနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်တယ်..."
သတိလစ်နေတယ်...
ကျန်းထျန်ရှန်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပေ၏။
ပြီးပြီ...ပြဿနာတစ်ခု ဖြစ်တော့မယ်...
ယခုအချိန်တွင် နယ်စပ်တစ်ခုလုံးကို ရှန်ကွမ်ယွဲ့က စောင့်ကြပ်နေခြင်း ဖြစ်သည်။ သူမသာ တစ်ခုခု ဖြစ်သွားပါက ကမ္ဘာကြီး ပြောင်းလဲသွားပြီဟု တကယ်ပင် အဓိပ္ပာယ်ရပေ၏။
နယ်စပ်ပြင်ပ စစ်မြေပြင်တွင် ၎င်းတို့၏ ကိုယ်ပိုင် ကျွမ်းကျင်သူများ ရှိပေသည်။
သို့သော် သူတို့အားလုံး နောက်ဆုတ်ထားခံရပြီး လောလောဆယ် အချိန်မီ ပြန်လည်မစီစဉ်နိုင်သေးချေ။
‘ဘာလုပ်ရမလဲ...
ငါတို့ ဘာလုပ်သင့်သလဲ…’
ကျန်းထျန်ရှန်း လူတစ်ယောက်ကို တွေးမိလိုက်သည်။
‘ချန်ဖုန်း…’
မကြာသေးမီက ချန်ဖုန်းကို ရန်သူ့တပ်ဖွဲ့များက စူပါစွမ်းအားရှင်ဟု ခေါ်ဝေါ်ခဲ့သဖြင့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများကို ကိုင်တွယ်ရန်မှာ ပြဿနာ မရှိနိုင်ချေ။
သူက စစ်သေနာပတိ ယင်းရှားကို ကိုင်တွယ်နိုင်မနိုင် ဆိုတာကိုသာ သူ မသိတာ...တစ်ဖက်လူက ရန်သူ့နိုင်ငံရဲ့ စစ်သေနာပတိလေ…။
ခနစဥ်းစားပြီးနောက် သူက အလျင်အမြန် ပြောလိုက်သည်။ "ခဏနေဦး... ငါ ချန်ဖုန်းကို အခုချက်ချင်း အကြောင်းကြားပြီး နယ်စပ်ကို အမြန်သွားခိုင်းလိုက်မယ်... ဒါက မင်းတို့ရဲ့ ဖိအားကို သက်သာစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
"ချန်ဖုန်း..."
ဗိုလ်ကြီး ယွင်ကျဲ့သည် ဤလူအကြောင်းကို ကြားဖူးထားခဲ့၏။
သူက ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အများစုထက် ပိုသန်မာပုံရပြီး စစ်သေနာပတိက ဆက်ခံသူအဖြစ် အသိအမှတ်ပြုထားပေသည်။
ဤဆက်ခံသူနှင့် ပတ်သက်၍ သူ အကောင်းမြင်မနေခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် ချန်ဖုန်းနှင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးသောကြောင့် ဖြစ်၏။
ချန်ဖုန်းနှင့် ပတ်သက်သည့် သတင်းများသည် အမြဲတမ်း ပါးစပ်ရာဇဝင်ဖြင့်သာ လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ပြီး ပြောဆိုနေကြသည်များမှာ ယုံကြည်ရလောက်ချင်မှ ယုံကြည်ရလောက်ပေမည်။
တစ်ခါတစ်ရံ ချဲ့ကားပြောဆိုတာတွေ ရှိတတ်တယ်လေ...
ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူက ပြောလိုက်သည်။ "ဝန်ကြီး... ကျွန်တော်တို့ ချန်ဖုန်း တစ်ယောက်တည်းကို အပြည့်အဝ အားကိုးလို့ မရဘူး... တကယ်လို့ သူသာ စစ်သေနာပတိ ယင်းရှားကို မတားဆီးနိုင်ရင် နယ်စပ်ကိုလည်း ကာကွယ်နိုင်မှာ မဟုတ်ဘူး..."
"နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်... အဲဒါကတော့ ဟွာနိုင်ငံက နာမည်ကြီး ဆရာဝန်တွေ အကုန်လုံးကို ချက်ချင်း စုစည်းလိုက်ဖို့ပဲ..."
"သူတို့က စစ်သေနာပတိကို သတိပြန်လည်လာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်..."
"ငါ နားလည်ပါပြီ..."
ကျန်းထျန်ရှန်း ခေါင်းညိတ်လိုက်၏။
တကယ်တော့ သူသည် ရှန်ကွမ်ယွဲ့အတွက် ဆရာဝန်များကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရှာဖွေပေးခဲ့သော်လည်း သူမ၏ ရောဂါကို မည်သူကမျှ မကုသနိုင်ခဲ့ချေ။
ဒီတစ်ခါလည်း အရင်လို ခက်ခဲနေတုန်းပဲ...
ထိုသို့ တွေးနေသော်လည်း သူသည် အမိန့်ပေးရန် တစ်စုံတစ်ယောက်ကို လွှတ်လိုက်ဆဲပင်။
…
နယ်စပ်၏ အခြားတစ်ဖက်ရှိ စစ်တပ်စခန်း၌ ရန်သူ့တပ်ဖွဲ့များ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် စစ်သေနာပတိ ယင်းရှားသည် သူ၏ ကိုယ်ပိုင်အသက်ကို အလွန် တန်ဖိုးထားပေ၏။
ယခင်က ရှန်ကွမ်ယွဲ့နှင့် ရင်ဆိုင်ရချိန်များတွင် အနိုင်မရပါက သူ ထွက်ပြေးလေ့ရှိသည်။ယခုတစ်ကြိမ်တွင်မူ သူ အခွင့်အရေးကို နောက်ဆုံး၌ ဆုပ်ကိုင်နိုင်ခဲ့လေပြီ။
သူသည် ဤကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကို လုံးဝ ဖယ်ရှားပစ်ရန် မူလက စီစဉ်ထားခဲ့သော်လည်း တစ်ဖက်လူက အသက်ရှင်နိုင်မည့် အခွင့်အရေးလေးတစ်ခုအတွက် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦးနှင့် ကြယ်လေးပွင့်အဆင့် စစ်သည် ဒါဇင်ပေါင်းများစွာတို့၏ အသက်များကို အလဲအလှယ် လုပ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ထိုအကြောင်းကို ပြန်တွေးမိတိုင်း သူ့ရင်ထဲမှာ အရမ်း ဒေါသထွက်နေမိတယ်…
"တောက်..."
စစ်သေနာပတိ ယင်းရှားက စကျင်ကျောက်စားပွဲကို ရိုက်ချလိုက်သည်။
စကျင်ကျောက်ပြား တစ်ခုလုံး အပိုင်းပိုင်းအစစ ကွဲအက်သွားတော့၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်သော အရှိန်အဝါများ ထုတ်လွှတ်နေပြီး သူ၏အကြည့်များ ရုတ်တရက် အောက်သို့ ကျဆင်းသွားကာ အေးစက်စွာ ပြောဆိုလိုက်သည်။ "စုံစမ်းစစ်ဆေးမှု ဘယ်လိုနေလဲ...ဟွာနိုင်ငံ စစ်သေနာပတိရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းသွားပြီလား..."
စစ်သေနာပတိ၏ ကျန်းမာရေး မတည်ငြိမ်ကြောင်းကို စစ်မြေပြင်တွင် သူ အာရုံခံမိခဲ့ပြီး ဖြစ်ပေသည်။
အကယ်၍ တစ်ဖက်လူက ပြန်မကောင်းလာဘူးဆိုရင်
သူ့အတွက် ဒါဟာ သေချာပေါက် ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ တကယ်လို့ သူ အခုသာ အလစ်အငိုက် တိုက်ခိုက်လိုက်မယ်ဆိုရင် ဘယ်သူကမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။
လက်အောက်ငယ်သားတစ်ဦးက ပြန်ဖြေလိုက်သည်။ "အဲဒါက... လောလောဆယ် စုံစမ်းစစ်ဆေးနေဆဲပါ..."
"အသုံးမကျတဲ့ကောင်တွေ..."
စစ်သေနာပတိ ယင်းရှားမှာ အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့၏။
သူသည် မွေးရာပါ စိတ်မရှည်သူဖြစ်ပြီး အလုပ်လုပ်ရာတွင် အချိန်ဆွဲနေခြင်းကို သည်းမခံနိုင်ချေ။
လက်အောက်ငယ်သားက ခေါင်းငုံ့ထားပြီး တုန်ရီနေကာ ပြန်လည်မဖြေကြားရဲချေ။
နောက်ဆုံးတွင် နောက်ထပ်
ဆယ်မိနစ် သူစောင့်လိုက်ရသည်။
ထိုအခါမှ လက်အောက်ငယ်သားလည်း မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိသွားပုံရပြီး အလျင်အမြန် ပြောလိုက်သည်။ "စစ်သေနာပတိ ယင်းရှား... ကျွန်တော်တို့လူတွေ စုံစမ်းစစ်ဆေးပြီးပါပြီ... စစ်သေနာပတိက စစ်မြေပြင်ကနေ ထွက်သွားကတည်းက ပြန်ပေါ်မလာတော့ဘူးလို့ သိရပါတယ်..."
"သူမရဲ့ ကျန်းမာရေးက ပြဿနာရှိဖို့ များပါတယ်... ကျွန်တော်တို့..."
"ဟမ်..."
စစ်သေနာပတိ ယင်းရှား၏ အေးစက်သော အကြည့်များက စူးရှစွာ ကျရောက်လာခဲ့သည် "မင်းက ငါ့ကို အလုပ်ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနေတာလား..."
"မဟုတ်ပါဘူး... မဟုတ်ပါဘူး..."
"ဟွန့်..."
စစ်သေနာပတိ ယင်းရှားက လှောင်ပြောင်လိုက်သည်။ "ဟွာနိုင်ငံ စစ်သေနာပတိက အကြံအစည်တွေနဲ့ ပြည့်နှက်နေတာ... ဒီတစ်ကြိမ် သူမ တကယ်ပဲ ပြန်မကောင်းသေးဘူးဆိုတာ ဘယ်သူ သိနိုင်မှာလဲ... တကယ်လို့ ဒါက ထောင်ချောက်တစ်ခုသာ ဖြစ်နေရင် တစ်ခုခုမှားယွင်းသွားတဲ့အခါ မင်း တာဝန်ယူမှာလား..."
"ကျွန်တော်..."
"တော်တော့..."
စစ်သေနာပတိ ယင်းရှားက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "အခြေအနေကို ဆက်စောင့်ကြည့်နေ... တကယ်လို့ သူမရဲ့ ကျန်းမာရေးမှာ တစ်ခုခု မှားယွင်းနေတယ်ဆိုရင် သူမက ဟွာနိုင်ငံအတွင်းက ဆရာဝန်တွေကို ကုသဖို့အတွက် သေချာပေါက် ခေါ်ယူလိမ့်မယ်..."
"ဟွာနိုင်ငံမှာ ခိုးဝင်နေတဲ့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတွေ သတိထားသင့်တယ်..."
"နာမည်ကြီး ဆရာဝန်ကို လာရှာတဲ့သူ မှန်သမျှ... အကုန်သတ်ပစ်..."
"နားလည်ပါပြီ..."
"နောက်တစ်ခု ရှိသေးတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟွာနိုင်ငံ၊ ပေ့ဟူမြို့မှာ စူပါစွမ်းအားရှင် တစ်ယောက် ပေါ်လာတယ်..."
"တကယ်လို့ ဟွာနိုင်ငံ စစ်သေနာပတိ တစ်ခုခု ဖြစ်သွားရင် သူတို့က အဲဒီ စူပါစွမ်းအားရှင်ကို သေချာပေါက် ခေါ်ယူလိမ့်မယ်..."
"သူ ဘယ်လောက် အားကောင်းလဲဆိုတာ ငါတို့ အတိအကျ မသိရပေမဲ့ ဒီလို ခြိမ်းခြောက်မှုကို အစကတည်းက နှိမ်နင်းပစ်တာ အကောင်းဆုံးပဲ..."
"အဲဒီလူရဲ့ အချက်အလက်နဲ့ တည်နေရာကို မင်း ရှာဖွေထားလား..."
"ဟုတ်ကဲ့..."
လက်အောက်ငယ်သားက အလျင်အမြန် ပြန်ဖြေလိုက်သည်။ "လွန်ခဲ့တဲ့ ဆယ်ရက်က ကျွန်တော်တို့လူတွေ သူ့ရဲ့ နောက်ခံကို စုံစမ်းသိရှိခဲ့ပြီးပါပြီ... သူ့နာမည်က ချန်ဖုန်း ဖြစ်ပြီး ပေ့ဟူတက္ကသိုလ်က နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ပါ..."
"ပြီးခဲ့တဲ့အကြိမ်က သူ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးယောက်ကို ကိုင်တွယ်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ ခွန်အားက စစ်သေနာပတိလောက်တော့ အားကောင်းမှာ မဟုတ်ပါဘူး..."
"ကျွန်တော်တို့ကို ခြောက်လှန့်ဖို့အတွက် စကားတွေကို တမင်တကာ ချဲ့ကားပြောဆိုထားတာ ဖြစ်ဖို့များပါတယ်..."
"ဘာပဲဖြစ်ဖြစ် ဟွာနိုင်ငံက လူတွေအကုန်လုံးက စိတ်ဓာတ်စစ်ဆင်ရေး မဟာဗျူဟာကို အသုံးပြုရတာ ကြိုက်ကြတယ်လေ..."
"စူပါစွမ်းအားရှင်... ဟွန့်..."
စစ်သေနာပတိ ယင်းရှားက ၎င်းကို အလေးအနက်ထားပုံ မရချေ။ "ဟွာနိုင်ငံမှာ ခိုးဝင်နေတဲ့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတွေရဲ့ တစ်ဝက်လောက်ကို ချန်ဖုန်းကို သတ်ဖို့ တာဝန်ပေးလိုက်…
ဒီတစ်ခါ ဟွာနိုင်ငံ စစ်တပ်ရဲ့ ထွက်ပေါက် အကုန်လုံးကို ငါ ဖြတ်တောက်ပစ်မယ်..."
"နားလည်ပါပြီ..."
အမိန့်များ ထုတ်ပြန်ပြီးနောက် ဟွာနိုင်ငံတစ်ဝန်းတွင် ခိုးဝင်နေသော ကျွမ်းကျင်သူများသည် ပေ့ဟူဝန်းကျင်သို့ စုရုံးလာကြပြီး နောက်ပိုင်းတွင် ချန်ဖုန်းက ပြည်နယ်မြို့တော်၌ ရှိနေကြောင်း ၎င်းတို့ ကြားသိလိုက်ရ၏။
လမ်းကြောင်းသည် ပြည်နယ်မြို့တော်ဆီသို့ နောက်တစ်ဖန် ဦးတည်သွားခဲ့ပြန်သည်။
လုပ်ကြံသတ်ဖြတ်မှု စစ်ဆင်ရေးတစ်ခုကိုလည်း တိတ်တဆိတ် လုပ်ဆောင်နေခဲ့ပေ၏။