အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း (၁၇၈) အသေးအဖွဲကောင်များကို ရှင်းလင်းခြင်း
"တစ်ကွက်တည်းနဲ့တင်…"
လွန်ခဲ့သော အခိုက်အတန့်ကပင်
အရှိန်အဝါ၊ အမြန်နှုန်းနှင့် ခွန်အားစသည့် အဘက်ဘက်တွင် ချန်ဖုန်းသည် သူတို့တစ်ဦးစီထက် များစွာ သာလွန်နေခဲ့ပေ၏။ သူတို့မှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။
ထိုမတိုင်မီက ချန်ဖုန်းသည် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးဦးကို တစ်ယောက်ချင်းစီ သတ်ဖြတ်ခဲ့သည်ဟု ၎င်းတို့ ထင်မှတ်ထားခဲ့ကြသည်။
ယခုကြည့်ရသည်မှာကား
ထိုသုံးဦးစလုံး ပေါင်းတိုက်လျှင်ပင် အသတ်ခံရနိုင်ဆဲ ဖြစ်လေ၏။
အချိန်တိုအတွင်းမှာပင်
ကျန်ရှိနေသူများသည် ချန်ဖုန်းအား အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကြည့်ရှုလိုက်ကြပေသည်။
ထိုအချိန်၌ ၎င်းတို့အနက်မှ တစ်ဦးက ရုတ်တရက် အာမေဍိတ်သံဖြင့် ပြောဆိုလိုက်၏။
"သူ… သူက…"
"ဘာဖြစ်လို့လဲ… အစ်ကိုငါး…"
အခြားသူတစ်ဦးက မေးမြန်းလိုက်သည်။
"နယ်စပ်ပြင်ပက အဇူရာနန်းတော် လို့ခေါ်တဲ့ အဖွဲ့အစည်းကို မှတ်မိလား… လွန်ခဲ့တဲ့ ငါးနှစ်က တပ်မှူး ယင်းရှား က ငါတို့ကို ဦးဆောင်ပြီး အဇူရာနန်းတော်က လူတွေကို တိုက်ခိုက်ခဲ့တာလေ…"
အစ်ကိုငါးက ပြန်လည်ဖြေကြားလိုက်၏။
"ငါမှတ်မိတယ်… အဇူရာနန်းတော်က နယ်စပ်ပြင်ပမှာ အင်အားအကြီးဆုံး အဖွဲ့အစည်း သုံးခုထဲက တစ်ခုဖြစ်ပြီး အရမ်းကို အစွမ်းထက်တာ…"
ထိုသူက ဝင်ရောက်ပြောဆိုလိုက်သည်။
နယ်စပ်ပြင်ပ အင်အားစုများ တစ်ခုလုံးတွင် ၎င်းတို့ကို မည်သူမျှ ရန်မစရဲခဲ့သော်လည်း ထိုအဖွဲ့အစည်းသည် လွန်ခဲ့သော သုံးနှစ်ခန့်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပေ၏။
"သူတို့က နယ်စပ်ပြင်ပ စစ်မြေပြင် ကနေ ဆုတ်ခွာသွားပြီလို့ ထင်ရတယ်… မင်းက ဘာလို့ အဇူရာနန်းတော် အကြောင်းကို ပြန်ပြောနေရတာလဲ…"
ထိုသူက မေးမြန်းလိုက်ပြန်သည်။
"ငါပြောချင်တာက အဲဒါမဟုတ်ဘူး… ငါပြောချင်တာက အရမ်းကို အစွမ်းထက်တဲ့ သူတို့ရဲ့ အဇူရာနန်းတော်သခင် အကြောင်းပဲ… အဲဒီတုန်းက တပ်မှူး ယင်းရှား က အဇူရာနန်းတော်သခင် နဲ့ တိုက်ခိုက်ခဲ့တာ…"
အစ်ကိုငါးက ပြောဆိုလိုက်၏။
တစ်ကွက်တည်းနှင့် အရေးနိမ့်သွားခဲ့ပြီး သူသာ မြန်မြန် ထွက်မပြေးနိုင်ခဲ့ပါက အဲဒီတုန်းကတည်းက သေနေလောက်ပြီ ဖြစ်ပေသည်။ ထိုနေရာရှိ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများသည် ထိုနှစ်က အဖြစ်အပျက်များတွင် မပါဝင်ခဲ့သောကြောင့် ဤကိစ္စကို မသိရှိခဲ့ကြချေ။
အစ်ကိုငါးက ဆက်လက်ပြောဆိုလိုက်၏။
"အဲဒီတုန်းက ငါတို့ တိုက်ခိုက်ခဲ့တုန်းက ငါ အဲဒီမှာ ရှိနေခဲ့တယ်… အဲဒီ အဇူရာနန်းတော်သခင် ရဲ့ အငွေ့အသက်နဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေက ချန်ဖုန်းနဲ့ အရမ်းတူနေတယ်…"
ရုပ်ရည်သာ ကွဲပြားမနေပါက အဇူရာနန်းတော်သခင်က ဝင်ရောက်တိုက်ခိုက်နေသည်ဟု သူ ထင်မှတ်မိလောက်ပေသည်။
ဤစကားကို ကြားချိန်တွင်
လူတိုင်းသည် နောက်တစ်ကြိမ် ဆွံ့အသွားကြလေ၏။
သူတို့၏ အကြည့်များသည် ရှန်ယန်းယန်းအား ရှေ့တွင် ဖက်ထားသော ချန်ဖုန်းအပေါ်သို့ ရုတ်တရက် ကျရောက်သွားခဲ့သည်။
အဇူရာနန်းတော်သခင် တဲ့လား…
သူက တကယ်ပဲ အဇူရာနန်းတော်သခင် ရုပ်ဖျက်ထားတာ ဖြစ်နိုင်မလား…
ထိုသို့မဟုတ်ပါက တရုတ်နိုင်ငံတွင် စူပါကျွမ်းကျင်သူ တစ်ဦးက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာနိုင်မည်နည်း...
ယခုလေးတင် ပြုလုပ်ခဲ့သော ချန်ဖုန်း၏ လှုပ်ရှားမှုကို ကြည့်ရုံဖြင့် သူသည် သာမန်ကျွမ်းကျင်သူ တစ်ဦး လုံးဝ မဟုတ်ကြောင်း သေချာနေပေ၏။
အချိန်တိုအတွင်းမှာပင် လူတိုင်း၏ မျက်နှာအမူအရာများမှာ ထိတ်လန့်သွားကြပြီး ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
အဇူရာနန်းတော်သခင်…
၎င်းသည် မရေမတွက်နိုင်သော အင်အားစုများနှင့် နိုင်ငံအသီးသီးမှ အဆင့်မြင့် အရာရှိများ ကြောက်ရွံ့ရသော အလွန် ထိတ်လန့်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်ပေ၏။
အရေးကြီးဆုံးအချက်မှာ အဇူရာနန်းတော်သခင်သည်လည်း ဟွာရှလူမျိုး ဖြစ်လေသည်။
(တရုတ် / ဟွာ / ဟွာရှ / တူတူပါပဲနော်)
ဤအချက်က ၎င်းတို့၏ ယုံကြည်မှုကို ပိုမိုခိုင်မာသွားစေခဲ့၏။
သူတို့သည် အလိုအလျောက်ပင် နောက်သို့ တစ်လှမ်းဆုတ်သွားကြသည်။
ကျန်ရှိနေသော ကိုးဦးစလုံးက ချန်ဖုန်းအား ဝိုင်းရံထားသော်လည်း ၎င်းတို့သည် နောက်ထပ် လှုပ်ရှားရန် မရဲဝံ့တော့ချေ။
ထိုသိမ်မွေ့သော လှုပ်ရှားမှုက ချန်ဖုန်းအား ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
‘ငါက ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို တစ်ကွက်တည်းနဲ့ သတ်လိုက်တာ မှန်ပေမဲ့ သူတို့ကို ဒီလောက်အထိ ကြောက်သွားစေဖို့တော့ မလုံလောက်လောက်ဘူး ထင်တယ်’
ချန်ဖုန်းက တွေးတောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ လက်ထဲတွင် ရှန်ယန်းယန်း ရှိနေသေးရာ ၎င်းက သက်ရောက်မှု အနည်းငယ် ရှိနေဆဲ ဖြစ်လေသည်။
"မှားတယ်…"
စောစောက စကားပြောခဲ့သောသူသည် ရုတ်တရက် အခြားတစ်ရာကို သတိရသွားကာ ပြောဆိုလိုက်၏။
"သူက အဇူရာနန်းတော်သခင် လုံးဝ မဖြစ်နိုင်ဘူး… လွန်ခဲ့တဲ့ သုံးနှစ်က အဇူရာနန်းတော်က အနားယူသွားပြီလို့ ကောလာဟလတွေ ထွက်ခဲ့တာ… အဓိက အကြောင်းရင်းက သူတို့ရဲ့ နန်းတော်သခင် သေသွားလို့ပဲ…"
သေသွားပြီ ဟုတ်လား…
ထိုမျှ အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးက ဘယ်လိုလုပ် သေသွားနိုင်မည်နည်း။ သူက အိုမင်းပြီး သေဆုံးသွားတာလား ဒါမှမဟုတ် အသတ်ခံလိုက်ရတာလား။
ယခုအချိန်တွင် ထိုအရာများအားလုံးက အရေးမကြီးတော့ချေ။
ချန်ဖုန်းသည် ရုပ်ဖျက်ထားသော အဇူရာနန်းတော်သခင် မဟုတ်သရွေ့ ၎င်းတို့အတွက် အခွင့်အရေး ရှိနေသေးပေသည်။
"ငါတို့ အကုန်လုံး အတူတူ တိုက်ခိုက်ကြမယ်… သူက အစွမ်းထက်တော့ရော ဘာဖြစ်လဲ… ငါတို့လို ထိပ်တန်းကျွမ်းကျင်သူ ကိုးယောက်က သူ့ကို မသတ်နိုင်ဘူးဆိုတာ ငါ လုံးဝ မယုံဘူး…"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ဟုတ်တယ်… ငါတို့ အကုန်လုံး အတူတူ တိုက်ခိုက်ကြမယ်… သူ့ကို အင်အားကုန်ခန်းသွားအောင် လုပ်ရရင်တောင်မှပဲ…"
"ဟင်း… အဲဒါက ငါ့ကို သေလုမတတ် လန့်သွားစေတာပဲ… အဇူရာနန်းတော်သခင် မဟုတ်မှတော့ တိုက်ခိုက်ရမယ့် အခွင့်အရေး ရှိသေးတာပေါ့…"
လူတိုင်းက စတင်လှုပ်ရှားလိုက်ကြ၏။
"ကိုယ့်အင်အားကို ကိုယ်မသိတဲ့ကောင်တွေ…"
ချန်ဖုန်းက ခေါင်းခါလျက် ပြောဆိုလိုက်သည်။
ထို့နောက် ချန်ဖုန်းသည် ရှန်ယန်းယန်းအား မြေပြင်ပေါ်တွင် ချထားလိုက်ပြီးနောက် သူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ လင်းလက်သွားပေ၏။
လက်ဖြင့် ဖမ်းဆုပ်လိုက်ရုံဖြင့်ပင်
သူ့ထံသို့ ပြေးဝင်လာသော
ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦး၏ ခေါင်းကို ဖမ်းဆုပ်လိုက်ပြီး သူ၏ ခွန်အားများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ဖောက်…ချက်ချင်းပင် ထိုလူမှာ ပေါက်ကွဲသွားလေ၏။
ချန်ဖုန်း၏ ခွန်အားမှာ ယခုအခါ သာမန်လူသားများ၏ ၁၂၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်ရာ သူ၏ စွမ်းအားများ ထွက်ပေါ်လာချိန်တွင် အလွန် ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
ပြေးဝင်လာသူများသည် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားကြ၏။
နောက်ထပ် လူတစ်ယောက် သေသွားပြန်လေပြီ။
ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဆိုသည်မှာ တစ်ဖက်လူ၏ အမြင်တွင် တန်ဖိုးမရှိသကဲ့သို့ ဖြစ်နေပေသည်။
ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို သတ်ဖြတ်ခြင်းမှာ ခွေးတစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူနေချေ၏။
ဒါက… သူသည် ရုပ်ဖျက်ထားသော အဇူရာနန်းတော်သခင် မဟုတ်လျှင်ပင် ၎င်းတို့မှာ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။
ဤအခိုက်အတန့်တွင် လူတိုင်းသည် ချက်ချင်းပင် သတိဝင်လာကြတော့သည်။
၎င်းတို့ တုံ့ဆိုင်းနေစဉ်မှာပင် ချန်ဖုန်းက မည်သည့် ကရုဏာမျှ မပြသဘဲ သူ၏ လှုပ်ရှားမှုတိုင်းတွင် ပြင်းထန်သော ဖျက်ဆီးမှု စွမ်းအားများ ပါဝင်နေခဲ့ပေ၏။
"မင်းတို့က ငါ့ကို အကြိမ်ကြိမ် လာရန်စနေတာပဲ… ငါ့မှာ ဒေါသ မရှိဘူးလို့ တကယ် ထင်နေတာလား… မင်းတို့က ကစားချင်နေမှတော့ ငါကလည်း အဆုံးထိ လိုက်ကစားပေးရမှာပေါ့…"
ချန်ဖုန်းက ဒေါသတကြီး ပြောဆိုလိုက်သည်။
‘ဒီနေ့ မင်းတို့ အကုန်လုံးကို ငါ သတ်မယ် မင်းတို့ ကြောက်လန့်သွားတဲ့အထိ သတ်ပစ်မယ်’
‘မင်းတို့ နောက်နောင် ငါ့ကို လာမရှုပ်ရဲတော့အောင် မင်းတို့ အကုန်လုံးကို ငါ သတ်ပစ်မယ်’
ချန်ဖုန်းက စိတ်ထဲမှ ကြုံးဝါးလိုက်၏။
အကယ်၍ ဤလူများက ယနေ့ ရှန်ယန်းယန်းကို အသုံးပြု၍ သူ့ကို ခြိမ်းခြောက်ရဲပါက မနက်ဖြန်တွင် သူ၏ မိဘများကို အသုံးပြု၍ ခြိမ်းခြောက်ရဲကြပေလိမ့်မည်။
ဤသည်မှာ ချန်ဖုန်း လုံးဝ မမြင်တွေ့လိုသော အရာပင် ဖြစ်သည်။
ဒါကြောင့် ယခု သူ လုပ်ရမှာက `သတ်´နိုင်သမျှ`သတ်´ဖြတ်ဖို့ပင်
ဆိုလိုသည်မှာ ဟွာရှနိုင်ငံသို့ စိမ့်ဝင် ဝင်ရောက်လာသူ အားလုံးကို သတ်ဖြတ်ပြီး အမြစ်ပြတ် ချေမှုန်းပစ်ရန်ပင်။
ဇာတ်လမ်းတစ်ပုဒ်လုံးသည် "သတ်ဖြတ်ခြင်း" ဟူသော စကားလုံးတစ်လုံးတည်းကိုသာ ဗဟိုပြုနေခဲ့ပေ၏။
"မစ္စတာချန်… ကျွန်တော်တို့ အခု ဟွာရှနိုင်ငံကနေ ဆုတ်ခွာပါတော့မယ်… ပြီးတော့ ခင်ဗျားကို ဘယ်တော့မှ ထပ်မဆန့်ကျင်တော့ပါဘူး…"
တစ်ဦးက အလျင်အမြန် အသနားခံလိုက်သည်။
သူသည် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်သော်လည်း ချန်ဖုန်းနှင့် ယှဉ်လျှင် တစ်ကွက်တောင် ခံနိုင်မည်မဟုတ်ကြောင်း သူ သိရှိထားပေ၏။
အထူးသဖြင့် တစ်ဖက်လူက သူ့နဲ့ပါလာတဲ့ လူများကို အလွယ်တကူ သတ်ဖြတ်သွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် ဖြစ်သည်။
သူသည် အလွန်အမင်း ထိတ်လန့်သွားပြီး တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
ပြေးမလို့လား...၎င်းတို့ ထွက်ပြေးနိုင်ရန် နည်းလမ်း လုံးဝ မရှိတော့ချေ။
တစ်ဦးတည်းသော မျှော်လင့်ချက်မှာ ချန်ဖုန်းနှင့် ပြန်လည်သင့်မြတ်ရန်သာ ဖြစ်ပေသည်။
"နောက်ကျသွားပြီ… မင်းတို့သာ ငါ့ဘေးနားက လူတွေကို မထိခိုက်ခဲ့ဘူးဆိုရင် မင်းတို့ အသက်ရှင်ဖို့ အခွင့်အရေး ရနိုင်သေးတယ်… အခုတော့ သေလိုက်တော့…"
ချန်ဖုန်းက ပြောရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
သူသည် ထိုသူ၏ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည်။
ကျယ်လောင်သော အသံကြီးတစ်သံထွက်ပေါ်လာပီး…
သူသည် ပြိုင်ဘက်ကို နောက်တစ်ကြိမ် လွင့်စင်သွားစေခဲ့ပြီး သူ၏ အစွမ်းကုန် ခွန်အားဖြင့် ပြိုင်ဘက်၏ ရင်ဘတ်တွင် ပန်းကန်လုံးအရွယ်အစားရှိ အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့ပေ၏။
ငါးမိနစ်ပင် မကြာလိုက်ချေ ချန်ဖုန်းသည် လူဆယ်ဦးစလုံးကို ရှင်းလင်းပြီးသွားခဲ့လေပြီ။
ပြင်းထန်သော သွေးနံ့များ လေထုထဲတွင် ပျံ့နှံ့နေပြီး ရွံရှာဖွယ်ကောင်းသော အနံ့များ ထွက်ပေါ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ ဆင်ခြေဖုံးရပ်ကွက် ဖြစ်နေပေ၏။
ပုံမှန်အခြေအနေအောက်တွင် မည်သူမျှ ဖြတ်သန်းသွားလာမည်မဟုတ်သဖြင့် အလွန်အမင်း ထိတ်လန့်မှုများ ဖြစ်ပေါ်စေမည် မဟုတ်ချေ။
ချန်ဖုန်းသည် ရှန်ယန်းယန်း၏ အခြေအနေကို စစ်ဆေးကြည့်ရာ သူမသည် ဆေးခတ်ခံထားရပုံပေါ်သော်လည်း ခန္ဓာကိုယ်အား ကြီးကြီးမားမား ထိခိုက်မှု မရှိဘဲ လည်ပင်းတွင် ဓားရှရာ အနည်းငယ်သာ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။
ကြီးကြီးမားမား မဟုတ်ချေ။ ဒါ့အပြင်
သူမမှာ သတိရလုနီးပါး ဖြစ်နေပေ၏။
ခနစဥ်းစားပီးနောက် သူသည် သူမ၏ လည်ပင်းနောက်ဘက်ကို ရိုက်ချလိုက်ပီး နောက်တစ်ကြိမ် သတိမေ့သွားစေခဲ့သည်။
အခုလက်ရှိ အချိန်တွင် သူမ သတိရလာလို့ မဖြစ်ဘူးလေ။
‘မြင်ကွင်းက အရမ်း သွေးထွက်သံယိုများလွန်းလို့ ရှန်ယန်းယန်း မြင်လို့ မဖြစ်ဘူး’
ချန်ဖုန်းက တွေးလိုက်၏။
ချန်ဖုန်းသည် ကျန်းထျန်ရှန်းထံ အလျင်အမြန် ဖုန်းခေါ်ဆိုကာ သူ၏ တည်နေရာကို ပြောပြလိုက်သည်။
သိပ်မကြာခင် ရဟတ်ယာဉ်က လျင်မြန်စွာ ရောက်ရှိလာခဲ့၏။
ကျန်းထျန်ရှန်း ကိုယ်တိုင် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူလည်း အံ့အားသင့်သွားခဲ့ရ၏။ တစ်စုံတစ်ယောက်က ချန်ဖုန်းအား လုပ်ကြံရန် လာရောက်မည်ကို သူ သိရှိထားသော်လည်း လူဆယ်ဦး တစ်ပြိုင်နက်တည်း ရောက်လာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
"ဝန်ကြီးကျန်း… ရှန်ယန်းယန်း ကို ခင်ဗျားလက်ထဲမှာပဲ ထားခဲ့တော့မယ် သူမကို ပြန်ပို့ဖို့ လူတစ်ယောက်လောက် စီစဉ်ပေးပါ… ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ ဒီကိစ္စ ပြီးတာနဲ့ နယ်စပ်ကို သွားပါ့မယ်…"
ချန်ဖုန်းက ပြောဆိုလိုက်သည်။
"မင်း ဘာလုပ်မလို့လဲ…"
ကျန်းထျန်ရှန်းက မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။
"လူသတ်မလို့…"