အခန်း ၃၁၇
Vol. 22 Ch. 317
အပိုင်း ( 317 )
ငိုကြွေးခြင်း
လူနှစ်ဦးက ကျောက်တံတားကို ကျော်ဖြတ်ကာ နောက်ထပ်တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။
သူတို့အနောက်ရှိ လူများက ထိုကဲ့သို့ ဖြစ်ပေါ်လာခြင်းကို မလိုလားသော်လည်း အရာအားလုံး အချည်းနှီးသာ ဖြစ်နေခဲ့သည်။ ဤကမ္ဘာပေါ်တွင် ထိုလူ့ကို ရန်စစော်ကားဝံ့သူ ရှိပါဦးမည်လော။
သို့ရာတွင် လောင်လျူကမူ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ လုချန်ရှန်းအနောက်သို့သာ တိတ်တဆိတ် လိုက်နေခဲ့ပြီး သူ၏ အမြှီးက ကောင်းကင်ထက်သို့ပင် မြောက်တက်လုမတတ် ဖြစ်နေခဲ့သည်။ တစ်ခြားလူများက ၎င်းကို သဘောမကျသော်လည်း ၎င်းနှင့်ပတ်သက်၍ မည်သူကမှ ဘာမှမလုပ်နိုင်ကြပေ။
“ ဟ လူတွေ ဘယ်ရောက်နေတုန်း “
ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် လောင်လျူက အော်ကျယ်အော်ကျယ်ဖြင့် စကားပြောဆိုနေတော့သည်။ ဤနေရာသို့ လူတော်တော်များများ ရောက်ရှိနေသည်မှာ သေချာလှသော်လည်း ယခုတွင် မည်သူ့ကိုမှ မမြင်တွေ့ခဲ့ရပေ။
သူတို့ လျှောက်သွားနေမှုနှင့်အတူ ရေကန်တစ်ကန် ပေါ်ထွက်လာခဲ့၏။ ၎င်းက တလက်လက် တောက်ပနေကာ ကောင်းကင်ဘုံ တောင်တန်းများနှင့် မြစ်များ၏ ပုံရိပ်များ ရောင်ပြန်ဟပ်နေလျက်ရှိပြီး အရာရာတိုင်းက အေးချမ်းတည်ငြိမ်ကာ ဆိတ်ငြိမ်နေခဲ့သည်။
ထို့နောက်တွင် သူတို့သည် ရေကန်၏ အစွန်းတစ်ဖက်တွင် လှဲလျောင်းနေသည့် ၁၀မီတာကျော် ရှည်လျားကာ ၃မီတာမျှ ထူထဲသည့် ကြီးမားသော ဧရာမသစ်တုံးကြီးတစ်တုံးကို မြင်တွေ့သွားကြသည်။ ၎င်းက လုံးဝမည်းနက်နေခဲ့သည်။ သို့သော် အလွန်တရာ ကြွယ်ဝသော ဝိညာဥ်ချီ အဆီအနှစ်တို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။
“ အဲ့တာက မူလဝိညာဥ်သစ်သားရဲ့ အပိုင်းတစ်ခုပဲ “
လောင်လျူက အော်ပြောလိုက်ကာ သူ၏ စိတ်ခံစားချက်များကို မည်သို့မျှ မချုပ်တည်းထားနိုင်တော့ပေ။
လုချန်ရှန်းမှာလည်း ၎င်းကို ငေးကြည့်နေရင်းဖြင့် စိတ်ခံစားချက်များ မငြိမ်မသက်ဖြစ်နေလျက်ရှိ၏။ ထိုပစ္စည်းက ထူးခြားကာ မူလချီတို့ဖြင့် စွန်းထင်းနေကာ ထိုကဲ့သို့သော ပစ္စည်းမျိုးကို ပြင်ပကမ္ဘာတွင် မည်သို့မျှ မမြင်တွေ့နိုင်ပေ။
လက်နက်သန့်စင်ခြင်းသော်လည်းကောင်း ဆေးပညာအတွက်သော်လည်းကောင်း ၎င်း၏ တန်ဖိုးက အတိုင်းအဆမရှိ ကြီးမားနေခဲ့သည်။
ထိုအခိုက်အတန့်တွင် လောင်လျူက စိတ်မရှည်ဖြစ်နေခဲ့ပြီ ဖြစ်ပြီး ၎င်းကို ယူရန် ရှေ့တက်သွားခဲ့သည်။ သို့သော် သူသည် သူက ၎င်းကို မမနိုင်ဘူးဆိုသည်ကိုသာ သိရှိသွားခဲ့သည်။
၎င်းက သစ်သားအပိုင်းအစလေးတစ်ခုမျှသာ ဖြစ်သော်လည်း တောင်တန်းတစ်ခုကဲ့သို့ လေးလံနေကာ ရွေ့လျားရန် မဖြစ်နိုင်လှပေ။ သူသည် ၎င်းကို သူ၏ ဟင်းလင်းပြင် မှော်ပစ္စည်းအတွင်းသို့ပင် မထည့်နိုင်ခဲ့ပေ။
“ ချီးပဲ။ မင်းလို ပုတ်ဆိုးဆွေးမြေ့နေတဲ့ သစ်သားစုတ်ကို မကိုင်တွယ်နိုင်ဘူးဆိုတာကို ငါမယုံဘူးကွာ “
လောင်လျူက ထိုကဲ့သို့ ပြောလိုက်ကာ သူ၏ အကျ်ီ လက်များကို ခေါက်တင်နေတော့၏။ သူ့လက်ထဲတွင် တလက်လက် တောက်ပနေသည့် ဓားတစ်လက် ပေါ်လာခဲ့သည်။ သူသည် ၎င်းကို မတင်၍ သူ၏ မှော်စွမ်းအားကို အသက်သွင်းကာ ဝိညာဥ်သစ်သားတုံးကို ခုတ်ပိုင်းလိုက်သည်။ သူက ၎င်းကို အပိုင်းပိုင်း ဖြတ်ကာ ရွှေ့ပြောင်းချင်နေခဲ့သည်။
သို့ရာ၌ ဓားက ထိခတ်သွားသည့် အချိန်တွင် တုန်လှုပ်ဖွယ်ကောင်းသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး ဓားရှည်မှာ တိုက်ရိုက် လွင့်ထွက်သွားခဲ့သည်။ လောင်လျူမှာလည်း ဘုတ်ခနဲဟူသောအသံနှင့်အတူ မြေပြင်ပေါ်သို့ ဖင်ထိုင်လဲကျသွားခဲ့သည်။ သူ၏ ဦးခေါင်းခွံ ထုံကျင်သွားကာ ဆံပင်မွှေးများပင် တုန်ခါသွားခဲ့သည်။
“ အဲ့လောက်တောင် မာတာလားဟ “
လောင်လျူ အံ့ဩတုန်လှုပ်သွားခဲ့သည်။ ၎င်းက ဘုရင်အဆင့် မှော်ပစ္စည်းဖြစ်ပြီး အံ့မခမ်း ထက်မြိလှသော်လည်း ပုတ်သိုးဆွေးမြေ့နေသည့် သစ်သားပိုင်းတစ်ခုကိုပင် မဖြတ်တောက်နိုင်ခဲ့ပေ။ ကြိုးစားအားထုတ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီးသည့်နောက်မှာပင် သစ်သား အပိုင်းအစ အနည်းငယ်မျှသာ ပြုတ်ကျသွားခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို ငေးကြည့်ကာ စကားစပြောလိုက်သည် “ ဒီနယ်မြေက သိပ်မကျယ်ဘူး။ လူတိုင်း ဒီကို ရောက်လာနိုင်တယ်။ သူများတွေက တစ်ခြားအခွင့်အလမ်းတွေကို သွားရှာနေလောက်ပြီ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လောင်လျူသည် ၎င်းက ယုတ္တိရှိသည်ဟု ထင်သွားခဲ့သည်။ သူ၏ အကြည့်များ အဝေးသို့ ရောက်ရှိသွားပြီး သူသည် ထိုနေရာမှ ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ဝိညာဥ်ချီများ ပေါက်ထွက်လာသည်ဟု ခံစားသွားခဲ့ရသည်။
“ သူတော်စင် မင်းအတွက် ငါသွားထောက်လှမ်းလိုက်မယ်။ တကယ်လို့ အခွင့်အလမ်းကြီးတစ်ခု ရှာတွေ့ခဲ့မယ်ဆိုရင် ငါမင်းကို ပြန်လာခေါ်မယ် “
ထို့နောက်တွင် လောင်လျူမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် လုချန်ရှန်း၏ တုံ့ပြန်မှုကိုပင် မစောင့်ဆိုင်းခဲ့ပေ။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ဒီကောင်က တော်တော်လေးကို ဉာဏ်များတာပဲ။ မယူနိုင်မှန်းလည်း သိရော နောက်တစ်ခုဆီကို တန်းဒိုးရော။ ပစ္စည်းကောင်းလေးတွေတွေ့ရင် ငါ့ကိုတောင် လာခေါ်မယ်ဆိုပဲ။
တကယ်လို့ အခွင့်အလမ်းကိုသာ တကယ်တွေ့ခဲ့မယ်ဆိုရင် ငါ့အလှည့်တောင် ရောက်မှာ မဟုတ်ဘူး။ အခွင့်အလမ်းက သေးသေးကြီးကြီး မင်းဆုံးဖြတ်ပေးစရာ လိုလို့လားဟ။ တကယ်လို့ ငါ့လာခေါ်မယ်ဆိုရင်တောင်မှ အဲ့တာက မင်းမယူနိုင်တဲ့ ဟာမျိုးပဲ ဖြစ်ရမယ်။
အနီးအနားတွင် မည်သူမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက ဝိညာဥ်သစ်သားကို ထပ်ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ တကယ်ကို အဲ့လောက်တောင် မာနေတာလား “
ထို့နောက်တွင် သူကပါ ကြိုးစားကြည့်နေတော့သည်။ မှော်ပစ္စည်းများများက ၎င်းကို ရိုက်ချကာ ဓားဆန္ဒဖြင့် ပိုင်းဖြတ်လိုက်သည်။ သို့သော် ၎င်းမှာ အင်မော်တယ်ရွှေတုံးကို ပိုင်းဖြတ်ရသည့်အလား ဖြစ်နေခဲ့သည်။ အကယ်၍ သူ၏ ဓားဆန္ဒကသာ လုံလုံလောက်လောက် အားကောင်းမနေခြင်း မဟုတ်ပေ။ အဆိုပါ ဝိညာဥ်သစ်သားက အင်အား၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုကို ချေဖျက်လိုက်ပုံရ၏။
ဆက်တိုက်တိုက်ခိုက်နေခဲ့ပြီးသည့်နောက်မှာပင် သူသည် သေးငယ်သော အပေါက်တစ်ခုကိုသာ ခုတ်ထွင်နိုင်ခဲ့၏။
“ မင်းကို ဘာမှမလုပ်နိုင်ဘူးဆိုတာကို ငါမယုံဘူးကွာ “
လုချန်ရှန်းမှာ သစ်သားတုံးနှင့် ထိပ်တိုက်ရင်ဆိုင်နေတော့သည်။ အဆုံးတွင် သူသည် မည်သို့မျှ သည်းမခံနိုင်တော့ဘဲ ၎င်းကို ကိုက်ဖြတ်နေတော့သည်။ တဂျွတ်ဂျွတ်ဟူသော အသံနှင့်အတူ သူသည် ကြီးမားသော အပိုင်းအစတစ်ခုကို ကိုက်ဖြတ်နိုင်ခဲ့၏။
လုချန်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမာကြောဆုံးအရာက သူ၏ သွားများဟု ပြောဆိုရမည် ဖြစ်သည်။ သူက အကြိမ်အနည်းငယ်မျှ မကိုက်ရဲခြင်း မဟုတ်ပေ။ ယခုလက်ရှိအချိန်၌ သူ၏ ပါးစပ်ထဲတွင် သစ်သားအပိုင်းအစများ ရှိနေသေးသည်။
“ ဖွီ။ ရွံစရာကောင်းလိုက်တာကွာ “
သူသည် အပိုင်းအစတစ်ခုကို ကိုက်ဝါးကာ သူ့ပါးစပ်အတွင်းတွင် ရှိနေသည့် သစ်သားအစအနများကို ထွေးထုတ်လိုက်၏။ သို့ရာတွင် သူက ၎င်းကို မျိုချလိုက်သည့် အချိန်၌ သူ၏ခန္ဓာကိုယ်အတွင်းတွင် သန့်စင်သော မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး သူ၏ တာအိုကားချပ်အတွင်းသို့ တိုးဝင်သွားခဲ့သည်။
၎င်းက ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော်လည်း အတွင်းတွင် ပါဝင်နေသည့် ဝိညာဥ်ချီ ပမာဏက အမှန်ပင် များပြားနေခဲ့သည်။ သူက ၎င်းကို မယူဆောင်သွားနိုင်သောကြောင့် သူသည် ထိုနေရာတွင် ထိုင်ချကာ အနက်ရောင် သစ်သားတုံးကို ကိုက်ဝါးနေတော့သည်။
တဂျွတ်ဂျွတ် အော်မြည်သံများ အဆက်မပြတ် ဟိန်းထွက်နေလျက်ရှိပြီး သစ်သားတုံးထံတွင် သစ်သား အပိုင်းအစများ ပျောက်ကွယ်သွားကာ သွားရာ/ကိုက်ရာတို့ဖြင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။
သူသည် ၎င်းကို ကိုက်ဝါးနေရင်းဖြင့် မည်သို့မျှ သည်းမခံနိုင်တော့ပေ။ ၎င်းက အလွန်တရာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေခဲ့ပြီး သူသည် ၎င်းတို့ကို မျိုမချနိုင်တော့ပေ။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် ဒယ်စောက်တစ်လုံးကို ထုတ်ယူလိုက်ပြီး ၎င်းကို ရေအပြည့်ဖြည့်လိုက်ကာ သစ်သားအပိုင်းအစများကို ဆက်တိုက်ဆွဲဖြဲပြီး ဒယ်စောက်အတွင်းသို့ အဆက်မပြတ် ပစ်ထည့်၍ ချက်ပြုတ်ကာ ဟင်းခတ်အမွှေးအကြိုင်များကိုပါ ထပ်ထည့်နေတော့သည်။
၎င်းက ချဥ်စူးစူးဖြင့် မနှစ်မြို့ဖွယ်ကောင်းသော်လည်း မျိုချရန် ယခင်ကထပ် အနည်းငယ် ပိုမိုလွယ်ကူလာခဲ့ပြီ ဖြစ်သည်။
အဆုံးတွင် ၁၀မီတာကျော်ရှည်လျားသည့် သစ်သားတုံးကြီးမှာ ၂မီတာမျှသာ ကျန်နေတော့သည်အထိ ကိုက်ဖြတ်စားသောက်ခံလိုက်ရသည်။ ကျန်ရှိနေသည့် အရာမှာ ဆွေးမြေ့ပျက်စီးနေကာ မည်သည့်ဝိညာဥ်ချီမှ ကျန်မနေတော့ပေ။ ၎င်းကို ဆက်လက်စားသုံးခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမှ ရရှိလိမ့်မည် မဟုတ်ပေ။
တစ်နည်းဆိုရသော် တန်ဖိုးရှိသည့် အစိတ်အပိုင်းအားလုံး ကုန်ဆုံးသွားပြီဖြစ်ခဲ့သည်။
“ ဖွီ။ တော်တော်ကြီးကို ရွံဖို့ကောင်းတယ်။ အဲ့တာကို နောက်ဘယ်တော့မှ ထပ်မစားဘူး “
လုချန်ရှန်းသည် သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ လှည့်ထွက်သွားတော့သည်။ ထိုမျှများပြားသော ဝိညာဥ်ချီများအတွက် သူထံတွင် တစ်ခြားသော ရွေးချယ်စရာ မရှိခဲ့ပေ။ အကယ်၍ သူကသာ ချေးများနေခဲ့မည်ဆိုပါက သူက လမ်းဆုံးကို ရောက်ရှိရန် မည်သည့်အချိန်အထိ စောင့်ဆိုင်းနေရမည်နည်း။
သို့သော် ကံကောင်းထောက်မစွာဖြင့် သစ်သားတုံးထံတွင် ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာနှင့် ညီမျှသည့် ကြွယ်ဝသော ဝိညာဥ်ချီများ ပါဝင်နေခဲ့သည်။ ၎င်းက တာအိုကားချပ်၏ နောက်ထပ်ထောင့်တစ်ခုကို ပြည့်မြောက်သွားစေခဲ့ပြီး ၎င်း၏ စွမ်းအားမှာလည်း အဆက်မပြတ် ဖြစ်တည်လာခဲ့သည်။
အကယ်၍ သူကသာ အဆိုပါ သစ်သားတုံးကို ယူဆောင်သွားနိုင်ကာ ရောင်းချလိုက်မည်ဆိုပါက တန်ဖိုးက ဝိညာဥ်ကျောက်တုံး သန်း၂၀၀ထပ် ပိုများနေလိမ့်မည် ဖြစ်သည်။ သို့သော် တစ်ခြားသော နည်းလမ်းများ မရှိတော့ပေ။ အကယ်၍ သူကသာ ၎င်းတို့ကို မစားသောက်ဘူးဆိုပါက သူ့ထံတွင် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
တစ်ခဏအကြာတွင် သူသည် ဤနေရာမှ ထွက်သွားကာ အတွင်းပိုင်းသို့ ဆက်လက်ဦးတည်သွားတော့သည်။ အတွင်းပိုင်းသို့ ပိုရောက်လေလေ ဝိညာဥ်ချီများက ပိုမိုကြွယ်ဝလာလေလေ ဖြစ်နေခဲ့သည်။
သူသည် ဝိညာဥ်ချီများကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။ သူသည် တောင်တစ်လုံးပေါ်တွင် ကြာကန်တစ်ကန်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။ ကြာကန်အတွင်းတွင် ကြာပန်းတစ်ပွင့် ပွင့်လန်းနေလျက်ရှိပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူရောင် မြူခိုးများက ဖုံးလွှမ်းနေကာ မူလချီများ ပြည့်လျှံနေလျက်ရှိ၏။
ကြာပန်း၏အလယ်ဗဟိုတွင် ကြာပန်းစင်မြင့်တစ်ခုရှိနေခဲ့ပြီး အတွင်းတွင် ကြာစေ့သုံးစေ့ သန္ဓေတည်နေခဲ့သည်။
“ မူလကြာပန်းလား “
လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားကာ ချက်ချင်းရှေ့တက်သွားတော့သည်။ ရေကန်တစ်ဘက်ခြမ်းမှာ သွေးတို့ဖြင့် ရဲရဲနီနေသည်ကို မြင်တွေ့သွားခဲ့သည်။ ထိုနေရာတွင် တစ်ပေရှည်လျားသော မြွေတစ်ကောင် လှဲလျောင်းနေလျက်ရှိပြီး ခါးတွင် ထက်ဝက်ခြမ်းခံထားရကာ ဆိုးရွားသော အနံ့အသက်တစ်ခုကို ထုတ်လွှတ်နေလျက်ရှိသည်။
အနံ့အသက်က ဆိုးရွားနေသော်လည်း ၎င်းမှာ မွေးရာပါ ဝိညာဥ်အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။
“ အဲ့တာကို ဘယ်သူဖြတ်လိုက်တာလဲ “
လုချန်ရှန်းက သိလိုစိတ်ဖြင့် တစ်ကိုယ်တည်း မေးခွန်းထုတ်နေမိတော့သည်။ သူသည် ကြာပန်းကို ယူဆောင်သွားချင်နေခဲ့သည်။ သို့သော် ၎င်းကို သူတစ်ဦးတည်း မရွှေ့ပြောင်းနိုင်ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်များစွာ အတူတကွ လုပ်ဆောင်မှ အောင်မြင်မည့်ပုံပင်။
ထိုအကြောင်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
“ အချိန်မရှိဘူး “
အနီးအနားတွင် မည်သူမှ မရှိဘူးဆိုသည်ကို ထပ်မံ၍ မြင်တွေ့လိုက်ရသောအခါတွင် သူသည် ပါးစပ်ကို ဖွင့်ကာ ကြာပန်းကို ကိုက်ချလိုက်သည်။ သို့သော် ကြာပန်း၏ ရိုးတံကို ကိုက်လိုက်သည့် အချိန်တွင် သူ၏သွားများ ကျိုးလုမတတ် နာကျင်ကိုက်ခဲသွားခဲ့ရသည်။ ထို့ကြောင့် သူသည် ကြာရွက်လေးများကိုသာ ကိုက်ဖြတ်နေရတော့သည်။
ပထမဦးဆုံးကိုက်စားလိုက်သည့် အချိန်မှာပင် သူသည် အလွန်တရာ ခါးတူးနေသည့် အရသာတစ်ခုကို ခံစားသွားခဲ့ရသည်။ ခါးသက်မှုက လူတစ်ဦးကို စိတ်ပျက်အားလျော့သွားစေနိုင်ပေသည်။
ပိုကိုက်လေလေ ပိုမိုခါးသက်လာလေလေ ဖြစ်ပြီး အဆုံးတွင် လုချန်ရှန်းမှာ မျက်ရည်များပင် ဝေ့လာခဲ့ပြီဖြစ်သည်။
ကြာရွက်များကို ကိုက်ဖြတ်ပြီးသွားသည့် အချိန်တွင် ကြာရွက်ကြောများသာ ကျန်ရှိနေတော့သည်။ သူတောင့်မခံနိုင်တော့ပေ။ အဆိုပါ အစိတ်အပိုင်းများက အလွန်တရာ ခါးတူးလွန်းနေခဲ့၏။ အဆုံးတွင် သူ၏ ပါးစပ်က ကြာပန်းစင်မြင့်ဆီသို့ ရောက်ရှိသွားခဲ့သည်။ ကြာပန်းစင်မြင့် ပျက်စီးသွားမှုနှင့်အတူ သူသည် မရင့်မှည့်သေးသည့် အဝါရောင် ကြာစေ့တစ်စေ့ကို ကိုက်ဖြတ်မိသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် မျက်ရည်များ ဒလေဟာစီးဆင်းလာခဲ့ကာ သူ၏အဝတ်အစားများပင် စိုရွှဲသွားခဲ့သည်။
၎င်းက ပိုမိုခါးသက်နေခဲ့သည်။
အဆုံးတွင် ကြာပန်းစင်မြင့်မှာ သူ၏ကိုက်ဖြတ်စားသောက်ခြင်းကို ခံလိုက်ရသည်။ ကြာစေ့များကိုမူ သူသည် နှစ်စေ့တိတိ စားခဲ့ပြီးပြီဖြစ်သည်။ မျက်ရည်စီးကြောင်းနှစ်ခု အဆက်မပြတ် စီးထွက်လာနေခဲ့သည်။ ဒုတိယမြောက်ကြာစေ့ကို စားသောက်ပြီးသည့်နောက်တွင် သူသည် နောက်ဆုံးကျန်ရှိနေသည့် ကြာစေ့ကို သူပြန်လည်သက်သာ ကောင်းမွန်လာသည့် အချိန်မှ ဆက်လက်၍ စားသောက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူသည် လူသားတို့၏ ဒုက္ခနှင့် ကျင့်ကြံရေး၏ အခက်အခဲဟု ခေါ်ဆိုသော အရာများကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ရေကန်ဘေးတွင် ထိုင်ချလိုက်ပြီး သူ၏ဦးခေါင်းကို ကိုင်ကာ အချိန်အတော်ကြာ ငိုကြွေးနေတော့သည်။
--
……………………………………………………………………………………………………………………………………….