အခန်း ၃၂၄
Vol. 22 Ch. 324
အပိုင်း ( 324 )
အဲ့လိုလုပ်ဖို့ လိုလို့လားဟ
လူတစ်စုသည် အဝေးသို့ ငေးကြည့်ကာ ထိုနေရာအနီးအနားသို့ ချဥ်းကပ်သွားကြသည်။
ဝဲဂယက်၏ အောက်ဘက်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကို ချိတ်ဆက်ထားသည့် ကြီးမားသော အလင်းတိုင်လုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လေထုအတွင်းတွင် အလင်းတန်းတို့ဖြင့် ပြည့်နှက်သွားပြီး ထူးဆန်းသော လက္ခဏာရပ်များ ကခုန်လာကြ၏။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးမှာ မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။ သူသည် သူ့ဘေးနားတွင် ရှိနေသည့် အဘိုးအိုတစ်ဦးကို လှည့်ကြည့်လိုက်သည်။
တစ်ခဏခန့် စကားပြောခဲ့ပြီးသည့်နောက်တွင် သူ၏ အမူအရာမှာ ပိုမိုရှုပ်ထွေးသွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက တအံ့တဩဖြင့် မေးမြန်းလိုက်သည် “ တကယ်ပေါက်သွားတာလား “
“ မဟုတ်ဘူး “
“ အဲ့တာဆိုရင် ဘာဖြစ်နေတာလဲ “
ရှောင်ဟေးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ တကယ်လို့ မထင်မှတ်ထားတဲ့ ကိစ္စတွေသာ မဖြစ်လာဘူးဆိုရင် အထက်နယ်မြေက လမ်းကြောင်းတစ်ခု ဖွင့်ပြီးတော့ တစ်ယောက်ယောက် ဆင်းလာတော့မယ် “
“ အထက်နယ်မြေလား။ တိုက်ကြီးကိုးခုထဲက တစ်ခုလား “
“ ဟုတ်တယ် “
ရှောင်ဟေးက တုံ့ပြန်လိုက်ပြီး လုချန်ရှန်းက တိုက်ကြီးကိုးခုအကြောင်းကို သိနေသည့်အတွက် အံ့အားသင့်သွားခဲ့သည်။
“ ဒီလိုမြင်ကွင်မျိုးက မသိတဲ့လူဆိုရင် ကောင်းကင်ကို အပေါက်ဖောက်ဖို့ ကြိုးစားနေတာလို့တောင် ထင်သွားနိုင်တယ်။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ “ လုချန်ရှန်းမှာ စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ ငါတို့မျိုးနွယ်စုရဲ့ အကြီးအကဲပြောတာကတော့ အထက်နယ်မြေက လမ်းကြောင်းတစ်ခု တည်ဆောက်ဖို့အတွက် ကောင်းကင်နဲ့ကမ္ဘာမြေရဲ့ ချီကို အစီအရင်ကြီးတစ်ခုကို သုံးပြီးတော့ ဆွဲထုတ်နေကြတာတဲ့။ လမ်းကြောင်းကို တည်ဆောက်ပြီးတာနဲ့ သူတို့တွေ ဆင်းလာလို့ရပြီ “
“ ဘယ်သူမှ မဆင်းလာခဲ့တာ အတော်လေးကြာနေပြီ။ ဘာဖြစ်လို့ အခုမှ ရုတ်တရက်ကြီး ဆင်းလာရတာလဲ “ ကောင်းကင်ဝါးမျိုငှက်အိုကြီးတစ်ကောင်က စကားဝင်ပြောလာခဲ့၏။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ ကောင်းကင်ဘုံ အကယ်ဒမီနဲ့များ ဆိုင်နေမလား(ဒါမှမဟုတ်) မင်းကြောင့်များလား “
သူသည် လုချန်ရှန်းကို လှည့်ကြည့်လိုက်ပြီး ထိုကိစ္စနှစ်ခုက ထိုအကောင်နှင့် ဆိုင်နေလိမ့်မည်ဟု ခံစားနေခဲ့ရ၏။
အစတွင် သူသည် လုချန်ရှန်းက မည်ကဲ့သို့မြင်လဲဆိုသည်ကို မေးမြန်းချင်နေခဲ့သည်။ သို့သော် သူသည် ထိုအကောင်က အလင်းတိုင်လုံးကိုသာ စိုက်ကြည့်နေခဲ့ပြီး သူ့အား တုံ့ပြန်ချင်ပုံမရဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ မင်းက ဘာတွေတွေးနေတာလဲ “ ရှောင်ဟေးက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ တိုက်ကြီးကိုးခုရဲ့ ဝိညာဥ်ချီက နည်းနည်းလေး ပိုမွှေးလောက်မယ်လို့ မင်းထင်လား “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
ရှောင်ဟေးမှာလည်း နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။ အဲ့တာက ဘာစကားကြီးလဲဟ။ သူက အထက်နယ်မြေကိုပါ ပစ်မှတ်ထားချင်နေတာလား။
သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် သူသည် လုချန်ရှန်းက အလင်းတိုင်လုံးဆီသို့ သွားကာ လက်ဟန်များ ပြုလုပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ မှော်စွမ်းအင် စီးကြောင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး အဆိုပါ ဝိညာဥ်ချီကို သူ့ထံသို့ ဆွဲသွင်းလိုက်၏။
“ အဲ့တာက …… “
ရှောင်ဟေးမှာ အံ့ဩမှင်သက်ကာ ဆွံ့အသွားခဲ့သည်။ အနက်ရောင် ငှက်တစ်အုပ်မှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
သူတို့သည် ၎င်းက မည်ကဲ့သို့ တည်ရှိမှုမျိုးလဲဆိုသည်ကို မသိကြပေ။ အထက်နယ်မြေက လမ်းကြောင်းတစ်ခု ဖွင့်လှစ်ကာ ဆင်းသက်လာတော့မည်။ သို့သော် ထိုအကောင်မှာ သူတို့၏ ဝိညာဥ်ချီများကို တိတ်တဆိတ် ခိုးထုတ်နေလျက်ရှိ၏။
“ မင်းက ပြန်မစဥ်းစားချင်ဘူးလား “
ရှောင်ဟေးသည် ပြဿနာများ ကြီးထွားသွားမည်ကို ကြောက်ရွံ့ကာ ထပ်မံ၍ မေးမြန်းနေတော့သည်။
သို့ရာတွင် လုချန်ရှန်းက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ ဘာကိုကြောက်နေဖို့ လိုလို့တုန်း။ သူတို့ဆီမှာ မိသားစုကြီးရှိတယ်။ စီးပွားရေးကြီး ရှိတယ်လေ။ ဒီချီလေး နည်းနည်းလောက်ကို ဂရုစိုက်နေမယ်လို့ ထင်နေတာလားဟ “
“ အဲ့တာက နည်းနည်းလေးပဲဆိုတာ မင်းသေချာလို့လား “
ရှောင်ဟေးက ထိုကဲ့သို့ပြောလိုက်ကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည့် ဝိညာဥ်ချီစီးကြောင်းကို မော့ကြည့်နေတော့၏။ အစတွင် မိုးထိထောင်တက်နေခဲ့သည့် အလင်းတိုင်လုံးက အထက်သို့ တဖြည်းဖြည်း မြင့်တက်သွားပြီး မြေပြင်နှင့်ပင် မထိတော့ချေ။
အဆိုပါဖြစ်စဥ် ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ ဝိညာဥ်ချီများ ဆက်တိုက်ပျောက်ကွယ်သွားကာ သူ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ဟစ်
သူ့ဘေးနားတွင် ရှိနေသည့် ကောင်းကင်ဝါးမျိုငှက်များ အံ့ဩတကြီး ဖြစ်သွားကြသည်။ ထိုကဲ့သို့သော ဝိညာဥ်ချီ ပမာဏမျိုးကို ထိုလူက အချိန်တိုအတွင်း စုပ်ယူလိုက်ပြီး မည်သို့မျှ မပေါက်ကွဲသွားခဲ့ပေ။
သူတို့သည် ၎င်းက မည်မျှ ရှိနေမလဲဆိုသည်ကို မမှန်းဆနိုင်ကြသော်လည်း ၎င်းက အနိမ့်ဆုံးအနေဖြင့် သန်းတစ်ရာရှိနေမည် ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းကမူ ၎င်းတို့ကို စုပ်ယူနေခဲ့ပြီး သူမလိုအပ်သည့် စွမ်းအင်တော်တော်များများကို ဖယ်ထုတ်နေခဲ့၏။ တွက်ချက်ကြည့်လိုက်သော် ၎င်းက သန်းတစ်ရာ မဟုတ်ဘဲ သန်းဆယ်ဂဏန်းမျှသာ ဖြစ်နေခဲ့သည်။ သို့တိုင်အောင် ၎င်းက လူသူကင်းမဲ့သော နေရာများတွင် စုပ်ယူရခြင်းထပ် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေခဲ့သည်။
သူတို့အားလုံး၏ ရှေ့မှောက်မှာပင် လုချန်ရှန်းက အလင်းတိုင်လုံးတစ်ခုလုံးကို ဝါးမြိုလိုက်ပြီဖြစ်သည်။
သူသည် မည်သည့်ဝိညာဥ်ချီမှ မဆင်းသက်လာတော့သော အချိန်မှသာလျှင် ရပ်တန့်လိုက်သည်။
“ သွားကြစို့။ ဒီမှာဆက်နေဦးမယ်ဆိုရင် ပြဿနာတက်သွားနိုင်တယ် ရှောင်ဟေးက အနည်းငယ် စိုးရိမ်ပူပန်နေခဲ့ကာ ထွက်သွားရန် တိုက်တွန်းပြောဆိုလာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ မသွားဘူး။ လမ်းကြောင်းကို သေသေချာချာ မဆောက်ရသေးဘူး။ အဲ့တာကြောင့် သူတို့ မဆင်းလာနိုင်ဘူး။ ဘယ်ပြဿနာက ရှိလာမှာလဲ “
“ မင်းက သူတို့ဆီကနေ ငွေညှစ်ချင်နေတုန်းပဲလားဟ “
ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ ငါက ဒီကောင့်ကို လျှော့တွက်မိနေသေးတာပဲ။
အစတွင် သူသည် တစ်ကြိမ်မျှဖြင့် လုံလောက်ပြီဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်။ အများဆုံးအနေဖြင့် ထိုလူများမှာ သူတို့၏ ဖွင့်လှစ်မှု နည်းလမ်းက မှားယွင်းနေသည်ဟုသာ ထင်သွားကြမည် ဖြစ်သည်။ သို့သော် လုချန်ရှန်းကမူ ဆက်လက်၍ ကုန်းဆင်းချင်နေသေးကာ ဤနေရာမှ မထွက်သွားလိုခဲ့ပေ။
မျှော်မှန်းထားခဲ့သည့်အတိုင်းပင် နေ့ဝက်မျှ ကြာခဲ့ပြီးသည့်နောက်၌ ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် မူမမှန်သော အရာတစ်ခု ပြန်လည်ဖြစ်တည်လာခဲ့သည်။ ကြီးမားသော စွမ်းအားများ ထပ်မံ၍ ဆင်းသက်လာခဲ့ပြီး လမ်းကြောင်းကို ပြန်လည်တည်ဆောက်နေတော့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် အလင်းတိုင်လုံး၏ အောက်ခြေသို့ သွားကာ ထိုင်ချလိုက်သည်။ ကျဆင်းလာသော စွမ်းအင်များသည် ပြန့်ကျဲကာ လမ်းကြောင်းကို မတည်ဆောက်ရသေးခင် အချိန်မှာပင် သူ၏ ယူဆောင်ခြင်းကို ခံလိုက်ကြရသည်။
ကောင်းကင်ပြင်မှာ ထပ်မံ၍ ငြိမ်သက်သွားခဲ့ပြန်သည်။
နောက်တစ်ရက် ကုန်ဆုံးသွားပြီး ထိုလူများက တတိအကြိမ်မြောက်အဖြစ် ကြိုးပမ်းလာကြပြန်သည်။ လေထုအတွင်းတွင် အလင်းတန်းတို့ဖြင့် ပြည့်နှက်သွားပြီး စွမ်းအားမှာ ယခင်အကြိမ်များထပ်ကပင် ပိုမိုအားကောင်းပြင်းထန်နေခဲ့၏။
လုချန်ရှန်း၏ သတ္တိများ ပိုမိုမြင့်တက်လာတော့သည်။ သူသည် ကြားဖြတ်လုရန်အတွက် လေထုအတွင်းသို့ တိုက်ရိုက်ခုန်တက်သွားပြီး အဆိုပါ ဝဲဂယက်အတွင်းသို့ ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် အနီးအနားရှိ ကောင်းကင်ဝါးမျိုငှက်များက မချုပ်တည်းနိုင်တော့ဘဲ စကားစပြောနေကြတော့သည် “ အဲ့တာက ဘယ်လိုလူမျိုးလဲဟ။ သူ့ရဲ့ သတ္တိက တော်တော်ကြီးကို အားကောင်းတယ်။ အဆုံးမရှိဘူး “
ရှောင်ဟေးက ကူရာကယ်ရာမဲ့စွာဖြင့် စကားဝင်ပြောလိုက်သည် “ သူကြောက်ရတဲ့ဟာမျိုးကို ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး “
သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်(သို့) ဖြစ်စဥ်များကို ပြန်လည်တွေးတောစဥ်းစားလိုက်ရာ ထိုအကောင် မလုပ်ဝံ့သော မလုပ်နိုင်သော ကိစ္စဟူ၍ မရှိပေ။ သူ၏ကျင့်ကြံရေး နယ်ပယ်က အနည်းငယ် နိမ့်ကျနေခဲ့သောကြောင့်သာ မဟုတ်ဘူးဆိုပါက ထိုအကောင်မှာ မြင့်မြတ်နယ်မြေတိုင်း၏ ပင်မခန်းမအတွင်းမှာပင် မစင်သွားစွန့်လိမ့်မည် ဖြစ်သည်။
လုချန်ရှန်းသည် ထိုနေရာမှာပင် ရက်ပေါင်းများစွာကြာရှည်သည်အထိ ဆက်တိုက်ထိုင်နေခဲ့၏။ ကောင်းကင်ထက်ရှိ လူများမှာလည်း တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိသွားကာ တစ်နေရာတည်းတွင်သာ ကြိုးပမ်းမနေဘဲ နေရာစပြောင်းနေကြတော့သည်။
နေရာများပြောင်းလဲသွားသော်လည်း လုချန်ရှန်းကပါ လိုက်ပါရွေ့လျားနေခဲ့ပြီး သူတို့သွားရာ နေရာတိုင်းသို့ လိုက်သွားခဲ့သည်။
အဆုံးတွင် ထိုလူများက နားလည်သွားခဲ့ကြသည်။
တစ်စုံတစ်ယောက်က ငါတို့ရဲ့ အရင်းအမြစ်တွေကို ညှစ်ထုတ်နေတာပဲ။
လုချန်ရှန်းကမူ မည်သည့်အပြစ်ရှိစိတ်ကိုမှ မခံစားရဘဲ ကိုယ့်ကိုကိုယ် ဖြောင့်မတ်မှန်ကန်သည်ပါ ထင်နေခဲ့သည်။ သိပ်မကြာခင် အချိန်ကမှ အထက်နယ်မြေမှ တစ်စုံတစ်ဦး ရောက်ရှိလာကာ သူ့အား ပစ်မှတ်ထားရန်များသည်ဟု ကူချန်ကျွင်းက ပြောပြထားခဲ့သည်။
ထိုလူများက သူ့အတွက် ရောက်လာကြခြင်းဖြစ်သောကြောင့် သူက ဧည့်ဝတ်ကျေရမည် ဖြစ်သည်။
ထိုလူများက လမ်းကြောင်းတည်ဆောက်ရန် ဆက်လက်ကြိုးပမ်းနေသည်နှင့်အမျှ လုချန်ရှန်း၏ တာအိုကားချပ်မှာ ဆက်တိုက်ဖြည့်တင်းခံနေခဲ့ရပြီး တစ်ဝက်ကျော်အထိ အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အဆိုပါ အကျိုးသက်ရောက်မှုက သူ့ကို အလွန်တရာ ပျော်ရွှင်သွားစေခဲ့၏။ ထိုနှုန်းအတိုင်းသာဆိုပါက ဟွာရှုနယ်ပယ်သို့ အဆင့်ထိုးဖောက်မည့် နေ့ရက်က ရက်ပိုင်းအတွင်းတွင် ရောက်ရှိလာမည်ဖြစ်သည်။
သို့ရာ၌ ဆယ့်နှစ်ကြိမ်တိတိ ကြားဖြတ်လုယက်ခဲ့ပြီးသည့်နောက်တွင် ဤဒေသတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ မည်သည့်အလင်းတိုင်လုံးမှ ထပ်မံ၍ မပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ထက်တွင် မျောလွင့်နေသည့် ဝဲဂယက်ပင် ပျောက်ကွယ်သွားခဲ့သည်။
“ ဘာတွေဖြစ်နေတာလဲဟ “ သုံးရက်မျှစောင့်ဆိုင်းနေခဲ့ပြီးသည့်နောက်မှာပင် မည်သည့်လှုပ်ခတ်မှုမှ မပေါ်ထွက်လာခဲ့သောကြောင့် လုချန်ရှန်းမှာ ဂဏာမငြိမ်ဖြစ်လာခဲ့သည်။
အစပိုင်းတွင် သူသည် အဝေးသို့ နေရာပြောင်းသွားခြင်းဖြစ်သည်ဟု ထင်နေခဲ့ကာ နေရာအနှံ့ လိုက်လံရှာဖွေခဲ့သေး၏။ သူသည် နှစ်ရက်တိတိ ရှာဖွေနေခဲ့သော်လည်း မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။
ထို့နောက်တွင် သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ အတွေးနက်သွားခဲ့သည်။
“ ၁၈ခါတည်းနဲ့ လက်လျှော့သွားကြပြီလားဟ “
လုချန်ရှန်းက စကားပြောနေခဲ့ပြီး သူ၏လေသံအတွင်းတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိသည်။ သူတို့က ဇွဲမကောင်းဘူးပဲ။
ရှောင်ဟေးကမူ စကားပြောချင်စိတ်ပင် မရှိတော့ပေ။ ဆယ့်ရှစ်ခါတောင် ရှိနေပြီလေ။ မင်းက ထပ်လိုချင်နေသေးတာလား။
တစ်ခြားလူတွေသာဆိုရင် သုံးခါလောက်နဲ့ လက်လျှော့သွားလောက်ပြီ။
“ ဟူး “
လုချန်ရှန်းမှာ အသာအယာ သက်ပြင်းချနေတော့သည်။ သူလုပ်နိုင်သော အရာမရှိ၍ သူသည် လက်လျှော့လိုက်ရုံသာ ပြုလုပ်နိုင်တော့သည်။
အစတွင် သူသည် ဝိညာဥ်ချီများ ဆက်လက်စုဆောင်းရန် ကြံရွယ်ထားခဲ့သည်။ သို့သော် ကောင်းကင်ဝါးမျိုငှက်တစ်ကောင်က စကားဝင်ပြောလာခဲ့၏ “ မဟုတ်ဘူး။ ငါတို့က ပြန်ရတော့မယ် “
“ ဘာဖြစ်လို့လဲ “
“ တစ်ယောက်ယောက်က သတိပြုမိသွားပြီးတော့ လာစုံစမ်းနေပြီ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ မည်သို့မျှ ငြင်းခုန်မနေတော့ဘဲ မြောက်ပိုင်းဒေသအတွင်းမှ ထွက်ခွာသွားခဲ့သည်။
သို့ရာ၌ အလယ်ပိုင်းဒေသ၏ ကောင်းကင်ဘုံ အကယ်ဒမီ အတွင်းတွင် ယွင်ထင်က လူတစ်စုကို ဦးဆောင်လာခဲ့ပြီ အဝေးသို့ ငေးကြည့်ကာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ တိတိကျကျပြောရမယ်ဆိုရင် သူတို့က လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ရောက်လာသင့်နေပြီလေ။ ဘာဖြစ်လို့ မရောက်လာရသေးတာလဲဟ “
“ တစ်ခုခုလွဲသွားလို့များလား “
“ … “
လူအုပ်ကြီးမှာ နားမလည်နိုင်ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လူသူကင်းမဲ့နေသည့် နေရာတွင် မိစ္ဆာကြီးတစ်ကောင် ပေါ်လာသည်ဆိုသည့် သတင်းများ မြောက်ပိုင်းဒေသအတွင်းမှ ပျံ့နှံ့လာခဲ့သည်။ ရက်ပိုင်းအတွင်းမှာပင် သိန်းနှင့်ချီသော တောင်တန်းများ၏ ဝိညာဥ်ချီများ စုပ်ယူခံလိုက်ရ၏။
--
………………………………………………………………………………………………………………………………………….