← Chapters

အခန်း ၃၃၀

Vol. 22 Ch. 330

အခန်း ၃၃၀

Vol. 22 Ch. 330

အပိုင်း ( 330 )

ဝါးလုံးရှည်နဲ့ ပတ်မရမ်းနဲ့

ကောင်းကင်ဘုံ အကယ်ဒမီ၏ လူတစ်စုမှာ အံ့ဩမှင်သက်သွားကြသည်။

ဤနေရာတွင် ရှိနေသည့် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းက အဆင့်အတန်းမြင့်မားကာ ဂုဏ်သိက္ခာကြီးများသည့် ပုဂ္ဂိုလ်များ ဖြစ်နေခဲ့သည်။ သူတို့သည် သူတို့၏ ကောင်းကင်ဘုံ အကယ်ဒမီက တစ်နေ့တွင် ငွေညှစ်ခံရလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။

ထိုကိစ္စက အံ့အားသင့်ဖွယ်ကောင်းကာ မယုံကြည်နိုင် ဖြစ်သွားစေခဲ့၏။

လုချန်ရှန်းကမူ ၎င်းအတွက် ရွှေရောင်ဆံသားတစ်စည်းကိုပင် အထူးတလည် ပေးပို့လိုက်ပြီး ပြန်ရွေးငွေကို သတ်မှတ်ထားသော နေရာသို့ ပေးပို့ရန် သုံးရက်သာ အချိန်ပေးလိုက်သည်။

“ ငါတို့ ဘာလုပ်သင့်လဲ “

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် အကြီးအကဲတစ်ဦးက စကားစပြောလာခဲ့သည်။

သို့သော် ထိုစကားတစ်ခွန်းက လူတိုင်း၏ အကြည့်များကို ဆွဲဆောင်သွားခဲ့သည်။

“ ငါတို့က ဘာလုပ်နိုင်မှာမို့လို့လဲ “

သူတို့ထံတွင် ရွေးချယ်စရာမရှိသောကြောင့် ငွေချေ၍ လူရွေးရုံသာ ပြုလုပ်နိုင်ကြသည်။

ကောင်းကင်ဘုံ အကယ်ဒမီကိုပင် ငွေညှစ်ရဲသည့် လူက ဘာမဆို လုပ်ရဲနေမည်ဖြစ်သည့်အတွက် ငွေပေးခြင်းကသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေခဲ့သည်။

ထို့အပြင် သူတို့သည် သတိကြီးကြီးထားကာ ငွေလာယူသည့်လူကို ဖမ်းဆီးရန် စီစဥ်ပြင်ဆင်နေခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ အကယ်ဒမီ၏ ငွေက အလွယ်တကူ ယူဆောင်သွားနိုင်သော အရာမဟုတ်ချေ။

သို့ရာ၌ ဝိညာဥ်ကျောက်တုံးများ ပေးရန် သတ်မှတ်ထားသည့် နေရာတွင် အစီအရင်တစ်ခု အသက်ဝင်လာခဲ့ကာ ၎င်းတို့ကို သိမ်းဆည်းသွားခဲ့သောကြောင့် သူတို့အားလုံး အံ့ဩတကြီးဖြစ်သွားရသည်။

၎င်းက သူတို့ကို အငိုက်မိသွားစေပြီး စုံစမ်းစစ်ဆေးရန်အတွက်ပင် အချိန်မရ ဖြစ်သွားစေခဲ့သည်။

အောင်ပွဲခံနိုင်မည့် တစ်ခုတည်းသော အရာမှာ တစ်ဖက်လူက ကတိတည်ခြင်းပင် ဖြစ်သည်။ သူတို့၏ လူများကို အမှန်တကယ် ပြန်ရခဲ့ပေသည်။ သူတို့က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အရိုးအနည်းငယ်မျှ ပျက်စီးထားသော်လည်း သူတို့ကို ကယ်တင်၍ ရနိုင်ပေသည်။

ကောင်းကင်ဘုံ အကယ်ဒမီမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။ ဤဖြစ်ရပ်ကြောင့် လူတိုင်းက ကောင်းကင်ဘုံ အကယ်ဒမီကို စတင်၍ ဝေဖန်နေကြပြီ ဖြစ်သည်။

ငွေညှစ်ခံရခြင်း ကိစ္စကြောင့် မဟုတ်ဘဲ အထက်နယ်မြေမှ လူများ မာနထောင်လွှားနေချိန်တွင် မည်သို့မျှ ဝင်မပါဘဲ တစ်စုံတစ်ဦးက သူတို့ကို ဖိနှိပ်လိုက်သည့် အချိန်မှသာလျှင် ကောင်းကင်ဘုံ အကယ်ဒမီက ထိုလူ့ကို ‌အော်ဟစ်ငေါက်ငမ်းခဲ့လေသည်။ ၎င်းက ကောင်းကင်ဘုံ အကယ်ဒမီထံတွင် ရှိနေသည့် လူထု၏ အမြင်ကို ဆိုးရွားသွားစေခဲ့သည်။

“ အမှိုက်တစ်အုပ် “

ကောင်းကင်ဘုံ အကယ်ဒမီသို့ ယခင်က ရောက်ရှိနေခဲ့သည့် လူကပင် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်နေတော့သည်။

အောက်လောကသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဒေသလေးခုစလုံးကို မျက်လုံးထဲပင် မထည့်ဘဲ အထင်တသေးဖြင့် မိုက်မိုက်မဲမဲ ပြုမူနေခဲ့လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ရလဒ်အနေဖြင့် သူတို့က ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မျက်နှာပျက်သွားခဲ့ရသည်။

ယွမ်ထင်သည် သူ၏အကြည့်ကို ပြန်ရုတ်ကာ ထိုကိစ္စနှင့် သက်ဆိုင်သည့် စကားလုံးများကို ပြန်လည်တွေးတောစဥ်းစားကာ ဖြည်းဖြည်းချင်း စကားဝင်ပြောလိုက်သည် “ သူတို့ကို အော်ငေါက်နေဖို့ မလိုပါဘူး။ မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုပဲ အရင်စဥ်းစားလိုက်ကြတာပေါ့ “

“ ဘာကိုဆိုလိုတာလဲ “

“ သူတို့က မပြောသင့်တဲ့ ကိစ္စတွေကို ပြောခဲ့ကြတယ်။ အဲ့တာက မဟာတောရိုင်း နန်းတော်ဆီကို ရောက်သွားလောက်ပြီ။ အဲ့သူတော်စင်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို မင်းတို့တွေ မသိလောက်ဘူး “

ယွမ်ထင်က ဖြည်းဖြည်းချင်း စကားထပ်ပြောနေတော့သည်။

ထိုလူက မျက်မှောင်ကြုတ်ကာ ပြန်ပြောနေတော့သည် “ ရက်နည်းနည်းလောက် ထပ်စောင့်နေလိုက်။ အရာအားလုံး ရှင်းလင်းသွားလိမ့်မယ်။ အဲ့အချိန်ရောက်ရင် ………. “

သူ့စကား မဆုံးခင် အချိန်မှာပင် အသံတစ်သံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

“ နောက်ရက်နည်းနည်းလောက် ထပ်စောင့်ပြီးရင် မင်းတို့က ငါ့ကို သတ်နိုင်မှာလား “

ထိုအခိုက်အတန့်တွင် လုချန်ရှန်း၏ အသံဟိန်းထွက်လာခဲ့သည်။

လုချန်ရှန်း ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ့အနောက်တွင် မူချွမ် လိုက်ပါလာခဲ့သည်။

ထိုလူများ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။ ထိုလူသည် ဤနေရာတွင် မည်သူမှ မရှိသကဲ့သို့ အေးအေးလူလူ ရောက်ရှိလာခဲ့သည်။ သို့သော် ယွမ်ထင်ကမူ ၎င်းကို မျှော်လင့်ထားသည့်ပမာ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။

အထက်နယ်မြေမှ လူများမှာ ပို၍ပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။ တစ်ဖက်လူက ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီး ကောင်းကင်ဘုံ အကယ်ဒမီ၏ ပိုင်နက်အတွင်းသို့ အေးအေးလူလူ ဝင်ရောက်လာခဲ့၏။

ထိုကဲ့သို့သော နည်းလမ်းများက အတော်ပင် ယုတ္တိမတန်လှပေ။ ၎င်းကို မည်သူက မှန်းဆနိုင်မည်နည်း။

“ သူတော်စင် မတွေ့ရတာတောင် ကြာပြီ။ ဘာလို့ ကျုပ်တို့ကို ကြိုပြီးတော့ အသိမပေးရတာလဲ။ ကျုပ်တို့က လာကြိုမှာပေါ့ “ ဟု ဒုတိယ အကြီးအကဲက စကားစပြောလိုက်သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ကြိုပြီးတော့ အသိပေးလိုက်ရင် ကျုပ်ကို ချုံခိုတိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားနိုင်မယ်ပေါ့ “

“ အဲ့တာက ………. “

သူ၏ စကားလုံးများက လူတိုင်း၏ စိတ်နှလုံးသားများကို လှုပ်ရမ်းသွားစေခဲ့သည်။

အထက်နယ်မြေ၏ လူမှာလည်း ယွမ်ထင် ပြောပြခဲ့သည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ခံစားနေခဲ့ရသည်။ လူနှစ်ဦးက ကောင်းကင်ဘုံ အကယ်ဒမီအတွင်းသို့ အမှန်တကယ် ဝင်ရောက်လာခဲ့သည်။ အကယ်၍ သူတို့ထံတွင် ယုံကြည်မှု မရှိဘူးဆိုပါက မည်သူက ထိုမျှလောက် မောက်မာနေမည်နည်း။

ထို့ကြောင့်ပင် ယွမ်ထင်က တစ်ချိန်လုံး သည်းခံနေခဲ့ခြင်းဖြစ်သည်။ သူက ရာနှုန်းပြည့် တိကျသေချာမှု မရှိဘဲ မည်သည့်အရာကိုမှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

ယခုတွင် မည်သည့်အရာကိုမှ ပြောနေရန် မလိုတော့ပေ။ ထိုဖြစ်ရပ်က တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

လုချန်ရှန်းမှာလည်း မဟာတောရိုင်း နန်းတော်သို့ ရောက်ခဲ့ပြီးသည့်နောက်မှသာလျှင် ယခင်က ကောင်းကင်ဘုံ အကယ်ဒမီ၏ လူကို အုပ်စုဖွဲ့၍ ဝိုင်းတိုက်ခဲ့သူများက မဟာတောရိုင်း နန်းတော်၏ အကြီးအကဲများ ဆိုသည်ကို သိခဲ့ရလေသည်။

“ သူတော်စင် အဲ့တာက ဘာကိုဆိုလိုတာလဲ “ ဟု အထက်လောက၏ လူက တည်ငြိမ်မှုကို ထိန်းသိမ်းကာ ပြန်ပြောလိုက်သည်။

လုချန်ရှန်းက အေးအေးလူလူ ငေးကြည့်ကာ ပြန်ပြောလိုက်သည် “ မင်းတို့အားလုံးက ငါ့ရဲ့ တောင်ပိုင်းဒေသမှာ လမ်းကြောင်းတစ်ခု လာဆောက်ပြီးတော့ ငါ့ပိုင်နက်က ဝိညာဥ်ချီတွေကို ဆွဲထုတ်သွားတယ်။ ပြီးတော့ ငါတို့တောင်ပိုင်းဒေသက သက်ရှိသတ္တဝါတိုင်းကို စော်ကားသွားပြီး ငါ့အတွက် ရောက်လာခဲ့တာလို့ ပေါ်တင်ကြီး ကြေညာသွားတယ်။ ငါဘာကိုဆိုလိုနေတာလို့ မင်းထင်လို့လဲ “

သူသည် သူ၏အသံနှင့်အတူ တစ်လှမ်းချင်းချဥ်းကပ်သွားပြီး မူချွမ်၏ ဖိနှိပ်မှု အရှိန်အဝါပါ ဖုံးလွှမ်းလာခဲ့၏။

နတ်ဘုရား တောင်ထွတ်သခင်နှင့် နတ်ဘုရားနယ်ပယ် ပညာရှင်ဖြစ်သည့် ယွမ်ထင်တို့ပါ ရှိနေခဲ့သော်လည်း သူသည် မည်သည့်အရိပ်အကဲကိုမှ ကြည့်မနေဘဲ အနောက်ဘက်တွင် အေးအေးလူလူ မတ်တပ်ရပ်နေခဲ့သည်။

“ သူတော်စင် စုံစမ်းဖို့အတွက် ဒီကို ရောက်လာတာလား။ အဲ့တာက …….. “

ဖပ်

ထိုလူ၏ စကားလုံးများကို မူချွမ်၏ ပါးရိုက်ချက်က ကြားဖြတ်လိုက်သည်။ ကြည်လင်ပြတ်သားသော အသံတစ်သံ ပဲ့တင်ထပ်လာခဲ့ပြီး ထိုလူမှာ အလျားလိုက် လွင့်ထွက်သွားကာ တောင်တစ်လုံးနှင့် ဆောင့်မိသွားခဲ့သည်။ လူတိုင်း၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

သူတို့သည် ထိုလူနှစ်ဦးက ကောင်းကင်ဘုံ အကယ်ဒမီအတွင်းမှာပင် လှုပ်ရှားရဲနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ လုချန်ရှန်းမှာလည်း ယုံကြည်မှုအပြည့်ဖြစ်နေခဲ့သည်။ မူဟွမ်၏ တာအိုသစ်သီးမှတစ်ဆင့် ဖွဲ့စည်းထားသည့် တိုက်ခိုက်မှုသုံးခုက မည်သည့်နတ်ဘုရားနယ်ပယ် ပညာရှင်ကိုမှ မကြောက်ပေ။ အကယ်၍ သူတို့က အမှန်တကယ် လှုပ်ရှားလာခဲ့မည်ဆိုပါက ၎င်းတို့က လုံလုံလောက်လောက် အချိန်ဆွဲပေးထားနိုင်မည် ဖြစ်သည်။

ထို့အပြင် ထိုလူများ၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်ရှုကာ အကြောင်းအကျိုးများ ခွဲခြမ်းစိတ်ဖြာခဲ့ပြီးသည့်နောက်တွင် သူ၏ ယုံကြည်မှုက ပိုမိုအားကောင်းလာခဲ့သည်။

သူက မီးအိမ်မပေါ်လာခင် အချိန်အထိ ပြိုင်ဘက်ကင်းကာ လူတိုင်းက သူ့ကို သတိထားနေကြမည် ဖြစ်သည်။

“ ငါက ဖြေရှင်းချက်တစ်ခုတောင်းဖို့အတွက် ရောက်လာတာ။ မင်းငြင်းတာက နားထောင်ဖို့မဟုတ်ဘူး။ တကယ်လို့ မင်းက အထက်လောကကဖြစ်နေပြီးတော့ ဒီနေ့မှာ ဘာဖြေရှင်းချက်မှ မရဘူးဆိုရင် တောင်ပိုင်းဒေသကို ပြန်သွားပြီးတော့ ငါ့ဟာငါ ရှာရလိမ့်မယ် “

ထိုစကားကို ကြားလိုက်ရသောအချိန်၌ အထက်နယ်မြေမှ လူမှာ အံတကြိတ်ကြိတ်ဖြစ်သွားပြီး သူ၏မျက်ဝန်းများအတွင်းတွင် မကျေမနပ်ဖြစ်သွားသည့် အရိပ်များ ဖြစ်တည်လာခဲ့သည်။ သူသည် သူက မူချွမ်ကို မယှဥ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီမှာလည်း ကြားဝင်စွက်ဖက်လိုပုံမရပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့က ကံကြွေးနှင့် အင်မော်တယ်နယ်ပယ် ဓားတာအို ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသော နတ်ဘုရားနယ်ပယ် ကျင့်ကြံသူဖြစ်သည့် တာအိုကာကွယ်သူကို ကြောက်ရွံ့နေကြသေး၏။

အကယ်ခံခဲ့ရသည့် လူငယ်ကျင့်ကြံသူတစ်စုမှာလည်း အံ့ဩမှင်သက်သွားကြသည်။ အဆိုပါ အရှိန်အဝါမှာ သူက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ပြိုင်ဘက်ကင်းနေသည့်အလား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။

အထူးသဖြင့် ရွှေရောင်ဆံသားပိုင်ရှင် လူငယ်ဖြစ်ပြီး သူသည် ထိုအချိန်က အလွန်တရာ မောက်မာမိခဲ့သည့်အတွက် အတော်ပင် နောင်တရနေခဲ့ပြီ ဖြစ်သည်။ ကြွားလုံးမထုတ်ပါက သူသေသွားရမည်လော။ အဆုံးတွင် သူသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဆွဲဆောင်မိသွားခဲ့သည်။

ထို့အပြင် လုချန်ရှန်း၏ စကားလုံးများက အလွန်တရာ ရှင်းလင်းပြတ်သားနေခဲ့၏။ အကယ်၍ ယနေ့တွင် ဖြေရှင်းချက်မရဘူးဆိုပါက သူက တောင်ပိုင်းဒေသသို့ ပြန်သွားကာ လမ်းကြောင်းတွင် အထက်လောက၏ လူများကို တားဆီးပိတ်ဆို့မည် ဖြစ်သည်။

အကြောင်းအရင်း အမျိုးမျိုးကြောင့် ပြိုင်ဘက်ကင်း ပါရမီရှင်များကပင် ခက်ခက်ခဲခဲ ဆင်းသက်လာခဲ့ရသည်။ တစ်ခြားလူများက အဆိုပါ တားဆီးပိတ်ဆို့မှုကို ခုခံနိုင်မည်လော။

“ သွားကြစို့ “ မည်သည့်လှုပ်ရှားမှုမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက ထိုကဲ့သို့ ပြောကာ လှည့်ထွက်သွားရန် ပြင်လိုက်သည် “ ကောင်းကင်ဘုံ အကယ်ဒမီနဲ့ မင်းတို့ အထက်လောကကြားက ကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်ကြ “

သူ၏ စကားသံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံ အကယ်ဒမီမှ လူများ၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။

အဆုံးတွင် နတ်ဘုရား တောင်ထွတ်သခင်က စကားဝင်ပြောလာခဲ့သည် “ သူတော်စင် ခဏလောက် စောင့်ပါဦး “

“ မင်းက လှုပ်ရှားချင်လို့လား “

လုချန်ရှန်းက ပြန်ပြောလိုက်သည်။

နတ်ဘုရား တောင်ထွတ်သခင်က စကားထပ်ပြောလာခဲ့၏ “ သူတော်စင်က နားလည်မှုလွဲနေပြန်ပါပြီ။ အဲ့ကိစ္စက မရည်ရွယ်ဘဲ ဖြစ်သွားတာပါ။ ဂျူနီယာလေးတွေက မောက်မောက်မာမာ ပြောမိသွားရုံလေးပါပဲဗျာ။ ကျွန်တော့်ရဲ့ ကောင်းကင်ဘုံ အကယ်ဒမီက သူတို့တွေကိုယ်စား သူတော်စင်ကို တောင်းပန်ပါတယ် “

“ အို့ “ လုချန်ရှန်း၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခါသွားခဲ့သည်။

နတ်ဘုရား တောင်ထွတ်သခင်က စကားဆက်ပြောလာခဲ့သည် “ ငါ့ရဲ့ ကောင်းကင်ဘုံ အကယ်ဒမီက တောင်ပိုင်းဒေသရဲ့ ဝိညာဥ်ချီ ဆုံးရှုံးသွားမှုအတွက် လျော်ကြေးအဖြစ် ဝိညာဥ်ကျောက်တုံး သန်းတစ်ရာပေးဖို့ ဆန္ဒရှိပါတယ် “

“ သန်းငါးရာ “

ဤတစ်ကြိမ်တွင်မူ လုချန်ရှန်းက ဟန်ဆောင်ပန်ဆောင် မလုပ်ဘဲ ဈေးနှုန်းကို တိုက်ရိုက်သတ်မှတ်လိုက်သည်။

ဟမ့် ငါ့ကို လာရှုပ်ချင်နေတာလား။ ခုကိစ္စက အရင်ကဟာနဲ့ မတူဘူး။ ငါ လုချန်ရှန်းကို သန်းတစ်ရာလောက်နဲ့ ဖယ်ထုတ်ချင်နေတာလား။ အိမ်မက်မက်နေလိုက်ကြ။

ထိုပမာဏကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ တင်းကြပ်သွားခဲ့သည်။ ၎င်းက အလွန်ပင် မြင့်မားလွန်းနေခဲ့သည်။

တစ်ချို့က ဒေါသထွက်သွားကြသော်လည်း အသံတစ်သံပင် မထွက်ဝံ့ကြပေ။

အဆုံးတွင် နတ်ဘုရား တောင်ထွတ်သခင်က ခေါင်းငြိမ့်၍ သဘောတူလာခဲ့သည်။ တိတိကျကျ အတည်မပြုရသေးခင် အချိန်တွင် သူတို့က မည်သို့မျှ ထိပ်တိုက်တွေ့မည် မဟုတ်ချေ။ ထို့အပြင် ဤတစ်ကြိမ်တွင် သူတို့က အမှန်တကယ် အမှားလုပ်မိသွားခဲ့သည်။

ဝိညာဥ်ကျောက်တုံးများ ရရှိခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားခဲ့သည်။

အထက်နယ်မြေမှ လူများမှာ ဒေါသတကြီး ဖြစ်သွားကြသည်။

ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲများမှာလည်း မကျေမခြမ်းဖြစ်သွားကြသည်။ သူတို့က လုချန်ရှန်း၏ အတင်းအကြပ် ဖိအားပေးမှုကိုသာလျှင် မဟုတ်ဘဲ အထက်နယ်မြေမှ ထိုလူများကိုပါ ဒေါသထွက်သွားနေခဲ့ကြသည်။ ထိုလူများ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဝိညာဥ်ကျောက်တုံး သန်းခြောက်ရာနီးပါး ဆုံးရှုံးသွားခဲ့ရလေသည်။

လူတိုင်း၏ အကြည့်များက ယွမ်ထင်ဆီသို့ ကျရောက်သွားပြီး လူတိုင်းက သူ၏ အထင်အမြင်ကို သိချင်နေခဲ့ကြသည်။ ယခုလေးတင် ဖြစ်ပွားခဲ့သည့် အရှက်ခွဲမှုက စိတ်နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအတွင်းတွင် ပုန်းကွယ်နေသည့် ဆူးတစ်ချောင်းပမာ ခံရခက်နေလျက်ရှိ၏။

သို့သော် ယွမ်ထင်ကမူ ထွက်ခွာသွားသည့် လူနှစ်ဦးကို ငေးကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

“ သူက ဝိညာဥ်ကျောက်တုံးတွေကို ဘာအတွက် လိုချင်နေတာလဲ “

--

……………………………………………………………………………………………………………………………………….

All Chapters