← Chapters

အခန်း ၇၃၆

Vol. 50 Ch. 736

အခန်း ၇၃၆

Vol. 50 Ch. 736

အပိုင်း ၇၃၆ : ကျွန်တော့်မှာ ဖြေရှင်းစရာနည်းလမ်းတစ်ခုရှိတယ်

ဖန်းကောကောရုံးချုပ်က ဝကစ်ကစ်​အမှတ်တံဆိပ်ကို ပြန်နာလန်မထူနိုင်အောင် ဤအခြေအနေကို အခွင့်ကောင်းယူပြီး လူသိများအောင် သတင်းလွှင့်ချင်နေသည်။

တစ်ဖက်လူ၏ ဖိနှိပ်ခြင်းကို တစ်လျှောက်လုံး ခံခဲ့ရသည့်အတွက် သူတို့ မကျေမချမ်း ဖြစ်နေခဲ့ကြသည်။

တစ်ဖက်တွင် ရုံးချုပ်က အအေးဆိုင်မှာဖြစ်ခဲ့သည့် အစာဆိပ်သင့်မှုဖြစ်ရပ်ကို အကြီးအကျယ် ပုံကြီးချဲ့ရန် မီဒီယာများကို ဆက်သွယ်ခဲ့သလို အခြားတစ်ဖက်မှာလည်း ဇနီးမောင်နှံနှစ်ယောက်ကို အားပေးစကားပြောဖို့ မန်နေဂျာကျိုးကို စေလွှတ်ခဲ့သည်။

ရှေ့နေကျန်းက မိတ်ကပ်အထူကြီးလိမ်းထားသည့် အမျိုးသမီးနှင့် ပြန်တွေ့သောအခါ ပြုံးလျက် ပြောလိုက်၏။

"မိန်းကလေးချန်း... ခင်ဗျားနဲ့ ခင်ဗျားအမျိုးသားက ရုံးချုပ်ရဲ့ သူရဲကောင်းတွေပါပဲ။ ကုမ္ပဏီက ခင်ဗျားတို့သားရဲ့ ဆေးဖိုးဝါးခအားလုံးကို တာဝန်ယူပေးမယ့်အပြင် ကလေးကိုစောင့်ရှောက်ပေးဖို့ လူတစ်ယောက် စီစဉ်ပေးထားပါတယ်"

မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက ကျေးဇူးတင်စကားဆိုလိုက်သည်။

"ရုံးချုပ်ကို ကျေးဇူးတင်ပါတယ်ရှင်"

"ဒီလောက် အားနာနေစရာမလိုပါဘူးဗျာ။ ကျွန်တော်တို့က တစ်ဖက်တည်းသားတွေပဲလေ။ ဒီကိစ္စပြီးသွားရင် ခင်ဗျားတို့ရဲ့ လုပ်ငန်းခွင့်ပြုချက်ကြေးကို အပြည့်ပြန်အမ်းပေးမယ့်အပြင် သုံးစွဲတဲ့ ကုန်ကြမ်းပစ္စည်းစရိတ်တွေကိုလည်း တစ်ဝက်လျှော့ချပေးမယ်လို့ ရုံးချုပ်က ကတိပေးထားပါတယ်"

ရှေ့နေကျန်းက သတင်းကောင်းကို ဆက်ပြောပြလိုက်သည်။

ဤစကားကိုကြားသော် မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီး၏ မျက်နှာကား အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူ(မ)အတွက် ငွေအများကြီး သက်သာသွားစေနိုင်သည်ဖြစ်ရာ ဘာကြောင့်များ စောစောစီးစီးကတည်းက မလုပ်ခဲ့မိပါလိမ့်ဟုပင် နောင်တရသွားသည်။

ယခုဆိုလျှင် ထိုအမျိုးသမီးသည် သူတို့၏စီးပွားရေး ဒီရေအလား တိုးတက်လာမည့် တောက်ပသော အနာဂတ်တစ်ခုကို ကြိုမြင်နေပြီဖြစ်၏။

ရှေ့နေကျန်းက ဆက်ပြောလိုက်၏။

"ရဲတွေက သက်သေအထောက်အထား ဆက်ရှာမတွေ့ဘူးဆိုရင် ခင်ဗျားတို့ကို လွှတ်ပေးရလိမ့်မယ်။ ဒါကြောင့် ခင်ဗျားနဲ့ ခင်ဗျားယောကျ်ားက စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ။ မကြာခင် ခင်ဗျားတို့ လွတ်တော့မှာပါ"

သူ့စကားများက မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးကို သိသိသာသာ စိတ်သက်သာရာရသွားစေသည်။

...

ကျိုးစုစုနှင့် သူ(မ)၏အဖွဲ့မှာ သက်သေအထောက်အထားရှာဖွေရန် ရုန်းကန်နေရပြီး တိုးတက်မှုမရှိပါက ထိုလင်မယားကို ပြန်လွှတ်ပေးရတော့မည်ဖြစ်၏။

အထက်က သူတို့ကိုပြန်လွှတ်ပေးရန် အမိန့်ကျထားပြီးဖြစ်သော်လည်း အမှုတွင် သံသယဖြစ်ဖွယ်အချက်များစွာ ရှိနေပေသည်။ ကြီးမားလှသော ဖိအားများအောက်တွင် ကျိုးစုစုမှာ သူ(မ)၏ရပ်တည်ချက်ကို ဆုပ်ကိုင်ကာ သူတို့ကို ရဲစခန်းတွင် ဆက်လက်ချုပ်နှောင်ထားခဲ့သည်။

ကျိုးစုစုနှင့် ထိုကောင်မလေးတို့ စိုးရိမ်ပူပန်နေကြသော်လည်း ယဲ့ချန်း၏ မျက်နှာကမူ တည်ငြိမ်နေသည်။

"သူတို့ ဗီဒီယိုဖျက်ပစ်လိုက်တယ်ဆိုကတည်းက သူတို့မှာ အပြစ်မကင်းတဲ့စိတ်ရှိနေတာ သိသာတယ်"

ကျိုးစုစုက ယဲ့ချန်းကို မျက်စောင်းထိုးကြည့်လိုက်သည်။

"ပြောနေစရာတောင် လိုသေးလို့လား။ လူတိုင်း သိနေတာကို"

ကျိုးစုစုနှင့် ယဲ့ချန်းတို့ အပြန်အလှန် စကားပြောနေပုံကို ကောင်မလေးက အကဲခတ်လိုက်ပြီးနောက် ထိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိနေကြောင်း သဘောပေါက်သွားသည်။

"အစ်ကိုကြီး...အစ်ကိုက ဒီရဲမေကို သိနေတာလား"

ကောင်မလေးက အံ့သြနေသည့်အမူအရာဖြင့် မေးလိုက်သည်။

ရဲကို ဘယ်သူဖုန်းဆက်တိုင်ခဲ့သလဲဆိုသည်ကို ယခုမှပင် သူ(မ) ကောင်းကောင်းနားလည်သွားတော့သည်။

ယဲ့ချန်းက ခေါင်းသာညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမှ မပြောချေ။

သို့သော် ကျိုးစုစု၏ မျက်နှာအမူအရာမှာမူ လေးနက်နေချေသည်။ သူ(မ)မှာ ဖိအားများစွာအောက်တွင် ရောက်နေပေသည်။

ကျိုးစုစု၏ စိုးရိမ်နေသောမျက်နှာကို မြင်လိုက်ရသဖြင့် ယဲ့ချန်းလည်း သူ(မ)ကို အားပေးလိုက်၏။

"ကိုယ် သက်သေရှာနိုင်ပါတယ်။ မစိုးရိမ်နဲ့။ ဒါပေမဲ့ အဲဒီလင်မယားဖွင့်ထားတဲ့ အအေးဆိုင်ကိုတော့ သွားကြည့်ဖို့ လိုလိမ့်မယ်"

ကျိုးစုစုက ရဲအရာရှိတစ်ယောက်ကို ခေါ်ပြီး ပြောလိုက်၏။

"ရှောင်ကျန်း.. ယဲ့ချန်းကို ဖန်းကောကောအအေးဆိုင်ကို ကားနဲ့လိုက်ပို့ပေးလိုက်"

အရာရှိကျန်းက ယဲ့ချန်းအား အထက်အောက်စုန်ချည်ဆန်ချည်ကြည့်ပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။

"သွားကြမယ်"

ယဲ့ချန်း၏တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူလည်း အပြင်ဘက်သို့ တန်းထွက်သွားသည်။

ယဲ့ချန်းခမျာ ဆွံ့အသွားလေသည်။ ဤအရာရှိလေးက သူ့အပေါ် ရန်လိုနေပုံရသည်။ သို့သော် သေချာပြန်စဉ်းစားကြည့်လိုက်သောအခါတွင်လည်း ဤအရာရှိကို သူ ရန်စခဲ့ဖူးခြင်းမျိုး မရှိပေ။

ဖြစ်နိုင်ခြေတစ်ခုသာရှိသည်ဟု သူ ခန့်မှန်းလိုက်သည်။ ဤအရာရှိလေးက ကျိုးစုစုကို သဘောကျနေသူပင်။ သူသဘောကျရသည့် အမျိုးသမီးက အခြားယောကျ်ားတစ်ယောက်အား ပြုံးပြနေသည်ကို မြင်လျှင် မည်သူမဆို စိတ်မသက်မသာဖြစ်မည်သာ။

နားလည်ပေးနိုင်လောက်သည့် ကိစ္စဖြစ်သော်ငြား ယဲ့ချန်းကတော့ ဤကိစ္စအပေါ် သိပ်အာရုံနောက်ခံမနေတော့ပေ။

ယဲ့ချန်းနှင့် အရာရှိရှောင်ကျန်းတို့ ဖန်းကောကောအအေးဆိုင်သို့ ကားမောင်းလာခဲ့ကြပြီး ကားပေါ်က ဆင်းပြီးနောက် အထဲဝင်သွားကြသည်။

အရာရှိရှောင်ကျန်းက နှာခေါင်းရှုံ့လိုက်၏။

"ပါဆယ်ပို့သမား... ဒီမှာ ဆရာကြီးလာမလုပ်စမ်းပါနဲ့။ ငါတို့တောင် ဗီဒီယိုကို ပြန်မဆယ်နိုင်တာ။ မင်းလို ပါဆယ်ပို့သမားတစ်ယောက်က ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ။ မင်းအလုပ် မင်းလုပ်စမ်းပါ။ အမှုကိုတော့ ငါတို့ရဲတွေဆီမှာပဲ အပ်ထားလိုက်"

ရဲတပ်ဖွဲ့တွင် အဆင့်မြင့်နည်းပညာများရှိနေသော်လည်း သူတို့မလုပ်နိုင်သောအရာကို ပါဆယ်ပို့သမားတစ်ယောက်က လုပ်နိုင်လိမ့်မည်ဟု သူ လုံးဝမယုံကြည်နိုင်ပေ။

"မင်းတို့ ပြန်မဆယ်နိုင်ဘူးဆိုတဲ့အချက်က မင်းတို့ အရည်အချင်းမရှိဘူးဆိုတာကို ပြနေတာပဲ"

ယဲ့ချန်းက အေးစက်စက် ပြန်ပြောလိုက်သည်။

ယဲ့ချန်း၏ အဘိဓာန်တွင် တစ်ယောက်ယောက်က ပြဿနာရှာလာလျှင် ထပ်တူတုံ့ပြန်ပေးရမည်ဖြစ်၏။

ယဲ့ချန်း၏ စကားကို ကြားသောအခါ အရာရှိရှောင်ကျန်းလည်း အနည်းငယ် ဒေါသထွက်သွားသည်။

"မင်း ဘာလို့ ဒီလိုစော်ကားရတာလဲ။ မင်းမှာ ယဉ်ကျေးမှုမရှိဘူးလား"

ယဲ့ချန်းလည်း ထိုအရာရှိကို လျစ်လျူရှုပြီး စောင့်ကြည့်ကင်မရာမှတ်တမ်းများကို အပြည့်အဝ အာရုံစိုက်နေလိုက်သည်။

တကယ်တမ်းတွင် သူ့ဆီ၌ ဟက်ကာစွမ်းရည်များရှိသဖြင့် ဗီဒီယိုကို ပြန်ဆယ်ရန် မိနစ်ပိုင်းမျှသာ ကြာပေမည်။

အတူလိုက်ပါလာသော အရာရှိရှောင်ကျန်း သံသယဝင်သွားမည်ကို စိုးရိမ်သောကြောင့် ယဲ့ချန်းလည်း ခက်ခဲချင်ဟန်ဆောင်နေခြင်းပင်။

ယဲ့ချန်းက မူလကတည်းက တစ်ယောက်တည်း လာချင်ခဲ့သော်လည်း ကျိုးစုစုက လူတစ်ယောက် အဖော်ထည့်ပေးရန် အတင်းအကျပ် စီစဉ်ခဲ့သည်။

ယဲ့ချန်းက သူနှင့် ဆက်စကားမပြောတော့သည်ကို မြင်သော် အရာရှိရှောင်ကျန်းလည်း ဆက်မပြောတော့ပေ။ အခြေအနေပိုဆိုးသွားပါက အချင်းချင်းလက်ပါလာမည်ကို သူ တကယ်စိုးရိမ်မိသည်။

မည်သို့ပင်ဖြစ်စေ သူသည် ကျိုးစုစု၏အမိန့်ဖြင့် လာခဲ့ရခြင်းဖြစ်သဖြင့် သူ(မ)ရှေ့တွင် မျက်နှာပျက်ရခြင်းမှာ သူ့ပုံရိပ်ကို ကျဆင်းစေမည်မှာ သေချာသည်။

ယဲ့ချန်းက ကွန်ပျူတာကို နှစ်နာရီနီးပါးခန့် လေ့လာနေသည်ကို မြင်သော် အရာရှိရှောင်ကျန်းက အကြံပေးလိုက်သည်။

"အဆင်မပြေရင်လည်း သွားကြစို့။ ဒီမှာ အချိန်ဖြုန်းမနေနဲ့"

ယဲ့ချန်းလည်း ဘာမှပြန်မပြောဘဲ သူ့အလုပ်ကိုသာ ဆက်အာရုံစိုက်နေလိုက်သည်။ ခဏအကြာတွင်မူ သက်ပြင်းချလိုက်၏။

"အကုန်ပြီးပြီ။ ဗီဒီယိုတွေပြန်ရပြီ"

ယဲ့ချန်း၏စကားကို ကြားသောအခါ အရာရှိရှောင်ကျန်းမှာ ကြက်ဥတစ်လုံး ဝင်သွားနိုင်လောက်သည်အထိ ပါးစပ်အဟောင်းသားဖြစ်သွားလေတော့သည်။

"ဗီဒီယိုတွေအကုန်လုံး တကယ်ပြန်ရပြီဆိုတာ သေချာလား"

အရာရှိရှောင်ကျန်းက မေးလိုက်သည်။

ယဲ့ချန်းကလည်း သူ့လက်ထဲရှိ ယူအက်စ်ဘီဒရိုက်ဗ်ကို ခါပြလိုက်၏။

"ဒီညတော့ မင်း အလုပ်များတော့မှာပဲ။ ဗီဒီယိုတွေအကုန်လုံး ဒီထဲမှာပါတယ်"

"ကောင်းပြီ။ မြန်မြန်ပြန်ကြစို့"

ယခုဆိုလျှင် ယဲ့ချန်းအပေါ်ထားရှိသော အရာရှိရှောင်ကျန်း၏ သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဤပါဆယ်ပို့သမားအပေါ် ပို၍ပင် လေးစားသွားသည်။

ထို့နောက် သူတို့နှစ်ယောက် ရဲစခန်းသို့ ပြန်လာခဲ့ကြသည်။

ယဲ့ချန်း၏လက်ထဲရှိ ယူအက်စ်ဘီဒရိုက်ဗ်ကို မြင်သည်နှင့် ကျိုးစုစုက သူ့ကို ပွေ့ဖက်၍ ပြောလိုက်၏။

"ယဲ့ချန်း... ရှင် တကယ်တော်တာပဲ။ ရှင် မလုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာ ကျွန်မ သိသားပဲ"

ဤမြင်ကွင်းကို မြင်လိုက်ရသော အရာရှိရှောင်ကျန်းမှာ မနာလိုအားကျမှုကြောင့် စိတ်မကောင်းဖြစ်သွားရသော်လည်း ယဲ့ချန်းက တကယ်တော်နေသည့်အတွက် သူ ဘာမှမတတ်နိုင်ခဲ့ပေ။

ထို့နောက် ကျိုးစုစုက ရဲအရာရှိအချို့ကို ခေါ်ပြီး ပြောလိုက်သည်။

"မင်းတို့ အဖွဲ့တွေခွဲပြီး ဒီဗီဒီယိုတွေအကုန်လုံးကို သေချာပြန်စစ်ဆေးကြ"

ကျိုးစုစု၏စကားကို ကြားသောအခါ အရာရှိများလည်း ခေါင်းငိုက်စိုက်ကျသွားသည်။

"ခေါင်းဆောင် ဒါက အချိန်ဘယ်လောက်တောင် ကြာမှာလဲ"

"အကုန်ကြည့်မပြီးမချင်း ဘယ်သူမှ အိမ်မပြန်ရဘူး"

ကျိုးစုစုကမူ ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

ခေါင်းဆောင်၏ ပြတ်သားလှသော အမိန့်အပြီးတွင်မူ အရာရှိများလည်း ဘာမှဆက်မပြောရဲကြတော့ပေ။

ကျိုးစုစုက ယဲ့ချန်းဘက်သို့ လှည့်၍ ပြောလိုက်၏။

"ယဲ့ချန်း... ရှင် ပြန်တော့လေ။ ကျွန်မတို့ ဗီဒီယိုတွေကို အရင်စစ်ဆေးလိုက်ဦးမယ်။ တစ်ခုခုထူးခြားတာတွေ့ရင် ရှင့်ကို ချက်ချင်းအသိပေးမယ်"

ယောကျ်ားလေးအရာရှိများစွာကို ကြီးကြပ်ကွပ်ကဲနေရသော အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနှင့် ကျိုးစုစုသည် လုပ်ငန်းတာဝန်များကို အမြဲတမ်း ဦးဆောင်လုပ်ကိုင်ခြင်းဖြင့် သူ(မ)၏ အာဏာကို ရယူတည်ဆောက်ထားခြင်းဖြစ်၏။

အလုပ်က မည်မျှပင် ခက်ခဲကြမ်းတမ်းနေပါစေ၊ အန္တရာယ်များနေပါစေ သူ(မ)က ရဲဘော်ရဲဘက်များနှင့်အတူ အမြဲကွင်းဆင်းလုပ်ကိုင်လေ့ရှိပြီး ဘယ်တော့မှ လက်ပိုက်ကြည့်နေလေ့မရှိပေ။

ကျိုးစုစု လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပင် ယဲ့ချန်းက သူ(မ)ကို တားလိုက်သည်။

"နေဦး... မင်း အဲဒီလောက်အထိ ဒုက္ခခံနေစရာမလိုပါဘူး။ ဒီအတိုင်း လုပ်မယ်ဆိုရင် အလုပ်ပမာဏက အရမ်းများလွန်းတယ်"

"ရှင့်မှာ နည်းလမ်းရှိလို့လား"

ကျိုးစုစုက ယဲ့ချန်းကို နားမလည်နိုင်လေဟန် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

ယခင်တုန်းကတော့ သူတို့ ဗီဒီယိုတိုင်းကို အစမှ အဆုံးအထိ အမြဲတမ်း ကြည့်ခဲ့ရသည်။

ယဲ့ချန်းလည်း ပြုံးလိုက်ပြီး သူ(မ)နားနားကပ်ကာ တိုးတိုးကပ်ပြောလိုက်သည်။

ကျိုးစုစု၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများလည်း ချက်ချင်း လျော့ပါးသွားလေတော့သည်။

•••••••••••••••••••••••••••

All Chapters