အခန်း ၇၃၇
Vol. 50 Ch. 737
အပိုင်း ၇၃၇ : အပြစ်ဝန်ခံခြင်း
ထိုစကားကို ကြားပြီးနောက် ကျိုးစုစု၏မျက်လုံးများ အရောင်လက်သွားသည်။
"ယဲ့ချန်း.. ရှင့်ကိုတော့ အရမ်းသဘောကျသွားပြီ။ ရှင်က ကျွန်မတို့ရဲ့ အလုပ်ပမာဏကို သိသိသာသာ လျှော့ချပေးလိုက်တာပဲ"
သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ပြီး ရဲအရာရှိအားလုံး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ အဖွဲ့ခေါင်းဆောင်ကို ဤမျှအထိ စိတ်လှုပ်ရှားသွားစေသည့် နည်းလမ်းက ဘာများလေလဲ။
ယဲ့ချန်းနှင့် ထိုမိန်းကလေး ထွက်သွားပြီးနောက် ကျိုးစုစုက ရဲအရာရှိနှစ်ယောက်ကို ခေါ်ပြီး ပြောလိုက်၏။
"ရှောင်ကျန်း ရှောင်လီ... ဟိုအမျိုးသမီးဆီကိုသွားပြီး ကလေး နေမကောင်းဖြစ်လို့ ဆေးရုံတင်ရတဲ့အကြောင်း သွားစုံစမ်းကြ"
အဖွဲ့ခေါင်းဆောင်၏ အမိန့်ကို ရရှိပြီးနောက် ရှောင်ကျန်းနှင့် ရှောင်လီတို့မှာ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသော်လည်း အမိန့်ကို နာခံလိုက်ကြသည်။
မိတ်ကပ်အထူကြီး လိမ်းထားသော အမျိုးသမီးကို စစ်ကြောရေးအခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူ(မ)နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရဲအရာရှိနှစ်ယောက်ကို မြင်သောအခါ သူ(မ)က ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
"ရှင်တို့မေးတာကို ကျွန်မ ဘာမှမသိဘူး။ ကိစ္စတစ်ခုခုရှိရင် ကျွန်မရဲ့ရှေ့နေနဲ့ပဲ ပြောပါ"
ထိုအမျိုးသမီး၏ မောက်မာလှသော စကားကို ကြားလိုက်ရချိန်ဝယ် ရှောင်ကျန်း၏ မျက်နှာက မှုန်ကုပ်သွားသည်။ ယဲ့ချန်းအပေါ် ကျိုးစုစု၏ ဆက်ဆံပုံများကြောင့် သူ့မှာ ဒေါသထွက်နေခဲ့ရသည်။ ထိုဒေါသကို ဖြေဖျောက်စရာ နေရာမရှိဖြစ်နေချိန်တွင် ဤအမျိုးသမီး၏ အပြုအမူက သူ့ကို ပို၍ဒေါသထွက်စေခဲ့သည်။
ဤအဖြစ်ကိုမြင်သော် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရှောင်လီက ခပ်တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အလုပ်ကိုပဲ အာရုံစိုက်။ ဒေါသမထွက်နဲ့။ မဟုတ်ရင် ဆက်ပြီး စစ်ဆေးမေးမြန်းဖို့ ခက်သွားလိမ့်မယ်"
ရဲအရာရှိရှောင်ကျန်းလည်း စိတ်ကို ငြိမ်အောင်ထားပြီး မေးလိုက်၏။
"ခင်ဗျားရဲ့သားဖြစ်သူ နေမကောင်းဖြစ်ပြီး ဆေးရုံတင်ရတဲ့အကြောင်း ပြောပြပေးပါ"
ရဲအရာရှိက ဤသို့မေးလာသောအခါ မိတ်ကပ်အထူကြီး လိမ်းထားသည့် အမျိုးသမီး၏ မျက်နှာထက်တွင်အပြုံးတစ်ပွင့် ပေါ်လာလေသည်။ ထို့နောက် သူ(မ)က ငိုသံပါကြီးဖြင့် ပြောလိုက်လေသည်။
"အရာရှိ... ကျွန်မသားလေးက အဲဒီရေခဲမုန့်ဆိုင်ကဟာကို စားပြီးတဲ့နောက် အစာဆိပ်သင့်ပြီး နာကျင်လွန်းလို့ လူးလိမ့်နေခဲ့တာ။ အဲဒါကြောင့် ကျွန်မတို့ လင်မယားနှစ်ယောက် အဲဒီနေ့မှာပဲ သူ့ကို ဆေးရုံကို အမြန်ပို့ခဲ့ရတယ်"
ထိုအမျိုးသမီး စကားမဆုံးခင်မှာပင် ရှောင်ကျန်းက စိတ်မရှည်စွာ ပြောလိုက်၏။
"ခင်ဗျားပြောတာ အမှန်ဆိုတာကို သက်သေပြနိုင်မယ့် အထောက်အထား ရှိလား"
"ရှင်တို့ရှာတွေ့ထားတဲ့ ဆေးစစ်ချက်လက်မှတ်က သက်သေပါပဲ။ အဲဒီပေါ်က ရက်စွဲကလည်း အခင်းဖြစ်ပွားခဲ့တဲ့ နေ့ပါပဲ"
ဖမ်းဆီးခေါ်ဆောင်လာပြီးကတည်းက ရဲအရာရှိများက ကလေး ဆေးရုံတင်ရသည့်အကြောင်း မမေးခဲ့ဘဲ ယခုမှ မေးလာသည်ဖြစ်ရာ သူ(မ)နှင့် သူ(မ)ယောကျ်ားကို နစ်နာသူများအဖြစ် ယုံကြည်သွားသောကြောင့်ပင် ဖြစ်ရမည်ဟုတွေးကာ ထိုအမျိုးသမီးက အရာအားလုံးကို အသေးစိတ် ပြန်ပြောပြခဲ့သည်။
ရဲအရာရှိများ စကားမပြောနိုင်ခင်မှာပင် ထိုအမျိုးသမီးက ချက်ချင်းဆိုသလို ပြောလိုက်၏။
ဤတစ်ကြိမ်တွင်မူ ထိုအမျိုးသမီး၏ အပြုအမူများက လုံးဝပြောင်းလဲသွားသည်။
ထွက်ဆိုချက်ကို မှတ်တမ်းတင်ပြီးနောက် အမျိုးသမီးကို အချုပ်ခန်းထဲသို့ပြန်လည်ပို့ဆောင်လိုက်သည်။
ယခုတော့ သူ(မ)က သူ(မ)နှင့်သူမ၏ခင်ပွန်းဖြစ်သူ မကြာခင်ပြန်လွတ်တော့မည်ဟု တွေးနေတော့သည်။
စစ်ကြောရေးအခန်းထဲမှ ထွက်လာပြီးနောက် ရှောင်ကျန်းနှင့် ရှောင်လီတို့သည် ကျိုးစုစု၏ရုံးခန်းထဲသို့ တန်းတန်းမတ်မတ်သွားပြီး စစ်ဆေးရန်အတွက် ထွက်ဆိုချက်မှတ်တမ်းကို ထုတ်ပေးလိုက်သည်။
"ခေါင်းဆောင် ဒီမေးခွန်းတွေမေးတာက ဘာအဓိပ္ပါယ်ရှိလို့လဲ။ ကျွန်တော်တို့ကြည့်ခဲ့တဲ့ ဗီဒီယိုနဲ့ရော သက်ဆိုင်လို့လား"
တာဝန်ပြီးဆုံးသွားပြီးနောက် ရှောင်ကျန်းက သူ့သိချင်စိတ်ကို နောက်ဆုံးတွင် ဖွင့်ဟမေးမြန်းလိုက်သည်။
" အဲဒီဆေးစစ်ချက်လက်မှတ်ကိုပဲ ရှာလိုက်။ ပြီးရင် အဲဒီပေါ်က ရက်စွဲကနေနောက်ကို နှစ်ရက်ဆုတ်ပြီး အဲဒီသုံးရက်စာ ဗီဒီယိုတွေကိုကြည့်လိုက်။ ငါတို့ သက်သေအထောက်အထား ရလိမ့်မယ်"
ကျိုးစုစုက ပြုံးလျက် ပြောလိုက်သည်။
"အလုပ်ပမာဏကို အများကြီးလျှော့ချပေးနိုင်တယ် ဆိုရင်တောင် ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်ပါ့မလား"
ရှောင်ဝမ်က မေးလိုက်သည်။
ကျိုးစုစုက သူတို့ကို စိုက်ကြည့်၍ ပြောလိုက်၏။
"မင်းတို့တွေ အစအဆုံးမကြည့်ချင်ရင် ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး.. ကျွန်တော်တို့ အခုချက်ချင်း လုပ်လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး သနားပါဦး အဖွဲ့ခေါင်းဆောင်ရယ်"
ရှောင်ကျန်းနှင့် ရှောင်ဝမ်က ပြိုင်တူ ပြောလိုက်ကြသည်။
နှစ်နာရီကြာပြီးနောက် ဗီဒီယိုအားလုံးကို ကြည့်ရှုပြီးစီးသွားသည်။ ထိုသုံးရက်တာ ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများထဲတွင် သက်သေအထောက်အထားကို တကယ်ရှာတွေ့ခဲ့သည်။
ထိုဗီဒီယိုထဲတွင် ကလေးငယ်မှာ သူတို့ကိုယ်ပိုင်ဆိုင်မှ ဖျော်ရည်ကို သောက်ပြီးနောက် ဗိုက်အောင့်လာပြီး မြေကြီးပေါ်တွင် လူးလိမ့်နေကြောင်း ပြသနေသည်။
ဤဗီဒီယိုကို မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးအား ပြသပြီးနောက် သူ(မ)မှာ အံ့ဩမှင်တက်သွားလေသည်။ သူ(မ)၏ခင်ပွန်းက ဗီဒီယိုအားလုံးကို ဖျက်ပစ်လိုက်ပြီဟု ပြောခဲ့သည်ဖြစ်ရာ ယခု ဘယ်လိုလုပ်ကျန်နေသေးသလဲ။
မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက သူတို့ကို လိမ်ညာပြီး အမှန်တရားကို ဖုံးကွယ်ထားကြောင်း သိလိုက်ရသောအခါ ရှေ့နေနှစ်ယောက်လည်း အလွန်ဒေါသထွက်သွားသည်။ သူတို့အနေနှင့် ထိုလင်မယားအတွက် ရှေ့နေလိုက်ပေးလိုစိတ် မရှိတော့ပေ။
မည်သို့ပင်ဆိုစေ ရှေ့နေခအနည်းငယ်အတွက် သူတို့၏ ဂုဏ်သတင်းကို စတေးရသည်မှာ မတန်သည့်အပြင် သူတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ်တွင်လည်း ဆိုးဝါးသော သက်ရောက်မှုများ ရှိလာနိုင်ပေသည်။
သို့ဖြစ်လေရာ သူတို့လည်း ရုံးချုပ်ကို အမှန်အတိုင်း အကြောင်းကြားခဲ့ပြီး ထိုအမှုအတွက် ကိုယ်စားလှယ်ရှေ့နေများအဖြစ်က နုတ်ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။
အစပိုင်းတွင် မန်နေဂျာကျိုးမှာ ဝကစ်ကစ်ရေခဲမုန့်ဆိုင်မှ အစာဆိပ်သင့်မှုဖြစ်စဉ်ကို သတင်းစာတွင် ထည့်သွင်းဖော်ပြရန် သတင်းထောက်များနှင့် ဆက်သွယ်ထားခဲ့သည်။ သို့သော် အမှန်တရားကို သိရှိပြီးနောက် ချက်ချင်းပင် ဖျက်သိမ်းလိုက်သည်။
အကယ်၍ ဤသတင်းကိုသာ မနက်ဖြန် ထုတ်ပြန်လိုက်ပါက ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်သွားစေနိုင်ပြီး ဖန်းကောကောရုံးချုပ်ကို များစွာထိခိုက်စေမည်မှာ သေချာပေသည်။
မန်နေဂျာကျိုး၏ မျက်နှာမှာ ရုပ်ဆိုးအကျည်းတန်သွားသည်။
"ဒီလင်မယားက တကယ့်ပြဿနာတွေပဲ။ သူတို့ရဲ့လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းလိုက်။ ဆိုင်ကို ပြန်သိမ်းပြီး ရစရာရှိတဲ့အကြွေးတွေကို ပြန်တောင်းလိုက်"
တစ်ချိန်တည်းမှာပင် ဖန်းကောကောရုံးချုပ်မှ အစာဆိပ်သင့်မှုဖြစ်စဉ်သည် ကုမ္ပဏီနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်းနှင့် အမျိုးသမီးချန်းနှင့် သူ(မ)၏ခင်ပွန်းတို့က အခြားသူများကို ချောက်ချရန် မတရားသော နည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်သဖြင့် ဤသည်မှာ ကုမ္ပဏီဘက်က လုံးဝမသိရှိဘဲ သူတို့ဘာသာ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
သက်သေအထောက်အထားများနှင့် ရင်ဆိုင်ရချိန်တွင် ထိုလင်မယားမှာ ခေါင်းငုံ့၍ အပြစ်ဝန်ခံရုံမှလွဲ၍ အခြားမရှိတော့ပေ။
အခြေအနေများက ပိုဆိုးသွားသည်။ သူတို့မှာ သူတစ်ပါးကို ချောက်ချမည့်အစား ထောင်ကျသွားခဲ့ပြီး သူတို့၏ဆိုင်ကိုလည်း ဆုံးရှုံးလိုက်ရသည့်အပြင် ကလေးလည်း ပြုစုစောင့်ရှောက်မည့်သူ မရှိဘဲ ကျန်ရစ်ခဲ့သည်။
ဤသည်မှာ 'ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတယ်' ဟူသော ဆိုရိုးစကားအတိုင်းပင်။
ယဲ့ချန်းထံသို့ ကျိုးစုစု၏ ဖုန်းခေါ်ဆိုမှု ဝင်လာခဲ့သည်။
"ဒီတစ်ခေါက် ရှင် ကျွန်မကို အများကြီးကူညီပေးခဲ့တယ်။ ရှင်သာမရှိရင် ဒီအမှုက ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"
ယဲ့ချန်းက ရယ်မောလိုက်၏။
"ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်ဖို့ စီစဉ်ထားလဲ"
"ကျွန်မကို စဉ်းစားခွင့်ပေးပါဦး။ အခု ကျွန်မမှာ ရှင်းစရာအလုပ်တွေ အများကြီးရှိသေးတယ်"
ကျိုးစုစုက ပြောပြီးနောက် ဖုန်းချသွားလေသည်။
ထိုအချိန်တွင် မိန်းကလေးထံသို့ ရဲစခန်းက ဖုန်းဝင်လာပြီး သူ(မ)ကို မဟုတ်မမှန် စွပ်စွဲထားခြင်းဖြစ်ကြောင်းနှင့် ထိုလင်မယားက သူ(မ)ကို လျော်ကြေးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုစကားကို ကြားသောအခါ မိန်းကလေးမှာ အလွန်ပျော်ရွှင်သွားသည်။ နောက်ဆုံးတွင် သူ(မ)၏ နာမည် ဂုဏ်သတင်းလည်း ရှင်းလင်းသွားပြီဖြစ်၏။ မဟုတ်ပါက သူ(မ)၏ ရေခဲမုန့်ဆိုင်အရောင်းအဝယ်လည်း သေချာပေါက် ထိခိုက်နစ်နာတော့မည်သာ။
ပါဆယ်ပို့သမား၏ အကူအညီကြောင့်သာ ရဲများက ဤအမှုကို ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူ(မ) သိထားသဖြင့် သူ့ကို ကျေးဇူးတင်သင့်သည်ဟု တွေးလိုက်သည်။
သို့သော် သူ(မ)က ယဲ့ချန်းကို နှစ်ကြိမ်သာ တွေ့ဖူးပြီး သူ့နာမည် သို့မဟုတ် နေရပ်လိပ်စာကိုပင် မသိလေရာ သူ့ကို မည်သို့ရှာတွေ့နိုင်မည်နည်း။
ထိုအကြောင်း တွေးမိသောအခါ မိန်းကလေးမှာ ဝမ်းနည်းသွားပြီး ချောမောပြီး သဘောကောင်းသော ပါဆယ်ပို့သမားလေးကို နောက်တစ်ကြိမ် ပြန်မတွေ့နိုင်တော့ဘူးဟု တွေးနေမိသည်။
နောက်တစ်နေ့တွင် လင်းဝမ်ယိုက မိုတုမြို့သို့ ပြန်လာမည်ဖြစ်ကြောင်း ဖုန်းဆက်လေသည်။
မနက်စောစောတွင် ယဲ့ချန်း လေဆိပ်သို့ ကားမောင်းသွားသည်။
မကြာခင်မှာပင် လေယာဉ် ဆိုက်ရောက်လာသည်။
ခရီးဆောင်အိတ်များကို ကိုင်ဆောင်ထားသော လူများ ထွက်လာကြသည်။
လူအုပ်ကြားထဲတွင် အထင်ရှားဆုံးပုံရိပ်မှာ လင်းဝမ်ယိုပင်။
လင်းဝမ်ယို၏ အနောက်တွင် လူလေးယောက် လိုက်ပါလာသည်။
သူတို့ထဲမှ ဟားမီးစ်အမှတ်တံဆိပ် အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လင်းဝမ်ယို၏ ဘေးနားတွင် အလွန်ဂရုတစိုက်ရှိနေပြီး သူ(မ)၏ ခရီးဆောင်အိတ်ကို သယ်ပေးထားသည်။
ဤတစ်ကြိမ်တွင် လင်းဝမ်ယိုက လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။
ယဲ့ချန်းကို မြင်သောအခါ လင်းဝမ်ယို၏ မျက်လုံးများ အရောင်လက်သွားသည်။
"သခင်လေး..."
သူ(မ) ယဲ့ချန်းနှင့် မတွေ့ရသည်မှာ ကြာလပြီဖြစ်လေရာ လင်းဝမ်ယို သူ့ကို အမှန်တကယ်ပင် လွမ်းဆွတ်နေသည်။
ယဲ့ချန်းက လင်းဝမ်ယိုကို နူးညံ့စွာ ပြုံးပြလိုက်သည်။
"သခင်လေး.. ကျွန်မ မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်မတို့ရဲ့ ပရောဂျက်မန်နေဂျာ ချန်းမင်ပါ။ ဒါကတော့ ကျွန်မရဲ့လက်ထောက် ရှောင်ယိုပါ"
ယဲ့ချန်းက သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်၏။
"ကောင်းပြီလေ.. ခင်ဗျားတို့ မိုတုမြို့ကို ရောက်လာတာဆိုတော့ ကျွန်တော် အားလုံးကို ထမင်းကျွေးပါရစေ။ ဒီကာလအတွင်း ခင်ဗျားတို့ အများကြီးပင်ပန်းသွားကြပြီ"
"ကောင်းပါပြီ.. သခင်လေးက ကျွန်မတို့ကို အစားအသောက်ကောင်းကောင်း ဒကာခံရမှာပေါ့"
လင်းဝမ်ယိုက ပြုံးလျက် ပြောလိုက်သည်။
ယဲ့ချန်း ကျီလိကားကို မောင်းနှင်လာကြောင်း မြင်သောအခါ ချန်းမင်၏မျက်နှာပေါ်တွင် အထင်သေးလေဟန် အမူအရာ ပေါ်လာသည်။
"ဝမ်ယို... မင်းရဲ့မိတ်ဆွေက ဒီလိုကားစုတ်ကြီးကို မောင်းနေတာလား"
•••••••••••••••••••••••••••••••••