အခန်း ၇၃၈
Vol. 50 Ch. 738
အပိုင်း ၇၃၈ : မင်းကို အမြင်ကျယ်အောင် ခေါ်သွားပေးမယ်
ချန်းမင်က ကျီလိကား၏ ကိုယ်ထည်ကို အထင်သေးလေဟန် အမူအရာဖြင့် ပုတ်လိုက်သည်။
လင်းဝမ်ယိုကို ပထမဆုံးအကြိမ် မြင်ဖူးကတည်းက ချန်းမင် သူ(မ)ကို သဘောကျနေခဲ့သည်။
သို့သော် လင်းဝမ်ယိုက ယဲ့ချန်းနှင့် အလွန်ရင်းနှီးနေကြောင်း သိလိုက်ရသောအခါ သူ အလွန်မကျေမနပ်ဖြစ်သွားသည်။
ထို့ကြောင့် ယဲ့ချန်းကို တမင်သက်သက် အရှက်ခွဲချင်နေခဲ့သည်။
"တကယ်လား.. ဒီကားက တော်တော်ကောင်းပါတယ်"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ချန်းမင်က လှောင်ပြုံးပြုံးလိုက်၏။
"အာ.. ဒီလို စုတ်ပြတ်နေတဲ့ကားကို မစီးရတာ ကြာပြီ။ ငါ ပုံမှန်စီးနေကျကားတွေက အနည်းဆုံးတော့ BMWအဆင့်လောက်မှာ ရှိတယ်"
ထိုသို့ပြောရင်း ချန်းမင်က ယဲ့ချန်း၏ပခုံးကို ပုတ်ကာ ပြောလိုက်၏။
"ညီလေး.. မင်းရဲ့ကျီလိကားက စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးမဝင်ဘူး။ တက္ကစီဆွဲဖို့လောက်ပဲ သင့်တော်တယ်"
"တိုက်ဆိုင်လိုက်တာ... ကျွန်တော်ကလည်း တက္ကစီဆွဲဖို့ ဒီကားကိုသုံးနေတာပဲ"
ယဲ့ချန်း ရယ်မောလိုက်သည်။
ဘေးနားရှိ လင်းဝမ်ယိုမှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားပြီး ပြောလိုက်၏။
"ချန်းမင်... တော်လောက်ပြီ"
ထို့နောက် လင်းဝမ်ယိုက ယဲ့ချန်းကို ပြောလိုက်၏။
"သခင်လေး.. တောင်းပန်ပါတယ်။ သူ ဒီလိုလုပ်မယ်မှန်းသာသိရင် ကျွန်မနဲ့အတူ သူ့ကို လိုက်မလာခိုင်းဘူး"
ယဲ့ချန်းက ပြုံးလျက် ပြန်ပြောလိုက်၏။
"ရပါတယ်။ အားလုံး ကားထဲဝင်ကြတာပေါ့"
ချန်းမင်ကမူ မောက်မာသည့် အမူအရာမျိုး ပြနေဆဲပင်။
"ကောင်းပြီလေ... ဈေးပေါတဲ့ကားကို စီးပြီး ဆင်းရဲသားတွေရဲ့ဘဝကို ခံစားကြည့်ရတာပေါ့"
ကားတံခါးဖွင့်ရင်း ချန်းမင်က ပြောလိုက်သည်။
သို့သော် တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ချန်းမင် အံ့အားသင့်သွားသည်။
သေစမ်း.. ဒါက ကျီလိကားရဲ့ အတွင်းပိုင်း ဟုတ်လို့လား။
ကျီလိကားတွေက ဘယ်အချိန်ကတည်းက ဒီလောက် မိုက်သွားတာလဲ။
ကျီလိကား၏ အတွင်းပိုင်းတစ်ခုလုံးက ဖယ်ရာရီနှင့် လမ်ဘော်ဂီနီကဲ့သို့သော ဇိမ်ခံကားများနှင့် တစ်တန်းတည်းဖြစ်နေသည်။
ကားထဲတွင်မူ ရေခဲသေတ္တာ၊ ဝိုင်သောက်ရန် စားပွဲငယ်တစ်ခုနှင့် LCDတီဗီတစ်လုံးပါ အစုံအလင် တပ်ဆင်ထားသည်။
အတွင်းပိုင်းအပြင်အဆင်မှာ ဇိမ်ခံကားတစ်စီး၏ အပြင်အဆင်မျိုး ဖြစ်နေချေသည်။
ထိုင်ခုံပေါ်တွင် ထိုင်လိုက်သောအခါ နောက်ကျောတွင် နွေးထွေးလာပြီး အပူပေးစနစ်နှင့် နှိပ်နယ်ပေးသည့် လုပ်ဆောင်ချက်များပင် ပါဝင်လေသည်။
ချန်းမင် ချက်ချင်းပင် မှင်တက်သွားလေသည်။
"ညီလေး.. မင်းရဲ့ ဒီကျီလိကားက..."
"ဪ.. အဲဒါ ဝမ်ယို့ကိုပဲ အပြစ်တင်ရမယ်။ သူက တက္ကစီမောင်းရတာ ပင်ပန်းတယ်ဆိုပြီး အတွင်းပိုင်းကို ပြင်ဆင်ဖို့ ယွမ်တစ်သန်းလောက် အကုန်ခံပေးထားတာ"
ချန်းမင် : "..."
ယွမ်တစ်သိန်းပင်မပြည့်သော ကားကို အတွင်းပိုင်းပြင်ဆင်ဖို့ ယွမ်သန်းချီ၍ အကုန်ခံထားသည်မှာ အလွန်ဇိမ်ကျလွန်းလှချေပြီ။
အစောပိုင်းကမှ မောက်မာဝင်ကြွားနေသော ချန်းမင်ခမျာ ချက်ချင်းဆိုသလို မိမိကိုယ်မိမိ ငတုံးတစ်ယောက်လို ခံစားလိုက်ရသည်။
အခြားသူများလည်း အံ့ဩသွားကြသည်။
ဤသည်မှာ တကယ်ဇိမ်ကျလွန်းလှသည်။
အထူးသဖြင့် ချန်းမင်၏မျက်နှာမှာ ပူထူသွားပြီး ပါးရိုက်ခံလိုက်ရသလို ဖြစ်သွားသည်။
ဤလူ၏ကားက အတွင်းပိုင်းလေးတစ်ခုတည်းတင် ယွမ်တစ်သန်းကျော် ကုန်ကျထားသည်ဖြစ်ရာ သူ၏ယွမ်ခုနစ်သောင်းတန် BMWက ဤကားနှင့်ယှဉ်ရင် ဘာဟုတ်တော့မည်နည်း။
ကြွားလုံးထုတ်ရန် ကြိုးစားမှုက ပြောင်းပြန်အကျိုးသက်ရောက်သွားပြီး ချန်းမင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။
ယဲ့ချန်း ကားမောင်းနေစဉ် ထိုနှစ်ယောက်မှာ စကားပြောနေကြသည်။
ဤတစ်ကြိမ်တွင်မူ ချန်းမင် တိတ်ဆိတ်နေချေသည်။
သူ့မျက်နှာအမူအရာမှာ အလွန်ရုပ်ဆိုးနေလေသည်။
သူ ဘယ်လိုတွေးတွေး ကျီလိကားကို မောင်းနှင်နေသော ယဲ့ချန်းက ဤမျှအထိ ချမ်းသာလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
သူ အလွန်စိတ်ပျက်သွားသည်။
ဤတစ်ကြိမ် သူ လင်းဝမ်ယိုနှင့်အတူ လိုက်လာခြင်းမှာ ဤအမျိုးသမီး၏ စိတ်ကို အပိုင်သိမ်းရန်ပင်။
သို့သော် ယခုမူ သူ့အနေနှင့် ဤမျှ ဩဇာညောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်လိုက်ရသည်။
ယဲ့ချန်း ကြိုတင်ဘိုကင်လုပ်ထားသော စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။
စားသောက်ဆိုင်၏ နေရာအနေအထားမှာ ကောင်းမွန်လှသည်။ ဤဆိုင်မှာ မိုတုမြို့ရှိ ထိပ်တန်းကလပ်များထဲမှ တစ်ခုလည်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ လင်းဝမ်ယို၏ မိတ်ဆွေများကို ဖိတ်ကြားရာတွင် ယဲ့ချန်းအနေနှင့် ရက်ရောရန် လိုအပ်ပေသည်။
ကလပ်၏ ဇိမ်ခံအတွင်းပိုင်းအပြင်အဆင်ကြောင့် ချန်းမင် ချက်ချင်းမှင်တက်သွားလေသည်။
ကျန်လူများလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။
သူတို့အနေနှင့် ဤကဲ့သို့သော နေရာမျိုးသို့ လာရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
လင်းဝမ်ယိုက ဆို၏။
"ယဲ့ချန်း.. ဒီနေရာက အရမ်းဈေးကြီးမှာပဲနော်"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"မင်းရဲ့မိတ်ဆွေတွေကို ဖိတ်ထားတာပဲ။ ကုန်ကျစရိတ်ဘယ်လောက်ဖြစ်ဖြစ် မများပါဘူး"
ချန်းမင်က နှာခေါင်းရှုံ့လိုက်လေသည်။
"အပြင်အဆင်ကောင်းတဲ့ ဟိုတယ်တိုင်းက ဈေးကြီးတာတော့ မဟုတ်ပါဘူး။ အပြင်အဆင်ကောင်းတဲ့ နေရာတစ်ခုကို ငါသိတယ်။ အဲဒီမှာ တစ်နပ်စားရင် ယွမ်တစ်သောင်းကျော်ကျတယ်လို့ ကြားတယ်။ တစ်ချိန်ချိန်ကျရင် ဝမ်ယို.. မင်းကို ငါ အဲဒီကိုခေါ်သွားပေးမယ်"
ချန်းမင်၏စကားကို ကြားသောအခါ လင်းဝမ်ယို မျက်မှောင်ကြုတ်လိုက်မိသည်။
သူ(မ)ဘေးရှိ မိန်းကလေးက ရယ်မောလိုက်၏။
"ကောင်းသားပဲ။ ယွမ်တစ်သောင်းတန် အစားအသောက်ကို မြည်းစမ်းကြည့်ကြတာပေါ့"
ချန်းမင်က ကျေနပ်စွာ ပြုံးလိုက်သည်။
"ညီလေးယဲ့.. ဒီည ငါတို့နဲ့ မလိုက်ဘူးလား။ ဒီလောက်ဈေးကြီးတဲ့ စားသောက်ဆိုင်မျိုးကို မင်း ဘယ်တုန်းကမှ ရောက်ဖူးမှာ မဟုတ်ဘူးဆိုတာ ငါ လောင်းရဲတယ်။ မင်း နောက်ပိုင်း ကြွားလို့ရအောင် အမြင်ကျယ်အောင် ငါ ခေါ်ပြပေးမယ်လေ"
ယဲ့ချန်းကမူ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်၏။
"မလိုပါဘူး.. ကျေးဇူးပဲ"
ချန်းမင်က ဆို၏။
"ဒီလောက်မြန်မြန်ကြီး မငြင်းပါနဲ့။ ဒီလိုအခွင့်အရေးမျိုးက ခဏခဏရတာမဟုတ်ဘူးနော်"
ယဲ့ချန်းကမူ ဘာစကားမှမဆိုဘဲ ပြုံးသာပြုံးနေလိုက်သည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ကမန်းကတန်း ရောက်ချလာသည်။
"ဥက္ကဋ္ဌယဲ့.. နောက်ဆုံးတော့ ရောက်လာပြီပဲ။ လူကြီးမင်းအတွက် နံပါတ်တစ်သီးသန့်ခန်းကို ဘိုကင်လုပ်ပေးထားပါတယ်။ ၈၈၈၈၈ယွမ်တန် ပက်ကေ့ချ်ဆိုရင် အဆင်ပြေမလားဗျ"
ယဲ့ချန်းက ဆို၏။
"၁၈၈၈၈၈ယွမ်တန် ပက်ကေ့ချ်ကိုပဲ ယူလိုက်ပါ"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ချန်းမင်နှင့် အခြားမိန်းကလေး၏ အမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။
ယွမ်၁၈၀၀၀၀တန် အစားအသောက်အစုံလိုက်တဲ့လား။
လင်းဝမ်ယိုကမူ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူ(မ)က ယဲ့ချန်း၏ ရပ်တည်မှုနှင့် အဆင့်အတန်းကို သိထားသည်။
သူဧည့်ခံမည့် နေရာက သာမန်မဟုတ်လေရာ ချန်းမင်အနေနှင့် သေချာပေါက် အရှက်ကွဲရပေတော့မည်။
ယဲ့ချန်း၏အမြင်တွင် ချန်းမင်က ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။
ယဲ့ချန်း ရယ်မောလိုက်သည်။
"ဥက္ကဋ္ဌစွန်း.. လမ်းပြပေးပါဦး"
သူတို့တစ်သိုက်လည်း မန်နေဂျာ၏ နောက်ကလိုက်၍ စကျင်ကျောက်စင်္ကြံလမ်းအတိုင်း သီးသန့်ခန်းဆီသို့ သွားခဲ့ကြသည်။
ချန်းမင်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။
အစောပိုင်းကမှ သူသည် ယဲ့ချန်းကို ယွမ်တစ်သောင်းတန် စားသောက်ဆိုင်သို့ ခေါ်သွားမည်ဟု ကြွားဝါနေခဲ့သော်လည်း ယခုမူ ယဲ့ချန်းက ၁၈၈၈၈၈ယွမ်တန် အစားအသောက်များကို မှာယူနေလေရာ ကွာခြားချက်က ဤမျှကြီးမားလှသည်။
ချန်းမင်၏မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးသွားလေသည်။
သူတို့အဖွဲ့လည်း ခမ်းနားစွာ ပြင်ဆင်ထားသော စင်္ကြံရှည်ကြီးတစ်လျှောက် မန်နေဂျာနောက်က လိုက်ပါသွားသည်။
သလင်းကျောက်မီးဆိုင်းများနှင့်အတူ နံရံထက်တွင်လည်း နာမည်ကြီးပန်းချီကားများကို ချိတ်ဆွဲထားလေသည်။
ယဲ့ချန်းကို အမြင်ကျယ်အောင် လိုက်ပြမည်ဟူသည့် သူ့စကားများကို ပြန်တွေးမိပြီး ချန်းမင်၏ မျက်နှာမှာ နီရဲသွားသည်။
သူ့ကို အမြင်ကျယ်အောင် ပြသနေသူမှာ ယဲ့ချန်း ဖြစ်နေလေသည်။
စားသောက်ဆိုင်သို့ ရောက်လာပြီးနောက် လူတိုင်း နေရာယူလိုက်ကြသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ဒါနဲ့.. ခင်ဗျားတို့အားလုံး ဝိုင်သောက်လား"
ဝိုင်အကြောင်း ပြောလာသောအခါ ချန်းမင် တက်ကြွလာပြန်သည်။
"ဒီမှာ ရိုမန့်တစ်ဝိုင် ရှိလား။ အဲဒါက ဝိုင်နီတွေရဲ့ ဘုရင်ပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါ့ဆွေမျိုးတစ်ယောက် နိုင်ငံခြားကနေ တစ်ပုလင်းယူလာခဲ့ဖူးတယ်။ ဆယ်နှစ်သက်တမ်းရှိတဲ့ ဝိုင်တစ်ပုလင်းကို ယွမ်ရှစ်ထောင်ကိုးထောင်လောက် တန်တယ်လို့ ပြောတာပဲ"
ထိုသို့ပြောရင်း ချန်းမင်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အမူအရာ ပေါ်လာသည်။
"အဲဒီဝိုင်ရဲ့အရသာက တကယ်ကောင်းတာ။ ပုံမှန်ဝိုင်နီတွေနဲ့ လုံးဝကွာတယ်"
ချန်းမင် ကြွားလုံးထုတ်နေပြန်သည်။
ယဲ့ချန်း၏ မျက်နှာပေါ်တွင် အားကျသည့် အမူအရာကို သူ မြင်ချင်နေသည်။
သို့သော် သူ့မျှော်လင့်ချက်နှင့် ဆန့်ကျင်စွာ ယဲ့ချန်း၏အမူအရာမှာ ခံစားချက်ကင်းမဲ့နေဆဲပင်။
ထိုအချိန်တွင် သီးသန့်ခန်းတံခါး ပွင့်လာခဲ့သည်။
ကတုံးပြောင်ပြောင်လူတစ်ယောက်က စားပွဲထိုးသုံးယောက်နှင့်အတူ ဝင်လာခဲ့သည်။
"မင်္ဂလာပါ မစ္စတာယဲ့"
ကတုံးပြောင်ပြောင်လူ၏ မျက်နှာတွင် လေးစားသည့်အမူအရာတစ်ခု ရှိနေသည်။
ယဲ့ချန်း ခဏရပ်သွားသည်။
"ခင်ဗျားက ဘယ်သူလဲ"
"မစ္စတာယဲ့.. ကျွန်တော်က ဒီကလပ်ရဲ့ ပိုင်ရှင်ပါ။ လူကြီးမင်း ရောက်လာတယ်လို့ မန်နေဂျာဆီက ကြားလိုက်ရလို့ ကိုယ်တိုင်လာတွေ့ချင်လို့ပါ"
ယဲ့ချန်း နောက်ဆုံးတွင် နားလည်သွားသည်။ ဤလူက သူ မည်သူမည်ဝါဖြစ်ကြောင်း သိသဖြင့် အဆက်အသွယ် ရယူလိုခြင်းဖြစ်ရမည်။
ယခုမူ ယဲ့ချန်းလည်း သူ့ကို မှတ်မိသွားသည်။ တစ်ခါက သူဌေးကြီးများ၏ တွေ့ဆုံပွဲတစ်ခုတွင် ဤကတုံးပြောင်ပြောင်လူက သူနှင့်အတူ အရက်သောက်ခဲ့ဖူးသလိုလိုပင်။
သို့သော် ယဲ့ချန်း၏ အဆင့်အတန်းကြောင့် စကားပြောရန် အခွင့်အရေး သိပ်မရခဲ့သဖြင့် အရက်သောက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ကတုံးပြောင်ပြောင်လူက ပြောလိုက်သည်။
"ကျွန်တော် ကျန်းဝမ်ပါ။ မစ္စတာယဲ့.. ကျွန်တော်တို့ဆီ လာသောက်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီ အနှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ ရိုမန့်တစ်ဝိုင်နီပုလင်းက လူကြီးမင်းအတွက် ကျွန်တော့်ရဲ့ လက်ဆောင်ပါ"
"ဘာ.. အနှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ ရိုမန့်တစ် ဝိုင်နီတဲ့လား"
မန်နေဂျာ၏ စကားကို ကြားသောအခါ ချန်းမင် မှင်တက်သွားလေသည်။
သူ့ဘေးရှိ မိန်းကလေးက မေးလိုက်၏။
"ချန်းမင်.. အနှစ်နှစ်ဆယ်နဲ့ ဆယ်နှစ်ကြားမှာ ဘာကွာလဲ"
ချန်းမင်က ခါးသက်သက်ပြုံးလိုက်သည်။
"အများကြီး ကွာတာပေါ့။ ဆယ်နှစ်သက်တမ်းက ယွမ်ရှစ်ထောင်ကိုးထောင်လောက်ရှိပြီး အနှစ်နှစ်ဆယ်သက်တမ်းက ယွမ်သုံးသောင်းလောက် ရှိတယ်"
ယွမ်နှစ်သောင်းတဲ့လား။
ချန်းမင်၏စကားကို ကြားသောအခါ ထိုမိန်းကလေးလည်း အံ့အားသင့်သွားပြီး ပါးစပ်ကို အုပ်ထားလိုက်မိသည်။
ချန်းမင် စကားပင် မပြောနိုင်တော့ပေ။ ယဲ့ချန်း၏နောက်ခံက ဘာများလဲ။ အနှစ်နှစ်ဆယ်သက်တမ်းရှိသည့် ရိုမန့်တစ်ဝိုင်နီတစ်ပုလင်းကို လက်ဆောင်ပေးခံရသည့် အဆင့်တဲ့လား။
ယခင်က သူ့မှာ ဤဝိုင်ကိုသောက်ရန် အခွင့်အရေးပင် မရခဲ့ဖူးပေ။
•••••••••••••••••••••••