← Chapters

အခန်း ၇၄၂

Vol. 50 Ch. 742

အခန်း ၇၄၂

Vol. 50 Ch. 742

အပိုင်း ၇၄၂ : အခုထိ ဖုန်းမကိုင်သေးပါဘူး

နောက်တစ်နေ့ ယဲ့ချန်း အိပ်ရာနိုးလာသောအခါ မွန်းတည့်ချိန်ပင် ရောက်နေလေပြီ။

ယဲ့ချန်း တွေးလိုက်မိသည်။

"ဒုက္ခပဲ။ အရင်က ဒီလောက်နောက်ကျတဲ့အထိ အိပ်ရာမထဘဲ နေဖူးတာမဟုတ်ဘူး"

သူလည်း အိပ်ရာထဲက ကမန်းကတန်းထပြီး မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် အိမ်ထဲက ကမူးရှူးထိုး ပြေးထွက်လာခဲ့လိုက်သည်။

ပါဆယ်ပို့သည့်ဂိတ်တွင် ကျန်းတာ့ဖူက နားမလည်နိုင်လေဟန် အမူအရာဖြင့် အပြင်ဘက်သို့ လှမ်းကြည့်ရင်း ယဲ့ချန်း သည်လောက်အထိနောက်ကျနေခြင်းမှာ ထူးဆန်းသည်ဟု တွေးနေမိသည်။ ဤသည်မှာ ယဲ့ချန်း၏ပုံစံမျိုး မဟုတ်ပေ။

ဝန်ထမ်းများထဲတွင် ကျန်းတာ့ဖူကလွဲလျှင် ယဲ့ချန်းက နေ့တိုင်း အစောဆုံးရောက်တတ်သူ ဖြစ်သောကြောင့်ပင်။

ယဲ့ချန်း နောက်ကျနေသည့်အတွက် ကျန်းတာ့ဖူ ဒေါသမထွက်ပါချေ။ ယဲ့ချန်းထံတွင် ငွေကြေးအပိုအလျှံရှိပြီး အလုပ်ကိုလည်း ကြိုးကြိုးစားစားလုပ်ကိုင်ကြောင်း သူသိသည်။

သို့သော် ယဲ့ချန်းထံသို့ သူ အကြိမ်ကြိမ်ဖုန်းဆက်ပါသော်ငြား ဖုန်းမကိုင်ပေ။

ထိုအချိန်တွင် ကားတန်းတစ်တန်းက အဝေးတစ်နေရာမှ ချဉ်းကပ်လာလေသည်။ ဤသည်မှာ ထူးချွန်ဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုရန် ရုံးချုပ်က စေလွှတ်လိုက်သော လူများဖြစ်ကြောင်း ကျန်းတာ့ဖူ သိလိုက်သည်။

ယဲ့ချန်းသည် အမြဲတမ်း စောစောလာတတ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကလည်း ကောင်းမွန်သောကြောင့် မနေ့က ရုံးချုပ်က အကြောင်းကြားစာပို့ထားသည်။

ကျန်းတာ့ဖူမှာ ကြိုတင်ဖုန်းမဆက်ထားသော်လည်း ယနေ့ ယဲ့ချန်း ရောက်မလာသေးဘဲ ရှိမည်ဟု ထင်မထားပေ။

ထူးချွန်ဝန်ထမ်းက အလုပ်နောက်ကျနေကြောင်း ရုံးချုပ်က သိသွားပါက ရှက်စရာကောင်းလိမ့်မည်မဟုတ်လော။

ကျန်းတာ့ဖူ၏ နဖူးထက်တွင် ချွေးသီးချွေးပေါက်များ ကျလာပြီး ကားထဲရှိ လူများ ထွက်လာသည်ကို မြင်သောအခါ သူတို့ကို နှုတ်ဆက်ရန် အပြေးသွားလိုက်သည်။

"မန်နေဂျာလု.. ကျွန်တော်တို့ဆိုင်က ကြိုဆိုပါတယ်"

ကျန်းတာ့ဖူလည်း တရိုတသေပြောလိုက်လေသည်။

ကျန်းတာ့ဖူ၏ နဖူးထက်တွင် ချွေးများရွှဲနေသည်ကို မြင်သောအခါ မန်နေဂျာလုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"တာ့ဖူ.. နေမကောင်းဘူးလား။ ဘာလို့ ချွေးတွေ ဒီလောက်တောင်ထွက်နေတာလဲ"

"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် မန်နေဂျာလု.. ကျွန်တော် ဘာမှမဖြစ်ပါဘူး။ အရမ်းပူလို့ပါ"

ကျန်းတာ့ဖူကလည်း အမြန်ရှင်းပြလိုက်ရသည်။

သူက စကားပြောရင်း မန်နေဂျာလုကို ရုံးခန်းထဲသို့ ခေါ်သွားပြီး လက်ဖက်ရည်နှင့် ရေတို့ ပြင်ဆင်ထားရန် လူတစ်ယောက်ကို ခိုင်းလိုက်သည်။

"တာ့ဖူ… ဒီလောက်အထိ အားနာနေစရာမလိုပါဘူး။ ဒီနေ့ ကျွန်တော်တို့လာတာက ထူးချွန်ဝန်ထမ်းတချို့ကို အသိအမှတ်ပြုပေးဖို့ပါ။ သုံးယောက်စလုံး ဆိုင်မှာရှိတယ်မလား"

မန်နေဂျာလုက လိုရင်းကိုသာ ပြောလိုက်လေသည်။

"ဟုတ်ကဲ့။ ရုံးချုပ်ဘက်က လာမယ့်အကြောင်း မနေ့ကတည်းက သူတို့ကို အကြောင်းကြားထားလို့ အားလုံးရှိပါတယ်"

ကျန်းတာ့ဖူလည်း ပြန်ပြောလိုက်၏။

ထို့နောက် သူက ပြင်ဆင်ထားသော လက်ဖက်ရည်ကို မန်နေဂျာလုထံ ကမ်းပေးလိုက်သည်။

"မန်နေဂျာလု.. ခင်ဗျား ခရီးပန်းလာရောပေါ့။ ရေလေးသောက်လိုက်ပါဦး"

ယဲ့ချန်းပေါ်မလာသေးသောကြောင့် အချိန်ဆွဲရန်အတွက် သူ ယခုလိုလုပ်နေခြင်းပင်။

ထူးချွန်ဝန်ထမ်းတစ်ယောက်က အလုပ်နောက်ကျသည်ဟုသာ သတင်းပေါက်ကြားသွားလျှင် သူ့သိက္ခာကို ဘယ်မှာသွားထားရတော့မည်နည်း။

မန်နေဂျာလုက ယဉ်ကျေးစွာ ဆိုလိုက်သည်။

"မလိုပါဘူးဗျာ။ ခဏနေရင် တခြားဆိုင်တွေကို သွားရဦးမယ်။ အချိန်ဆွဲမနေပါနဲ့တော့။ အဲဒီထူးချွန်ဝန်ထမ်းသုံးယောက်ကိုသာ ခေါ်လိုက်ပါ"

ထိုစကားကို ကြားသောအခါ ကျန်းတာ့ဖူတစ်ယောက် ချွေးစေးများပင် ထွက်လာသည်။ ယဲ့ချန်းကို အရိပ်အယောင်တောင် မမြင်ရသေးပေ။ သူ့အနေနှင့် သုံးယောက်ပြည့်အောင် မည်သို့ဖန်ဆင်းပေးရမည်နည်း။

ကျန်းတာ့ဖူ၏ အခက်တွေ့နေလေဟန် အမူအရာကို သတိထားမိသဖြင့် မန်နေဂျာလုက မေးလိုက်လေသည်။

"တာ့ဖူ… ပြဿနာတစ်ခုခုရှိလို့လား"

"မရှိပါဘူး။ ဘာပြဿနာမှမရှိပါဘူး။ အခုချက်ချင်း သူတို့ကို သွားခေါ်လိုက်ပါ့မယ်"

ကျန်းတာ့ဖူလည်း ထွက်သွားရန် ပြင်လိုက်သည်။

ထောက်ပံ့ပို့ဆောင်ရေး တာဝန်ခံကောင်မလေး ဝမ်ကျားကို မြင်လိုက်ရသောအခါ သူ အလောတကြီး ပြောလိုက်လေသည်။

"ရှောင်ကျား.. ယဲ့ချန်းဆီကို အမြန်ဖုန်းဆက်ပြီး ဆိုင်ကို မြန်မြန်လာခဲ့လို့ ပြောလိုက်စမ်း"

ထိုသို့ပြောပြီးသည်နှင့် ဆိုင်ထဲတွင် စောင့်နေကြသော ထူးချွန်ဝန်ထမ်းနှစ်ယောက်ဖြစ်သည့် ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့ကို ရုံးခန်းထဲသို့ ခေါ်သွားလိုက်သည်။

ထူးချွန်ဝန်ထမ်းများ ဝင်လာသည်ကို မြင်သောအခါ မန်နေဂျာလုက ကျေးဇူးတင်စကားဆိုလေသည်။

"ဒီနေ့ ငါတို့လာရတာက ထူးချွန်ဝန်ထမ်းတွေကို ဂုဏ်ပြုချီးကျူးဖို့ပါ။ မင်းတို့တွေ ရာသီဥတုမရွေး ကြိုးစားအားထုတ်ပေးလို့သာ ကုမ္ပဏီက ကြီးမားတဲ့အောင်မြင်မှုတွေကို ရခဲ့တာ။ မင်းတို့က ကုမ္ပဏီရဲ့စံပြပါပဲ။ မင်းတို့…"

မန်နေဂျာလုက စကားပြောရင်း ရုတ်တရက်ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

အစပိုင်းတွင် ကျန်းတာ့ဖူက ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့ကို ခေါ်လာစဉ်က မန်နေဂျာလု ဘာမှမပြောခဲ့ပေ။ ထို့ကြောင့် သည်အတိုင်းကျော်သွားနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ယခုမူ မန်နေဂျာလုက စကားပြောရင်း ရပ်သွားသောကြောင့် သူ သတိထားမိသွားပြီဖြစ်ကြောင်း ထင်ရှားလှသည်။

"တာ့ဖူ.. ဒီမှာ နှစ်ယောက်ပဲရှိပါလား။ ငါက မျက်စိမှုန်ချင်မှုန်မယ်။ ဒါပေမဲ့ ဂဏန်းတော့ ရေတွက်တတ်ပါသေးတယ်"

တင်းမာနေသော အခြေအနေကို လျှော့ချရန်အတွက် မန်နေဂျာလုက နောက်လိုက်လေသည်။

ကျန်းတာ့ဖူကတော့ စိုးရိမ်နေဟန်အမူအရာဖြင့် ပြောလိုက်၏။

"မန်နေဂျာလု.. ကျွန်တော်တို့ရဲ့ အတော်ဆုံးဝန်ထမ်းက အရင်က တစ်ခါမှနောက်မကျဖူးပါဘူး။ ဒီနေ့ကျမှ ဘယ်လိုဖြစ်သလဲတော့မသိဘူး"

မန်နေဂျာလု စိတ်ဆိုးသွားမည်စိုးသဖြင့် သူ့ခမျာ ချွေးသုတ်ရင်း ရှင်းပြရလေသည်။

"ဪ ရပါတယ်။ သူ့ကို ဖုန်းဆက်ပြီးပြီလား"

မန်နေဂျာလုက သဘောကောင်းကောင်းဖြင့် မေးလိုက်သည်။

"ဆက်ပါတယ်။ ဒါပေမဲ့ မကိုင်ဘူးဗျ"

ကျန်းတာ့ဖူက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

ပါဆယ်ပို့သည့်လုပ်ငန်းတွင် ပြိုင်ဆိုင်မှုပြင်းထန်ကြောင်းနှင့် ယခုလိုကြိုးစားအားထုတ်၍ စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများမှာ ကုမ္ပဏီအတွက် တန်ဖိုးရှိပြီး ပိုမိုကောင်းမွန်သော အခွင့်အရေးများ ရသင့်ကြောင်း မန်နေဂျာလု ကောင်းကောင်းနားလည်သည်။

သူလည်း ထူးချွန်ဝန်ထမ်းနှစ်ယောက်ကို ပြုံးပြလိုက်သည်။

"နောင်ကျရင် ကုမ္ပဏီက မင်းတို့ရဲ့ခံစားခွင့်တွေကို တိုးမြှင့်ပေးပြီး ထောက်ပံ့ကြေးမျိုးစုံလည်း ပိုပေးမှာပါ။ အလုပ်နဲ့ အနားယူတာကို မျှတအောင်ထားရမယ်နော်။ အလုပ်တွေ အရမ်းလုပ်လွန်းရင် ကုမ္ပဏီအတွက် နစ်နာလိမ့်မယ်။ ပူပြင်းတဲ့ရာသီဥတုမှာ အပူဒဏ်ခံနိုင်အောင် ဂရုစိုက်ဖို့နဲ့ သက်သောင့်သက်သာနေဖို့ သတိရပါ။ နေမကောင်းရင်လည်း ဇွတ်အတင်းမလုပ်ပါနဲ့"

မန်နေဂျာလု၏ နွေးထွေးလှသော အကြံပေးစကားကို ကြားလိုက်ရသောအခါ ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့လည်း မျက်ရည်ဝဲလုမတတ် စိတ်လှုပ်ရှားသွားကြသည်။

"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် မန်နေဂျာလု.. ကျွန်တော်တို့ ကုမ္ပဏီရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ပိုကြိုးစားပါ့မယ်"

တကယ်တမ်းတွင် ဤသည်မှာ ကျန်းတာ့ဖူ သူတို့ကို ကြိုသင်ပေးထားသော စကားများဖြစ်သော်လည်း မန်နေဂျာလုကတော့ ပြုံးပြုံးကြီး ခေါင်းညိတ်ပြလေသည်။

ထို့နောက် သူက ကျန်းတာ့ဖူကို ကြည့်၍ မေးလိုက်သည်။

"တာ့ဖူ.. ဘာလို့ဖုန်းမဆက်သေးတာလဲ"

"ခင်ဗျား ဒီမှာရှိနေတာကို ကျွန်တော်က ဘယ်လိုလုပ်ဖုန်းဆက်ရဲမှာလဲ"

ကျန်းတာ့ဖူလည်း စိတ်ထဲတွင် ထိုသို့တွေးလိုက်မိသည်။

"ဆက်လေ"

ကျန်းတာ့ဖူခမျာ မတရားခံရသလို ခံစားရသော်ငြား အိတ်ကပ်ထဲမှ ဖုန်းထုတ်လိုက်သည်။

ယဲ့ချန်း၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်ချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။

"အဘိုး.. အဘိုးရဲ့မြေးလေး ခေါ်နေတယ်လေ.. အဘိုး.. အဘိုးရဲ့မြေးလေး ခေါ်နေတယ်.."

ကျန်းတာ့ဖူခမျာ ဒေါသကိုမျိုသိပ်ရင်း ထိုအသံကို နားထောင်နေရသည်။

"အဘိုးတဲ့။ သေစမ်း.. ဘာလို့ ဖုန်းကို မြန်မြန်မကိုင်ရတာလဲ"

သို့သော် ဖုန်းက ဝင်နေဆဲပင်။ မည်သူမှ မကိုင်သေးပေ။

မန်နေဂျာလုက ထူးချွန်ဝန်ထမ်းနှစ်ယောက်နှင့် စကားပြောနေသည်ကို ကြည့်ရင်း ကျန်းတာ့ဖူခမျာ ဖုန်းကိုင်လျက် မတ်တတ်ရပ်ကာ မန်နေဂျာလုမှာ အသက်ကြီးပြီဖြစ်၍ မှတ်ဉာဏ်မကောင်းတော့ကြောင်း တွေးလိုက်မိသည်။

မန်နေဂျာလုက စကားပြောနေရင်း တစ်ဝက်တစ်ပျက်နှင့် သူပြောခဲ့သည့်စကားများကိုပင် မကြာခဏမေ့သွားတတ်ကြောင်း အခြားဂိတ်မှူးများထံမှ သူ ကြားဖူးသည်။

ယနေ့လည်း ဝန်ထမ်းများနှင့် စကားပြောရင်း ယဲ့ချန်းအကြောင်း မေ့သွားလောက်သည်။

အတန်ကြာသော် မန်နေဂျာလုက ရုတ်တရက် ရယ်မောလိုက်၏။

"မင်းတို့လူငယ်တွေနဲ့ စကားပြောရတာကို သိပ်သဘောကျတာပဲကွာ။ ငါ့ကိုယ်ငါ အများကြီးပြန်ငယ်သွားသလို ခံစားရတယ်။ ပြီးတော့ မင်းတို့ရဲ့အကြံပြုချက်တွေကလည်း ကုမ္ပဏီရဲ့တိုးတက်ရေးအတွက် အရမ်းအထောက်အကူဖြစ်တယ်"

သူက ဆက်ပြောလေသည်။

"ကုမ္ပဏီက မင်းတို့လို ရည်မှန်းချက်ကြီးတဲ့ လူငယ်ပါရမီရှင်တွေကို လိုအပ်တယ်။ မင်းတို့က ကုမ္ပဏီရဲ့အနာဂတ်ပဲ"

သူတို့ အဆင်ပြေနေကြသည်ကို မြင်သော် ကျန်းတာ့ဖူ၏အမူအရာလည်း အနည်းငယ်ပြေလျော့သွားပြီး သက်ပြင်းတစ်ချက်ချလိုက်နိုင်သည်။

ပြဿနာပြီးသွားပြီဟု သူ ထင်လိုက်မိသည့် အချိန်မှာပင် မန်နေဂျာလုက သူရှိရာသို့ ရုတ်တရက်လှမ်းကြည့်လာပြီး မေးလေသည်။

"ဖုန်းခေါ်လို့ရပြီလား"

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းတာ့ဖူ၏ နဖူးထက်တွင် ချွေးစေးများ ထပ်ထွက်လာသည်။

"မန်နေဂျာလု.. ကျွန်တော် ခဏခဏဆက်ကြည့်ပါတယ်။ ဒါပေမဲ့ မကိုင်ဘူးဗျ"

••••••••••••••••••••••

All Chapters