← Chapters

အခန်း ၇၄၃

Vol. 50 Ch. 743

အခန်း ၇၄၃

Vol. 50 Ch. 743

အပိုင်း ၇၄၃ : အတုယူစရာ စံပြပုဂ္ဂိုလ်

မန်နေဂျာလုက ပြုံးလျက် ပြောလိုက်၏။

"ဪ... သူ လာနေတုန်းဖြစ်မှာပါ။ ရပါတယ်။ ကျွန်တော်တို့ နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် သူက အတော်ဆုံးထူးချွန်ဝန်ထမ်းပဲလေ။ ဒီနေ့တော့ သူ့ကို မဖြစ်မနေတွေ့ရမှာပေါ့"

အစတုန်းက ဖုန်းမကိုင်ကြောင်း သိရလျှင် မန်နေဂျာလုက နောက်မှ တစ်ခေါက်ပြန်လာခဲ့မည်ဟု ပြောလိမ့်မည်ဟု ကျန်းတာ့ဖူ ထင်ထားခဲ့သည်။

သို့သော် မန်နေဂျာလု၏ စကားကို ကြားလိုက်ရသောအခါ သူ့ရင်ထဲတွင် ဗြောင်းဆန်သွားတော့သည်။

အကယ်၍ ယဲ့ချန်းသာ တစ်နေ့လုံး ပေါ်မလာခဲ့လျှင် ရုံးချုပ်က သူ့ကို စီမံခန့်ခွဲမှုအရည်အချင်းမရှိဟု ယူဆသွားမည်ဖြစ်ပြီး သူ့အလုပ်အကိုင်ကိုပါ ထိခိုက်လာနိုင်သည်ဟု ကျန်းတာ့ဖူ တွေးပူမိသည်။

ဤသို့တွေးနေစဉ်မှာပင် အပြင်ဘက်မှ ဆိုင်ကယ်အင်ဂျင်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ယဲ့ချန်းက ထိုယာဉ်ကို ရပ်လိုက်ပြီး ဆိုင်ဘက်သို့ လျှောက်လာခဲ့သည်။

ပါးစပ်ထဲတွင် အီကြာကွေးကို ကိုက်ထားပြီး လက်တစ်ဖက်က ပဲနို့ကိုကိုင်လျက် ယဲ့ချန်းတစ်ယောက် အေးအေးလူလူ လမ်းလျှောက်လာလေသည်။

ဆိုင်ထဲသို့ဝင်လာစဉ် ယဲ့ချန်းကို မြင်လိုက်ရသော ဝမ်ကျားက ပြောလိုက်၏။

"အစ်ကိုယဲ့... ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ။ မန်နေဂျာကျန်းက အစ်ကို့ကို စောင့်နေတာ"

"သူက ငါ့ကို ဘာလို့စောင့်နေရတာလဲ"

ပါးစပ်ထဲမှ အစားအသောက်များကို မျိုချရင်း ယဲ့ချန်းက မေးလိုက်သည်။

"ရုံးချုပ်က ထူးချွန်ဝန်ထမ်းတွေကို ဂုဏ်ပြုဖို့ လူတွေလွှတ်လိုက်တာလေ။ ကျွန်မတို့ အစ်ကို့ကို ခဏခဏ ဖုန်းဆက်ပေမဲ့ မကိုင်ဘူး"

ဝမ်ကျားက အလောတကြီး ပြန်ဖြေလိုက်သည်။

"ဪ ရှောင်ကျား... ဒီပဲနို့က နင့်အတွက်။ ငါ တော်တော်ကြာအောင် တန်းစီပြီး ဝယ်လာရတာ"

ထိုသို့ပြောရင်း ယဲ့ချန်းက ပဲနို့ကို စားပွဲပေါ် တင်ပေးလိုက်ပြီး ရုံးခန်းဘက်သို့ လျှောက်သွားသည်။

ဝမ်ကျားကမူ သူ့ကိုတားရန် မတ်တတ်ထရပ်လိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။

ထိုအချိန်တွင် ယဲ့ချန်း ဝင်သွားခြင်းမှာ ထောင်ချောက်ထဲသို့ တိုးဝင်သွားခြင်း မဟုတ်ပါလော။

ဝမ်ကျားခမျာ အစ်ကိုယဲ့၏ သတ္တိကို မလေးစားဘဲ မနေနိုင်တော့ပေ။ တခြားဝန်ထမ်းတစ်ယောက်သာဆိုလျှင် ကြောက်လန့်ပြီး တုန်ယင်နေလောက်လေပြီ။

သို့သော် ယဲ့ချန်းက ကြောက်လန့်မနေသည့်အပြင် ရုံးခန်းထဲကိုပင် ဇွတ်အတင်းဝင်သွားသည်။

လက်ထဲတွင် အီကြာကွေးကိုကိုင်ကာ အစားအသောက်များကို ဝါးရင်း ဝင်လာသော ယဲ့ချန်းကို မြင်သောအခါ ကျန်းတာ့ဖူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

"ယဲ့ချန်း... အခု ဘယ်အချိန်ရှိပြီလဲ မင်းသိရဲ့လား။ ရုံးချုပ်က ထူးချွန်ဝန်ထမ်းတွေကို ဂုဏ်ပြုဖို့ ရောက်နေတာ။ မန်နေဂျာလုက မင်းကို စောင့်နေတာ တော်တော်ကြာနေပြီ။ မနေ့ကတည်းက ငါ မင်းကို အကြောင်းကြားထားတယ်မလား"

ယဲ့ချန်း ဇဝေဇဝါ ဖြစ်သွားသည်။ ကျန်းတာ့ဖူက သူ့ကို ဘယ်တုန်းက အကြောင်းကြားခဲ့လို့လဲ။ သူ လုံးဝမမှတ်မိပေ။

သို့သော် ကျန်းတာ့ဖူက သူ့အပေါ် ပုံမှန်လည်း ကောင်းမွန်စွာ ဆက်ဆံလေ့ရှိသောကြောင့် ယဲ့ချန်း သူ့ကို ဖော်ကောင်မလုပ်လိုက်ပေ။

ယဲ့ချန်း ဘာမှပြန်မပြောသည်ကို မြင်သောအခါ ကျန်းတာ့ဖူ သက်ပြင်းတစ်ချက် ချနိုင်သွားသည်။

"ယဲ့ချန်း... မင်း ဘာလို့ ဒီနေရာရောက်တဲ့အထိ စားနေရသေးတာလဲ"

ကျန်းတာ့ဖူက ဒေါသတကြီး မေးလိုက်ပြန်သည်။

"ဪ မန်နေဂျာ... ဒါ ကျွန်တော့်မနက်စာလေ။ ခင်ဗျား စားပြီးပြီလား။ ကျွန်တော် နည်းနည်း ခွဲပေးရမလား..."

ယဲ့ချန်းက အိတ်ကို ကျန်းတာ့ဖူရှေ့သို့ တိုးပေးလိုက်သည်။

"နေ့လယ်စာစားရမယ့် အချိန်တောင် ရောက်နေပြီ။ မင်းက မနက်စာစားနေတုန်းလား"

ယဲ့ချန်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ ပြောလိုက်၏။

"မနေ့က နောက်ဆုံးပါဆယ်ပို့ပြီးတော့ မိုးချုပ်သွားတာရယ်။ အိမ်မှာလည်း ကိစ္စလေးတွေ ရှိနေတာနဲ့ အိပ်တာနောက်ကျသွားလို့ အခုမှပဲ..."

"မန်နေဂျာလုရှေ့မှာ ဆင်ခြေတွေ လာပေးမနေနဲ့။ မင်းနောက်ကျတာ အသိသာကြီး"

ကျန်းတာ့ဖူက ယဲ့ချန်းကို မျက်စောင်းထိုးကြည့်ရင်း ပြောလိုက်သည်။

"တာ့ဖူ... ဝန်ထမ်းတစ်ယောက်ကို ဘယ်လိုတွေ သွားပြောနေတာလဲ"

မန်နေဂျာလုနှင့် ဝန်ထမ်းနှစ်ယောက်မှာ သူတို့၏ စကားဝိုင်းကို ရပ်တန့်လိုက်ပြီး ကျန်းတာ့ဖူဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

"မဟုတ်ပါဘူး မန်နေဂျာလု.. သူ့ကိုလည်း ကြည့်ပါဦး..."

"သူက ဘာဖြစ်လို့လဲ"

မန်နေဂျာလုက ကျန်းတာ့ဖူကို စိုက်ကြည့်လိုက်ပြီးနောက် ထိုင်နေရာမှ မတ်တတ်ထရပ်ကာ ယဲ့ချန်းထံသို့ လျှောက်သွားသည်။ ထို့နောက် ပြုံးရွှင်သော မျက်နှာဖြင့် လက်လှမ်းပေးလိုက်၏။

"မစ္စတာယဲ့... ထူးချွန်ဝန်ထမ်းအဖြစ် ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကုမ္ပဏီမှာ မင်းလို ဝန်ထမ်းမျိုးရှိတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ တကယ် ဝမ်းသာမိပါတယ်။ ကုမ္ပဏီနဲ့ပတ်သက်ပြီး အကြံပြုချက်တွေများ ရှိမလား။ ပြီးတော့..."

အကြောင်းတစ်ခုခုကြောင့် မန်နေဂျာလု၏ စကားများ ထပ်မံရပ်တန့်သွားသည်။ သူ ယဲ့ချန်းကို မျက်လုံးအပြူးသားဖြင့် အသေအချာ အကဲခတ်လိုက်သည်။

"ဒီမှာ အစစအရာရာအဆင်ပြေရဲ့လား။ တစ်ခုခု အဆင်မပြေတာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ"

ယဲ့ချန်းက သူ့အဆင့်အတန်းကို ဖွင့်မပြောရန် မျက်စိမှိတ်ပြကာ အချက်ပြလိုက်သည်။

ခပ်လှမ်းလှမ်းတွင် ရှိနေစဉ်က မန်နေဂျာလု မြင်လိုက်ရသည်မှာ အမြန်ချောပို့ယူနီဖောင်း ဝတ်ဆင်ထားသော လူငယ်တစ်ဦးမျှသာ။

ယခု အနားရောက်မှ သေချာကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် ရပ်နေသူမှာ ကုမ္ပဏီ၏ ဥက္ကဋ္ဌအသစ် ဥက္ကဋ္ဌယဲ့ဖြစ်နေကြောင်း သဘောပေါက်သွားလေသည်။

ထိုသို့သော အဆင့်အတန်းမျိုးရှိသည့် ယဲ့ချန်းက ပါဆယ်များ လိုက်ပို့နေလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။

ယဲ့ချန်းက လက်ပြန်မကမ်းပေးဘဲ သည်အတိုင်းသာ ရပ်နေလိုက်သည်။

ကုမ္ပဏီအမှုဆောင်အရာရှိများနှင့် လက်ဆွဲနှုတ်ဆက်ခွင့်ရခြင်းမှာ ဂုဏ်ယူစရာဖြစ်ပြီး ဤသည်ကပင် ဝန်ထမ်းများ၏ အိပ်မက်ဖြစ်ကြောင်း သိထားသောကြောင့် ဤမြင်ကွင်းကို မြင်လိုက်ရသော ကျန်းတာ့ဖူလည်း အံ့အားသင့်သွားလေသည်။

သူတို့နှင့်အတူ ပါလာသော အခြားခေါင်းဆောင်များလည်း ကြောင်အမ်းသွားကြသည်။ မန်နေဂျာလုက သာမန်ဝန်ထမ်းတစ်ယောက်ကို ဘာကြောင့် ကိုယ်တိုင်ဦးဆောင်ပြီး လက်ဆွဲနှုတ်ဆက်နေရလေသလဲ။ ထိုမျှမက အရိုအသေတောင် ပေးနေသေးသည်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"အကုန်အဆင်ပြေပါတယ်"

"ခင်ဗျားအတွက် အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ။ တစ်ခုခု အဆင်မပြေတာရှိရင်လည်း ကျွန်တော်တို့ကို ချက်ချင်းပြင်ဆင်ပေးပါ့မယ်"

မန်နေဂျာလုက ရိုသေစွာ ပြောလိုက်သည်။

ယဲ့ချန်းကမူ "ဪ"ဟုသာ တုံ့ပြန်လေသည်။ သူ့မျက်နှာထားမှာ ခံစားချက်ကင်းမဲ့နေဆဲပင်။

ယဲ့ချန်း၏ ရိုင်းစိုင်းသော အမူအရာကို မြင်သောအခါ ကျန်းတာ့ဖူလည်း သည်းမခံနိုင်တော့ပေ။

"ယဲ့ချန်း... မန်နေဂျာလုကို မင်း ဘယ်လိုတွေ သွားပြောနေတာလဲ"

"တာ့ဖူ... ငါ မစ္စတာယဲ့နဲ့ စကားပြောနေတာလေ။ ဒါ မင်းနဲ့မဆိုင်ဘူး။ ပါးစပ်ပိတ်ထားစမ်း"

မန်နေဂျာလုကို ကူညီချင်သည့် စေတနာဖြင့် ပြောလိုက်သော်လည်း အသိအမှတ်ပြုမခံရသဖြင့် ကျန်းတာ့ဖူမှာ စိတ်ထဲက ညည်းတွားလိုက်မိသည်။

"မန်နေဂျာလု... သူက သာမန်ဝန်ထမ်းလေးတစ်ယောက်လေ။ ခင်ဗျားကို ဒီလိုပုံစံမျိုးနဲ့ မပြောသင့်ဘူးထင်လို့ပါ"

"တာ့ဖူ.. သူက သာမန်ဝန်ထမ်းလေးတစ်ယောက်လို့ မင်း ထင်နေတာလား"

မန်နေဂျာလုက ရုတ်တရက် မေးလိုက်သည်။

"ဒါဆို သူက ဘယ်သူမို့လို့လဲ"

ကျန်းတာ့ဖူက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"သူက ကုမ္ပဏီရဲ့ ဥက္ကဋ္ဌအသစ် ဥက္ကဋ္ဌယဲ့ပဲ"

မန်နေဂျာလုက ဆက်ဟန်မဆောင်နိုင်တော့ဘဲ ယဲ့ချန်း၏ အဆင့်အတန်းကို ထုတ်ပြောသင့်သည်ဟု ယူဆလိုက်သည်။

ကျန်းတာ့ဖူရှေ့တွင် ဥက္ကဋ္ဌယဲ့ကို အပြစ်တင်နေသည်ကို ဘာမှမပြောဘဲနေခြင်းမှာ သိပ်မသင့်တော်ပေ။

ဤအခြေအနေတွင် ယဲ့ချန်း၏ အဆင့်အတန်းကို ဖွင့်ပြောလိုက်ခြင်းအတွက် ယဲ့ချန်းက သူ့ကို အပြစ်မတင်လောက်ဘူးဟု သူ မျှော်လင့်မိသည်။

"ဥက္ကဋ္ဌယဲ့ ဟုတ်လား"

ယဲ့ချန်းအား မန်နေဂျာလု ခေါ်ဝေါ်လိုက်ပုံကို ကြားသောအခါ ကျန်းတာ့ဖူနှင့် အခြားဝန်ထမ်းများမှာ ကြက်ဥတစ်လုံး ဝင်ဆံ့လောက်အောင်အထိ ပါးစပ်အဟောင်းသားဖြစ်ကာ အကြီးအကျယ် အံ့အားသင့်သွားကြသည်။

သူတို့နှင့်အတူတူ အလုပ်လုပ်နေသော လူငယ်လေးက တကယ်တော့ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်နေခြင်းမှာ ယုံကြည်နိုင်စရာမရှိလောက်အောင်ပင်။

ယဲ့ချန်းမှာ နေ့စဉ်ရက်ဆက် ဂိတ်သို့ အစောဆုံးရောက်လာတတ်ပြီး အကြိုးစားဆုံး လုပ်ကိုင်တတ်သူဖြစ်ကာ သူ့လုပ်ငန်းစွမ်းဆောင်ရည်ကလည်း ဂိတ်တစ်ခုလုံးတွင်သာမက ကုမ္ပဏီတစ်ခုလုံးတွင်ပါ အကောင်းဆုံးစာရင်းဝင်ဖြစ်ကြောင်း သူတို့ သိထားကြသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌတစ်ယောက်အနေနှင့် ယဲ့ချန်းက ဤမျှအထိ အပင်ပန်းခံ၍ ကြိုးစားနေစရာ မလိုသည်မှာ အသေအချာပင်။

သူ့ဘဝက ခမ်းနားကြီးကျယ်သော အိမ်တော်ကြီးများ၊ ပြိုင်ကားများနှင့် မိန်းမလှလေးများဖြင့် ပြည့်နှက်နေရမည် မဟုတ်ပါလော။ အမြဲတမ်း ချွေးသံတရွှဲရွှဲနှင့် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရခြင်းက ဘာအတွက်လေလဲ။

ယခုမူ ရုံးခန်းထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

ကျန်းတာ့ဖူက တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွင်းလိုက်၏။

"ဥက္ကဋ္ဌယဲ့... လူကြီးမင်းက တကယ်ရင့်ကျက်ပြီး နှိမ့်ချတတ်တာပဲ။ အချိန်တော်တော်ကြာအောင် အလုပ်အတူတူ လုပ်လာခဲ့တာတောင် အဆင့်အတန်းအမှန်ကို လျှို့ဝှက်ထားခဲ့တယ်။ ကျွန်တော်တို့ဂိတ်ရဲ့ အခြေအနေကို လေ့လာချင်လို့ ဒီလောက်အထိ ဖုံးကွယ်ထားခဲ့တာလား"

"မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ကျွန်တော်က ဘဝအတွေ့အကြုံယူချင်ရုံ သက်သက်ပါ"

ယဲ့ချန်းက မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။

"ဘဝအတွေ့အကြုံယူချင်တာတဲ့လား"

ယဲ့ချန်း၏ စကားကို ကြားသောအခါ လူတိုင်း စိတ်ထဲမှ စုတ်သပ်လိုက်မိကြသည်။

ဒီနေ့ခေတ် သူဌေးတွေက ဒီလိုလည်း ကစားတတ်ကြတာကိုး။ ဒီလောက်ချမ်းသာနေတာတောင် ဘဝအတွေ့အကြုံယူဖို့အတွက် အမြန်ချောပို့အလုပ်ကို လုပ်နေတယ်တဲ့။

ဤသည်မှာ သူတို့ကို ဘယ်လိုဆက်နေထိုင်ရမလဲဆိုသည်ကို တွေးတောမိစေသည်။

သူဌေးတွေတောင် ဒီလောက်ကြိုးကြိုးစားစား အလုပ်လုပ်နေကြမှတော့ သူတို့လို သာမန်လူတွေက ဘာပြောစရာရှိတော့မလဲ။

ယနေ့မှစ၍ ဥက္ကဋ္ဌယဲ့ကို အတုယူကာ ပိုမိုကြိုးစားလုပ်ကိုင်သွားရန် သူတို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။

ယခုအချိန်မှစ၍ ဥက္ကဋ္ဌယဲ့သည် သူတို့၏ စံပြပုဂ္ဂိုလ် ဖြစ်လာပေတော့မည်။

•••••••••••••••••••••••

All Chapters