← Chapters

အခန်း ၇၄၄

Vol. 50 Ch. 744

အခန်း ၇၄၄

Vol. 50 Ch. 744

အပိုင်း ၇၄၄ : စကားများတာနဲ့ လက်ပါတော့တာပဲ

လူတိုင်း၏ အံ့ဩမှင်တက်နေသည့် အကြည့်များကို မြင်သော်ငြား ယဲ့ချန်းကတော့ နည်းနည်းလေးမှ မအံ့ဩပေ။ ကုမ္ပဏီဥက္ကဋ္ဌတစ်ယောက်က ပါဆယ်လိုက်ပို့ပေးလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ယဲ့ချန်း နာရီကို တစ်ချက်ကြည့်လိုက်သောအခါ နေ့လယ်တစ်နာရီကျော်နေလေပြီ။ တစ်မနက်ခင်းလုံး အချိန်ဖြုန်းလိုက်မိသောကြောင့် ယခုတော့ မြန်မြန်လုပ်ရတော့မည်။

လူအုပ်ကြီး၏ အံ့ဩခြင်းနှင့် မနာလိုအားကျခြင်းများ ပြည့်နှက်နေသော အကြည့်များအောက်မှာပင် ယဲ့ချန်းလည်း အပြင်ထွက်လာခဲ့လိုက်သည်။

"ဥက္ကဋ္ဌယဲ့.. ဘယ်သွားမလို့လဲ"

မန်နေဂျာလုက သတိဝင်လာသဖြင့် မေးလိုက်လေသည်။

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"ကျွန်တော် အချိန်တော်တော်နောက်ကျနေပြီဆိုတော့ အခု ပါဆယ်သွားပို့ရတော့မယ်လေ"

သူက စကားပြောရင်း အပြင်သို့ ခပ်သုတ်သုတ် လျှောက်သွားလေသည်။ သူ့စကားကို ကြားပြီးနောက် လူတိုင်း မျက်နှာပူသွားကြသည်။

ဥက္ကဋ္ဌယဲ့တောင် ဒီလောက်အလုပ်ကြိုးစားနေတာ သူတို့တွေလည်း အလုပ်မကြိုးစားဖို့ ဘာဆင်ခြေရှိတော့မှာလဲ…

"ဥက္ကဋ္ဌယဲ့.. ကျန်းမာရေးဂရုစိုက်ပါ။ အလုပ်တွေဖိလုပ်မနေနဲ့နော်"

မန်နေဂျာလုက စိုးရိမ်ပူပန်လေဟန်ဖြင့် ပြောလိုက်လေသည်။

ပါဆယ်ပို့လျှင် ရရှိမည့် စနစ်၏ဆုလာဘ်များကြောင့်သာ မဟုတ်လျှင် သူလည်း ဤမျှအထိ အသည်းအသန်အလုပ်လုပ်နေမည်မဟုတ်ဟု ယဲ့ချန်း တွေးလိုက်မိသည်။

သို့သော် တစ်ဘီလျံကျော် ပိုင်ဆိုင်မှုရှိသော သူ့အနေနှင့် အခြားပါဆယ်ပို့သမားများလို ပင်ပင်ပန်းပန်း အလုပ်လုပ်နေမည်တော့ မဟုတ်ချေ။

မန်နေဂျာလု၏စကားကို ကြားပြီးနောက် ယဲ့ချန်းက ခပ်တိုးတိုးသာ ပြန်ဖြေလေသည်။

"ဥက္ကဋ္ဌယဲ့.. ဂရုစိုက်ပြီးသွားနော်"

မန်နေဂျာလု၊ ကျန်းတာ့ဖူနှင့် အခြားသူများ၏ နှုတ်ဆက်စကားများနှင့်အတူ ယဲ့ချန်းလည်း ပါဆယ်ပို့ရမည့် ပါဆယ်ထုပ်များကိုယူပြီး ဆိုင်ထဲက ထွက်လာခဲ့သည်။

ထိုစဉ် လမ်းတစ်ဖက်တွင် လူအုပ်ကြီးတစ်သိုက်က စုရုံးနေလေသည်။ ယဲ့ချန်း ထိုလူအုပ်ကြီးဆီသို့ လျှောက်သွားလိုက်ချိန်ဝယ် လူတိုင်းက သူ့ကားကို ဝိုင်းအုံကြည့်နေကြောင်း တွေ့လိုက်ရသည်။

ထိုအထဲတွင် အင်တာနက်ဆယ်လီမလေးတစ်ယောက်က ကားရှေ့တွင်မှီပြီး တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေသလို တချို့လူများကလည်း ကားရှေ့တွင် ဓာတ်ပုံရိုက်နေကြသည်။

ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လျက် ခပ်မြန်မြန်လျှောက်သွားလိုက်သည်။

ယဲ့ချန်း အနားရောက်လာသည်ကို မြင်သောအခါ ထိုဆယ်လီမလေးမှာ ရင်ထဲ လှပ်ခနဲဖြစ်သွားသည်။

"ဒီလူက တော်တော်ချောတာပဲ"

သို့သော် ယဲ့ချန်းဝတ်ထားသည့် ပါဆယ်ပို့သမားဝတ်စုံကို မြင်လိုက်ရချိန်တွင်မူ သူ(မ)၏မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူ(မ)သည် အစကတော့ ယဲ့ချန်းကို မြှူဆွယ်ချင်ခဲ့ခြင်းပင်။

သို့သော် သူသည် ပါဆယ်ပို့သမားတစ်ယောက်ဖြစ်ကြောင်း မြင်သောအခါ သူ(မ)၏စိတ်ဝင်စားမှုများလည်း ချက်ချင်းပျောက်ဆုံးသွားသည်။

ထိုဆယ်လီမလေးက ယဲ့ချန်း သူ(မ)ထံသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူလည်း ဤဇိမ်ခံကားနှင့် ဓာတ်ပုံရိုက်ချင်နေခြင်းပင်ဖြစ်ရမည်ဟု တွေးလိုက်သည်။

ဤသို့သော ဇိမ်ခံကားမျိုးကို တွေ့ရခဲသည်ဖြစ်ရာ လူတော်တော်များများက ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တွင် တင်ချင်ကြသည်။

ဆယ်လီမလေးကလည်း သရော်လေတော့သည်။

"ပါဆယ်ပို့သမား.. ဒီဇိမ်ခံကားနဲ့အတူ ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ရင်တောင် ဘယ်သူမှ ရှင့်ကို ယုံမှာမဟုတ်ဘူး။ ရှင့်အဝတ်အစားက ဆင်းရဲပုံပေါက်နေတာကိုး"

"တစ်ဆိတ်လောက်.. ကျွန်တော် ပါဆယ်ပို့ဖို့ ကားမောင်းသွားရတော့မှာမို့လို့ပါ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ဘာ.. ဒါက ရှင့်ကားလို့ပြောချင်တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အင်တာနက်ဆယ်လီမလေးက ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား တုံ့ပြန်လိုက်၏။

တိုက်ရိုက်ထုတ်လွှင့်ထားသောကြောင့်သာ မဟုတ်ပါက သူ(မ) အူတက်အောင် ရယ်မိမည်သာ။

ဘေးနားရှိ လူများကလည်း ယဲ့ချန်းကို လက်ညှိုးထိုး၍ ပြောဆိုနေကြသည်။

"ဒီမှာ.. ဘဝင်မြင့်မနေစမ်းပါနဲ့။ နေ့ခင်းကြောင်တောင် အိပ်မက်တွေမက်နေတယ်"

"သူ့ပုံစံကြည့်ရတာလည်း လူချမ်းသာနဲ့ မတူပါဘူး"

ယဲ့ချန်းကမူ သူတို့၏စကားများကို လျစ်လျူရှုပြီး ဆယ်လီမလေးကို ကြည့်လိုက်လေသည်။

"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ။ ကျွန်တော့်အလုပ်ကို နှောင့်နှေးအောင် မလုပ်ပါနဲ့"

သူက ထိုသို့ပြောရင်း ကားသော့ကိုထုတ်ကာ ကားတံခါးဖွင့်ပြီး ဝင်ထိုင်လိုက်သည်။

သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း ထိတ်လန့်အံ့ဩသွားကြသည်။

ထိုဆယ်လီမလေးလည်း ဆွံ့အသွားပြီး ကားနားက အမြန်ရှောင်ထွက်သွားသည်။

သူ(မ)က တစ်ချိန်လုံး တိုက်ရိုက်ထုတ်လွှင့်နေသည်ဖြစ်ရာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော ပရိသတ်များကလည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"ဝိုး.. ဒီကောင်လေးသက အရမ်းချောတာပဲ။ ငါ သူ့ကို တကယ်သဘောကျသွားပြီ"

"ဒီလောက်ကောင်းတဲ့ ဇိမ်ခံကားကြီးကို စီးနိုင်တာ သူက သူဌေးသားပဲဖြစ်ရမယ်"

"သူက ငါ့မင်းသားလေးပဲ။ ချစ်လိုက်တာ ချစ်တယ်"

ဖုန်းဖန်သားပြင်ပေါ်တွင် ကောမန့်များ ချက်ချင်းပြည့်နှက်သွားသည်။

ဆယ်လီမလေးနှင့် ဘေးနားရှိ လူအုပ်ကြီးတို့ တအံ့တဩဖြင့် ရပ်နေကြချိန်မှာပင် ယဲ့ချန်းက ကားစက်နှိုးလိုက်သည်။

အင်ဂျင်သံ ဟိန်းထွက်လာပြီး သူတို့၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ယဲ့ချန်းက ကားမောင်းထွက်သွားလေတော့သည်။

ဆယ်လီမလေးကတော့ ရင်ထဲ ဟာသွားသလို ခံစားလိုက်ရသည်။ ယခုလို လုပ်ပိုင်ခွင့်ရော ဩဇာအာဏာပါရှိသည့် သူဌေးသားတစ်ယောက်က သူ(မ)ကို အသာလေးဒုက္ခပေးနိုင်ကြောင်း သူ(မ) ကောင်းကောင်းသိသည်။

ယဲ့ချန်းအပေါ် သူ(မ) ဆက်ဆံခဲ့သည့် အပြုအမူအတွက် နောင်တရသွားသည်။ သူ(မ)၏ တိုက်ရိုက်ထုတ်လွှင့်သည့် အလုပ်အကိုင်လည်း လမ်းဆုံးလေပြီဟု တွေးလိုက်မိသည်။

ယဲ့ချန်းကမူ ပါဆယ်ပို့ရန် အလုပ်ရှုပ်နေသောကြောင့် သူ(မ)ကို အဖတ်လုပ်နေရန် စိတ်မဝင်စားပေ။

မန်နေဂျာလုနှင့် ကျန်းတာ့ဖူတို့အပြင် ပါဆယ်ပေးပို့ရေးဂိတ်က အခြားဝန်ထမ်းများလည်း အံ့ဩသွားသည်။

ယဲ့ချန်းဆီတွင် ဤဇိမ်ခံကားကြီး ရှိနေသည်ကို မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

ဤသည်မှာ သူတို့ ဘဝပေါင်းများစွာ ရှာဖွေမှသာ ရနိုင်မည့်အရာ ဖြစ်သော်ငြား ယဲ့ချန်းကတော့ အလွယ်တကူပိုင်ဆိုင်ထားသည်။

မနာလိုမှုနှင့် အားကျမှုတို့က သူတို့ရင်ထဲတွင် ပြည့်သိပ်လာပြီး ထူးချွန်ဝန်ထမ်းနှစ်ယောက်မှာ ယခုထက်ပိုပြီးကြိုးစားရန် သန္နိဋ္ဌာန်ချလိုက်ကြသည်။

ယဲ့ချန်းကတော့ လမ်းမများထက်တွင် ကားမောင်းရင်း လိပ်စာတော်တော်များများကို ပါဆယ် လိုက်ပို့နေချေသည်။

သူ ကားစက်ပြန်နှိုးရန် လုပ်လိုက်ချိန်မှာပင် သူ့ခေါင်းထဲတွင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

[တင်! ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စနစ်ရဲ့ဆုလာဘ်အဖြစ် ကျောက်စိမ်းအသားအရေလိမ်းဆေးတစ်ပုလင်းကို ရရှိပါတယ်။ ပိုင်ရှင့်ရဲ့အိတ်ကပ်ထဲကို ရောက်နေပါပြီ]

သေချာပေါက်ပင်။ ယဲ့ချန်း သူ့အိတ်ကပ်ထဲက ပုလင်းသေးသေးလေးတစ်လုံးကို ထုတ်လိုက်သည်။

သူ့လက်ထဲရှိ ပုလင်းကို ကြည့်ပြီး စိတ်ပျက်သွားသည်။ စနစ်က သူ့ကို ဤသို့သောအရာမျိုးပေးပြီး လာနောက်နေခြင်းပင် ဖြစ်ရမည်။

အစတုန်းကတော့ ယဲ့ချန်း အာရုံစိုက်ခံရမည်ကို ကြောက်သဖြင့် သူ့ဆွဲဆောင်မှုရမှတ်ကို အနိမ့်ဆုံးအထိ လျှော့ချထားသည်။ ယခုမူ စနစ်က သူ့ရုပ်ရည်ကို ပိုကောင်းလာစေမည့်အရာကို ဆုလာဘ်အဖြစ် ပေးနေလေရာ သူ့အနေနှင့် စိတ်မတိုဘဲ ဘယ်နေနိုင်မည်နည်း။

ဤသည်မှာ စနစ်၏ဆုလာဘ်ဖြစ်လေရာ ထူးခြားသည့် အရာတစ်ခု ဖြစ်ရမည်ဟုတွေးရင်း ယဲ့ချန်းလည်း ထိုကျောက်စိမ်းအသားအရေလိမ်းဆေးပုလင်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

နောက်ထပ်လိပ်စာတစ်ခုကို မောင်းသွားပြီးနောက် မကြာခင်မှာပင် မိန်းကလေးတစ်ယောက် ပိုင်ဆိုင်သည့် ဝကစ်ကစ်အအေးဆိုင်သို့ ရောက်သွားသည်။

ရှေ့က လမ်းကျဉ်းသောကြောင့် မကြာခဏ ကားပိတ်လေ့ရှိ၏။ ထို့ကြောင့် ယဲ့ချန်းလည်း ကားကို လမ်းဘေးမှာပင် ရပ်လိုက်သည်။

အရှေ့သို့ လျှောက်သွားလိုက်သောအခါ ကောင်မလေး၏ အအေးဆိုင်နားတွင် လူအုပ်ကြီး ဝိုင်းအုံနေကြောင်း တွေ့လိုက်ရသည်။

ဤကောင်မလေး စီးပွားရေးတော်တော်ကောင်းတာပဲဟု ယဲ့ချန်း စိတ်ထဲက တွေးလိုက်မိသော်ငြား အနားသို့ ရောက်သွားချိန်တွင်မူ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အသံများကို ကြားလိုက်ရသည်။

လူမိုက်တစ်စုက ကောင်မလေးကို ဝိုင်းထားကြောင်း တွေ့လိုက်ရသောအခါ ယဲ့ချန်းလည်း လျစ်လျူရှုမထားနိုင်တော့ပေ။ ပါဆယ်ထုပ်များကို ဘေးချထားလိုက်ပြီးနောက် ကောင်မလေးဆီသို့ အမြန်ပြေးသွားလိုက်သည်။

ကောင်မလေး၏ငိုသံများကို ခပ်တိုးတိုးကြားလိုက်ရသည်။ အကွာအဝေးကြောင့် သူ့မှာ တောင်ပံပါလျှင် ပျံသွားချင်စိတ်ပင် ပေါက်သွားသည်။

ယဲ့ချန်း အစွမ်းကုန်ပြေးသွားသော်ငြား နောက်ကျသွားလေပြီ။ ဆိုင်က လူမိုက်များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။

ဆိုင်ရှေ့တွင်ရပ်ပြီး လူမိုက်များကို တားဖို့ ကြိုးစားနေသည့် ကောင်မလေးလည်း ဒဏ်ရာရသွားသည်။

ယဲ့ချန်း ရောက်သွားသောအခါ ကောင်မလေးက မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်နှာလှလှလေးလည်း သွေးထွက်ကာ မျက်ရည်အရွှဲသားဖြင့် ငိုယိုနေရှာသည်။

သူလည်း ကောင်မလေးကို မြေပြင်ပေါ်က တွဲထူပေးလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

ထို့နောက် လူမိုက်များဆီသို့ သွားရန် ပြင်လိုက်ချိန်မှာပင် သူ့လက် အဆွဲခံလိုက်ရသည်။

ခေါင်းလှည့်ကြည့်လိုက်သော် ကောင်မလေးက မျက်ရည်အဝဲသားဖြင့် ပြောလာလေသည်။

"မသွားပါနဲ့။ အရမ်းအန္တရာယ်များတယ်"

"ဒီမှာစောင့်နေ။ စိတ်မပူနဲ့။ အဆင်ပြေသွားမှာပါ"

ယဲ့ချန်းက ကောင်မလေးကို နှစ်သိမ့်ပေးလိုက်သည်။

စိုးရိမ်ကြောက်လန့်နေသော သူ(မ)၏အကြည့်များအောက်မှာပင် ယဲ့ချန်းက လူမိုက်များဆီသို့ လျှောက်သွားလေသည်။

သူသည် မိန်းကလေးများကို အနိုင်ကျင့်တတ်သည့် ယောကျ်ားများကို အမုန်းဆုံးပင်။ အထူးသဖြင့် ယောက်ျားအများကြီးက မိန်းကလေးတစ်ယောက်တည်းအား အနိုင်ကျင့်နေသည်ကို ပိုမုန်းသည်။

လူမိုက်များက ဆိုင်ကိုဖျက်ဆီးရင်း အရသာခံနေခိုက် သူတို့နောက်ကျောဘက်က လူတစ်ယောက်က တိုက်ခိုက်လာကြောင်း ခံစားလိုက်ရသည်။

ရုတ်တရက် အနှောင့်အယှက်အပေးခံလိုက်ရသဖြင့် လူမိုက်များလည်း အနည်းငယ် မကျေမနပ်ဖြစ်ကာ လှည့်ကြည့်လိုက်ချိန်တွင် ပါဆယ်ပို့သမားဝတ်စုံနှင့် ယဲ့ချန်းကို မြင်လိုက်ရ၏။

"ချာတိတ်.. ကိုယ့်အလုပ်ကိုယ်လုပ်.. ပါဆယ်သွားပို့ချေ"

လူမိုက်တစ်ယောက်က ခပ်ရိုင်းရိုင်း ပြောလိုက်သည်။

ယဲ့ချန်းကမူ ဘာမှပြန်မပြောပေ။ ပါးရိုက်သံအကျယ်ကြီးတစ်သံသာ ထွက်ပေါ်လာသည်။

ယဲ့ချန်းထံမှ အရိုက်ခံလိုက်ရသည့် ထိုထိပ်ပြောင်လူမိုက်လည်း ကြက်သေသေသွားပြီး သူ့မျက်နှာကို အုပ်ကိုင်ထားလိုက်မိသည်။

ဒီကောင်က စကားအပိုတွေပြောမနေဘဲ တန်းပြီး လက်ပါတတ်တဲ့ကောင်ပဲ…

••••••••••••••••••••••••

All Chapters