← Chapters

အခန်း ၇၄၅

Vol. 50 Ch. 745

အခန်း ၇၄၅

Vol. 50 Ch. 745

အပိုင်း ၇၄၅ : အပြန်အလှန်သိကျွမ်းခြင်း

ထိပ်ပြောင်လူမိုက်မှာ သူ့ရှေ့ရှိ လူငယ်လေးက သူ့ကို ဖြောင်းခနဲ ပါးရိုက်လိုက်သည်ကို မြင်သော် ဒေါသများ ဝုန်းခနဲ ထွက်လာသည်။

သူက ဖူးရောင်လာသော ပါးပြင်ကို အုပ်ကိုင်ရင်း ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။

"ချာတိတ်... ဒါ ငါ့နယ်မြေဆိုတာ မင်းသိလား။ ငါ့နေရာမှာ ငါ့ကိုလာရိုက်ရဲတယ်ပေါ့... မင်း သေချင်နေတာလား"

သူက စကားပြောရင်း ဘေးနားရှိ လူများကို အချက်ပြလိုက်သည်။

"မင်းတို့တွေအားလုံး အတူချလိုက်ကြစမ်း။ ဒီကောင့်ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်"

လက်ပါးစေငါးယောက်ကလည်း ထိပ်ပြောင်ကြီး၏ အမိန့်ကို ကြားသည်နှင့် ယဲ့ချန်းဆီကို ချက်ချင်း ပြေးဝင်သွားကြတော့သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လူများ ပြည့်နှက်နေလေရာ သူတို့ရှေ့ရှိ အခြေအနေကို မြင်သောအခအ လူတိုင်း တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

ဒီကောင်လေးတော့ သေချာပေါက်သွားပြီဟုလည်း တွေးနေကြသည်။

အကြောင်းမှာ ထိပ်ပြောင်ကြီးက ဤနယ်တစ်ဝိုက်တွင် ဒေသခံလူမိုက်တစ်ယောက်ဖြစ်ပြီး သူ့ကို ရန်စသူမှန်သမျှ ဘယ်သူမှ အဆုံးသတ်မကောင်းခဲ့ကြ၍ပင်။

သန်မာလှသော လူမိုက်ငါးယောက်က ယဲ့ချန်းအား ဝိုင်းထားသည်ကို မြင်သော် စိတ်နုသော တချို့လူများမှာ မျက်လုံးပင် ပိတ်ထားလိုက်ကြသည်။

ထိပ်ပြောင်ကြီးက ယဲ့ချန်းကို ကြည့်ပြီး​ ပြောလိုက်၏။

"ကောင်လေး... မင်းတစ်ယောက်တည်းနဲ့ ငါ့လူငါးယောက်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ မင်း အလိုက်တသိဒူးထောက်ပြီး အမှားဝန်ခံမယ်ဆိုရင်တော့ ငါ မင်းအသက်ကို ချမ်းသာပေးနိုင်လောက်တယ်နော်"

သူကတော့ ယဲ့ချန်းတစ်ယောက် ဒူးထောက်ပြီး အသက်ဘေးကလွတ်ဖို့ တောင်းပန်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယဲ့ချန်း၏ မျက်နှာပေါ်တွင် ပျာယာခတ်သွားခြင်မျိုး ဖြစ်စေ၊ ကြောက်လန့်သည့် အရိပ်အယောင်မျိုးဖြစ်စေ နည်းနည်းလေးမှ ရှိမနေသဖြင့် စိတ်ပျက်သွားရသည်။

ယခုအချိန်တွင် ယဲ့ချန်း၏ မျက်နှာအမူအရာက ရေပြင်လို ငြိမ်သက်နေသည်။

"ချမှာဖြင့်လည်း ချစမ်းပါ။ အချိန်ဖြုန်းမနေနဲ့"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသော လူအုပ်ကြီးလည်း အံ့သြသွားကြသည်။

ထိပ်ပြောင်ကြီးက ယဲ့ချန်းကို လွတ်လမ်းပေးနေသည့်တိုင် ဤကောင်လေးကတော့ ကိုယ့်သေတွင်းကိုယ် တူးနေဆဲပင်။

အအေးဆိုင်က ကောင်မလေးကလည်း ယဲ့ချန်းတစ်ယောက် လူအများကြီးထံတွင် အဝိုင်းခံထားရသည်ကို မြင်သော် စိုးရိမ်ပူပန်သွားသည်။ စောစောကသာ ယဲ့ချန်းကို ဆွဲထားလိုက်လျှင် ယခုလိုဖြစ်လာမည် မဟုတ်ဘူးဟုလည်း နောင်တရနေမိသည်။

ထိပ်ပြောင်ကြီးက ယဲ့ချန်း၏စကားကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်သည်။

"ကောင်လေး... မင်းကတော့ အခေါင်းမြင်မှ မျက်ရည်ကျမယ့်ပုံပဲ"

ထို့နောက် သူက လက်ပါးစေငါးယောက်ကို ပြောလိုက်ပြန်သည်။

"အားလုံး တစ်ခါတည်းချကြ။ သူ့ကို အသေရိုက်ပစ်လိုက်။ သေသွားရင်လည်း ငါ တာဝန်ယူတယ်"

ဘော့စ်၏အမိန့်ကို ကြားသည်နှင့် သန်သန်မာမာ လူမိုက်ငါးယောက်က ဘက်ပေါင်းစုံက ယဲ့ချန်းဆီကို ပြိုင်တူ ပြေးဝင်သွားကြတော့သည်။

ယဲ့ချန်းကတော့ နေရာက မရွေ့ဘဲ ထိုနေရာမှာပင် ငြိမ်ငြိမ်လေး ရပ်နေခဲ့သည်။

ထိပ်ပြောင်ကြီးကတော့ ယဲ့ချန်းတစ်ယောက် သူ့ရှေ့ရှိ အခြေအနေကြောင့် ကြောက်လန့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်ဟုသာ ထင်မှတ်လိုက်သည်။

သူ့လူများ၏ လက်ချက်ကြောင့် ယဲ့ချန်းတစ်ယောက် မြေပြင်ပေါ်တွင် သွေးသံတရဲရဲဖြင့် အော်ဟစ်နေမည့် သနားစရာမြင်ကွင်းကို မျက်လုံးထဲ ကြိုမြင်ယောင်ပြီး ပြုံးနေချေသည်။

ဘေးက ကြည့်နေသူများ အထူးသဖြင့် ကြောက်တတ်သော မိန်းကလေးအချို့ဆိုလျှင် ယခုလိုအခြေအနေမျိုးမှာ ဒီလူငယ်လေးတော့ သေချာပေါက် ဒုက္ခရောက်တော့မည်ဟု ခံစားရသောကြောင့် ကြောက်လန့်တကြား မျက်စိမှိတ်ထားလိုက်ကြသည်။

အအေးဆိုင်က ကောင်မလေးကလည်း ဆက်မကြည့်ရဲတော့သောကြောင့် မျက်စိမှိတ်ထားလိုက်မိသည်။

သူတို့ငါးယောက် ယဲ့ချန်းနှင့် တစ်ပေခွဲလောက်သာ ဝေးတော့သည့်အချိန်မှာပင် ယဲ့ချန်းက ရုတ်တရက် လှုပ်ရှားလိုက်သည်။

လူအုပ်ကြီးလည်း ယဲ့ချန်း၏ လှုပ်ရှားမှုကို မြင်လိုက်ရသည်။ ဤလူငယ်လေး နောက်ဆုံးတော့ တုံ့ပြန်ပြီဟု သိလိုက်ကြသော်ငြား ယခုအချိန်မှာတော့ အားလုံး နောက်ကျသွားပြီဟုသာ ထင်လိုက်သည်။

ခန္ဓာကိုယ်ထုထည်ရော ခွန်အားပါ ယှဉ်ကြည့်လျှင် ထိုလူမိုက်ငါးယောက်နှင့် ယဲ့ချန်းက ကွာခြားလွန်းလှသည်။ ခွန်အားချင်းမမျှတသည့် အခြေအနေမျိုးတွင် ယဲ့ချန်းအတွက် နိုင်နိုင်ခြေဆိုသည်မှာ လုံးဝမရှိနိုင်ပေ။

ထိပ်ပြောင်ကြီးကလည်း ယဲ့ချန်း ခြေလှမ်းပြင်လိုက်သည်ကို သတိထားမိသော်ငြား ဘာမှမစိုးရိမ်ပါချေ။ အကြောင်းမှာ လူငါးယောက်၏ ပြိုင်တူတိုက်ခိုက်မှုအောက်က မည်သူမှ လွတ်အောင်မရှောင်နိုင်သောကြောင့်ပင်။

ဤလူငါးယောက်က လေ့ကျင့်မှု ကောင်းကောင်းရထားသူများဖြစ်ပြီး ထိပ်ပြောင်ကြီး၏ တပည့်အရင်းများလည်း ဖြစ်သည်။

ဤငါးယောက်ကြောင့်သာ သူ့နယ်မြေက ကျယ်ပြန့်လာခြင်းပင်။

လမ်းသရဲများပင် သူတို့ရှေ့တွင် စကားထဲ ထည့်ပြောနေစရာ မလိုသောကြောင့် ပိန်ပိန်ပါးပါး ယဲ့ချန်းဆိုလျှင်မူ ပို၍ပင် ပြောစရာမလိုတော့ပေ။

ထိုစဉ် ရုတ်တရက်ဆိုသလို ထိတ်လန့်စရာ မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။ သန်မာလှသော ထိုလူမိုက်ငါးယောက်စလုံးက ဘောလုံးများနှယ် ယဲ့ချန်း၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်ကို လွင့်စင်လဲကျသွားကြတော့သည်။

"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထိပ်ပြောင်ကြီးက သူ့လူများ လွင့်ထွက်သွားသည်ကို ကြည့်ရင်း အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဘေးနားက ကြည့်နေသူများလည်း မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ ဤသည်မှာ လုံးဝ သိပ္ပံနည်းမကျသော အရာပင်။

ယဲ့ချန်းက လူငါးယောက်၏ ပြိုင်တူတိုက်ခိုက်မှုကို ဘယ်လိုရှောင်တိမ်းပြီး သူတို့ကို ဘယ်လိုအနိုင်ယူလိုက်သလဲဆိုသည်ကိုပင် သဲသဲကွဲကွဲ မမြင်လိုက်ရချေ။ ဤသည်မှာ ယဲ့ချန်း၏ပညာက သာမန်ထက် ထူးကဲကြောင်း ပြသနေသည်။

ထိပ်ပြောင်ကြီးက မြေပြင်ပေါ်တွင် ဗိုက်ကိုနှိပ်ပြီး ညည်းညူနေသည့် သူ့လူများကို ကြည့်ရင်း မျက်နှာတစ်ခုလုံး ကြောက်လန့်မှုအရိပ်အယောင်များ ပြည့်နှက်လာသည်။

ယဲ့ချန်းက သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာကြောင်း မြင်သောအခါ ရုတ်တရက် အသက်ရှူရကျပ်သလို ခံစားလိုက်ရသည်။

"ကဲ... အခု မင်းအလှည့်ပဲ"

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

ထိပ်ပြောင်ကြီးလည်း ကြောက်လန့်လွန်း၍ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။

"ချမ်းသာပေးပါ ဆရာ... ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် သတိမမူဂူမမြင်ဖြစ်သွားတာပါ"

ယဲ့ချန်းက သူ့ကို လျစ်လျူရှုထားကြောင်း မြင်လိုက်ရချိန်ဝယ် ထိပ်ပြောင်ကြီးလည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

သူလည်း မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်ပြီး သူ့ပါးသူ ပြန်ရိုက်လိုက်၏။

"ကျေးဇူးပြုပြီး ကျွန်တော့်အမှားကို စိတ်ထဲမထားပါနဲ့။ အသက်ချမ်းသာပေးပါ"

"ဖြောင်း... ဖြောင်း... ဖြောင်း..."

ကျယ်လောင်လှသော ပါးရိုက်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။

ထိပ်ပြောင်ကြီး၏ မျက်နှာကတော့ ဝက်ခေါင်းလို ဖူးရောင်သွားချေပြီ။

ယဲ့ချန်းကတော့ လက်ပါဖို့ပင် စိတ်မပါတော့သောကြောင့် ထိပ်ပြောင်ကြီး၏ ကော်လံစကို ဆွဲကိုင်ပြီး မေးလိုက်၏။

"ဆိုင်ကိုဖျက်ဆီးဖို့ မင်းကို ဘယ်သူခိုင်းတာလဲ"

"ဒါ... ဒါက 'ဖန်းကောကော'ရုံးချုပ်က မန်နေဂျာကျိုး ခိုင်းလို့ပါ"

ထိပ်ပြောင်ကြီးကလည်း အမှန်အတိုင်း ဖြေလိုက်သည်။

ထိပ်ပြောင်ကြီး၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ချန်း၏မျက်နှာက တည်တင်းသွားသည်။

ဖန်းကောကောကုမ္ပဏီဘက်က အမှားလုပ်ထားပြီး သူများကို အပြစ်ပုံချနေတာပဲဟု ယဲ့ချန်း စိတ်ထဲက တွေးလိုက်မိသည်။

ကြည့်ရတာ ဒီကုမ္ပဏီကတော့ ရေရှည်သွားမယ့်ပုံမပေါ်ဘူး။

ဤကုမ္ပဏီကို ဖြုတ်ချဖို့ နည်းလမ်းရှာရမည်။ မဟုတ်ပါက ဤကောင်မလေး နောက်လည်း ဆက်အနိုင်ကျင့်ခံနေရမည်မှာ သေချာလှသည်။

ယဲ့ချန်း ဖုန်းထုတ်ပြီး ကျိုးစုစု၏နံပါတ်ကို နှိပ်လိုက်သည်။

"စုစု... ဒီကို မြန်မြန်လူလွှတ်ပေးဦး။ ဒီမှာ ပြဿနာရှာတဲ့ကောင်တွေကို ရှင်းထားတယ်"

"ကောင်းပြီလေ ယဲ့ချန်း"

ကျိုးစုစုကလည်း အကြောင်းပြန်လေသည်။

သူတို့၏စကားကို ဘေးနားက ကြားလိုက်ရသည့် ထိပ်ပြောင်ကြီးက အလျင်စလို ဝင်မေးလိုက်၏။

"ဆရာ... ဘယ်သူ့ကို ဖုန်းဆက်တာလဲဟင်"

"ရဲ"

ယဲ့ချန်းကလည်း အမှန်အတိုင်း ပြန်ပြောလိုက်သည်။

"သွားပြီ..."

ထိပ်ပြောင်ကြီး၏ရင်ထဲ ထိတ်ခနဲဖြစ်သွားတော့သည်။

ယဲ့ချန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ရဲတွေရောက်လာရင် စောစောက ငါ့ကိုပြောတဲ့အတိုင်း တစ်သဝေမတိမ်း ပြောပြလိုက်။ မဟုတ်ရင် ဘာဆက်ဖြစ်မလဲဆိုတာ သိတယ်မလား"

"သိပါပြီ ဆရာ...စိတ်ချပါ"

ထိပ်ပြောင်ကြီးက ပြောရှာသည်။

ယခုအချိန်တွင် ထိပ်ပြောင်ကြီးက ယဲ့ချန်း၏ မျက်နှာအမူအရာကိုပင် မော့မကြည့်ရဲတော့ပေ။

အအေးဆိုင်က ကောင်မလေးကလည်း အပြေးအလွှား ရောက်လာပြီး ယဲ့ချန်းကို ကြည့်ကာ မေးလိုက်၏။

"အစ်ကို... ဘာဖြစ်သွားသေးလဲဟင်"

"ဘယ်လိုထင်လဲ"

ယဲ့ချန်းက ပြုံးပြီး မေးခွန်းထုတ်လိုက်သည်။

ကောင်မလေးက ယဲ့ချန်းကို အထက်အောက်စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်ပြီး ဒဏ်ရာရမထားကြောင်း တွေ့မှသာ သက်ပြင်းချနိုင်တော့သည်။

ယဲ့ချန်းကမူ ထိပ်ပြောင်ကြီးဘက်သို့ လှည့်ပြီး အေးစက်မာကျောစွာ ပြောလိုက်၏။

"ဒီကောင်မလေးကို ချက်ချင်းတောင်းပန်လိုက်"

"တောင်းပန်ပါတယ်။ ငါ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ငါလည်း သူများဆီက ပိုက်ဆံယူပြီး ပြဿနာရှင်းပေးရုံတင်ပါ"

ထိပ်ပြောင်ကြီးကလည်း ကောင်မလေးကို တောင်းပန်ရှာသည်။

ကောင်မလေးကမူ ဘာမှပြန်မပြောဘဲ ယဲ့ချန်းကို ကြည့်ပြီး ပြောလိုက်သည်။

"ကျွန်မကို ကယ်ပေးတဲ့အတွက် အစ်ကို့ကို ထပ်ပြီးကျေးဇူးတင်ပါတယ်"

"ရပါတယ်။ ငါက မတရားတာမြင်ရင် မခံချင်တဲ့စိတ် ရှိလို့ပါ"

ယဲ့ချန်းက ခေါင်းတကုတ်ကုတ်ဖြင့် ပြောလိုက်သည်။

မကြာခင်မှာပင် ဝေးလံလှသော နေရာဆီင ရဲကားဥသြသံများ ထွက်ပေါ်လာသည်။ ထိပ်ပြောင်ကြီး၏ မျက်နှာကား ဖြူဖျော့သွားပြီး မြေပြင်ပေါ်ကို ပျော့ခွေလဲကျသွားတော့သည်။

ရဲကားပေါ်က ရဲအချို့ဆင်းလာပြီး မြေပြင်ပေါ်တွင် လဲနေသည့် လူမိုက်ငါးယောက်နှင့် ထိပ်ပြောင်ကြီးကို လက်ထိပ်ခတ်၍ ရဲကားပေါ်သို့ တင်သွားကြသည်။

ဤတစ်ခေါက်တော့ ကျိုးစုစု၏ အရိပ်အယောင်ကို မတွေ့ရချေ။ သူ(မ) အခြားအမှုတစ်ခုနှင့် အလုပ်ရှုပ်နေပုံရသည်။

ရဲကား မောင်းထွက်သွားသောအခါ လူအုပ်ကြီးလည်း လူစုကွဲသွားသည်။ ယဲ့ချန်းနှင့် ကောင်မလေး နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

ကောင်မလေးက ရှက်ကိုးရှက်ကန်း မျက်နှာလေးဖြင့် ပြောလိုက်၏။

"အစ်ကို.... ကျွန်မနာမည်က ဖန်းယင်းပါ။ အစ်ကို့နာမည်ကရော ဘယ်လိုခေါ်လဲဟင်"

"ငါ့နာမည်က ယဲ့ချန်းပါ"

ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်သည်။

ထို့နောက် ယဲ့ချန်းလည်း ကောင်မလေးကို ဆေးရုံသို့ ကားမောင်းပို့ပေးခဲ့သည်။

ဆရာဝန်က ကောင်မလေးကို သေချာစစ်ဆေးပေးပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက သိပ်မပြင်းထန်သော်လည်း မျက်နှာပေါ်ရှိ ဒဏ်ရာကတော့ အမာရွတ်ထင်ကျန်ရစ်နိုင်သည်ဟု ဆို၏။

ထိုစကားကို ကြားလိုက်ရသောအခါ ကောင်မလေး၏ မျက်လုံးထဲက မျက်ရည်များ စီးကျလာသည်။ မိန်းကလေးတစ်ယောက်အတွက် ရုပ်ရည်က အရေးကြီးဆုံး မဟုတ်ပါလော။

••••••••••••••••••••••••

All Chapters