အခန်း ၇၄၆
Vol. 50 Ch. 746
အပိုင်း ၇၄၆ : အံ့ဖွယ်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခြင်း
ကောင်မလေး၏ မျက်နှာပေါ်ရှိ အမာရွတ်ကို ကြည့်ပြီး ယဲ့ချန်း၏ရင်ထဲ တဆစ်ဆစ် နာကျင်သွားရသည်။
ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက်က ဘဝ၏ ဖိအားများကို ရင်ဆိုင်ပြီး ဆိုင်တစ်ဆိုင်ကို တစ်ယောက်တည်း ရုန်းကန်နေရသည်မှာ တကယ် မလွယ်ကူလှပေ။
ယဲ့ချန်း ကောင်မလေးဆီသို့ လျှောက်သွားလိုက်သောအခါ သူ(မ)က ခေါင်းလေးငုံ့ပြီး ငိုရှိုက်ရင်း ပြောရှာသည်။
"အစ်ကိုယဲ့ချန်း... သွားပါတော့။ ကျွန်မကို ပစ်ထားလိုက်ပါ။ ကျွန်မမျက်နှာက ကြည့်ရဆိုးနေမှန်း သိပါတယ်"
ထိုကောင်မလေး၏ အပြုအမူကြောင့် ယဲ့ချန်း ပိုပြီး စိတ်မကောင်းဖြစ်သွားရသည်။
သူလည်း ကောင်မလေးအနားကို အပြေးအလွှားသွားပြီး သူ(မ)ကို ရင်ခွင်ထဲ ဆွဲဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။
"ရှောင်ယင်း... ဒီလိုမလုပ်ပါနဲ့။ မင်းမျက်နှာပေါ်က ဒဏ်ရာတွေ ပျောက်သွားမှာပါ"
"အစ်ကိုယဲ့ချန်း... ကျွန်မကို မလိမ်ပါနဲ့တော့။ ဆရာဝန်ကတောင် ပြောပြီးပြီပဲ။ ဒဏ်ရာက အရှည်ကြီးတင်မကဘူး။ နက်လည်းနက်တယ်တဲ့။ ပျောက်သွားရင်တောင် အမာရွတ်ကျန်ခဲ့မှာတဲ့"
ကောင်မလေးက ယဲ့ချန်း၏ ရင်ခွင်ထဲမှာ ရုန်းကန်ရင်း ငိုယိုကာ ပြောရှာသည်။
ယဲ့ချန်းက ကောင်မလေး၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"ရှောင်ယင်း... အစ်ကိုယဲ့ချန်းကို ယုံစမ်းပါ။ အစ်ကိုက ပျောက်မယ်လို့ ပြောရင် ပျောက်မှာပဲ"
ကောင်မလေးက ယဲ့ချန်းကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ တကယ်လည်း သူ(မ)ရှေ့ရှိ အစ်ကိုက သူ(မ)ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူးသည်။
သို့သော် ယဲ့ချန်းက ဆရာဝန် မဟုတ်ချေ။ သူ(မ)မျက်နှာပေါ်ရှိ အမာရွတ်များကို ဘယ်လိုလုပ်ပြီး ပျောက်ကင်းအောင် ကုပေးနိုင်မည်နည်း။
ကောင်မလေး စိတ်ငြိမ်သွားသည်ကို မြင်သော် ယဲ့ချန်းလည်း သူ(မ)ကို ဆေးရုံအပြင်ဘက်သို့ တွဲခေါ်လာခဲ့သည်။ ကားနားရောက်သောအခါ သူက ပြောလိုက်၏။
"ရှောင်ယင်း... မင်းအိမ်က ဘယ်နားမှာလဲ။ အစ်ကို လိုက်ပို့ပေးမယ်"
"မလိုပါဘူး အစ်ကိုယဲ့ချန်း.. ကျွန်မဘာသာ အိမ်ပြန်လို့ရပါတယ်"
ထိုကောင်မလေးက ငြင်းလိုက်သည်။
တကယ်တော့ သူ(မ)က ယဲ့ချန်းကို လိုက်မပို့စေချင်တာ မဟုတ်ပါချေ။ သူ(မ)၏ ဤပုံစံကို ယဲ့ချန်းကို မမြင်စေချင်ရုံသက်သက်သာ ဖြစ်၏။
ယဲ့ချန်းကလည်း ကောင်မလေး၏ စိတ်ကို နားလည်သောကြောင့် ဘာမှထပ်မပြောတော့ဘဲ သူ(မ)ကို ကားပေါ်ခေါ်တင်ကာ ထိုင်ခုံခါးပတ် ပတ်ပေးပြီး ဆေးရုံက မောင်းထွက်လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်လုံး သူတို့နှစ်ယောက် စကားတစ်ခွန်းမှ မပြောဖြစ်ကြချေ။
ယခင်တစ်ခေါက် ကိစ္စဖြစ်ပြီးကတည်းက ကောင်မလေးက ယဲ့ချန်းနှင့် ထပ်တွေ့ရဖို့ အမြဲတမ်း မျှော်လင့်နေခဲ့သည်။
သို့သော် ယခုလို ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်အချိန်မှ ပြန်တွေ့ရလိမ့်မည်ဟုသူ(မ) လုံးဝမထင်ထားပေ။ ယခုမူ သူ(မ)မှာ မြေတွင်းထဲ ဝင်ပုန်းချင်စိတ်ပင် ပေါက်နေတော့သည်။
ကောင်မလေးက ခရီးသည်ထိုင်ခုံမှာ ထိုင်ရင်း ဒဏ်ရာရထားသည့် မျက်နှာတစ်ခြမ်းကို လက်နှင့် အုပ်ထားလိုက်မိသည်။
ယဲ့ချန်းလည်း ဘာမှမပြောတော့ပေ။ သူ ဘာပြောပြော ကောင်မလေးကို နှစ်သိမ့်နိုင်မည် မဟုတ်ကြောင်း သိနေ၍ပင်။ တစ်ခုတည်းသော နည်းလမ်းမှာ သူ(မ)၏ ယခင်ရုပ်ရည်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးဖို့သာ ရှိသည်။
ဤကိစ္စက အခြားသူများအတွက် ခက်ခဲကောင်း ခက်ခဲလိမ့်မည်။ သို့သော် ယဲ့ချန်းအတွက်မူ အေးဆေးပင်။
စနစ်ဆုလာဘ်အဖြစ် အစောကမှ ရထားသည့် ကျောက်စိမ်းအသားအရေလိမ်းဆေးအကြောင်း သူ တွေးမိလိုက်သည်။ ဤသည်မှာ သေချာပေါက် အရည်အသွေးမြင့် ပစ္စည်းကောင်းတစ်ခု ဖြစ်ရမည်။
ကောင်မလေးကလည်း သူ(မ)၏အိမ်လိပ်စာကို မပြောပြသလို သူတို့အနေနှင့်လမ်းမကြီးပေါ်တွင် ပတ်မောင်းနေ၍လည်း မဖြစ်ချေ။
ယနေ့ လင်းဝမ်ယိုလည်း အိမ်မှာမရှိကြောင်း ယဲ့ချန်း ရုတ်တရက် သတိရသွားပြီး ဟွားစံအိမ်ဆီကိုသာ တန်းမောင်းလိုက်တော့သည်။
ခဏမျှ မောင်းနှင်ပြီးနောက် ယဲ့ချန်းက ဗီလာအိမ်ရာဝင်းထဲသို့ ဝင်လာပြီး "ဟွားစံအိမ်အမှတ်တစ်ရှေ့တွင် ကားရပ်လိုက်သည်။
ယဲ့ချန်းလည်း ကားပေါ်ကဆင်းပြီး ကောင်မလေးကို အထဲသို့ ခေါ်သွားသည်။
ကောင်မလေးက သူ(မ)ရှေ့ရှိ ခမ်းနားထည်ဝါလှသော စံအိမ်ကြီးကို မြင်သောအခါ အံ့ဩလွန်းသဖြင့် ပါးစပ်လေးကို လက်ဖြင့် အုပ်ထားလိုက်မိသည်။
ယဲ့ချန်းက ပါဆယ်ပို့သမားတစ်ယောက်ဟုသာ သူ(မ) သိထားသည်။ သို့သော် ပါဆယ်ပို့သမားတစ်ယောက်က ဤမျှခမ်းနားလှသော တန်ဖိုးကြီးစံအိမ်ကြီးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မည်နည်း။
"ရှောင်ယင်း... ဒါ အစ်ကို့အိမ်ပါ။ မင်းအိမ်ပြန်ရင် မိဘတွေစိုးရိမ်မှာ ကြောက်လို့ မပြန်ရဲဘူးမလား။ ဒီနေ့တော့ ဒီမှာပဲ တည်းလိုက်ပါ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
ဖန်းယင်းခမျာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိပြီး ယဲ့ချန်း၏ စကားကို ကြားမှသာ သတိပြန်ဝင်လာတော့သည်။
ယဲ့ချန်းက သူ(မ)၏ စိတ်ကို တကယ်နားလည်ပေသည်။ သူ(မ)သာ ဤပုံစံဖြင့် အိမ်ပြန်လျှင် မိဘများ သေချာပေါက် စိတ်ပူကြပေလိမ့်မည်။
ယဲ့ချန်း၏ လမ်းပြမှုနှင့်အတူ ဖန်းယင်းလည်း ဗီလာစံအိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
အထဲရောက်ရောက်ချင်းမှာပင် နန်းတော်တစ်ခုလို ပြိုးပြိုးပြက်ပြက် တောက်ပနေသော ခမ်းနားထည်ဝါလှသည့် အလှဆင်မှုများက သူ(မ)၏မျက်လုံးထဲသို့ တိုးဝင်လာသည်။
ဖန်းယင်းခမျာ အိပ်မက်မက်နေသလို ခံစားရသောကြောင့် သူ(မ)၏ လက်မောင်းကို ဆိတ်ကြည့်လိုက်လေရာ အားခနဲ အော်မိသွားသည်။
နာကျင်မှုကို ခံစားလိုက်ရသောကြောင့် ဤသည်မှာ အိပ်မက်မဟုတ်ကြောင်း သိလိုက်ရသည်။
ချစ်စရာကောင်းသော ဤကောင်မလေးကို ကြည့်ရင်း ယဲ့ချန်း ပြုံးမိသွားသည်။
"ဒါက အစ်ကို့အိမ်အစစ်ပါ။ ပါဆယ်ပို့တယ်ဆိုတာက ဘဝအတွေ့အကြုံ ယူချင်ရုံသက်သက်ပါ"
ယဲ့ချန်းက ကောင်မလေး၏ ရှုပ်ထွေးမှုကို ရှင်းပြလိုက်သည်။
သူတို့နှစ်ယောက် ဧည့်ခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ယဲ့ချန်းက ဖန်းယင်းကို ထိုင်ဖို့ အချက်ပြလိုက်သည်။
ကောင်မလေးက စံအိမ်ကြီး ညစ်ပေသွားမည်စိုးသောကြောင့် ဆိုဖာပေါ်တွင် သတိကြီးကြီးထားပြီး ထိုင်လိုက်သည်။
"ဂွီး... ဂွီး..."
ကောင်မလေး၏ ဗိုက်ထဲက ရုတ်တရက် အသံမြည်လာသောကြောင့် ယဲ့ချန်းလည်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။
သူတို့နှစ်ယောက်စလုံး ညစာမစားရသေးသောကြောင့် ကောင်မလေး ဗိုက်ဆာနေပြီဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။ ထို့ကြောင့် သူလည်း မီးဖိုချောင်ထဲသို့ ချက်ချင်း ဝင်သွားလိုက်သည်။
ခဏအတွင်းမှာပင် ယဲ့ချန်းက ဟင်းလေးခွက်နှင့် စွပ်ပြုတ်တစ်ပန်းကန်ကို ယူလာပြီး ထမင်းစားပွဲပေါ် တွင် ပြင်ဆင်လိုက်သည်။
"ရှောင်ယင်း... ထမင်းလာစားတော့လေ"
ဖန်းယင်းကတော့ ဆိုဖာပေါ်မှာသာ ထိုင်နေပြီး ထမည့်ဟန်မပြချေ။
ကောင်မလေး၏ပုံစံကို ကြည့်ပြီး ယဲ့ချန်းလည်း အမြန်ပြောလိုက်ရသည်။
"ရှောင်ယင်း... ကြမ်းပြင်ပေသွားမှာကို ကြောက်နေစရာမလိုပါဘူး"
ယဲ့ချန်းက ကောင်မလေးကို ထမင်းစားခန်းထဲသို့ အတင်းဆွဲခေါ်လာသည်။
စားပွဲပေါ်ရှိ အရသာရှိလောက်မည့် ဟင်းပွဲအစုံအလင်ကို မြင်သောအခါ ကောင်မလေး သွားရည်ကျလာလေသည်။
ယဲ့ချန်းက ထမင်းခူးပြီး ကောင်မလေးကို ကမ်းပေးလိုက်သည်။
"ရှောင်ယင်း... စားနော်"
မကြာခင်မှာပင် စားပွဲပေါ်ရှိ ဟင်းပွဲများကို ကောင်မလေးတစ်ယောက်တည်း ပြောင်သလင်းခါလုနီးပါး စားပစ်လိုက်တော့သည်။
ကောင်မလေး စားနေသည်ကို ကြည့်ရင်း ယဲ့ချန်းပင် တံတွေးမျိုချလိုက်မိသည်။
သို့သော် စားပွဲပေါ်တွင် စားစရာနည်းနည်းလေးသာ ကျန်တော့ကြောင်း မြင်လိုက်ရသောအခါ သူလည်း ရယ်ချင်သွားသည်။
ထမင်းစားပြီးသွားသောအခါ ကောင်မလေးက ပန်းကန်သိမ်းဖို့ အမြန်ထလိုက်သည်။
ယဲ့ချန်းကမူ သူ(မ)ကို တားလိုက်၏။
"ရှောင်ယင်း... ထိုင်နေ။ အစ်ကိုပဲ သိမ်းလိုက်မယ်။ မင်း ဧည့်ခန်းမှာ တီဗီသွားကြည့်နေလိုက်"
ကောင်မလေးကလည်း နာခံကျိုးနွံစွာ ခေါင်းညိတ်ပြပြီးနောက် ဧည့်ခန်းထဲသို့သွားကာ တီဗီဖွင့်လိုက်သည်။
အလုပ်ရှုပ်နေသည့် ယဲ့ချန်း၏ကျောပြင်ကို ကြည့်ရင်း ကောင်မလေး၏ရင်ထဲ ခံစားချက်ပေါင်းစုံ ဝင်လာခဲ့သည်။
ယဲ့ချန်းလို ရည်းစားမျိုးသာ ရလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု သူ(မ) တွေးမိသော်ငြား ယဲ့ချန်းလို ထူးချွန်သူက သူ(မ)လို ရုပ်ဆိုးမလေးကို ဘယ်တော့မှ သဘောကျမည်မဟုတ်ကြောင်း ပြန်သတိရသွားသည်။
အားလုံးသိမ်းဆည်းပြီးနောက် ယဲ့ချန်းက ကောင်မလေးဆီသို့ ရောက်လာပြီး ပြောလိုက်၏။
"ရှောင်ယင်း... ညဉ့်နက်နေပြီဆိုတော့ နားတော့လေ။ အစ်ကို မင်းအတွက် အခန်းပြင်ပေးထားတယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကောင်မလေးကို ဒုတိယထပ်ရှိ အခန်းတစ်ခန်းဆီသို့ ခေါ်သွားခဲ့သည်။
အခန်းအပြင်ကို ထွက်ခါနီးတွင် ယဲ့ချန်းက လက်ရာမြောက်လှသော ပုလင်းလေးတစ်ပုလင်းကို ကောင်မလေးကို ကမ်းပေးလိုက်၏။
"ရေချိုးပြီးရင် ဒီဆေးကို မင်းရဲ့အမာရွတ်ပေါ်မှာ လိမ်းလိုက်နော်"
ဖန်းယင်းက သံသယဖြစ်မိသော်လည်း ယဲ့ချန်း၏ လက်ထဲရှိ ပုလင်းလေးကို လှမ်းယူလိုက်သည်။
ယဲ့ချန်း ထွက်သွားပြီးနောက် ဖန်းယင်းလည်း ရေချိုးခန်းထဲသို့ ဝင်ကာ လန်းသွားအောင် ရေချိုးလိုက်သည်။
ဖန်းယင်းတည်းရသည့် အခန်းကလည်း အဆင့်မြင့်တန်ဖိုးကြီးအခန်း ဖြစ်သည်။
လန်းသွားအောင် ရေချိုးပြီးနောက် ရေထဲက ပေါ်လာသည့် ကြာပန်းလေးတစ်ပွင့်နှယ် သူ(မ) ရေချိုးခန်းထဲက ထွက်လာခဲ့သည်။
ဖန်းယင်းလည်း အဝတ်အစားလဲပြီးနောက် မှန်ရှေ့တွင်ရပ်ကာ ကျောက်စိမ်းအသားအရေလိမ်းဆေးကို ယူပြီး အမာရွတ်ပေါ် သို့ စနစ်တကျ လိမ်းလိုက်သည်။
အသားအရေပေါ်တွင် အေးမြသော ခံစားချက်ကို ရရှိလိုက်သည်နှင့် ကောင်မလေး၏ မျက်နှာကလည်း ချက်ချင်းဆိုသလို သိပ်မနာတော့ချေ။
မနက်ဖြန် အလုပ်လုပ်ရဦးမည်ဖြစ်သောကြောင့် ဖန်ယင်း ခုတင်ပေါ်တွင် အမြန်လှဲချလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
နောက်တစ်နေ့ မနက်တွင်မူ ကောင်မလေး ခုတင်ပေါ်ကထပြီး မှန်ကြည့်လိုက်ချိန်ဝယ် ရုတ်တရက် အော်လိုက်မိသည်။
"အား...!!"
ယဲ့ချန်းလည်း ထိုအော်သံကြောင့် လန့်နိုးလာပြီး ခုတင်ပေါ်က ဝုန်းခနဲထကာ ဒုတိယထပ်ရှိ ကောင်မလေး၏ အခန်းရှေ့သို့ အပြေးအလွှား သွားလိုက်လေသည်။
ထို့နောက် တံခါးကို အချက်အနည်းငယ် ခေါက်လိုက်သောအခါ တံခါးပွင့်လာပြီး ညအိပ်ဝတ်စုံဝတ်ထားသော ကောင်မလေးတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
သူ့ရှေ့ရှိ ကောင်မလေးကို မြင်လိုက်ရသောအခါ ယဲ့ချန်း ကြက်သေသေသွားသည်။ ဤကောင်မလေးက ဖန်းယင်းဖြစ်ကြောင်း သူသိသော်ငြား သူ(မ)က အလွန်ပြောင်းလဲသွားပြီး ယခင်ကထက်ပင် ပိုလှပလာသည်။
ဖန်းယင်းခမျာ မျက်နှာလေး နီမြန်းသွားပြီး ထိုနေရာတွင် ရပ်နေချေသည်။
"အစ်ကိုယဲ့ချန်း... ကျွန်မမျက်နှာကို ကြည့်ပါဦး။ ကျွန်မမျက်နှာက..."
ကောင်မလေးခမျာ ရင်ခုန်စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ချေ။ သူ(မ)၏ မျက်နှာပေါ်ရှိ အမာရွတ်များ ပျောက်ကင်းသွားရုံသာမက အသားအရေကလည်း နို့နှစ်ရောင်နှယ် ယခင်ကထက် ပိုချောမွေ့သွားသဖြင့် သူ(မ)ကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်ရသည်။
ဤသည်မှာ ကျောက်စိမ်းအသားအရေလိမ်းဆေးကြောင့် ဖြစ်ကြောင်း ဖန်းယင်း သိလိုက်သဖြင့် ယဲ့ချန်းကို ကြည့်ကာ မေးလိုက်၏။
"အစ်ကိုယဲ့ချန်း... ဒီလိမ်းဆေးကို ဘယ်ကရတာလဲဟင်"
ယဲ့ချန်းကတော့ အမှန်အတိုင်း ပြောပြ၍ မရသောကြောင့် လွှဲပြောလိုက်ရသည်။
"သူငယ်ချင်းတစ်ယောက် ပေးထားတာပါ"
ကောင်မလေးက အပြည့်အဝမယုံကြည်သော်လည်း ထပ်မမေးတော့ချေ။
•••••••••••••••••••••••••••