← Chapters

အခန်း ၇၄၇

Vol. 50 Ch. 747

အခန်း ၇၄၇

Vol. 50 Ch. 747

အပိုင်း ၇၄၇ : လျော်ကြေးပေးခြင်း

မနက်စာစားပြီးနောက် ယဲ့ချန်းလည်း ကောင်မလေးကို ဆိုင်ကို ကားဖြင့် လိုက်ပို့ပေးခဲ့သည်။ တစ်မိသားစုလုံး၏ စားဝတ်နေရေးက သူ(မ)အပေါ် မှီခိုနေသည်ဖြစ်ရာ ဆိုင်ဖွင့်ရဦးမည်မဟုတ်လော။

ယဲ့ချန်းက ကောင်မလေးကို ဆိုင်ရှင်းဖို့ ကူညီပေးပြီးနောက် ပြောလိုက်၏။

"ရှောင်ယင်း... ခဏနေရင် ဆိုင်က မှန်ကို လာတပ်ပေးဖို့ လူလာလိမ့်မယ်။ ဒါက အစ်ကို့ဖုန်းနံပါတ်ပဲ။ အကူအညီလိုရင် အချိန်မရွေးဆက်လိုက်လို့ရတယ်"

သူက စကားပြောရင်း သူ့ဖုန်းနံပါတ်ရေးထားသည့် စာရွက်တစ်ရွက်ကို ကောင်မလေးအား ကမ်းပေးလိုက်သည်။

ဖန်းယင်းက စာရွက်လေးကို လှမ်းယူရင်း စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ဝဲတက်လာသည်။ ယဲ့ချန်းက သူ(မ)ကို ဘယ်နှကြိမ် ကူညီခဲ့သလဲဆိုသည်ကိုပင် သူ(မ) မမှတ်မိတော့ပေ။

သူ(မ)မှတ်မိသည့် တစ်ခုတည်းသောအရာမှာ သူ(မ)အန္တရာယ်ကြုံရတိုင်း ယဲ့ချန်းက အမြဲတမ်း သူ(မ)ဘေးတွင် ရှိနေတတ်သည်ကိုပင်။

"ဟုတ်ကဲ့ပါ အစ်ကိုယဲ့ချန်း စိတ်မပူပါနဲ့။ အလုပ်သွားတော့လေ"

ဖန်းယင်းက ပြုံးလျက် ပြောလိုက်သည်။

မနေ့က ဖန်းယင်း၏ ကိစ္စကြောင့် ဤအခြမ်းတွင် ပါဆယ်မပို့ရသေးချေ။ ယဲ့ချန်းလည်း လှည့်ထွက်လာခဲ့ပြီးနောက် ပို့ရမည့် ပါဆယ်ထုပ်များကို ယူကာ လမ်းကြိုလမ်းကြားထဲသို့ ဝင်သွားခဲ့သည်။

ပါဆယ်ထုပ်များပေါ်က လိပ်စာများကို ကြည့်ရင်း ယဲ့ချန်းတစ်ယောက် မြို့ဟောင်းရပ်ကွက်ထဲသို့ မသိလိုက်မသိဘာသာဖြင့် ရောက်သွားခဲ့သည်။

ဤနယ်မြေမှာ စနစ်က ယဲ့ချန်းကို ဆုလာဘ်အဖြစ် ပေးထားသော နေရာဖြစ်၏။ သို့သော် ဤကဲ့သို့ ဟောင်းနွမ်းပျက်စီးနေသော နေရာမျိုးမှာ လူနေနေကြသေးသည်ဟု သူ မထင်ထားပေ။

ယဲ့ချန်း မြို့ဟောင်းရပ်ကွက်ထဲသို့ ခြေချလိုက်ချိန်မှာပင် နောက်ကျောဘက်က ရင်းနှီးနေသော အသံတစ်သံ ထွက်လာသည်။

"ယဲ့ချန်း... ရှင် ဒီမှာ ဘာလာလုပ်တာလဲ"

လှည့်ကြည့်လိုက်သောအခါ ကျိုးစုစုဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ဤကောင်မလေးက အရပ်ဝတ် ဝတ်ဆင်ထားပြီး အနောက်တွင်မူ ခါး၌ လက်နက်ကိုယ်စီ ချိတ်ဆွဲထားသည့် အရပ်ဝတ်ရဲအရာရှိအနည်းငယ် ရပ်နေလေသည်။

"စုစု... မင်းရော ဒီမှာဘာလာလုပ်တာလဲ"

ယဲ့ချန်းက သူ(မ)ကို ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။

အကဲခတ်တတ်သူဆိုလျှင် ယဲ့ချန်း၏ အဝတ်အစားကို ကြည့်ရုံဖြင့် သူ ဤနေရာတွင် ဘာလာလုပ်သလဲဆိုသည်ကို သိနိုင်သည်။ မေးနေစရာ လိုသေးသလား။

"ကျွန်မတို့ တရားခံလာဖမ်းတာလေ"

ကျိုးစုစုက ပြန်ဖြေလိုက်သည်။

"ခေါင်းဆောင်... ဒါက လျှို့ဝှက်စစ်ဆင်ရေးလေ။ အပြင်လူကို ဘယ်လိုလုပ်ပြီးပြောပြလို့ရမှာလဲ"

ရဲအရာရှိတစ်ယောက်က မကျေမနပ်ဖြင့် ဝင်ပြောလိုက်သည်။

ကျိုးစုစုကတော့ သူ့စကားကို လျစ်လျူရှုလိုက်ပြီး ပြုံးလျက် ဆိုလေသည်။

"မိတ်ဆက်ပေးရဦးမယ်။ ဒါက မစ္စတာယဲ့ချန်းတဲ့။ ငါတို့ရဲတပ်ဖွဲ့ကို အမှုတော်တော်များများ ဖြေရှင်းတဲ့နေရာမှာ ကူညီပေးခဲ့တဲ့ ကျေးဇူးရှင်ပဲ"

သူတို့အနေနှင့် ခေါင်းဆောင်က သူ့အကြောင်း ကြိုပြောပြထားသဖြင့် အမြဲကြားခဲ့ဖူးသော်ငြား ယဲ့ချန်းကို အပြင်မှာ ယခုလိုအဝတ်အစားမျိုးနှင့် မြင်လိုက်ရသောအခါ လူတိုင်း သံသယဝင်သွားကြသည်။ တချို့ဆိုလျှင် မျက်လုံးထဲတွင် အထင်သေးလေဟန် အရိပ်အယောင်များပင် ပေါ်လာခဲ့သည်။

ယဲ့ချန်းက လူတိုင်းကို ဂရုစိုက်မနေဘဲ ကျိုးစုစုကို ပြောလိုက်၏။

"တရားခံလာဖမ်းတာဆို ဘာလို့မဖမ်းဘဲ ဒီမှာ ရပ်နေကြတာလဲ"

ကျိုးစုစု၏ မျက်နှာထက်တွင် အခက်တွေ့နေလေဟန် အမူအရာပေါ်လာသည်။

"အစ်ကိုရယ်... လူတစ်ယောက်ကို ဖမ်းဖို့ သက်သေအထောက်အထား လိုတယ်လေ"

"ဒါဆိုလည်း သက်သေသွားရှာလေ"

ယဲ့ချန်းက ပြောလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသော် အခြားရဲအရာရှိများက မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ သူ ဘာမှနားမလည်ကြောင်း ရှင်းနေချေသည်။

"သက်သေက သူ့အခန်းထဲမှာရှိတာ။ ဒါပေမဲ့ ကျွန်တော်တို့ အထဲဝင်လို့မရဘူး။ အဲဒီကောင်က တော်တော်ပါးနပ်ပြီး မျက်စိလျင်တယ်"

ရဲအရာရှိတစ်ယောက်က ပြောလိုက်သည်။

ထိုအချိန်မှာ ကျိုးစုစုက ယဲ့ချန်း၏ အဝတ်အစားကို ကြည့်ပြီး မေးလိုက်လေတော့သည်။

"ရှင် ပါဆယ်ပို့နေတာလား"

ပါဆယ်ပို့သမားဝတ်စုံ ဝတ်ထားခြင်းမှာ အစားအသောက်ပို့နေခြင်း မဟုတ်ပါဘဲ ပါဆယ်ပို့နေခြင်းဖြစ်ကြောင်း သိသာလှသည်ဟု တွေးရင်း ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

ကျိုးစုစုက ယဲ့ချန်း၏လက်ထဲရှိ ပါဆယ်ထုပ်ကို လှမ်းကြည့်လိုက်ပြီးနောက် ရုတ်ခြည်းပင် သူ(မ)၏မျက်လုံးများ အရောင်လက်သွားသည်။ အကြောင်းမှာ ထိုပါဆယ်ထုပ်က ထိုသကောင့်သား၏လိပ်စာ ဖြစ်နေ၍ပင်။

"ယဲ့ချန်း... သိပ်ကောင်းတယ်။ အဲဒါ သူ့ပါဆယ်ထုပ်လေ။ ရှင် သွားပို့တဲ့အခါ သတိထားပြီး သူ့ကို အပြင်ထွက်လာအောင် မျှားခေါ်ပေး"

ကျိုးစုစုက အမိန့်ပေးလိုက်သည်။

"ကောင်းပြီလေ"

ယဲ့ချန်းလည်း အငှားတိုက်ခန်းဆီသို့ သွားပြီး တံခါးကို အချက်အနည်းငယ် ခေါက်လိုက်သည်။ သို့သော် ဘယ်သူမှ ပြန်မထူးချေ။

ယဲ့ချန်းလည်း "ဒေါက် ဒေါက် ဒေါက်"ဟု ခပ်ပြင်းပြင်း ထပ်ခေါက်လိုက်သောအခါ အထဲက ယောက်ျားတစ်ယောက်၏အသံ ထွက်လာသည်။

"ဘယ်သူလဲကွ။ အဲဒီလောက်ထုနေတာ ငါ့တံခါး ကျိုးသွားဦးမယ်"

အထဲက အသံကို ကြားသောအခါ ယဲ့ချန်းက ပြောလိုက်သည်။

"ကျွန်တော် ပါဆယ်ပို့သမားပါ။ ခင်ဗျားအတွက် ပါဆယ်ရှိလို့ လက်မှတ်ထိုးပေးပါဦး"

သို့သော် အထဲက ဘယ်သူမှ ပြန်မဖြေတော့ချေ။ ယဲ့ချန်းလည်း တော်တော်ကြာအောင် စောင့်နေသော်လည်း ဘာအသံမှ မကြားရတော့သောကြောင့် ပါဆယ်ထုပ်ကို တံခါးဝမှာသာ ထားခဲ့ရတော့သည်။

ယဲ့ချန်း ပြန်ရောက်လာသောအခါ အစီအစဉ် ပျက်သွားပြီဖြစ်ကြောင်း ကျိုးစုစု သိလိုက်သည်။

သူ(မ) စိတ်ညစ်သွားသည်။

"ဒီကောင်က တော်တော်ပါးနပ်တာပဲ။ လုံးဝ ထောင်ချောက်ထဲ မဝင်ဘူး"

"စုစု... ခုနက ဟိုလူပြောတာ ကြားလိုက်တယ်။ အခန်းထဲမှာ သက်သေရှိတယ်ဆို။ အခန်းထဲရောက်ရင် တွေ့မှာပေါ့"

ယဲ့ချန်းက ပြုံးပြီး ပြောလိုက်သည်။

"အခန်းထဲဝင်ဖို့က ပြောသလောက် မလွယ်ဘူးလေ"

ကျိုးစုစုကမူ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"ကိုယ့်မှာ နည်းလမ်းရှိတယ်"

"ပါဆယ်ပို့သမားတစ်ယောက်က ဘာအကြံရမှာမို့လို့လဲ"

အမျိုးသားရဲအရာရှိတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

"ဒီမြို့ဟောင်းရပ်ကွက်ထဲက အိမ်တွေအကုန်လုံးက ငါ့အပိုင်တွေချည်းပဲ။ အိမ်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်အိမ်ကိုယ်ဝင်တာ ဘာပြဿနာရှိလို့လဲ"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဒီတစ်ရပ်ကွက်လုံးက မင်းအပိုင်ဟုတ်လား။ မင်း လာနောက်နေတာလား။ ပါဆယ်ပို့တာ တစ်လကို ဘယ်လောက်ရလို့ ဒီလောက်အများကြီး ပိုင်ရမှာလဲ"

အစောက ရဲအရာရှိက ယဲ့ချန်းကို ရယ်စရာဟာသတစ်ပုဒ် ကြားလိုက်ရသလို ကြည့်လိုက်သည်။

ကျိုးစုစုလည်း အံ့သြသွားသည်။ ယဲ့ချန်းကို မယုံကြည်သော်လည်း ထိုရဲအရာရှိလိုတော့ မလှောင်ပြောင်ပါချေ။

ကျိုးစုစု၏ အံ့သြနေသော မျက်နှာကို မြင်သောအခါ ယဲ့ချန်းက ပြောလိုက်၏။

"ဒီမှာ ခဏစောင့်နေ"

ယဲ့ချန်း ထွက်သွားသောအခါ အမျိုးသားရဲအရာရှိက အမြန်ပြောလိုက်၏။

"ခေါင်းဆောင်... ဒီပါဆယ်ပို့သမားက လုံးဝ အားကိုးရမှာမဟုတ်ဘူး။ သူ့အလိမ်ပေါ်သွားတော့ ထွက်ပြေးသွားတာ သေချာတယ်။ ကျွန်တော်တို့ တခြားနည်းလမ်း စဉ်းစားရအောင်"

ကျိုးစုစုက ဆို၏။

"ခဏလောက် ထပ်စောင့်ကြည့်ရအောင်။ ငါတို့ အလောတကြီးလုပ်ပြီး ပစ်မှတ်ကို မလိုအပ်ဘဲ သတိမပေးမိစေနဲ့"

ယဲ့ချန်းတွင် အိမ်ခြံမြေအများကြီး ပိုင်ဆိုင်ကြောင်း သူ(မ) မယုံကြည်သော်လည်း သူသည် အရေးကြီးချိန်မှာ ထွက်ပြေးသွားမည့် လူစားမျိုး မဟုတ်ကြောင်းကိုမူ သူ(မ) ယုံကြည်သည်။

ခဏအကြာ ယဲ့ချန်းက စာရွက်စာတမ်းအထပ်လိုက်ကြီးကိုင်ပြီး ပြန်ရောက်လာသည်။

"အဲဒါ ဘာတွေလဲ"

ယဲ့ချန်း၏လက်ထဲက ပစ္စည်းများကို ကြည့်ပြီး ကျိုးစုစုက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"အိမ်ပိုင်ဆိုင်မှုစာချုပ်တွေလေ"

သူ့အဖြေကို ကြားသော် လူတိုင်း အံ့သြသွားကြသည်။ ဤပါဆယ်ပို့သမားက အမှန်အတိုင်း ပြောနေခြင်းပင်။

သို့သော် ဘယ်လိုစဉ်းစားစဉ်းစား ဖြစ်နိုင်စရာအကြောင်း မရှိပါချေ။

"ရှင်က ဘယ်လိုလုပ်ပြီး အိမ်တွေ ဒီလောက်အများကြီး ပိုင်ရတာလဲ"

ကျိုးစုစုက ယဲ့ချန်းကို သံသယမျက်လုံးများဖြင့် ကြည့်ရင်း မေးလိုက်သည်။

"စိတ်မပူပါနဲ့။ အကုန်လုံး တရားဝင်ပါတယ်"

ယဲ့ချန်းက ကျိုးစုစုကို စိတ်သက်သာရာရအောင်ပြောပြီး သူ(မ)၏သံသယများကို ဖြေဖျောက်ပေးလိုက်သည်။

ထို့နောက် သူက ဆက်ပြောချေသည်။

"အကူအညီ လိုသေးလား။ မလိုရင်တော့ ပါဆယ်ပဲ သွားပို့တော့မယ်"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လှည့်ထွက်ဖို့ ပြင်လိုက်သည်။

ကျိုးစုစုခမျာ ကပျာကယာ တားလိုက်ရသည်။

"လိုတာပေါ့။ ရှင့်အကူအညီ လိုတယ်။ ဒါက တကယ်သတင်းကောင်းပဲ"

အခန်းထဲသို့ တရားဝင်ဝင်ခွင့်ရမှသာ အနှောင့်အယှက်များကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သူ(မ) သိသည်။

"ကောင်းပြီလေ။ ဒါဆို မင်း ငါ့လက်ထောက် လုပ်လိုက်"

ယဲ့ချန်းက ကျိုးစုစုကို ပြောလိုက်သည်။

"ပြဿနာမရှိပါဘူး"

ကျိုးစုစုက အိမ်ပိုင်ဆိုင်မှုစာချုပ်များကို ကိုင်ပြီး ယဲ့ချန်းနောက်က လိုက်သွားခဲ့သည်။

"ဒေါက်... ဒေါက်..."

ယဲ့ချန်း တံခါးခေါက်လိုက်သောအခါ အထဲက ယောက်ျားအသံ ပြန်ထွက်လာသည်။

"ဘယ်သူလဲ။ ထွက်သွားစမ်း... လာမရှုပ်နဲ့"

"ဒီနယ်မြေကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းလုပ်တော့မှာမို့လို့ ကျွန်တော်တို့ စစ်တမ်းလာကောက်တာပါ"

ယဲ့ချန်းက ပြောလိုက်သည်။

"ငါ ဂရုမစိုက်ဘူး။ ထွက်သွား"

ထိုလူက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

"လူကြီးမင်း... ကျွန်တော်တို့က အဆောက်အအုံတွေကို ကြိုတင်ဖြိုချမှာမို့လို့ အားလုံးကို လျော်ကြေးပေးချင်လို့ပါ။ ဒီနေ့က စာရင်းသွင်းပြီး လျော်ကြေးထုတ်ပေးတဲ့နေ့လေ။ တစ်အိမ်ကို ယွမ် ငါးသောင်းရမှာပါ"

ယဲ့ချန်းက အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။

ပိုက်ဆံရမည်ဟု ကြားလိုက်ရချိန်ဝယ် ထိုလူ ချက်ချင်း စိတ်ဝင်စားသွားသည်။ သူသည် ထွက်ပြေးဖို့ ပိုက်ဆံမရှိသောကြောင့် စိတ်ပူနေခြင်းဖြစ်ရာ ယခုမူ ရေကန်အသင့် ကြာအသင့်ပင်။

•••••••••••••••••••••••

All Chapters