အခန်း ၇၄၈
Vol. 50 Ch. 748
အပိုင်း ၇၄၈ : မောက်မာသော ရာဇဝတ်ကောင်
"ခဏစောင့်"
ထိုသို့ပြောရင်း ထိုအမျိုးသားက တံခါးကို ဖွင့်လိုက်သည်။
တံခါးဝတွင် မုတ်ဆိတ်မွေးအပြည့်နှင့် ကြောက်မက်ဖွယ်ကောင်းသော အသွင်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရပ်နေလေ၏။
မုတ်ဆိတ်မွေးနှင့်လူက ယဲ့ချန်းနှင့် ကျိုးစုစုတို့ကို သတိကြီးစွာဖြင့် စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်သော်လည်း သူတို့ထံမှ မသင်္ကာစရာ တစ်စုံတစ်ရာမှ မတွေ့ရပေ။
လေ့ကျင့်မှုကောင်းကောင်းရရှိထားသော ကျိုးစုစုမှာ သဘာဝကျကျပင် ဘာဟာကွက်မှ မပြခဲ့သလို အကြမ်းပတမ်းကိစ္စများနှင့် ရင်းနှီးနေပြီဖြစ်သော ယဲ့ချန်းကလည်း ရေပြင်လို တည်ငြိမ်နေသည်။
"မင်္ဂလာပါ... ဒီနေရာကို သိမ်းယူလိုက်ပြီမို့ အိမ်ထောင်စုတစ်စုစီကို လျော်ကြေးငွေ ယွမ်ငါးသောင်း ကြိုတင်ပေးသွားမှာပါ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
မုတ်ဆိတ်မွေးနှင့်လူက သူ့ရှေ့ရှိ ကျိုးစုစုကို မျက်လုံးများ အရောင်လက်လာသည်အထိ ကြည့်နေမိသည်။ ကုတ်အင်္ကျီနှင့် စကတ်တို ဝတ်ဆင်ထားသည့် အလှလေးမှာ အလွန်တရာ လှပနေသဖြင့် သူ သွေးဆောင်ခံလိုက်ရသည်။
အကယ်၍ ညဘက်သာဖြစ်ပါက ယဲ့ချန်းကို သတ်ပြီး ဤအလှလေးကို ပျော်ပါးရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ထိုလူက စိတ်ထဲမှ တွေးနေလေသည်။
"မင်္ဂလာပါ... ကျွန်မက မစ္စတာယဲ့ရဲ့ အတွင်းရေးမှူးပါ။ စည်းမျဉ်းတွေအရ လျော်ကြေးငွေ ထုတ်မပေးခင် ရှင့်ဆီကနေ အချက်အလက်တချို့ကို အတည်ပြုပေးဖို့ လိုအပ်ပါတယ်ရှင့်"
မုတ်ဆိတ်မွေးနှင့်လူ၏ ရမ္မက်ထန်နေသော အကြည့်ကို မြင်သော်လည်း ကျိုးစုစုမှာ တည်ငြိမ်နေဆဲပင်။
"ကောင်းပြီ။ ကောင်းပြီလေ"
မုတ်ဆိတ်မွေးနှင့်လူ၏ တုံ့ပြန်မှုကို ကြားလိုက်ရချိန်တွင် ယဲ့ချန်းနှင့် ကျိုးစုစုတို့မှာ စိတ်ထဲ၌ ဝမ်းသာသွားကြသည်။ ထိုလူကို အိမ်အပြင်ထွက်လာအောင် လှည့်စားနိုင်ပါက သူတို့ အိမ်ထဲဝင်၍ သက်သေအထောက်အထားများ ဝင်ရောက်ရှာဖွေနိုင်မည်ဖြစ်၏။
သူတို့အကြံအောင်ပြီဟု ထင်နေဆဲမှာပင် မုတ်ဆိတ်မွေးနှင့်လူက ပြောလိုက်၏။
"အပြင်ထွက်စရာ မလိုပါဘူး"
ဤစကားကို ကြားလိုက်ရသောအခါ သူတို့နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားပြီး သူတို့အကြောင်းများ ရိပ်မိသွားပြီလားဟု တွေးပူသွားကြသည်။
သို့သော်လည်း ထိုသို့ဖြစ်နိုင်ခြေနည်းပါးလှသည်။ မုတ်ဆိတ်မွေးနှင့်လူ၏ နိုးကြားမှုက မြင့်မားနေခြင်းကြောင့်သာ ဖြစ်တန်ရာ၏။
သူတို့ တွေးတောနေစဉ်မှာပင် ထိုလူက ပြုံးလျက် ပြောလိုက်သည်။
"အထဲမှာပဲ အတည်ပြုကြတာပေါ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် ယဲ့ချန်းနှင့် ကျိုးစုစုတို့မှာ သက်ပြင်းချနိုင်သွားသည်။
မုတ်ဆိတ်နှင့်လူက သူ့ရှေ့ရှိ အမျိုးသားနှင့် အမျိုးသမီးကို အလေးအနက်မထားပေ။ သူတို့ကို အိမ်ထဲသို့ ခေါ်သွင်းနိုင်သရွေ့ အမျိုးသားကို တိတ်တဆိတ် သတ်ပစ်နိုင်ပြီး အမျိုးသမီးကလည်း သဘာဝကျကျပင် သူ့လူဖြစ်လာလိမ့်မည်ဟု တွေးထားသည်။
ထိုသို့တွေးရင်း မုတ်ဆိတ်မွေးနှင့်လူမှာ လှောင်ပြုံးပြုံးလိုက်သည်။
ယဲ့ချန်းလည်း အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။ အထဲရောက်သွားသည်နှင့် ထိုလူကို ဖမ်းဆီးနိုင်မည်ဖြစ်၏။ ထိုအခါ သက်သေရှာဖွေရန်လည်း လွယ်ကူသွားပေမည်။
မုတ်ဆိတ်မွေးနှင့်လူက အမျိုးသားနှင့် အမျိုးသမီးကို အခန်းထဲသို့ ဝင်ခွင့်ပြုလိုက်ပြီး ဝင်ဝင်ချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သူ့ရုပ်သွင်ကို ထုတ်ပြလိုက်သည်။
"ဒီကို ရောက်လာမှတော့ ပြန်မထွက်နဲ့တော့"
သူက ရက်စက်ကြမ်းကြုတ်လေဟန်ဖြင့် ပြောလိုက်သည်။
"ဘာလိုချင်တာလဲ"
ယဲ့ချန်းနှင့် ကျိုးစုစုတို့က ကြောက်ချင်ဟန်ဆောင်ကာ ပြိုင်တူမေးလိုက်ကြသည်။
ထိုသို့ဟန်ဆောင်ရသည့် အကြောင်းအရင်းမှာ ထိုလူ၏သတိကို လျှော့ချပစ်ရန်အတွက်ပင်။
"မင်းကို သတ်ပစ်မယ်။ ပြီးရင် ဒီအလှလေးနဲ့ ပျော်ပါးပစ်မယ်။ ဒီရက်ပိုင်းအတွင်း ငါ ရူးမတတ်ဖြစ်နေတာ"
မုတ်ဆိတ်မွေးနှင့်လူက ယဲ့ချန်းကို ပြောလိုက်သည်။
သို့သော် ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ခင်ဗျား စိတ်ပျက်ရတော့မယ်ထင်တယ်"
ထိုသို့ပြောရင်း သူက မုတ်ဆိတ်မွေးနှင့်လူထံသို့ ပြေးဝင်ကာ ကန်ပစ်လိုက်သည်။
ထိုလူခမျာ ဘောလုံးတစ်လုံးနှယ် လွင့်စင်သွားပြီး နံရံနှင့် အရှိန်ပြင်းပြင်း ဝင်ဆောင့်မိသွားသည်။
ကျိုးစုစုလည်း ကပျာကယာ ပြေးသွားပြီး ထိုလူ့ကို လက်ထိတ်ခတ်ရန် ပြင်လိုက်သည်။
သို့သော် သူ(မ) ထောင်ချောက်ထဲသို့ ဝင်မိသွားသည်။ အမှန်တကယ်တွင် ထိုလူက သတိလစ်ချင်ယောင်ဆောင်နေခြင်းဖြစ်ပြီး အမျိုးသမီးက သူ့ကို လက်ထိတ်ခတ်ရန် ပြင်ချိန်၌ အမြန်ထကာ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစုစုမှာ ဝိညာဉ်လွင့်မတတ် လန့်ဖျပ်သွားသည်။ ဓားမြှောင်မှာ သူ(မ)နှင့် မီတာဝက်အကွာသို့ ရောက်လာချိန်တွင် သူ(မ)ရှေ့၌ လူရိပ်တစ်ခု ပေါ်လာခဲ့သည်။
ဒီနေ့တော့ သွားပြီဟု အစက ထင်မှတ်ခဲ့သော်လည်း သူ(မ)ရှေ့ရှိ ယဲ့ချန်းကို မြင်လိုက်ရချိန်တွင် မျက်ရည်ကျမတတ် ဝမ်းသာကြည်နူးသွားသည်။
မုတ်ဆိတ်မွေးနှင့်လူ၏ လက်ကောက်ဝတ်ကို ယဲ့ချန်းက ဆုပ်ကိုင်ထားလိုက်လေရာ ထိုလူခမျာ တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ပေ။
"အားးး"
ထိုလူက နာကျင်စူးရှစွာ အော်ဟစ်လိုက်သည်။ သူ ရုန်းကန်လေလေ နာကျင်မှုက ပိုပြင်းထန်လာလေလေဖြစ်ပြီး လက်ကောက်ဝတ်ကျိုးသွားသလို ခံစားလိုက်ရသည်။
ကျိုးစုစု ကြောင်အမ်းအမ်းဖြင့် ရပ်နေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။
"အစ်မရေ.. မြန်မြန်လာကူပါဦး"
ထိုအခါမှသာ ကျိုးစုစု သတိပြန်ဝင်လာပြီး ယဲ့ချန်းထံသို့ ပြေးကာ ထိုလူ့ကို လက်ထိတ်ခတ်လိုက်တော့သည်။
"ကောင်လေး... ငါ ပြန်ထွက်လာမယ့်အချိန်ကိုသာ စောင့်နေ။ မင်းကို ငါ အလွတ်မပေးဘူး"
မုတ်ဆိတ်မွေးနှင့်လူက ရန်လိုစွာ ပြောဆိုလိုက်သည်။
"ဖြန်း"
ကျယ်လောင်လှသော ပါးရိုက်သံတစ်သံ ထွက်ပေါ်လာပြီး ထိုလူမှာ ချက်ချင်း မှင်တက်သွားသည်။
"မင်းလုပ်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးနဲ့ဆိုရင် ဘယ်လောက်တောင် အပြစ်ကြီးနေပြီလဲဆိုတာ မင်းကိုယ်မင်း မသိဘူးလား။ ငါ့ကိုတောင် ခြိမ်းခြောက်ရဲသေးတယ်ပေါ့လေ။ မင်း တစ်သက်လုံး ထောင်ထဲမှာပဲ ကုန်ဆုံးရလိမ့်မယ်"
ယဲ့ချန်းက ခက်ထန်တင်းမာစွာ ပြောလိုက်သည်။
ထိုလူက ရယ်မောရင်း ပြန်ပြောလေသည်။
"ငါ ဘာတရားမဝင်အလုပ်မှ မလုပ်ထားဘူး။ မင်းတို့က ငါ့ကို ဘာလို့ဖမ်းတာလဲ..."
"ဖြန်း"
နောက်ထပ်ပါးရိုက်သံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ယခင်တစ်ချက်ထက်ပင် ပိုပြင်းထန်လှသည်။
ယဲ့ချန်း၏ လုပ်ရပ်ကြောင့် ကျိုးစုစု အံ့အားသင့်သွားလေသည်။
သူ(မ)ရှေ့ရှိ လူငယ်လေးက စကားတစ်ခွန်းမျှမဆိုဘဲ လက်ပါလိမ့်မည်ဟု သူ(မ) မထင်ထားခဲ့ပေ။ သို့သော် ယဲ့ချန်းသာမရှိပါက သူ(မ) ဒဏ်ရာရသွားနိုင်ကြောင်း သိထားသဖြင့် ဘာမှမပြောခဲ့ချေ။
ဤတစ်ကြိမ်တွင်မူ ထိုလူမှာ လုံးဝမလှုပ်ရှားရဲတော့ဘဲ ဝက်ခေါင်းတစ်လုံးအလား ရောင်ကိုင်းနေသော မျက်နှာဖြင့် ကြမ်းပြင်ပေါ်၌ နာနာခံခံ လှဲနေတော့သည်။
အမိန့်ကိုစောင့်နေသော ရဲအရာရှိအချို့မှာ လက်နက်အပြည့်အစုံဖြင့် အပြေးအလွှား ဝင်ရောက်လာကြသည်။
ထိုအမျိုးသားနှင့် အမျိုးသမီးမှာ ရဲများဖြစ်ကြောင်း မုတ်ဆိတ်မွေးနှင့်လူ နောက်ဆုံးတွင် နားလည်သွားသည်။ သူ အံ့အားသင့်သွားသော်လည်း မကြောက်ပေ။
သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။ ယဲ့ချန်းနှင့် ခေါင်းဆောင် နှစ်ယောက်တည်းဖြင့် သွေးဆာနေသော ဤရာဇဝတ်ကောင်ကို ဖမ်းဆီးနိုင်လိမ့်မည်ဟု သူတို့ မထင်ထားချေ။
ယခင်က သူ့ကိုဖမ်းဆီးရန် ကြိုးစားရင်း အရာရှိအချို့ အသက်ဆုံးရှုံးခဲ့ရဖူးသည်။
ထိုတရားခံပြေးကို ယဲ့ချန်းတစ်ယောက်တည်းဖြင့် အနိုင်ယူဖမ်းဆီးခဲ့ကြောင်းကိုသာ သူတို့သိပါက အံ့သြမှင်တက်သွားမည်မှာ အသေအချာပင်။
"နေရာတိုင်းကို မြန်မြန်ရှာကြ။ အဲဒါကို ဘယ်မှာဝှက်ထားလဲဆိုတာ ကြည့်ကြစမ်း"
ကျိုးစုစုက သူ့အဖွဲ့ကို ပြောလိုက်သည်။
အဖွဲ့ဝင်အချို့က အိမ်ကို နေရာလပ်မကျန် ရှာဖွေခဲ့ကြသော်လည်း သူတို့ ရှာဖွေနေသည့်အရာကို မတွေ့ပေ။
မုတ်ဆိတ်မွေးနှင့်လူ၏ မျက်နှာထက်တွင် ကျေနပ်ဂုဏ်ယူနေဟန် အမူအရာတစ်မျိုး ပေါ်လွင်နေသည်။ ရဲများ ဘာမှမရှာတွေ့ပါက သူ့ကို ဖမ်းဆီးရန် သက်သေအထောက်အထား ရှိမည်မဟုတ်ပေ။
ကျိုးစုစု၏ မျက်နှာကား တည်ကြည်သွားသည်။
ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ။ အခန်းကျဉ်းလေးထဲတွင် နေရာအနှံ့ ရှာဖွေပြီးသည့်တိုင် ဘာမှမတွေ့ရပေ။
သူ့ကိုယ်ပေါ်မှာများ ရှိနေမလား။
ကျိုးစုစုက ယဲ့ချန်းကို အချက်ပြလိုက်လေရာ သူလည်း ချက်ချင်း နားလည်လိုက်သည်။
သူက မုတ်ဆိတ်မွေးနှင့်လူကို ဆွဲထူကာ နံရံတွင် မှီခိုင်းထားပြီး ထိုလူ၏ ခန္ဓာကိုယ်အနှံ့ကို သေချာရှာဖွေလေသည်။
"မင်းတို့က ရဲတွေဆိုပေမဲ့ ဒီလိုလုပ်လို့မရဘူးနော်။ ငါက ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပဲ။ ဒီကိစ္စအတွက် မင်းတို့ကို တရားစွဲလို့ရတယ်"
မုတ်ဆိတ်မွေးနှင့်လူက အော်ဟစ်လိုက်သည်။
ယဲ့ချန်းကမူ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်၏။
"ခင်ဗျားက အရိုက်ခံချင်နေသေးတာပဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ သူ့ပါးပြင်များ ပူထူရောင်ကိုင်းနေဆဲဖြစ်သဖြင့် ထပ်အရိုက်မခံလိုတော့သော မုတ်ဆိတ်မွေးနှင့်လူမှာ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ယဲ့ချန်း သူ့ကိုယ်ပေါ်မှ ဓားမြှောင်အနည်းငယ်ကိုသာ တွေ့ရှိခဲ့ပြီး အခြားဘာမှမတွေ့ခဲ့ရပေ။
ထိုအဖြစ်ကို မြင်သောအခါ ကျိုးစုစု မျက်မှောင်ကြုတ်လိုက်မိသည်။
မုတ်ဆိတ်မွေးနှင့်လူ ပြောသလိုပင်။ အကယ်၍ သူတို့အနေနှင့် ထိုလူ့ကို စွပ်စွဲရန် သက်သေအထောက်အထား ရှာမတွေ့ပါက ထိုလူ၏ တရားစွဲဆိုခြင်းကို ခံရနိုင်သည်။
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ။ သက်သေက ဒီမှာရှိနေရမှာလေ"
ကျိုးစုစု တွေးလိုက်သည်။ မုတ်ဆိတ်မွေးနှင့်လူသည် လူသတ်သည့်လုပ်ငန်းစဉ်ကို နောက်ပိုင်းတွင် ပြန်လည်ခံစားကြည့်ရှုနိုင်ရန် ဗီဒီယိုရိုက်ကူးထားလေ့ရှိသော်လည်း ထိုUSBကို သူ ဘယ်မှာဝှက်ထားလေသလဲ။
သူ(မ) စဉ်းစားတွေးတောနေစဉ်မှာပင် ယဲ့ချန်းက ရုတ်တရက်ပြောလိုက်၏။
"အဲဒါကို ဘယ်မှာဝှက်ထားလဲဆိုတာ သိပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် မုတ်ဆိတ်မွေးနှင့်လူ၏ မျက်လုံးထဲဝယ် ထိတ်လန့်လေဟန် အရိပ်အယောင်များ ဖြတ်ပြေးသွားလေတော့သည်။
••••••••••••••••••••••