အခန်း ၇၄၉
Vol. 50 Ch. 749
အပိုင်း ၇၄၉ : မင်းလိုလူစားမျိုး ငါ အများကြီးမြင်ဖူးတယ်
ယဲ့ချန်းက မျက်နှာချင်းဆိုင်နံရံနားသို့ တဖြည်းဖြည်း နီးကပ်လာလေလေ မုတ်ဆိတ်မွေးနှင့်လူ၏ မျက်လုံးထဲရှိ ထိတ်လန့်မှုက ပိုမိုပြင်းထန်လာလေလေပင်။
ကျိုးစုစုနှင့် အခြားရဲအရာရှိများလည်း ထိုလူ၏အမူအရာ ပြောင်းလဲသွားကြောင်း သတိထားမိလိုက်သဖြင့် သူတို့ရင်ထဲရှိ စိတ်ပျက်အားငယ်မှုများလည်း ပျောက်ကွယ်သွားတော့သည်။
ယဲ့ချန်း နံရံနားသို့ ရောက်သွားပြီးနောက် လက်သီးဖြင့် နံရံကို ခေါက်ကြည့်လိုက်သည်။
ယဲ့ချန်း၏လုပ်ရပ်ကို မြင်လိုက်ရသောအခါ မုတ်ဆိတ်နှင့်လူမှာ မောက်မာနေရာမှ ကြောက်လန့်သွားတော့သည်။
ယဲ့ချန်းက ဓားမြှောင်၏ ချွန်ထက်သောအဖျားဖြင့် နံရံကို အားကုန်ထိုးခွဲလိုက်သည်ကို မြင်သောအခါတွင်မူ ထိုလူ ချက်ချင်းခေါင်းငိုက်စိုက်ကျသွားလေသည်။
ယဲ့ချန်းက ဓားမြှောင်ကို အသုံးပြု၍ နံရံတွင် အပေါက်ငယ်တစ်ခု ဖောက်လိုက်ပြီးနောက် အထဲမှ အမည်းရောင်USB driveတစ်ခုကို ထုတ်ယူလိုက်သည်။
ယဲ့ချန်း၏လက်ထဲရှိ USBကို မြင်လိုက်ရသောအခါ ကျိုးစုစု၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားသည်။
သူ(မ)က ဘေးနားရှိ အရာရှိအား ပြောလိုက်၏။
"ရှောင်လီ ကားဆီကို မြန်မြန်သွားပြီး လက်တော့ပ် သွားယူလာခဲ့"
လီဟုခေါ်သော ရဲအရာရှိလေးမှာ အမိန့်ရသည်နှင့် အခန်းထဲမှ ရဲကားရှိရာသို့ ကမန်းကတန်း ပြေးထွက်သွားသည်။
ငါးမိနစ်ပင် မကြာလိုက်ပါဘဲ အရာရှိလီက ချွေးသံတရွှဲရွှဲဖြင့် လက်တော့ပ်ကိုသယ်ကာ ပြန်ရောက်လာသည်။
ထို့နောက် လက်တော့ပ်ကိုဖွင့်ကာ USB driveကို ထိုးထည့်ပြီး ဖိုင်များကို ဖွင့်လိုက်သောအခါ မြင်မကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
ကျိုးစုစုလို အတွေ့အကြုံရင့် ရဲအရာရှိတစ်ယောက်အတွက်ပင် ကြည့်ရဆိုးနေချေသည်။ အခြားအရာရှိပေါက်စတချို့ဆိုလျှင် ပျို့အန်ချင်စိတ်ပင် ပေါက်လာသည်။
တချို့ဆိုလျှင် တံခါးအပြင်သို့ ပြေးထွက်သွားပြီး အပြင်ဘက်တွင် မထိန်းနိုင်မသိမ်းနိုင် အန်ကြလေတော့သည်။
မုတ်ဆိတ်မွေးနှင့်လူ အသုံးပြုခဲ့သည့် လူသတ်နည်းများမှာ အလွန်ရက်စက်ကြမ်းကြုတ်လှသည်။ ဤလူမှာ ဖောက်လွဲဖောက်ပြန်ဖြစ်နေသော စိတ်နေစိတ်ထားရှိသည်ဟုပင် ယဲ့ချန်း ခံစားလိုက်ရသည်။
သက်သေအထောက်အထားများနှင့် ရင်ဆိုင်လိုက်ရသောအခါ မုတ်ဆိတ်မွေးနှင့်လူလည်း ခေါင်းငုံ့နေရုံသာ တတ်နိုင်တော့သည်။
ရဲအရာရှိငယ်အချို့က သူ့ကို ရဲကားဆီသို့ ခေါ်ဆောင်သွားကြသည်။ ထိုလူကလည်း မရုန်းကန်ခဲ့ပေ။
ခုခံနေလည်း အလကားပဲဖြစ်ကြောင်း သူ သိသည်။ အကယ်၍ ကျိုးစုစုနှင့် ရဲအရာရှိများသာဆိုလျှင် သူ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးရှိနိုင်သေးသော်လည်း ယခုမူ သူသည် ယဲ့ချန်းနှင့် ရင်ဆိုင်နေရသည်။
ယဲ့ချန်းထံမှ ထွက်ပေါ်နေသော ဖိအားက သူ့ကို အသက်ရှူကျပ်မတတ် ခံစားရစေသည်။
ကျိုးစုစုနှင့် ယဲ့ချန်းတို့လည်း အိမ်ထဲက ထွက်လာခဲ့ကြသည်။ ဤတစ်ကြိမ်တွင် အဖွဲ့သားတစ်ယောက်မှ အဆုံးအရှုံးမရှိဘဲ လူသတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့သည့် ရာဇဝတ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ ဤစစ်ဆင်ရေး မည်မျှကျွမ်းကျင်ပိုင်နိုင်ကြောင်း သက်သေပြနေခြင်းပင်။
"ယဲ့ချန်း... ကျေးဇူးတင်ပါတယ်။ ရှင်ကြောင့်သာမဟုတ်ရင် သက်သေရှာဖို့ ခက်မှာပါ"
ကျိုးစုစုက ကျေးဇူးတင်စကားပြောလိုက်သည်။ သူ(မ) ဖော်ထုတ်နိုင်ခဲ့သည့် အမှုတစ်ဝက်ကျော်မှာ ယဲ့ချန်း၏ အကူအညီများဖြင့်သာ။
မူလက ဤတရားခံပြေးကို ဖမ်းဆီးရခြင်းမှာ သူ(မ)အတွက် ဖိအားများလှသည်။ စစ်ဆင်ရေးက ဤမျှချောမွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ကိုယ်တို့ကြားမှာ ဒီလောက်အားနာနေဖို့ လိုလို့လား"
ထိုစကားကို ကြားသောအခါ ကျိုးစုစု၏ မျက်နှာမှာ နီရဲသွားပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။
"ယဲ့ချန်း... သက်သေတွေကို အဲဒီနံရံထဲမှာ ဝှက်ထားတယ်ဆိုတာကို ရှင် ဘယ်လိုလုပ်သိတာလဲ"
"နှစ်ပေါင်းများစွာ ရဲအရာရှိလုပ်လာတဲ့ လူတစ်ယောက်အနေနဲ့ ရာဇဝတ်သားတစ်ယောက်ရဲ့ စိတ်နေသဘောထားကို မသိဘူးဆိုတာ အံ့သြစရာပဲ"
ယဲ့ချန်းက နောက်ပြောင်ကာ ပြန်ဖြေလိုက်သည်။
ဤစကားကြောင့် ကျိုးစုစု၏မျက်နှာမှာ ပို၍ပင် နီရဲသွားတော့သည်။ တကယ်လည်း ကျွမ်းကျင်သူဖြစ်သည့် သူ(မ)က အပြင်လူဖြစ်သော ယဲ့ချန်းကို မယှဉ်နိုင်ခဲ့ပေ။
ကောင်မလေး၏ မျက်နှာအမူအရာကို မြင်သောအခါ ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်သည်။
"ကဲပါ... ကိုယ်က နောက်နေတာပါ။ မင်းတို့တွေ အိမ်ကို ရှာဖွေနေတဲ့အချိန်မှာ အဲဒီလူရဲ့ မျက်လုံးက အဲဒီနံရံဆီကို ခဏခဏရောက်နေလို့လေ။ ကိုယ် ကံကောင်းသွားတာပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျိုးစုစု ခေါင်းညိတ်ပြလိုက်သည်။
ကျိုးစုစုနှင့် အခြားအရာရှိများက ရာဇဝတ်သားအား ခေါ်ဆောင်သွားသည်ကို ကြည့်ပြီးနောက် ယဲ့ချန်းလည်း ပါဆယ်ပို့သည့်အလုပ်ကို ဆက်လုပ်လေသည်။
"တီ တီ တီ..."
ဖုန်းက ရုတ်တရက်မြည်လာသဖြင့် ယဲ့ချန်း သူ့အိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်လေရာ စုဝမ်ယိ ခေါ်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အချစ်လေး..ပြန်ရောက်ပြီလား"
ယဲ့ချန်းက မေးလိုက်သည်။
ယဲ့ချန်း၏ ချစ်စနိုးခေါ်သံကို ကြားသောအခါ စုဝမ်ယိ၏ မျက်နှာမှာ ရင့်မှည့်နေသော ပန်းသီးတစ်လုံးနှယ် နီရဲသွားပြီး ရှက်သွေးဖြာလျက် ပြန်ဖြေလိုက်၏။
"လူဆိုးကောင်... ဘယ်သူက ရှင့်အချစ်လေးလဲ"
"မင်းပေါ့"
ယဲ့ချန်းကလည်း တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။
ယဲ့ချန်း၏အဖြေကို ကြားလိုက်ရသောအခါ စုဝမ်ယိ၏ ရင်ထဲဝယ် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
"ကျွန်မ ပြန်ရောက်ရောက်ချင်း ရှင့်ကို ဆက်သွယ်တာကို ရှင်က ကျွန်မကို အနိုင်ကျင့်နေတယ်"
စုဝမ်ယိက နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။
"ကဲပါ... ကိုယ် မင်းကို မစတော့ပါဘူး။ ဝမ်ယိ ဘာကိစ္စရှိလို့လဲ"
ယဲ့ချန်းက မေးလိုက်သည်။
စုဝမ်ယိမှာ စီးပွားရေးကိစ္စဖြင့် ခရီးထွက်နေခဲ့ခြင်းပင်။ ပြန်ရောက်ရောက်ချင်း ယဲ့ချန်းထံသို့ ဖုန်းခေါ်လာသည်ဖြစ်ရာ ကိစ္စတစ်ခုခုရှိရမည်ဖြစ်၏။
"ရှင့်ကို ကျွန်မနဲ့အတူ ဧည့်ခံပွဲတစ်ခုကို လိုက်ခဲ့စေချင်လို့"
"ဧည့်ခံပွဲလား"
ယဲ့ချန်းက မေးလိုက်သည်။
"ဟုတ်တယ်။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းကျင်းပတဲ့ ဧည့်ခံပွဲလေ။ ဒါပေမဲ့ အဲဒီကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ လူတစ်ယောက်လည်း တက်မှာမို့လို့"
စုဝမ်ယိက ပြောလာလေသည်။
စုဝမ်ယိ၏စကားကို ကြားသောအခါ သူ(မ)က သူ့အား အနှောင့်အယှက်ပေးမည့်လူကို ဟန့်တားပေးစေချင်ကြောင်း ယဲ့ချန်း သဘောပေါက်လိုက်သည်။
မတွေ့ရသည်မှာ အတန်ကြာပြီဖြစ်၍ ယဲ့ချန်းလည်း သူ(မ)ကို အမှန်တကယ် လွမ်းဆွတ်နေလေရာ ချက်ချင်းပင် သဘောတူလိုက်သည်။
"ကောင်းပါပြီ။ ပြဿနာမရှိပါဘူး"
ဖုန်းလိုင်းပေါ်တွင် ခဏမျှ တိတ်ဆိတ်သွားသဖြင့် ယဲ့ချန်း ငြင်းတော့မည်ဟု စုဝမ်ယိ ထင်လိုက်သည်။
သို့သော် ယဲ့ချန်း၏ တက်ကြွသောအဖြေကို ကြားလိုက်ရသောအခါ သူ(မ)၏ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများ လွှမ်းခြုံသွားလေသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ဝမ်ယိ... ကိုယ် မင်းကိုလာခေါ်မယ်။ အတူတူသွားကြတာပေါ့"
"ကောင်းပါပြီ"
စုဝမ်ယိက ထိုသို့ပြောပြီးနောက် ဖုန်းချသွားသည်။
ဤကောင်မလေးမှာ လာလည်းမြန်၊ သွားလည်းမြန်ပါလားဟု ယဲ့ချန်း စိတ်ထဲက တွေးလိုက်မိသည်။
စုဝမ်ယိက အလုပ်လုပ်သည့် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သိထားသဖြင့် သူ(မ)တွင် လုပ်စရာကိစ္စများစွာ ရှိနေမည်မှာ သေချာသည်။
အနှောင့်အယှက်ပေးမည့်လူကို ဟန့်တားရမည်ဖြစ်၍ သူ့လက်ရှိဝတ်စုံနှင့် အဆင်မပြေနိုင်ကြောင်း ယဲ့ချန်း သိသည်။
ထို့ကြောင့် အဝတ်အစားလဲဖို့ ဈေးဝယ်စင်တာသို့ သွားရန် ဆုံးဖြတ်လိုက်၏။
ယဲ့ချန်းလည်း ထိပ်တန်းနိုင်ငံတကာ အမှတ်တံဆိပ်များရှိရာ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်သည့် ဝမ်ရှန်းစီးတီးသို့ ကားမောင်းသွားခဲ့သည်။
သာမန်လူများအတွက် ဤနေရာရှိ ဈေးနှုန်းများမှာ လက်လှမ်းမမီနိုင်ပေ။ ယဲ့ချန်းမှာမူ အရောင်းဝန်ထမ်းအမျိုးသမီးနှစ်ယောက်ရှိသော ဆိုင်တစ်ဆိုင်သို့ ဝင်သွားလိုက်သည်။ သူက ပါဆယ်ပို့သည့် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အသက်ပိုကြီးသော အရောင်းဝန်ထမ်းက သူ့ကို လုံးဝ လျစ်လျူရှုထားလေသည်။
ယဲ့ချန်းလည်း အဝတ်အစားများကို တစ်ယောက်တည်း လိုက်ကြည့်နေခဲ့သည်။ အရွယ်အစားကို စမ်းသပ်ဝတ်ဆင်ကြည့်ရန် လိုအပ်သဖြင့် ဝတ်စုံတစ်စုံကိုယူကာ အသက်ပိုကြီးသော အရောင်းဝန်ထမ်းအမျိုးသမီးထံသို့ သွားလိုက်၏။
"တစ်ဆိတ်လောက်... ကျွန်တော်နဲ့တော်မယ့် ဝတ်စုံအရွယ်အစားလေး ယူပေးနိုင်မလား။ ဝတ်ကြည့်ချင်လို့ပါ"
အသက်ပိုကြီးသော အရောင်းဝန်ထမ်းက မကျေမနပ်မျက်နှာထားဖြင့် တွန့်ဆုတ်တွန့်ဆုတ် လျှောက်လာလေသည်။
"လူကြီးမင်း... ဒီဝတ်စုံက အရမ်းဈေးကြီးတာနော်။ ရှင် ဝယ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ညစ်ပတ်သွားရင် ရှင် လျော်နိုင်မှာမဟုတ်လို့ မကိုင်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်"
အရောင်းဝန်ထမ်း၏စကားကို ကြားသောအခါ ယဲ့ချန်း ရယ်မောလိုက်၏။
"ဘယ်လောက်ဈေးကြီးကြီး သူ့တန်ဖိုးနဲ့သူတော့ ရှိတာပဲ မဟုတ်ဘူးလား"
"လူကြီးမင်း... ကျွန်မက ရှင့်အတွက် စေတနာသက်သက်နဲ့ အကြံပေးနေတာပါ"
အသက်ပိုကြီးသော အရောင်းဝန်ထမ်းက ကပျာကယာ ပြောလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဈေးဝယ်စင်တာ၏ မူဝါဒမှာ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဖောက်သည်ကသာ အမြဲတမ်းမှန်သည်ဟူ၍ပင်။ အကယ်၍ တိုင်ကြားခံရပါက သူ(မ) လစာဖြတ်ခံရမည်မှာ အသေအချာပင်။
"မလိုပါဘူး။ မြန်မြန်ဝတ်ကြည့်ဖို့ ယူလာခဲ့ပေးပါ။ ကျွန်တော့်အချိန်တွေက တန်ဖိုးရှိတယ်"
ယဲ့ချန်းက အေးစက်စွာ ပြောလိုက်သည်။
သူ(မ)ရှေ့ရှိ လူငယ်၏စကားကို ကြားသောအခါ အသက်ပိုကြီးသော အရောင်းဝန်ထမ်းကလည်း မတတ်သာတော့ဘဲ ယဲ့ချန်းနှင့်တော်မည့် အရွယ်အစားကို ရှာပေးပြီး ဝတ်စုံကို ကမ်းပေးလိုက်၏။
"အဝတ်လဲခန်းက ရှင့်ရဲ့ ဘယ်ဘက်မှာပါ"
ထိုသို့ပြောပြီးနောက် သူ(မ)လည်း လှည့်ထွက်သွားပြီး အခြားသူများနှင့် ဆက်စကားပြောနေတော့သည်။
အပြာရောင်ဝတ်စုံကို ဝတ်ကြည့်ပြီးနောက် ယဲ့ချန်းမှာ အရောင်မတူသော နောက်ထပ်ဝတ်စုံနှစ်စုံကို ထပ်ဝတ်ကြည့်ခဲ့သည်။
ယဲ့ချန်း ဆက်တိုက်ဝတ်ကြည့်နေသည်ကို မြင်သောအခါ အသက်ပိုကြီးသော အရောင်းဝန်ထမ်း၏ နောက်ဆုံးလက်ကျန်သည်းခံနိုင်စွမ်းများလည်း ကုန်ဆုံးလာသည်။
ဤလူငယ်မှာ သူဌေးဟန်ဆောင်ရန် လာခြင်းဖြစ်မည်ဟု စိတ်ထဲက တွေးလိုက်သည်။ ဝတ်စုံခုနစ်စုံရှစ်စုံခန့် ဝတ်ကြည့်ပြီး တစ်စုံမှ မဝယ်သည့် လူပေါင်းများစွာကို သူ(မ) ကြုံတွေ့ဖူးပြီးဖြစ်၏။
"လူကြီးမင်း.. ရှင် ရွေးပြီးပြီလား"
အသက်ပိုကြီးသော အရောင်းဝန်ထမ်းက စိတ်မရှည်စွာ မေးလိုက်သည်။
"နောက်ထပ်နည်းနည်းလောက် ထပ်ဝတ်ကြည့်ချင်သေးတယ်"
ယဲ့ချန်းကမူ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ အရောင်းဝန်ထမ်းအမျိုးသမီးက ညည်းတွားလိုက်၏။
"ရှင့်လိုလူစားမျိုးတွေကို ကျွန်မ အများကြီးမြင်ဖူးတယ်။ ပိုက်ဆံမရှိဘဲနဲ့ အတွေ့အကြုံလာယူနေကြတာ"
•••••••••••••••••••