အခန်း ၇၅၀
Vol. 50 Ch. 750
အပိုင်း ၇၅၀ : သူက ကျွန်မကို ဘယ်လိုလုပ် သဘောကျမှာလဲ
ဤဘက်က အငြင်းပွားသံကို ကြားသော် လူငယ်အရောင်းဝန်ထမ်းကောင်မလေးက အပြေးအလွှား ရောက်လာသည်။
"လူကြီးမင်း... စိတ်မရှိပါနဲ့။ လိုအပ်တာရှိရင် ကျွန်မကိုပြောပါ"
အသက်ပိုကြီးသော အရောင်းဝန်ထမ်းအမျိုးသမီးက ကောင်မလေးကို မြင်သောအခါ သတိပေးလိုက်သည်။
"ရှောင်သုန်း... သူက ဆင်းရဲသားတစ်ယောက်ပါဟာ။ သူ့အတွက် အချိန်မဖြုန်းစမ်းပါနဲ့"
"အစ်မကျန်း... အစ်မလည်း အလုပ်ရှုပ်နေတာကြာပြီဆိုတော့ ကျွန်မပဲ တာဝန်ယူလိုက်ပါ့မယ်"
ကောင်မလေးက စကားနားမထောင်သည်ကို မြင်သောအခါ အစ်မကျန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါရင်း ထွက်သွားလေတော့သည်။
ဤကောင်မလေးက ငယ်လွန်းသဖြင့် ယဲ့ချန်းကို ဆင်းရဲသားတစ်ယောက်မှန်း မမြင်တတ်သေးဘူးဟု သူ(မ) စိတ်ထဲက တွေးလိုက်သည်။
တကယ်တော့ ကောင်မလေးသည် ယဲ့ချန်းကို ပါဆယ်ပို့သည့်ဝတ်စုံနှင့် မြင်လိုက်ရချိန်တွင် သူ(မ)ရှေ့ရှိ လူငယ်လေးက ထိုအဝတ်အစားများကို ဝယ်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်မထားခဲ့ပေ။
သို့သော် ဖောက်သည်ဟူသည် ဘုရားသခင်ဖြစ်ပြီး ဘက်လိုက်ခွဲခြားမှုများဖြင့် မမြင်သင့်ကြောင်း သူ(မ) အမြဲယုံကြည်ထားသည်။
ယဲ့ချန်းက ရှပ်အင်္ကျီတော်တော်များများကို ဝတ်ကြည့်ခဲ့သော်လည်း ကောင်မလေးမှာ စိတ်မရှည်သည့်အရိပ်အယောင် အနည်းငယ်မျှပင် မပြဘဲ တစ်ချိန်လုံး စိတ်အားထက်သန်စွာဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။
အစ်မကျန်းက ဘေးမှနေ၍ ဤမြင်ကွင်းကို ကြည့်ရင်း အခြားအရောင်းဝန်ထမ်းတစ်ယောက်အား ပြောလိုက်၏။
"ရှောင်သုန်းက တအားရိုးအတာပဲ။ ဆင်းရဲသားတစ်ယောက်အတွက်နဲ့ အချိန်ဖြုန်းနေတာ မိုက်မဲလွန်းတယ်"
"အစ်မကျန်းက စေတနာနဲ့ သတိပေးပေမဲ့ သူကမှ နားမထောင်တာ။ ဘာကိစ္စ ပူနေမှာလဲ။ သူ့ဘာသာ အတွေ့အကြုံယူပါစေပေါ့"
အခြားအရောင်းဝန်ထမ်းအမျိုးသမီးက ပြန်ပြောလေသည်။
ယဲ့ချန်း အဝတ်အစားများ စမ်းဝတ်ဆင်နေစဉ်အတွင်း ရှောင်သုန်းသည် တောင်းဆိုထားသည့် အဝတ်အစားများကို ယူလာပေးရုံသာမက တစ်ခါတစ်ရံတွင် အကြံပြုချက်များကိုပါ ပေးခဲ့သည်။
ဤကောင်မလေး၏ အကြိုက်မှာ အမှန်တကယ်ပင် ခေတ်ဆန်လှကြောင်း ယဲ့ချန်း သိလိုက်ရသဖြင့် သူ(မ)၏ အကြံပြုချက်များကို တစ်ခုပြီးတစ်ခု လက်ခံခဲ့သည်။
"လိုက်ဖက်တဲ့ နက်ခ်တိုင်နည်းနည်းလောက် ထပ်ယူပေးလို့ရမလား"
ယဲ့ချန်းက ကောင်မလေးကို မေးလိုက်သည်။
ရှောင်သုန်းက ပြုံးလျက် ပြောလိုက်လေသည်။
"လူကြီးမင်း... ဘယ်လိုအရောင်စပ်မျိုးကို ပိုသဘောကျလဲရှင့်"
"မင်းပဲ ရွေးပေးပါ။ မင်းရဲ့အကြိုက်က တော်တော်ကောင်းတယ်လို့ ကိုယ်ထင်တယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ရှောင်သုန်း၏ ချစ်စဖွယ်မျက်နှာလေးမှာ ရှက်သွေးဖြာသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ချန်း ဝတ်ဆင်ကြည့်ရန်အတွက် သူ(မ)လည်း နက်ခ်တိုင်ခုနစ်ခု ရှစ်ခုခန့် ယူလာပေးသည်။ သူ(မ)၏ ဝန်ဆောင်မှုမှာ အံ့မခန်းပင် စေ့စပ်သေချာလှသည်။
အဝေးက စောင့်ကြည့်နေသော အစ်မကျန်းက လှောင်ပြောင်လိုက်၏။
"မကြာခင် ရှောင်သုန်း ငိုရမယ့်အချိန် ရောက်လာတော့မယ်။ ဒီဆင်းရဲသားက အများကြီးတော့ ဝတ်ကြည့်နေတာပဲ။ သေချာတာတော့ ဘာတစ်ခုမှ ဝယ်မှာမဟုတ်ဘူး"
"ဆိုင်မှာလည်း လူမှမရှိတာ။ ရှောင်သုန်း အားနေတာပဲ။ အလုပ်လေးဘာလေး လုပ်ရတာပေါ့"
ဘေးနားရှိ အရောင်းဝန်ထမ်းကလည်း သရော်သလို ဝင်ပြောချေသည်။
ယဲ့ချန်းက ဝတ်စုံ၊ ရှပ်အင်္ကျီနှင့် နက်ခ်တိုင်တို့ကို ထပ်မံတွဲဖက်ကာ ဝတ်ဆင်ကြည့်ရန် အဝတ်လဲခန်းသို့ အကြိမ်အနည်းငယ်မျှ ပြန်သွားခဲ့သည်။
ရှောင်သုန်းကလည်း အလျင်လိုဟန် အနည်းငယ်မျှ မပြဘဲ အပြင်ဘက်တွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။
အစမှ အဆုံးထိတိုင် သူ(မ)၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ရှိမြဲသာ။
ယဲ့ချန်းက ဝတ်စုံအပြည့်အစုံဖြင့် အဝတ်လဲခန်းထဲက ထွက်လာသည်ကို မြင်သောအခါ ရှောင်သုန်း အံ့အားသင့်သွားရသည်။ ယဲ့ချန်းက မူလကတည်းက ရုပ်ရည်သန့်ပြန့်ပြီးဖြစ်ရာ ယခုလို ဝတ်စားလိုက်သောအခါ ရုပ်ရှင်မင်းသားတစ်ယောက်အလား ပို၍ပင်ခန့်ညားလာသည်။
သူ(မ)မှာ အနည်းငယ် ဆွဲဆောင်ခံလိုက်ရသလိုဖြစ်သွားပြီး အရှေ့ရှိ အမျိုးသားကို ငေးမောကြည့်နေမိသည်။
"ဒီအဝတ်အစားတွေကို ထုပ်ပိုးပေးပါ။ အခုချက်ချင်း ကတ်နဲ့ရှင်းမယ်"
ယဲ့ချန်းက ပြောလိုက်သည်။
သို့သော် အရှေ့ရှိ အရောင်းဝန်ထမ်းကောင်မလေးဘက်က တုံ့ပြန်မှုမရှိကြောင်း တွေ့ရသဖြင့် သူ အနည်းငယ် စိတ်ရှုပ်သွားသည်။
ကောင်မလေး၏ အမူအရာကိုမြင်သောအခါ ယဲ့ချန်း စိတ်ထဲက ရယ်ချင်သွားသည်။
သူက သူ(မ)အနားသို့ လျှောက်သွားပြီး ပြုံးလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ဒီအဝတ်အစားတွေအကုန်လုံး ယူမယ်"
ထိုအခါမှသာ ရှောင်သုန်းလည်း အသိပြန်ဝင်လာသော်ငြား သူ(မ)၏ မျက်နှာလှလှလေးမှာ ရဲတွတ်သွားပြီး အလွန်ရှက်ရွံ့သွားလေသည်။
"လူကြီးမင်း.. ဝတ်ကြည့်လို့ ပြီးပြီလားရှင့်"
ရှောင်သုန်းက ပြုံးလျက် မေးလိုက်သည်။
ယခင်ကလည်း ဖောက်သည်များသည် အဝတ်အစားပေါင်းများစွာ ဝတ်ကြည့်ပြီးနောက် အခြားဆိုင်များတွင် သွားကြည့်ဦးမည်ဟု ပြောသွားသည့် အခြေအနေမျိုးကို သူ(မ) ကြုံဖူးသည်။
သူ(မ)ရှေ့ရှိ အမျိုးသားတွင် ဝယ်ယူနိုင်စွမ်းရှိမည်ဟု သူ(မ) မယုံကြည်ခဲ့ပေ။
"ဟုတ်တယ်။ အကုန်လုံးကို ထုပ်ပိုးပေးပါ။ ငါ အကုန်ယူမယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ရှောင်သုန်းမှာ သူ(မ) အိပ်မက်မက်နေသလားဟု သံသယဝင်သွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဤအဝတ်အစားများအားလုံး ပေါင်းလိုက်ပါက ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိကြောင်း စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ ပါဆယ်ပို့သမားတစ်ယောက်တွင် ဤမျှများပြားသော ငွေကြေး မည်သို့ရှိနိုင်မည်နည်း။
ဘယ်လိုတွေးတွေး ယုံကြည်နိုင်စရာမရှိသဖြင့် ရှောင်သုန်းမှာ ကိုယ့်လက်မောင်းကိုယ် မဆိတ်ဘဲမနေနိုင်တော့ချေ။ ထို့နောက် ခပ်တိုးတိုးလေး အော်လိုက်မိသည်။
"အာ့"
ယဲ့ချန်းလည်း သဘောကျသွားပြီး ကောင်မလေးအား ပြောလိုက်၏။
"ဒီအဝတ်အစားတွေကို ငါမဝယ်နိုင်ဘူးလို့ မင်း ထင်နေတာမလား"
"ဟုတ်ပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ လူကြီးမင်းက ပါဆယ်ပို့တဲ့ဝတ်စုံ ဝတ်ထားတာဆိုတော့လေ"
ရှောင်သုန်းလည်း ဝန်ခံလိုက်သည်။
ထို့နောက် သူ(မ)က ယဲ့ချန်း၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်ပြီး အလျင်စလို ပြောလိုက်၏။
"လူကြီးမင်း... ရှင့်ကို အထင်သေးတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ပါဆယ်ပို့သမားတစ်ယောက်က တစ်လကို ယွမ်ထောင်ဂဏန်းလောက်ပဲ ရတာဆိုတော့လေ။ ပြီးတော့ ကျွန်မတို့ဆိုင်က အဝတ်အစားတွေကလည်း တကယ်ဈေးကြီးလွန်းလို့ပါ"
ကောင်မလေး၏ အဖြေကိုကြားသောအခါ ယဲ့ချန်း ဒေါသမထွက်ခဲ့ပေ။ အခြားသူများလို ဟန်ဆောင်ကောင်းရုံမဟုတ်ဘဲ သူ(မ)က ရိုးသားပြီး ပွင့်လင်းသူဖြစ်သည့်အတွက် သူ ပိုသဘောကျသွားသည်။
ယဲ့ချန်းက ပြုံးလျက် ဆိုလေသည်။
"မင်းကြားတာ မမှားပါဘူး။ အခု ဒါတွေကို ထုပ်ပိုးပြီး ငွေရှင်းပေးပါ။ ငါ အချိန်သိပ်မရလို့"
"ဟုတ်ကဲ့ပါ။ ငွေရှင်းဖို့ ကျွန်မနောက်ကို လိုက်ခဲ့ပါရှင့်"
ကောင်မလေးက ယဲ့ချန်းကို ပြုံးပြရင်း ပြောလိုက်သည်။
ယဲ့ချန်းဝယ်ယူသည့် အဝတ်အစားတန်ဖိုးမှာ ယွမ် သုံးသန်းကျော်သဖြင့် ဤအော်ဒါတစ်ခုတည်းက ရမည့် ကော်မရှင်ကပင် အလွန်များပြားလှသည်။
ရှောင်သုန်းက ထိုအမျိုးသားကို ငွေရှင်းကောင်တာသို့ ခေါ်ဆောင်သွားကြောင်း မြင်သောအခါ အစ်မကျန်းနှင့် အခြားအရောင်းဝန်ထမ်းများမှာ မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။
ယဲ့ချန်းက ကတ်ဖြတ်၍ ငွေရှင်းပြီးနောက် ကောင်မလေးအား မေးလိုက်၏။
"လိပ်စာကတ်လေးများ ရနိုင်မလား။ နောက်တစ်ခါ ဈေးလာဝယ်ရင် ကြိုဆက်သွယ်လို့ရအောင်ပါ"
ထိုစကားကို ကြားသောအခါ ကောင်မလေး၏ မျက်နှာလှလှလေးမှာ နီမြန်းသွားပြန်သည်။ ထို့နောက် လိပ်စာကတ်တစ်ခုကို ယဲ့ချန်းထံသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
"လူကြီးမင်း... ဒါက ကျွန်မရဲ့ကတ်ပါ။ လိုအပ်တာရှိရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်"
ယဲ့ချန်းက ကတ်ပေါ်ရှိ "လျူရှောင်သုန်း"ဟူသော နာမည်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။
"ကောင်းပါပြီ ရှောင်သုန်း"
ယဲ့ချန်း၏ ခေါ်ဝေါ်ပုံကို ကြားလိုက်ရသောအခါ ကောင်မလေး၏ မျက်နှာမှာ ပို၍ပင် နီရဲသွားတော့သည်။ ထိုအရာက တစ်စုံတစ်ခုကို အလွန်အမင်းအရိပ်အမြွက်ပြနေသလို ခံစားရစေသည်။
ယဲ့ချန်းလည်း သူရွေးချယ်ထားသော အပြာနုရောင်ဝတ်စုံကို လဲဝတ်ပြီး အိတ်များနှင့် သေတ္တာများကိုဆွဲ၍ ဆိုင်ထဲက ထွက်သွားလေသည်။
ယဲ့ချန်း၏ကျောပြင် မျက်စိအောက်က ပျောက်သွားသည်အထိ ရှောင်သုန်းက တံခါးဝတွင် ရပ်ကာ နှုတ်ဆက်ပေးခဲ့သည်။
အစ်မကျန်းကလည်း ရှောင်သုန်းကို လှမ်းခေါ်ပြီး မေးလိုက်၏။
"ရှောင်သုန်း... ခုနက လူကြီးမင်းက သူဝတ်ကြည့်တဲ့ အဝတ်အစားတွေ အကုန်ဝယ်သွားတာလား"
"ဟုတ်တယ်။ သူ သုံးသိန်းရှစ်သောင်းကျော်တောင် သုံးသွားတာ"
ကောင်မလေးက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
သူ(မ)၏စကားကို ကြားသောအခါ အစ်မကျန်းမှာ အလွန်နောင်တရသွားလေသည်။ သူ(မ)၏ ယခင်ဖောက်သည်များထဲတွင် အဝတ်အစားများအတွက်နှင့် သန်းဂဏန်းကို တစ်ချီတည်း ရက်ရက်ရောရော သုံးစွဲတတ်သူမျိုး ရှားလှကြောင်း သူ(မ)သိသည်။
အစတုန်းက ယဲ့ချန်းမှာ သူ(မ)၏ ဝယ်သူပင်။ သူ(မ)က အထင်အမြင်သေးမိသည့်အတွက်သာ ဤဝယ်ယူမှုကတစ်ဆင့်ရမည့် ကော်မရှင်ခများအားလုံး ဆုံးရှုံးသွားရခြင်းပင်။
ထို့ပြင် လူငယ်လေးနှင့် ရှောင်သုန်းတို့၏ စကားများအရ သူသည် သူတို့ဆိုင်ရှိ အဝတ်အစားဒီဇိုင်းများကို အမှန်တကယ် နှစ်သက်ဟန်ရပြီး မကြာခဏ လာရောက်လည်ပတ်မည့်ပုံပေါ်သည်။
သူ(မ) အထင်သေးမိလိုက်ခြင်းကြောင့် ငွေအမြောက်အမြား သုံးစွဲမည့်လူတစ်ယောက်ကို မရည်ရွယ်ဘဲ မောင်းထုတ်လိုက်သလို ဖြစ်သွားခဲ့သည်။
ယခုအချိန်မှတော့ ဘာပြောပြော အချိန်နှောင်းသွားခဲ့လေပြီ။
ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမည်။ အခြားမည်သူ့ကိုမှ အပြစ်တင်၍မရပေ။
"ရှောင်သုန်း... အဲဒီလူ နင်နဲ့ စကားပြောတာကို ကြည့်ရတာ နင့်ကို စိတ်ဝင်စားနေပုံပဲ။ အခွင့်အရေးကို အရယူသင့်တယ်နော်"
အစ်မကျန်းမှာ မနာလိုဖြစ်မိသော်လည်း မကောင်းသောရည်ရွယ်ချက်မရှိဘဲ ကောင်မလေးအား ပြောလိုက်သည်။
ရှောင်သုန်းက သူ(မ)နှင့် ဆက်ဆံရေးအကောင်းဆုံးပင်။ ထို့ပြင် ရှောင်သုန်း၏ မိသားစုမှာ ဆင်းရဲပြီး တက္ကသိုလ်တက်နေသော မောင်လေးတစ်ယောက်ရှိကြောင်းကိုလည်း သူ(မ) သိထားသည်။
ရှောင်သုန်းက မောင်လေး၏ ပညာရေးအတွက် ထောက်ပံ့ရန် ကြိုးစားပမ်းစား ငွေရှာနေရသူဖြစ်၏။ ထို့ကြောင့် ချမ်းသာသောအမျိုးသားတစ်ဦးနှင့်သာ လက်ထပ်နိုင်ပါက သူ(မ)မိသားစု၏ ဘဝလည်း လုံခြုံစိတ်ချရပေလိမ့်မည်။
"အစ်မကျန်း.. ကျွန်မကို မစပါနဲ့။ အဲဒီလူကြီးမင်းက ကျွန်မကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမှာလဲ"
ရှောင်သုန်းက ရှက်သွေးဖြာလျက် ပြောလိုက်သည်။
ပါးစပ်ကသာ ထိုသို့ပြောလိုက်သော်လည်း သူ(မ)၏ရင်ထဲတွင်မူ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု သမ်းနေဆဲပင်။
••••••••••••••••••••