← Chapters

အခန်း ၁၉၆၆

Vol. 132 Ch. 1966

အခန်း ၁၉၆၆

Vol. 132 Ch. 1966

အခန်း (၁၉၆၆ )

သွေးအိုင်

နတ်သခင် ရှီယွဲ့သည် လုချန်း၏ မျက်နှာအမူအရာကို မျက်စိဒေါက်ထောက်ကြည့်လျက် သားရဲအမြုတေကို ရရှိပြီးနောက် သူမ၏အစွမ်းများ တိုးတက်လာလိမ့်မည်ဟူသော အချက်ကို သိသွားသည့်အခါ သူ မည်သို့သော တုံ့ပြန်မှုမျိုး ရှိလာမည်ကို တိတ်ဆိတ်စွာ ခန့်မှန်းရန် ကြိုးစားနေ၏။

ထိုအခိုက်အတန့်တွင် လုချန်းသည် တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးတောစဉ်းစားနေပုံ ရသည်။ အချိန်အတန်ကြာပြီးနောက်မှ လုချန်း သက်ပြင်းအနည်းငယ် ချလိုက်ကာ နောက်ဆုံး၌ စကားစလိုက်သည်။

“ဒီကမ္ဘာငယ်က အရမ်းကျယ်တယ်။ သားရဲအမြုတေကို ရှာဖို့က တကယ် မလွယ်လောက်ဘူး။”

ဤနေရာကို “ကမ္ဘာငယ်” ဟု ခေါ်တွင်သော်လည်း ၎င်း၏ အရွယ်အစားမှာ သေးငယ်ခြင်းမရှိလှပေ။ နေအဖွဲ့အစည်းရှိ နေ၏ မျက်နှာပြင်ဧရိယာထက်ပင် ပိုကြီးမားနေသည်။

အရွယ်အစားကြီးမားမှုက တစ်ကြောင်းဖြစ်သော်လည်း အဓိက ပြဿနာမှာ ဤကမ္ဘာငယ်ထဲ၌ အမျိုးမျိုးသော နည်းဗျူဟာပုံစံများ ပြည့်နှက်နေပြီး နတ်ဘုရင်အဆင့် ရှိသည့် သားရဲများလည်း ရှိနေခြင်း ဖြစ်သည်။

လုချန်း၏ စကားကို ကြားလျှင် လုချန်း စိတ်ပြောင်းသွားပြီလားဟု နတ်သခင် ရှီယွဲ့ တွေးလိုက်သည်။ သူတို့လုပ်ရမည့် အရာက ကျယ်ပြောလှသော ကမ္ဘာငယ်တစ်ခုထဲတွင် မထင်မရှား ရှိနေသည့် သားရဲအမြုတေတစ်ခုကို ပင်လယ်ထဲ အပ်ရှာသလို ရှာဖွေခြင်းဖြစ်သည်။

အထူးသဖြင့် ဤနေရာတခွင်၌ အန္တရာယ်များ လွှမ်းမိုးနေသည်ကို ထည့်တွက်ကြည့်လျှင် လုချန်းအနေနှင့် စိတ်မပါ ဖြစ်မိခြင်းက နားလည်နိုင်စရာပင်။

လုချန်းက သူမနှင့်အတူ သားရဲအမြုတေကို ဆက်လက် မရှာဖွေချင်တော့ဟု နတ်သခင် ရှီယွဲ့က တွေးလိုက်မိသည့် အခိုက်အတန့်တွင်ပင် လုချန်းက

“ခင်ဗျားက နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ပဲ။ ခင်ဗျားတို့မျိုးနွယ်ရဲ့ သားရဲအမြုတေတွေအပေါ် သီးသန့် အာရုံခံနိုင်စွမ်းမျိုး ရှိလား”

ဟု မေးလိုက်သည်။

နတ်သခင် ရှီယွဲ့က

“အကယ်၍ သားရဲအမြုတေက ကျွန်မနဲ့ အတော်လေး နီးကပ်တဲ့နေရာမှာ ရှိနေရင်တော့ သူ့ရဲ့ နတ်ဆိုးစွမ်းအားကို ကျွန်မ အာရုံခံမိနိုင်လိမ့်မယ်။”

လုချန်းက

“ဒါဆိုရင်တော့ သားရဲအမြုတေကို ရှာတွေ့ဖို့ ရာစုနှစ်ချီ ကြာသွားနိုင်တယ်။”

“ပြီးတော့ အင်အားစုအသီးသီးက စေလွှတ်လိုက်တဲ့ နတ်တွေ အများကြီး ရှိနေတာမလို့ သူတို့ထဲက တစ်ယောက်ယောက်က သားရဲအမြုတေ ရှိတဲ့နေရာကို အရင်ဆုံး ရှာတွေ့သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။”

လုချန်းက

“ဒါဆိုရင်တော့ ကျုပ်တို့ စပြီး လှုပ်ရှားကြရအောင်။ သားရဲအမြုတေကို စောစော ရှာတွေ့လေလေ... ဒီကမ္ဘာငယ်ကနေ စောစော ထွက်သွားနိုင်လေလေ ဖြစ်မှာပါ။”

ဤကမ္ဘာငယ်ထဲတွင် မည်သည့် ရတနာမှ ရှိမနေသဖြင့် လုချန်း အထူးတလည် စိတ်ဝင်စားခြင်း မရှိပေ။ အကယ်၍ သူ့၌ ကိုယ်ပွား အမြောက်အမြား ရှိမနေပါက ဤနေရာမှ ချက်ချင်း ထွက်ခွာသွားချင်မိမည် ဖြစ်သည်။ ကိုယ်ပွားများစွာ ရှိသည့်အတွက် နတ်သခင် ရှီယွဲ့နှင့်အတူ ဤကမ္ဘာငယ်ကို လေ့လာရှာဖွေရန် ကိုယ်ပွားတစ်ခု ချန်ထားခဲ့ဖို့က ပြဿနာ မဟုတ်ပေ။

လုချန်းက ထွက်ခွာသွားဖို့ကို မပြောသည်ကို တွေ့ရလျှင် နတ်သခင် ရှီယွဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။ သူ့အတွက် မည်သည့်အကျိုးအမြတ်မှ မရှိကြောင်း သိသွားပြီးနောက် သူ ဤကမ္ဘာငယ်မှ ထွက်သွားချင်လိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်၏။

တကယ်တော့ လုချန်း ဤကမ္ဘာငယ်ကို လေ့လာရှာဖွေရန် သဘောတူခဲ့ခြင်းမှာ မည်သည့် အကျိုးကျေးဇူးကိုမှ ရရှိရန် ရည်ရွယ်ခဲ့ခြင်းကြောင့် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ သူ့၌ စနစ်တစ်ခု ရှိနေသည် မဟုတ်ပါလား။

သူ လိုချင်သည့် မည်သည့် နတ်နိယာမ သို့မဟုတ် ရတနာကိုမဆို သူ သားသမီး တိုးပွားအောင် ပြုလုပ်နိုင်ပါက စနစ်က ထောက်ပံ့ပေးနိုင်စွမ်း ရှိ၏။ ဤကမ္ဘာငယ်ထဲ၌ ရတနာများ ရှိမရှိက သူ့အတွက် အရေးမကြီးလှပေ။

သို့သော် နတ်သခင် ရှီယွဲ့ကတော့ ဤအချက်ကို မသိပေ။ သူမ၏ အမြင်တွင်တော့ လုချန်းသည် ရတနာများနှင့် အခွင့်အလမ်းများကို ရှာဖွေနိုင်ရန် မျှော်လင့်ချက်ဖြင့် သူမနှင့်အတူ ဤကမ္ဘာငယ်ထဲသို့ ဝင်ရောက်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

ဤကမ္ဘာငယ်ထဲ၌ အခွင့်အလမ်းများ မရှိတော့ကြောင်း သိရသည့်အခါ သူ ထွက်ခွာသွားချင်မိမည်ဟု သူမ ထင်ခဲ့သည်။ ယခုတော့ သူမ မှားယွင်းသွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားသည်။

ထိုအခိုက်အတန့်တွင် လုချန်းသည် သားရဲအမြုတေနှင့် ပတ်သက်သည့် သဲလွန်စတစ်စုံတစ်ရာကို ရှာဖွေရန် ဖန်ရှောင်း၏ မှတ်ဉာဏ်များကို နောက်တစ်ကြိမ် ပြန်လည် စိစစ်ကြည့်လိုက်ပြန်သည်။ သို့သော် ဖန်းရှောင်း၏ မှတ်ဉာဏ်များကို အကြိမ်ကြိမ် ရှာဖွေကြည့်ပြီးနောက်တွင်လည်း သားရဲအမြုတေနှင့် ပတ်သက်သည့် မည်သည့် မှတ်ဉာဏ်မှ ရှာမတွေ့ခဲ့ပေ။

ထိုအရာက လုချန်းကို ရုတ်တရက် အတွေးတစ်ခု ဝင်လာစေသည်။

သူက

“ကျုပ် အခုလေးတင် သန့်စင်လိုက်တာက ဝိညာဉ်အကြွင်းအကျန်တစ်ခုပဲမို့လို့ သူ့ရဲ့ မှတ်ဉာဏ်က ကန့်သတ်ချက် ရှိနေတယ်။ ဒီကမ္ဘာငယ်ထဲမှာ တကယ်ပဲ ရတနာတွေနဲ့ အခွင့်အလမ်းတွေ အမြောက်အမြား ရှိနေနိုင်ပေမဲ့ အဲဒီ ဝိညာဉ်အကြွင်းအကျန်က မသိတာမျိုး ဖြစ်နိုင်မလား။”

ဒါက...

လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ရှီယွဲ့ မျက်ခုံးတွန့်လိုက်မိသည်။ ဤလူက သူမကို သားရဲအမြုတေ ရှာဖွေပေးရန် ကူညီဖို့အတွက် ဆက်ရှိနေခြင်းဟု တွေးထားမိကာ ခဏခန့် သူမ စိတ်လှုပ်ရှားသွားခဲ့ရခြင်း ဖြစ်၏။

သို့သော် ထပ်မံ စဉ်းစားကြည့်လိုက်ရာ လုချန်း၏ ခန့်မှန်းချက်က အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အရေးပါလှသော သားရဲအမြုတေ ဘယ်မှာရှိလဲဆိုတာကိုပင် ထိုဝိညာဉ်အကြွင်းအကျန်က မသိပါက ထိုရတနာများနှင့် အမွေအနှစ်များကိုလည်း သူ တကယ်ပဲ မှတ်မိနေမည် မဟုတ်ပေ။

အကယ်၍ ထိုသို့သာ တကယ် ဖြစ်ခဲ့လျှင် သူတို့၏ ခရီးစဉ် အလကား ဖြစ်သွားတော့မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် လုချန်း ခေါင်း မော့ကြည့်လိုက်ပြီး ခမ်းနားထည်ဝါလှသော ခန်းမကြီးတစ်ခုလုံးကို လေ့လာ စစ်ဆေးလိုက်၏။ ခန်းမတစ်ခုလုံးကို နတ်ရွှေများဖြင့် ရွှေနန်းဗိမာန်ပမာ တောက်ပ ခမ်းနားစွာ တည်ဆောက်ထားခြင်း ဖြစ်သည်။ အခြားသော ရတနာများနှင့် အမွေအနှစ်များကို ထည့်မတွက်ထားလျှင်ပင် ဤ နတ်ရွှေနန်းတော်တစ်ခုတည်းနှင့်တင် ဤခရီးစဉ်က လာရကျိုးနပ်လှသည်။

ဤတိမ်တိုက်ပေါ်တွင် ဤနန်းတော်တစ်ခုတည်း ရှိနေခြင်း မဟုတ်ပဲ နန်းတော်အဆောက်အအုံ အစုအဝေးကြီး အဖြစ်တည်ရှိနေခြင်းဖြစ်သည်။ ယင်းအတွက် အသုံးပြုထားသော နတ်ရွှပမာဏမှာ လျှို့ဝှက်လဝန်း ကျောင်းတော်ကဲ့သို့ မဟာအင်အားကြီးအုပ်စုမျိုးက ၎င်းတို့၏ နန်းတော်ဆောက်လုပ်ရေးတွင် အသုံးပြုသည်ထက်ပင် များစွာ သာလွန်နေသည်။ နတ်ရွှေကို ရတနာများ သို့မဟုတ် စစ်နတ်လှေများကို ဖန်တီးရာတွင် အသုံးပြုနိုင်သည်။

လုချန်း၏ စိတ်ထဲ၌ ဤနန်းတော်ကြီး တစ်ခုလုံးကို မည်သို့ ယူဆောင်သွားရမည်နည်းဟု စတင် တွေးတောနေပြီ ဖြစ်သည်။ ဤမျှ ကြီးမားလှသော နန်းတော်အဆောက်အအုံ အစုအဝေးကြီးကို အာကာသလက်စွပ်ထဲသို့ ထည့်၍ ရမည်မဟုတ်သလို သူ၏ စနစ် နေရာထဲ၌လည်း ဤမျှ ကြီးမားသော အရာကြီး ဆန့်နိုင်မည် မဟုတ်ပေ။

ထို့ပြင် သူ၏ ကိုယ်တွင်း ကမ္ဘာငယ်မှာလည်း ကစဉ့်ကလျား ပင်လယ်ထဲ၌ ကျန်ရစ်ခဲ့ပြီဖြစ်ပြီး သူ၏ အာရုံခံနိုင်စွမ်း အလှမ်းမမီသည့်နေရာတွင် ရှိနေသဖြင့် ဤနန်းတော်ကို သူ၏ ကိုယ်တွင်းကမ္ဘာထဲသို့ သိမ်းဆည်းရန်မှာ မဖြစ်နိုင်ပေ။

နတ်သခင် ရှီယွဲ့က

“ရတနာတွေနဲ့ အခွင့်အလမ်းတွေအကြောင်းကို နောက်မှ စဉ်းစားကြတာပေါ့။ အခုလောလောဆယ်တော့ ဒီနေရာကနေ ဘယ်လို ထွက်သွားရမလဲဆိုတာကို အရင်ဆုံး နည်းလမ်းရှာရမယ်”

ဟု သတိပေးလိုက်သည်။

ဤနေရာတွင် နိယာမကန့်သတ်ချက် တည်ရှိနေသဖြင့် ပျံသန်းရန် မဖြစ်နိုင်ပေ။ နန်းတော်သည်လည်း မိုးထိလုနီးပါး မြင့်မားလှသော ကောင်းကင်ယံထက်တွင် ရှိနေသည်။

သူတို့ အောက်သို့ ပြုတ်ကျသွားပါက သူတို့၏ နတ်ခန္ဓာကိုယ်များကြောင့် သေဆုံးသွားနိုင်ခြေ မရှိသော်လည်း အောက်ခြေတွင်တော့ သူတို့အား စားသောက်ရန် စောင့်ဆိုင်းနေကြသော သားရဲရဲရိုင်းများ ရှိနေသည်။ သူတို့ အောက်သို့ ဆင်းသွားပါက ကျားရှေ့မှောက် ရောက်သလိုမျိုး ခဏချင်းအတွင်း၌ပင် အရိုးပင် မကျန် ဝါးမြိုခြင်း ခံရနိုင်သည်။

နတ်သခင် ရှီယွဲ့၏ သတိပေးမှုကို ကြားပြီးနောက် လုချန်း သတိပြန်ဝင်လာကာ

“ဒီနေရာကနေ ထွက်သွားဖို့က မခက်ပါဘူး။ ဒီနန်းတော်ထဲမှာရှိတဲ့ နည်းဗျူဟာပုံစံကို ဖျက်ဆီးပြီး ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ရုံပါပဲ။”

ချိုင့်ဝှမ်းထဲသို့ သူမ ဝင်ရောက်လာခါစက ပျံသန်းနိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သားရဲများ ပေါ်လာသည့်အချိန်ကျမှသာ မပျံသန်းနိုင်တော့ခြင်းဖြစ်ကြောင်း နတ်သခင် ရှီယွဲ့ ပြန်တွေးမိသွားသည်။

ထိုသို့ စဉ်းစားကြည့်လျှင် ထိုကန့်သတ်ချက်ကိူ နောက်ပိုင်းမှသာ ဝိညာဉ်အကြွင်းအကျန်က လှုံ့ဆော်လိုက်ခြင်း ဖြစ်နိုင်၏။ သူတို့အားလုံးကို ကောင်းကင်လှေကားပေါ်သို့ အတင်းတက်ခိုင်းကာ သူတို့၏ နတ်ဝိညာဉ်များကို အားနည်းသွားအောင် ပြုလုပ်ရန် ရည်ရွယ်ခြင်း ဖြစ်လိမ့်မည်။

နတ်သခင် ရှီယွဲ့က

“ကောင်းပြီ... ဒါဆိုရင် နည်းဗျူဟာပုံစံကို တတ်နိုင်သမျှ မြန်မြန် ဖြိုခွဲဖို့အတွက် လမ်းခွဲပြီး ရှာကြရအောင်။”

လုချန်းက

“မလိုပါဘူး... နည်းဗျူဟာပုံစံ ဘယ်မှာရှိလဲဆိုတာ ကျုပ်သိတယ်”

ဖန်ရှောင်း၏ မှတ်ဉာဏ်များကို ဖတ်ရှုပြီးကာစ ဖြစ်သဖြင့် ဤ တိမ်တိုက်မြို့တော်ကို လုချန်း အတော်အတန် နားလည်ထားပြီး နည်းဗျူဟာပုံစံများ မည်သည့်နေရာတွင် ရှိသည်ကိုလည်း သိနေသည်။ ထိုသို့ ပြောပြီးသည်နှင့် လုချန်းသည် နတ်သခင် ရှီယွဲ့ကို ခေါ်ဆောင်ကာ သူတို့ ရှေ့ရှိ နန်းတော်မှ ထွက်ခွာပြီး တိမ်တိုက်မြို့တော်၏ အလယ်ဗဟိုရှိ ပိုမိုနက်ရှိုင်းသော နေရာသို့ ဦးတည်သွားလိုက်တော့သည်။

သူတို့၏ ခြေလှမ်းများက နှေးကွေးခြင်းမရှိ မြန်ဆန်လှသော်လည်း တိမ်တိုက်မြို့တော်၏ အဓိက အချက်အချာကျသော နေရာသို့ ရောက်ရှိရန် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။

တိမ်တိုက်မြို့တော်၏ အဓိက အချက်အချာကျသော နေရာတွင် အငွေ့ပျံနေသည့် သွေးရေများဖြင့် ပြည့်နှက်နေသော ကြီးမားလှသည့် အိုင်ကြီးတစ်ခု ရှိနေသည်။ ထိုသွေးရေများ လေထုထဲသို့ အငွေ့ပျံသွားသည့်အခါ ထျန်းရန်နတ်ဘုရားနယ်မြေတွင် နတ်သက်စွမ်းအားဟု ခေါ်ဆိုကြသည့် အရာအဖြစ်သို့ ပြောင်းလဲသွား၏။

ဤသွေးကန်ကြီး နားရှိ နတ်အငွေ့အသက် မှာ ထူးခြားစွာ သိပ်သည်းလွန်းလှသည်။ ကန်စပ်သို့ ရောက်ရုံမှဖြင့် နတ်စွမ်းအားများ သူတို့၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်လာသည်ကို လုချန်းနှင့် နတ်သခင် ရှီယွဲ့တို့ ခံစားလိုက်ရသည်။ ဤမျှ များပြားလှသော နတ်စွမ်းအားများကို စုပ်ယူပြီးနောက် သူတို့၏ ခန္ဓာကိုယ်များလည်း အနည်းငယ် ဖောင်းကားလာသလို ခံစားလိုက်ရ၏။

နည်းဗျူဟာပုံစံကို ဖျက်ဆီးပြီး မပျံသန်းရ ကန့်သတ်ချက်ကို ရုပ်သိမ်းရမည့်ကိစ္စသာ အရေးကြီးမနေပါက နတ်သခင် ရှီယွဲ့သည် ဤနေရာ၌ ထိုင်ချကာ တရားကျင့်ကြံချင်မိမည် ဖြစ်သည်။

နတ်သခင် ရှီယွဲ့သည် တစ်ဖက်ကမ်းကို မမြင်နိုင်သော သွေးအိုင်ကြီးကို လှမ်းကြည့်လိုက်ရင်း

“နည်းဗျူဟာပုံစံက ဘယ်မှာလဲ”

ဟု မေးလိုက်သည်။

လုချန်းက

“အဲ့ဒါက သွေးအိုင်ရဲ့ အောက်ခြေမှာ ရှိတာ”

ဟု တုံ့ပြန်၏။

--

…………

All Chapters