အခန်း ၁၉၆၇
Vol. 132 Ch. 1967
အခန်း( ၁၉၆၇ )
ကန်၏ အောက်ခြေ
လုချန်း၏ စကားကို ကြားလျှင် သူတို့ရှေ့ရှိ ဆူပွက်နေသော သွေးရေကန်ကြီးကို နတ်သခင် ရှီယွဲ့ ပြန်လည် ကြည့်ရှုလိုက်မိသည်။
သွေးရေကန်၏ အနီးတွင် ရပ်နေရုံဖြင့်ပင် သူတို့၏ ခန္ဓာကိုယ်များသည် သိပ်သည်းလွန်းလှသော နတ်စွမ်းအားများကြောင့် ပေါက်ကွဲထွက်လုမတတ် ခံစားနေရ၏။ သူတို့သာ ကန်ထဲသို့ ဝင်လိုက်မည်ဆိုပါက မည်သည့်အရာ ဖြစ်ပျက်လာမည်ကို မည်သူမှ အပ်ချမတ်ချ မသိနိုင်ပေ။
နတ်စွမ်းအားသည် ကန်၏ သွေးရေများမှ အငွေ့ပျံ ပြောင်းလဲလာခြင်း ဖြစ်ပြီး ဤသွေးရေ၏ စွမ်းအင်မှာ နတ်သက်စွမ်းအားထက် ပိုသိပ်သည်း ပြင်းထန်လွန်းလှသည်မှာ ထင်ရှားသည်။ ၎င်းက အလွန်တရာ စွမ်းအား သိပ်သည်းလှသဖြင့် သူတို့၏ ရုပ်ခန္ဓာများသည် ဤသွေးရေထဲတွင် ပါဝင်သော စွမ်းအားကို ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် လုချန်းသည် ဖန်တီးခြင်း စွမ်းအားကို အသုံးပြု၍ ထိုနေရာ၌ပင် လူနတ်ခန္ဓာကိုယ်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် ဤလူနတ် ခန္ဓာကိုယ်ကို သွေးရေကန်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားရန် စေခိုင်းလိုက်၏။
သူ၏ ခန္ဓာကိုယ်က သွေးရေထဲတွင် ရှိနေသည့် ကြမ်းတမ်းလှသော စွမ်းအင်များကို ကြံ့ကြံ့ခံနိုင်ခြင်း ရှိမရှိ လုချန်း သိချင်နေခြင်း ဖြစ်သည်။
သူ၏ ကိုယ်ပွားသည် သွေးရေကန်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး နီရဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူနတ် ခန္ဓာကိုယ်သည် သွေးရေထဲရှိ ကြမ်းတမ်းလှသော စွမ်းအင်များကြောင့် ပေါက်ကွဲထွက်သွားတော့သည်။
လုချန်း၏ လူနတ် ခန္ဓာကိုယ်က သွေးရေအဖြစ် ပေါက်ကွဲသွားသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က
“နည်းဗျူဟာ ပုံစံကို ဖျက်ဆီးဖို့ ကြိုးစားရတာ သိပ်မလွယ်ကူလှဘူး ထင်တယ်။”
လုချန်းကတော့ တိတ်ဆိတ်နေပြီး ဖန်ရှောင်း၏ မှတ်ဉာဏ်များကို တစ်ဖန် ပြန်လည် စိစစ်ကာ ထိုအထဲမှ ဖြေရှင်းနည်းကို ရှာဖွေရန် ကြိုးစားနေသည်။
အတန်ကြာပြီးနောက် ကောင်းသော အကြံတစ်ခု မရရှိသဖြင့် လုချန်းက
“ဒီရေကန်ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားပြီး သွေးရေတွေကို တခြားနေရာကို စီးဆင်းသွားအောင် လုပ်နိုင်မလားဆိုတာ ကြည့်ရင်ကော ဘယ်လိုလဲ။”
သူတို့သည် ယခုအခါ တိမ်တိုက်များပေါ်တွင် ရှိနေသဖြင့် အကယ်၍ မြေပြင်ကို ဖောက်ထွင်းနိုင်ပါက ဤသွေးရေများသည် အပြင်သို့ လျင်မြန်စွာ စီးထွက်သွားလိမ့်မည် ဖြစ်သည်။ သို့သော် ပြဿနာတစ်ခုမှာ သူတို့အနေနှင့် မြေပြင်ကို ဖောက်ထွင်းနိုင်ခြင်း ရှိမရှိပင် ဖြစ်သည်။
ဤကမ္ဘာငယ်ထဲသို့ ဝင်ရောက်လာကတည်းက သူတို့၏ စွမ်းအားများ ဖိနှိပ်ခံထားရသဖြင့် သူတို့၏ အစွမ်းကုန်ကို မထုတ်ဖော်နိုင်ကြပေ။ ထို့ကြောင့် နတ်ရွှေအတိဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသော ရေကန်ကို ဖျက်ဆီးရန် ခဲယဉ်းလှပေသည်။
နတ်သခင် ရှီယွဲ့က
“မစမ်းကြည့်ပဲနဲ့တော့ လက်လျှော့လို့မဖြစ်ဘူး။ အရင်ဦးဆုံး စမ်းကြည့်ကြတာပေါ့။”
ထိုစကားများနှင့်အတူ နတ်သခင် ရှီယွဲ့သည် သူမ၏ နတ်စွမ်းအားကို ချက်ချင်းပင် လှုံ့ဆော်လိုက်၏။ စောစောက သွေးရေကန်သို့ ချဉ်းကပ်စဉ်က နတ်စွမ်းအားများကို အလွန်အကျွံ စုပ်ယူထားခဲ့သဖြင့် ယခုအခါ သူမတွင် ထုတ်လွှတ်နိုင်သည်ထက် ပိုများသော နတ်စွမ်းအားများ ရှိနေသည်။
နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ် ကြီးမားလှသော မြေခွေးလက်သည်း အရိပ်သဏ္ဌာန်တစ်ခု ပေါ်လာပြီး နတ်သခင် ရှီယွဲ့သည် သူမ၏ နတ်စွမ်းအားအားလုံးကို စုစည်းကာ ကန်စပ်ဆီသို့ ကုပ်ခြစ်ချလိုက်တော့သည်။
မြေခွေးလက်သည်း ကန်စပ်ရှိ နတ်ရွှေ မြေပြင်နှင့် တိုက်မိသောအခါ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မြေပြင်မှ မှိန်ပျပျ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
ပေါက်ကွဲမှု၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ လွင့်ပြယ်သွားပြီးနောက် မြေပြင်သည် အစအတိုင်းပင် ဘာဒဏ်ရာဒဏ်ချက်မှ မရှိပဲ နဂိုအတိုင်း တည်ရှိနေသည်ကို တွေ့ရသည်။
၎င်းကို တွေ့မြင်လျှင် သူမ၏ အစွမ်းကုန်ကို အသုံးပြုခဲ့သော်လည်း မြေပြင်က အလွန်တရာ ခိုင်မာလွန်းနေသဖြင့် နတ်သခင် ရှီယွဲ့လည်း စိတ်ပျက်လက်ပျက်ဖြင့် မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိသည်။ နည်းဗျူဟာ ပုံစံကို ဖျက်ဆီးပြီး ဤနေရာမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သူတို့ ခန့်မှန်းလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် လုချန်းသည် ဘာစကားမှ မပြောပဲ တိတ်ဆိတ်စွာဖြင့် သွေးရေကန်မျက်နှာပြင်ပေါ်ရှိ နတ်သက်စွမ်းအားများကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။
သူက ရေကန်ကို စိုက်ကြည့်နေသည်ကို တွေ့မြင်သဖြင့် နတ်သခင် ရှီယွဲ့က
“ရှင် တစ်ခုခုကို သတိပြုမိလို့လား”
ဟု စူးစမ်းစွာ မေးလိုက်၏။
လုချန်းလည်း သူ၏ အတွေးကမ္ဘာမှ နိုးထလာပြီး ခပ်ဖွဖွပြုံးလျက်
“ဒီသွေးရေကန်ရဲ့ အငွေ့ပျံနှုန်းက တော်တော်လေး မြန်ပုံရတယ်။ ကျုပ်တို့ ခဏလောက် စောင့်လိုက်ရင် လုံးဝ အငွေ့ပျံသွားနိုင်ခြေ ရှိပါတယ်။”
ဒါက...
နတ်သခင် ရှီယွဲ့သည် သွေးရေကန်ဆီသို့ လှမ်းကြည့်လိုက်ရာ သွေးရေများက လျှပ်စီးလက်သကဲ့သို့ နတ်သက်စွမ်းအားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနေသည်ကို သတိပြုမိလိုက်သည်။ သို့သော် ငေးမောကြည့်သလောက် အဆုံးမရှိနိုင်အောင် သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောလှသည့် သွေးကန်ကြီးဖြစ်နေသဖြင့် လုံးဝ အငွေ့ပျံသွားသည်အထိ စောင့်ဆိုင်းရန် အချိန်အတော်ကြာမြင့်နိုင်သည်။
သူတို့ မြေပြင်ပေါ်သို့ မပြန်နိုင်ခင်မှာပင် အောက်ဘက်ရှိ နတ်များသည် သားရဲအမြုတေကို ရှာဖွေတွေ့ရှိသွားနိုင်ပြီး ဤကမ္ဘာငယ်ထဲမှ ယူဆောင်သွားကြမည့် ဖြစ်နိုင်ခြေကလည်း ရှိသည်။
နတ်များအားလုံးက ကောင်းကင်လှေကားအတိုင်း ဆက်တက်လှမ်းကြသည် မဟုတ်ပေ။ ထူးခြားသော ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့် နတ်အမြောက်အမြားသည် ထိုနေရာသို့ မသွားပဲ မြေပြင်ပေါ်တွင်သာ ကျန်ရစ်ခဲ့ကြသဖြင့် သူတို့ထက် အရင် သားရဲအမြုတေကို ရှာတွေ့သွားနိုင်ခြေ ရှိနေသည်။
နတ်သခင် ရှီယွဲ့က
“ရှင့်ဆီမှာ ကာကွယ်ရေး နတ်ရတနာ တစ်ခုခု မရှိဘူးလား။ ကျွန်မတို့ အောက်ကိုပဲ တိုက်ရိုက် စွန့်စွန့်စားစား ခုန်ချလိုက်ရင်ကော ဘယ်လိုလဲ။”
နည်းဗျူဟာ ပုံစံကို မဖျက်ဆီးနိုင် သို့မဟုတ် ပျံသန်းခြင်း ကန့်သတ်ချက်ကို မဖယ်ရှားနိုင်လျှင် အောက်သို့ ခုန်ချလိုက်ခြင်းက ပိုကောင်းလိမ့်မည်ဟု နတ်သခင် ရှီယွဲ့ တွေးလာမိခြင်း ဖြစ်သည်။ အောက်တွင် ထောင်ပေါင်းများစွာသော သားရဲများ စောင့်ကြိုနေသော်လည်း သူတို့ အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက ထိုသားရဲများထံမှ လွတ်မြောက်ရန် အခွင့်အရေး ရှိနိုင်သည်။ လုချန်းတွင်လည်း ကာကွယ်ရေး နတ်ရတနာ ဧကန်မုချ ရှိလိမ့်မည်ဟု သူမ ယုံကြည်နေသည်။
သူတို့နှစ်ဦး လွတ်မြောက်ရန် လမ်းစကို စဉ်းစားနေစဉ်မှာပင် ကောင်းကင်ယံ၌ ခေါင်းလောင်းသံတစ်ခု ထပ်မံ ပဲ့တင်ထပ်သွားခဲ့ပြန်သည်။
နောက်တစ်ခဏ၌ သွေးကန်တစ်ကန်လုံး စတင် ဆူပွက်လာပြီး သွေးရေများသည် နတ်စွမ်းအားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ သွေးရေမျက်နှာပြင်လည်း သိသိသာသာ နိမ့်ဆင်းသွားတော့သည်။
ထိုအရာကို မြင်တွေ့ရသောအခါ နတ်သခင် ရှီယွဲ့နှင့် လုချန်းတို့ ခဏခန့် ကြောင်အမ်းသွားကြ၏။ နည်းဗျူဟာ ပုံစံကို ဖျက်ဆီးကာ ကန့်သတ်ချက်ကို ဖယ်ရှားရန် ရေကန်အောက်ခြေသို့ မည်သို့သွားရမည်ကို သူတို့ခေါင်းပူနေစဉ် သွေးရေများ၏ အငွေ့ပျံနှုန်း ပိုမြန်လာသည်ကိုသာ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထိုအခါမှ နတ်သခင် ရှီယွဲ့ တစ်ခုခုကို သတိရသွားပြီး
“ရှင် စောစောက အဲ့လို တွေးခဲ့တာ အကြောင်းမရှိတာ မဟုတ်ဘူးပဲ”
ဟု မှတ်ချက်ပြုလိုက်သည်။
လုချန်းက
“ဘာကို ပြောတာလဲ”
နတ်သခင် ရှီယွဲ့က
“ရှင် သန့်စင်လိုက်တဲ့ ဝိညာဉ်ကြွင်းကျန်က တစ်စိတ်တစ်ပိုင်းပဲ ဖြစ်လို့ ရတနာတွေ ဒါမှမဟုတ် အမွေအနှစ်တွေရဲ့ မှတ်ဉာဏ်တွေ မပါဝင်ခဲ့တာ။ ဒီကမ္ဘာငယ်ထဲမှာ စွမ်းအားရှင်ကြီး တစ်ယောက် ချန်ထားခဲ့တဲ့ အရာတွေ တကယ် ရှိနေတာပဲ။”
“အစကတည်းက ကျွန်မတို့ ခေါင်းလောင်းသံတွေကို ရံဖန်ရံခါ ကြားနေရတာ။ ဒါတွေက ဘယ်ကနေ ထွက်ပေါ်လာနိုင်မလဲဆိုတာ ရှင် စဉ်းစားကြည့်ဖူးလား။”
နတ်သခင် ရှီယွဲ့၏ သတိပေးမှုကြောင့် လုချန်း ရုတ်ချည်း နိုးကြားသွားပြီး ဤခေါင်းလောင်းသံများသည် အလကား ထွက်ပေါ်လာခြင်း မဟုတ်ပဲ ၎င်း၏ မြစ်ဖျားခံရာမှာ ရတနာတစ်ခုခု ဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။
နတ်သခင် ရှီယွဲ့က ဆက်လက်၍
“နည်းဗျူဟာ ပုံစံ ပျက်စီးသွားပြီး ကန့်သတ်ချက်တွေ ဖယ်ရှားခံရပြီးတာနဲ့ ကျွန်မတို့ရဲ့ နတ်အာရုံကို အသုံးပြုနိုင်လိမ့်မယ်။ အဲဒီလိုဆိုရင် စွမ်းအားရှင်ကြီး ချန်ထားခဲ့တဲ့ အရာတွေကို ရှာဖွေရတာ အများကြီး ပိုလွယ်ကူသွားလိမ့်မယ်။”
ထိုစကားများနှင့်အတူ နတ်သခင် ရှီယွဲ့သည် ရှေ့ရှိ သွေးရေများကို စိုက်ကြည့်ကာ ၎င်းတို့ လျင်မြန်စွာ အငွေ့ပျံသွားရန်သာ စိတ်ထဲက ဆန္ဒပြုနေမိသည်။
ခန့်မှန်းခြေ နှစ်နာရီခန့် ကြာပြီးနောက် ရေကန်ထဲရှိ သွေးရေများ လုံးဝ အငွေ့ပျံသွားကာ ရေကန်အောက်ခြေကို ထင်ရှားပြတ်သားစွာ မြင်တွေ့လိုက်ရတော့သည်။
ရေကန်အောက်ခြေ၏ ဗဟိုတွင် မီးလျှံများ တောက်လောင်နေသည့် ငှက်မွှေးတစ်ချောင်း ရှိနေ၏။ ၎င်းသည် နည်းဗျူဟာ ပုံစံ၏ နည်းဗျူဟာ ဗဟိုချက် ဖြစ်သည်။
ငှက်မွှေးမှ ထွက်ပေါ်လာသော စွမ်းအားကို ခံစားမိလျှင် နတ်သခင် ရှီယွဲ့က
“ဒီနေရာမှာ တကယ်ပဲ တန်ဖိုးရှိတဲ့ အရာတစ်ခု ရှိနေတာပဲ။ ဒီငှက်မွှေးတစ်ချောင်းတည်းနဲ့တင် ဒီခရီးကို လာရတာ ထိုက်တန်သွားပြီ” ဟု မှတ်ချက်ချလိုက်၏။
လုချန်းသည်လည်း ထိုငှက်မွှေး၏ ထူးခြားဆန်းကြယ်သော သဘာဝကို ခံစားမိသည်။ အကယ်၍ ၎င်းကို နတ်လက်နက် တစ်ခုအဖြစ် သွန်းလုပ်ရန် အသုံးပြုမည်ဆိုပါက ၎င်း၏ စွမ်းအားသည် ဧကန်မုချ ကမ္ဘာပျက်မတတ် ထိတ်လန့်ဖွယ် ကောင်းလိမ့်မည် ဖြစ်သည်။
နတ်သခင် ရှီယွဲ့က လုချန်းကို လှမ်းကြည့်ကာ
“ဒါက ထိုစွမ်းအားရှင်ကြီးရဲ့ ဝိညာဉ်ငှက်မွှေး ဖြစ်ရမယ်။ အဲ့ဒါ ရှင့်အတွက်ပဲ။ အဲ့ဒါကို နတ်လက်နက်တစ်ခုအဖြစ် သန့်စင်လိုက်ရင် ရှင့်အတွက် အရမ်းကောင်းတဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်လာနိုင်တယ်။”
လုချန်းက သဘောကျစွာ ရယ်မောရင်း
“ခင်ဗျား တော်တော်လေး သဘောထားကြီးတာပဲ”
“ဒီငှက်မွှေးက အလွန် တန်ဖိုးကြီးပုံရတယ်။ ခင်ဗျား မလိုချင်ဘူးလား။”
နတ်သခင် ရှီယွဲ့က
“ကျွန်မက သားရဲအမြုတေကိုပဲ စိတ်ဝင်စားတာပါ။”
အမှန်စင်စစ် သူမသည်လည်း ထိုငှက်မွှေးကို အလွန် လိုချင်သော်လည်း အခြေအနေကို ချိန်ဆကြည့်ပြီးနောက် လုချန်းကို ပေးအပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤနေရာတွင် လုချန်းအတွက် မည်သည့် အကျိုးအမြတ်မှ မရရှိခဲ့ပါက နောက်ပိုင်းတွင် သားရဲအမြုတေကို ရှာတွေ့သည့်အခါ သူမနှင့် လာရောက် လုယူနိုင်ခြေ ရှိသည်။
လုချန်းက သားရဲအမြုတေကို မလုယူလျှင်ပင် ၎င်းကို လုယူရန် အခြားသော အင်အားစုများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ သူမအနေနှင့် လုချန်း၏ အကူအညီကို လိုအပ်မည် ဖြစ်သဖြင့် သူ့ကို အကျိုးအမြတ်အချို့ ပေးထားခြင်းက အကျိုးအကြောင်းဆီလျော်ပေသည်။
ထို့ပြင် ငှက်မွှေးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေပြီး ၎င်းကို ရရှိခဲ့လျှင်ပင် နတ်လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သဖြင့် လုချန်းကိုသာ ပေးလိုက်ခြင်းက ပို၍ကောင်းသည်။
ထို့နောက် လုချန်းသည် ဖန်တီးခြင်း စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြု၍ ရုပ်ခန္ဓာအသစ် တစ်ခုကို ဖန်တီးကာ နည်းဗျူဟာ ဗဟိုချက်ဆီသို့ ချဉ်းကပ်သွားရန် စေခိုင်းလိုက်သည်။
ရရှိထားသော မှတ်ဉာဏ်များအရ နည်းဗျူဟာ ဗဟိုချက်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် ကန့်သတ်ချက်များ အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်ပြီး သူတို့လည်း ငှက်ကဲ့သို့ လွတ်လပ်စွာ ပျံသန်းနိုင်ကာ အာကာသ တည်နေရာရွှေ့ပြောင်းခြင်း ကို စတင်နိုင်မည် ဖြစ်သည်။
--
…………..