အခန်း ၁၉၆၈
Vol. 132 Ch. 1968
အခန်း ( ၁၉၆၈ )
ကန့်သတ်ချက် ပျောက်ကွယ်သွားခြင်း
လုချန်းသည် တောက်လောင်နေသော ငှက်မွှေးအနီးသို့ အလွန်တရာ သတိကြီးစွာဖြင့် ချဉ်းကပ်ရန် သူ၏ကိုယ်ပွားကို သေချာစွာ ထိန်းချုပ်ခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးမှာလည်း ထူးခြားစွာ ချောမွေ့သွားခဲ့သည်။
ငှက်မွှေး၏ ရှေ့သို့ ရောက်ရှိချိန်တွင် စနစ်မျက်နှာပြင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
[မီးဖီးနစ်ငှက်မွှေး: ကမ္ဘာပြင်ပပစ္စည်းတစ်ခု ဖြစ်သည်။]
စနစ်မျက်နှာပြင် အလိုအလျောက် ရုတ်ချည်း ပေါ်ထွက်လာပြီး ငှက်မွှေး၏ အမည်ကို ထင်ထင်ရှားရှား ပြသသည်ကို တွေ့မြင်လျှင် လုချန်း အနည်းငယ် အံ့အားသင့်သွားမိသည်။
စနစ်အား ဗားရှင်း ၂.၀ သို့ အဆင့်မြှင့်တင်ပြီးကတည်းက စနစ်ကို မေးခွန်းများ မေးမြန်းနိုင်ခဲ့ခြင်းဖြစ်၏။ ယခု စနစ်သည် ၃.၀ သို့ အဆင့်မြင့်သွားပြီ ဖြစ်သော်လည်း သူ စနစ်ကို တက်ကြွစွာ မေးမြန်းသည့် အကြိမ်အရေအတွက်က အလွန်တရာပင် နည်းပါးလှသေးသည်။
သူ စနစ်ကို မေးသမျှ မေးခွန်းအများစုကို နောက်ပိုင်းတွင် သူ နားလည်လာလိမ့်မည်ဟုသာ စနစ်က ပြန်လည်ဖြေကြားလေ့ရှိသောကြောင့်လည်းဖြစ်သည်။
အချို့သော အဆင့်တစ်ခုသို့ မရောက်မချင်း အချို့သောအရာများကို စနစ်က အချိန်မတိုင်မီ ထုတ်ဖော်ပြသမည် မဟုတ်သဖြင့် လုချန်းအနေနှင့် တက်ကြွစွာ မေးမြန်းရန် စိတ်မပါ ဖြစ်နေခဲ့သည်။
လုချန်း သူ့ဘာသာသူ စဉ်းစားလိုက်၏။ မီးဖီးနစ်ငှက်မွှေးသည် ကမ္ဘာပြင်ပပစ္စည်းတစ်ခု ဖြစ်ပြီး သဘောတရားအရ သူသည် နတ်ဧကရာဇ်အဆင့်သို့ပင် မရောက်ရှိသေးသဖြင့် ပြင်ပလောကနယ်ပယ်များကို စူးစမ်းလေ့လာရန် အလွန်ဝေးကွာနေသေးသောကြောင့် စနစ်အနေနှင့် သတိပေးချက်တစ်ခု မပြသသင့်ပေ။
လုချန်းက စမ်းသပ်သည့်အနေနှင့် မေးလိုက်၏။
“စနစ်... မီးဖီးနစ်ငှက်မွှေးက ဘာအတွက် အသုံးဝင်တာလဲ”
စနစ်၏ ချက်ချင်းပင် တုံ့ပြန်လာသည်။
“ကျေးဇူးပြု၍ ကိုယ့်ဘာသာ စူးစမ်းလေ့လာပါ”
လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။ စနစ်သည် တကယ်ပင် အရင်အတိုင်းပင် ဖြစ်နေဆဲဟုလည်း တွေးလိုက်၏။
လုချန်း၏ ကိုယ်ပွားက တောက်လောင်နေသော ငှက်မွှေးကို မည်သည့်လှုပ်ရှားမှုမှ မရှိပဲ စိုက်ကြည့်နေသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
နတ်သခင် ရှီယွဲ့၏ အသံကို ကြားရလျှင် လုချန်း သတိပြန်ဝင်လာပြီး မီးဖီးနစ်ငှက်မွှေးကို သူ၏ အာကာသလက်စွပ်ထဲသို့ ထည့်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုကို သတိရသွားလို့ပါ”
မီးဖီးနစ်ငှက်မွှေး ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် လုချန်းနှင့် နတ်သခင် ရှီယွဲ့ နှစ်ဦးစလုံးလည်း သူတို့၏ ကိုယ်ပေါ်ရှိ ဖိနှိပ်ထားသော ခံစားချက်ကြီး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး ထူးခြားစွာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
မဆိုင်းမတွပင် နတ်သခင် ရှီယွဲ့လည်း ချက်ချင်း ပျံသန်းရန် ကြိုးစားလိုက်သည်။
နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်သည် ပန်းပွင့်ဖတ်လေးတစ်ခုကဲ့သို့ လေထုထဲသို့ ညင်သာစွာ မြင့်တက်သွားပြီး နတ်သခင် ရှီယွဲ့က
“ကန့်သတ်ချက်က တကယ်ပဲ ပွင့်သွားပြီ”
ဟု မှတ်ချက်ပြုလိုက်သည်။
ယခုအခါ ဖိနှိပ်မှု မရှိတော့သဖြင့် သားရဲအမြုတေများကို ရှာဖွေရန်အတွက် သူတို့၏ စွမ်းဆောင်ရည် များစွာ မြင့်တက်လာခဲ့ပြီဖြစ်သည်။
ပျံသန်းရန် ကြိုးစားပြီးနောက် နတ်အာရုံအပေါ် ကန့်သတ်ချက်များ ပွင့်သွားခြင်း ရှိမရှိ ကြည့်ရန် သူမ၏ နတ်အာရုံကို ထုတ်လွှတ်လိုက်သည်။
သူမ အံ့အားသင့်သွားရသည်က သူမသည်ပတ်ဝန်းကျင်ကို စူးစမ်းရန် နတ်အာရုံကို အသုံးပြု၍ မရသေးပေ။
နတ်အာရုံ ပိတ်ဆို့ခံထားရသဖြင့် သားရဲအမြုတေများကို ရှာဖွေရန် နတ်ဆိုးစွမ်းအားကိုသာ အားကိုးနိုင်တော့သည်။
နတ်သခင် ရှီယွဲ့က သိပ်ပြီး စိတ်ထဲမထားပဲ လေထဲတွင် ဝဲပျံနေရင်း လုချန်းကို
“ကန့်သတ်ချက် ပွင့်သွားပြီဆိုတော့ ကျွန်မတို့ ဒီကနေ ထွက်သွားသင့်ပြီ။”
လုချန်းက အဝေးရှိ ခမ်းနားထည်ဝါသော နန်းတော်အစုအဝေးများကို ကြည့်ရှုပြီးနောက်
“ထွက်သွားမယ် ဟုတ်လား။ ဒီနတ်ရွှေတွေကို ခင်ဗျား စိတ်မဝင်စားဘူးလား။”
သူသည် ဤနတ်ရွှေများကို သူ၏ ကိုယ်တွင်းကမ္ဘာထဲ၌ မသိုလှောင်နိုင်သော်လည်း နတ်သခင် ရှီယွဲ့သည် နတ်သခင်တစ်ဦး ဖြစ်သဖြင့် တိမ်တိုက်မြို့တော် တစ်ခုလုံးကိုပင် သူမ၏ အတွင်းကမ္ဘာထဲသို့ အလွယ်တကူ ထည့်သွင်းနိုင်သည်။
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ရှီယွဲ့ ခဏခန့် တုံ့ဆိုင်းတွသွားပြီးနောက် သတိပြန်ဝင်လာကာ ထိုခမ်းနားလှသော နန်းတော်များဆီသို့ လှမ်းကြည့်လိုက်သည်။
အမှန်အတိုင်း ပြောရလျှင် သားရဲအမြုတေများနှင့် နှိုင်းယှဉ်ပါက ဤနတ်ရွှေများသည် သူမအတွက် ဆွဲဆောင်မှု သိပ်မရှိလှပေ။
နတ်ရွှေများကို နတ်လက်နက်များ သန့်စင်ရန် သို့မဟုတ် စစ်နတ်လှေများ တည်ဆောက်ရန် အသုံးပြုနိုင်သော်လည်း အမြုတေနှင့် နှိုင်းယှဉ်လျှင်တော့ ဆွဲဆောင်မှု သိပ်မရှိပေ။
နတ်သခင် ရှီယွဲ့က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း သူမ မပြောနိုင်ခင်မှာပင် လုချန်းက ပြုံးလျက်
“ခင်ဗျား ဒီနတ်ရွှေတွေကို စိတ်မဝင်စားဘူးဆိုရင် အားလုံး ကျုပ်အပိုင် ဖြစ်မှာပေါ့။”
“ဒါပေမဲ့ ကျုပ်က ဒီနန်းတော်အားလုံးကို မသိမ်းဆည်းနိုင်ဘူး။ ဒါကြောင့် ခင်ဗျားရဲ့ အတွင်းကမ္ဘာထဲမှာ အရင်သိမ်းဆည်းထားပေးဖို့ ကူညီပါဦး။ အပြင်ရောက်တဲ့အခါကျမှ ကျုပ်ကို လွှဲပေးပါ။”
နတ်သခင် ရှီယွဲ့ လုချန်းကို မျက်နှာအမူအရာမပါစွာဖြင့် စိုက်ကြည့်လိုက်မိသည်။
ဤလူသည် တကယ်ပင် အကွက်မြင်တတ်လှပေသည်။ သူမ၏ အတွင်းကမ္ဘာကို အသုံးပြု၍ နတ်ရွှေများ သယ်ဆောင်ခိုင်းရန် ပင် ကြံစည်နေ၏။
နတ်သခင် ရှီယွဲ့က လေထဲတွင် ရပ်နေရင်း မည်သည့်စကားမှ မပြောပဲ အပေါ်စီးမှ ငုံ့ကြည့်နေသည်ကို တွေ့မြင်လျှင် လုချန်းက ဆက်လက်၍
“ဒီလို အကူအညီအသေးအမွှားလေးကို ကူညီပေးဖို့ ခင်ဗျား ဝန်မလေးပါဘူးနော်”
နတ်သခင် ရှီယွဲ့က အေးစက်စွာဖြင့်
“ရှင် ဒီနတ်ရွှေတွေကို စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။ ကစဉ့်ကလျား ပင်လယ်ထဲမှာ ရှင့်ရခဲ့တဲ့ အခွင့်အရေးတွေကြောင့် သာမန်ရတနာတွေကို စိတ်မဝင်စားတော့ဘူးလို့ ကျွန်မ ထင်ထားတာ။”
လုချန်းက
“အမှန်ပါပဲ... ကျုပ်က သာမန်ရတနာတွေကို စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဒီနတ်ရွှေတွေက ကျုပ်အတွက် သိသိသာသာ ပိုပြီး အသုံးဝင်ပါတယ်။ ကျုပ်ရဲ့ နတ်ဘုရားနိုင်ငံက နတ်လှေအချို့ လိုအပ်နေသေးသလို ကျုပ်ရဲ့ နတ်ဘုရားနိုင်ငံက နန်းတော်တွေကလည်း နတ်ရွှေတွေကို လိုအပ်နေလို့ပါ။”
နတ်သခင် ရှီယွဲ့က ခပ်အေးအေးပင်
“ဒီတစ်ကြိမ်ပဲနော်”
ဟု ဆို၏။
အဆုံးတွင်တော့ သူမကိုယ်တိုင် လုချန်းကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သဖြင့် သူ့ကို အကျိုးအမြတ်အချို့ ပေးရန် လိုအပ်သည်ဟု သူမ ထင်မြင်မိသည်။
နတ်သခင် ရှီယွဲ့ သဘောတူသည်ကို တွေ့မြင်လျှင် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွား၏။ ဤနတ်ရွှေများဖြင့် ချင် နတ်ဘုရားနိုင်ငံသည် အနည်းဆုံး နတ်လှေပေါင်း ထောင်ချီ၍ ထုတ်လုပ်နိုင်မည် ဖြစ်သည်။
နတ်လှေများ ပိုင်ဆိုင်ထားခြင်းက မဟာချင် နတ်ဘုရားနိုင်ငံ၏ အနာဂတ် နယ်မြေချဲ့ထွင်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။
နတ်သခင် ရှီယွဲ့၏ အသံ ကွယ်ပျောက်သွားသည်နှင့် သူမသည် တိမ်တိုက်မြို့တော်ရှိ နန်းတော်အားလုံးကို သူမ၏ အတွင်းကမ္ဘာထဲသို့ စုပ်ယူရန် ပြင်ဆင်လိုက်သည်။
နတ်သခင် ရှီယွဲ့က သူမ၏ နတ်စွမ်းအားကို လှည့်ပတ်လိုက်သည်နှင့် တိမ်တိုက်မြို့တော်ရှိ နန်းတော်အားလုံး တုန်ခါလာတော့သည်။
မကြာမီ နတ်သခင် ရှီယွဲ့၏ ဦးခေါင်းအထက်တွင် ကြီးမားလှသော တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး ထိုတွင်းနက်ကြီး၏ အစွမ်းထက်လှသော စုပ်ယူမှုအားက နန်းတော်များကို တစ်ခုပြီးတစ်ခု အမြစ်မှ နှုတ်ယူကာ တွင်းနက်ကြီးထဲသို့ တိုက်ရိုက် စုပ်ယူသွားခဲ့သည်။
ဤအချိန်တွင် ကောင်းကင်လှေကားသို့ တက်ရောက်နေကြသော နတ်များသည်လည်း တိမ်တိုက်များအထက်မှ လှုပ်ခတ်မှုကို ခံစားမိကြသည်။
လူတိုင်းက ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး နန်းတော်များ မြင့်မားသော အရပ်ရှိ တွင်းနက်ကြီးထဲသို့ ပျံသန်းဝင်ရောက်သွားသည်ကို မြင်တွေ့ရသဖြင့် အားလုံး ဆွံ့အသွားကြသည်။
“ဘာတွေ ဖြစ်နေတာလဲ”
“အဲဒီ တွင်းနက်ကြီးက ဘာလဲ”
“ဒါက တစ်ယောက်ယောက်က အတွင်းကမ္ဘာကို ဖွင့်လိုက်တာလား။”
“ဒီလောက် ကြောက်စရာကောင်းတဲ့ စုပ်ယူမှုမျိုးရှိနိုင်တာ နတ်သခင်အဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်ရမယ်။ ဒီကမ္ဘာငယ်လေးက နတ်ဘုရင်အဆင့်အောက်က လူတွေပဲ ဝင်လို့ရတာ မဟုတ်ဘူးလား။”
“သားရဲမဟာမိတ်က အဲ့ဒီလူနှစ်ယောက်ပဲ တိမ်တိုက်ပေါ် တက်သွားတာ။ သူတို့ထဲက တစ်ယောက်ယောက် လုပ်နေတာလား”
“သားရဲမဟာမိတ်က နတ်သခင်တစ်ယောက်ကို ဘယ်လိုလုပ် ခိုးသွင်းလာတာလဲ။”
……..
ခဏခန့် ကောင်းကင်လှေကားပေါ်ရှိ လူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
သူတို့က ကောင်းကင်လှေကားကို မတက်ရသေးခင်မှာပင် အပေါ်ကလူများက နန်းတော်များကို လေပွေတိုက်သကဲ့သို့ ရှင်းလင်းသွားကြပြီ ဖြစ်ရာ သူတို့ တက်ရောက်နိုင်သည့်အချိန်တွင် ရတနာများနှင့် အမွေအနှစ်များ မဆိုထားနှင့် မြေကွက်လပ်တစ်ခုပင် ကျန်ရှိတော့မည် မဟုတ်ပေ။
ခဏချင်းမှာပင် သူ၏ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို နတ်ဘုရားတစ်ပါးက ရုတ်တရက် သတိပြုမိပြီး
“ကန့်သတ်ချက် ပွင့်သွားပြီ ထင်တယ်”
ဟု အော်ဟစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အခြားတစ်ဦးကလည်း ရုတ်တရက် သူ၏ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို သတိပြုမိပြီး
“ကန့်သတ်ချက် ပွင့်သွားပြီ ထင်တယ်”
ဟု အော်ဟစ်လိုက်ပြန်သည်။
ထိုစကားများ ပြောပြီးသည်နှင့် ထိုနတ်သည် တိမ်တိုက်များဆီသို့ ပျံသန်းသွားကာ စိတ်လှုပ်ရှားစွာဖြင့်
“ပွင့်သွားပြီ... ကန့်သတ်ချက် တကယ်ပဲ ပွင့်သွားပြီ။ နောက်ဆုံးတော့ ကောင်းကင်လှေကားနဲ့ တက်စရာ မလိုတော့ဘူး”
ဟု သတင်းဖြန့်လိုက်သည်။
တစ်စုံတစ်ဦး တကယ် ပျံသန်းသွားသည်ကို တွေ့မြင်လျှင် ကောင်းကင်လှေကားပေါ်ရှိ ကျင့်ကြံသူများ ဆက်၍ မအောင့်နိုင်ကြတော့ပဲ အားလုံးနီးပါး လှေကားတက်ခြင်းကို ရပ်တန့်ကာ တိမ်တိုက်များဆီသို့ ပျံသန်းသွားကြတော့သည်။
သို့သော် တိမ်တိုက်များ၏ အထက်သို့ ရောက်ရှိသောအခါ သူတို့၏ ရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အသွားကြရသည်။
တွေးပူထားမိသည့်အတိုင်း သူတို့ အကြောက်ဆုံးအရာ တကယ်ပင် ဖြစ်ပျက်ခဲ့လေပြီ။
အဝေးသို့ လှမ်းကြည့်လိုက်လျှင် တိမ်တိုက်များအထက်၌ ကျောက်တုံးပုံများသာ ရှိတော့ပြီး အခြားမည်သည့်အရာမှ ကျန်ရစ်ခြင်း မရှိတော့ပေ။
ထို့ပြင် သားရဲမဟာမိတ်မှ လူနှစ်ဦးကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
ထိုအခိုက်တွင် နတ်ဘုရင်ချင်းမင်က အကြီးအကဲ ချူးကျန့်ယွီကို
“အကြီးအကဲ ချူး... သားရဲမဟာမိတ်က အဲဒီလူနှစ်ယောက်ပဲ ရတနာတွေနဲ့ အမွေအနှစ်တွေကို ယူသွားတာ ဖြစ်ရမယ်။ သူတို့ကို ဆုငွေထုတ်ပြီး ရှာခိုင်းရမလား”
ဟု မေးလိုက်သည်။
ချူးကျန့်ယွီက လှည့်၍ နတ်ဘုရင်ချင်းမင်ကို ကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို သတိပေးထားပြီးသားပဲ။ အဲ့ဒီ လူနတ်က ကောင်းကင်မိန်းကလေးနဲ့ ပတ်သက်မှု ရှိတယ်။”
လုချန်းကဲ့သို့ အရည်အချင်းရှိသူတစ်ဦးကို ဖမ်းဝရမ်း သို့မဟုတ် ဆုငွေထုတ်မည်ဆိုပါက ကောင်းကင်မိန်းကလေး၏ ဆုံးဖြတ်ချက် လိုအပ်မည်ဟု ချူးကျန့်ယွီ ယူဆသည်။ ထိုကိစ္စက သူတို့ သဘောအတိုင်း ဆုံးဖြတ်ရမည့် အရာ မဟုတ်ပေ။
နတ်ဘုရင်ချင်းမင် ဆွံ့အသွားပြီး ကောင်းကင်မိန်းကလေး၏ စိတ်နေသဘောထားကို သတိရကာ သက်ပြင်းချရင်း
“ကျုပ် နားလည်ပါပြီ”
ချူးကျန့်ယွီသည် ယခုအခါ ဗလာဖြစ်နေသော တိမ်တိုက်အထက်ကို လှမ်းကြည့်လိုက်ပြီးနောက်
“အခြားနေရာမှာ သွားရှိရှာရအောင်”
ထိုစကား ပြောပြီးသည်နှင့် ချူးကျန့်ယွီသည် နဝမကောင်းကင်တက္ကသိုလ်မှ လူများနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
နဝမကောင်းကင်တက္ကသိုလ်မှ အဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက် အခြားသော အင်အားစုများမှ ကျင့်ကြံသူများလည်း စိတ်မပါစွာ ထွက်ခွာသွားကြတော့သည်။
သို့သော်လည်း ချက်ချင်း ထွက်မသွားသေးသော ကျင့်ကြံသူအချို့ ရှိနေသေး၏။ သူတို့၏ အကြည့်များက ထိုနေရာတွင် ရှိနေသော သားရဲမဟာမိတ် အဖွဲ့ဝင်များအပေါ်သို့ ကျရောက်နေသည်။
ရတနာများနှင့် အမွေအနှစ်များကို သားရဲမဟာမိတ် အဖွဲ့ဝင်များက ရရှိသွားခဲ့ခြင်း ဖြစ်ပြီး သားရဲမဟာမိတ်မှ ထိုလူနှစ်ဦးသည် နောက်ဆုံးတွင် လက်ရှိ ရှိနေသော အဖွဲ့ဝင်များနှင့် ပြန်လည် ဆုံစည်းကြမည် ဖြစ်ရာ သူတို့နောက်သို့ အရိပ်ပမာ တကောက်ကောက် လိုက်ခြင်းဖြင့် ထိုလူနှစ်ဦးကို ရှာဖွေတွေ့ရှိကာ သူတို့၏ လက်ထဲမှ အခွင့်အရေးများကို လုယူနိုင်မည်ဟု သူတို့မြင်၏။
--
……………