အခန်း ၁၉၇၀
Vol. 132 Ch. 1970
အခန်း (၁၉၇၀)
ရွှမ်ချင်းယွမ်၏ သဘောထား
နတ်သခင် ရှီယွဲ့ကတော့ လုချန်း၏ အတွေးကို နည်းနည်းမှ မရိပ်စား မိခဲ့ပေ။ လုချန်းက သူတို့၏ သားရဲမဟာမိတ်အတွက် အပြစ်လွှဲချခံရန် သဘောတူသည်ကို တွေ့မြင်လျှင် ထိုနတ်ဘုရင်ကို လုချန်း အမွေအနှစ် ရရှိသွားသည့် သတင်းကို ချက်ချင်း ဖြန့်ဝေခိုင်းလိုက်တော့သည်။
နောက်ဆက်တွဲ နှစ်များတွင် သားရဲမဟာမိတ်မှ လူများသည် ဆက်လက် ပစ်မှတ်ထားခံနေရဆဲ ဖြစ်သော်လည်း လုချန်း အမွေအနှစ် ရရှိသွားသည့် သတင်း တောမီးပမာ ပျံ့နှံ့သွားသည်နှင့်အမျှ အမျိုးမျိုးသော အင်အားစုများသည် သားရဲမဟာမိတ်မှ လူများအပေါ် စိတ်ဝင်စားမှုရေချိန် တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။
လုချန်းတွင် ကိုယ်ပွားများစွာ ရှိသဖြင့် သူ့ကို ခြိမ်းခြောက်ရန်က ကောင်းကင်ကိုကြယ် ကျောက်ခဲနှင့် ပေါက်သကဲ့သို့ ခက်ခဲကြောင်း ယခုအခါ တစ်လောကလုံးရှိ နတ်များသိသွားကြသော်လည်း လုချန်းကိုတော့ လိုက်လံရှာဖွေလာကြသည်။
သို့သော်လည်း လုချန်း၏ ကိုယ်ပွား ကမ္ဘာငယ်ထဲမှ ထွက်မသွားပါက အမွေအနှစ်သည် လုချန်း၏ ကိုယ်ပွားထံတွင် ရှိနေဆဲ ဖြစ်ရမည်။ သူတို့အနေနှင့် သူရရှိခဲ့သော အခွင့်အရေးကို အမိအရ လုယူရန် လုချန်း၏ ကိုယ်ပွားကို ဖမ်းဆီးရုံသာ လိုအပ်သည်။
……
ကမ္ဘာငယ်အတွင်းရှိ နတ်လှေတစ်စင်းပေါ်တွင်။
ချူးကျန့်ယွီသည် နတ်လှေ၏ ကုန်းပတ်ပေါ်တွင် မတ်မတ်ရပ်ရင်း နဝမကောင်းကင်တက္ကသိုလ် တပည့်တစ်ဦး၏ တင်ပြချက်ကို စဉ်းစားတွေးတောသော ပုံစံဖြင့် စိတ်ဝင်တစား နားထောင်နေခဲ့သည်။
သူ့ရှေ့မှ နဝမကောင်းကင်တက္ကသိုလ် တပည့်က တင်ပြချက်ကို အဆုံးသတ်လိုက်ပြီးနောက် ဘေးနားရှိ နတ်ဘုရင် ချင်းမင်က
“အကြီးအကဲ ချူး... အကယ်၍ ဒီ ကောလာဟလ မှန်ခဲ့ရင် လွန်ခဲ့သည့် ဆယ်နှစ်က ကောင်းကင်လှေကားကို ပထမဆုံး တက်ခဲ့တဲ့ လူနှစ်ယောက်ထဲက တစ်ယောက်က လုချန်း ဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။”
ယခုအခါမှသာ နတ်ဘုရင် ချင်းမင်တစ်ယောက် ကန့်လန့်ကာနောက်ကွယ်မှ အမှန်တရားကို ရိပ်စားမိကာ သဘောပေါက်သွားသော်လည်း သူ၏စိတ်ထဲတွင်မူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။ ထိုလူနှစ်ယောက်ထဲမှ တစ်ဦးမှာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အခြားတစ်ဦးမှာမူ သာမန်လူနတ်တစ်ပါးသာ ဖြစ်သည်။
ချူးကျန့်ယွီက ထိုလူနတ်သည် သူတို့၏ ကောင်းကင်မိန်းကလေးနှင့် ပတ်သက်မှု ရှိသည်ဟု ဆိုခဲ့သော်လည်း လုချန်းက သူတို့၏ ကောင်းကင်မိန်းကလေးနှင့် မည်သည့်အချိန်အခါက ဆက်နွှယ်မှု ရှိခဲ့သည်ကို နတ်ဘုရင် ချင်းမင် ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း အဖြေမထွက်လာပေ။
ဒါမှမဟုတ် ထိုအမျိုးသမီးက လုချန်း ရုပ်ဖျက်ထားတာ မဟုတ်နိုင်ဘူးလား။
ချူးကျန့်ယွီက
“အဲဒီနေ့က ကောင်းကင်လှေကားပေါ် တက်ခဲ့တဲ့ လူနတ်က လုချန်းပဲ”
ဟု ကွေ့ဝိုက်မနေပဲ ပြောပြလိုက်သည်။
ဒါက...
ချူးကျန့်ယွီ၏ စကားကို ကြားရလျှင် နတ်ဘုရင် ချင်းမင် ဆွံ့အသွားခဲ့ရတော့သည်။
ထိုလူနတ်က လုချန်းလား။
လုချန်းက သူတို့၏ ကောင်းကင်မိန်းကလေးနှင့် မည်သည့်အချိန်ကာလက ဆက်စပ်မှု ရှိသွားခဲ့သနည်း။
သူ၏ ရှုပ်ထွေးနေသော အတွေးများကို စုစည်းပြီးနောက် နတ်ဘုရင် ချင်းမင်က
“အကြီးအကဲ ချူး... လုချန်းနဲ့ ကောင်းကင်မိန်းကလေး ကြားက ဆက်ဆံရေးက ဘာလဲ ခင်ဗျာ”
ဟု စမ်းသပ်သည့် အနေနှင့် မေးလိုက်သည်။
ချူးကျန့်ယွီက နတ်ဘုရင် ချင်းမင်ကို စူးစိုက်၍ တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်သော မျက်နှာထားဖြင့်
“ဒါက ခင်ဗျား သိဖို့ လိုတဲ့အရာ မဟုတ်ဘူး”
ဟု ပြတ်သားစွာ ပြောလိုက်သည်။
နတ်ဘုရင် ချင်းမင်လည်း ဆားငန်ရေသောက်မိသကဲ့သို့ ခါးသီးစွာ ပြုံးလိုက်ပြီး
“အကြီးအကဲ ချူး ပြောတာ မှန်ပါတယ်။ ကျုပ် စကားလွန်သွားပါပြီ။”
ဟု အလျှော့ပေးလိုက်ရသည်။
အကယ်၍ ကမ္ဘာငယ်အတွင်းရှိ အမွေအနှစ်ကို လုချန်း တကယ် ရရှိသွားခဲ့ပါက နဝမကောင်းကင်တက္ကသိုလ် အနေနှင့်လည်း လုချန်း ရရှိထားသော အခွင့်အရေးကို လုယူရန် ခြေလှမ်းလှမ်းသင့်သလားဟု ချူးကျန့်ယွီ ပြန်လည် စဉ်းစားတွေးတောမိပြန်သည်။
ချူးကျန့်ယွီ အတွေးပင်လယ်ထဲ နစ်မျောနေစဉ်မှာပင် ရုတ်တရက် အဝေးဆီမှ နဝမကောင်းကင်တက္ကသိုလ် တပည့်တစ်ဦး၏ စူးရှသော အသံ ထွက်ပေါ်လာခဲ့သည်။
“ဟိုဘက်ကို ကြည့်လိုက်ကြဦး... ထွက်ပေါက်တစ်ခု ရှိနေပုံရတယ်”
ထိုအရာကို ကြားလျှင် ချူးကျန့်ယွီလည်း အိပ်မက်မှ နိုးထလာသလို ချက်ချင်း သတိပြန်ဝင်လာပြီး အဝေးရှိ အမည်းရောင် ဝဲဂယက်ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
ဤဆယ်နှစ်အတွင်း သူသည် ဤကမ္ဘာမှ ထွက်ပေါက်ကို ကောက်ရိုးပုံထဲ အပ်ပျောက် ရှာသကဲ့သို့ ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ ဤကမ္ဘာငယ်တွင် ထွက်ပေါက် အလွန် ရှားပါးလှပြီး ယနေ့မှသာ သူတို့လူစုက တစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာငယ်၏ ထွက်ပေါက်ကို ရှာတွေ့ခဲ့ပြီ ဖြစ်သဖြင့် သူသည် လုချန်း၏ ကိစ္စကို စိတ်ပူပင်သောက ရောက်နေရန် မလိုတော့ပေ။ သူသည် အပြင်သို့ ထွက်ခွာပြီး သူတို့၏ ကောင်းကင်မိန်းကလေးထံ တင်ပြကာ သူမတွင် မည်သည့် လမ်းညွှန်ချက်များ ရှိမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ချူးကျန့်ယွီက နတ်ဘုရင် ချင်းမင်ကို
“ခင်ဗျားတို့အားလုံး ကမ္ဘာငယ်ထဲမှာ ဆက်နေခဲ့ကြဦး။ ကျုပ်က လုချန်းရဲ့ ကိစ္စကို ကောင်းကင်မိန်းကလေးဆီ သွားတင်ပြမယ်။”
“ကျုပ် ပြန်မလာခင်အထိ လုချန်းနဲ့ ဘာပဋိပက္ခမှ မဖြစ်စေနဲ့။”
နတ်ဘုရင် ချင်းမင်က
“ဟုတ်ကဲ့ပါ အကြီးအကဲ ချူး”
ဟု ရိုသေစွာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
ထို့နောက် ချူးကျန့်ယွီသည် နတ်လှေပေါ်မှ လျင်မြန်စွာ ခုန်ဆင်းကာ ကမ္ဘာငယ်၏ ထွက်ပေါက်ဆီသို့ မြှားတစ်စင်းပမာ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။
ထို့နောက် မကြာမီ ချူးကျန့်ယွီသည် ကမ္ဘာငယ်ထဲမှ ထွက်လာခဲ့ပြီး အပြင်ဘက်ရှိ ကောင်းကင်ယံတစ်ခုလုံး၌ ပြည့်နှက်နေသော နတ်လှေများကို တွေ့မြင်လိုက်ရလျှင် ချက်ချင်း ရင်ထဲက အပူလုံးကြီး ကျသွားသလို စိတ်အမောပြေသွားသလို ခံစားလိုက်ရသည်။
ကမ္ဘာငယ်တွင် နေထိုင်ရခြင်းက တကယ်ပင် အန္တရာယ်ကြီးမားလှသည်။ ဤဆယ်နှစ်ကျော် ကာလအတွင်း သူတို့သည် သတ်ဖြတ်ခြင်း နည်းဗျူဟာအချို့နှင့် ရံဖန်ရံခါ ထိပ်တိုက် တိုးမိတတ်ကြသည်။ သတ်ဖြတ်ခြင်း နည်းဗျူဟာများ၏ တွင်းနက်ထဲမှ သီသီလေး လွတ်မြောက်ပြီးနောက်တွင်လည်း နတ်ဘုရင်အဆင့် ရက်စက်ကြမ်းကြုတ်လှသော သားရဲအုပ်စုများနှင့် ကံဆိုးစွာ တိုးမိနိုင်ပြန်သည်။
အတွင်းပိုင်းရှိ နတ်စွမ်းအားမှာ အလွန် သိပ်သည်းလွန်းသဖြင့် သားရဲများကို အလွန် အစွမ်းထက်စေပြီး သူကိုယ်တိုင်ပင် အမြဲတမ်း ဒဏ်ရာရခဲ့သည်။ ဒါက သူ့ကို ကမ္ဘာငယ်အား စူးစမ်းလေ့လာရန် စိတ်များ ကုန်ခမ်းစေပြီး အစောကတည်းက ထွက်ခွာရန် စဉ်းစားခဲ့စေခြင်း ဖြစ်သည်။
သို့သော် လုံးဝ ရှာမတွေ့ခဲ့ပေ။
ချူးကျန့်ယွီ ကမ္ဘာငယ်ထဲမှ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များ သူ့ဘေးနားသို့ ချက်ချင်း ဝိုင်းအုံ ရောက်ရှိလာကြသည်။
အကြမ်းဖျင်းအားဖြင့် ချူးကျန့်ယွီသည် နတ်ဘုရင်တစ်ပါးသာ ဖြစ်ပြီး ကျင့်စဉ်နှင့် စွမ်းအားက ထိုနတ်သခင်အဆင့် အကြီးအကဲများလောက် မမြင့်မားပေ။ သို့သော်လည်း ချူးကျန့်ယွီ၏ နဝမကောင်းကင်တက္ကသိုလ်အတွင်း ဖြတ်သန်းလာသည့် အချိန်ကာလအရ အတော်အတန် ဂုဏ်သိက္ခာရှိသော အဆင့်အတန်း ရှိ၏။
ထို့ပြင် သူသည် ကောင်းကင်မိန်းကလေးကို ခြေရာခံ ရှာဖွေရန် ကစဉ့်ကလျား ပင်လယ်ထဲသို့ တစ်ကြိမ် စွန့်စား ဝင်ရောက်ခဲ့ဖူးသဖြင့် သူသည် နတ်ဘုရင်တစ်ပါးသာ ဖြစ်သော်လည်း နဝမကောင်းကင်တက္ကသိုလ်တွင် အရေးပါသော ရာထူးနေရာကို ရရှိထားသည်။
ချူးကျန့်ယွီ ကမ္ဘာငယ်ထဲတွင် အမြဲရှိနေခြင်းက လက်ရှိ နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များကို စိုးရိမ်ပူပန်စေခဲ့ပြီး အတွင်းထဲတွင် သူ ဘေးအန္တရာယ် တစ်ခုခု ဖြစ်သွားမည်ကို သောကရောက်နေကြရခြင်း ဖြစ်သည်။
နတ်သခင် ချင်းလျန်က ခပ်ဖွဖွပြုံးလျက် ရှေ့သို့ လှမ်းလာပြီး
“အကြီးအကဲ ချူး... ခင်ဗျား ထွက်လာနိုင်တာ တကယ့်ကို ကံကောင်းတာပဲ။ အကယ်၍ ခင်ဗျား ထွက်မလာခဲ့ရင် ကောင်းကင်မိန်းကလေးကို ကျုပ် ဘယ်လို မျက်နှာပြ ရှင်းပြရမှန်း သိမှာ မဟုတ်ဘူး။”
ချူးကျန့်ယွီက
“နတ်သခင် ချင်းလျန်က နောက်နေတာပဲ။ ဒီကမ္ဘာငယ်ကို စူးစမ်းဖို့က ကျုပ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်လို့ ဘယ်လို အကျိုးဆက်ကိုမဆို ကျုပ်ကိုယ်တိုင် ခံယူရမှာပါ။ နတ်သခင် ချင်းလျန်အနေနှင့် ကောင်းကင်မိန်းကလေးဆီ ဘာလို့ အစီရင်ခံဖို့ လိုအပ်မှာလဲ။”
“တကယ်တော့ ကျုပ်က ခင်ဗျားတို့ အားလုံးကို ကျေးဇူးတင်ရမှာပါ။ အကယ်၍ ခင်ဗျားတို့က ကမ္ဘာငယ်ထဲကို နတ်တွေ မလွှတ်ခဲ့ရင် ကျုပ် အဲဒီ သားရဲတွေရဲ့ ဝါးမြိုသတ်ဖြတ်တာ ခံရတာ ကြာလှပြီ။”
နတ်သခင် ချင်းလျန်က
“အကြီးအကဲ ချူး အတွင်းထဲမှာ ကံကောင်းခြင်း အခွင့်အရေးတွေ ကြုံခဲ့ရလား”
ဟု သိချင်စိတ်ဖြင့် မေးလိုက်သည်။
ချူးကျန့်ယွီက
“လောလောဆယ်တော့ မရှိသေးပါဘူး”
ဟု တုံ့ပြန်သည်။
နတ်သခင် ချင်းလျန်က ဆက်လက်၍
“လုချန်းက အမွေအနှစ်ကို ရရှိသွားပုံရတယ်လို့ ဒီကမ္ဘာငယ်ထဲက ထွက်လာတဲ့ တချို့လူတွေဆီကနေ ကျုပ်တို့ မကြာသေးခင်က ကြားသိခဲ့ရတယ်။ အကြီးအကဲ ချူး ဒါနဲ့ ပတ်သက်ပြီး တစ်ခုခု သိပါသလား။”
ချူးကျန့်ယွီက
“ကျုပ်လည်း အတွင်းထဲမှာ အဲ့လို ကောလာဟလတွေကို ကြားခဲ့ရတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကောင်းကင်မိန်းကလေးဆီ တင်ပြဖို့ လိုသေးတယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ချင်းလျန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ကောင်းကင်မိန်းကလေးဆီ တင်ပြမယ် ဟုတ်လား။
ကောင်းကင်မိန်းကလေးဆီ ဘာအတွက်ကြောင့် တင်ပြမှာလဲ။
ချူးကျန့်ယွီက အကျယ်တဝင့် မရှင်းပြ တော့ပဲ
“ကျုပ်မှာ လုပ်စရာ အခြားကိစ္စတွေ ရှိသေးလို့ ခွင့်ပြုပါဦး။”
ထိုသို့ လိုရင်းတိုရှင်း ပြောပြီးနောက် ချူးကျန့်ယွီ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
သူထွက်ခွာသွားသည်ကို တွေ့မြင်လျှင် နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
နတ်သခင်တစ်ပါးက
“ဘာကြောင့်မို့လို့ ဒီကိစ္စကို ကောင်းကင်မိန်းကလေးဆီ သွားရောက် တင်ပြဖို့ လိုအပ်ရတာလဲ။”
ဤမေးခွန်းနှင့် ရင်ဆိုင်ရလျှင် နတ်သခင်များသည် တိတ်ဆိတ်နေခဲ့ကြသော်လည်း အကြောင်းသိသူတစ်ဦးက
“ကောင်းကင်မိန်းကလေး ကစဉ့်ကလျား ပင်လယ်မှာ ရှိစဉ်တုန်းက လုချန်းနဲ့ ရင်းနှီးသိကျွမ်းခဲ့တယ်လို့ ပြောကြတယ်။”
ထိုအရာကို ကြားရလျှင် လုချန်းက သူတို့၏ ကောင်းကင်မိန်းကလေးနှင့် တိတ်တဆိတ် တစ်စုံတစ်ရာ ဆက်ဆံရေး ရှိနေသလားဟု နတ်သခင်များ မတွေးပဲ မနေနိုင် ဖြစ်သွားကြသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူတို့အနေနှင့် လုချန်း၏ ကိုယ်ပွားကို ကြားဖြတ်တားဆီးပြီး အမွေအနှစ်ကို မျက်နှာပြောင်တိုက် လုယူ၍ ရမည် မဟုတ်ပေ။
ထိုအတောအတွင်း ချူးကျန့်ယွီသည် နတ်လှေပေါ်ရှိ သီးသန့် အခန်းတစ်ခန်းထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ရွှမ်ချင်းယွမ်က သူ့အား ပေးအပ်ထားသော တံဆိပ်ပြားကို ထုတ်ယူကာ နတ်စွမ်းအားများ ထည့်သွင်းပြီး တံဆိပ်ပြားကို အသက်သွင်းလိုက်သည်။
နောက်အခိုက်အတန့်တွင် တံဆိပ်ပြားထံမှ ရေခဲပမာ အေးစက်သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဘာကိစ္စလဲ”
ချူးကျန့်ယွီက
“ကျုပ် အဲဒီ ကမ္ဘာငယ်ထဲမှာ လုချန်းရဲ့ ကိုယ်ပွားတစ်ခုနဲ့ ထိပ်တိုက်ဆုံခဲ့တယ်။ ပြီးတော့ လုချန်းက အမွေအနှစ်တစ်ခု ရရှိသွားတယ်ဆိုတဲ့ ကောလာဟလတစ်ခုလည်း ရှိနေတယ်”
ဟု တိုက်ရိုက်တင်ပြလိုက်သည်။
ထိုအရာကို ကြားလျှင် ရွှမ်ချင်းယွမ်က
“ဒီလိုကိစ္စမျိုးကို ကျွန်မဆီ ဘာလို့ လာတင်ပြတာလဲ”
ဟု ခပ်အေးအေး မေးလိုက်သည်။
ဒါက...
ချူးကျန့်ယွီက
“ကျုပ်တို့က လုချန်းဆီကနေ အမွေအနှစ်ကို လုယူဖို့ စဉ်းစားနေကြတယ်”
ဟု တုံ့ပြန်လိုက်သည်။
ရွှမ်ချင်းယွမ်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။
“ရှင်တို့ သဘောရှိ လုပ်ပါ။ သူ့ကိစ္စတွေက ကျွန်မနဲ့ ဘာမှမသက်ဆိုင်ဘူး။”
ရွှမ်ချင်းယွမ်က ထိုသို့ ရှင်းရှင်းလင်းလင်း ပြောလိုက်သဖြင့် ချူးကျန့်ယွီ စိတ်အေးသွားပြီး
“ကျုပ် နားလည်ပါပြီ”
ဟု ချက်ချင်း တုံ့ပြန်လိုက်သည်။
နောက်တစ်ခဏတွင် ရွှမ်ချင်းယွမ်သည် တံဆိပ်ပြားနှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ချူးကျန့်ယွီသည် တံဆိပ်ပြားကို စနစ်တကျ သိမ်းဆည်းလိုက်ပြီး နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များထံသို့ အသံလွှင့်လိုက်သည်။
“ကျုပ် လုချန်းရဲ့ ကိစ္စကို ကောင်းကင်မိန်းကလေးဆီ တင်ပြပြီးပါပြီ။ သူက ကျုပ် တို့ကို သဘောရှိတာ လုပ်နိုင်တယ်လို့ ပြောတယ်။”
ချူးကျန့်ယွီ၏ သတင်းစကားကို ကြားရလျှင် နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များလည်း နည်းနည်းမှ တုံးဆိုင်းမနေပဲ လုချန်း၏ ကိုယ်ပွားကို ရှာဖွေရန် ကမ္ဘာငယ်ထဲသို့ တပည့်အမြောက်အမြားကို ချက်ချင်း စေလွှတ်လိုက်ကြသည်။
တကယ်တော့ သူတို့သည် ထိုအရာကို အစကတည်းက စဉ်းစားထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ချူးကျန့်ယွီက ကောင်းကင်မိန်းကလေးထံ တင်ပြရန် လိုအပ်သည်ဟု ရုတ်တရက် ပြောလာသဖြင့် လုချန်းနှင့် ကောင်းကင်မိန်းကလေး ကြားတွင် နက်နဲသော ဆက်ဆံရေး တစ်စုံတစ်ရာ ရှိနေသည်ဟု ထင်မှတ်ကာ တပည့်များကို တားဆီးရန်ပင် လူစေလွှတ်ဖို့ စဉ်းစားခဲ့ကြခြင်း ဖြစ်သည်။
--
………….