အခန်း ၁၉၇၁
Vol. 132 Ch. 1971
အခန်း (၁၉၇၁)
ကမ္ဘာငယ်၏ လှုပ်ခတ်မှု
ဖန်ရှောင်း၏ ကမ္ဘာငယ်အတွင်း။
ချိုင့်ဝှမ်းတစ်ခုအတွင်း၌။
လုချန်းသည် နတ်သခင် ရှီယွဲ့၏ ဘေးတွင် ကျောက်ရုပ်ပမာ ငြိမ်သက်စွာ ရပ်နေပြီး ကမ္ဘာငယ်အတွင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို နတ်သခင် ရှီယွဲ့ထံ သားရဲမဟာမိတ်မှ နတ်ဘုရင်တစ်ပါးက လာရောက်အစီရင်ခံနေသည်ကို စိတ်ဝင်တစား နားစွင့်နေ၏။
ထိုအခိုက်အတန့်တွင် လုချန်း ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး နတ်သခင် ရှီယွဲ့ကို
“ကျုပ် ဒီလောက်အများကြီး ပေးဆပ်ခဲ့ရတာ... ခင်ဗျားကိုယ်ခင်းဗျား မပေးအပ်ဘူးဆိုရင်တော့ ဒါဟာ တကယ်ကို မတရားတာပဲ။”
သူသည် သားရဲမဟာမိတ်အတွက် ခေါင်းခံပေးခဲ့ရသဖြင့် ယခုအခါ ကမ္ဘာငယ်အတွင်းရှိ အင်အားစုအားလုံးသည် အခွင့်အလမ်းများကို ရှာဖွေရန် စိတ်မဝင်စားကြတော့ပဲ အားလုံးနီးပါးက သူ့ကို ရှာဖွေရန်သာ အာရုံစိုက်နေကြ၏။
နဝမကောင်းကင်တက္ကသိုလ်ပင်လျှင် သူ၏ သဲလွန်စကို မြေလှန်ရှာဖွေရန် တပည့်အမြောက်အမြားကို ကမ္ဘာငယ်အတွင်းသို့ စေလွှတ်ထားခဲ့သည်။
နတ်သခင် ရှီယွဲ့ကို လုချန်းက ထိုသို့ ပြောဆိုလိုက်သည်ကို ကြားလျှင် အနီးနားတွင် ရပ်နေသော သားရဲမဟာမိတ် လူများ၏ နဖူးပြင်များထက်၌ ချွေးစေးများ စီးကျလာကြ၏။
သူတို့၏ မဟာမိတ်သခင်ကို ထိုသို့ ရဲရဲဝံ့ဝံ့ ပြောဆိုရဲသူမှာ လုချန်း တစ်ဦးတည်းသာ ရှိသည်။
နတ်သခင် ရှီယွဲ့က လုချန်းကို
“ဒါက ကိုယ်ပွားတစ်ခုပဲလေ။ ရှင် ဒီခန္ဓာကိုယ်ကို ဆုံးရှုံးသွားရင်တောင် ဘာမှ ထိခိုက်မှာ မဟုတ်ဘူး။ ရှင် ဘာတွေ ပေးဆပ်လိုက်ရလို့လဲ။”
လုချန်းက နတ်သခင် ရှီယွဲ့ကို
“ခင်ဗျားက အဲလိုပြောမှတော့ ကျုပ် ရရှိထားတဲ့ အမွေအနှစ်ကို သားရဲမဟာမိတ်က လုယူသွားပါတယ်လို့ လူတိုင်းကို လိုက်ပြောရတော့မှာပေါ့။”
နတ်သခင် ရှီယွဲ့က လုချန်းကို
“ရှင့်ရဲ့ နတ်ရွှေကို မလိုချင်တော့ဘူးနဲ့ တူတယ်။”
လုချန်းက
“ဒီ နတ်ရွှေ နည်းနည်းအတွက်နဲ့ ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးရဲ့ ဘုံရန်သူ အဖြစ်ခံရတာကတော့ မတန်ဘူးလို့ ထင်တာပဲ။”
နတ်သခင် ရှီယွဲ့က
“အဲဒီ အင်အားစုတွေက ရှင် ကစဉ့်ကလျား ပင်လယ်ထဲကနေ ရခဲ့တဲ့ အမွေအနှစ်ကို မျက်စိကျပြီး စောင့်ကြည့်နေကြတာ ကြာလှပြီ။ အခုဟာက သူတို့ ရှင့်ဆီကနေ လိုချင်တဲ့အရာ နောက်တစ်ခု တိုးလာရုံသက်သက်ပဲ။”
သူမနှင့် လုချန်းတို့ တစ်ယောက်တစ်ခွန်း စကားနာထိုးနေကြသည်ကို တွေ့မြင်လျှင် အနားရှိ သားရဲမဟာမိတ် နတ်များ၏ မျက်ဝန်းထဲ အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားကြ၏။
သူတို့၏ မဟာမိတ်သခင် လူတစ်ယောက်နှင့် ထိုသို့ စကားများ ရန်ဖြစ်နေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ သာမန် ပုဂ္ဂိုလ်တစ်ဦးအတွက်တော့ သူတို့၏ မဟာမိတ်သခင်နှင့် စကားအနည်းငယ် ပိုပြောခွင့်ရရန်ပင် ခဲယဉ်းလှသည်။
ထို့ပြင် လုချန်းသည် သူတို့၏ မဟာမိတ်သခင်ကို စောစောကတင် စော်ကားခဲ့သေးသည်။ ယခုအခါ ထိုနှစ်ဦး စကားများနေပုံမှာ ရန်ဖြစ်နေသည်ထက် လင်နဲ့မယားလို စနောက်ကျီစယ်နေသည့်အလား ထင်မှတ်ရသည်။
လုချန်းနှင့် နတ်သခင် ရှီယွဲ့တို့ စကားများနေကြစဉ်မှာပင် ရုတ်တရက် ကမ္ဘာငယ်၏ ကောင်းကင်ယံထက်၌ မိုးခြိမ်းသံပမာ ခေါင်းလောင်းသံတစ်ခု ထပ်မံ ပဲ့တင်ထွက်ပေါ်လာလေသည်။
ထိုခေါင်းလောင်းသံကို ကြားလျှင် နတ်သခင် ရှီယွဲ့ရော လုချန်းပါ စကားပြောခြင်းကို ရပ်တန့်လိုက်ကြ၏။
ဤကမ္ဘာငယ်အတွင်း ခေါင်းလောင်းသံ မြည်လာတိုင်း ဖြစ်စဉ်ကြီးများ ဖြစ်ပွားလေ့ရှိသည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာ ပြိုပျက်လုမတတ် မြေပြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး ချိုင့်ဝှမ်းအပြင်ဘက်တွင် ကင်းစောင့်ရန် တာဝန်ကျနေသော သားရဲမဟာမိတ် လူများသည် ချိုင့်ဝှမ်းအတွင်းသို့ အလောတကြီး ပြေးဝင်လာကာ နတ်သခင် ရှီယွဲ့ကို
“မဟာမိတ်သခင်… အခြေအနေ မကောင်းတော့ဘူး။ နတ်ဘုရင်အဆင့် သားရဲရိုင်း ထောင်နဲ့ချီပြီး ကျုပ်တို့ဆီကို ဦးတည်ပြီး ပြေးဝင်လာနေကြပါတယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့လည်း တုံ့ဆိုင်းမနေပဲ မျက်စိတစ်မှိတ်အတွင်း သူမ၏ အတွင်းကမ္ဘာထဲမှ နတ်လှေကို ချက်ချင်း ထုတ်ယူလိုက်ကာ အားလုံးကို
“သွားကြစို့”
ထိုစကားများနှင့်အတူ သားရဲမဟာမိတ်မှ လူအားလုံးသည် ပျံလွှားငှက်အလား နတ်လှေပေါ်သို့ ခုန်တက်ကြပြီး ကောင်းကင်ယံထက်သို့ မောင်းနှင်လိုက်ကြ၏။
မြင့်မားသော ကောင်းကင်ထက်သို့ ရောက်ရှိသွားလျှင် မြေပြင်ပေါ်မှ မြင်ကွင်းကို အတိုင်းသား မြင်တွေ့လိုက်ရသည်။ အဝေးတစ်နေရာတွင် ပုရွက်ဆိတ်အုံလို အဆုံးအစမရှိသော သားရဲအုပ်ကြီး ရှိနေပြီး သားရဲရိုင်းအားလုံး သွေးရူးသွေးတန်း ဖြစ်နေကြသည့်အလား ထင်မှတ်ရသည်။
ထိုသားရဲရိုင်းများ စုစည်းမိသွားကြလျှင် ပင်လယ်ဒီရေလှိုင်းကြီးပမာ သားရဲဒီရေလှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
နတ်ဆိုးမျိုးနွယ်မှ နတ်ဘုရင်တစ်ပါးက
“ဒီလောက် အတိုင်းအတာရှိတဲ့ သားရဲဒီရေလှိုင်းထဲမှာ ဘယ်သူမှ အသက်ရှင်ကျန်ရစ်ဖို့ မလွယ်ဘူး။ ကျုပ်တို့ ဒီကမ္ဘာငယ်ကနေ အမြန်ဆုံး ထွက်ခွာကြရမယ်။”
ထိုသားရဲရိုင်းများသည် မြေပြင်ပေါ်တွင်သာ ပြေးလွှားနိုင်ကြသည်မဟုတ်ပဲ ကောင်းကင်၌လည်း ပျံသန်းနိုင်ကြ၏။ အားလုံးမှာ နတ်ဘုရင်အဆင့် သားရဲများ ဖြစ်ကြသည်။
ထိုသို့သော သားရဲဒီရေလှိုင်းကြီးနှင့် ရင်ဆိုင်ရပါက မြေပြင်ပေါ်၌ ဖြစ်စေ၊ ကောင်းကင်ယံ၌ ဖြစ်စေ ပုန်းအောင်းနေခြင်းမှာ အချည်းနှီး ဖြစ်သဖြင့် ကမ္ဘာငယ်အတွင်းမှ အမြန်ဆုံး ထွက်ခွာရန်သာ ရွေးချယ်ရမည်ဖြစ်သည်။
ကမ္ဘာငယ်အတွင်းရှိ သားရဲရိုင်းအားလုံးနီးပါးသည် အသက်လုကာ အနောက်ဘက်သို့ ဦးတည်ကာ ပြေးလွှားနေကြသဖြင့် ကမ္ဘာငယ်အတွင်း လာရောက် လှည့်လည်နေကြသူများလည်း အနောက်ဘက်သို့ အတူတကွ ထွက်ပြေးကြရပြီး နတ်အမြောက်အမြားလည်း ထွက်ပြေးလွတ်မြောက်ရေး အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးလာကြ၏။
နတ်သခင် ရှီယွဲ့သည် နတ်လှေ၏ ကုန်းပတ်ထက်တွင် ရပ်လျက် အနောက်မှ အုန်းအုန်းကျွက်ကျွက် ပြေးလွှားနေသော သားရဲအုပ်ကြီးကို ကြည့်ကာ အတွေးထဲ နစ်မြောနေ၏။
သူမ၏ ဘေးရှိ လုချန်းက
“ဒီသားရဲရိုင်းတွေက အသက်လုပြီး ထွက်ပြေးနေကြတာနဲ့ တူတယ်။ အရှေ့ဘက်မှာ တစ်ခုခုကြီးကြီးမားမား ဖြစ်ပျက်နေတာများလား။”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့က
“အမွေအနှစ်တစ်ခုခု ပေါ်ထွက်လာပြီး ထူးခြားတဲ့ ဖြစ်စဉ်ကြောင့် ဒီသားရဲတွေကို ကြောက်လန့်သွားစေတာ ဖြစ်နိုင်မလား။”
ကမ္ဘာငယ်အတွင်းရှိ သားရဲရိုင်း အမြောက်အမြားသည် စွမ်းအားကြီးကြပြီး နတ်ဘုရင်အဆင့်သို့ ရောက်ရှိနေကြသော်လည်း သူတို့၏ ဉာဏ်ပညာကတော့ နိမ့်ပါးလှ၏။ ထို့ကြောင့် အနည်းငယ်မျှ လှုပ်ခတ်မှု ရှိရုံနှင့်ပင် ထိတ်လန့်တုန်လှုပ်သွားတတ်ကြသည်။
လေမရှိပဲ လှိုင်းမထ ဆိုသကဲ့သို့ နတ်သခင် ရှီယွဲ့၏ ခန့်မှန်းချက်က အကြောင်းမဲ့တော့ မဟုတ်ပေ။
လုချန်းက
“အရှေ့ဘက်မှာ အမွေအနှစ်တစ်ခု ပေါ်လာရင်တောင် သားရဲဒီရေလှိုင်းကို ကျော်ဖြတ်ပြီး အရှေ့ဘက်ကို သွားဖို့ကတော့ အတော်လေး ခက်ခဲလိမ့်မယ်။”
သားရဲရိုင်းများသည် ရူးသွပ်နေသည့်အလား အနောက်ဘက်သို့ ရုန်းရင်းဆန်ခတ် ပြေးလွှားနေကြရာ အကယ်၍ သားရဲဒီရေလှိုင်းကို ဆန့်ကျင်ပြီး အရှေ့ဘက်သို့ ဦးတည်သွားမည်ဆိုပါက ငရဲတွင်းထဲ သက်ဆင်းသလို ထိုသားရဲများ၏ ကိုက်ဖြတ်ခြင်းကို ခံရကာ အစအနပင် ကျန်ရစ်မည် မဟုတ်ပေ။
ထို့ပြင် ဤကမ္ဘာငယ်အတွင်း၌ အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို ကန့်သတ်ထားသဖြင့် ထိုနည်းလမ်းဖြင့် ထွက်ခွာရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သားရဲဒီရေလှိုင်း၏ လိုက်လံမောင်းနှင်ခြင်းကိုသာ ခံနေကြရမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံထက်၌ ခေါင်းလောင်းသံ ထပ်မံ မြည်ဟည်းလာပြီး အပြင်ဘက်သို့ ပြန့်လွင့်သွားကာ ကမ္ဘာငယ်၏ အရှေ့ဘက်ဆီမှ နေတစ်စင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ထိုနေဝန်းသည် သွေးကဲ့သို့ ရဲရဲနီနေပြီး အလွန် ပြင်းထန်လှသော အပူချိန်များကြောင့် သားရဲရိုင်း အမြောက်အမြားလည်း ထွက်မပြေးနိုင်မီမှာပင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားကြရသည်။
ထိုနေဝန်းကို မြင်တွေ့လိုက်ရလျှင် သားရဲအုပ်ကြီး အဘယ်ကြောင့် အလောတကြီး ထွက်ပြေးနေကြသည်ကို လုချန်းတို့လူစုသည် နားလည်သွားကြတော့၏။
ထိုအခိုက်အတန့်တွင် လုချန်းသည် ရုတ်တရက် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသဖြင့် မိုးကုတ်စက်ဝိုင်းရှိ နေဝန်းကို စိုက်ကြည့်ရင်း နတ်လှေ၏ ကုန်းပတ်ထက်၌ ခဏခန့် မှင်တက်သွားမိသည်။
ခဏကြာပြီးနောက် လုချန်းက နတ်သခင် ရှီယွဲ့ကို
“ကောင်းကင်က နေဝန်းက ကျုပ်တို့ ရှာနေတဲ့ အမြုတေ ဖြစ်နေနိုင်လား။”
လုချန်း၏ ခန့်မှန်းချက်ကို ကြားလျှင် နတ်သခင် ရှီယွဲ့ ခဏခန့် ဇဝေဇဝါဖြစ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် သူမလည်း ထိုသွေးနီ နေဝန်းဆီသို့ စိုက်ကြည့်လိုက်မိ၏။
ထိုနေဝန်းကို သားရဲအမြုတေ ဖြစ်လိမ့်မည်ဟု သူမ ဘယ်တော့မှ အိပ်မက်ပင် မက်လိမိ့မည် မဟုတ်ပေ။
အဓိကအကြောင်းရင်းမှာ ဤကမ္ဘာငယ်ကို အုပ်စိုးထားသော နိယာမများသည် နေ၊ လ နှင့် ကြယ်တာရာများ စုံလင်စွာဖြင့် အတော်အတန် ပြည့်စုံလွန်းနေသောကြောင့် ဖြစ်၏။
ထို့ပြင် ၎င်းထံမှ နတ်ဆိုးစွမ်းအားများ ထွက်ပေါ်မနေခြင်းကလည်း ၎င်းကို သားရဲအမြုတေ ဖြစ်နိုင်သည်ဟူသော အတွေးကို ဖယ်ရှားစေ၏။
သူမ သတိပြန်ဝင်လာလျှင် နတ်သခင် ရှီယွဲ့က လုချန်းကို
“နတ်ဆိုးစွမ်းအားလည်း မရှိဘူး... မဖြစ်နိုင်လောက်ပါဘူး”
ယခုအချိန်တွင် ထိုနေဝန်းကို သားရဲအမြုတေ ဖြစ်နိုင်သည်ဟု နတ်သခင် ရှီယွဲ့ လုံးဝ မယုံကြည်ပေ။
ကြီးမားလှသော သားရဲအမြုတေသည် အနည်းဆုံးတော့ နတ်ဆိုးစွမ်းအား အစအနတစ်ခုခု ထွက်ပေါ်နေရမည် ဖြစ်သော်လည်း သူမအနေနှင့် ဘာမှ မခံစားရပေ။
လုချန်းက နတ်သခင် ရှီယွဲ့ကို
“ခင်ဗျားကတော့ နတ်ဆိုးစွမ်းအားကို မခံစားမိပေမဲ့ ကျုပ်ကတော့ ရင်းနှီးတဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရတယ်။ အဲဒီနေဝန်းက ထွက်နေတဲ့ အငွေ့အသက်က ဝိညာဉ်အကြွင်းအကျန်ကနေ ကျန်ရစ်ခဲ့တဲ့ အငွေ့အသက်နဲ့ အတော်လေး တူနေတယ်။”
လုချန်း၏ စကားကြောင့် နတ်သခင် ရှီယွဲ့လည်း နေဝန်းကို ချက်ချင်း အသေအချာ စစ်ဆေးလိုက်၏။
ထိုနေဝန်းသည် တဖြည်းဖြည်း ပိုပူပြင်းလာပြီး ပို၍လည်း ကြီးမားလာလေသည်။
လိမ့်တက်လာသော အပူလှိုင်းများအောက်တွင်ထောင်ပေါင်းများစွာသော သားရဲရိုင်းများ ဖယောင်းတိုင်များလို အရည်ပျော်သွားကြရပြီး ထွက်မပြေးနိုင်ခဲ့ကြသော နတ်များသည်လည်း နေဝန်းမှ ထုတ်လွှတ်လိုက်သော အပူလှိုင်းများကြောင့် လောင်ကျွမ်း ပျက်စီးခြင်းသို့ ရောက်သွားကြရသည်။
ထိုနေဝန်းသည် အပူလှိုင်းများကို ထုတ်လွှတ်နေရုံသာမက နတ်များ၏ နတ်ဝိညာဉ်စွမ်းအားကိုလည်း စုပ်ယူနေသလို ဖြစ်နေသည်ကို နတ်သခင် ရှီယွဲ့ လျင်မြန်စွာ သတိပြုမိသွား၏။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက သူတို့ တက်ရောက်ခဲ့သည့် ကောင်းကင်လှေကားကဲ့သို့ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနေခြင်းမျိုးဖြစ်၏။ ထို့ကြောင့် ထိုနေဝန်းထက်၌ ဝိညာဉ်အကြွင်းအကျန်တစ်ခု ကျန်ရစ်နေနိုင်မလားဟု သူမ တွေးတောမိသွားသည်။
ကောင်းကင်ယံမှ နေဝန်းသည် ကမ္ဘာငယ်အတွင်းရှိ သက်ရှိသတ္တဝါအားလုံး၏ အသက်ကို နှုတ်ယူနေသည်ကို တွေ့မြင်လျှင် အင်အားစုအသီးသီးမှ နတ်များလည်း ဤကမ္ဘာငယ်သည် ထောင်ချောက်ကြီးတစ်ခုသာ ဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာကြတော့၏။
လုချန်းက ဇဝေဇဝါဖြစ်စွာဖြင့်
“သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်က ပျက်စီးသွားခဲ့ပြီပဲ။ အခု ဒီနေဝန်းရဲ့ စွမ်းအားကို ဘာက လှုံ့ဆော်လိုက်တာလဲ။ သူက ဝိညာဉ်အကြွင်းအကျန်တစ်ခုထက်မက ချန်ထားခဲ့တာများလား။”
ဝိညာဉ်အကြွင်းအကျန်ကို သန့်စင်ပြီးနောက် ရရှိခဲ့သော သူ၏ မှတ်ဉာဏ်များအရ ဖန်ရှောင်းသည် သတင်းစကားပါးရန်အတွက် ဝိညာဉ်နယ်ပယ်မှ လူတစ်ဦးကို ရှာဖွေဖို့ အဓိကရည်ရွယ်ပြီး ဤကမ္ဘာငယ်ကို ဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအခါတွင်တော့ ထိုနေဝန်း၏ စွမ်းအားသည် ကမ္ဘာငယ်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေပုံရသည်။
အကယ်၍ ဖန်ရှောင်းချန်ထားခဲ့သော အမွေအနှစ်သည် ဝိညာဉ်နယ်ပယ်မှ လူတစ်ဦးကို မရှာဖွေနိုင်ပဲ နေဝန်း၏ စွမ်းအားကို အချိန်မတိုင်မီ လှုံ့ဆော်ကာ ကမ္ဘာငယ်ကို ဖျက်ဆီးပစ်မည်ဆိုပါက ရေစုန်မျောသလို သူ၏ အမွေအနှစ်များ အချည်းနှီး ဖြစ်သွားရမည် မဟုတ်ပါလား။
ကမ္ဘာငယ် တစ်ခုလုံး ပျက်စီးသွားပြီးနောက်တွင်တော့ သတင်း စကားပါးရန်အတွက် ဝိညာဉ်နယ်ပယ်မှ လူတစ်ဦးကို မည်ကဲ့သို့ ရှာဖွေနိုင်တော့မည်နည်း။
--
…………