အခန်း ၁၉၇၂
Vol. 132 Ch. 1972
အခန်း( ၁၉၇၂ )
နတ်ဆိုးဧကရာဇ်၏ ဝင်ရောက်စွက်ဖက်မှု
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ နေဝန်းသည် တဖြည်းဖြည်း ပိုကြီးလာပြီး ကမ္ဘာငယ်တစ်ခုလုံး၏ အပူချိန်သည်လည်း ပို၍ပို၍ မြင့်တက်လာကာ အပူလှိုင်းများသည် လုချန်းနှင့် သူ၏ လူစုဆီသို့ အဆက်မပြတ် တိုးဝှေ့လာနေ၏။
လုချန်းနှင့် သူ၏ အပေါင်းအဖော်များသည် အသက်လုကာ အနောက်ဘက်သို့ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးနေကြသော်လည်း အပူလှိုင်းများ၏ အရှိန်အဟုန်အရ မကြာမီအချိန်အတွင်း သူတို့ သက်ရောက်မှု ခံရတော့မည် ဖြစ်သည်။
ကမ္ဘာငယ်၏ ထွက်ပေါက်ကို ရှာဖွေတွေ့ရှိမှသာလျှင် သူတို့အတွက် အသက်ရှင်လမ်း မြင်ရပေလိမ့်မည်။
ဤနေဝန်းမှ ထွက်ပေါ်လာသော စွမ်းအားမှာ ကြက်သီးမွေးညင်းထစရာ ကောင်းလှပေရာ နတ်ဘုရင်တစ်ပါး မဆိုထားနှင့် နတ်သခင်တစ်ပါးပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် နတ်တစ်ပါးက ရုတ်တရက် အလန့်တကြား ပြောလိုက်သည်။
“မြန်မြန် ကြည့်ကြစမ်း... နေဝန်းရဲ့ အလယ်မှာ တစ်ခုခု ရှိနေသလိုပဲ။”
ထိုအရာကို ကြားလျှင် လုချန်းနှင့် နတ်သခင် ရှီယွဲ့တို့ နေဝန်းဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြရာ နေဝန်း၏ အလယ်ဗဟို၌ ခပ်ရေးရေး ပေါ်လာသော နက်မှောင်သည့် ခေါင်းလောင်းတစ်လုံးကို တကယ် မြင်တွေ့လိုက်ရသည်။
ထိုအခါမှ လုချန်း ကွင်းကွင်းကွက်ကွက် သဘောပေါက်သွားခဲ့တော့သည်။ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနေသည့်အရာက နေဝန်းမဟုတ်ပဲ ထိုနက်မှောင်သော ခေါင်းလောင်းက ကမ္ဘာငယ်အတွင်းရှိ နတ်များ၏ နတ်ဝိညာဉ်စွမ်းအားကို ရိတ်သိမ်းနေခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ ရှေ့မှောက်၌ စနစ်မျက်နှာပြင် ပေါ်ထွက်လာသည်။
[ဝိညာဉ်ဝါးမြို ခေါင်းလောင်း : အသုံးပြုသူ၏ နတ်ဝိညာဉ်ကို အားကောင်းစေရန် နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သည်]
ဤမိတ်ဆက်ချက်ကို တွေ့မြင်လျှင် လုချန်း အံ့အားသင့်သွား၏။
တစ်ဦးတစ်ယောက်ရဲ့ နတ်ဝိညာဉ်ကို အားကောင်းစေဖို့ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူတာလား။
ထိုသို့ဆိုလျှင် ဝိညာဉ်ဝါးမြို ခေါင်းလောင်းရဲ့ နောက်ကွယ်မှာ ဖန်ရှောင်းရဲ့ နောက်ထပ် ဝိညာဉ်အကြွင်းအကျန်တစ်ခု တကယ် ရှိနေတာများလား။
ဤဝိညာဉ်အကြွင်းအကျန်ကလည်း လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက သူတို့ ကြုံတွေ့ခဲ့ရသည့် ဝိညာဉ်အကြွင်းအကျန်ကဲ့သို့ပင် သားရဲအတွင်းစွမ်းအားစု၏ စွမ်းအားကို လှုံ့ဆော်ပြီး ပြန်လည်မွေးဖွားရန် ရည်ရွယ်ကာ ဤကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်လာသော နတ်များအားလုံးကို သုတ်သင်ရှင်းလင်းရန်၊ ထို့နောက် သူတို့၏ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူကာ သူ၏ ဝိညာဉ်ကို ပြုစုပျိုးထောင်ရင်း ဒုတိယအကြိမ်မြောက် ဘဝသစ်တစ်ခုအဖြစ် ရှင်သန်ရန် ကြံစည်နေခြင်း ဖြစ်နိုင်မလား။
ဤဖြစ်နိုင်ခြေကို တွေးမိလိုက်သောအခါ လုချန်းက နတ်သခင် ရှီယွဲ့ကို ချက်ချင်းပင်
“အခုကြည့်ရတာ အဲဒီနေဝန်းကို ထိန်းချုပ်နေတဲ့သူက ဝိညာဉ်အကြွင်းအကျန်တွေထဲကတစ်ခု တကယ် ဖြစ်နေနိုင်တယ်။”
“အဲ့ဒီနက်မှောင်တဲ့ ခေါင်းလောင်းက တခြားနတ်တွေရဲ့ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ပြီး အသုံးပြုသူရဲ့ နတ်ဝိညာဉ်ကို အားကောင်းစေနိုင်တယ်။”
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ရှီယွဲ့က စပ်စုလိုစိတ်ဖြင့်
“အဲဒီနက်မှောင်တဲ့ ခေါင်းလောင်းရဲ့ လုပ်ဆောင်ချက်ကို ရှင်က ဘယ်လိုလုပ် သိတာလဲ။”
သူတို့အားလုံးသည် ဤကမ္ဘာထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုနက်မှောင်သော ခေါင်းလောင်းကိုလည်း ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သော်လည်း လုချန်းကတော့ တစ်ချက်ကြည့်ရုံဖြင့် ယင်း၏ လုပ်ဆောင်ချက်ကို သိနေသောကြောင့် နတ်သခင် ရှီယွဲ့ကို သဘာဝကျကျပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။
လုချန်းက စကားလမ်းကြောင်း လွှဲကာ
“အခုက ဒါတွေကို ပြောနေရမယ့်အချိန် မဟုတ်ဘူး။ ခင်ဗျားရဲ့ သားရဲမဟာမိတ်က လူတွေကို ဘယ်လို လွတ်မြောက်အောင် ကူညီပေးရမလဲဆိုတာကိုပဲ စဉ်းစားဖို့ လိုတယ်။”
သူနှင့် သူမ နှစ်ဦးစလုံးမှာ ကိုယ်ပွားများသာ ဖြစ်သောကြောင့် အပူလှိုင်းများ တိုးဝှေ့လာလျှင် သူတို့၏ စိတ်အာရုံကို ချက်ချင်း ပြန်ရုပ်သိမ်းနိုင်ကြ၏။ ကိုယ်ပွား သေဆုံးသွားခဲ့လျှင်ပင် သူတို့အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။
သို့သော် သားရဲမဟာမိတ်မှ တခြားသူများအတွက်တော့ မတူညီပေ။ သူတို့အားလုံးသည် ဤကမ္ဘာငယ်အတွင်းသို့ သူတို့၏ ပင်မကိုယ်ထည်များဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်။
အပူလှိုင်း၏ ရိုက်ခတ်မှုကို ခံရပါက သူတို့ ချက်ချင်းပင် ပြာပုံဘဝ ရောက်သွားကြမည်ဖြစ်ပြီး သူတို့၏ ကျန်ရှိသော နတ်ဝိညာဉ်စွမ်းအားများသည်လည်း ထိုနက်မှောင်သော ခေါင်းလောင်း၏ စုပ်ယူခြင်းကို ခံရပေလိမ့်မည်။
လုချန်း၏ စကားကို ကြားသောအခါ နတ်သခင် ရှီယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး သူမနောက်သို့ လိုက်ပါလာကြသော သားရဲမဟာမိတ် အဖွဲ့ဝင်များကို လှမ်းကြည့်လိုက်သည်။
နတ်သခင်များ ဤလောကသို့ မဝင်ရောက်နိုင်ခြင်းကြောင့် ဝင်ရောက်လာကြသော သားရဲမဟာမိတ်အဖွဲ့ဝင်များထဲတွင် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးမှာ နတ်ဘုရင်အဆင့် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သားရဲမဟာမိတ်အတွင်းရှိ နတ်ဘုရင် အရေအတွက်က နည်းပါးလှသည်တော့မဟုတ်ပေ။ ဤကမ္ဘာငယ်အတွင်းရှိ နတ်ဘုရင်များ သေဆုံးသွားခဲ့လျှင်ပင် သားရဲမဟာမိတ်တစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။
ထို့ပြင် ထျန်းရန် နတ်ဘုရား နယ်မြေ၏ အင်အားစုအသီးသီးမှ နတ်ဘုရင်များစွာ ဤနေရာတွင် ရှိနေသဖြင့် သေဆုံးကြရမည့်သူများမှာ သားရဲမဟာမိတ်မှ နတ်ဘုရင်များသာ မဟုတ်ပေ။
ထို့ကြောင့် ဤနတ်ဘုရင်များ သေဆုံးသွားပြီးနောက်တွင်လည်း အင်အားစုအသီးသီး၏ အင်အားသည် ဟန်ချက်ညီသော အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဦးမည် ဖြစ်သည်။
သို့သော် သားရဲမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်တစ်ဦးအနေနှင့် နတ်သခင် ရှီယွဲ့ ထိုအရာကို လက်ပိုက်ကြည့်မနေနိုင်ပေ။
သို့သော်လည်း ထိုနေဝန်းပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအားက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှ၏။ နတ်ဘုရင်အဆင့် သားရဲများပင် ယင်းမှ ထုတ်လွှတ်လိုက်သော အပူလှိုင်းနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြရသည်။
လက်ရှိတွင် ဤကမ္ဘာငယ်အတွင်း သူမ၏ နတ်ဘုရင်အဆင့် ကိုယ်ပွားတစ်ခုသာ ရှိသဖြင့် ဤသားရဲမဟာမိတ်မှ လူများကို ကယ်တင်ရန်မှာ ကောင်းကင်ကကြယ်ကို လှမ်းဆွဲသကဲ့သို့ ခက်ခဲလှပေလိမ့်မည်။
သူတို့ ကံကောင်းပြီး ထွက်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိမှသာလျှင် လွတ်လမ်းရှိမည် ဖြစ်သည်။
နတ်သခင် ရှီယွဲ့ အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ ဤလူများကို ကယ်တင်နိုင်မည့် နည်းလမ်းကို သူမ စဉ်းစား၍ မရနိုင်သေးပေ။ သူမ၏ စိတ်ထဲတွင်လည်း ကမ္ဘာငယ်အတွင်းသို့ လိုက်ပါလာသူများကို စွန့်လွှတ်ရန်ပင် စတင်တွေးတောနေမိပြီ ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ကမ္ဘာငယ်အတွင်း၌ ခပ်အေးအေး အသံတစ်သံ ပဲ့တင်ထပ်သွားသည်။
“ရှင်က တော်တော်လေး နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာပဲ။ ရှင် တကယ်ပဲ ကျဆုံးသွားပြီလို့တောင် ထင်ခဲ့တာ။”
ထိုအသံကို ကြားလျှင် လုချန်း ကြက်သေ သေကာ အံ့အားသင့်သွား၏။
ဒါ ရွှမ်ချင်းယွမ်ရဲ့ အသံလား။
ရွှမ်ချင်းယွမ်လည်း ဤကမ္ဘာငယ်ထဲမှာ ရှိနေတာလား။
မဟုတ်သေးပေ။
ရွှမ်ချင်းယွမ်သည် ယခု နတ်ဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်ရာ သူမ၏ စိတ်အာရုံကို ထျန်းရန် နတ်ဘုရား နယ်မြေ၏ မည်သည့်နေရာသို့မဆို ချက်ချင်း ပို့လွှတ်နိုင်သောကြောင့် သူမကိုယ်တိုင် ဤနေရာ၌ ရှိနေစရာ လိုမည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် နဝမကောင်းကင်တက္ကသိုလ်မှ လူများလည်း ကောင်းကင်မိန်းကလေး၏ အသံကို ကြားရသဖြင့် အလွန် ဝမ်းသာအားရ ဖြစ်သွားကြပြီး ကောင်းကင်မိန်းကလေး ဤနေရာတွင် ရှိနေသဖြင့် သူတို့ ကယ်တင်ခြင်း ခံရတော့မည်ဟု တွေးလိုက်ကြသည်။
ဝိညာဉ်ဝါးမြို ခေါင်းလောင်း၏ နောက်ကွယ်မှ ဝိညာဉ်အကြွင်းအကျန်လည်း ရွှမ်ချင်းယွမ်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပုံရသည်။ ထို့ကြောင့် နေဝန်းသည် ရုတ်တရက် အရွယ်အစား နှစ်ဆခန့် ကြီးမားလာပြီး ပို ပူပြင်းလာကာ ကမ္ဘာငယ်တစ်ခုလုံးသည်လည်း အချိန်မရွေး ပြိုလဲပျက်စီးတော့မည့်အလား တုန်ခါလာတော့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံထက်၌ အေးစက်သော နှာခေါင်းရှုံ့သံတစ်သံ ပဲ့တင်ထပ်သွားပြီးနောက် နက်မှောင်သော ကောင်းကင်နတ်ဆိုးစွမ်းအားများသည် ဤကမ္ဘာငယ်အတွင်းသို့ အစုအပြုံလိုက် စီးဝင်လာကာ တစ်ခဏချင်းအတွင်း ကမ္ဘာငယ်၏ တစ်ဝက်ကျော်ကို မှောင်မိုက်ခြင်းသို့ နစ်မြုပ်သွားစေခဲ့သည်။
ထိုအခါ နေဝန်းသည် ရူးသွပ်စွာ စတင်လှုပ်ရှားလာပြီး ကျုံ့လိုက်ပွလိုက် ဖြစ်ပေါ်လာသည့် အကြိမ်တိုင်း၌ အပူလှိုင်းလုံးများကို ပေါက်ကွဲထွက်ပေါ်စေသည်။
အပူလှိုင်းများသည် ကောင်းကင်နတ်ဆိုးစွမ်းအားဆီသို့ ရူးသွပ်စွာ တိုးဝှေ့သွားပြီး ထိုစွမ်းအားနှစ်ရပ် ထိပ်တိုက်တွေ့ဆုံချိန်တွင် ကမ္ဘာငယ်သည် မှောင်မိုက်ခြင်းနှင့် လင်းထိန်ခြင်းဟူသော နယ်ပယ်နှစ်ခုအဖြစ် ဒွန်တွဲ ပြောင်းလဲသွားသည်။
ကောင်းကင်နတ်ဆိုးစွမ်းအား၏ လွှမ်းခြုံခြင်းကို ခံထားရသော ထျန်းရန် နတ်ဘုရား နယ်မြေမှ နတ်များသည် အလွန် နေရထိုင်ရ ခက်ခဲလှသော ခံစားချက်များ ရရှိသွားလည်း ရွှမ်ချင်းယွမ်၏ ဝင်ရောက်စွက်ဖက်မှုက နောက်ဆုံးတွင် သူတို့ကို အသက်ဘေးမှ ကယ်တင်ပေးခဲ့သည်။ သူမသာ ဝင်ရောက်မစွက်ဖက်ခဲ့ပါက ကမ္ဘာငယ်အတွင်းရှိ နတ်အများစု ပြာပုံဘဝသို့ ပြောင်းလဲသွားနိုင်ခြေရှိသည်။
သွေးကဲ့သို့ နီရဲနေသော နေဝန်းကို ကြည့်ရင်း လုချန်းက နတ်သခင် ရှီယွဲ့ကို သတိပေးလိုက်သည်။
“ခင်ဗျားရဲ့ အခွင့်အရေးကို အဲဒီမိန်းမက လုယူသွားလိမ့်မယ် ထင်တယ်။”
လုချန်း၏ သတိပေးချက်ကို ကြားမှ နတ်သခင် ရှီယွဲ့ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သူမ၏ မျက်မှောင်ကို တင်းတင်းကြုတ်ကာ ကောင်းကင်နတ်ဆိုးစွမ်းအားနှင့် နေဝန်းတို့ တိုက်ပွဲဖြစ်ပွားနေသည့် နေရာဆီသို့ မျက်တောင်မခတ် စိုက်ကြည့်လိုက်သည်။
စွမ်းအားနှစ်ရပ်သည် အဆက်မပြတ် ထိပ်တိုက်တွေ့နေပြီး ဖြစ်ပေါ်လာသော တုန်ခါလှိုင်းများသည် ကမ္ဘာငယ်တစ်ခုလုံးကို ရိုက်ခတ်သွားကာ မြေပြင်ပေါ်တွင်လည်း ချောက်နက်ကြီးများ ပေါ်ထွက်လာပြီး သားရဲများလည်း ယင်းတို့ထဲသို့ ပြုတ်ကျကုန်ကြသည်။
နတ်သခင် ရှီယွဲ့ အနည်းငယ် စိတ်ပျက်သလို ခံစားလိုက်ရသည်။ အကယ်၍ နတ်ဆိုးဧကရာဇ်သာ ထိုသားရဲအမြုတေကို လုယူလိုပါက သူမ နတ်ဆိုးဦကရာဇ်ကို ယှဉ်လုနိုင်မည် မဟုတ်ပေ။
တစ်ဖက်လူမှာ နတ်ဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်ပြီး သူမကတော့ နတ်သခင်ဆင့်သာ ရှိသေး၏။ နတ်ဧကရာဇ်တစ်ပါး၏ ရှေ့မှောက်တွင် နတ်သခင်တစ်ပါးသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။
ရွှမ်ချင်းယွမ်က သူမ၏ အခွင့်အရေးကို လုယူသွားတော့မှာလား။
နတ်သခင် ရှီယွဲ့ စိတ်အာရုံ လွင့်ပျံနေတုန်းမှာပင် ရွှမ်ချင်းယွမ်၏ ကောင်းကင်နတ်ဆိုးစွမ်းအားသည် ဧရာမ လက်ကြီးအဖြစ် ပြောင်းလဲသွပြီး နေဝန်းဆီကို တိုက်ရိုက် ရိုက်ချလိုက်တော့သည်။
ဝုန်း......
ရွှမ်ချင်းယွမ်၏ ဝင်ရောက်စွက်ဖက်မှုနှင့်အတူ ကမ္ဘာငယ်သည် ၎င်း၏ စွမ်းအားကို ဆက်လက်မတောင့်ခံနိုင်တော့ပဲ ကောင်းကင်နှင့် မြေကြီးအကြား၌ ထောင်ပေါင်းများစွာသော အာကာသ အက်ကွဲကြောင်းများ ပေါ်ထွက်လာကာ ကမ္ဘာငယ်၏ နိယာမများသည်လည်း တဖြည်းဖြည်း ပြိုလဲပျက်စီးသွားတော့သည်။
ကမ္ဘာငယ် နိယာမများ၏ ချုပ်ထိန်းမှု မရှိတော့သဖြင့် နတ်ဘုရင်များ၏ စွမ်းအားများလည်း တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာပြီး သူတို့၏ နတ်အာရုံများသည် ကမ္ဘာငယ်တစ်ခုလုံးကို စုံစမ်းစစ်ဆေးနိုင်ခဲ့ကြသည်။
နတ်ဘုရင်များက သူတို့၏ နတ်အာရုံများကို ထုတ်လွှတ်လိုက်ကြရာ ခဏချင်းအတွင်းမှာပင် အင်အားစုအသီးသီးမှ နတ်ဘုရင်များသည် ဤကမ္ဘာငယ်မှ ထွက်ပေါက်ကို ရှာဖွေတွေ့ရှိသွားကြသည်။
နည်းနည်းမှ တုံးဆိုင်းမှုမရှိပဲ ထိုကမ္ဘာငယ်၏ ထွက်ပေါက်များဆီသို့ တိုးဝှေ့သွားကြတော့သည်။ နတ်သခင် ရှီယွဲ့လည်း နေဝန်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် သားရဲမဟာမိတ် အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ အနီးဆုံး ထွက်ပေါက်ဆီသို့ ဦးဆောင်ထွက်ခွာသွားခဲ့သည်။
နတ်ဧကရာဇ် ရွှမ်ချင်းယွမ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ဤကမ္ဘာငယ်သည် မကြာမီ ပြိုလဲတော့မည် ဖြစ်ပြီး သူမ အလွန်လိုချင်တပ်မက်ခဲ့သော အခွင့်အရေးကတော့ ရွှမ်ချင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားရန် အလားအလာ အများဆုံး ဖြစ်သည်။
နတ်သခင် ရှီယွဲ့သည် သူမ၏ စိတ်ထဲတွင် ထိုသားရဲအမြုတေကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
--