အခန်း ၁၉၇၃
Vol. 132 Ch. 1973
အခန်း (၁၉၇၃)
မတွေ့ရတာ ကြာပြီ
ထိုအခိုက်အတန့်တွင်။
ကမ္ဘာငယ်လေး၏ အပြင်ဘက်၌။
ကမ္ဘာငယ်လေးအတွင်းမှ တိုးဝှေ့ထွက်ပေါ်လာကြသော နတ်များကို တွေ့မြင်ရလျှင် အပြင်မှ စောင့်နေသူများ ချက်ချင်းပင် နားမလည်နိုင် ဖြစ်သွားကြ၏။
ယခင်ကဆိုလျှင် တစ်ဦးတစ်ယောက် ထွက်လာသည်ကို မမြင်ရတာ လနှင့်ချီ၍ ကြာမြင့်နိုင်သော်လည်း ယခုတော့ ရုတ်တရက် သောင်းနှင့်ချီ၍ တိုးထွက်လာကြခြင်းဖြစ်၏။
ကမ္ဘာပျက်ကပ် ဆိုက်သွားလေသလား...
ဘာတွေများ ဖြစ်ပျက်နေသနည်း...
မကြာမီ ထိုအင်အားစုများသည် ကမ္ဘာငယ်လေးအတွင်း၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည့် သူတို့ဂိုဏ်းသားများထံမှ အကုန်အစင် ကြားသိလိုက်ရ၏။
ထိုအခါမှသာ ဤကမ္ဘာငယ်လေးသည် မဟာစွမ်းအားရှင်တစ်ဦး သားကောင်ဖမ်းရန် ရက်လုပ်ထားသော ပိုက်ကွန်ကြီးကဲ့သို့ ကြီးမားလှသော အကြံအစည်တစ်ခု ဖြစ်ပြီး အတွင်း၌ မည်သည့်အမွေအနှစ်မှ ရှိနေနိုင်ခြေ မရှိကြောင်း လူတို့ ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားကြတော့၏။
ထိုမဟာစွမ်းအားရှင်သည် ၎င်းတို့၏ နတ်ဝိညာဉ်စွမ်းအားကို ဝါးမြိုရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ကို ငါးစာကျွေး၍ ဖမ်းသည့်နှယ် ဤနေရာသို့ ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။
ကောင်းထောက်မစွာဖြင့် နတ်ဆိုးဧကရာဇ်က အချိန်မီ သတိပြုမိသွားခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက ထျန်းရန် နတ်ဘုရားနယ်မြေမှ နတ်ဘုရင် မည်မျှအထိ အသက်ပျောက်ကာ သေတွင်းထဲ သက်ဆင်းသွားမည်ကို မည်သူမှ မသိနိုင်ပေ။
၎င်းတို့ သေဆုံးသွားပါက နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုများနှင့်အတူ အနာဂါတ်တွင် ထွက်ပေါ်လာနိုင်မည့် နတ်သခင် အရေအတွက်မှာလည်း သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။
ယခုအချိန်တွင် လူများသည် လုချန်းကို တစ်ပူပေါ်နှစ်ပူဆင့် ပြဿနာရှာရန် စိတ်ကူးမရှိကြတော့ပေ။
သေဘေးမှပင် သီသီလေး လွက်မြောက်လာခဲ့ကြသဖြင့် အတွင်း၌ အမွေအနှစ် ရှိနေသေးသည်ဟု အများစုက မယုံကြည်ကြတော့သလို လုချန်း အမွေအနှစ် ရရှိသွားသည်ဟူသော သတင်းမှာလည်း အတုအယောင်သာ ဖြစ်နိုင်သည်ဟု သံသယဝင်လာကြ၏။
သားရဲမဟာမိတ်ကို ဦးဆောင်ကာ ကမ္ဘာငယ်လေးအတွင်းမှ ထွက်လာခဲ့သော နတ်သခင် ရှီယွဲ့သည်လည်း သူမထွက်လာသည်နှင့် ဝံပုလွေအုပ်ထဲ ရောက်သကဲ့သို့ အင်အားစုအသီးသီး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရပြီး ၎င်းတို့က လုချန်းကို အပ်နှံရန် သားရဲမဟာမိတ်ကို အတင်းအကျပ် ဖိအားပေးကြလိမ့်မည်ဟု အစက ထင်မှတ်ထားခဲ့၏။
သို့သော် ထွက်လာသည့်အခါတွင်တော့ မည်သည့်အင်အားစုကမှ သားရဲမဟာမိတ်ကို ရင်ဆိုင်ရန် စိတ်ဝင်စားခြင်း လုံးဝမရှိကြသည်ကို သူမ ကွက်ကွက်ကွင်းကွင်း တွေ့လိုက်ရ၏။
နတ်သခင် ရှီယွဲ့က သူမ ဘေးနားရှိ လုချန်းကို တစ်စုံတစ်ခု ပြောရန် ခေါင်းလှည့်ကြည့်လိုက်သော်လည်း သူ လုံးဝ ရှိမနေသည်ကိုသာ တွေ့လိုက်ရသည်။
နတ်သခင် ရှီယွဲ့ ခဏခန့် ကြက်သေ သေကာ မှင်တက်သွား၏။
လုချန်းက သူတို့နှင့်အတူ ထွက်မလာခဲ့ပါလား။
နတ်သခင် ရှီယွဲ့ ဤအရာကို အလွန် တွေးတောကာ ခေါင်းရှုပ်မခံတော့ပေ။ သူ ထွက်လာသည်ဖြစ်စေ၊ မထွက်လာသည်ဖြစ်စေ အရေးမကြီးလှပေ။
ထိုအရာသည် လုချန်း၏ ရုပ်သေးရုပ်ခန္ဓာကိုယ်သာ ဖြစ်၏။
ထိုကိုယ်ပွား သေဆုံးသွားလျှင်လည်း ပြဿနာ မရှိပေ။
သူတို့နှင့်အတူ ထွက်မလာခြင်းအားဖြင့် လုချန်းသည် သားရဲမဟာမိတ်ကို လူအများ၏ မျက်စိကျရာ ပစ်မှတ် မဖြစ်စေရန် လိမ္မာပါးနပ်စွာ ရှောင်လွှဲပေးခဲ့ခြင်းလည်း ဖြစ်၏။
အကယ်၍ လူများက လုချန်း သူတို့နှင့်အတူ ထွက်လာသည်ကို တွေ့မြင်ပါက သူသည် အမွေအနှစ်ကို သားရဲမဟာမိတ်ထံ လက်ပြောင်းလွှဲအပ်ခဲ့ပြီဟု အားလုံး တထစ်ချ ထင်မြင်သွားကြပေလိမ့်မည်။
နတ်သခင် ရှီယွဲ့က သားရဲမဟာမိတ်အဖွဲ့ဝင်များကို
“အားလုံးပဲ... အရှေ့ပိုင်းနယ်မြေကို ချက်ချင်း ပြန်ကြမယ်။”
နတ်သခင် ရှီယွဲ့၏ အသံလွှင့်ချက်ကို ကြားလျှင် သားရဲမဟာမိတ်အဖွဲ့၏ နတ်လှေများသည် လေပွေလှိုင်းပမာ လျင်မြန်စွာပင် ထွက်ခွာသွားကြပြီး အပြန်ခရီးကို စတင်ကြတော့၏။
……
တစ်ချိန်တည်းမှာပင်။
ကမ္ဘာငယ် အတွင်း၌ ။
ကောင်းကင်နတ်ဆိုးစွမ်းအားဖြင့် ဖန်တီးထားသော နတ်ဆိုးလက်ကြီး နေဝန်းကို ထိတွေ့လိုက်သည်နှင့် တောင်ပြိုလဲသကဲ့သို့ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဗရပွ ပေါ်ပေါက်လာ၏။
မကြာမီ မိုးကြိုးပစ်သည့်နှယ် ပြင်းထန်သော ကွဲအက်သံနှင့်အတူ နေဝန်း၏ စစ်မှန်သော ရုပ်သွင် ပေါ်ထွက်လာခဲ့သည်။
နေဝန်း၏ ဗဟိုချက်တွင် ကြက်သွေးရောင်ကဲ့သို့ နီရဲသော အလင်းတန်းများ ဖြာထွက်နေပြီး မျက်နှာပြင်ပေါ်၌ သိပ်သည်း၍ ပုံသဏ္ဌာန် မမှန်သော အင်းကွက်များ ရှိနေသည့် လုံးဝန်းသော အမြုတေတစ်ခု ရှိနေ၏။
ထိုအမြုတေ ပေါ်ထွက်လာသည်နှင့်အတူ လေပြင်းမုန်တိုင်းပမာ လွှမ်းမိုးချုပ်ကိုင်ထားသော နတ်ဆိုးစွမ်းအားများလည်း တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။
ဤအရာကို တွေ့မြင်လျှင် လေဟာနယ်ထဲ၌ ရှိနေသော လုချန်း ခပ်ဖွဖွ ရယ်မောလိုက်၏။
ဒါက တကယ်ပဲ သားရဲအမြုတေတစ်ခု ဖြစ်နေပေသည်။
သို့သော် ယခု ရွှမ်ချင်းယွမ်၏ စိတ်အာရုံ ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီဖြစ်ရာ သူမက ထိုသားရဲအမြုတေကို တိုက်ရိုက် လုယူသွားနိုင်ခြေ ရှိသည်။
နတ်သခင် ရှီယွဲ့ကို သားရဲအမြုတေ လုယူရန် ကူညီပေးဖို့က မလွယ်ကူလှပေ။
ထို့ပြင် ရွှမ်ချင်းယွမ်သည် သူ၏ တည်ရှိမှုကို ရိပ်မိထားပြီး ဖြစ်ကာ သူ ထိုသားရဲအမြုတေကို မျက်စိကျနေသည်ကိုလည်း ထွင်းဖောက်သိထားလောက်ပေသည်။
ထိုစဉ် ရွှမ်ချင်းယွမ်၏ အသံ အပေါ်ဘက်မှ ထပ်မံ ထွက်ပေါ်လာ၏။
ရွှမ်ချင်းယွမ်က
“သားရဲအမြုတေတောင် ပေါ်လာပြီပဲ။ ရှင်ဘယ်လောက်အထိ လိပ်လိုခေါင်းဝှက်ပြီး ဆက်ပုန်းနေဖို့ ကြံရွယ်ထားတာလဲ။”
ထိုစကားများကို ကြားလျှင် လုချန်း ထိတ်လန့်သွားပြီး ရွှမ်ချင်းယွမ်က သူ့ကို ရည်ညွှန်းပြောဆိုနေသည်ဟု ထင်မှတ်လိုက်၏။
သူ ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ထက်မှ မိုးခြိမ်းသံပမာ အခြားအသံတစ်သံ ပဲ့တင်ထွက်လာခဲ့သည်။
ထိုလူက ရွှမ်ချင်းယွမ်ကို
“နတ်ဆိုးဧကရာဇ်... ကျုပ် တို့ကြားမှာ ဘာရန်ငြိုး ရန်စမှ မရှိခဲ့ဘူး။ ခင်ဗျားက ကျုပ် တို့ကို အမြစ်ပြတ် သတ်ပစ်ဖို့အထိ လိုလို့လား။”
ရွှမ်ချင်းယွမ်က
“ပုန်းအောင်းပြီး ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ မူလအစကို ခိုးယူနေတဲ့ ရှင်တို့လို သူခိုးတွေကြောင့်ပဲ ကျွန်မ ထျန်းရန် နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်ဘုံ လမ်းစဉ်ကို မချုပ်ကိုင်နိုင်တာ။”
ထိုလူက ရွှမ်ချင်းယွမ်ကို
“ကောင်းကင်ဘုံ လမ်းစဉ် ဟုတ်လား... အူတက်အောင် ရယ်စရာပဲ။ ထျန်းရန် နတ်ဘုရားနယ်မြေဆိုတာ အစကတည်းက ကျုပ် တို့ရဲ့ သွေးသားတွေနဲ့ တည်ဆောက်ထားတာ။ ကျုပ်တို့ ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ မူလအစကို စုပ်ယူတာ ဘာမှားလို့လဲ။”
ထိုလူက ထပ်မံ၍
“ခင်ဗျားက နတ်ဧကရာဇ်တစ်ပါး ဖြစ်နေရုံနဲ့ လောကကြီးကို လက်ဝါးကြီးအုပ် စိတ်တိုင်းကျ လုပ်နိုင်တယ်လို့ မထင်နဲ့။ ဒီလောကရဲ့ အပြင်ဘက်ကို ရောက်သွားတာနဲ့ ခင်ဗျားက ဝိညာဉ်နယ်ပယ်ရဲ့ ဝိညာဉ်စစ်သည်တစ်ယောက်လောက်တောင် အဆင့်မရှိတော့ဘူး။”
ရွှမ်ချင်းယွမ်သည် ထိုဝိညာဉ်ကြွင်းကျန်နှင့် အချိန်ကုန်ခံကာ စကားအပိုပြောရန် စိတ်ကူးမရှိပေ။
ထို့နောက် ကောင်းကင်နတ်ဆိုးစွမ်းအားများ ထပ်မံ စုစည်းလာပြန်၏။
ထိုအခိုက်အတန့်တွင် သားရဲအမြုတေအတွင်း၌ ပုန်းအောင်းနေသော ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန်သည် နောက်ဆုံးတွင် ပေါ်ထွက်လာတော့၏။
ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန်သည် အလွန်တရာ ကြီးမားလှပြီး ကမ္ဘာငယ်လေး၏ အမြင့်နီးပါးအထိ ရောက်ရှိကာ ခေါင်းက ကောင်းကင်သို့ ထိစပ်နေပြီး ခြေထောက်က မြေပြင်ပေါ်၌ နင်းထားသည်။
ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန်ကို တွေ့မြင်လျှင် လုချန်း မျက်ခုံးတွန့်ကာ အနည်းငယ် စဉ်းစားလိုက်မိ၏။
ဖန်ရှောင်း၌ တကယ်ပင် အခြားဝိညာဉ်ကြွင်းကျန်တစ်ခု ရှိနေသေးပါလား။
ဖန်ရှောင်းသည် ဝိညာဉ်နယ်ပယ်မှ လူများကို ရှာဖွေရန် ယခင်က ဝိညာဉ်ကြွင်းကျန်တစ်ခုကို အဘယ်ကြောင့် မြှုပ်ကွက်အနေနှင့် ချန်ထားခဲ့သနည်း။
သူ သန့်စင်ခဲ့သော ဝိညာဉ်ကြွင်းကျန်၏ မှတ်ဉာဏ်များအရ ဖန်ရှောင်း၏ ရည်ရွယ်ချက်မှာ ကျန်ရှိနေသော ဝိညာဉ်နယ်ပယ်မှ လူများကို သတင်းစကား ပါးစေကာ ဖန်ရှောင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏အုပ်စုကို အသိပေးရန် ဖြစ်၏။
ထိုဝိညာဉ်ကြွင်းကျန်တွင် နောက်ဆုံးညွှန်ကြားချက်များ ရှင်းရှင်းလင်းလင်း ရှိနေပါလျက်နှင့် ဤအခြားဝိညာဉ်ကြွင်းကျန်က အဘယ်ကြောင့် သွေးဆာနေသည့်နှယ် ထျန်းရန် နတ်ဘုရားနယ်မြေမှ နတ်များ၏ နတ်ဝိညာဉ်များကို ရယူလိုရသနည်း။
သားရဲအမြုတေနှင့် အတူရှိနေသော ဤဝိညာဉ်ကြွင်းကျန်တွင် အခြားလျှို့ဝှက်ရည်ရွယ်ချက်တစ်ခု ရှိနေနိုင်သည်ဟူသော ဖြစ်နိုင်ခြေကို လုချန်း ရုတ်တရက် တွေးမိသွား၏။
သို့သော် သူ သန့်စင်ခဲ့သော ဝိညာဉ်ကြွင်းကျန်လိုတော့ ဤဝိညာဉ်ကြွင်းကျန်က ပျောက်ကွယ်မသွားလိုပေ။
ကမ္ဘာငယ်လေးအတွင်း၌ နတ်များစွာ ပေါ်လာသည်ကို တွေ့မြင်လျှင် ၎င်းသည် သေရွာမှ ပြန်လည်ရှင်သန်ခြင်း အခွင့်အလမ်း ရောက်ရှိလာပြီဟု ဆုံးဖြတ်လိုက်ပုံရ၏။
ထို့ကြောင့် ဝိညာဉ်ဝါးမြိုခေါင်းလောင်းကို အသုံးပြု၍ နတ်များ၏ နတ်ဝိညာဉ်စွမ်းအားကို ဝါးမြိုကာ သူ၏ နတ်ဝိညာဉ်ကို အားဖြည့်ရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။
ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန် ပြောသောစကားများကို ကြားသော်လည်း ရွှမ်ချင်းယွမ် နည်းနည်းမှ တုန်လှုပ်ခြင်း မရှိပေ။
ပြင်ပလောကတွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ရှိနေနိုင်သည်ကို သူမ သိထား၏။
သူမ ပထမဆုံး နတ်ဧကရာဇ် ဖြစ်လာစဉ်ကပင် ပြင်ပလောက၏ ထိတ်လန့်ဖွယ်ကောင်းမှုကို သဘောပေါက်ခဲ့ပြီး ဖြစ်၏။
ထိုကြောင့် သူမသည် ဤလောကမှ ထွက်ခွာမည့် လမ်းစကို ရှာဖွေရန် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ကံဆိုးစွာဖြင့် သူမ မည်သည့်အရာမှ ရှာမတွေ့ခဲ့ပဲ အကျိုးဆက်အားဖြင့် ကစဉ့်ကလျားစွမ်းအားများက သူမ၏ အသိစိတ်ကို ဝါးမြိုတိုက်စားခဲ့၏။
ရွှမ်ချင်းယွမ်၏ အသံသည် ကမ္ဘာငယ်လေးအတွင်း ထပ်မံ ပဲ့တင်ထွက်လာပြန်၏။
“ဒီလောကရဲ့ အပြင်ဘက်မှာ ကျွန်မရဲ့ စွမ်းအားက အရေးမပါလှတာ မှန်နိုင်ပေမဲ့ ထျန်းရန် နတ်ဘုရားနယ်မြေအတွင်းမှာတော့ ကျွန်မက မိုးနတ်မင်းပဲ။”
ရွှမ်ချင်းယွမ်က ထပ်မံ၍
“ရှင် ဘယ်သူပဲဖြစ်ဖြစ်...ဘယ်ကပဲလာလာ... ကျွန်မ ကောင်းကင်ဘုံ လမ်းစဉ်ကို ချုပ်ကိုင်မယ့် ကိစ္စကို နှောင့်ယှက်တဲ့သူမှန်သမျှဟာ ကျွန်မရဲ့ ရန်သူပဲ။”
ထိုစကားများနှင့်အတူ ကမ္ဘာငယ်လေးအတွင်းရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများ စုစည်းလာပြီး ကြီးမားလှသော ကောင်းကင်နတ်ဆိုးစွမ်းအား ဓားကြီးတစ်စင်း ဖြစ်ပေါ်လာကာ ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန်ထံသို့ ထိုးစိုက်ချလိုက်တော့၏။
ထိုဓား၏ သေမင်းတမန် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန်လည်း ကမူးရှူးထိုး အသနားခံရှာ၏။
“ ကျေးဇူးပြုပြီး... ကျုပ် ကို မသတ်ပါနဲ့။ ကျုပ် ဒီလောကရဲ့ လျှို့ဝှက်ချက် အမြောက်အမြားကို သိပါတယ်။ ခင်ဗျား ဒီလောကကနေ ထွက်ခွာပြီး ပိုစွမ်းအားကြီးချင်တယ်ဆိုရင်တော့ ခင်ဗျား... အားးးးးး”
ရွှမ်ချင်းယွမ်သည် ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန်၏ အဓိပ္ပာယ်မရှိသော၊ ဖွဲဆန်ကွဲကဲ့သို့ အကျိုးမရှိသော စကားများကို နားမယောင်သလို စိတ်ဝင်စားခြင်းလည်း မရှိပေ။
သူမသည် ထျန်းရန် နတ်ဘုရားနယ်မြေ၏ လျှို့ဝှက်ချက်အများစုကို ထွင်းဖောက်သိထားပြီးဖြစ်ကာ ထျန်းရန် နတ်ဘုရားနယ်မြေမှ ထွက်ခွာရန်က လွယ်ကူသောအလုပ်မဟုတ်ကြောင်းလည်း နားလည်ထား၏။
ယခု သူမသည် ကောင်းကင်ဘုံ လမ်းစဉ်ကို လျင်မြန်စွာ သန့်စင်ပြီး ထျန်းရန် နတ်ဘုရားနယ်မြေတစ်ခုလုံး၏ စွမ်းအားကို အသုံးပြုရန်သာ ရည်ရွယ်ထား၏။
ကောင်းကင်နတ်ဆိုးစွမ်းအားဖြင့် ဖန်တီးထားသော ဓားကြီး ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန်ကို ထိုးဖောက်သွားသည်နှင့်အမျှ ၎င်းသည် တဖြည်းဖြည်းနှင့် ကြယ်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားတော့၏။
ထိုအရာကို တွေ့မြင်လျှင် လုချန်း ရင်ထဲ တော်တော်လေး နှမြောတသ ဖြစ်သွားမိ၏။
အကယ်၍ သူသာ ဖန်ရှောင်း၏ ဤဝိညာဉ်ကြွင်းကျန်ကို သန့်စင်ခွင့်ရခဲ့ပါက ၎င်းထံမှ ဝိညာဉ်နယ်ပယ်နှင့် လှည့်စားခြင်းနယ်ပယ်တို့အကြောင်း ပို၍ သိနိုင်မည် ဖြစ်သည်။
ဤဝိညာဉ်ကြွင်းကျန်သည် အလွန်တရာ စွမ်းအားကြီးလှသဖြင့် ၎င်းသယ်ဆောင်ထားသော မှတ်ဉာဏ်များလည်း အမြောက်အမြား ရှိရပေမည်။
သို့သော် ယခုအချိန်တွင်တော့ ထိုအရာကို ပြန်တွေးနေလည်း အပိုသာ ဖြစ်၏။
ဖန်ရှောင်း၏ ဝိညာဉ်ကြွင်းကျန်ကို ချေမှုန်းပြီးနောက် ရွှမ်ချင်းယွမ်၏ အာရုံသည် ဝိညာဉ်ဝါးမြိုခေါင်းလောင်းထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွား၏။
ရွှမ်ချင်းယွမ်က
“စိတ်ဝင်စားဖို့ကောင်းလိုက်တာ... ဒီပစ္စည်းက အတော်ကောင်းတဲ့ နတ်ရတနာတစ်ခုပဲ”
ဟု ရေရွတ်လိုက်၏။
အခြားသူများ၏ နတ်ဝိညာဉ်စွမ်းအားဖြင့် အသုံးပြုသူ၏ နတ်ဝိညာဉ်ကို အားကောင်းစေသည့် ရတနာမျိုးက မိစ္ဆာနတ်ရတနာတစ်ခုဆိုတာ သံသယဖြစ်စရာ မလိုပေ။
သို့သော် ရွှမ်ချင်းယွမ် ကိုယ်တိုင်ကလည်း ဖြောင့်မတ်သော နတ်တစ်ပါး မဟုတ်ချေ။
ရွှမ်ချင်းယွမ် ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ဝါးမြိုခေါင်းလောင်းသည် ရိပ်ကနဲ လေထုထဲ၌ပင် ပျောက်ကွယ်သွားတော့၏။
ရွှမ်ချင်းယွမ် ဝိညာဉ်ဝါးမြိုခေါင်းလောင်းကို ယူဆောင်သွားသည်ကို တွေ့မြင်လျှင် လုချန်း ပို၍ စိုးရိမ်တကြီး မျက်ခုံးတွန့်မိသွား၏။
ရွှမ်ချင်းယွမ်သည် ပစ္စည်းများကို အဝေးမှ လှမ်းယူနိုင်စွမ်း ရှိနေရာ သားရဲအမြုတေသည်လည်း လုံခြုံလိမ့်မည် မဟုတ်ပေ။
ရွှမ်ချင်းယွမ် သားရဲအမြုတေကိုပါ ယူဆောင်သွားလိမ့်မည်ဟု လုချန်း ထင်မှတ်လိုက်စဉ်မှာပင် လျှပ်စီးပမာ နတ်အာရုံတစ်ခုက သူ့ထံသို့ ရုတ်တရက် ဖြတ်သန်းကျရောက်လာ၏။
ဤအရာက ရွှမ်ချင်းယွမ်၏ စိတ်အာရုံ သူ၏ တည်နေရာကို ထောက်လှမ်းလိုက်ခြင်း ဖြစ်ကြောင်း လုချန်း ကောင်းကောင်း သိလိုက်၏။
နောက်တစ်ခဏ၌ ရွှမ်ချင်းယွမ်၏ အသံသည် သူ၏ နားထဲ ပဲ့တင်ထွက်လာသည်။
“လုချန်း... မတွေ့ရတာ ကြာပြီ”
--
………….