အခန်း ၁၉၇၄
Vol. 132 Ch. 1974
အခန်း( ၁၉၇၄)
မထင်မှတ်ထားသော ရတနာ
ရွှမ်ချင်းယွမ်၏ အသံကို ကြားလိုက်ရသော်လည်း လုချန်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
“သိပ်တော့ မကြာသေးပါဘူး။”
“ခင်ဗျားရဲ့ စွမ်းအားတွေ ဒီလောက် မြန်မြန် ပြန်ကောင်းလာလိမ့်မယ်လို့ ကျုပ် တကယ်မထင်ထားမိဘူး။ နတ်ဆိုးဧကရာဇ် ဆိုတဲ့ ဘွဲ့နာမနဲ့ တကယ့်ကို ထိုက်တန်ပါတယ်။”
လုချန်းက သူ့အား နတ်ဆိုးဧကရာဇ်ဟု ခေါ်ဆိုလိုက်ခြင်းအပေါ် ရွှမ်ချင်းယွမ်က စိတ်အနှောင့်အယှက် ဖြစ်သွားခြင်း မရှိပဲ ခပ်အေးအေးပင်
“အခု ကျွန်မ ကျွန်မရဲ့ ကျင့်စဉ်အဆင့်ကို ပြန်ရထားပြီ။ ကျွန်မကို ဒီလို လေသံနဲ့ စကားပြောနေတာလား... ရှင့်ကို ကျွန်မ သတ်ပစ်မှာ မကြောက်ဘူးလား။”
“ရှင့်ကို ဘာမှမလုပ်နိုင်ခဲ့တဲ့ ကစဉ့်ကလျား ပင်လယ်ထဲမှာ ရှိနေသေးတယ်လို့ ထင်နေတာလား။”
လုချန်းက
“ခင်ဗျားသာ လက်ပါချင်ခဲ့ရင် အစောကတည်းက လုပ်ခဲ့မှာပဲ... အခုထိ စောင့်နေမှာ မဟုတ်ဘူး။”
နတ်ဧကရာဇ်တစ်ပါး၏ နတ်အာရုံဖြင့်ဆိုပါက ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးကို တစ်ချက်မျှ လှမ်း၍ ရှာဖွေရုံဖြင့် သူ၏ တည်နေရာကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ အကယ်၍ ရွှမ်ချင်းယွမ်က သူ့အား တကယ်တမ်း အရေးယူလိုပါက သူ မည်သို့မှ လွတ်အောင် ပြေးကာ ပုန်းကွယ်နိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် လုချန်း တစ်ခုခုကို တွေးမိသွားပြီး ဆက်ပြောလိုက်သည်။
“သတ္တဝါဆန်းတွေရဲ့ နောက်ခံအကြောင်းရင်းကိုလည်း ခင်ဗျား သိပြီးသား ဖြစ်မှာပါ။ သူတို့က မသေဆုံးနိုင်ကြဘူး... ချိပ်ပိတ်တာပဲ လုပ်လို့ရတယ်။ ခင်ဗျားကို ပြစ်မှားစော်ကားခဲ့တဲ့ ကျုပ်ကို ခင်ဗျား လက်မပါပဲ လွှတ်ထားရတဲ့ အကြောင်းရင်းက... အဲဒီ သတ္တဝါဆန်းတွေကို နှိမ်နင်းဖို့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ကျုပ်တစ်ယောက်ပဲ ရေးဆွဲနိုင်လို့ပဲ မဟုတ်လား။”
လုချန်း၏ စကားကို ကြားလျှင် ရွှမ်ချင်းယွမ်က အေးစက်စွာဖြင့်
“ရှင်က လုံးဝ ထုံအနေတာတော့ မဟုတ်ဘူးပဲ။ ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခု ပေးမယ်။ နဝမကောင်းကင်တက္ကသိုလ်ကို ဝင်လိုက်ပါ... ဒါဆိုရင် ကစဉ့်ကလျား ပင်လယ်ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကျွန်မ ဆက်ပြီး အပြစ်ရှာတော့မှာ မဟုတ်ဘူး။”
လုချန်းက
“စိတ်မကောင်းပါဘူး... ကျုပ် နဝမကောင်းကင်တက္ကသိုလ်ကို ဝင်ဖို့ စိတ်မဝင်စားဘူး”
ဟု ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
လုချန်း ငြင်းပယ်လိုက်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာငယ်အတွင်းရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများသည် ဒီရေတက်သကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်သောင်းကျန်းလာခဲ့သည်။
ရွှမ်ချင်းယွမ်က
“ရှင်က ကျွန်မကို အာခံဝံ့တယ်ပေါ့လေ”
ဟု ခြိမ်းခြောက်လိုက်၏။
လုချန်းက တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရွှမ်ချင်းယွမ်က ဆက်လက်၍
“ရှင့်ဆီမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်... အထူးသဖြင့် အဲဒီ ပန်းနီရထားပဲ။ အဲဒီ ပန်းနီရထားကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်မ နားလည်သွားတဲ့နေ့ဟာ ရှင့်ရဲ့ သေနေ့ပဲ။”
ထိုစကားသံ ဆုံးသွားသည်နှင့် ကမ္ဘာငယ်အတွင်းရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကမ္ဘာငယ်တစ်ခုလုံး၏ ကောင်းကင်ပြင်ကြီးသည်လည်း မိုးပြိုကျသကဲ့သို့ ဆက်တိုက် ပြိုကွဲပျက်စီးလာတော့သည်။
ရွှမ်ချင်းယွမ် ပန်းနီရထားအကြောင်း သိနေလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် လုချန်း အံ့အားသင့်သွားရသည်။
အမှန်အတိုင်းပြောရလျှင် သူ၏ ရဲတင်းလှသော ရပ်တည်ချက်မှာ သူ အသက်အန္တရာယ်နှင့် ကြုံတွေ့ရပါက သူ့အား ကာကွယ်ရန် ပန်းနီရထား ပေါ်ပေါက်လာလိမ့်မည်ဟူသော လောင်းကြေးထပ်မှုတစ်ခုသာ ဖြစ်သည်။
စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီးတစ်ဦးသည် သူ့ထက် ပို၍ စွမ်းအားကြီးပြီး သူ့ကို အန္တရာယ်ပြုရန် ရည်ရွယ်ပါက ပန်းနီရထား ပေါ်လာတတ်ကြောင်း ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ သူ ရှာဖွေတွေ့ရှိခဲ့ဖူးသည်။
အတွေးကမ္ဘာမှ ပြန်လည် နိုးထလာပြီးနောက် လုချန်း၏ အကြည့်သည် အဝေးတွင် အောက်သို့ တဖြည်းဖြည်း ကျဆင်းနေသော သားရဲ အမြုတေထံသို့ ရောက်ရှိသွားသည်။
ထိုသားရဲအမြုတေတွင် အက်ကွဲကြောင်းများ ပေါ်နေပြီဖြစ်ကာ အတွင်းရှိ နတ်ဆိုးစွမ်းအားများလည်း ရေစိမ့်သကဲ့သို့ စဉ်ဆက်မပြတ် ယိုစိမ့်ထွက်လျက် ရှိနေသည်။
ဤသားရဲအမြုတေ နတ်သခင် ရှီယွဲ့အတွက် အသုံးဝင်ဦးမလားဟု လုချန်း တွေးတောမိကာ စစ်ဆေးကြည့်ရန်အတွက် ၎င်းကို ယူဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
ထိုအတွေးနှင့်အတူ လုချန်းသည် တွန့်ဆုတ်မနေတော့ပဲ သားရဲအမြုတေ ရှိရာဆီသို့ ပျံသန်းသွားတော့၏။
…..
တစ်ချိန်တည်းမှာပင်...
နဝမကောင်းကင်တက္ကသိုလ်၏ အထက် ကောင်းကင်ယံ၌ မိုးသက်မုန်တိုင်း ကျရောက်တော့မည့်အလား မည်းမှောင်သော မိုးတိမ်များ စုရုံးလာပြီး ဧရာမ ဝဲကရက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုဝဲကရက်၏ ဗဟိုချက်တွင် အနက်ရောင် ခေါင်းလောင်းတစ်လုံး ပေါ်ထွက်လာ၏။
၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် နားမခံသာသော မြည်ဟီးသံများ ထွက်ပေါ်လာရာ နဝမကောင်းကင်တက္ကသိုလ်အတွင်းရှိ နတ်များအားလုံး သူတို့၏ နတ်အာရုံများ ရိုက်ချခံလိုက်ရသကဲ့သို့ ခဏခန့် မိန်းမောတွေဝေသွားကြသည်။
ခဏခန့်ကြာပြီးနောက် အချို့သူများ သတိပြန်လည်လာကြပြီး နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များသည် ရန်သူများ ကျူးကျော်ဝင်ရောက်လာသည်ဟု ထင်မှတ်ကာ ကောင်းကင်ယံသို့ ပျံတက်၍ အသင့်ပြင်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် အထက်ကောင်းကင်မှ ရွှမ်ချင်းယွမ်၏ အသံ ဟိန်းထွက်လာခဲ့သည်။
“ဒါက ကျွန်မရဲ့ နတ်ရတနာပဲ။”
ရွှမ်ချင်းယွမ်၏ အသံကို ကြားရမှသာ နဝမကောင်းကင်တက္ကသိုလ်မှ နတ်များ၏ ရင်ထဲက အပူလုံးကြီး ကျသွားသကဲ့သို့ စိတ်သက်သာရာရသွားကြပြီး နတ်သခင်များသည်လည်း လူစုခွဲလိုက်ကြတော့သည်။
နောက်တစ်ခဏ၌ ဝိညာဉ်ဝါးမြိုခေါင်းလောင်းသည် ရွှမ်ချင်းယွမ်၏ လက်ထဲသို့ ပျံသန်းဝင်ရောက်သွား၏။
သူမသည် ဝိညာဉ်ဝါးမြိုခေါင်းလောင်းကို စစ်ဆေးကြည့်ရင်း အလွန် ကျေနပ် အားရနေမိသည်။
အစက ထိုကမ္ဘာငယ်အတွင်း၌ သူမ လောဘတက်လောက်စရာ မည်သည့်အရာမှ ရှိလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ထိုမဟာစွမ်းအားကြီးပုဂ္ဂိုလ်၏ ဝိညာဉ်ကြွင်းကျန်သည် ရှင်သန်ထမြောက်ရန် မျှော်လင့်ချက်ဖြင့် ဤရတနာ၏ တည်ရှိမှုကို မထင်မှတ်ပဲ ဖော်ထုတ်ပြသခဲ့လိမ့်မည်ဟု သူမ မတွေးမိခဲ့ပေ။
ဤရတနာ ရှိနေလျှင် သူမ၏ နတ်ဝိညာဉ်သည် ပို၍ စွမ်းအားကြီးလာနိုင်သည်။
အကယ်၍ သူမ၏ စွမ်းအားများ ဆက်လက်မတိုးတက်နိုင်တော့သည့် အဆင့်သို့ ရောက်ရှိသွားပါက ဤဝိညာဉ်ဝါးမြိုခေါင်းလောင်းကို အသုံးပြု၍ အခြားသူများ၏ နတ်ဝိညာဉ်စွမ်းအားများကို ဝါးမြိုကာ သူမ၏ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်နိုင်ပေလိမ့်မည်။
ထို့နောက် ရွှမ်ချင်းယွမ်သည် ဝိညာဉ်ဝါးမြိုခေါင်းလောင်းကို သိမ်းဆည်းလိုက်သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ ပုံရိပ် ရွှမ်ချင်းယွမ်၏ စိတ်ထဲ၌ အလိုအလျောက် ပေါ်လာခဲ့သည်။
သူ့အကြောင်းကို တွေးမိရုံမှဖြင့် သူမ၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွားရ၏။
အစက လုချန်း၏ ကိုယ်ပွားကို ချေမှုန်းပစ်ရန် သူမ ရည်ရွယ်ခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူမအတွင်းရှိ ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားများ နိုးကြွလာပြီး သူမကိုယ်တိုင် ပန်းနီရထား၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရမည့် အနာဂတ်နိမိတ်အာရုံကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ပန်းနီရထားသည် လုချန်းနှင့် ဆက်စပ်မှုရှိနေကြောင်း သူမ သံသယဝင်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
သူတို့ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲ၌ ရှိနေစဉ်ကပင် ပန်းနီရထား၏ အရှိန်အဝါကို သူမ အာရုံခံမိခဲ့ဖူးသည်။
ဤပန်းနီရထားသည် လုချန်းအား အစဉ်အမြဲ အကာအကွယ်ပေးနေသည်မှာ ထင်ရှားလှသည်။
အကယ်၍ သူမသာ လွန်ခဲ့သော မိနစ်ပိုင်းက လုချန်းကို တကယ်တမ်း လက်ပါခဲ့မည်ဆိုပါက ဧကန်မုချ ထိုပန်းနီရထား၏ ချုပ်နှောင်ခြင်းကို ခံရမည် ဖြစ်သည်။
ထို့ကြောင့် သူမအနေနှင့် လုချန်းကို တိုက်ရိုက် လက်ပါ၍ မဖြစ်ပေ။
ယခုအခါ သူမသည် ဤလူ၏ သရုပ်မှန်ကို ပို၍ပင် စိတ်ဝင်စားလာမိသည်။
သူက မည်သို့သောသူပင် ဖြစ်ပါစေ...
သူသည် ပြင်ပလောကမှလူ တစ်ဦး ဖြစ်သည်မှာ သေချာသလောက် ရှိနေ၏။
ပြင်ပလောကမှလူ တစ်ဦးသာလျှင် သူမအား ခြိမ်းခြောက်နိုင်သည့် ပန်းနီရထားကဲ့သို့သော နတ်ရတနာမျိုးကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါလား။
လုချန်းသည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို သူမ သိမ်းပိုက်မည့် ခရီးလမ်းတွင် အဟန့်အတားတစ်ခု ဖြစ်လာနိုင်ပုံရသည်။
သူမ သူ့ကို သတိထား စောင့်ကြည့်ရမည်။
…..
အရှေ့ပိုင်းနယ်။
သားရဲမဟာမိတ်။
သူ၏ လူများကို သားရဲမဟာမိတ်သို့ ပြန်လည်ခေါ်ဆောင်လာပြီးနောက် နတ်သခင် ရှီယွဲ့ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်လိုက်တော့သည်။
နတ်အရှိန်အဝါများ ယိုဖိတ်နေသော လှပဆန်းကြယ်သော နတ်မြူနှင်းများ ဖုံးလွှမ်းနေသည့် ချိုင့်ဝှမ်းတစ်ခုအတွင်းရှိ နတ်ရေကန်ထက်၌ နတ်သခင် ရှီယွဲ့သည် တင်ပျဉ်ခွေထိုင်လျက် လေထဲတွင် မျောလွင့်နေခဲ့သည်။
ထိုအချိန်တွင် နတ်သခင် ရှီယွဲ့သည် စိတ်ပျက်အားလျော့မှု အနည်းငယ် ခံစားနေရ၏။
ထိုကမ္ဘာငယ်အတွင်း၌ သူမအတွက် အခွင့်အလမ်း ရှိနေကြောင်း ထင်ရှားစွာ အာရုံခံမိခဲ့ပြီး ၎င်းနှင့် ဆုံတွေ့ခဲ့ပြီးလည်း ဖြစ်နိုင်ခြေ ရှိသည်။
သို့သော် နှမြောစရာကောင်းသည်က နတ်ဆိုးဧကရာဇ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် သူမ ဘာမှမတတ်နိုင်ခဲ့ပေ။
နတ်ဆိုးဧကရာဇ် ရှိနေပါက သူမအနေနှင့် သားရဲအမြုတေကို လုယူရန် မည်သို့မှ အခွင့်အရေး မရှိပေ။
ထိုမဟာစွမ်းအားကြီးပုဂ္ဂိုလ်၏ သားရဲအမြု တေကို တွေးမိရင်း နတ်သခင် ရှီယွဲ့၏ ရင်ဘတ်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားသကဲ့သို့ သက်ပြင်းကိုသာ အသာအယာ ချမိတော့သည်။
အကယ်၍ သူမသာ ထိုမဟာစွမ်းအားကြီးပုဂ္ဂိုလ်၏ သားရဲအမြုတေကို သန့်စင် နိုင်ခဲ့ပါက သူမသည် ကိုးခုမြောက် အမြီးကို ပို၍ ကြီးထွားလာစေပြီး စစ်မှန်သော အမြီးကိုးခု မြေခွေးတစ်ကောင် ဖြစ်လာနိုင်မည် ဖြစ်သည်။
သူမ၏ အသွင်ပြောင်းလဲခြင်း ပြီးမြောက်သွားပါက သူမ၏ စွမ်းအားသည် နတ်ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်မည်ဖြစ်သဖြင့် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားကို နတ်ဆိုးဧကရာဇ်နှင့် အပြိုင်လုနေရန်ပင် လိုအပ်တော့မည် မဟုတ်ပေ။
သို့သော် သူမ နတ်ဧကရာဇ်အဆင့်သို့ တက်လှမ်းမည့် နည်းလမ်းသည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားအားလုံးကို စုဆောင်းခြင်း မဟုတ်သောကြောင့် ၎င်း၏ ကောင်းကင်လမ်းစဉ်ကိုတော့ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
သို့ရာတွင် သူမအတွက်တော့ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ်က အရေးမကြီးလှပေ။
အကြောင်းက နတ်ဆိုးဧကရာဇ်သည် သူမထက် စော၍ နတ်ဧကရာဇ်ဖြစ်နေခဲ့ပြီး ဖြစ်ကာ ကောင်းကင်လမ်းစဉ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်ထားပြီး ဖြစ်နိုင်သောကြောင့်ပင်။
နတ်ဆိုးဧကရာဇ်၏ လက်ထဲမှ ကောင်းကင်လမ်းစဉ် ထိန်းချုပ်မှုကို လုယူရန်က သူမအတွက် အလွန်တရာ စိန်ခေါ်မှု ကြီးမားလှသည်။
သို့သော် သူမအနေနှင့် စစ်မှန်သော အမြီးကိုးခု မြေခွေးအဖြစ် အသွင်ပြောင်းလဲခြင်း ပြီးမြောက်ပြီး နတ်ဧကရာဇ်အဆင့်၏ စွမ်းအားကို ရရှိသွားပါက နတ်ဆိုးဧကရာဇ်က သူမကို သံသယရှိလျှင်ပင် ရဲရဲတင်းတင်း တိုက်ခိုက်ဝံ့လိမ့်မည် မဟုတ်ပေ။
အကယ်၍ နတ်ဧကရာဇ်အဆင့်များ စစ်ခင်းကြမည်ဆိုပါက ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး ပျက်စီးခြင်းထဲသို့ ရောက်ရှိသွားပေလိမ့်မည်။
နတ်သခင် ရှီယွဲ့သည် တွေးလေလေ ပို၍ နှမြောတသ ဖြစ်လေလေ ဖြစ်နေရသည်။
ထိုအချိန်တွင် နတ်မြူနှင်းများထဲမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“သခင်မ... လုချန်းက လာရောက်တွေ့ဆုံခွင့် တောင်းခံနေပါတယ်။”
ထိုစကားကို ကြားလျှင် နတ်သခင် ရှီယွဲ့က မကျေမနပ်ဖြင့် ဆိုလိုက်၏။
“အရေးကြီးတဲ့ ကိစ္စမဟုတ်ရင် လာမယ့် နှစ်တစ်ရာအတွင်း ငါ့ကို လာမနှောင့်ယှက်ကြနဲ့လို့ မပြောထားဘူးလား။”
သူမ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် နတ်သခင် ရှီယွဲ့သည် သူမ၏ နတ်သခင်အဆင့် ဖိအားများကို ထုတ်လွှတ်လိုက်၏။
အစေခံမိန်းကလေးက ထိတ်လန့်တကြားဖြင့် အလျင်အမြန် ပြောလိုက်ရသည်။
“လုချန်းက... သခင်မ အလိုချင်ဆုံးအရာ သု့မှာ ရှိနေပြီး အဲဒီအရာက သခင်မကို နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။”
ထိုအရာကို ကြားလိုက်ရလျှင် နတ်သခင် ရှီယွဲ့၏ ဒေါသတရားများ ချက်ချင်းပင် နှင်းပျောက်သကဲ့သို့ လွင့်ပြယ်သွားပြီး သူမကိုယ်တိုင်လည်း အနည်းငယ် ကြောင်အမ်းသွားရသည်။
သူမကို နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်မယ့် အရာဟုတ်လား။
ဒါက ဖြစ်နိုင်ပါ့မလား...
ရဲတင်းလှသော အတွေးတစ်ခုသည် နတ်သခင် ရှီယွဲ့၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
သို့သော် သူမ ထိုအတွေးကို ချက်ချင်းပင် ပြန်လည် မောင်းထုတ်လိုက်၏။
မဖြစ်နိုင်ပေ...
သူ အဲဒီပစ္စည်းကို ဘယ်လိုမှ မရလာနိုင်ပေ။
--
……….