ချန်ညီကိုသုံးယောက်
Vol. 021 Ch. 1014
“ဘိုင်ဝေရဲ့ ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်ကြောင့် သူ့စိတ်သာမကဘဲ သူ့အပြုအမူ တွေကလည်း မိန်းမဆန်လာခဲ့တာပဲ။ သူသာ အစကတည်းက ဒီလိုမျိုး မွေးဖွားလာခဲ့ရင်တော့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒီစိတ်ဟာ အတိတ်တုန်းက ခုလောက်ထိ အစွန်းမရောက်သေးဘူး…”
သူတို့က ပျံသန်းနေရင်း ဝမ်လင်းသည် ဘိုင်ဝေကို ကြည့်၏။ သူ့မျက်လုံးက တောက်ပနေသည်။သူက အမြဲတမ်းလိုလို ဘိုင်ဝေနှင့် ပတ်သတ်၍ တစ်ခုခုမှားနေသည်ဟု ခံစားမိ၏။ သို့သော် သူက ဘာမှန်းနေမှန်းကို တိတိကျကျ ရှာမတွေ့နိုင် ဖြစ်နေသည်။
သို့ရာတွင် နှစ်ပေါင်းထောင်ချီ ကျင့်ကြံမှုက သူ့ကို အချို့အထူးအာရုံခံစားမှုများကို ဖြစ်စေခဲ့၏။သူက ရှေ့ဖြစ်ဟောသူကဲ့သို့ ကြိုတင်သိမြင်မှု မရှိသော်လည်း သူသည် ဖြစ်ပျက်ခါနီး အဖြစ်အပျက်များ၏ အရိပ်အယောင်ကိုမူ ခံစားနိုင်စွမ်း ရှိလာသည်။
ဘိုင်ဝေက ဝမ်လင်း၏နတ်ဘုရားအာရုံ သူ့ထံသို့ ရိုက်ခတ်သည်ကို သတိမပြုမိပေ။ သူက ဝမ်လင်းကို ပြုံး၍သာ စကားဆက်တိုက် ဆိုနေသည်။
“နင်က ဒီနေရာမှာ မရှိခဲ့တာ ကြာမြင့်ခဲ့ပြီ။ လအနည်းငယ် ကြာရင် ဒီထျန်ယွမ်ဂြိုဟ်ရဲ့ ရာသီဥတုဟာ ပြောင်းလဲလာလိမ့်မယ်…”
“ဒီနှစ်ရာချီအချိန်အတောအတွင်းမှာ ထျန်ယွမ်ဂြိုဟ်ဟာ အမြဲ တည်ငြိမ်နေခဲ့ပြီး ကိစ္စကြီးကြီးမားမား ဖြစ်ပွားခဲ့တာ မရှိခဲ့ဘူး။တစ်ခုခုဖြစ်လာခဲ့ရင်လည်း ဒါဟာ တစ်စုံတစ်ယောက် တောင်နောက်ဘက်မှာ စိုက်ပျိုးခဲ့တဲ့ အဖြူရောင်အပင်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း ဒီအပင်ရဲ့ ပန်းပွင့်တွေဟာ အဖြူရောင် မဟုတ်ဘဲ အမည်းရောင် ဖြစ်နေတယ်။ ဒီပန်းပွင့်က အသက်ရှုချိန်သုံးကြိမ်စာလောက်သာ ကြာမြင့်ပြီး အဲ့နောက်မှာ ဖုန်မှုန့်အဖြစ် ပြောင်းသွားတယ်…။အဲ့အချိန်တုန်းက ဒီအဖြစ်က လူအနည်းငယ်ကို အံ့အားသင့်စေခဲ့တယ်။ငါလည်း အဲ့နေရာမှာ ရှိနေခဲ့ရင် ငါသာ ဒီအပင်ရဲ့ ပန်းပွင့်ကို ဖုန်မှုန့်အဖြစ် ပျက်စီးမသွားအောင် ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် သိပ်ကောင်းလိမ့်မယ်လို့ တွေးမိခဲ့မှာပဲ…”
“ဒီအကြောင်းက ဘာများ သိချင်စရာ ကောင်းလို့လဲ…” ဝမ်လင်းက မျက်မှောင်ကြုတ်နေ၏။ နားပူနားဆာလုပ်သည့် တကျည်ကျည်လုပ်နေသည့် ခံစားချက် ခပ်ရေးရေးလည်း သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။သူ့အပြင်ပိုင်းအသွင်ကတော့ ပုံမှန်အတိုင်း ရှိိနေကာ သူက ဘိုင်ဝေနှင့် အပြန်အလှန်စကားပြောနေသည်။
“နင် ထွက်သွားတဲ့နောက် ဆရာဟာ သူ့အချိန်အများစုကို တံခါးပိတ်ကျင့်ကြံနေပြီး အပြင် ထွက်လာခဲတယ်…”
ဘိုင်ဝေသည် ပြုံးနေရင်းဖြင့် သူက ဝမ်လင်းကို ကောင်းကင်ဘုံကံကြမ္မာကလန်တွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုတစ်ခုချင်းစီကို ပြောပြနေသည်။ အစပိုင်း၌ ဝမ်လင်းက အလေးအနက် နားထောင်နေသေး၏။သို့သော် သိပ်မကြာခင်တွင် သူက မျက်မှောင်ကြုတ်လာမိသည်။
ဘိုင်ဝေပြောနေသည့် အကြောင်းအရာများက ကိစ္စကြီးကြီးမားမား မဟုတ်သည့်အပြင် အရည်မရအဖတ်မရ အဓိပ္ပာယ်မရှိသည့်အရာများကိုသာ ပြောနေသည် မဟုတ်လား။
ဘိုင်ဝေက ပြုံး၍ စကားဆက်ဆိုနေသည်။ “တစ္ဆေမျက်လုံးမြို့လည်း ရှိသေးတယ်။ ဒီမြို့က အပြည့်အစုံကောင်းကင်ဘုံမန္တာန်တစ်ခုကို လေလံတင်နိုင်ခဲ့ပြီးတဲ့နောက် ကျော်ကြားလာခဲ့တာပဲ။ ဒီမြို့ရဲ့ လေလံပွဲဖွင့်တိုင်း ကျင့်ကြံသူအများကြီးကို ဆွဲဆောင်နိုင်လာတယ်။ ဒီလေလံပွဲက တစ်လတိတိ ဖွင့်ပြီး လေလံအဆောက်အဦအပြင် လူတွေက လွတ်လွတ်လပ်လပ် ကုန်သွယ်မှု ပြုနိုင်ကြတယ်။ဒါပေမဲ့လည်း တစ္ဆေမျက်လုံးမြို့က သိပ်မကြီးမားတော့ လူအကန့်အသတ်တော့ ရှိတယ်။ငါတို့သွားတာသာ နောက်ကျရင် ငါတို့က တဲမှာပဲ နေရမှာ စိုးရိမ်မိတယ်…”
ဝမ်လင်းက စဉ်းစားနေသည်။သူက ဘိုင်ဝေကို လမ်းပြခိုင်းရင်း စကားပြောနေစေသည်။သိုသော် သူ့စိတ်ထဲတွင်တော့ တွေးနေမိ၏။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဝမ်လင်းက ရုတ်တရက် ပြောလာသည်။ “ဂျူနီယာညီမဘိုင်…နင် ကျင့်ကြံတဲ့ နည်းလမ်းက ဘာများလဲ…”
ဘိုင်ဝေက မင်သက်သွားသည်။သူ့အမူအရာက ပြောင်းလဲသွား၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းကို စူးစိုက်ကြည့်ရင်း ပြောလာသည်။ “အစ်ကိုဝမ်က ငါ့ကို အထင်သေးနေတာလား။ နင်က ငါ့ကို စိတ်ရှုပ်စရာလို့ ခံစားရရင် ငါထွက်သွားပေးမယ်။ နင်နဲ့ ဘယ်တော့မှ ထပ်မတွေ့တော့ဘူး…”
ဝမ်လင်းသည် အံ့အားသင့်သွား၏။ သူက ဘိုင်ဝေ၏ကျင့်ကြံမှုနည်းလမ်းကိုသာ မေးလိုက်ခြင်းပင်။ သို့သော် ဘိုင်ဝေက ခုလိုမျိုး အကြီးအကျယ် တုန့်ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အစ်ကိုဘိုင်…နားလည်မှုလွဲနေပြီ။ ငါက ဒီအတိုင်း မေးလိုက်ရုံပါ…”
ဘိုင်ဝေက သူ့အောက်နှုတ်ခမ်းကို ကိုက်ထား၏။သူက ခဏတာ စဉ်းစားနေသည်။ထို့နောက် သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်နှင့် ကြည့်ကာ ပြောလိုက်၏။ “ငါကျင့်ကြံတဲ့ နည်းလမ်းကို ကောင်းကင်နှစ်ထပ်ဆန္ဒ ပညာရပ်လို့ ခေါ်တယ်…” ထိုသို့ပြောလိုက်ပြီးနောက် ဘိုင်ဝေသည် တိတ်ဆိတ်သွားကာ သူသည် မြောက်အရပ်သို့ ပျံသန်းသွားတော့သည်။
“ကောင်းကင်နှစ်ထပ်ဆန္ဒပညာရပ်…” ဝမ်လင်းသည် ဘိုင်ဝေ၏ပုံရိပ်ကို ကြည့်ကာ သူ့မျက်လုံးတို့သည် တောက်ပလာ၏။သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ဘိုင်ဝေ၏ ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်တို့သည် ရုတ်တရက် အရှိန်ရလာသည်ကို ရှင်းလင်းစွာ တွေ့မြင်ရ၏။ ၎င်းစွမ်းအင်တို့က ဘိုင်ဝေ၏သွေးကြောများ တစ်လျှောက် ရွှေ့လျားနေရင်း အမှတ်အသားတစ်ခု ဖြစ်ပေါ်သည်။
ထိုအမှတ်အသားသည် ဘိုင်ဝေ၏သွေးကြောများတစ်လျှောက် ယင်စွမ်းအင်ရွှေ့လျားမှုကနေ ဖြစ်ပေါ်လာခဲ့ခြင်းပင်။ အရင်တုန်းက ဘိုင်ဝေ၏ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်သည် ဝမ်လင်း သတိပြုမိဖို့အတွက် နှေးနေ၏။ သို့ရာတွင် အခု သူက ၎င်းကို မြင်နိုင်ပေသည်။သို့သော် ထိုအမှတ်အသားသည် ခဏတာသာ ကြာမြင့်၍ ပြန်ပျောက်ကွယ်သွားလေ၏။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။သူက ထိုအမှတ်အသားကို မှတ်မိသွား၏။ သူက နောက်ထပ်မေးခွန်းများ ဆက်၍ မမေးတော့ဘဲ ဘိုင်ဝေနောက်သို့ ဆက်လိုက်သွားသည်။ သည့်နောက် သူသည် အကွာအဝေးတစ်ခုရှိ မြို့တစ်ခုကို လှမ်းတွေ့လိုက်ရသည်။
ထိုမြင့်သည် စက်ဝန်းလို တည်ရှိ၏။ ကျင့်ကြံသူများက စောင့်ကြပ်နေသည်။ သူတို့အနားသို့ မရောက်ခင်မှာပင် ဝမ်လင်းက ထိုမြို့ ပတ်ချာလည်ရှိ အတားအဆီးများမှ တုန်ခါမှုလှိုင်းများကို ခံစားမိသည်။
မိုးကုပ်စက်ဝန်းကနေ ဓားစွမ်းအင်တန်းများ သက်ဆင်းလာကြ၏။ တခါတရံ တစ်ယောက်တည်းဖြစ်ကာ တခါတရံ လူအများဖြစ်၏။ သူတို့က မြို့ပြင်သို့ ကောင်းကင်ထက်ကနေ ဆင်းသက်လာကြရင်း မြို့တွင်းသို့ ဝင်ရောက်ရန် သူတို့၏ဖိတ်စာများကို ပြသသည်။
ဝမ်လင်းက သူနှင့်မရင်းနှီးသည့်နေရာတွင် သူ့နတ်ဘုရားအာရုံကို မဖြန့်ကျက်ခြင်းက အကောင်းဆုံး ဖြစ်သည်ကို သိထား၏။ မဟုတ်ပါက မလိုလားအပ်သော နားလည်မှုလွဲခြင်းများ ဖြစ်လာနိုင်သည်။ သူက နဂိုသတိရှိသူတစ်ယောက်ဖြစ်၏။ သူ့ကျင့်ကြံမှုအဆင့်က တိုးတက်လာသော်လည်း သူ့သတိတရားကိုမူ လျော့ချပစ်ခြင်း မရှိပေ။တကယ်တော့ ကျင့်ကြံခြင်းလောက၌ သတိထားနိုင်မှသာ ရှင်သန်နိုင်မည် မဟုတ်လား။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို မြို့ရှိရာသို့ ပျံ့လွင့်စေ၏။ သူက နတ်ဘုရားအာရုံကို အလျင်စလို ပို့လွှတ်ခြင်း မဟုတ်ဘဲ လေပြေညင်းကဲ့သို့ ညင်သာစွာ ရွှေ့လျားစေခြင်းပင်။ သူက မြို့၏လျှို့ဝှက်ချက်ကို ရှာဖို့ မကြိုးစားပေ။ ထိုအစား အတားအဆီးတုန်ခါမှုလှိုင်းများကိုသာ အာရုံစိုက်ထား၏။
သူက သူနှင့်အစိမ်းသပ်သပ်တံခါးဝသို့ မရောက်ခင် ခုလိုမျိုး ပြုမူတတ်ပေသည်။တံခါးကို စောင့်ဖွင့်မည့်အစား ညင်သာစွာဖွင့်၍ အတွင်းဘက်ကို ကြည့်ရမည် မဟုတ်လား။ ထိုအရာက ယဉ်ကျေးမှု မရှိသော်လည်း ကျင့်ကြံခြင်းလောက၌ အများစုပြုလုပ်ကြသည့် အပြုအမူပင်။
လူတစ်ယောက်က အထက်စီးကနေ ခပ်ကြမ်းကြမ်း လွှမ်းမိုးလာခြင်း မရှိပါက အများအားဖြင့် မည်သည့်နားလည်မှုလွဲခြင်းကိုမျှ ဖြစ်စေနိုင်လိမ့်မည် မဟုတ်ပေ။
မြို့ပေါ်ရှိ အတားအဆီးသည် ဝမ်လင်းကို ဘာတစ်ခုမှ အဟန့်အတား မလုပ်ပေ။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်နှင့် အတားအဆီးအပေါ် နားလည်မှုတို့ဖြင့် မြို့ပေါ်ရှိ အတားအဆီးက သူ့နတ်ဘုရားအာရုံကိုပင် သတိပြုမိနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဝမ်လင်း၏နတ်ဘုရားအာရုံက မြို့ကို ခြုံလွှမ်းကြည့်ပြီးနောက် အတားအဆီးကြားထဲကနေ ပြန်ထွက်ဟန် ပြင်သည့်အခိုက်၌ နတ်ဘုရားအာရုံသုံးခုသည် ပုန်းကွယ်နေရာကနေ ပေါက်ကွဲထွက်လာ၏။၎င်းနတ်ဘုရားအာရုံတို့က နဂါးသုံးကောင်အလား ဝမ်လင်း၏ နတ်ဘုရားအာရုံထံသို့ တိုးဝင်လာကြတော့သည်။
“ငါ့တစ္ဆေမျက်လုံးမြို့ကို လာတဲ့ ကျင့်ကြံသူက ဘယ်သူများလဲ။ငါက ချန်ညီအစ်ကိုသုံးယောက်ထဲက အရှင်ရီချန်ပဲ…” ထိုနတ်ဘုရားအာရုံကနေ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာကာ ၎င်းနတ်ဘုရားအာရုံက ဝမ်လင်း၏နတ်ဘုရားအာရုံနားသို့ ရောက်လာသည်။
တချိန်တည်းမှာပင် နတ်ဘုရားအာရုံသုံခုကနေ ပုံရိပ်ယောင်နဂါးတစ်ကောင်အဖြစ်သို့ ဖြစ်ပေါ်၍ စတင်လှည့်ပတ်ကာ မုန်တိုင်းတစ်ခုကို ဖြစ်စေသည်။၎င်းတို့က ဝမ်လင်း၏ နတ်ဘုရားအာရုံ ထွက်သွားခြင်းကို တားဆီးထားတော့၏။
သူတို့နတ်ဘုရားအာရုံသုံးခုထဲမှ နှစ်ခုသည် အစောပိုင်းနိဗ္ဗာနကြိုမြင်ခြင်းအဆင့် ဖြစ်၏။အရှင်ရီချန် ဆိုသူ၏ နတ်ဘုရားအာရုံကမူ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အပိုင်း အဆင့် ဖြစ်သည်။ သူတို့သုံးယောက်ပေါင်း နတ်ဘုရားအာရုံများက ဝမ်လင်း၏နတ်ဘုရားအာရုံကို ချက်ခြင်း ပြန်မထွက်နိုင်စေရန် လုပ်ဆောင်ထားနိုင်သည်။
ဝမ်လင်း၏မန္တာန်များက သူ့ခန္ဓာကိုယ်အတွင်း၌ ရှိ၏။သူ့နတ်ဘုရားအာရုံကမူ ခုထိ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်သို့ မရောက်သေးပေ။ထို့ကြောင့် သူ့နတ်ဘုရားအာရုံအဖို့ ထိုသုံးယောက်ပေါင်း၏နတ်ဘုရားအာရုံတို့ကို ယှဉ်နိုင်ခြင်း မရှိပေ။
“ငါက ကောင်းကင်ကံကြမ္မာကလန်က ဝမ်လင်းပါ။ သင်တို့ ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်…” ဝမ်လင်းသည် အရင်ဆုံး မယဉ်မကျေး လုပ်ခဲ့သည့်အတွက် သူက ဒေါသ မဖြစ်ပေ။
“မင်းနတ်ဘုရားအာရုံက အဆင်အခြင်မဲ့တဲ့အတွက် ငါ ပိတ်လှောင်ထားလိုက်တာ။ ဒါပေမဲ့ မင်းက ငါ့ကို ခွင့်လွှတ်စေချင်နေတာလား။ ဒါက ဘယ်လို အကြောင်းပြချက်မျိုးလဲ။ ဒီနေ့ ငါတို့သုံးယောက်က မင်းကို မနာကျင်စေချင်ဘူး။ ဒီတော့ လူကိုယ်တိုင်မင်းအမှားကို လာဝန်ခံပြီး ချက်ခြင်း ထွက်သွားပါ။ မင်း တစ္ဆေမျက်လုံးမြို့ထဲကို ထပ်ဝင်လာရဲရင် ငါတို့ရဲ့ မကြင်နာမှုအတွက် အပြစ်မတင်တော့နဲ့…” အရှင်ရီချန်ဘေးရှိဘေး၌ သုန်မှုန်နေသည့် နတ်ဘုရားအာရုံတစ်ခု ပေါ်လာ၏။
ဝမ်လင်းနှင့်ဘိုင်ဝေတို့သည် မြို့အပြင်ဘက်တွင်သာ ရှိသေးသည်။ သူတို့က မြို့ထဲသို့ ဝင်ဖို့ စောင့်နေကြခြင်းပင်။ ဝမ်လင်းနှင့် ထိုသုံးယောက်၏အပြန်အလှန် စကားဆိုမှုကို လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က မြင့်မားလွန်းခြင်းမရှိပါက သတိပြုမိကြလိမ့်မည် မဟုတ်ပေ။
ဘိုင်ဝေသည်လည်း ဘာတစ်ခုမှ သတိပြုမိသည့်ပုံ မရှိပေ။ သို့သော် ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။
“ရောင်းရင်းကျင့်ကြံသူ ဒီအတွက် စိတ်မရှိဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ငါတို့သုံးယောက်က ဒီတစ္ဆေမျက်လုံးမြို့ကို စောင့်ကြပ်နေရတာ ဖြစ်တယ်။ ဒါ့ကြောင့် ငါတို့က သတိထားရတယ်။ သင် ငါတို့ ပြောသလို မလုပ်ရင် သင့်နတ်ဘုရားအာရုံကို ဖျက်စီးပစ်ရလိမ့်မယ်။ အဲ့ကျမှ ငါတို့ကို အပြစ်မတင်ပါနဲ့…”
အရှင်ရီချန်က သက်ပြင်းချ၏။သူက ထိုသို့ ပြုလုပ်ခြင်းသည် အနည်းငယ်များမှန်း သိနေ၏။ဝမ်လင်း၏ နတ်ဘုရားအာရုံ ဖြန့်ကျက်သည့် အပြုအမူက ပုံမှန်ပင်၊ရန်လိုမှုလည်း ရှိမနေခဲ့ပေ။
ချန်ညီကိုသုံးယောက်သည်လည်း အရင်တုန်းက ဝမ်လင်းကဲ့သို့ ပြုလုပ်ခဲ့ကြဖူးသူများသာ ဖြစ်ကြ၏။ အခုချိန်တွင်မူ သူတို့က တစ္ဆေမျက်လုံးမြို့က ငှားယမ်းထား၏။ ထို့ကြောင့် သူတို့က သတိထားရပေမည်။ သည့်အပြင် ခုချိန်၌ သူတို့က အနည်းငယ် မပျော်မရွှင် ဖြစ်နေ၏။
ပုံမှန်အားဖြင့် ဂြိုဟ်ပေါ်ရှိ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် မွန်းစတားအိုများသည် သည်မြို့ကို သူတို့ညီအစ်ကိုသုံးယောက် စောင့်ကြပ်နေမှန်း သိထားကြ၏။ ထို့ကြောင့် အများစုသည် သူတို့သုံးယောက်ကို လေးစားမှု ပြသသည့်အနေဖြင့် သူတို့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြခြင်း မရှိပေ။
အခု သူတို့ရှေ့ရှိ လူကမူ မည်သည့်လေးစားမှုမှလည်း မပြသပေ။
“ဒီလူက သူ့အမှားကို ဝင်မခံဘဲ ငါတို့သုံးယောက်နဲ့ လာတိုက်ခိုက်ရင်တော့ လက်ရည်ညီမယ်ဆို ငါ သူ့ကို လေးစားနိုင်ဦးမယ်။ ဒါပေမဲ့လည်း သူက ငါတို့သုံးယောက် ဘယ်လောက်သန်မာတာကို တွေ့နေမှတော့ ယဉ်ယျဉ်ကျေးကျေး ပြုမူသင့်တယ်မလား…”
“မင်းကို စဉ်းစားဖို့ အချိန်သုံးစက္ကန့်ပေးမယ်…” အရှင်ရီချန်က နတ်ဘုရားအာရုံဖြင့် ထိုသို့ ပြောလိုက်၏။ သည်လူကသာ ကောင်းကင်ဘုံကံကြမ္မာကလန်က အမှန်တကယ်လာသည်ဆိုပါက ရှေ့ဖြစ်ဟောသူသည် သူ့တို့နှင့်ရင်ဆိုင်ရန် သူ့ကိုယ်သူ နှိမ့်ချလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူတို့သုံးယောက်က သည်လူ့ကို သတ်ပစ်ခြင်းလည်း မဟုတ်ပေ။ တကယ်တော့ သူတို့သုံးယောက်က သည်လူ့ကို အခွင့်အရေးလည်း ပေးခဲ့သေးသည် မဟုတ်လား။ထို့အတွက်ကြောင့် သူတို့ သည်နတ်ဘုရားအာရုံကို ဖျက်စီးပစ်လျှင်ပင် မည်သူကမျှ ဘာမှ ပြောကြလိမ့်မည် မဟုတ်ပေ။
အကယ်၍ သည်နေရာမှာ တာလော့ဓားကလန်က လူဖြစ်နေပါက အရှင်ရီချန်သည် ခုလိုမျိုး တွေးလိမ့်မည် မဟုတ်တော့ပေ။ တကယ်တော့ ဓားသူတော်စင်လင်းထျန်ဟူက သူ့တပည့်များကို ကာကွယ်ပေးရာ၌ ကျော်ကြားလှသည် မဟုတ်လား။
အသက်ရှုချိန်သုံးကြိမ်စာသည် ခဏလေးနှင့် ကုန်သွား၏။ အရှင်ရီချန်က အေးစက်စက်နှာခေါင်းရှုံ့သည်။ သူတို့သုံးယောက်ပေါင်းကြောင့် ဖြစ်လာသည့် နတ်ဘုရားအာရုံနဂါးသည် မာန်သွင်းကာ ပိတ်လှောင်ခြင်း ခံထားရသည့် ဝမ်လင်း၏ နတ်ဘုရားအာရံကို ဖျက်စီးပစ်ရန် ဟန်ပြင်လာ၏။
“မင်းတို့သုံးယောက် လွန်လွန်းသွားပြီ…” ဝမ်လင်းသည် ဘိုင်ဝေနှင့်ရှုလီကောတို့ကို အာရုံမစိုက်တော့ဘဲ သူက မျက်မှောင်ကြုတ်၍ ခြေတစ်လှမ်းဖြင့် ပျောက်ကွယ်သွားလေ၏။
တစ္ဆေမျက်လုံးမြို့၏ အတားအဆီးသည် ဝမ်လင်းကို မည်သို့ ဟန်တားနိုင်ပါ့မည်နည်း။ ဝမ်လင်းပျောက်ကွယ်သွားသည်နှင့် မြို့ရှိအတားအဆီးသည် ခဏအတွင်း ပျက်စီးသွားလေသည်။
ထိုအတားအဆီးပျက်စီးသွားသည်နှင့် ဝမ်လင်း၏ပုံရိပ်က တစ္ဆေမျက်လုံးမြို့အထက်၌ ပေါ်လာ၏။ သူ့အမြန်နှုန်းမှာ စိတ်ကူးနိုင်သည်ထက်ပို၏။ ဝမ်လင်းက ထွက်ပေါ်လာသည်နှင့် နတ်ဘုရားအာရုံနဂါးကို တိုက်ရိုက် ဖမ်းယူလိုက်သည်။ ထိုနဂါးက ရုန်းကန်၏။သို့သော် အသုံးမဝင်ပေ။ ဝမ်လင်းက ၎င်းနတ်ဘုရားအာရုံနဂါး ပိတ်ညှစ်ချေလိုက်ရာ ကျယ်လောင်စွာ မြည်ဟိန်း၍ နတ်ဘုရားအာရုံနဂါးသည် ပျက်စီးသွားတော့သည်။
တစ္ဆေမြို့အတွင်း၌ လှပသောအဆောက်အဦ တစ်ခု ရှိ၏။ ထိုအဆောက်အဦ၏ တတိယမြောက်အခန်းထဲ၌ အစိမ်းရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောကသည် မျက်လုံးမှီတ်၍ ထိုင်နေ၏။ အခုအခိုက်အတန့်၌ သူ့မျက်လုံးသည် ရုတ်တရက် ဖွင့်လာကာ သွေးအန်ထုတ်လိုက်ရ၏။သူ့အသွင်သည် အကြီးအကျယ် ပြောင်းလဲသွားရသည်။
“နိဗ္ဗာနသန့်စင်ခြင်းအဆင့် မွန်းစတားအို…”
ထိုအဘိုးအို၏ခန္ဓာကိုယ်သည် အခန်းထဲကနေ ဖျပ်ခနဲ ပျောက်ကွယ်သွားလေ၏။
***