← Chapters

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း ၃၀၂

Vol. 31 Ch. 302

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၂

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ကျောက်ခန်းမအတွင်း၌ ပိုင်လင်လီ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယီစင်းနှင့် အခြားသူများလည်း သူတို့စွမ်းအားများကို ချက်ချင်းလှုံ့ဆော်ကာ လင်းချန်အနားသို့ စုရုံးလာကြသည်။

ကျောက်လုံသည်လည်း နတ်လှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဒေါသထွက်နေသည့် မျက်နှာဖြင့် ပိုင်လင်လီကို စိုက်ကြည့်နေ၏။

တကယ်တော့ သူသည် အရိပ်မဲ့မျိုးနွယ်စုဝင်များ ခံတပ်ဆီသို့ ဦးတည်လာနေသည်ကို စောစောကတည်းက သတိထားမိခြင်း ဖြစ်သည်။ သို့သော် လင်းချန်က ဇွတ်မလုပ်နှင့်ဦးဟု စိတ်ထဲမှတစ်ဆင့် အမိန့်ပေးထားသောကြောင့်သာ ငြိမ်နေခြင်း ဖြစ်၏။

မဟုတ်လျှင်မူ ဤမျှရဲတင်းလှသည့် ကျူးကျော်သူများကို သူကိုယ်တိုင် လှံဖြင့်ထိုးနှက်ကာ ချေမှုန်းပြီးလောက်လေပြီ။

လင်းချန် ခန့်မှန်းထားသည့်အတိုင်းပင် သူသည် အရိပ်မဲ့မျိုးနွယ်ဝင်များ လာနေသည်ကို အတော်ကြာကတည်းက သိရှိနေသည်။ ကမ္ဘာငယ်လေးတစ်ခုလုံး၌ ဟွာရှာအင်ပါယာ၏ ထောက်လှမ်းရေးသားရဲများ နေရာအနှံ့ ရှိနေသောကြောင့် မည်သို့ပင် လှုပ်ရှားစေကာမူ ကျူးကော့မင်က သူ့ထံသို့ အသေးစိတ် သတင်းပို့ထားပြီးသား ဖြစ်၏။

အရိပ်မဲ့မျိုးနွယ်စုမှာ အရိုးဓားငါးမျိုးနွယ်စုများ ပျောက်ကွယ်သွားသည့် နေရာမှ စတင်ပေါ်ထွက်လာပြီး ဤဘက်သို့ လာကြခြင်း ဖြစ်သည်။

သူတို့၌ ကိုယ်ယောင်ဖျောက်နိုင်သည့် ပါရမီရှိသော်လည်း စွမ်းအားကုန်ဆုံးမှု မြန်ဆန်လှသဖြင့် ခရီးသွားနေစဉ်တစ်လျှောက်လုံး ထိုပါရမီကို အသုံးမပြုနိုင်ကြပေ။ ထို့ကြောင့် အစကတည်းက သူတို့သည် လင်းချန်၏ စောင့်ကြည့်မှုအောက်၌သာ ရှိနေကြခြင်း ဖြစ်၏။

ပိုင်လင်လီက လင်းချန်၏ တည်ငြိမ်နေသည့် အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ ရောက်လာတာကို မင်းက သိပ်ပြီး အံ့ဩပုံမရဘူးပဲ။"

ဝုန်းးး။

ထိုအချိန်၌ မြေအောက်ခန်းမကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။ လင်းချန်နှင့် ကျောက်လုံမှအပ ကျန်ရှိသူများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့ ဆင်းလာသည့် ဝင်ပေါက်ဆီမှ ကျောက်တုံးကြီးများ ပြိုကျလာကာ ဝင်ပေါက်မှာ လုံးဝ ပိတ်ဆို့သွား၏။

လင်းချန်က အံ့ဩနေသည့် ယီစင်းတို့ကို ရှင်းပြလိုက်သည်။

"စိတ်မပူကြနဲ့။ ဒါက ငါ့လူတွေကို အပြင်ကနေ ပိတ်ခိုင်းလိုက်တာ။ တစ်ခုခုဖြစ်လာရင် ကြိုတင်ကာကွယ်ထားတာပါ။ ဘာပဲဖြစ်ဖြစ် အရိပ်မဲ့မျိုးနွယ်စုထဲက တစ်ယောက်ကိုမှ ငါတို့ အလွတ်မပေးနိုင်ဘူး။"

ထိုသို့ပြောပြီးနောက် လင်းချန်က ပိုင်လင်လီကို ကြည့်ကာ ပြုံးနေလိုက်၏။ ဘာမျှထပ်မပြောတော့ပေ။

ဘာမှအမှားအယွင်း မရှိစေရန် လင်းချန်က ထွက်ပေါက်ကို အသေပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ဤကျောက်ခန်းမအတွင်း၌လည်း လူများကို မပျံသန်းနိုင်အောင် တားဆီးထားသည့် အစီအရင်တစ်ခု ရှိနေ၏။ ထိုအစီအရင်ကြောင့်ပင် ခန်းမကြီးမှာ အလွန်ခိုင်ခံ့နေခြင်း ဖြစ်သည်။

အစီအရင်မှာ အကြမ်းစား ပြုလုပ်ထားခြင်းဖြစ်ပြီး ချို့ယွင်းချက်များစွာ ရှိနေသလို နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ စွမ်းအားများလည်း အတော်လေး လျော့နည်းနေပြီ ဖြစ်၏။ သို့ဖြစ်၍ ဖျက်ဆီးရန်မှာ မခက်ခဲလှပေ။

အရိပ်မဲ့မျိုးနွယ်ဝင်များက တကယ်တမ်း ထွက်ပြေးချင်ပါက အစီအရင်ကို ဖျက်ဆီးပြီး မြေပြင်ကို ဖောက်ထွက်သွားနိုင်သည်။ သို့သော် လင်းချန်တို့ ရှိနေသည့်အတွက် ပိုင်လင်လီတို့အတွက်မူ ထိုအလုပ်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

ပိုင်လင်လီက ခေါင်းရမ်းကာ လင်းချန်ကို စိုက်ကြည့်လိုက်သည်။

"မဖြစ်နိုင်တာ။ ငါတို့က မြေအောက်ထဲမှာ ရှိနေတာကို။ ပြီးတော့ ဘိုးဘေးတွေရဲ့ အစီအရင်ထဲမှာ ရှိနေတာတောင် မင်းက ငါတို့ရှိနေတာကို ဘယ်လိုသိတာလဲ။"

ထို့နောက် သူက ဆက်ပြော၏။

"ဖြစ်နိုင်တာကတော့ ငါတို့ ရောက်လာတာကို ဒီအမွေအနှစ်ပစ္စည်းက အာရုံခံမိလို့ မင်းသိသွားတာ နေမှာပါ။"

ပြောပြောဆိုဆိုနှင့် ပိုင်လင်လီက တောင်ပံပါသည့် ရတနာပုတီးစေ့ဆီသို့ လက်ညှိုးလှမ်းညွှန်လိုက်သည်။ ထိုအချိန်၌ ရတနာပုတီးစေ့ဆီမှ လေပြေလေးများ ပိုမိုပြင်းထန်လာပြီး အစိမ်းရောင်မှာလည်း ပို၍ တောက်ပလာ၏။

ရတနာပုတီးစေ့၏ တောင်ပံများလည်း ပိုင်လင်လီရှိရာဘက်သို့သာ တဖျတ်ဖျတ် ခတ်နေသည်။ ဤသည်ကို မြင်မှ ကျန်သောလူများလည်း သဘောပေါက်သွားကာ ဝမ်းသာသွားကြ၏။

အရိပ်မဲ့မျိုးနွယ်ဝင်များမှာ ကိုယ်ယောင်ဖျောက်တတ်သဖြင့် ဒုက္ခပေးလွန်းလှသည်။ ယခုမူ ဤရတနာက ရန်သူရှိသည့်ဘက်သို့ ညွှန်ပြနေသဖြင့် သူတို့အတွက် သံလိုက်အိမ်မြှောင်ရသကဲ့သို့ ဖြစ်သွားပြီ မဟုတ်လော။

ပိုင်လင်လီက လှောင်ပြုံးလိုက်၏။

"မင်းတို့ပုံစံတွေကို ကြည့်ရတာ ဒီရတနာရှိရင် ငါတို့ကို ရှာတွေ့နိုင်မယ်လို့ ထင်နေကြတာလား။ အခုက ငါတို့ အတူတူရပ်နေလို့ အရှိန်အဝါ အရမ်းအားကောင်းနေလို့ ပြနေတာပဲ ရှိတာ။"

ထို့နောက် သူက အမိန့်ပေးလိုက်သည်။

"ကဲ... လူစုခွဲကြစမ်း။"

ပိုင်လင်လီက လက်ဝှေ့ယမ်းလိုက်သည်နှင့် လင်းချန်၏နောက်ကွယ်၌ ရှိနေသည့် အရိပ်မဲ့မျိုးနွယ်ဝင် တစ်ထောင်ခန့်မှာ အရပ်မျက်နှာ အသီးသီးသို့ ရုတ်တရက် လူခွဲလိုက်ကြ၏။

ထိုအချိန်၌ ရတနာပုတီးစေ့၏ တောင်ပံများမှာ ပိုင်လင်လီဘက်သို့ ညွှန်ပြရာမှ ရပ်တန့်သွားပြီး အစကကဲ့သို့ပင် စည်းချက်မရှိဘဲ တဖျတ်ဖျတ် ခတ်နေသည်။

ဤအခြေအနေကို မြင်သည့်အခါ လူတိုင်း မျက်နှာပျက်သွားကြသော်လည်း ပိုင်လင်လီကမူ ကျေနပ်စွာ ပြုံးနေ၏။

ပိုင်လင်လီ ပြုံးနေစဉ်မှာပင် လင်းချန်၏ အသံ ထွက်ပေါ်လာသည်။

"ကျုပ်တို့ အခုရှိနေတဲ့ နေရာရဲ့ တောင်ဘက်အစွန်ဆုံးမှာ လွန်ခဲ့တဲ့ တစ်နာရီက အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာတယ်။"

လင်းချန်က ဆက်ပြော၏။

"အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်က မင်းပဲ။ မင်းက သေခြင်းရှင်ခြင်းနယ်ပယ်က အရိပ်မဲ့မျိုးနွယ်ဝင် တစ်ယောက်။ မင်းနဲ့အတူ လူပေါင်း နှစ်ရာ ပါလာပြီး အခု သူတို့အားလုံး ဒီကျောက်ခန်းမထဲမှာ ရှိနေကြတယ်။"

"လမ်းတစ်လျှောက်မှာ မင်းတို့အဖွဲ့ဟာ စိတ်ဝိညာဉ်သားရဲ သုံးရာ့ခြောက်ဆယ့်လေးကောင်နဲ့ တွေ့ပြီး အကုန်သတ်ကြတယ်။ အဲ့ဒီထဲက တစ်ရာ့နှစ်ဆယ့်ခုနစ်ကောင်ကို မင်းကိုယ်တိုင် သတ်တာပဲ။ ဒါ့အပြင် မင်းတို့အဖွဲ့ထဲမှာ ကျုပ်စိတ်ကို ဆွဲဆောင်နိုင်တဲ့ လူ နှစ်ယောက်လည်း ရှိနေသေးတယ်။"

ထိုအချိန်၌ လင်းချန်က သူ၏ဘယ်ဘက်သို့ လက်ညှိုးလှမ်းညွှန်လိုက်သည်။

"ဒီနှစ်ယောက်က အမြွှာညီအစ်ကိုတွေ ဖြစ်ရမယ်။ သူတို့က ပေါင်းစပ်တိုက်တဲ့ နည်းစနစ်ကို တတ်ထားပုံရတယ်။ သူတို့ သတ်တဲ့ သားရဲအရေအတွက်က အကောင် တစ်ရာတိတိပဲ။ အဲ့ဒါကိုတော့ ကျုပ်က ချီးကျူးပါတယ်။ ဒါပေမဲ့ ပြောရမယ်ဆိုရင် မင်းတို့အဖွဲ့ထဲမှာ မိန်းကလေး သိပ်မပါဘူး... တစ်ဆယ့်လေးယောက်ပဲ ရှိတယ်။"

လင်းချန်က တစ်ခွန်းပြီးတစ်ခွန်း ပြောလိုက်သည့်အခါ ပိုင်လင်လီ၏ မျက်နှာမှာ အံ့ဩရာမှ ထိတ်လန့်သွားပြီး ထိုမှတစ်ဆင့် ကြောက်ရွံ့ခြင်းသို့ ပြောင်းလဲသွား၏။ သူသည် တစ်ကိုယ်လုံး အေးစက်သွားကာ ရှေ့ရှိလူငယ်ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။

ဒါက ဘယ်လိုဖြစ်နိုင်မည်နည်း။

တစ်ဖက်လူက သူတို့၏ လှုပ်ရှားမှုများကို မည်သို့များ ဤမျှအထိ အသေးစိတ် သိနေရသနည်း။ လမ်း၌ သတ်သည့် သားရဲအရေအတွက်ကအစ အကုန်သိနေ၏။ ကိုယ်ယောင်ဖျောက်ထားသည်ကိုပင် ဘယ်လိုများ ဤမျှအထိ အတိအကျ သိနေရသနည်း။

လက်ရှိအချိန်၌ ပိုင်လင်လီမှာ သူ၏အဖွဲ့အတွင်း ရန်သူ့သူလျှို ရှိနေမလားဟုပင် သံသယဝင်သွားမိသည်။

လင်းချန်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်၏။

"မင်းက တကယ်ကို မိုက်မဲတာပဲ။ မင်းလူတွေ အကုန်လုံးကို အထဲကို ခေါ်မလာခင်မှာ ဘာမှတောင် မစဉ်းစားဘူးလား။ ကျုပ်သာ မင်းနေရာမှာဆိုရင် အပြင်မှာ လူအနည်းငယ် ချန်ထားပြီး အခြေအနေ စောင့်ကြည့်ခိုင်းမယ်။ အချိန်အတော်ကြာတဲ့အထိ ဘာသတင်းမှ မရရင် ပြန်သွားပြီး သတင်းပို့ခိုင်းမှာပေါ့။"

သူက ဆက်ပြောသည်။

"ဒါပေမဲ့ မင်း ဘယ်လိုပဲ လုပ်လုပ် အလကားပါပဲ။ ဘာလို့လဲဆိုတော့ ကျုပ်လူတွေက မင်းလူတွေကို သတ်ပစ်မှာမို့လို့ပဲ။"

ပြောပြီးသည်နှင့် လင်းချန်က ရတနာပုတီးစေ့ ရှိရာသို့ လျှောက်သွားပြီး ယူရန် လက်လှမ်းလိုက်၏။ ပိုင်လင်လီက စောစောက အပြောခံရသည်များကို မခံချင်စိတ်ဖြင့် ပြန်လည်တုံ့ပြန်ရန် ကြိုးစားလိုက်သေးသည်။

ထိုအချိန်၌ လင်းချန်၏လက်မှာ ရတနာပုတီးစေ့ဆီသို့ နီးကပ်သွားပြီ ဖြစ်၏။ ချက်ချင်းဆိုသလိုပင် ရတနာထဲမှ ရှေးဟောင်းစိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်လာပြီး ဟိန်းဟောက်လိုက်သည်။

"ငါ့မျိုးနွယ်ရဲ့ မျိုးဆက်က ဒီမှာ ရှိနေတာကို။ ဒီလူသားအောက်တန်းစားတွေက ငါတို့မျိုးနွယ်ရဲ့ အမွေအနှစ်ကို ခိုးချင်နေတာလား။ အခု ချက်ချင်း ထွက်သွားစမ်း။"

အမွေအနှစ်လက်နက်အတွင်းရှိ အမွေဆက်ခံသူ၏ စိတ်ဆန္ဒနှင့်အတူ ပါရှိလာသည့် ဟိန်းဟောက်သံကြီးသည် ကျောက်ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွားပြီး အဆုံးမရှိအောင် ပျံ့လွင့်သွား၏။ ထိုစိတ်ဆန္ဒ ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် ပိုင်လင်လီသည် လင်းချန် တစ်စုံတစ်ခု အမှားအယွင်းဖြစ်မည်ကို စောင့်ကြည့်နေသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းဇီတဲ၏ မျက်နှာမှာလည်း ရုတ်တရက် ပြောင်းလဲသွားပြီး ဒုက္ခပဲဟု ရေရွတ်လိုက်မိ၏။

ယခင်က အရိပ်မဲ့မျိုးနွယ်စုဝင်များ ဤကျောက်ခန်းမအတွင်းသို့ မဝင်ရောက်နိုင်ကြသောကြောင့် အမွေအနှစ်လက်နက်မှာ တိမ်မြှုပ်နေသည့် အခြေအနေ၌ ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ထိတွေ့လိုက်စဉ်က တုံ့ပြန်မှုမှာ အလိုအလျောက် ခုခံခြင်းမျှသာဖြစ်ပြီး ပြောပလောက်သည့် အရာမဟုတ်ပေ။

သို့သော် ယခုအခါ၌မူ အရိပ်မဲ့မျိုးနွယ်ဝင်များ ကျောက်ခန်းမအတွင်း ပေါ်လာပြီဖြစ်ရာ အမွေအနှစ်လက်နက်မှာ တစ်စုံတစ်ရာသော အဓိပ္ပာယ်အရ နိုးထလာပြီ ဖြစ်၏။

ထိုသို့သော အခြေအနေ၌ လင်းချန်က လှမ်းကိုင်လိုက်ခြင်းကြောင့် အမွေအနှစ်လက်နက်ထံမှ ပြင်းထန်သော တုံ့ပြန်မှုများ ထွက်ပေါ်လာပြီး အလွန်အားကောင်းသည့် တွန်းကန်အားကို ဖြစ်ပေါ်စေသည်။

မျက်စိဖြင့် မြင်နိုင်သည့် အပြာနုရောင် လေပြေလေးများသည် ဟာရီကိန်းမုန်တိုင်းအဖြစ်သို့ စတင်ပြောင်းလဲလာပြီး မည်သူမျှ မကျူးကျော်ဝံ့သော ထိပ်တန်းအရှိန်အဝါ စိတ်ဆန္ဒကြီးမှာ ကျောက်ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

လင်းချန် တစ်ယောက်တည်းသာမကဘဲ ကျောက်ခန်းမအတွင်းရှိနေသည့် အရိပ်မဲ့မျိုးနွယ်ဝင် မဟုတ်သူအားလုံးမှာလည်း အမွေအနှစ်လက်နက်၏ စိတ်ဆန္ဒ တိုက်ခိုက်မှုဒဏ်ကို ခံစားလိုက်ရသည်။

"တိုက်ကြစမ်း။"

ပိုင်လင်လီသည် တစ်ဖက်လူ ဒုက္ခရောက်နေသည်ကို ကြည့်ကာ ကျေနပ်နေသော်လည်း လက်ရှိအချိန်မှာ တိုက်ခိုက်ရန် အခွင့်ကောင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေ၏။

အမွေအနှစ်လက်နက် နိုးထလာချိန်၌ ပြင်ပလူတစ်ယောက်က ချဉ်းကပ်လာခြင်းကြောင့် ထွက်ပေါ်လာသည့် စွမ်းအားမှာ သေစေနိုင်သည်အထိ မပြင်းထန်သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိစေရန်မူ လုံလောက်လှသည်။ ပိုင်လင်လီသည် လင်းချန်တို့ အရှက်ကွဲနေသည်ကို ကြည့်နေရုံမျှဖြင့် အားမရဘဲ ဤကဲ့သို့သော အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်ကာ သတ်ဖြတ်ရှင်းလင်းရန် ဆုံးဖြတ်လိုက်၏။

ပိုင်လင်လီ၏ အမိန့်ကို ကြားလိုက်သည်နှင့် ကိုယ်ယောင်ဖျောက်နေကြသည့် အရိပ်မဲ့မျိုးနွယ်ဝင်များသည် ဓားမြှောင်တိုများကို အသီးသီး ထုတ်ယူလိုက်ကြသည်။ အများအပြားမှာ လင်းချန်နှင့် သူ၏ အပေါင်းအပါများရှိရာသို့ လျင်မြန်စွာ ပြေးဝင်သွားကြပြီး တိုက်ခိုက်ရန်အတွက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ထားကြကုန်၏။

ပြေးဝင်သွားကြသည့် အရိပ်မဲ့မျိုးနွယ်ဝင်များထဲ၌ လင်းချန် စောစောက ညွှန်ပြသော အမြွှာညီအစ်ကိုလည်း ပါဝင်နေသည်။ ထို့ပြင် ပိုင်လင်လီ ကိုယ်တိုင်လည်း လှုပ်ရှားလိုက်ပြီး အမွေအနှစ်လက်နက်ကို လှမ်းယူနေကာ ကျောပေးထားသည့် လင်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။

သူသည် လင်းချန်ထံသို့ ပြေးဝင်နေစဉ်အတွင်း စိတ်ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ်အတွင်း၌ တိတ်တဆိတ် လှည့်ပတ်နေစေပြီး သူ၏ ပါရမီကို အသုံးပြုကာ ဝိုးတဝါး ပုံရိပ်အဖြစ်မှ ဟင်းလင်းပြင်အတွင်းသို့ လုံးဝ ပျောက်ကွယ်သွားသည်။

ရှေးဟောင်းလက်နက်၏ စိတ်ဆန္ဒကြီးမှာ လင်းချန်၏ ရှေ့မှောက်၌ ပေါက်ကွဲထွက်လာပြီး သူ၏ အသိစိတ်ပင်လယ်ကို တိုက်ခိုက်လိုက်သောအခါ လင်းချန်၏ မျက်နှာပေါ်၌မူ လှောင်ပြောင်သည့် အမူအရာတစ်ခုသာ ပေါ်ထွက်လာ၏။

'ငါ့ကို ထွက်သွားခိုင်းတာလား။ မင်းမှာ အဲ့ဒီလို လုပ်ပိုင်ခွင့်ရှိလို့လား'

လင်းချန်က စိတ်တွင်းမှ ရေရွတ်လိုက်သည်။

ထိုခဏ၌ လင်းချန်သည် ရုတ်တရက် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး အမွေအနှစ်လက်နက်ပေါ်သို့ လက်ဝါးကို ပြင်းထန်စွာ ဖိချလိုက်၏။

"ငါကိုယ်တော် ရှေ့မှာတော့ မရိုမသေ မလုပ်နဲ့။"

လင်းချန်သည် သူ့ကိုယ်သူ နန်းသုံးစကားဖြင့် သုံးနှုန်းလိုက်သည်နှင့် တစ်ပြိုင်နက် ခမ်းနားထည်ဝါလှသည့် ရွှေရောင် လက်သည်းငါးခုပါ ရွှေနဂါး ကိုးကောင်မှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဝန်းရံလှည့်ပတ်သွားသည်။

လင်းချန်၏ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားမှာ စတင်ထွက်ပေါ်လာပြီး ဧကရာဇ်၏ အာဏာစွမ်းရည်များမှာ ဧကရာဇ်ကောင်းကင်ဝတ်ရုံအဖြစ် ဖြစ်တည်လာကာ နဂါးကိုးကောင်ကိုလည်း လောင်ကျွမ်းနေစေ၏။

အတိုင်းအဆမရှိသည့် ဧကရာဇ်၏ အရှိန်အဝါမှာ အရိပ်မဲ့မျိုးနွယ်စု၏ အစွမ်းထက်သော ဘိုးဘေးကြီး၏ ရှေးဟောင်းစိတ်ဆန္ဒကို ဖိနှိပ်ချေမှုန်းလိုက်သည်။ လင်းချန်၏ ရှေ့မှောက်၌မူ ဒူးထောက်အရှုံးပေးခြင်းသာ အမြဲရှိ၏။

ခဏချင်းမှာပင် အခြားသူများ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် ကျောက်ခန်းမတစ်ခုလုံးကို လွှမ်းမိုးထားသည့် ရှေးဟောင်းစိတ်ဆန္ဒမှာ အစအနမကျန် ပျောက်ကွယ်သွားပြီး အလိုအလျောက် ဒူးထောက်မိစေနိုင်သော ဧကရာဇ်၏ လွှမ်းမိုးမှုကြီးက အစားထိုး ဝင်ရောက်လာသည်။

သို့သော် ယီစင်းမှာမူ ထိုဖိအားဒဏ်ကို မခံစားရဘဲ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အနီရောင် အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာကာ လင်းချန်၏ ဧကရာဇ်အရှိန်ဝါနှင့် တစ်သားတည်း ကျသွား၏။ သို့သော် ဤဖြစ်ရပ်မှာ ခဏတာမျှသာ ဖြစ်ပြီး လင်းချန်ရော အခြားသူများပါ သတိမထားမိလိုက်ကြပေ။

လင်းချန်နှင့် အပေါင်းအပါများထံသို့ ပြေးဝင်လာသည့် ပိုင်လင်လီနှင့် သူ၏လူများမှာ ဤကဲ့သို့သော အလှည့်အပြောင်းကို ထင်မှတ်မထားကြပေ။ သူတို့သည် ရွှေနဂါးကိုးကောင်ဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးအတားအဆီးကို တိုက်ရိုက် တိုက်မိသွားကြပြီး ပြင်းထန်လှသည့် တုန်ခါမှုကြောင့် တစ်ယောက်ချင်းစီမှာ နောက်သို့ လွင့်စင်သွားကြ၏။

ဝေါ့းးး။

အရိပ်မဲ့မျိုးနွယ်ဝင်များသည် တစ်ဦးပြီးတစ်ဦး ပြင်းထန်သည့် ရိုက်ခတ်မှုဒဏ်ကြောင့် သွေးအန်ကာ လွင့်ထွက်သွားကြကုန်သည်။

အချို့မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အချို့မှာမူ အခြားသော အရိပ်မဲ့မျိုးနွယ်ဝင်များ၏အပေါ်သို့ ထပ်လျက်ကျသွားကြရာ သူတို့၏ ကိုယ်ထင်ရှားမှုကို ဖော်ပြသကဲ့သို့ ဖြစ်သွား၏။

ထိုအချိန်၌ လင်းချန်မှာ သူရှိနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်ခဏ၌ နောက်သို့ လွင့်စင်သွားသည့် ပိုင်လင်လီ၏ အနားသို့ ရောက်ရှိသွားသည်။

လင်းချန်က ရုတ်တရက် ချဉ်းကပ်လာသည်ကို မြင်သည့်အခါ ပိုင်လင်လီ၏ မျက်နှာပေါ်၌ အံ့ဩရိပ်များ ပေါ်လာသော်လည်း ထိတ်လန့်သွားခြင်း မရှိပေ။ သူသည် အဖွဲ့အတွင်း အင်အားအကြီးဆုံးဖြစ်ပြီး သေခြင်းရှင်ခြင်းနယ်ပယ် နှလုံးသားအဆင့်၌ ရှိနေသူဖြစ်ရာ စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားရုံမျှသာဖြစ်ပြီး လက်တွေ့၌မူ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။

ပိုင်လင်လီက နှာခေါင်းရှုံ့လိုက်၏။

"သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ ခန္ဓာအဆင့် ကလေးလေးတစ်ယောက်က လှည့်ကွက်လေးတွေနဲ့ လူတွေကို လှည့်စားနေတာပဲ။"

ထို့နောက် သူက လေထဲ၌ လှည့်ပတ်ကာ ကိုယ်ဟန်ကို ပြန်ထိန်းလိုက်ပြီး လှည့်ပတ်နေသည့် လေပြေလေးများနှင့်အတူ သူရှိရာနေရာမှ ပျောက်ကွယ်သွားပြန်သည်။

ပိုင်လင်လီ ပြန်လည်ပေါ်ထွက်လာချိန်၌ လင်းချန်၏ နောက်ကျောဘက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ မျက်နှာပေါ်၌ ကြမ်းတမ်းသော အပြုံးတစ်ခုနှင့်အတူ ဓားမြှောင်တိုကို ထုတ်ကာ လင်းချန်၏ ကျောပြင်ကို ရက်ရက်စက်စက် ထိုးစိုက်ရန် ပြင်လိုက်၏။

ဂျွမ်းးးးး။

လင်းချန်၏ ခန္ဓာကိုယ်အတွင်းမှ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများမှာ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာပြီး သူ ဝတ်ဆင်ထားသည့် ဧကရာဇ်ဝတ်ရုံ၌ လွှမ်းခြုံသွားသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၂ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters