အခန်း ၃၀၃
Vol. 31 Ch. 303
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၃
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ထိုခဏ၌ ပိုင်လင်လီ၏ စိတ်ဝိညာဉ်စွမ်းအားများ လွှမ်းခြုံထားသည့် ဓားမြှောင်တိုမှာလည်း စူးရှသော အသံကြီးနှင့်အတူ လင်းချန်ထံသို့ ထိုးစိုက်လိုက်၏။
"ဓားဖျားဖြင့် ချက်ချင်းသတ်ဖြတ်ခြင်း"
ပိုင်လင်လီ၏ စိတ်ဆန္ဒမှာလည်း ထပ်တူကျသွားပြီး သူ၏လက်ထဲမှ ဓားမြှောင်တိုမှာ ပိုမိုရှည်လျားလာသယောင် ရှိကာ လင်းချန်၏ ခန္ဓာကိုယ်နှင့် ပြင်းထန်စွာ ထိုးစိုက်မိသွားသည်။
ဤမြင်ကွင်းကို ကြည့်နေကြသည့် အခြား အရိပ်မဲ့မျိုးနွယ်ဝင်များမှာ လင်းချန်အား သေလူတစ်ယောက်ကဲ့သို့ ကြည့်နေကြ၏။
သူတို့ခေါင်းဆောင်၏ စွမ်းရည်ရှေ့မှောက်၌ ရန်သူမည်မျှပင်ရှိပါစေ ပျော့ကွက်ကို ထိုးဖောက်ခံရကာ သေဆုံးခြင်းဖြင့်သာ ဇာတ်သိမ်းရလေ့ရှိသည်ကို သူတို့ ကောင်းစွာ သိကြသည်။
ဘုန်းးး။
ပြင်းထန်လှသည့် တိုက်မိသံကြီးမှာ ကျောက်ခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး အရိပ်မဲ့မျိုးနွယ်ဝင် အားလုံးမှာ မှင်သက်မိသွားကြသည်။
ပိုင်လင်လီသည် သူ၏လက်ထဲမှ ကွဲအက်သွားသည့် ဓားမြှောင်တိုကို ကြည့်ကာ လုံးဝပင် ကြောင်အသွားမိ၏။
ဤစိတ်ဝိညာဉ်ပစ္စည်းမှာ သခင်လေးက သူ့အား ပေးသနားထားခြင်း ဖြစ်ပြီး အမြဲတမ်းပင် ထက်မြက်လှကာ ရန်သူပေါင်းများစွာမှာလည်း ဤဓားမြှောင်တိုအောက်၌ အသက်ပျောက်ခဲ့ရဖူးသည်။
လင်းချန်ကို ထိုးစိုက်လိုက်ပြီးနောက်၌ တစ်ဖက်လူမှာ ထိခိုက်ဒဏ်ရာ မရရှိသည့်အပြင် သူ၏ မြတ်နိုးလှသည့် စိတ်ဝိညာဉ်ပစ္စည်းမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားရရှာ၏။
လင်းချန်သည် သူ၏ကျောပြင်ကို ကာကွယ်ထားသည့် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ဖြည်းညှင်းစွာ လှည့်ကြည့်ကာ ဓားကျိုးကို ကိုင်ထားသော ပိုင်လင်လီအား ပြုံးပြလိုက်သည်။
"အံ့ဩသွားလား။ ဒါပေမဲ့ အခု ငါ မင်းကို တစ်ခုလောက် ပြောပြရဦးမယ်။"
ထိုအချိန်၌ လင်းချန်၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဒေါသတကြီး ဟောက်လိုက်၏။
"မင်းက ငါ့နောက်ကြောကို ဓားနဲ့ထိုးဖို့ ကြိုးစားနေတာလားကွ။"
လင်းချန်သည် စကားဆုံးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုကို ကောက်ယူကာ ပိုင်လင်လီ၏ နဖူးပေါ်သို့ အားကုန် လှမ်းထုလိုက်သည်။
အခြား အရိပ်မဲ့မျိုးနွယ်ဝင်များမှာ အံ့အားသင့်စွာဖြင့် ကြည့်နေကြမိ၏။ အချို့မှာ မေ့လဲလုမတတ် ဖြစ်သွားကြပြီး အချို့မှာမူ ဒေါသတကြီးဖြင့် အံကြိတ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် လင်းချန်က အုတ်ခဲတစ်ခဲကဲ့သို့ အသုံးပြုကာ ထုနှက်လိုက်သည့် အရာမှာ အခြားမဟုတ်ဘဲ သူတို့မျိုးနွယ်စု၏ တန်ဖိုးကြီးလှသော အမွေအနှစ်ဖြစ်သည့် တောင်ပံပါသော ရတနာပုတီးစေ့ ဖြစ်နေသောကြောင့်ပင်။
ပိုင်လင်လီသည် နာကျင်လွန်းသဖြင့် နောက်သို့ ဆုတ်သွားပြီး သူ၏နဖူးကို လက်တစ်ဖက်ဖြင့် အုပ်ကာ ကျန်လက်တစ်ဖက်ဖြင့် လင်းချန်ကို မယုံကြည်နိုင်စွာ ညွှန်ပြလိုက်၏။
"မင်း..."
လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအားမှာ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားမှာ ဧကရာဇ်၏အာဏာ စွမ်းရည်များကို လှုံ့ဆော်ပေးလိုက်ကာ သူ၏ ကြံ့ခိုင်လှသည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
သူသည် အရိပ်မဲ့မျိုးနွယ်စု၏ အမွေအနှစ်ပစ္စည်းကို ပြန်ကောက်ကာ တစ်ဖက်လူ၏ နဖူးပေါ်သို့ ထပ်မံ ထုနှက်လိုက်ပြန်၏။
ခွပ်။
ပိုင်လင်လီသည် သွေးထွက်နေသည့် နဖူးကို အုပ်ကာ လင်းချန်ကို ကန့်ကွက်လိုက်သည်။
"ယုတ်မာလှချည်လား။ ဒါက ငါတို့မျိုးနွယ်စုရဲ့ အမွေအနှစ် ရတနာပဲကွ။ မင်းက ဒါကို သွေးတွေနဲ့ မရိုမသေ လုပ်ရက်တယ်ပေါ့။"
လင်းချန်က မျက်လုံးပြူးကာ အမွေအနှစ်ပစ္စည်းကို ကိုင်လျက် ထပ်မံ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။
"မင်းက အော်သေးတယ်ပေါ့လေ။"
"ငါ့နောက်ကြောကို ဓားနဲ့ထိုး ပြီးတော့ ငါ့ကို လာအော်နေတာလား။ ငါသာ လက်နဲ့ အမြန်မကာလိုက်ရင် ဒီနေ့တော့ အရှက်က ကွဲပြီပဲ။ မင်းကိုသာ အသေသတ်မပစ်နိုင်ရင် ငါ့နာမည်က လင်းချန် မဟုတ်တော့ဘူး။"
**--**--**--**--**--**--**--**
ဘုန်းးး။
ပိုင်လင်လီက ဟစ်အော်လိုက်သည်။
"အရှက်မရှိတဲ့ လူယုတ်မာ... ငါတို့မျိုးနွယ်ရဲ့ အမွေအနှစ်ကို အခုချက်ချင်းချလိုက်စမ်း။ ပြီးရင် ငါနဲ့ ယောက်ျားပီပီ တရားမျှတစွာ ယှဉ်ပြိုင်ရဲလား။"
လင်းချန်က တုံ့ပြန်လိုက်၏။
"တရားမျှတတာတွေ လာပြောမနေနဲ့။"
ဘုန်းးး။
ပိုင်လင်လီသည် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသော်လည်း စကားမဆုံးခင်မှာပင် လင်းချန်က ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ဒူးဖြင့် အားကုန် တိုက်လိုက်သဖြင့် လဲကျသွားရသည်။
နောက်တစ်ခဏ၌ လင်းချန်သည် ပိုင်လင်လီ၏ ရင်ဘတ်ကို ဒူးဖြင့် ဖိကပ်ကာ မလှုပ်နိုင်အောင် ချုပ်နှောင်လိုက်၏။ ထို့နောက် လက်ထဲမှ အမွေအနှစ်ရတနာကြီးကို အုတ်ခဲသဖွယ် အသုံးပြုကာ ပိုင်လင်လီ၏ မျက်နှာကို မရပ်မနား ထုနှက်လိုက်သည်။
လင်းချန်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"ငါ့ကို အနောက်ကနေ ဓားနဲ့ခိုးထိုးဖို့ ကြိုးစားတယ်ပေါ့လေ။ မင်းလို အမှိုက်ကောင်မှာ ဦးနှောက်ရော ရှိရဲ့လား။ ရှိရင်လည်း ငါက အခုပဲ ဖွင့်ပေးလိုက်မယ်။"
"မင်းကိုယ်မင်း သိပ်တော်တယ် ထင်နေတာလား။ အိမ်ကလူတွေရော သိလား... ဒီလောက် တော်နေတာကို။"
လက်ရှိအချိန်၌ လင်းချန်သည် အမှန်တကယ်ပင် ဒေါသထွက်နေခြင်း ဖြစ်သည်။ သူ၏ နှုတ်မှလည်း ယခင်ဘဝက ဆဲဆိုစကားများ အဆက်မပြတ် ထွက်ပေါ်နေ၏။
ယီစင်းတို့အဖွဲ့မှာမူ လင်းချန် ဘာကို ဆိုလိုနေမှန်း နားမလည်ကြသော်လည်း သူ၏ ဒေါသမှာ သိသာလွန်းလှသဖြင့် ဘယ်သူမှ ကြားထဲမှ မတားဝံ့ကြပေ။
ခဏအကြာ၌ ပိုင်လင်လီသည် အသက်ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လင်းချန်သည် မြေပြင်မှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ရတနာပုတီးစေ့ကို ဘေးသို့ ပစ်ချလိုက်၏။ ထို့နောက် ကျန်ရှိနေသည့် အရိပ်မဲ့မျိုးနွယ်ဝင်များကို အေးစက်စက် ကြည့်လိုက်သည်။
လင်းချန်၏ အကြည့်နှင့် ဆုံလိုက်ရသည့် အရိပ်မဲ့မျိုးနွယ်ဝင်များသည် ကြောက်လွန်းသဖြင့် တုန်လှုပ်နေကြ၏။
သူတို့၏ ခေါင်းဆောင်ပင် ကိုယ့်မျိုးနွယ်၏ ရတနာဖြင့် အထုခံရကာ သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ဘယ်သူမှ မခုခံဝံ့ကြတော့ပေ။ အားလုံးက ဒူးထောက်ကာ အသက်ချမ်းသာပေးရန်သာ တောင်းပန်နေကြသည်။
လင်းချန်သည် သူတို့၏ ကြောက်ရွံ့နေသည့် ပုံစံကို ကြည့်ကာ ကျေနပ်သွား၏။
ထို့နောက် ကျူးကော့မင် ဦးဆောင်သည့် ကောင်းကင်လက်မှုပညာဌာနထံသို့ ရတနာပုတီးစေ့ကို ပေးပို့လိုက်ရာ ရတနာကြီးမှာ ဟင်းလင်းပြင်အတွင်းသို့ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်ရသဖြင့် အရိပ်မဲ့မျိုးနွယ်ဝင်များမှာ ပို၍ပင် အံ့အားသင့်သွားကြသည်။
ယင်းနောက် လင်းချန်သည် အမှန်တရားဖော်ထုတ်ဆေးရည် ပုလင်းလေးများကို ထုတ်ယူကာ အမြွှာညီအစ်ကို နှစ်ယောက်ကို တိုက်လိုက်၏။ ဆေးရှိန်တက်လာသည့်အခါ လင်းချန် မေးသမျှကို သူတို့က အကုန်လုံး အမှန်အတိုင်း ဖြေကြားကြသည်။
လင်းချန်သည် အခြားလူများ မသိစေရန် စွမ်းအားဖြင့် အကာအကွယ်ပြုပြီးမှ လျှို့ဝှက်မေးမြန်းခဲ့ခြင်း ဖြစ်၏။ သိချင်သည်များကို သိရှိပြီးနောက်၌မူ ကတိအတိုင်း သူတို့ကို ပြန်လည် လွှတ်ပေးလိုက်သည်။
အရိပ်မဲ့မျိုးနွယ်ဝင်များသည် ပိုင်လင်လီ၏ အလောင်းကို သယ်ဆောင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားကြ၏။
သူတို့အားလုံး ထွက်သွားပြီးနောက်၌ လင်းချန်သည် ယီစင်းတို့ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
"အခုတော့ အရိုးဓားငါးမျိုးနွယ်စု ဘာဖြစ်သွားလဲဆိုတာ ငါ အကုန်သိသွားပြီ။"
လင်းချန်၏ စကားကြောင့် လူတိုင်းမှာ ခဏတာ မှင်သက်သွားကြ၏။
အရိုးဓားငါးမျိုးနွယ်စု၏ ဆန်းကြယ်လှသည့် ပျောက်ကွယ်မှုမှာ လူတိုင်းအတွက် အဖြေရှာမရသည့် မေးခွန်းထုတ်စရာ ပဟေဠိတစ်ခု ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။
ယခုအခါ လင်းချန်က ထိုလျှို့ဝှက်ချက်၏ အမှန်တရားကို သူရှာဖွေတွေ့ရှိပြီဟု ပြောလိုက်သည့်အခါ လူတိုင်း၏ စူးစမ်းလိုစိတ်မှာ နိုးကြားလာပြီး မိမိတို့၏ ရင်ထဲမှ သံသယများကို ဖြေဖျောက်ပေးမည့် အဖြေကို သိရှိရန် အားလုံးက စိတ်အားထက်သန်စွာ ဝိုင်းအုံလာကြ၏။
လင်းချန်က လေးနက်သည့် အမူအရာဖြင့် မေးလိုက်သည်။
"မင်းတို့ ကိုယ်ယောင်ဖျောက်မျိုးနွယ် အကြောင်း ကြားဖူးကြလား။"
ယီစင်းမှာ ဇဝေဇဝါဖြစ်သွားပြီး ထိုမျိုးနွယ်အကြောင်း တစ်ခါမျှ မကြားဖူးကြောင်း သိသာလှ၏။ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့မှာလည်း ထိုနည်းတူစွာပင် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဆိုသည်မှာ ဘာလဲဆိုသည်ကို နားမလည်ကြပေ။
ကျန်းဇီတဲမှာမူ မျက်မှောင်ကြုတ်လျက် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဆိုသည်မှာ ကြားဖူးသလိုရှိပြီး သူတို့က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိသည့် မျိုးနွယ်တစ်ခု ဖြစ်ဟန်တူသည်ဟု သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေမိသည်။
သို့သော် လီယွမ်ဖုန်း၏ တုံ့ပြန်မှုမှာမူ အလွန်ပင် စိုးရိမ်နေပုံရ၏။ သူသည် လင်းချန်၏အနားသို့ လေးနက်သည့် မျက်နှာထားဖြင့် တိုးကပ်လာပြီး ကိုယ်ယောင်ဖျောက်မျိုးနွယ်ဆိုသည်မှာ သေချာပါသလော၊ အကယ်၍ သူတို့သာ တကယ်ဖြစ်နေမည်ဆိုလျှင် အခြေအနေများမှာ ပို၍ ဒုက္ခများလိမ့်မည်ဟု ပြောဆိုလိုက်သည်။
လင်းချန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားကာ ဆိုလိုက်၏။
"ပိုပြီး ဒုက္ခများမယ် ဟုတ်လား။ ဒီမျိုးနွယ်က သဘောကျစရာ သိပ်မကောင်းဘူးဆိုပေမဲ့ ဒုက္ခများလှပြီလို့တော့ ငါမထင်ပါဘူး။"
"မင်းတို့အတွက်တော့ ဒုက္ခများချင်များလိမ့်မယ်။ ဒါပေမဲ့ ငါ့အတွက်တော့ အဲ့ဒါက ပြဿနာမဟုတ်ဘူး။"
လီယွမ်ဖုန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းရင်း လင်းချန်ကို ရှင်းပြလိုက်သည်။
"ညီအစ်ကိုလင်း... မင်းရဲ့ ပါရမီက ပြိုင်ဘက်ကင်းပြီး မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း နယ်ပယ်ကို ကျော်လွန်နေတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ဒီအားသာချက်တွေက ဘာမှ မဟုတ်တော့ဘူး။"
ယီစင်းက မေးလိုက်၏။
"အစ်ကိုလီ... ဒီကိုယ်ယောင်ဖျောက်မျိုးနွယ်က ဘယ်လိုမျိုးမို့လို့ အစ်ကိုက ဒီလောက်အထိ သတိထားနေရတာလဲ။"
လီယွမ်ဖုန်း၏ လေသံအရ သူသည် ထိုမျိုးနွယ်အကြောင်း အသေးစိတ် သိရှိထားကြောင်း သူမ ချက်ချင်း ရိပ်မိလိုက်သည်။
လီယွမ်ဖုန်းက ခေါင်းညိတ်ပြပြီး ယီစင်းဘက်သို့ လှည့်ကြည့်လိုက်၏။
"ငါတို့ရဲ့ ဘိုးဘေးကြီးက တစ်ခါတုန်းက ပြောဖူးတယ်။ သူ ငယ်စဉ်အခါက ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့ နောက်ကို လိုက်ပါပြီး ခမ်းနားတဲ့ ပွဲလမ်းတစ်ခုကို တက်ရောက်ခဲ့ဖူးတယ်တဲ့။ အဲ့ဒီမှာ မျိုးနွယ်စုပေါင်းစုံနဲ့ ထိတွေ့ခဲ့ရပြီး အဲ့ဒီထဲမှာ ကိုယ်ယောင်ဖျောက်မျိုးနွယ်လည်း ပါဝင်တယ်လို့ ပြောဖူးတယ်။"
လီယွမ်ဖုန်း၏ စကားကို ကြားရသည့်အခါ အားလုံးမှာ အံ့ဩသွားကြသည်။ သူရည်ညွှန်းသော ဘိုးဘေးကြီးမှာ အခြားသူမဟုတ်ဘဲ နှောင်ကြိုးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ကျိုးယီအန် ပင် ဖြစ်၏။
ကျန်းဇီတဲသည် သူ၏ အဖိုးဖြစ်သူ ကျန်းထျန်ရှင်း ပြောပြခဲ့သည့် စကားများကို ပြန်လည် အမှတ်ရလာမိသည်။
ကျန်းဇီတဲက စိတ်တွင်းမှ ကျိတ်၍ ဆင်ခြင်နေမိ၏။ 'ကြည့်စမ်း... ငါ့အဖိုးနဲ့ ညီအစ်ကိုကျိုးတို့က ခေတ်ပြိုင်တွေဖြစ်ပြီး ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပေမဲ့ ငါကတော့ သူ့ရဲ့ အဆင့်အတန်းကို ဘယ်လိုမှ မမီဘူး။ အကယ်၍သာ အသေအလဲ တိုက်ခိုက်ကြမယ်ဆိုရင် လက်ဖက်ရည်တစ်ခွက် သောက်ချိန်အတွင်းမှာတင် ငါ သေချာပေါက် အသက်ပျောက်သွားလိမ့်မယ်။'
ကျိုးယီအန် တစ်ယောက်တည်းတင် မဟုတ်ဘဲ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းမှ ရန်ကွေ့ရှန် နှင့် ဝင်ရိုးစွန်းနှစ်ခုနန်းတော်မှ ဖန်ရွှေရွှမ် တို့မှာလည်း အလားတူ အဆင့်အတန်း၌ ရှိသည့် ပုဂ္ဂိုလ်များပင် ဖြစ်သည်။
ဤမျှ အစွမ်းထက်ပြီး ထူးခြားသည့် ပါရမီရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးက တစ်စုံတစ်ဦး၏ နောက်သို့ လိုက်ပါခဲ့ဖူးသည်ဆိုခြင်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။ ထိုစဉ်က ကျိုးယီအန်သည် မည်သူ့နောက်သို့ လိုက်ပါခဲ့သနည်း၊ ထိုသူမှာ မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်းဟု သူတို့ တွေးတောမဆုံး ဖြစ်နေကြ၏။
ထိုအချိန်၌ လီယွမ်ဖုန်း၏ အသံက လူတိုင်း၏ အတွေးများကို ပြန်လည်စုစည်းပေးလိုက်သည်။
"ငါတို့ ဘိုးဘေးကြီးရဲ့ ဖော်ပြချက်အရ ကိုယ်ယောင်ဖျောက်မျိုးနွယ်ဆိုတာ အရမ်းကို ထူးခြားတဲ့ မျိုးနွယ်တစ်ခုပဲ။ သူတို့က မွေးကတည်းက အားကောင်းတဲ့ စိတ်ဝိညာဉ်နဲ့ အသင့်အတင့်ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေကတော့ အလွန်တရာကို အားနည်းလှတယ်။"
လီယွမ်ဖုန်းက ဆက်လက်ရှင်းပြရာ၌ ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များသည် ရုပ်ပိုင်းဆိုင်ရာ အားနည်းကြသော်လည်း အားကောင်းလှသည့် စိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်အင်အားကို ပိုင်ဆိုင်ထားကြ၏။
နယ်ပယ်တစ်ခု တိုးတက်လာတိုင်း သူတို့၏ စိတ်ဝိညာဉ်အင်အားက ပိုမို အားကောင်းလာသော်လည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကမူ ထိုတိုးတက်မှုကို မမီနိုင်ပေ။
သာမန်မျိုးနွယ်စုများ၌ စိတ်ဝိညာဉ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အပြန်အလှန် ဟန်ချက်ညီအောင် ထိန်းထားနိုင်ကြသော်လည်း ကိုယ်ယောင်ဖျောက်မျိုးနွယ်မှာမူ ထိုသို့မဟုတ်ပေ။
ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင် တစ်ဦးသည် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိချိန်၌ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ပုံမှန်ရှိနေသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာမူ အခြေခံနယ်ပယ်သုံးဆင့်မှ လယွမ်နယ်ပယ်အဆင့်လောက်သာ ရှိတတ်သည်။
ဤအခြေအနေက အားကောင်းလှသည့် စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်က မထိန်းထားနိုင်တော့ဘဲ ရုပ်ပိုင်းဆိုင်ရာ လုံးဝ ပြိုကွဲပျက်စီးသွားခြင်းသို့ ဦးတည်စေနိုင်၏။
အဆုံး၌မူ သူတို့သည် အခြား သက်ရှိမျိုးနွယ်ဝင်များ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို လုယူအသုံးပြုခြင်းအားဖြင့် ထိုကံကြမ္မာမှ လွတ်မြောက်ခဲ့ကြခြင်းပင် ဖြစ်သည်။
လီယွမ်ဖုန်းက သတိပေးလိုက်၏။
"ဒီမျိုးနွယ်က တကယ်ကို ဒုက္ခပေးလွန်းတယ်။ ငါတို့ အထူးသတိထားရမှာက သူတို့ရဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ်တွေပဲ။"
"စိတ်ဝိညာဉ်ပိုင်းနဲ့ ပတ်သက်ရင်တော့ ကျန်းဇီတဲနဲ့ ငါက နှလုံးသားနယ်ပယ်ကို ရောက်နေပြီး စိတ်ဝိညာဉ်ကို အဲ့ဒီနယ်ပယ်အထိ သန့်စင်ထားပြီးသားဆိုတော့ သိပ်စိတ်ပူစရာ မရှိဘူး။ ဒါပေမဲ့ မင်းတို့ကျတော့..."
လီယွမ်ဖုန်း၏ စကားကြောင့် အခြားသူများမှာ စိုးရိမ်သွားကြသော်လည်း လင်းချန်နှင့် ယီစင်းတို့မှာမူ အေးအေးဆေးဆေးပင် ရှိနေကြသည်။ လင်းချန်၏ စိတ်ဝိညာဉ်အင်အားမှာ သာမန်ထက် သာလွန်လှပြီး ယီစင်းမှာလည်း နန်ရှန်း၏ စိတ်ဝိညာဉ်အမြုတေကို စုပ်ယူသန့်စင်ထားသဖြင့် စိတ်ဝိညာဉ်အင်အားမှာ ထူးခြားလှ၏။ သူမသည် လင်းချန်ကဲ့သို့ပင် အရိပ်မဲ့မျိုးနွယ်စု၏ နယ်မြေများကို အာရုံခံနိုင်စွမ်း ရှိသည်။
ကျန်းဇီတဲက မေးလိုက်၏။
"စီနီယာကျိုးက ကိုယ်ယောင်ဖျောက်မျိုးနွယ်နဲ့ တွေ့ဆုံခဲ့ဖူးပြီး သူတို့ကိုတောင် ကိုင်တွယ်ခဲ့ဖူးတာပဲ။ အရိုးဓားငါးမျိုးနွယ်စုရဲ့ အလောင်းတွေကို တွေ့တုန်းက သူ ဘာလို့ မမှတ်မိတာလဲ။"
လီယွမ်ဖုန်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
"ငါတို့ ဘိုးဘေးကြီးက သူတို့နဲ့ ထိတွေ့ရုံပဲ ရှိခဲ့တာ။ ငါတို့တွေ့ခဲ့တဲ့ အရိုးဓားငါးမျိုးနွယ်ဝင်တွေရဲ့ အလောင်းတွေက သူတို့ ခန္ဓာကိုယ်ကို လုယူပြီးတဲ့နောက် ကျန်ရစ်ခဲ့တာတွေ ဖြစ်မယ်။ သူတို့ ဘယ်လိုနည်းနဲ့ ခန္ဓာကိုယ်ချင်း လဲလှယ်တယ်ဆိုတာကို ငါတို့ ဘိုးဘေးကြီးတောင် မသိဘူးလေ။ ဒါကြောင့် မမှတ်မိတာက သဘာဝကျပါတယ်။"
ထိုသို့ပြောပြီးနောက် လီယွမ်ဖုန်းသည် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များသည် ခန္ဓာကိုယ်ကို လုယူပြီးလျှင် အရိုးဓားငါးမျိုးနွယ်စုဝင်များ၏ အလောင်းများကို အဘယ်ကြောင့် ချန်ထားရစ်ခဲ့ကြသနည်း ဟု တွေးတောနေမိ၏။
လင်းချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကိုယ်ယောင်ဖျောက်မျိုးနွယ်က လုယူတာက ခန္ဓာကိုယ်အတွင်းက သက်စောင့်စွမ်းအင် အဆီအနှစ်တွေကိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံးကို မဟုတ်ဘူး။"
လင်းချန်သည် အရိပ်မဲ့မျိုးနွယ်ဝင်များထံမှ အမှန်တရားဖော်ထုတ်ဆေးရည်ကို အသုံးပြု၍ ရရှိခဲ့သည့် အချက်အလက်များကို ဝေမျှလိုက်ခြင်း ဖြစ်၏။
ကိုယ်ယောင်ဖျောက်မျိုးနွယ်သည် လုယူလိုသည့် ခန္ဓာကိုယ်၏ စိတ်ဝိညာဉ်ကို အရင် ဖျက်ဆီးပစ်လိုက်ကြသည်။
ထို့နောက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ လက်ရှိခန္ဓာကိုယ်ကို အဆီအနှစ်များအဖြစ် အရည်ပျော်စေပြီး ပစ်မှတ်ထားသည့် ခန္ဓာကိုယ်၏ နှလုံးသားအတွင်းသို့ ကျူးကျော်ဝင်ရောက်လိုက်ကြ၏။
သူတို့သည် ပစ်မှတ်ထားသော ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ အဆီအနှစ်အားလုံးကို စုပ်ယူလိုက်ပြီးမှ သူတို့၏ မူလခန္ဓာကိုယ်သို့ ပြန်သွားကြခြင်း ဖြစ်သည်။
ဤသို့ဖြင့် လုယူခြင်းခံရသည့် ခန္ဓာကိုယ်၏ အဆီအနှစ်များသည် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲစေပြီး အသက်ဓာတ် ကင်းမဲ့နေသော ရုပ်ကြွင်းများကိုသာ ချန်ထားရစ်ခြင်း ဖြစ်၏။
စောစောက အလောင်းများမှာ မထင်မှတ်ဘဲ ပျောက်ကွယ်သွားရခြင်းမှာလည်း ကျူးကော့မင်၏ ဆန်းစစ်ချက်အရ အရိုးစုများမျှသာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။
ထိုရေပြင်ရှိ ရေစီးကြောင်းများက အရိုးစုများကို အမှုန့်ကြိတ်လိုက်သဖြင့် အလောင်းများမှာ ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားသကဲ့သို့ ထင်ရခြင်း ဖြစ်၏။
ယခင်က သတ်ဖြတ်ခြင်းခံခဲ့ရသည့် လက်တစ်ဖက်ပြတ် အရိုးဓားငါးမျိုးနွယ်ဝင်နှင့် ပတ်သက်၍မူ အကြောင်းရင်းမှာ ပို၍ပင် ရိုးရှင်းလှသည်။ ရုပ်ပိုင်းဆိုင်ရာ အဆီအနှစ် အနည်းငယ်ကိုသာ ခွဲထုတ်ခြင်းဖြင့် မည်သည့် အရိုးဓားငါးမျိုးနွယ်ဝင် ခန္ဓာကိုယ်ထဲကိုမဆို ဝင်ရောက်ကာ ပုံသဏ္ဌာန် ပြောင်းလဲနိုင်၏။
ထိုစဉ်က သေဆုံးသွားသူမှာ အစစ်အမှန် လက်တစ်ဖက်ပြတ် အရိုးဓားငါးမျိုးနွယ်ဝင် မဟုတ်ဘဲ အစားထိုးခံရသူသာ ဖြစ်ကြောင်း သိသာလှသည်။
သို့သော် မဟုတ်သေးပေ။ တိတိကျကျ ပြောရမည်ဆိုလျှင် ကနဦးက ရတနာများကို လုယူရန် ကြိုးစားခဲ့သူမှာ လက်တစ်ဖက်ပြတ် အရိုးဓားငါးမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ကို လုယူထားသည့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင် တစ်ဦးသာ ဖြစ်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၃ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team