အခန်း ၃၀၆
Vol. 31 Ch. 306
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၆
ဘာသာပြန် - Ko Yoohtoo
True Immortal Team
လင်းချန်သည် သူ့အား သတ်ဖြတ်ရန် ပြင်းပြနေသည့် အရိပ်မဲ့မျိုးနွယ်ဝင် လူငယ်၏ အငြိုးအတေးကို လုံးဝ သတိမထားမိချေ။ သူ၏ တော်ဝင်ရထားလုံးပေါ်၌ ထိုင်နေရင်း သူ ခံစားမိသည်မှာ နှမြောစရာကောင်းလှသည်ဟူသော အချက်ပင် ဖြစ်၏။
ဤမျှ များပြားလှသည့် အရိပ်မဲ့မျိုးနွယ်ဝင်များမှာ သူ့အတွက် မည်သည့် သတင်းကောင်းမျှ ယူဆောင်မပေးနိုင်သေးခင်မှာပင် အလဟဿ အသက်ပျောက်သွားကြလေပြီ။
လင်းချန်က မကျေမနပ် ရေရွတ်လိုက်၏။ "ငါ့ဆေးရည်တွေ အလဟဿ ဖြစ်ကုန်ပြီ။"
ထို့နောက် ထိုကိစ္စကို ဆက်လက် တွေးတောမနေတော့ချေ။ ယခုအခါ လင်းချန်၏ အာရုံမှာ အခြား အဆောက်အအုံများဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။ အတိအကျဆိုရသော် သူ စူးစမ်းရှာဖွေတွေ့ရှိထားသော လူသားမျိုးနွယ်ဝင်များ တည်ဆောက်ထားသည့် အဆောက်အအုံရှိရာ ဦးတည်ချက်ပင် ဖြစ်သည်။
သို့သော်လည်း လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့် ကြာပြီးနောက်၌ တော်ဝင်ရထားလုံးမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ရထားလုံး ရပ်သွားသည်နှင့် လင်းချန်က အရှေ့ဘက်သို့ ညွှန်ပြလိုက်သည်။ "အဲ့ဒီဘက်မှာ တောအုပ် မဟုတ်တော့ဘဲ ရေပြင်ကျယ်ကြီး ဖြစ်နေပြီ။ အဲ့ဒီ ပင်လယ်နက်ကြီးထဲမှာ အဆောက်အအုံတွေ ရှိနေတယ်။ ငါတို့ အရင်က ကြုံတွေ့ရတာတွေအရ ဆိုရင် အဲ့ဒါက ပင်လယ်မျိုးနွယ်စုတွေ အနားယူတဲ့ နေရာ ဖြစ်နိုင်ခြေ များတယ်။ သွားကြည့်ရကျိုး နပ်လိမ့်မယ်။"
လင်းချန်၏ စကားကို ကြားလိုက်ရချိန်၌ ကျန်းဇီတဲ၊ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့၏ မျက်လုံးများမှာ ဝင်းခနဲ တောက်ပသွားကြသည်။
ကျန်းဇီတဲက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။ "ညီအစ်ကိုလင်း... ဒါ တကယ်လား။ အဲ့ဒီမှာ ပင်လယ်မျိုးနွယ်စုရဲ့ အမွေအနှစ် ရတနာတွေ ရှိနေနိုင်တယ်လို့ မင်း ထင်လား။"
သူသည် အစောပိုင်းက အရိပ်မဲ့မျိုးနွယ်စု ခံတပ်အတွင်း လင်းချန် ရရှိသည့် အမွေအနှစ်လက်နက်ကို ပြန်လည် အမှတ်ရနေခြင်း ဖြစ်၏။ သိသာလှသည်မှာ သူ၏ ရှေးဟောင်းပစ္စည်း ရှာဖွေလိုသည့် ဝါသနာကြီးမှာ ထပ်မံ နိုးကြားလာခြင်းပင်။
လင်းချန်အနေဖြင့် အထူးတလည် စဉ်းစားနေရန်ပင် မလိုချေ။ ကျန်းဇီတဲ၏ စိတ်ထဲ၌ ထိုအဆောက်အအုံအတွင်း၌ မည်သည့် ရတနာများကို ရှာဖွေတွေ့ရှိနိုင်မည်နည်းနှင့် ပင်လယ်မျိုးနွယ်စု၏ အမွေအနှစ်ကို ရရှိချိန်၌ မည်မျှ ခမ်းနားမည်နည်း ဆိုသည်ကိုသာ အပြည့်အဝ အာရုံရောက်နေမည်မှာ သေချာလှ၏။
ထို့နောက် ကျန်းဇီတဲသည် လင်းချန်အား အလျင်အမြန် ကျေးဇူးတင်စကား ပြောပြီးနောက် လှိုင်းလုံးကြီးတစ်ခုအဖြစ် အသွင်ပြောင်းကာ အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားသည်။ လင်းချန်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ကျန်းဇီတဲမှာ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ထိုအခါမှ ကျန်းချီက သတိဝင်လာပြီး လင်းချန်အား အရိုအသေပြုလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့လည်း အခုပဲ သွားကြည့်လိုက်ပါဦးမယ်။"
လင်းချန်က ကျန်းချီအား ခေါင်းညိတ်ပြလိုက်သည်။ "အင်း... မြန်မြန်သွားကြ။ အခုလောလောဆယ်တော့ ဘယ်သူမှ မရှိသေးဘူး။ တခြား ပင်လယ်မျိုးနွယ်ဝင်တွေ ဒီလျှို့ဝှက်ချက်ကို မသိခင်မှာ အခွင့်ကောင်းအားလုံးကို မောင်မင်းတို့ဘက်က အမိအရ ဆုပ်ကိုင်ထားရမယ်။"
ထို့နောက် ကျန်းချီသည် ကျန်းဝမ်ရွှမ်းနှင့်အတူ ရှေ့မှ သွားနှင့်သည့် ကျန်းဇီတဲ၏ နောက်သို့ လိုက်လံ သွားကြသည်။
လင်းချန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေ၏။ "ကဲ... အခုတော့ ငါတို့ လူသားမျိုးနွယ်ရဲ့ ရှေးဟောင်းအဆောက်အအုံဆီကို သွားကြရအောင်။ အဲ့ဒီမှာ ဘာတွေ ရှာတွေ့မလဲဆိုတာ ကြည့်ကြတာပေါ့။"
အရိပ်မဲ့မျိုးနွယ်စု၏ ခံတပ်အတွင်း လင်းချန် ရရှိသည့် အကျိုးအမြတ်များမှာ ပြောပလောက်သည့် အနေအထား၌ ရှိနေ၏။ အထူးသဖြင့် အရိပ်မဲ့မျိုးနွယ်စု၏ အမွေအနှစ်လက်နက်ပင် ဖြစ်သည်။
အရိပ်မဲ့မျိုးနွယ်စုသည် ညအရိပ်စစ်သည်နှင့် နီးစပ်သည့် ပါရမီကို ပိုင်ဆိုင်ထားကြပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အရဆိုလျှင်လည်း သူတို့မှာ ဟွာရှာအင်ပါယာမှ သတ်မှတ်ထားသော အခြေခံ စစ်သည်အမျိုးအစား ခြောက်မျိုးထဲမှ လေဟုန်စစ်သည် ကဏ္ဍအတွင်း၌ အကျုံးဝင်နေ၏။
ထို့ကြောင့် သူတို့၏ အမွေအနှစ်လက်နက်ကို သုတေသနပြုခြင်းက လေဟုန်စစ်သည်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရာ၌ များစွာ အထောက်အကူပြုနိုင်ပေလိမ့်မည်။ ကျူးကော့မင်၏ အဆိုအရ ထိုအမွေအနှစ်လက်နက်ကို ရရှိပြီးနောက်၌ ညအရိပ်စစ်သည်များ၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာနိုင်ကြောင်း သိရသည်။
ယီစင်းကလည်း မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်း... ရှေးဟောင်းခေတ်က လူသားမျိုးနွယ် ပါရမီရှင်တွေ ဒီစမ်းသပ်မှုနယ်မြေထဲမှာ နေထိုင်ခဲ့တဲ့ နေရာက ဘယ်လိုမျိုးလဲဆိုတာကို မိန်းလည်း သိချင်နေပြီ။"
လီယွမ်ဖုန်းကမူ ပျင်းရိစွာဖြင့် သမ်းဝေလိုက်ပြီး သူ စိတ်မဝင်စားကြောင်း ပြသလိုက်၏။
ရတနာရှာဖွေခြင်းမှာ ကျန်းဇီတဲ၏ ဝါသနာသာ ဖြစ်၏။ လီယွမ်ဖုန်းအတွက်မူ အန္တရာယ်များလှသည့် လျှို့ဝှက်နယ်မြေများ၊ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာမည့် ယန္တရားထောင်ချောက်များနှင့် ပြိုင်ဘက်ကောင်းများကသာ သူ့ကို စိတ်လှုပ်ရှားစေနိုင်ခြင်း ဖြစ်သည်။
လီယွမ်ဖုန်း၏ စိတ်မပါမှုကို မြင်သည့်အခါ လင်းချန်က မသိမသာ ပြုံးလိုက်သည်။ "ပင်လယ်မျိုးနွယ်စုရဲ့ အဆောက်အအုံတွေထဲမှာ တကယ် ဘယ်သူမှ မရှိဘူး။ အဲ့ဒီကို သွားတာက ရတနာတွေ ကောက်ဖို့ သက်သက်ပဲ။ ဒါပေမဲ့ ငါတို့ လူသားမျိုးနွယ်ရဲ့ အဆောက်အအုံတွေကတော့ အဲ့ဒီလောက် အေးဆေးမှာ မဟုတ်ဘူးနော်။"
လင်းချန် ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပျော့ခွေနေသည့် လီယွမ်ဖုန်းမှာ နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ "မအေးဆေးဘူး ဟုတ်လား။"
ယီစင်းက လီယွမ်ဖုန်း၏ တုံ့ပြန်မှုကို ကြည့်ကာ ရယ်မောလိုက်သည်။ "ဟားဟား... ညီအစ်ကိုလီက တကယ်ကို တိုက်ခိုက်ရတာ ဝါသနာပါတာပဲ။ အခြေအနေတွေ မအေးဆေးဘူးလို့ ကြားတာနဲ့ ချက်ချင်းကို စိတ်ဓာတ်တွေ တက်ကြွလာတာပဲ။"
ထို့နောက် သူမက လင်းချန်အား စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "ချန်လေး... ရှင်က ရှေးခေတ်လူသားမျိုးနွယ် နယ်မြေရဲ့ အခြေအနေကိုရော လက်ရှိအချိန် သိနေတာလား။"
လင်းချန်က ခေါင်းညိတ်ပြလိုက်၏။ သူသည် လူသားမျိုးနွယ် ရှေးဟောင်းနယ်မြေ၏ လက်ရှိ အခြေအနေကို အလွန် ရှင်းလင်းစွာ သိရှိနေသည်။ ထောက်လှမ်းရေးသားရဲများ မြင်တွေ့နေရသည့် မြင်ကွင်းများမှာ သူ၏ရှေ့မှောက်၌ ကွက်ကွက်ကွင်းကွင်း ပေါ်ထွန်းနေ၏။
လက်ရှိအချိန်၌ ထိုနယ်မြေတွင် လူသားမျိုးနွယ်ဝင် အမြောက်အမြား စုရုံးနေကြသော်လည်း တစ်ဦးနှင့်တစ်ဦး အလျှော့မပေးဘဲ အဆောက်အအုံ၏ အဝင်ဝကို ပိတ်ဆို့ကာ အပြန်အလှန် ရင်ဆိုင်နေကြခြင်း ဖြစ်၏။ ထိုလူအုပ်ထဲ၌ လင်းချန်သည် ချင်မင်းဆက်မှ လူများကိုပင် တွေ့ရှိလိုက်ရသည်။
ကျူးကော့မင်၏ အသံမှာ လင်းချန်၏ စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်သွား၏။ "အရှင်မင်းကြီး... တစ်ခုခုတော့ ထူးဆန်းနေတယ်။ အခြား ပင်လယ်မျိုးနွယ်စုတွေကလည်း ပင်လယ်မျိုးနွယ်စု ခံတပ်တည်ရှိရာနေရာကို သိနေပုံရပြီး အဲ့ဒီဘက်ကို ဦးတည်လာနေကြပြီ။"
ကျူးကော့မင်၏ အစီရင်ခံစာကြောင့် လင်းချန် အံ့အားသင့်သွားရ၏။ သူသည် ကျန်းဇီတဲတို့အား ထိုနေရာ၌ ဘယ်သူမှ မရှိကြောင်း ပြောလိုက်ကာရှိသေး၏။ ယခုမူ အခြား ပင်လယ်မျိုးနွယ်စုများက အဲ့ဒီဘက်ကို လာနေကြပြီ ဖြစ်သည်။
သို့သော်လည်း ပင်လယ်မျိုးနွယ်စု အဆောက်အအုံ၌ ဘယ်သူမှ မရှိသည်မှာ လွန်ခဲ့သည့် တစ်နာရီက အခြေအနေဖြစ်ရာ အပြောင်းအလဲများ ရှိလာနိုင်ခြင်းမှာ မဖြစ်နိုင်သော အရာမဟုတ်ချေ။
ရုတ်တရက် လင်းချန်၏ နောက်ကျောဘက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ "ကလေးလေး... ငါသာ မင်းနေရာမှာဆိုရင်တော့ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ ဝင်မပါဘဲ မင်းရဲ့ သူငယ်ချင်းတွေကို ပြန်ခေါ်လိုက်မယ်။"
ထိုမျှ ရုတ်တရက်ဆန်လှသည့် အသံကြောင့် လင်းချန်မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ လျင်မြန်စွာ လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်း၌ ဝိုးတဝါး ကိုယ်ထည်ဖြင့် လွင့်မျောနေသည့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရ၏။ ထိုအဘိုးအိုမှာ လင်းချန်အား ထူးဆန်းသော အပြုံးတစ်ခုဖြင့် ပြုံးပြနေသည်။
နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် ထိုစိတ်ဝိညာဉ်အဘိုးအိုကို မြင်သောအခါ လင်းချန်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ၏ စိတ်ဝိညာဉ်မှာ အလွန်တရာ အစွမ်းထက်လှသည်။
အစောပိုင်းက အရိပ်မဲ့မျိုးနွယ်ဝင်များ၏ ကိုယ်ယောင်ဖျောက်နိုင်သည့် ပါရမီမှာပင် သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်ရှေ့မှောက်၌ ပြက်လုံးတစ်ခုသဖွယ် ဖြစ်ရသည် မဟုတ်ပါလော။ သို့သော်လည်း ဤစိတ်ဝိညာဉ်အဘိုးအို ပေါ်ထွက်လာခြင်းကိုမူ လင်းချန် အစအနပင် အာရုံမခံမိချေ။
ကျောက်လုံက လင်းချန်၏ ရှေ့သို့ ခုန်ဝင်ကာ ကာကွယ်လိုက်ပြီး တစ်ဖက်လူကို စူးစိုက်ကြည့်လျက် ပြင်းထန်စွာ ငေါက်ငမ်းလိုက်သည်။ "အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ ဘယ်သူက လာပြီး လှည့်စားနေတာလဲ။"
ထိုစိတ်ဝိညာဉ်အဘိုးအိုက ပြုံးကာ မိတ်ဆက်လိုက်သည်။ "ဒီအဖိုးကြီးရဲ့ နာမည်က ယွမ်ရှန့်ပါ။ လူသိများတာကတော့ အရှင်ရွှမ်လို့ ခေါ်ကြတယ်။"
ထိုအဘိုးအိုက စကားဆုံးသည်နှင့် လင်းချန်နှင့် အခြားသူများမှာ အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားကြပြီး မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေမိကြသည်။
လင်းချန်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ "ခင်ဗျားက... သိုင်းဝိညာဉ်တိုက်ကြီးကို နာမည်ပေးခဲ့တဲ့ အရှင်ရွှမ်လား။"
ယွမ်ရှန့်... သိုင်းဝိညာဉ်တိုက်ကြီးရှိ လူသားမျိုးနွယ်ဝင်များထဲ၌ သူ၏အမည်နာမကို မကြားဖူးသူဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
အတိတ်ကာလက လူသားမျိုးနွယ်စု၏ အခြေအနေမှာ ယခုကဲ့သို့ စည်ပင်ခြင်းမရှိခဲ့ဘဲ သီးခြားခွဲထုတ်ခံထားရသည့် နယ်မြေကျဉ်းလေးများအတွင်း၌သာ အသက်ဆက်နိုင်ရန် ခက်ခဲစွာ ရုန်းကန်ခဲ့ကြရခြင်း ဖြစ်၏။ ထိုစဉ်က လူသားတို့မှာ အထီးကျန်ဆန်လှသည့် မျိုးနွယ်စုတစ်ခုသာ ဖြစ်ခဲ့၏။
သို့သော် ယွမ်ရှန့် ပေါ်ထွက်လာချိန်၌မူ အခြေအနေအားလုံး ပြောင်းလဲသွားသည်။ သူသည် လူသားမျိုးနွယ်တစ်ခုလုံး၌ အတောက်ပဆုံးသော ပါရမီရှင်ဖြစ်လာခဲ့ပြီး အသက် ၃၀ အရွယ်၌ပင် လူသားတို့၏ နယ်မြေကို အဆပေါင်းတစ်ရာမက ကျယ်ပြန့်အောင် ချဲ့ထွင်ပေးနိုင်ခဲ့သည်။
ထို့နောက် သူသည် ဤတိုက်ကြီးမှ နှစ်ပေါင်းနှစ်ရာတိုင်တိုင် ထွက်ခွာသွားခဲ့၏။ ယွမ်ရှန့် မရှိတော့သော်လည်း တိုးတက်လာမှုနှင့်အတူ အခြား လူသားမျိုးနွယ်ဝင်များလည်း နိုးထလာခဲ့ကြသည်။
သူတို့သည် ယွမ်ရှန့်ကဲ့သို့ နယ်မြေများကို မချဲ့ထွင်နိုင်ကြသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အပြည့်အဝ ရှိနေခဲ့ကြ၏။
နှစ်ပေါင်းနှစ်ရာ ကြာပြီးနောက် လူသားမျိုးနွယ်စုမှာ အခြားမျိုးနွယ်စုများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရချိန်၌ ယွမ်ရှန့် ပြန်လည်ရောက်ရှိလာပြီး ပြိုင်ဘက်ကင်းလှသည့် တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။ သူတစ်ယောက်တည်းနှင့်ပင် လူသားမျိုးနွယ်ကို ကျူးကျော်နေသည့် မျိုးနွယ်စုကြီး ငါးခုကို အမြစ်ပြတ်လုနီးပါး ချေမှုန်းပစ်ခဲ့၏။
သမိုင်းမှတ်တမ်းများအရ ယွမ်ရှန့်သည် တိုက်ကြီးမှ ထွက်ခွာသွားပြီးနောက် ပြင်ပလောကရှိ လူသားမျိုးနွယ်ဝင်များနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုကြသည်။ သူတို့ထံမှ သိုင်းဝိညာဉ်များကို ပူးပေါင်းအသုံးပြုပုံ၊ သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း၊ နိဗ္ဗာန်ကိုးသွယ်နှင့် သိုင်းဝိညာဉ်၏ စွမ်းရည်များ စသည့် အဆင့်မြင့်ကျင့်စဉ်များကို သင်ယူခဲ့ခြင်း ဖြစ်၏။
ယွမ်ရှန့်က ထိုအသိပညာများကို ယူဆောင်လာပြီးနောက်၌ လူသားမျိုးနွယ်၏ ခွန်အားမှာ မကြုံစဖူး တိုးတက်လာခဲ့သည်။ သဘာဝကျစွာပင် ယွမ်ရှန့်မှာ လူသားမျိုးနွယ်၏ ကယ်တင်ရှင် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့လေပြီ။
ထိုစဉ်က သူသည် တိုက်ကြီးတစ်ခုလုံး၌ မည်သူမျှ ယှဉ်နိုင်ခြင်းမရှိသည့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပြီး အရှင်ရွှမ်ဟု လူသိများလာခဲ့၏။ သူ၏ အရှိန်အဝါဖြင့်ပင် ဤတိုက်ကြီးကို သိုင်းဝိညာဉ်တိုက်ကြီးဟု အမည်ပေးခဲ့ရာ ယနေ့တိုင် ထိုအမည်ကိုပင် အသုံးပြုနေကြခြင်း ဖြစ်သည်။
ယွမ်ရှန့်နှင့် ပတ်သက်၍မူ သူသည် ပိုမိုမြင့်မားသည့် နယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားစဉ် ကျရှုံးပြီး သေဆုံးသွားခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ဖူး၏။ အချို့ကမူ သူ၏ သက်တမ်းကုန်ဆုံးသဖြင့် အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။
ယခုကဲ့သို့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦး သူတို့ရှေ့၌ စိတ်ဝိညာဉ်ပုံရိပ်ဖြင့် ပေါ်လာခြင်းကြောင့် လီယွမ်ဖုန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ရန်ထျန်းဟောက်နှင့် သူ၏ ဂျူနီယာညီမလေးမှာလည်း မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။
ယီစင်းမှာလည်း ထိုအဘိုးအိုကို ကြည်ညိုလေးစားသည့် မျက်နှာထားဖြင့် ကြည့်နေမိ၏။ လင်းချန်သည်လည်း ရှေ့မှ စိတ်ဝိညာဉ်အဘိုးအိုကို လေးစားစွာ ကြည့်နေသော်လည်း သူ၏ အကြည့်ထဲ၌ သတိထားရိပ် အနည်းငယ် ပါဝင်နေသည်။
မနေ့ညက သူ ကျင့်ကြံနေစဉ်အတွင်း သူ၏ အသိစိတ်ပင်လယ်ထဲသို့ တစ်စုံတစ်ဦး ရောက်လာခဲ့သကဲ့သို့ ခံစားခဲ့ရဖူး၏။ ယခု ဤစိတ်ဝိညာဉ်အဘိုးအို ပေါ်လာချိန်၌မူ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဤအဘိုးအိုပင် ဖြစ်ရမည်ဟု လင်းချန် သဘောပေါက်သွားပြီ ဖြစ်သည်။
လင်းချန်က သံသယဖြင့် မေးလိုက်၏။ "စီနီယာ... အစောပိုင်းက ခင်ဗျား ပြောသွားတဲ့ ဒီရှုပ်ထွေးတဲ့ ကိစ္စတွေထဲ ဝင်မပါနဲ့ဆိုတာ ဘာသဘောလဲ။"
ယွမ်ရှန့်၏ အမူအရာမှာ တဖြည်းဖြည်း လေးနက်လာပြီး ရှင်းပြလိုက်၏။ "ဒီကမ္ဘာငယ်လေးရဲ့ စမ်းသပ်မှုနယ်မြေကို လူသားမျိုးနွယ်၊ ပင်လယ်မျိုးနွယ်၊ အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့က ပူးပေါင်း တည်ဆောက်ခဲ့ကြတာ။"
"ဒါပေမဲ့ ငါ သိထားတာကတော့ အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေဟာ ဒီထဲကို ဝင်ရောက်ပြီး ခြေရှုပ်နေတာ ကြာလှပြီဆိုတာပဲ။ လူသားမျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်ရဲ့ ခံတပ်တွေမှာရှိတဲ့ အစီအရင်တွေကို သူတို့က ကြိုတင်ပြင်ဆင်ထားကြပြီးသား။"
"လူအမြောက်အမြား အထဲကို ဝင်သွားတာနဲ့ သူတို့က အစီအရင်ကို လှုံ့ဆော်ပြီး အထဲမှာရှိတဲ့ လူသားတွေနဲ့ ပင်လယ်မျိုးနွယ်ဝင်တွေကို သွေးသားအဆီအနှစ်တွေအဖြစ် သန့်စင်ပစ်ကြလိမ့်မယ်။"
ယွမ်ရှန့်၏ စကားဆုံးသည်နှင့် လင်းချန်၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားသည်။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လင်းချန်၏ ဘေး၌ ပုံရိပ်ပေါင်း တစ်ဆယ်ကျော် ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုသူများမှာ အစိမ်းရင့်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားသည့် ဟွာရှာအင်ပါယာမှ လေပြင်းစစ်သည်များပင် ဖြစ်သည်။
လင်းချန်က အမိန့်ပေးလိုက်၏။ "ကျန်းဇီတဲတို့ကို အမြန်လိုက်သွားပြီး ချက်ချင်း ပြန်လာဖို့ ပြောလိုက်ကြ။ ပြီးတော့ တခြား ပင်လယ်မျိုးနွယ်စုဝင်တွေကိုလည်း ခံတပ်ဆီ မသွားဖို့ သတိပေးလိုက်။"
ထိုပုံရိပ်များက ချက်ချင်း တုံ့ပြန်လိုက်ကြ၏။ "အမိန့်တော်အတိုင်းပါ"
အမိန့်ရသည်နှင့် ထိုသူများမှာ အစိမ်းရင့်ရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဝေးရာသို့ ဒုံးပျံအလား ပျံသန်းထွက်ခွာသွားကြသည်။
လီယွမ်ဖုန်းက အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိ၏။ "တော်တော်မြန်တာပဲ။"
ထိုစစ်သည်များမှာ သေခြင်းရှင်ခြင်းနယ်ပယ်၌သာ ရှိကြသော်လည်း အရှိန်မှာမူ လီယွမ်ဖုန်းထက်ပင် အနည်းဆုံး သုံးဆခန့် ပိုမိုမြန်ဆန်နေသည်။
ထိုကိစ္စကို ဖြေရှင်းပြီးနောက် လင်းချန်သည် သူ၏ရှေ့မှ အဘိုးအိုကို ကြည့်ကာ မေးလိုက်၏။ "စီနီယာ... အခုတော့ မနေ့ညက ကျုပ်ရဲ့ အသိစိတ်ထဲကို ခင်ဗျား ဘာလို့ ဝင်ခဲ့လဲဆိုတာ ရှင်းပြပေးလို့ ရမလား။"
ယွမ်ရှန့်မှာ သွားလေးဖြဲကာ ရယ်မောလိုက်သည်။ "ဟားဟား... ဒီအဖိုးကြီးက တမင်လုပ်တာ မဟုတ်ပါဘူးကွယ်။ ငါက တခြားသူတွေကို မသိစေဘဲ ဒီကမ္ဘာငယ်လေးကို မင်းဆီ ပေးချင်ရုံ သက်သက်ပါပဲ။ ဒါကြောင့် မင်းရဲ့ အသိစိတ်ထဲကို ခဏလောက် ဝင်ကြည့်မိတာပါ။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၆ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team