အခန်း ၃၀၇
Vol. 31 Ch. 307
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၇
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ယွမ်ရှန့်၏ စကားကြောင့် လင်းချန် အပါအဝင် လူတိုင်း အံ့ဩသွားကြသည်။ ကမ္ဘာငယ်လေး တစ်ခုလုံးကို လင်းချန်အား လက်ဆောင်ပေးမည်ဟု ဆိုပါလား။ ဤသည်မှာ နောက်ပြောင်နေခြင်းလော။ ကမ္ဘာငယ်လေးတစ်ခုကို ဤမျှ လွယ်ကူစွာဖြင့် တစ်ဦးတစ်ယောက်အား တိုက်ရိုက် ပေးအပ်၍ ရနိုင်ပါသလော။
သိုင်းဝိညာဉ်တိုက်ကြီးရှိ လူသားမျိုးနွယ်တို့၏ အလေးအမြတ်ထားရသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး အရှင်ရွှမ် ဖြစ်နေသော်လည်း လင်းချန်ကမူ သံသယအပြည့်ဖြင့် စိုက်ကြည့်လိုက်၏။
"စီနီယာ... ကျွန်တော်က လူငယ်မို့လို့ ခင်ဗျား နောက်ပြောင်နေတာလား။"
လင်းချန်၏ မယုံကြည်သည့် အမူအရာကို မြင်သည့်အခါ ယွမ်ရှန့်က သူတို့ခြေဖဝါးအောက်ရှိ ကမ္ဘာငယ်လေးကို ညွှန်ပြလျက် ပြုံးလိုက်သည်။
"လူသားမှာ နှလုံးသားရှိသလို ကမ္ဘာမှာလည်း နှလုံးသား ရှိတာပေါ့ကွယ်။ သဘာဝကျကျပဲ ကမ္ဘာငယ်လေးမှာလည်း ကမ္ဘာ့အမြုတေ ရှိတယ်။ မင်းက ကမ္ဘာ့အမြုတေပေါ်မှာ မင်းရဲ့ စိတ်ဝိညာဉ်အမှတ်အသားကို ချန်ထားနိုင်ရင် ဒီကမ္ဘာငယ်လေးက မင်းပိုင်ဖြစ်လာမှာပေါ့။"
ယွမ်ရှန့်၏ စကားမှာ အလွန်ပင် ယုတ္တိရှိလှသဖြင့် လူတိုင်းမှာ မသိစိတ်ဖြင့် ခေါင်းညိတ်မိသွားကြ၏။ သို့သော်လည်း လင်းချန်ကမူ အဓိကအချက်ကို ချက်ချင်း ရိပ်မိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"စီနီယာ... ခင်ဗျားပြောပုံအရဆိုရင် ကျွန်တော်ကိုယ်တိုင် ဒီကမ္ဘာငယ်လေးရဲ့ အမြုတေကို ရှာပြီး အမှတ်အသား သွားနှိပ်ရမယ်ဆိုလိုတာလား။"
ယွမ်ရှန့်က ကျေနပ်စွာ ခေါင်းညိတ်ပြရင်း သင်ကြားပေးရကျိုးနပ်သည်ဟူသည့် အမူအရာဖြင့် ချီးကျူးလိုက်ရာ လင်းချန်မှာ ပို၍ပင် ဒေါသထွက်သွား၏။
"လိမ္မာတဲ့ကောင်လေးပဲ။ ငါ လူရွေးမမှားခဲ့ဘူး။"
လင်းချန်က မျက်နှာကို မကျေမနပ် ရှုံ့မဲ့လိုက်သည်။
"အဘိုးကြီး... ခင်ဗျား ကျွန်တော့်ကို ကစားနေတာလား။ အလုပ်ကို ကိုယ့်ဘာသာ လုပ်ခိုင်းပြီးတော့ ခင်ဗျားက လက်ဆောင်ပေးသလိုလို ပြောရဲသေးတယ်ပေါ့။"
သူ၏ဘေး၌ နတ်လှံတံကို ကိုင်ဆောင်ကာ ရပ်နေသည့် ကျောက်လုံမှာလည်း ယွမ်ရှန့်အား လှံဖြင့် ညွှန်ပြလိုက်၏။
"မင်းက ဘယ်လိုကောင်မို့လို့ ငါတို့အရှင်သခင်ကို လာပြီး လှည့်စားနေတာလဲ။"
ကျောက်လုံ၏ မျက်လုံးထဲ၌ ရှေးဟောင်းပုဂ္ဂိုလ် သို့မဟုတ် လူငယ်ဟူ၍ မရှိချေ။ သူ၏ စိတ်ထဲ၌ ကောင်းကင်နှင့် မြေကြီးအကြား ဧကရာဇ်မင်းမြတ်ထက် ကြီးမြတ်သည့်သူ မည်သူမျှ မရှိပေ။
ယွမ်ရှန့်သည် ကျောက်လုံအား တစ်ချက်မျှ ကြည့်ကာ လျစ်လျူရှုလိုက်ပြီး လင်းချန်ဘက်သို့သာ လှည့်လိုက်၏။
"လူငယ်လေး... စိတ်မလောပါနဲ့ဦး။ မင်းရဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ်နဲ့ အသိစိတ်စွမ်းအားတွေက အရိပ်မဲ့မျိုးနွယ်ဝင်တွေကို အလွယ်တကူ ရှာဖွေနိုင်ပါလျက်နဲ့ ငါ့ကိုကျတော့ ဘာလို့ ရှာမတွေ့ခဲ့တာလဲဆိုတာ မင်းမသိချင်ဘူးလား။"
ယွမ်ရှန့်၏ စကားကြောင့် လင်းချန်မှာ သတိဝင်လာ၏။ ထိုအချက်မှာ အမှန်ပင် ဖြစ်သည်။ အကယ်၍ မနေ့ညက သူ၏ အသိစိတ်ပင်လယ်ထဲ၌ ဝိုးတဝါး ကျန်ရစ်ခဲ့သည့် အမှတ်အသားနှင့် ယွမ်ရှန့်က သူ၏ ဆန္ဒအလျောက် ကိုယ်ထင်ပြခြင်း မရှိခဲ့ပါက လင်းချန်အနေဖြင့် တစ်ဖက်လူ၏ တည်ရှိမှုကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။
ကျောက်လုံသည်လည်း မျက်လုံးအပြူးသားဖြင့် ယွမ်ရှန့်အား စိုက်ကြည့်နေမိ၏။ သူသည်လည်း ထိုလျှို့ဝှက်ချက်ကို သိလိုစိတ် ပြင်းပြနေသည်။ သူသည် လူမိုက်တစ်ဦး မဟုတ်သဖြင့် ယွမ်ရှန့်မှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိပြီးသား ဖြစ်၏။
အစောပိုင်းက သူ၏ ကြမ်းတမ်းသည့် အပြုအမူမှာ မနေ့ညက ဧကရာဇ်ကို ကာကွယ်နေပါလျက်နှင့် တစ်ဖက်လူ ပေါ်လာသည်ကို မသိရှိခဲ့သည့်အတွက် သူ၏ အရှက်ရမှုကို ဖုံးကွယ်ရန်သာ ဖြစ်သည်။
ယွမ်ရှန့်က ထူးဆန်းသည့် အပြုံးဖြင့် လင်းချန်အား ကြည့်လိုက်၏။
"ကောင်းကင်နဲ့ မြေကြီးအကြားမှာ ထူးခြားတဲ့ အရှိန်အဝါတစ်ခု ရှိတယ် လူငယ်လေး။ မင်းရဲ့ စိတ်ဝိညာဉ်အာရုံကို သုံးပြီး ဒီကမ္ဘာငယ်လေးထဲမှာ ငါ့ကို ရှာကြည့်ပါလား။"
ယွမ်ရှန့်၏ အရိပ်အမြွက်ကြောင့် လင်းချန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ပိုမိုမြင့်မားလာသည့် စိတ်ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ဂရုတစိုက် ခံစားကြည့်လိုက်၏။ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးအကြား၌ ကိုယ်ပိုင်ထူးခြားသည့် အရှိန်အဝါများ ရှိနေကြသည်။ လင်းချန်၏ စိတ်ထဲ၌ ကမ္ဘာငယ်လေး၏ အရှိန်အဝါမှာ ကွက်ကွက်ကွင်းကွင်း ပေါ်ထွက်လာ၏။
ထိုခဏ၌ လင်းချန်မှာ တစ်စုံတစ်ခုကို ရှာတွေ့သွားလေပြီ။ ယွမ်ရှန့် ရပ်နေသည့် နေရာ၌ ကောင်းကင်နှင့် မြေကြီးအကြားရှိ အရှိန်အဝါမှာ သိသိသာသာ ပိုမိုသိပ်သည်းနေသော်လည်း ထိုနေရာ၌ အခြားလူသားတစ်ဦး၏ အရှိန်အဝါဟူ၍ မရှိချေ။
လင်းချန် သဘောပေါက်သွားလေပြီ။ အကြောင်းတစ်ခုခုကြောင့် ယွမ်ရှန့်၏ အရှိန်အဝါမှာ ဤကမ္ဘာငယ်လေး၏ အရှိန်အဝါနှင့် ထပ်တူကျနေခြင်းပင်။ သူသည် ဤကမ္ဘာငယ်လေးနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ယွမ်ရှန့်ကသာ သူကိုယ်တိုင် ရှင်းပြခြင်း မရှိခဲ့ပါက လင်းချန်အနေဖြင့် သူ၏ တည်ရှိမှုကို အာရုံခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
လင်းချန်သည် အကြောင်းရင်းကို သိရှိသွားပြီးနောက်၌ သက်ပြင်းချလိုက်မိပြီး သူ၏ ရှေ့မှ ယွမ်ရှန့်အား ကြည့်ကာ လေးစားစွာ အရိုအသေပြုလိုက်သည်။
"စီနီယာက ကိုယ့်ကိုယ်ကိုယ် စတေးပြီး ဒီကမ္ဘာငယ်လေးနဲ့ ပေါင်းစပ်ခဲ့တာပဲ။ ဒီကမ္ဘာပေါ်မှာ ဆက်လက်တည်ရှိနေနိုင်ဖို့အတွက် ခင်ဗျားရဲ့ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ဒီမှာ ချန်ထားခဲ့တာပေါ့။"
ထိုအချိန်၌ လင်းချန် သဘောပေါက်လိုက်သည်မှာ အရှင်ရွှမ် ယွမ်ရှန့်သည် အိုမင်းမစွမ်းဖြစ်၍ သေဆုံးသွားခဲ့ခြင်း မဟုတ်သလို ပိုမိုမြင့်မားသည့် နယ်ပယ်သို့ တက်လှမ်းရာ၌ ရှုံးနိမ့်ခဲ့ခြင်းလည်း မဟုတ်ဘဲ သူ့ကိုယ်သူ ဤကမ္ဘာငယ်လေးအတွင်းသို့ ပေါင်းစပ်ထည့်သွင်းခဲ့ခြင်းသာ ဖြစ်၏။
တစ်ဖက်လူ၏ ဝိုးတဝါးဖြစ်နေသည့် စိတ်ဝိညာဉ်ပုံရိပ်မှာ သူ၏ လက်ရှိ ဆိုးရွားလှသော အခြေအနေကို ဖော်ပြနေသည်။ လင်းချန်၏ ရှင်းပြချက်ကို ကြားသည့်အခါ အခြားသူများမှာလည်း ရုတ်တရက် သဘောပေါက်သွားကြပြီး ယွမ်ရှန့်အား လေးစားစွာ အရိုအသေပြုလိုက်ကြ၏။
သို့သော်လည်း သူတို့ ခေါင်းမော့လိုက်ချိန်၌ ယွမ်ရှန့်မှာ အဘယ်ကြောင့် ထိုမျှ ဒေါသထွက်နေရသနည်းဆိုသည်ကိုမူ သူတို့ နားမလည်နိုင်ကြချေ။ မျိုးဆက်သစ် လူငယ်များအနေဖြင့် သူ့အား လွမ်းဆွတ်တမ်းတပြီး လေးစားမှု ပြုလုပ်ခြင်းက သူ့ကို ပျော်ရွှင်စေသင့်သည် မဟုတ်ပါလော။ ထို့နောက်၌မူ စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များပင် ကျလာသင့်သည် မဟုတ်ပါလော။
"ဘုန်းးး"
ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များ စုစည်းလာပြီး လင်းချန် အပါအဝင် လူတိုင်း၏ ခေါင်းကို ခပ်ဖွဖွ လိုက်လံခေါက်လိုက်သည်။ ယွမ်ရှန့်က စိတ်တိုတိုဖြင့် အော်ဟစ်လိုက်၏။
"ဒီအဘိုးကြီး သေပြီလို့ ဘယ်သူပြောလဲ။ ငါ အသက်ရှင်နေတုန်းပဲကွ။"
ကျောက်လုံ အခေါက်ခံရခြင်းမှာ ကိစ္စမရှိသော်လည်း ဤအဘိုးအိုက သူ၏ အရှင်သခင် ဧကရာဇ်မင်းမြတ်၏ ခေါင်းကို ခေါက်ရဲခြင်းအပေါ် ကျောက်လုံမှာ သည်းမခံနိုင်တော့ချေ။ သို့သော် လင်းချန်က ကျောက်လုံအား ဇွတ်မလုပ်ရန် တင်းကျပ်စွာ တားမြစ်လိုက်ပြီး သူ၏ ခေါင်းကို ပွတ်ရင်း ယွမ်ရှန့်အား လှမ်းကြည့်လိုက်သည်။
"စီနီယာ... ခင်ဗျားက အသက်ရှင်နေတုန်းလား။ အဲ့ဒါဆိုရင် ခင်ဗျား ဘာလို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ။"
ယွမ်ရှန့်သည် သူ၏ ဝိုးတဝါး စိတ်ဝိညာဉ်ကိုယ်ထည်ကို လှုပ်ရှားပြလိုက်သည်။
"ကမ္ဘာငယ်လေးကို ပိုင်ဆိုင်ဖို့အတွက် ကမ္ဘာ့နှလုံးသားပေါ်မှာ စိတ်ဝိညာဉ်အမှတ်အသား ချန်ထားရမယ်လို့ ငါ အစောက ပြောတယ်မလား။ ငါ့ရဲ့ စိတ်ဝိညာဉ်ပုံရိပ်က တကယ်တော့ အဲ့ဒီ အမှတ်အသားပဲ။ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကတော့ သိုင်းဝိညာဉ်တိုက်ကြီးကနေ ထွက်သွားတာ ကြာပြီ။ ဒီကမ္ဘာကြီးက ငါ့ရဲ့ တိုးတက်မှုကို ဟန့်တားနေလို့ ငါ သေချာပေါက် ထွက်သွားရမှာပေါ့။"
ယွမ်ရှန့်၏ စကားဆုံးမှသာ လူတိုင်းမှာ အခြေအနေမှန်ကို သဘောပေါက်သွားကြပြီး လင်းချန်သည်လည်း အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာ ရသွားသည်။ ဤအဘိုးအိုသည် သိုင်းဝိညာဉ်တိုက်ကြီးရှိ လူသားမျိုးနွယ်စုအပေါ် ထားရှိခဲ့သည့် ကျေးဇူးတရားများမှာ အတိုင်းအဆမရှိလှပေ။
အကယ်၍သာ သူရဲကောင်းတစ်ဦးအကြောင်း ပြောရမည်ဆိုလျှင် ယွမ်ရှန့်မှာ သေချာပေါက် သူရဲကောင်းတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီး သေဆုံးသွားခဲ့မည်ဆိုလျှင် လင်းချန်အနေဖြင့် အလွန်တရာ နှမြောတသ ဖြစ်မိပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူမှာ သေဆုံးခြင်း မရှိသေးချေ။
ယွမ်ရှန့်က ထိုမျိုးနွယ်စုများ ပေါ်လာရခြင်း၏ အကြောင်းရင်းကို ဆက်လက် ရှင်းပြလိုက်၏။
"ဒီတစ်ခါ အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေ ဒီကမ္ဘာငယ်လေးထဲ ဝင်လာရတဲ့ ရည်ရွယ်ချက်က သိသာတယ်။ သူတို့က ဒီကမ္ဘာကို ထိန်းချုပ်ဖို့၊ ငါချန်ထားခဲ့တဲ့ အမှတ်အသားကို အတင်းအဓမ္မ ဖျက်ဆီးပြီး သူတို့ဘာသာ ပိုင်ဆိုင်ဖို့ ကြိုးစားနေကြတာပဲ။"
ထိုအကြောင်းအရာကို ပြောဆိုချိန်၌ ယွမ်ရှန့်၏ မျက်နှာပေါ်၌ စိုးရိမ်ရိပ်များ ပေါ်ထွက်လာ၏။ ထိုအရာကို လင်းချန်က နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။
"စီနီယာ့ရဲ့ အစွမ်းနဲ့ဆိုရင် ဒီမျိုးနွယ်စုနှစ်ခုက အမှတ်အသားကို ဖျက်ဆီးဖို့ဆိုတာ မလွယ်လောက်ဘူးမလား။ ဒါ့အပြင် စီနီယာ့အတွက်ဆို ဒီကမ္ဘာငယ်လေးရဲ့ တန်ဖိုးက အဲ့လောက် မကြီးမားပါဘူး။ ဘာလို့ ဒီလောက်အထိ တွယ်တာနေရတာလဲ။ အမှန်တော့ ဒီကမ္ဘာငယ်လေးကို မျိုးနွယ်စုကြီးလေးခုက ပူးတွဲစီမံခဲ့ကြတာပဲ၊ လူသားမျိုးနွယ် တစ်ခုတည်း ပိုင်ဆိုင်တာမှ မဟုတ်တာ။"
လင်းချန်၏ မေးခွန်းများမှာ တရစပ် ထွက်ပေါ်လာသည့်အခါ ယွမ်ရှန့်က ပြုံးလျက် ခေါင်းညိတ်လိုက်၏။
"မင်းကတော့ မေးခွန်းတွေ များလှချည်လား။ ကြည့်ရတာ ဒီနေ့တော့ အရာအားလုံးကို ရှင်းပြရတော့မယ် ထင်တယ်။ အမှတ်အသားတစ်ခုကို ဖျက်ဆီးဖို့ဆိုတာ အခုချိန်မှာ မခက်တော့ဘူး။ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က အခုချိန်မှာ အရမ်းကို အစွမ်းထက်နေနိုင်ပေမဲ့ အဲ့ဒီအချိန်က အမှတ်အသား ချန်ထားခဲ့တဲ့ ငါ့ရဲ့ ခွန်အားကတော့ အဲ့ဒီအဆင့်မှာပဲ ရှိနေတာလေ။ အချိန်ဆိုတာ အင်အားအကြီးဆုံး အရာပဲ။ နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ ငါချန်ထားခဲ့တဲ့ အမှတ်အသားဟာလည်း ပြီးပြည့်စုံအောင် ဆက်တည်ရှိနေဖို့ မဖြစ်နိုင်တော့ဘူး။ ငါ အမှတ်အသား စနှိပ်ခဲ့တုန်းက ငါ့ရဲ့ စိတ်ဝိညာဉ်ပုံရိပ်ဟာ အခုလို ဝိုးတဝါး မဟုတ်ဘဲ အစစ်အမှန် ခန္ဓာကိုယ်နီးပါး ထင်ရှားခဲ့တာပဲ။"
"ဒါ့အပြင်... မနေ့ညက ငါ မင်းရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်ပြီး မင်းနဲ့ စကားပြောဖို့ ကြိုးစားသေးတယ်။ မင်းရဲ့ စိတ်ဝိညာဉ်အင်အားက ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်ပုံရိပ်ကိုတောင် လွင့်စင်သွားစေခဲ့တာ။ အခု အခြေအနေ ပြန်ကောင်းလာပေမဲ့ အရင်ကထက်စာရင် အများကြီး အားနည်းသွားပြီ။"
ထိုစကားကို ကြားသည့်အခါ လင်းချန်က အကူအညီမဲ့စွာဖြင့် ပခုံးတွန့်ပြလိုက်၏။
"အဲ့ဒါက ကျွန်တော့်အပြစ်လားဗျာ။"
ယွမ်ရှန့်သည် ဖြည်းညှင်းစွာ ခေါင်းရမ်းလိုက်ပြီး ပြုံးလိုက်သည်။
"ငါ့ဘက်က မင်းကို အမိန့်ပေးသလိုမျိုး ဖြစ်အောင် ဟန်ဆောင်မိတာ ငါ့အမှားပါ။ ဒါပေမဲ့ ဒီကိစ္စက သိုင်းဝိညာဉ်တိုက်ကြီးပေါ်မှာရှိတဲ့ လူသားမျိုးနွယ်စုတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပါ။ ငါ သိုင်းဝိညာဉ်တိုက်ကြီးကနေ ထွက်သွားခဲ့တာ ကြာပြီဖြစ်ပေမဲ့ မူအားဖြင့်တော့ အဲဒီတိုက်ကြီးရဲ့ လူသားမျိုးနွယ်ရေးရာတွေကို မင်းတို့ပဲ ဖြေရှင်းရမှာပဲ။ ဒါပေမဲ့လည်း အဲဒီနေရာက ငါ့ရဲ့ ချက်ကြွေရာဇာတိမြေ ဖြစ်နေတယ်လေ။ ပြီးခဲ့တဲ့ မဟာစစ်ပွဲတုန်းကလည်း ငါ အချိန်မီပြန်မလာနိုင်ခဲ့လို့ မကူညီနိုင်ခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ အခြေအနေတွေ ပိုဆိုးမသွားအောင် ငါ အသေအချာ တားဆီးရလိမ့်မယ်။"
ထို့နောက် ယွမ်ရှန့်သည် အကြောင်းရင်းကို အသေးစိတ် ရှင်းပြလေရာ လင်းချန်နှင့် အခြားသူများသည်လည်း ဤကမ္ဘာငယ်လေးမှာ အဘယ်ကြောင့် ဤမျှ အရေးကြီးနေရသည်ကို နားလည်သွားကြသည်။ အမှန်စင်စစ် ဤကမ္ဘာငယ်လေးကို ယွမ်ရှန့်ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူ၏ အမှတ်အသားကို ထားရှိကာ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် ဤကမ္ဘာငယ်လေးသည် အလွန်ထူးခြားလှသည်။ ထိုနေရာ၌ တည်ငြိမ်သည့် ဟင်းလင်းပြင်အက်ကြောင်း ၅ ခု ရှိနေပြီး ထိုအက်ကြောင်းများကို နယ်ပယ်တံခါးများအဖြစ် တည်ဆောက်၍ အသုံးပြုနိုင်သည်။ တစ်ခုမှာ လင်းချန်တို့အဖွဲ့ ဝင်ရောက်လာသည့် လမ်းကြောင်းဖြစ်ပြီး နောက်တစ်ခုမှာ ပင်လယ်မျိုးနွယ်စုများ ဝင်ရောက်လာသည့် လမ်းကြောင်း ဖြစ်၏။
အခြားတံခါးနှစ်ခုမှာမူ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ နယ်မြေများ၌ တည်ရှိနေသည်။ သို့သော်လည်း ပဉ္စမမြောက် နယ်ပယ်တံခါးမှာမူ ဤကမ္ဘာငယ်လေး၏ ဗဟိုချက်၌ တည်ရှိနေ၏။ ထိုတံခါးကို ဖြတ်သန်းသွားမည်ဆိုလျှင် လူသားမျိုးနွယ်စုတို့၏ အချက်အခြာနယ်မြေဖြစ်သည့် ရှန်တောင်တန်းဆီသို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။
ယွမ်ရှန့်သည် ထိုတောင်တန်းအစွန်းရှိ မြို့ငယ်လေးတစ်ခု၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ထိုနေရာသည် ရှန်မြို့အဖြစ် ပြောင်းလဲနေပြီ ဖြစ်၏။ ယွမ်ရှန့်သည် ဇာတိမြေသို့ ပြန်လည်ရောက်ရှိချိန်မှသာ ဤကမ္ဘာငယ်လေးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူ ငယ်စဉ်က ထွက်ခွာသွားချိန်၌မူ နယ်ပယ်အဆင့်က မမြင့်မားသေးသဖြင့် ဤကမ္ဘာငယ်လေးကို သတိမပြုမိခဲ့ချေ။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၇ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team