← Chapters

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈

Vol. 31 Ch. 308

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၈

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ယွမ်ရှန့်၏ ရှင်းပြချက်များ အဆုံး၌ ယွမ်ရှန့်က အဘယ်ကြောင့် ဤကမ္ဘာငယ်လေးကို သူ့အား ပေးအပ်ချင်နေရသနည်းဆိုသည့် အချက်ကို လင်းချန် သဘောပေါက်သွားသည်။

အကယ်၍ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သာ ဤကမ္ဘာငယ်လေးကို ပိုင်ဆိုင်သွားမည်ဆိုပါက နှလုံးသားအက်ကြောင်းကို အသုံးပြု၍ လူသားမျိုးနွယ်စုတို့၏ အတွင်းပိုင်းနယ်မြေထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်မည် ဖြစ်၏။

ထိုအချိန်ကျလျှင် မည်ကဲ့သို့သော ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်သော်လည်း လူသားမျိုးနွယ်တို့၏ အချက်အခြာနယ်မြေမှာ ဘေးမကင်းတော့သည်က သေချာလှ၏။

ရန်သူများသည် ဤကမ္ဘာငယ်လေးမှတစ်ဆင့် အဆက်မပြတ် ထွက်ပေါ်လာပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်ပေလိမ့်မည်။

ဤသည်မှာ ယွမ်ရှန့် လုံးဝအလိုမရှိသည့် အခြေအနေပင် ဖြစ်၏။ ထိုစဉ်က အခြေအနေများအရ ဤကမ္ဘာငယ်လေးသည် အခြားသော မျိုးနွယ်စုသုံးခု၏ နယ်မြေများနှင့် ဆက်သွယ်နေသဖြင့် အခြားမျိုးနွယ်စုများ၏ အာရုံကို လွှဲပြောင်းရန်အတွက် ယွမ်ရှန့်က ဤကမ္ဘာငယ်လေးကို သေခြင်းရှင်ခြင်း တိုက်ပွဲစမ်းသပ်ကွင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲရန် ကြံစည်ခဲ့သည်။

ဤကမ္ဘာငယ်လေးကို အသွင်ပြောင်းလဲခဲ့သူ ဖြစ်သည့်အားလျော်စွာ ယွမ်ရှန့်သည် အခြားမျိုးနွယ်စုများမှ လက်နက်သွန်းလုပ်သူများနှင့် အစီအရင်ဆရာများ သတိမထားမိခင်မှာပင် အမြုတေ ဗဟိုချက်ကို အပြီးတိုင် ချိပ်ပိတ်ခဲ့၏။

သို့မှသာ အခြားသူများ ရှာမတွေ့နိုင်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ အရာအားလုံးသည် ယွမ်ရှန့်၏ အစီအစဉ်အတိုင်း ဖြစ်မြောက်နေ၏။

ပင်လယ်မျိုးနွယ် ၊ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် ထိုအချက်ကို မသိရှိကြသလို လူသားမျိုးနွယ်စု ကိုယ်တိုင်ပင်လျှင်လည်း မသိရှိကြပေ။

ယွမ်ရှန့်၏ အယူအဆမှာ ဤပဉ္စမမြောက် နယ်ပယ်တံခါးကို ထိန်းသိမ်းရန်အတွက် သူ၏ လူမျိုးများကိုပင်လျှင် အသိမပေးသင့်ဟု ယူဆထားခြင်း ဖြစ်၏။

သို့သော်လည်း လင်းချန်တို့အဖွဲ့သည် ရှေးဟောင်းခေတ် စစ်ပွဲကြီးအကြောင်းကို သိရှိသွားလိမ့်မည်ဟု ယွမ်ရှန့် မခန့်မှန်းထားမိချေ။

ထိုစဉ်က လူသားမျိုးနွယ် ၊ ပင်လယ်မျိုးနွယ်နှင့် အခြားသော မျိုးနွယ်စုများသည် ကိုယ်ယောင်ဖျောက်မျိုးနွယ် ၊ အရိပ်မဲ့မျိုးနွယ်တို့နှင့်အတူ ကမ္ဘာကို တုန်လှုပ်စေသည့် စစ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး သိုင်းဝိညာဉ်တိုက်ကြီးတစ်ခုလုံး စစ်မီးများ တောက်လောင်ခဲ့ရ၏။

ထိုကာလအတွင်း ကောင်းကင်ယံ၌ သိုင်းဝိညာဉ်စွမ်းအားမျိုးစုံ ဖုံးလွှမ်းနေပြီး ကမ္ဘာမြေကြီးနှင့် တောင်တန်းများမှာလည်း ရှေးဟောင်းစစ်ပွဲကြောင့် တုန်ခါနေခဲ့ရာ နေ့နှင့်ညပင် ခွဲခြား၍ မရနိုင်ခဲ့ပေ။

ယွမ်ရှန့်သည် ထိုအခြေအနေများကို ဤကမ္ဘာငယ်လေးမှတစ်ဆင့် စောင့်ကြည့်နေခဲ့သော်လည်း စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။

သိုင်းဝိညာဉ်တိုက်ကြီးမှ ထွက်ခွာသွားပြီးနောက် သူသည် အနှောင်အဖွဲ့များမှ လွတ်မြောက်သွားကာ အင်အားမှာလည်း အံ့မခန်း တိုးတက်လာခဲ့ရာ သူ၏ အမြင်မှာ သိုင်းဝိညာဉ်တိုက်သားများနှင့် နှိုင်းယှဉ်၍ မရလောက်အောင် မြင့်မားနေပြီ ဖြစ်သည်။

လင်းချန်တို့အတွက်မူ ရှေးဟောင်းခေတ်ဆိုသည်မှာ အလွန်ဝေးကွာလှ၏။

အထူးသဖြင့် လင်းချန်၏ အတိတ်ဘဝ၌ ဖြစ်တည်ခဲ့သည့် အချိန်ကာလများနှင့် နှိုင်းယှဉ်ပါက ဤကမ္ဘာ၏ သက်တမ်းမှာ အလွန်ပင် ရှည်လျားလှသည်။

ထို့ကြောင့် သူတို့အတွက် ဝေးကွာလှသည့် ရှေးဟောင်းခေတ်သည် ယွမ်ရှန့်အတွက်မူ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။

သိုင်းဝိညာဉ်တိုက်ကြီးကို ဖုံးလွှမ်းခဲ့သည့် စစ်ပွဲကြီးမှာ ယွမ်ရှန့်အတွက်မူ ကလေးချင်း ရန်ဖြစ်နေသကဲ့သို့သာ ဖြစ်ပြီး အရေးတကြီး ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။

သို့သော်လည်း ဤသည်မှာ သူ၏ ဇာတိမြေ ဖြစ်နေဆဲပင်။ အကယ်၍ ဟင်းလင်းပြင်အက်ကြောင်း၏ အားနည်းချက်ကို မပြင်ဆင်နိုင်ပါက လူသားမျိုးနွယ်စုများ မျိုးတုံးသွားနိုင်သည့် အခြေအနေ ရှိနေသည်။

အချက်အခြာနယ်မြေ၌ ရန်သူများ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုမှာ တွက်ချက်၍ပင် မရနိုင်ပေ။

ထို့ကြောင့် ယွမ်ရှန့်သည် လင်းချန်အား ကမ္ဘာ၏ အမြုတေသို့ သွားရောက်စေပြီး သူ၏ အမှတ်အသားကို ရေးထွင်းကာ ဤကမ္ဘာငယ်လေးကို ထိန်းချုပ်စေရန် တာဝန်ပေးလိုခြင်း ဖြစ်၏။

ကမ္ဘာ၏ အမြုတေပေါ်၌ အမှတ်အသားထားရှိနိုင်ရန်အတွက် ထိုသူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အလွန်တရာ အားကောင်းရန် လိုအပ်သည်။

ယွမ်ရှန့်သည်လည်း ဤကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်လာသည့် လူသားများထဲ၌ လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအားတစ်ခုတည်းသာ ထိုလိုအပ်ချက်နှင့် ကိုက်ညီသည်ကို သတိပြုမိ၏။

အခြားသူများမှာမူ လုံးဝ အနားသို့ပင် မကပ်နိုင်ကြချေ။ အထူးသဖြင့် လင်းချန်၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်စဉ်က ဟွာရှာအင်ပါယာ၏ နိုင်ငံတော်ကံကြမ္မာစွမ်းအားကြောင့် ဒဏ်ရာရရှိပြီးနောက် လင်းချန်သည်သာ ဤတာဝန်ကို ထမ်းဆောင်နိုင်မည့်သူဖြစ်ကြောင်း ယွမ်ရှန့်က ပို၍ ယုံကြည်သွားခြင်း ဖြစ်သည်။

အကယ်၍ လင်းချန်သာ ကမ္ဘာအမြုတေ၏ သခင်အသစ် ဖြစ်လာမည်ဆိုလျှင် ယွမ်ရှန့်သည် သူ၏ ကျန်ရှိနေသည့် အမှတ်အသားမှ စွမ်းအင်အားလုံးကို အသုံးပြု၍ ကမ္ဘာအမြုတေ၌ သူအရင်က တည်ဆောက်ထားသော အစီအရင်ကို ပြုပြင်ပေးနိုင်မည် ဖြစ်ပေလိမ့်မည်။

ထိုအစီအရင်ကို ပြုပြင်ပြီးသွားပါက အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် သေခြင်းရှင်ခြင်းနယ်ပယ်ထက် မြင့်မားသူများကို ဤကမ္ဘာငယ်လေးထဲသို့ ထပ်မံ စေလွှတ်နိုင်တော့မည် မဟုတ်ချေ။

သူထားရှိခဲ့သည့် အစီအရင်ကို သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်ဖြင့် ချိုးဖောက်ရန်မှာမူ လင်းချန်ကဲ့သို့ ထူးဆန်းသော လူတစ်ယောက်မှလွဲ၍ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။

ထို့ကြောင့် ယွမ်ရှန့်သည် သူ၏ မျှော်လင့်ချက်အားလုံးကို လင်းချန်အပေါ်၌ ပုံအောထားခြင်း ဖြစ်၏။

ယွမ်ရှန့်၏ ယုံကြည်မှုအတွက်မူ လင်းချန်၌ ငြင်းပယ်ရမည့် အကြောင်းရင်း မရှိပေ။

သူ၏ မူလရည်မှန်းချက်မှာလည်း ဤကမ္ဘာငယ်လေးတစ်ခုလုံးကို ထိန်းချုပ်ပြီး ဟွာရှာအင်ပါယာ၏ နယ်မြေအတွင်းသို့ ထည့်သွင်းရန် ဖြစ်သည်။

ဤကဲ့သို့ အခွင့်အရေးတစ်ခု တိုက်ရိုက် ရရှိလာသည့်အပေါ် လင်းချန်က အဘယ်ကြောင့် ငြင်းပယ်မည်နည်း။

ယွမ်ရှန့်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းချန်က ခေါင်းညိတ်လိုက်သည်။ "အင်း... ကိုယ်ရေးကိုယ်တာအတွက်ရော၊ အများအကျိုးအတွက်ပါ စဉ်းစားရင် စီနီယာရဲ့ တောင်းဆိုချက်ကို ကျွန်တော် ငြင်းစရာ အကြောင်းမရှိပါဘူး။"

လင်းချန်က ဆက်၍ မေးလိုက်၏။ "ဒါပေမဲ့ စီနီယာ... ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ကမ္ဘာရဲ့ အမြုတေဆီကို ဘယ်လိုသွားပြီး အမှတ်အသား ထားရမလဲ။ ဒီကမ္ဘာငယ်လေးက စီနီယာပိုင်တာဆိုတော့ စိတ်ကူးလိုက်တာနဲ့ ကျွန်တော်တို့ကို အဲဒီနေရာ ပို့ပေးလို့ရတယ် မဟုတ်လား။"

သို့သော် လင်းချန် စကားဆုံးသွားသည့်အခါ ယွမ်ရှန့်၏ မျက်နှာ၌ အနည်းငယ် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာပြီး သက်ပြင်းချလိုက်သည်။

"ငါ့ရဲ့ အမှတ်အသားက အခု အတော်လေး အင်အားနည်းနေပြီ။ ဒီကမ္ဘာငယ်လေးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ငါ့မှာ မရှိတော့ဘူး။"

လင်းချန်က နားမလည်စွာဖြင့် မေးလိုက်၏။ "အဲဒီတော့ ဘာကို ဆိုလိုတာလဲ..."

ယွမ်ရှန့်က ရှင်းပြလိုက်သည်။ "မင်းအနေနဲ့ စမ်းသပ်ပွဲရဲ့ စည်းကမ်းတွေအတိုင်းပဲ စိန်ခေါ်မှုတွေကို တစ်ခုချင်းစီ ဖြတ်ကျော်ရလိမ့်မယ်။ အမှတ်ပြည့်အောင် စုဆောင်းပြီး နောက်ဆုံးဆုလာဘ်နဲ့ လဲလှယ်ပြီးမှ ဗဟိုချက်ကို ဝင်ခွင့်ရမှာဖြစ်ပြီး ကမ္ဘာ့အမြုတေပေါ်မှာ အမှတ်အသား ထားနိုင်မှာ။"

လင်းချန်မှာ အံ့အားသင့်သွားရ၏။ သူသည် ယွမ်ရှန့်၏ အကူအညီဖြင့် ဤကမ္ဘာငယ်လေးကို လွယ်လွယ်ကူကူ ရရှိလိမ့်မည်ဟု ထင်မှတ်ထားခြင်း ဖြစ်သည်။

ဤကမ္ဘာငယ်လေးကို ရရှိရန်မှာ ထင်သလောက် မရိုးရှင်းလှချေ။

သူတို့ စကားပြောနေကြစဉ်မှာပင် ကျန်းဇီတဲနှင့် အခြားသူများသည် အဝေးမှ ပြန်လည်ရောက်ရှိလာကြ၏။

သို့သော် မျှော်လင့်မထားသည့် အချက်မှာ အချိန်အတော်ကြာအောင် သွားရောက်ခြင်း မဟုတ်သော်လည်း ကျန်းဇီတဲနှင့် အဖွဲ့၌ ဒဏ်ရာအချို့ ရရှိထားကြပြီး သူတို့နှင့်အတူ လေဟုန်စစ်သည် အဖွဲ့ဝင် တစ်ဦးသာ ပါလာကာ ကျန်သူများကိုမူ မတွေ့ရတော့ခြင်းပင် ဖြစ်သည်။

လေဟုန်စစ်သည် တစ်ဦးတည်းသာ ပြန်လည်ပါရှိလာပြီး ကျန်းဇီတဲ၌လည်း ဒဏ်ရာများ ရရှိထားသည်ကို မြင်လိုက်ရသဖြင့် ယီစင်းမှာ စိုးရိမ်တကြီး မေးမြန်းလိုက်၏။ "ချန်လေး... ဘာဖြစ်လို့ လူတွေ နည်းသွားရတာလဲ။"

လင်းချန်က ယီစင်းအား အလွန်အမင်း မစိုးရိမ်စေရန် ရှင်းပြလိုက်သည်။ "ဘာမှမဖြစ်ပါဘူး ရှင်းရှင်း။ ကျန်တဲ့သူတွေက တခြားပင်လယ်မျိုးနွယ်စုတွေကို အကြောင်းကြားဖို့ သွားကြတာ။ သူတို့ ဒဏ်ရာရလာတာကတော့ အရိပ်မဲ့မျိုးနွယ်စုတွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရလို့ပဲ။"

ထိုစကားကို ကြားမှသာ ယီစင်းမှာ သက်ပြင်းချလိုက်၏။ အခြေအနေများ ပိုမိုဆိုးရွားသွားပြီး လေဟုန်စစ်သည်များ ဤမျှမြန်မြန် ဆုံးရှုံးသွားသည်ဟု သူမ ထင်မှတ်ထားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်းချန်သည် အရိပ်မဲ့မျိုးနွယ်စု၏ နည်းဗျူဟာကို အနည်းငယ် ချီးကျူးမိ၏။

ဤတောအုပ်အတွင်း၌ အစီအရင်များစွာ ပုန်းကွယ်နေပြီး ချုံခိုတိုက်ခိုက်ခဲ့သည့် အရိပ်မဲ့မျိုးနွယ်ဝင်များသည် ထိုအစီအရင်များထဲ၌ ပုန်းအောင်းနေကြခြင်း ဖြစ်သည်။

အဘယ်ကြောင့် ကျန်းဇီတဲတို့အဖွဲ့ကို ချုံခိုတိုက်ခိုက်ရသနည်းဟူသည့် အချက်ကိုလည်း လင်းချန် သိမြင်လိုက်၏။

သူ၏ ပြောကြားမှုကြောင့် ကျန်းဇီတဲတို့အဖွဲ့သည် အခြားသူများထက် ဦးအောင် ခံတပ်ရှိရာသို့ ချဉ်းကပ်လာကြခြင်း ဖြစ်သည်။

အကယ်၍ ကျန်းဇီတဲတို့က ပထမဆုံး ရောက်ရှိသွားပြီး အခြားပင်လယ်မျိုးနွယ်ဝင်များ မရောက်သေးပါက ရတနာများမှာ သူတို့လက်ထဲသို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုသို့ဖြစ်ခဲ့လျှင် အခြားသော ပင်လယ်မျိုးနွယ်ဝင်များသည် ခံတပ်အတွင်းသို့ ဝင်ရောက်လိုစိတ် ရှိတော့မည် မဟုတ်ပေ။

ထိုသို့ မဝင်ရောက်ပါကလည်း ပင်လယ်မျိုးနွယ်ဝင်များကို အသားနှင့် သွေးစိတ်ဝိညာဉ်များအဖြစ် ပြောင်းလဲပေးမည့် အစီအရင်ကို အသက်သွင်းရန် မဖြစ်နိုင်တော့ချေ။

သို့သော် အရိပ်မဲ့မျိုးနွယ်စုတို့မှာ ကံဆိုးသွားသည်ဟု ဆိုရပေလိမ့်မည်။

သူတို့သည် ကျန်းဇီတဲတို့အဖွဲ့ကို တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် လေဟုန်စစ်သည် ဆယ်ဂဏန်းခန့်မှာ ချက်ချင်းပင် သိရှိသွားကြ၏။

ထို့ကြောင့် အရိပ်မဲ့မျိုးနွယ်ဝင်များမှာ နောင်တကြီးစွာဖြင့် ထိုနေရာ၌ပင် အသက်ပျောက်သွားကြရရှာသည်။

ကျန်းဇီတဲတို့အဖွဲ့၏ ဒဏ်ရာများမှာမူ အရိပ်မဲ့မျိုးနွယ်၏ ရုတ်တရက် ချုံခိုတိုက်ခိုက်မှုကြောင့် အလစ်အငိုက် မိသွားခြင်းကြောင့်သာ ဖြစ်၏။

ထိုအချိန်၌ အရှင်ရွှမ်က လင်းချန်အား အလေးအနက် တာဝန်လွှဲအပ်လိုက်သည်။

"လူငယ်လေး... ဒီကိစ္စကို မင်းလက်ထဲပဲ အပ်မယ်။ ငါကတော့ အစီအရင်ကို တည်ငြိမ်အောင် ထိန်းဖို့နဲ့ အချိန်ဆွဲနိုင်ဖို့ ပြန်သွားရမယ်။"

လင်းချန်က ခေါင်းညိတ်လိုက်၏။ "စိတ်မပူပါနဲ့ စီနီယာ... ဒီကမ္ဘာငယ်လေးအတွက် ကျွန်တော် သေချာ ကိုင်တွယ်ဖြေရှင်းပါ့မယ်။ ဒါ့အပြင် အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေက ကျွန်တော် စိတ်ဝင်စားနေတဲ့ ဒီကမ္ဘာငယ်လေးကို နှောင့်ယှက်ပိုင်ခွင့် မရှိပါဘူး။"

အရှင်ရွှမ်က ရယ်မောလိုက်သည်။ "ဟားဟား... မင်းလို ရဲရင့်ပြတ်သားတဲ့ လူငယ်မျိုးကို ငါ သဘောကျတယ်။ မင်းကိုပဲ ယုံမယ်။"

ထိုသို့ပြောပြီးနောက် အရှင်ရွှမ်သည် ကျေနပ်စွာ ခေါင်းညိတ်လျက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

အရှင်ရွှမ် ထွက်ခွာသွားပြီးနောက် ကျန်းဇီတဲတို့အဖွဲ့မှာ မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။

ကျန်းဇီတဲသည် လင်းချန်အနားသို့ ချဉ်းကပ်လာပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ညီအစ်ကိုလင်း... တကယ်တော့ ဘာတွေ ဖြစ်ပျက်နေတာလဲ။"

လင်းချန်က မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အသေးစိတ် ရှင်းပြလိုက်၏။ အထူးသဖြင့် ပင်လယ်မျိုးနွယ် ခံတပ်နယ်မြေရှိ အန္တရာယ်များနှင့် ပတ်သက်၍ ဖြစ်သည်။

လင်းချန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ ကျန်းဇီတဲမှာ ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ခေါင်းရမ်းလိုက်၏။ "မဟုတ်ဘူး... ဒါကတော့ မဖြစ်နိုင်တာပဲ။ ညီအစ်ကိုလင်းရဲ့ လူတွေချည်း သွားရင် အခြားပင်လယ်မျိုးနွယ်တွေကို ယုံအောင် ပြောဖို့ ခက်လိမ့်မယ်။"

လေဟုန်စစ်သည်များသည် လူသားမျိုးနွယ်နှင့် ဆင်တူသဖြင့် သူတို့က သွားရောက်ပြောဆိုပါက အခြားပင်လယ်မျိုးနွယ်များက လှည့်ကွက်တစ်ခုဟု ထင်မှတ်သွားနိုင်ပေလိမ့်မည်။

ထို့အပြင် ကျန်းဇီတဲအနေဖြင့်လည်း သူ၏ မျိုးနွယ်စုဝင်များ အခြားမျိုးနွယ်စု၏ လုပ်ကြံမှုကို ခံရတော့မည်ကို လက်ပိုက်ကြည့်မနေနိုင်ပေ။

ကြံ့ခိုင်မှုတိုးဆေးရည်များကို သောက်သုံးပြီးနောက် ကျန်းဇီတဲ ၊ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့သည် သူတို့ကိုယ်တိုင် သွားရောက်အကြောင်းကြားမှသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း လင်းချန်အား ပြောကြားလိုက်ကြသည်။

သူတို့၏ စိတ်ဆန္ဒမှာ ပြင်းထန်နေသဖြင့် လင်းချန်အနေဖြင့်လည်း တားဆီးရန် အကြောင်းမရှိချေ။

ထို့ကြောင့် ခေါင်းညိတ်သဘောတူလိုက်ပြီး လေဟုန်စစ်သည်များအား သူတို့နှင့်အတူ လိုက်ပါသွားစေကာ အခြားပင်လယ်မျိုးနွယ်များကို ရှာဖွေစေလိုက်၏။

ထောက်လှမ်းရေးသားရဲများသည် တောအုပ်တစ်ခုလုံး၏ တည်ဆောက်ပုံကို အသေးစိတ် ထောက်လှမ်းထားပြီးဖြစ်သဖြင့် နည်းဗျူဟာမြေပုံတစ်ခုကို ဖော်ဆောင်ထားပြီး ဖြစ်သည်။

လင်းချန်တို့မှာ လမ်းကြောင်းကို သိရှိသော်လည်း ကျန်းဇီတဲတို့မှာမူ မသိရှိကြပေ။ သူတို့ဘာသာ သွားရှာမည်ဆိုပါက ဦးတည်ရာမဲ့နေပေလိမ့်မည်။

လေဟုန်စစ်သည်များ ဦးဆောင်ပေးမည်ဆိုပါကမူ အဆင်ပြေချောမွေ့သွားပေလိမ့်မည်။

ကျန်းဇီတဲတို့အဖွဲ့ ထပ်မံထွက်ခွာသွားပြီးနောက် လင်းချန်နှင့် အဖွဲ့သားများသည်လည်း လူသားမျိုးနွယ်၏ ခံတပ်ရှိရာသို့ ဦးတည်လိုက်ကြ၏။

လင်းချန်၏ အမြင်၌ ဤကမ္ဘာငယ်လေးမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ရာ ဤသည်ကို မျက်စိကျနေသည့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့မှာ သူ၏ ပြိုင်ဘက်များသာ ဖြစ်သည်။

ပြိုင်ဘက်တို့၏ မူလအစီအစဉ်များကို ဖျက်ဆီးပစ်နိုင်ခြင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသော ကိစ္စပင်။

လူတိုင်းကို တော်ဝင်ရထားလုံးပေါ်သို့ ပြန်တက်စေပြီးနောက် လင်းချန်က လက်ဝှေ့ယမ်းလိုက်ရာ ကျောက်ဝေသည် မီးလျှံသံခွာစစ်မြင်း ကိုးကောင်ကို အရှိန်အဟုန်ဖြင့် မောင်းနှင်လိုက်၏။

ထိုအချိန်၌ ယီစင်းသည် တစ်စုံတစ်ခုကို သတိပြုမိလိုက်သကဲ့သို့ စိတ်ထဲ၌ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သူမ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဘာမျှမရှိသော ဟင်းလင်းပြင်ကိုသာ မြင်ရသော်လည်း ပျောက်ကွယ်သွားသည့် ရိပ်ကနဲ ပုံရိပ်အချို့ကို ဝေဝါးစွာ မြင်လိုက်ရသယောင် ရှိ၏။

ခဏအကြာ၌ ယီစင်းက သူမ၏ အမြင်မှားခြင်းသာ ဖြစ်လိမ့်မည်ဟု မှတ်ယူကာ အကြည့်ကို ပြန်လည်လွှဲလိုက်သည်။

သို့သော် သူမ သတိမထားမိသည်မှာ ဘေးနားရှိ လင်းချန်၏ မျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်းများ ဖြတ်သန်းနေခြင်းပင် ဖြစ်၏။

'မင်းတို့က ဒီလောက်တောင် ရက်စက်တဲ့ လုပ်ရပ်တွေ လုပ်ဖို့ ကြံစည်နေမှတော့ ငါ့ကို ရက်စက်တယ်လို့ လာမပြောနဲ့တော့။'

လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ် နှစ်ခုလုံးကို လုပ်ကြံရန် ကြံစည်နေသည့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ကို တွေးမိတိုင်း လင်းချန်၏ စိတ်ထဲ၌ ဒေါသများ ဆူပွက်လာရသည်။

လက်ရှိအခါ အရှင်ရွှမ်၏ အကူအညီဖြင့် အဖြစ်မှန်ကို သိရှိရပြီဖြစ်ရာ ဤရှေးဟောင်းအမွေအနှစ်နယ်မြေ၏ တံခါးကို ရှာဖွေတွေ့ရှိခြင်းမှာလည်း ကိုယ်ယောင်ဖျောက်မျိုးနွယ်နှင့် အရိပ်မဲ့မျိုးနွယ်တို့နှင့် သက်ဆိုင်နေပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ တောင်ပိုင်းအစည်းအဝေး ကျင်းပခြင်း၏ နောက်ကွယ်၌ ဤမျိုးနွယ်စုနှစ်ခုက ကြိုးကိုင်ခြယ်လှယ်နေခြင်းပင် ဖြစ်၏။

'ကစားချင်တယ်ဆိုရင်လည်း သေချာကစားကြတာပေါ့... ဘယ်သူက ပိုသန်မာလဲဆိုတာ ကြည့်ကြသေးတာပေါ့။'

မျက်စိတစ်မှိတ်အတွင်းမှာပင် တော်ဝင်ရထားလုံးသည် ရှုခင်းများကြား၌ ပျောက်ကွယ်သွားပြီး အဝေးသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၈ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters