အခန်း ၃၀၉
Vol. 31 Ch. 309
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၉
ဘာသာပြန် - Ko Yoohtoo
True Immortal Team
တစ်ချိန်တည်းမှာပင် တော်ဝင်ရထားလုံး ထွက်ခွာသွားသည့် နေရာ၏ အောက်ဘက်မှ အစိမ်းရောင်ပုံရိပ်များစွာသည် ဖြန့်ထွက်သွားကြပြီး သိပ်သည်းသည့် တောအုပ်အတွင်း၌ အစိမ်းရောင် အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားကြ၏။
ပင်လယ်မျိုးနွယ်ခံတပ်နှင့် နီးကပ်လာလေလေ မြေမျက်နှာသွင်ပြင်မှာ ပိုမို လွတ်လပ်လာလေလေဖြစ်ပြီး နောက်ဆုံး၌ လှိုင်းလုံးများ ထကြွနေသည့် ပင်လယ်ပြင်ကြီးကို မြင်တွေ့လိုက်ရ၏။
ပင်လယ်မျိုးနွယ်ဝင် အသီးသီးတို့သည် ရရှိထားသည့် သတင်းအချက်အလက်များအရ ခံတပ်ရှိရာသို့ ဦးတည်နေကြသည်။
ပင်လယ်မျိုးနွယ် တစ်အုပ်စုမှာ အပေါ်မှ ပျံသန်းသွားစဉ်၌ ပုံရိပ်ငါးခုမှာ မည်သည့်နေရာမှ ပေါ်လာသည်မသိဘဲ ရုတ်တရက် ထွက်ပေါ်လာပြီး အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
ပင်လယ်မျိုးနွယ်များ ခံတပ်ဆီသို့ ပျံသန်းသွားသည်ကို မြင်သောအခါ သူတို့ အချင်းချင်း ကြည့်ကာ အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်ကြသည်။
"ဒီလူတွေကတော့ သူတို့ကို စောင့်ကြိုနေတာက ရတနာတွေမဟုတ်ဘဲ သေခြင်းတရားဆိုတာ သိကြမှာ မဟုတ်ဘူး... ဟားဟား"
"သခင်လေးရဲ့ အစီအစဉ်က တကယ်ကို အပြစ်ပြောစရာ မရှိဘူး... ငါတို့က သေချာစောင့်ကြည့်ပြီး သခင်လေးကို ပြန်တင်ပြဖို့ပဲ လိုတယ်"
"သူတို့ကတော့ အစီအရင်ကနေ ထွက်ပေါ်လာတဲ့ စည်းကမ်းတွေကို ကြားရတယ်လို့ ထင်နေကြတာ... တကယ်တော့ ငါတို့က ကိုယ်ယောင်ဖျောက်ပြီး ပြောလိုက်တာဆိုတာ သူတို့ အိပ်မက်တောင် မမက်ဖူးလောက်ဘူး"
"ဒါပေါ့..."
အရိပ်မဲ့မျိုးနွယ်ဝင် တစ်ဦးမှာ စကားတစ်ခွန်း ပြောရန် ကြံစည်လိုက်သော်လည်း သူ၏ မျက်လုံးများမှာ အစွမ်းကုန် ပြူးကျယ်သွားကာ သူ၏ အဖော်ဖြစ်သူ၏ နောက်ကျောကို လက်ညှိုးထိုးပြရင်း စကားပင် မပြောနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့မှ အဖော်ဖြစ်သူ၏ အရိပ်ထဲမှနေ၍ အနက်ရောင် သံချပ်ကာ အပျော့ကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်အမည်းကို ဆောင်းထားသည့် လူတစ်ဦး ထွက်ပေါ်လာသည်ကို သူ အထင်အရှား မြင်လိုက်ရသောကြောင့်ပင်။
သတ္တုရည်ကြည်ကဲ့သို့ရှိသည့် အနက်ရောင် ဓားမြှောင်သည် ထိုလူ၏ လက်ထဲ၌ စူးရှသော လက်နက်တစ်ခုအဖြစ် ခိုင်မာသွားတော့၏။
သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သော်လည်း သူ့အဖော်အား သတိပေးရန်မှာ နောက်ကျသွားလေပြီ။
ဓားမြှောင်သည် သူ၏ အဖော်ဖြစ်သူ၏ လည်ပင်းအတွင်းသို့ ထိုးစိုက်ဝင်သွားသည်ကို အားကိုးရာမဲ့စွာ ကြည့်နေခဲ့ရုံသာ ရှိတော့သည်။
ထိုစဥ် သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ကွဲကြေသွားသည်နှင့်အတူ ခံစားလိုက်ရသည့် ထိုဝေဒနာမှာ သူကိုယ်တိုင်ပင် ထိုကဲ့သို့ အလားတူ အဖြစ်မျိုးကို ကြုံတွေ့ လိုက်ရသောကြောင့် ဖြစ်၏။
သူ လဲကျသွားချိန်၌ ကျန်ရှိနေသေးသည့် အသိစိတ်ဖြင့် အခြားသော အနက်ရောင်ပုံရိပ်တစ်ခုသည် သူ၏အပေါ်မှ ကျော်ဖြတ်သွားပြီး ဘာမျှမသိသေးသည့် အခြားအဖော်တစ်ဦးထံသို့ ဦးတည်ကာ အနက်ရောင်ဓားကို ဝင့်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရလေသည်။
**--**--**--**--**--**--**--**
ညအရိပ်စစ်သည်များသည် ဦးခေါင်းထက်မှ ဖိနှိပ်ထားသည့် အမှောင်ထုကဲ့သို့ပင် ဖြစ်ရာ လွတ်မြောက်ရန် လမ်းစမရှိချေ။
သူတို့၏ သခင်လေးမှာ အစီအရင်များ ဖုံးလွှမ်းထားသည့် နေရာတွင် ရှိနေသဖြင့် ပြန်လည်ဆက်သွယ်ရန် နည်းလမ်းမရှိသောကြောင့် တောအုပ်အတွင်းရှိ အစီအရင်ငယ်များထဲ၌ ပုန်းကွယ်နေသော မျိုးနွယ်စုဝင်များကိုသာ အထူးဂရုပြုရန် သတိပေးနိုင်တော့၏။
ယခင်ကထက်စာလျှင် ပုန်းအောင်းနေသည့် အရိပ်မဲ့မျိုးနွယ်ဝင်များသည် ပတ်ဝန်းကျင်ကို ပိုမိုစောင့်ကြည့်ကာ သတိကြီးစွာ ထားလာကြသည်။
သူတို့သည် မည်သည့်အချိန်၌ သူတို့၏ နောက်ကျောဘက်မှ အနက်ရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာမည်ကို အလွန်ပင် ကြောက်လန့်နေကြ၏။
ပုံရိပ်ယောင် အစီအရင်အတွင်း ပုန်းနေပါက ဘေးကင်းမည်ဟု ထင်မှတ်ထားကြသော်လည်း ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် အစိမ်းရောင်အလင်းတန်းတစ်ခု သူတို့ရှေ့၌ ဖြတ်သန်းသွားလေသည်။
အစိမ်းရင့်ရောင် သံချပ်ကာ အပျော့ကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုမှာ စိတ်ဝိညာဉ်သစ်ပင်၏ ခိုင်မာသော သစ်ကိုင်းထက်၌ အသာအယာ ဆင်းသက်ရပ်နားလိုက်ပြီး သူတို့ကို ငုံ့ကြည့်နေ၏။
အစီအရင်အတွင်းရှိ အရိပ်မဲ့မျိုးနွယ်ဝင်များသည် ထိုအစိမ်းရောင်ဝတ်စုံနှင့်လူကို တိုက်ခိုက်ရန် ပြေးထွက်သွားကြသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပုံရိပ်သည် ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားရာ သူတို့ ဂုဏ်ယူလှသည့် အလျင်နှုန်းမှာ ထိုသူနှင့် ယှဉ်လျှင် လိပ်ကဲ့သို့ပင် နှေးကွေးနေတော့၏။
သူတို့မျိုးနွယ်စု၏ မြန်နှုန်းအပေါ် ထားရှိသော ဂုဏ်ယူမှုများမှာလည်း အစိမ်းလိုက် အစုတ်ခံလိုက်ရသကဲ့သို့ ပျက်စီးသွားရလေသည်။
သူတို့က တိုက်ခိုက်ခြင်းကို လက်လျှော့လိုက်သည့် ခဏမှာပင် အခြားတစ်နေရာ၌ ထိုအစိမ်းရောင်ပုံရိပ် ပြန်လည်ပေါ်လာသည်ကို တွေ့ရပြန်၏။
ထိုသူသည် သူတို့ကို စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ ကြည့်နေသည်။ ဤခံစားချက်မှာ အရိပ်မဲ့မျိုးနွယ်ဝင်များကို အလွန်ပင် စိတ်ပျက်အားလျော့စေ၏။
အမြဲတမ်း သူတို့ကသာ အခြားသူများကို ခြေရာဖျောက်၍ ဤကဲ့သို့ ခံစားရအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ၌မူ သူတို့ကိုယ်တိုင် ထိုကဲ့သို့ အသက်ရှူကျပ်မတတ် ဖိနှိပ်မှုကို ပထမဆုံးအကြိမ် ခံစားနေရခြင်း ဖြစ်သည်။
ရုတ်တရက်ပင် သူတို့ကို စောင့်ကြည့်နေသော အစိမ်းရောင်ပုံရိပ်သည် ကွယ်ပျောက်သွားပြန်၏။
နောက်တစ်ခဏတွင် စိတ်ဝိညာဉ်သစ်ပင်အောက်ရှိ အရိပ်ထဲမှ အနက်ရောင် သံချပ်ကာဝတ်ဆင်ထားသည့် လက်တစ်ဖက် ထွက်ပေါ်လာပြီး တိတ်ဆိတ်စွာပင် လက်ချင်းထိတွေ့ကာ ပူးပေါင်းဆောင်ရွက်လိုက်ကြသည်။
လေဟုန်စစ်သည် ထွက်ခွာသွားချိန်၌ သူတို့ကို ဝန်းရံထားသော ပုံရိပ်ယောင် အစီအရင်မှာလည်း မည်သည့်အချိန်က ပျက်ပြယ်သွားသည်မသိဘဲ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့၏။
အကာအကွယ်မဲ့သွားသည့် အရိပ်မဲ့မျိုးနွယ်ဝင်များသည် တစ်ကိုယ်လုံးတွင် စိမ့်ကနဲ ချမ်းစိမ့်မှုကို ခံစားလိုက်ရသဖြင့် သူတို့၏ ပါရမီစွမ်းရည်ကို အသုံးပြု၍ ကိုယ်ယောင်ဖျောက်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။
သို့သော်လည်း အရိပ်မဲ့မျိုးနွယ်ဝင်တစ်ဦး ပြေးထွက်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင် မျက်နှာဖုံးစွပ်ထားသော မျက်နှာတစ်ခုနှင့် ထိပ်တိုက်တွေ့လိုက်ရ၏။
အနက်ရောင် ခေါင်းစွပ်အောက်ရှိ သွေးရောင်လွှမ်းသည့် မျက်လုံးများမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ အေးစက်နေသည်။
"အားးး"
စူးရှသော အော်ဟစ်သံတစ်သံမှာ တောအုပ်အတွင်း ပျံ့လွင့်သွားပြီး အတော်ကြာမှ ငြိမ်သက်သွားတော့၏။
အဝေးတစ်နေရာ၌မူ အခြားသော အရိပ်မဲ့မျိုးနွယ်ဝင် တစ်အုပ်စုမှာ အနောက်သို့ ခဏခဏ လှည့်ကြည့်ရင်း ထိုအစိမ်းရောင်ပုံရိပ်၏ ရန်မှ လွတ်ကင်းခြင်း ရှိ မရှိ အကဲခတ်နေကြသည်။
အနောက်သို့ ထပ်မံကြည့်လိုက်သောအခါ လိုက်လံနှောင့်ယှက်နေသည့် လေဟုန်စစ်သည် ပျောက်ကွယ်သွားသည်ကို မြင်ရသဖြင့် သူတို့မှာ သက်ပြင်းချနိုင်တော့၏။
လေဟုန်စစ်သည်သည် အရိပ်မဲ့မျိုးနွယ်ဝင်များ၏ တည်ရှိမှုကို ပစ်မှတ်ထားကာ အဆက်မပြတ် နှောင့်ယှက်ခြင်းဖြင့် ရန်သူ၏ အားသာချက်နှင့် အလေ့အထများကို အကဲခတ်ပြီး ထိုသတင်းအချက်အလက်များကို ညအရိပ်စစ်သည်ထံသို့ ပေးပို့သည်။
လေဟုန်စစ်သည် ထွက်ခွာသွားချိန်မှာမူ ညအရိပ်စစ်သည်လှုပ်ရှားရန် အချက်ပြလိုက်ခြင်းပင် ဖြစ်၏။ လေဟုန်စစ်သည်နှင့် ညအရိပ်စစ်သည်တို့၏ တိတ်ဆိတ်သော ပူးပေါင်းဆောင်ရွက်မှုမှာ လင်းချန် ပေးအပ်ထားသည့် တာဝန်ကို အပြည့်အဝ ပြီးမြောက်စေခဲ့လေသည်။
"တောအုပ်အတွင်းမှာ ပုန်းနေတဲ့ အရိပ်မဲ့မျိုးနွယ်ဝင်အားလုံးကို သုတ်သင်ပစ်စမ်း... တစ်ယောက်မှ အရှင်မထားနဲ့"
အရိပ်မဲ့မျိုးနွယ်သည် ကိုယ်ယောင်ဖျောက်မျိုးနွယ်နှင့် ပူးပေါင်းကာ လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ် နှစ်ခုလုံးကို အသေသတ်ရန် ကြံစည်ထားသဖြင့် လင်းချန်အနေဖြင့်လည်း ထိုက်တန်သော လက်ဆောင် ပြန်လည်ပေးအပ်ခြင်း မပြုပါက ယဉ်ကျေးရာ မရောက်ပေ။
လေဟုန်စစ်သည်နှင့် ညအရိပ်စစ်သည်တို့ လှုပ်ရှားနေစဉ်မှာပင် လင်းချန်တို့ စီးနင်းလာသည့် တော်ဝင်ရထားလုံးမှာလည်း လူသားမျိုးနွယ်၏ ခံတပ်ကြီးဆီသို့ ဆိုက်ရောက်လာ၏။
ကောင်းကင်ယံမှ လှမ်းကြည့်လျှင် လူသားမျိုးနွယ်၏ ခံတပ်မှာ မျိုးနွယ်စုလေးခု၏ အဆောက်အဦးများအနက် အခမ်းနားဆုံးနှင့် အထည်ဝါဆုံး ဖြစ်သည်။
မြေပြင်ပေါ်၌ ခံတပ်သိမ်းပိုက်ထားသော ဧရိယာမှာပင် အရိပ်မဲ့မျိုးနွယ် ခံတပ်ထက် နှစ်ဆကျော်မျှ ပိုမိုကျယ်ဝန်းလှ၏။
ဤအချက်ကို ကြည့်ခြင်းဖြင့် ယခင်က အရှင်ရွှမ် သက်ရှိထင်ရှားရှိစဉ် သိုင်းဝိညာဉ်တိုက်ကြီးပေါ်၌ လူသားမျိုးနွယ်တို့ မည်မျှအထိ ဘုန်းမီးနေလ တောက်ပခဲ့သည်ကို ခန့်မှန်းနိုင်ပေသည်။
သို့သော် မဟာစစ်ပွဲကြီး ဖြစ်ပွားပြီးနောက်တွင်မူ မျိုးနွယ်စုအားလုံး အင်အားချည့်နဲ့သွားခဲ့ရပြီး အထူးသဖြင့် လူသားမျိုးနွယ်မှာ ယခင်က ယွမ်ရှန့် တည်ဆောက်ခဲ့သော ဘုန်းအာဏာများကို ဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။
ဧရာမ လူသားခံတပ် အဆောက်အဦးကြီး၏ ရှေ့၌ လူအတော်များများ စုရုံးနေကြပြီး အုပ်စုငယ်လေးများခွဲကာ တစ်ဖက်နှင့်တစ်ဖက် အကဲခတ်နေကြသဖြင့် အခြေအနေမှာ အနည်းငယ် တင်းမာနေ၏။
လူသားခံတပ်၏ ပင်မတံခါးကြီးမှာမူ ဟဟလေး ပွင့်နေပြီး အက်ကြောင်းငယ်တစ်ခုသာ ရှိနေသေးသည်။
ခံတပ်ကြီးကို ဖွင့်ရန် ကြိုးစားခဲ့ဖူးသော်လည်း မည်သူမျှ တစ်ဖက်သားကို အလျော့မပေးလိုကြသဖြင့် တံခါးကြီးမှာ အပြည့်အဝ ပွင့်မလာခြင်း ဖြစ်၏။
လင်းချန်တို့အဖွဲ့ ထွက်ပေါ်လာသည့်အခါ မသေးငယ်သော လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်သွားသည်။
လူအများက အပေါ်သို့ မော့ကြည့်လိုက်သောအခါ မီးလျှံသံခွာစစ်မြင်း ကိုးကောင်မှာ သံခွာများမှ မီးတောက်များ ထွက်ပေါ်နေလျက် ဝေဟင်ကို နင်းဖြတ်ကာ လာနေသည်ကို အထင်အရှား မြင်တွေ့လိုက်ရ၏။
ဝုန်းးး... ဝုန်းးး... ဝုန်းးး...
မီးလျှံသံခွာစစ်မြင်းများသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် မြေပြင်တွင် မီးတောက်များ ဟိန်းကနဲ ဖြစ်သွားကာ လင်းချန်နှင့် အခြားသူများသည် တော်ဝင်ရထားလုံးပေါ်မှ ဆင်းသက်လာကြသည်။
ထိုနေရာရှိ လူသားမျိုးနွယ်ဝင် ပါရမီရှင်အားလုံးမှာ လင်းချန်တို့အဖွဲ့ထံသို့ အကြည့်များ ရောက်လာကြ၏။
ယခုကဲ့သို့ အခြေအနေတွင် အုပ်စုအသစ်တစ်ခု ထပ်မံရောက်ရှိလာခြင်းမှာ အခြားသူများ၏ အကျိုးစီးပွားကို မည်သို့ထိခိုက်နိုင်မည်နည်းဟု လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်း ဖြစ်ပေသည်။
"အစ်ကိုတော်... အဲဒါ သူပဲ"
လင်းချန်တို့ မြေပြင်ပေါ် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရှေ့ဘက်မှ စူးရှပြီး ဒေါသသံပါသည့် အသံတစ်သံ ထွက်ပေါ်လာ၏။
လင်းချန်က ထိုအသံရှင်ဘက်သို့ လှည့်ကြည့်လိုက်ရာ နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးဖြစ်သူ ချင်မင်းဆက်၏ ပဉ္စမမင်းသမီး ချင်ယီယီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ချင်ယီယီ၏ စူးရှသော ဒေါသသံမှာ လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး မျက်လုံးများတွင်လည်း စူးစမ်းလိုစိတ်များ တောက်ပနေကြ၏။
ချင်မင်းဆက်၏ အချစ်တော် ပဉ္စမမင်းသမီးလေးမှာ စော်ကားခံလိုက်ရပြီး သူမ၏ ကိုယ်ရံတော်လေးဦးလုံး အသတ်ခံလိုက်ရသည်ဟူသော ကောလာဟလကို သူတို့ ကြားသိထားကြသဖြင့် ယခုမြင်တွေ့နေရသည့် လူငယ်မှာ ထိုကိစ္စ၏ တရားခံ ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။
လူအတော်များများမှာမူ လင်းချန် မည်သို့ဖြစ်သွားမည်ကို စိတ်ဝင်တစားဖြင့် ကြည့်နေကြ၏။
ချင်ယီယီ၏ ဘေး၌ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေသရဖူကို ဆောင်းထားသော ခန့်ညားထည်ဝါသည့် လူငယ်တစ်ဦး ရပ်နေသည်။
ထိုလူငယ်၏ နောက်တွင် ရွှေရောင်မျက်နှာဖုံးစွပ်ထားသည့် ပုံရိပ်ငါးခု လိုက်ပါလာပြီး သူတို့အားလုံးမှာ သေခြင်းရှင်ခြင်းနယ်ပယ်၏ စွမ်းအားအဆင့်ရှိ ပုဂ္ဂိုလ်များဖြစ်ကြောင်း အရှိန်အဝါများက ဖော်ပြနေကြ၏။
ထိုလူငယ်ကိုယ်တိုင်မှာမူ သေခြင်းရှင်ခြင်းနယ်ပယ်၏ နှလုံးသားအဆင့်ရှိသောသူတစ်ဦးပင် ဖြစ်ပေသည်။
လီယွမ်ဖုန်းက လေးနက်စွာ ပြောလိုက်၏။ "ချင်မင်းဆက်ရဲ့ မင်းသား ချင်ဖေးယွီပဲ"
"ဒီလူက အတော်လေး အစွမ်းထက်တယ်။ ကောင်းကင်နယ်ပယ်မှာ ရှိစဉ်ကတည်းက သာမန် သေခြင်းရှင်ခြင်းနယ်ပယ်က လူတွေကို သတ်ဖြတ်နိုင်တာ။ ညီအစ်ကိုလင်း... မင်း အထူးသတိထားရမယ်။ ငါနဲ့ သူက အဆင့်တူ သေခြင်းရှင်ခြင်းနယ်ပယ် နှလုံးသားနယ်ပယ်မှာ ရှိနေပေမဲ့ သူ့ကို အနိုင်ယူနိုင်မလားဆိုတာ မသေချာဘူး"
လီယွမ်ဖုန်း၏ စကားကြောင့် လင်းချန်သည် ချင်မင်းဆက်၏ တတိယမင်းသားဖြစ်သော ဤသူ၏ အစွမ်းကို ပိုမိုနားလည်သွား၏။
လီယွမ်ဖုန်း စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဘေးနားရှိ ရန်ထျန်းဟောက်က ချင်ဖေးယွီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "ငါတို့ နှစ်ယောက်လုံး ဒီမှာရှိနေတာပဲ... သူ ဘာမှမလုပ်နိုင်ပါဘူး"
လီယွမ်ဖုန်း၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ လက်ခနဲ ဖြစ်သွားကာ စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။ "သူ့ကို ထားလိုက်ပါဦး... ဒီနေရာမှာ ရှိတဲ့လူတွေထဲမှာ အားနည်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒီတောင်ပိုင်းအစည်းအဝေးက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလာပြီ"
ချင်ဖေးယွီသည် လင်းချန်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် နှစ်ချက်မျှ လှောင်ပြုံးပြုံးလိုက်သည်။
"ထွက်သွားစမ်း... ဒီနေရာက မင်းတို့လို အဆင့်အတန်းနဲ့လူတွေ ခြေချရမယ့် နေရာမဟုတ်ဘူး"
"ဟား ဟား"
ချင်ဖေးယွီ၏ စကားအဆုံးတွင် သူ၏ ဘေးနားရှိ အုပ်စုနှစ်ခုမှာ ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်ကြ၏။
အခြားသူများမှာမူ လင်းချန်အနေဖြင့် မည်သို့ ပြန်လည်တုံ့ပြန်မည်ကို စိတ်ဝင်တစားဖြင့် ဆက်လက်စောင့်ကြည့်နေကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၀၉ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team