← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၀

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ချင်ဖေးယွီ၏ စကားနှင့် အပြုအမူများက ကျောက်လုံကို ဒေါသတဟုန်းဟုန်း တောက်လောင်စေပြီး ရန်သူကို ဓားဖြင့်မွှန်း၍ အသားစိမ်းငါးစိမ်း လုပ်ပစ်ချင်စိတ် ပေါက်အောင်ပင် တွန်းပို့နေ၏။

အကယ်၍ လင်းချန်က စိတ်အာရုံထဲမှနေ၍ စိတ်လိုက်မာန်ပါ မလုပ်ရန် တင်းကျပ်စွာ အမိန့်ပေးမထားပါက မည်သို့လုပ် ယခုအချိန်အထိ အောင့်အီးသည်းခံနေနိုင်မည်နည်း။

ထိုစဉ် လင်းချန်သည် ချင်ဖေးယွီ၏ စကားများကို မကြားဟန်ပြုကာ ပတ်ဝန်းကျင်ရှိ လူအများအား အသာအယာ ဂါရဝပြုလိုက်သည်။ “အားလုံးပဲ… ကျုပ်မှာ ကြေညာစရာ တစ်ခုရှိတယ်။ ဒီကမ္ဘာငယ်လေးရဲ့ အကြွင်းအကျန် နယ်မြေထဲမှာ အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်။”

“အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေက ကျုပ်တို့ထက် အရင် ဒီကမ္ဘာငယ်လေးထဲ ရောက်နေကြတာ။ သူတို့က လူသားမျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်ရဲ့ ခံတပ်တွေကိုလည်း ပြုပြင်မွမ်းမံထားကြတယ်။”

“လူသားမျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်ဝင်တွေ ခံတပ်ထဲ ဝင်လိုက်တာနဲ့ သူတို့ ပြုပြင်ထားတဲ့ အစီအရင်က အသက်ဝင်လာပြီး ကျုပ်တို့အားလုံးကို အသားနဲ့ သွေးစိတ်ဝိညာဉ် အဆီအနှစ်တွေဖြစ်အောင် သန့်စင်ပစ်မှာ။ တစ်နည်းအားဖြင့် ပြောရရင် ကျုပ်တို့ ခံတပ်ထဲ မဝင်သရွေ့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး။”

လင်းချန်၏ ရုတ်တရက် ထုတ်ဖော်ပြောဆိုချက်ကြောင့် ရောက်ရှိနေသူအားလုံး မှင်သက်သွားကြ၏။

ဤသတင်းမှာ လုံးဝ မျှော်လင့်မထားသည့် သတင်းဖြစ်သဖြင့် လူအများမှာ နားလည်နိုင်ရန်ပင် ရုန်းကန်နေကြရသည်။

လင်းချန် စကားဆုံးသွားသည့်အခါ လူအတော်များများမှာ သူ၏ ပြောဆိုချက် မည်မျှအထိ ဖြစ်နိုင်ခြေရှိသနည်း ဟူသည်ကို နက်နဲစွာ စဉ်းစားနေကြ၏။

ပါရမီရှင် လူငယ်တစ်ဦးက လင်းချန်ကို အံ့အားသင့်မှုနှင့် သံသယများ ရောပြွမ်းနေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ “ဒါ တကယ်လား။”

လင်းချန်က ဘာမျှ ထပ်မပြောတော့ဘဲ လက်ကို ဝေ့ယမ်းလိုက်ရာ အစိမ်းရင့်ရောင် သံချပ်ကာပျော့ ဝတ်ဆင်ထားသည့် ပုံရိပ်နှစ်ခုမှာ တောအုပ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုပုံရိပ်နှစ်ခုက အလောင်းနှစ်လောင်းကို ထမ်းပိုးလာသည်ကို မြင်လိုက်ရသည့်အခါ လူအများမှာ အံ့အားသင့်လျက် အသက်ရှူပင် မှားသွားကြသည်။

အထူးသဖြင့် အလောင်းများ၏ ဖြူဆွတ်နေသည့် အသားအရေနှင့် ဖောက်ထွင်းမြင်နိုင်သော ဆံပင်ရှည်များမှာ လူသားမျိုးနွယ် သို့မဟုတ် ပင်လယ်မျိုးနွယ်ဝင်များနှင့် လုံးဝမတူကွဲပြားနေသဖြင့် လင်းချန်၏ စကားကို ယုံကြည်ရန် လုံလောက်သည့် အထောက်အထား ဖြစ်နေ၏။

လင်းချန်က တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ “ဒီတောအုပ်ထဲမှာ လူသားမျိုးနွယ်၊ ပင်လယ်မျိုးနွယ်၊ အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်ဆိုပြီး ခံတပ်လေးခု ရှိတယ်။ ကျုပ်တို့ အရင်က အရိပ်မဲ့မျိုးနွယ်ရဲ့ ခံတပ်ကို သွားဖူးပြီး အဲဒီနေရာက အနားယူဖို့ နေရာသက်သက်ပဲ၊ ဘာရတနာမှ ရှိမနေတာကို တွေ့ခဲ့ရတယ်။”

“ခင်ဗျားတို့ အချင်းချင်းရော ဘာလို့ မစစ်ဆေးကြည့်ကြတာလဲ။ ဒီနေရာမှာ ရတနာတွေ ရှိတယ်ဆိုတဲ့ သတင်းကို ခင်ဗျားတို့အားလုံး ကြားရတဲ့အချိန်က တူရဲ့လား။ အကယ်၍ ဒါက ဒီကမ္ဘာငယ်လေးရဲ့ စမ်းသပ်ပွဲက တကယ်ပေးတဲ့ သတင်းဆိုရင် လူတိုင်းဆီ တစ်ချိန်တည်းမှာပဲ အသိပေးချက် ရောက်လာရမှာ။”

လင်းချန်၏ စကားကြောင့် လူအများမှာ အချင်းချင်း အလျင်အမြန် စစ်ဆေးမေးမြန်းကြသည်။

ရလဒ်များကို စုစည်းလိုက်သည့်အခါ သူတို့၏ မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းသွားကြ၏။

အကယ်၍ လင်းချန်သာ အကြံမပြုလျှင် ရတနာသတင်း ကြားရသည့်အချိန်၌ မည်သူက အခြားသူများကို လိုက်လံမေးမြန်းနေမည်နည်း။

အမှန်တကယ်ပင် ဤသည်မှာ ကမ္ဘာငယ်လေး စမ်းသပ်ပွဲ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါက လူတိုင်းသည် တစ်ချိန်တည်းမှာသာ အသိပေးချက် ရရှိရမည်ဖြစ်ပြီး ကွဲပြားသည့် အချိန်များ၌ ရရှိနေရန် အကြောင်းမရှိပေ။

အချို့ကမူ တိုက်ခိုက်ရေးလမ်းကြောင်းများကို ဖြတ်ကျော်သည့် အစဉ်လိုက်ပေါ်မူတည်၍ အသိပေးချက် ရရှိချိန် ကွဲပြားနိုင်သလားဟု တွေးတောမိကြ၏။

သို့သော် ထိုအတွေးမှာလည်း မကြာမီ ပျက်ပြယ်သွားသည်။ အချင်းချင်း စစ်ဆေးကြည့်ရာ၌ ဤတောအုပ်အတွင်းသို့ ဝင်ရောက်လာသည့် အစဉ်လိုက်နှင့် အသိပေးချက် ရရှိသော အစဉ်လိုက်မှာ တိုက်ရိုက်ဆက်စပ်မှု မရှိကြောင်း ထင်ရှားနေပေ၏။

ထိုအချိန်၌ ချင်ဖေးယွီ၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာပြီး လူအများကို တိတ်ဆိတ်သွားစေကာ အကြည့်အားလုံးကို သူ၏ထံသို့ ဆွဲဆောင်လိုက်သည်။ “မင်းတို့က ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ဒီလိုလူမျိုးရဲ့ စကားကို ယုံကြမလို့လား။”

ချင်ဖေးယွီသည် လင်းချန်အား လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ “မင်းလို အားနည်းတဲ့သူမျိုးကပဲ ဒီလို လှည့်ကွက်တွေကို သုံးမှာပေါ့။”

လူတိုင်းက သူ့ကို ကြည့်နေကြသည်ကို မြင်သည့်အခါ ချင်ဖေးယွီက လက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။ “သေချာစဉ်းစားကြည့်ကြစမ်း… ငါတို့သာ ဒီလို အဆင့်အတန်းမရှိတဲ့လူရဲ့ စကားကို ယုံပြီး ဒီခံတပ်ထဲ မဝင်ဘဲ ထွက်သွားမယ်ဆိုရင် သူက ဒီအခွင့်အရေးကို သုံးပြီး အထဲ ဝင်သွားမှာပေါ့။ အဲဒီကျရင် ရတနာအားလုံးကို သူတစ်ယောက်တည်း သိမ်းသွားမှာ မဟုတ်ဘူးလား။”

ချင်ဖေးယွီ၏ စကားမှာ အမှန်တကယ် ဖြစ်နိုင်ခြေရှိသည်ဟု ယူဆကာ လူအများမှာ ခေါင်းညိတ်မိကြ၏။

အချို့ကမူ လင်းချန်အား ရန်လိုသည့် အကြည့်များဖြင့်ပင် ကြည့်လာကြသည်။

ချင်မင်းဆက်၏ မင်းသား ချင်ဖေးယွီနှင့် နှိုင်းယှဉ်လျှင် ရုတ်တရက် ပေါ်လာသည့် ဤလင်းချန်၏ စကားမှာ သူတို့အတွက် ယုံကြည်ရခက်နေ၏။

ဤနေရာ၌ ချင်ဖေးယွီက လင်းချန်အား လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဒါ့အပြင် ဒီပြင်ပမျိုးနွယ်ရဲ့ အလောင်းဆိုတာကလည်း ငါတို့ လူသားမျိုးနွယ်နဲ့ အတော်လေး ဆင်တူတာပဲ။ သေပြီးသားလူတွေက လေးစားမှုနဲ့ ထိုက်တန်တယ်။ ဒါပေမဲ့ မင်း… မင်းလို တိရစ္ဆာန်က လူတစ်ယောက်ရဲ့ အရိုးတွေကို ဒီလိုဖြစ်အောင် လုပ်ပြီး လူတိုင်းကို လှည့်စားဖို့ ကြံရဲတယ်ပေါ့။ ငါ့ရဲ့ ညီမတော်ကိစ္စအတွက် ငါ မင်းကို ခွင့်လွှတ်ပေးပြီး ထွက်သွားခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ မင်းက အကောင်းနဲ့အဆိုးကို မခွဲခြားနိုင်ဘဲ လူတွေကို ဆက်ပြီး လမ်းမှားအောင် လုပ်နေတယ်ပေါ့။”

ထို့နောက် ချင်ဖေးယွီက ပတ်ဝန်းကျင်ရှိ လူအများအား ခြေဟန်လက်ဟန် ပြလိုက်၏။ “မိတ်ဆွေတို့… ဒီရှေးဟောင်း နယ်မြေကိစ္စကို မလုပ်ခင် ဒီလို အဆင့်အတန်းမရှိတဲ့ ရာဇဝတ်ကောင်ကို အရင်ဆုံး ရှင်းပစ်ကြရင် ဘယ်လိုလဲ။”

လူအချို့က ထောက်ခံလိုက်ကြသည်။ “ကောင်းလိုက်တဲ့ အကြံ… ကောင်းလိုက်တဲ့ အကြံ။ တတိယမင်းသားသာ ထောက်ပြမပေးရင် ကျွန်တော်တို့တော့ လှည့်စားခံရတော့မှာပဲ။”

ချင်မင်းဆက်လောက် အင်အားမကြီးသည့် အဖွဲ့အစည်းများမှ ပါရမီရှင်များမှာ ချင်ဖေးယွီအား လက်အုပ်ချီ၍ ကျေးဇူးတင်ကြပြီး လင်းချန်အား ဒေါသတကြီး ကြည့်လိုက်ကြ၏။

သို့သော်လည်း ချင်မင်းဆက်နှင့် အင်အားချင်း တူညီသည့် အဖွဲ့အစည်းများမှ ပါရမီရှင်များမှာမူ မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် နက်နဲစွာ စဉ်းစားနေကြသည်။

သူတို့သည် ချင်ဖေးယွီ၏ စကားကြောင့် လွယ်လွယ်နှင့် ယိမ်းယိုင်မည့်သူများ မဟုတ်ကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်လည်း အခြေအနေမှာ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိထားသည့်အတွက် ဖြစ်၏။

ထိုစဉ် လူအုပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ “ချင်ဖေးယွီ… မင်းသာ သူ့ကို လက်ဖျားနဲ့ ထိဖို့ ကြံစည်မယ်ဆိုရင်တော့ ငါ မင်းနဲ့ အပျော်တမ်း ကစားပေးဖို့ ဝန်လေးမှာ မဟုတ်ဘူး။”

ထိုသူကို မြင်လိုက်ရသည့်အခါ လူအတော်များများ၏ မျက်နှာ၌ ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာ၏။

ထိုသူတို့သာမက လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့၏ အမူအရာများမှာလည်း ထိုသူအား သိရှိထားသဖြင့် ပြောင်းလဲသွားကြသည်။

သူတို့၏ တုံ့ပြန်မှုကို ကြည့်ခြင်းဖြင့် လင်းချန်အနေဖြင့်လည်း ထိုသူကို သိရှိကြကြောင်း အလွယ်တကူ ခန့်မှန်းနိုင်၏။

သူ့ထံသို့ လျှောက်လှမ်းလာသည့် ထိုလူငယ်ကို ကြည့်ရင်း လင်းချန်၏ စိတ်ထဲ၌လည်း ထိုသူနှင့် ပတ်သက်၍ အမှတ်အသား တစ်ခုရှိနေသည်။

ထောက်လှမ်းရေးသားရဲ၏ ပတ်ဝန်းကျင် စစ်ဆေးမှုများအရ ဤလူငယ်၏ စွမ်းဆောင်ရည်မှာ ထူးချွန်ပြောင်မြောက်ကြောင်း ကျူးကော့မင်က သူ့အား တင်ပြထားဖူး၏။

တွေ့ရှိသမျှ သိုင်းဝိညာဉ်သားရဲ တိုင်းကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပြီး အခြား လူသားပါရမီရှင်များ၏ ချုံခိုတိုက်ခိုက်မှုကို ခံရစဉ်၌ပင် ရန်သူ ခြောက်ဦးအနက် သုံးဦးကို သတ်ဖြတ်ကာ ကျန်သုံးဦးကို အပြင်းအထန် ဒဏ်ရာရစေသည့် သူဖြစ်သည်။

ထိုလူငယ်သည် ရိုးရှင်းသည့် အဖြူအမဲ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို နောက်သို့ ချထား၏။ သူ၏ မျက်လုံးများမှာ နူးညံ့သိမ်မွေ့ဟန် ရှိသော်လည်း နှုတ်ခမ်းထက်၌မူ အပြုံးစလေး တစ်ခုရှိနေသည်။

သူသည် လင်းချန်အနားသို့ ချဉ်းကပ်လာရင်း ချင်ဖေးယွီအား စိန်ခေါ်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

လင်းချန်၏ ဘေးသို့ ရောက်ရှိလာသည့် လူငယ်ကို ကြည့်ကာ ချင်ဖေးယွီ၏ အသံမှာ တိုးဝင်လေးနက်သွားသည်။ “ဖန်ဇီချန်… မင်း ငါ့ကို စိန်ခေါ်နေတာလား။ မင်းတို့ရဲ့ ဝင်ရိုးစွန်းနှစ်ခုနန်းတော်က အခုတလော အတော်လေး ထောင်လွှားနေပုံရတယ်နော်။”

ဝင်ရိုးစွန်းနှစ်ခုနန်းတော်၊ ဖန်ဇီချန်။

ထိုလူငယ်၏ ဂိုဏ်းအမည်ကို ကြားလိုက်ရသည့်အခါ လင်းချန်သည် လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့ အဘယ်ကြောင့် သူ့ကို သိနေရသနည်း ဆိုသည်ကို ချက်ချင်း သဘောပေါက်သွား၏။

တောင်ပိုင်းနယ်မြေ၏ အသစ်တက်လာသည့် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှာ နှောင်ကြိုးမဲ့ဂိုဏ်း၊ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း နှင့် ဝင်ရိုးစွန်းနှစ်ခုနန်းတော် တို့ပင် ဖြစ်ကြသည်။

လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့မှာ နှောင်ကြိုးမဲ့ဂိုဏ်းနှင့် သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း၏ ဤမျိုးဆက်၌ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသဖြင့် ဝင်ရိုးစွန်းနှစ်ခုနန်းတော်၏ ထိပ်တန်း ပါရမီရှင်ဖြစ်သည့် ဖန်ဇီချန်နှင့် တစ်ဦးကိုတစ်ဦး သိကျွမ်းနေခြင်းမှာ သဘာဝကျလှ၏။

လင်းချန်အနားသို့ ရောက်လာပြီးနောက် ဖန်ဇီချန်သည် လက်ထဲမှ ခေါက်ယပ်တောင်ကို ဖျတ်ကနဲ ဖြန့်လိုက်သည်။ “မင်းကို စိန်ခေါ်ရအောင် မင်းမှာ စိန်ခေါ်စရာ ဘာဂုဏ်ရည်ရှိလို့လဲ။ ငါက မင်းကို ကြည့်မရလို့ ကူညီတာ။”

ဆက်လက်၍ ဖန်ဇီချန်သည် အခြားလူအချို့အား လှောင်ပြောင်စွာ ရယ်မောလိုက်၏။ “ဟားဟား… ချင်မင်းဆက်ရဲ့ တတိယမင်းသား ပြောသမျှက ခင်ဗျားတို့အတွက်တော့ နံ့သာဆီတွေ ဖြစ်နေလို့လား။ ခင်ဗျားတို့အားလုံးက ကိုယ့်ဂိုဏ်းကိုယ့်အဖွဲ့မှာ လက်ရွေးစင်တွေ မဟုတ်ကြဘူးလား။ မြေပြင်ပေါ်က အလောင်းတွေက လူသားမျိုးနွယ်ကို ပြုပြင်ထားတာလား ဒါမှမဟုတ် ပြင်ပမျိုးနွယ် တကယ်ပဲလားဆိုတာ မခွဲခြားနိုင်ကြဘူးလား။ ခင်ဗျားတို့အားလုံး မျက်စိကန်းနေကြတာလား။”

လင်းချန်သည် ဝင်ရိုးစွန်းနှစ်ခုနန်းတော် မှ ဖန်ဇီချန်ကို မချီးကျူးဘဲ မနေနိုင်တော့ချေ။

ထိုသူ ရန်စလိုက်ပုံမှာ တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ လူအုပ်ကြီးထံမှ ထွက်ပေါ်လာသည့် မီးတောက်မတတ် စူးရှသော အကြည့်များကပင် သက်သေခံနေ၏။

ချင်ဖေးယွီသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း သူ၏ရှေ့မှ ဖန်ဇီချန်ကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ “ဖန်ဇီချန်… မင်းရဲ့ အစွမ်းက တကယ်ကို ထူးခြားတာ မှန်တယ်။ ဒီနေရာမှာ မင်းကို ယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ အင်အားတစ်ခုတည်းနဲ့ ဒီလူငယ်ကို ကယ်နိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား။”

သူသည် ဖန်ဇီချန်၏ အစွမ်းကို အထူးသတိထားနေရသည်မှာ ထင်ရှားလှ၏။

ဖန်ဇီချန်က ပြုံးလျက် သူ၏ ခေါက်ယပ်တောင်ကို ဖျတ်ကနဲ ပြန်ပိတ်လိုက်ပြီးနောက် သူ၏ ဘေးနားရှိ လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့ကို ခြေဟန်လက်ဟန် ပြလိုက်သည်။ “ငါ တစ်ယောက်တည်းဆိုရင်တော့ မရနိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီသူငယ်ချင်း နှစ်ယောက်နဲ့ဆိုရင်တော့… ဒါက ပြဿနာရှိမှာ မဟုတ်ဘူး။”

ထိုစကားကို ကြားသည့်အခါ ချင်ဖေးယွီသည် လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့ထံသို့ အကြည့်ကို လွှဲလိုက်ရာ သူ၏ မျက်နှာမှာ ပို၍ပင် တည်ကြည်လေးနက်သွား၏။

သူသည် လီယွမ်ဖုန်းနှင့် ရန်ထျန်းဟောက်တို့၏ ကျော်ကြားမှုကို ကြားသိထားပြီးဖြစ်ရာ သူတို့ကို လျှော့တွက်၍ မရနိုင်ကြောင်း ကောင်းစွာ သိရှိထားသည်။

အမှန်စင်စစ် ချင်မင်းဆက် အနေဖြင့် အသစ်တက်လာသည့် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်း ဖြစ်သော နှောင်ကြိုးမဲ့ဂိုဏ်း၊ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း နှင့် ဝင်ရိုးစွန်းနှစ်ခုနန်းတော် တို့ကို အထူးပင် အာရုံစိုက်ထားခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်း၏ နယ်မြေများမှာ မူလက ဆုတ်ယုတ်ပျက်စီးနေသည့် အနေအထား၌ ရှိနေသောကြောင့်ပင်။ မူလက ချင်ဧကရာဇ်၏ အစီအစဉ်မှာ ဤထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်း၏ နယ်မြေများကို သူ၏ လက်အောက်သို့ သိမ်းပိုက်ရန် ဖြစ်သော်လည်း ဤထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှာ ရုတ်တရက် အင်အားကောင်းလာပြီး ပြည်နယ် ၂၇ ခုကို အသီးသီး ခွဲဝေသိမ်းပိုက်လိုက်ကြသည်။

နှောင်ကြိုးမဲ့ဂိုဏ်း၊ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းနှင့် ဝင်ရိုးစွန်းနှစ်ခုနန်းတော်တို့အကြား၌ ပဋိပက္ခများနှင့် ပြိုင်ဆိုင်မှုများ ရှိနေသည်ဟု ထင်ရသော်လည်း ချင်ဖေးယွီသည် သူ၏ ခမည်းတော် ဧကရာဇ်မင်းမြတ်ထံမှ ဤထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှာ အမှန်စင်စစ် အမြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ကြားသိဖူး၏။

တောင်ပိုင်းနယ်မြေ၌ ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခု ထွက်ပေါ်လာစဉ်က အဖွဲ့အစည်းအသီးသီးမှ စွမ်းအားရှင်များ လုယက်တိုက်ခိုက်ကြရာ၌ နှောင်ကြိုးမဲ့ဂိုဏ်း၊ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းနှင့် ဝင်ရိုးစွန်းနှစ်ခုနန်းတော်တို့သည် အံ့ဩစရာကောင်းလှသည့် နားလည်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်ကို မြင်တွေ့ရပြီးနောက် ဧကရာဇ်မင်းမြတ်က ဤကောက်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ကျိုးယီအန် ချုံခိုတိုက်ခိုက်ခံရချိန်၌ ရန်ကွေ့ရှန်က သူ၏ ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ် အသုံးပြု၍ ရန်သူ့တိုက်ကွက်ကို တိုက်ရိုက်ခုခံပေးဖူး၏။

ထိုကဲ့သို့သည့် လုပ်ရပ်မျိုးမှာ သေခြင်းရှင်ခြင်းကို အတူတူရင်ဆိုင်သော ညီအစ်ကိုရင်းချာများကြား၌သာ ရှိနိုင်သည်။

အပြင်လူများကမူ နှောင်ကြိုးမဲ့ဂိုဏ်းနှင့် သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းတို့မှာ မတည့်ကြဘဲ ရတနာများအတွက် မကြာခဏ ငြင်းခုံတိုက်ခိုက်နေကြသည်ဟု ဆိုကြ၏။

သို့သော်လည်း ထိုအချိန်မှသာ လူသားဧကရာဇ်သည် နှောင်ကြိုးမဲ့ဂိုဏ်းနှင့် သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းတို့အကြား မည်သည့်အခါမျှ အသေအပျောက်ရှိအောင် မတိုက်ခိုက်ကြသည်ကို သတိပြုမိသွားခြင်း ဖြစ်သည်။

အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ကြတိုင်းမှာလည်း နှစ်ဖက်တပည့်များအကြား ယှဉ်ပြိုင်မှု သက်သက်သာ ဖြစ်ကြ၏။

ဤအခြေအနေမှာ ညီအစ်ကို နှစ်ယောက် ပစ္စည်းလု၍ ရန်ဖြစ်နေကြသကဲ့သို့ပင် ဖြစ်သည်။

ထို့အပြင် ဤထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းအနက် ဝင်ရိုးစွန်းနှစ်ခုနန်းတော်၏ အင်အားမှာ အတောင့်တင်းဆုံးဖြစ်ပြီး ချင်မင်းဆက်ကို တိုက်ရိုက် ရင်ဆိုင်ထားခြင်း ဖြစ်၏။

ယင်းမှာ အစ်ကိုကြီးက သူ၏ ညီငယ် နှစ်ယောက်ကို ကာကွယ်ပေးထားသကဲ့သို့ပင်။

ချင်မင်းဆက် အနေဖြင့် ဤထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းကို နှိမ်နင်းရန် အင်အားရှိသည်မှာ မှန်သော်လည်း အကယ်၍ ထိုထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းသာ ပူးပေါင်းလိုက်ပါက ချင်မင်းဆက်ဘက်မှလည်း ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်ကို ချင်ဖေးယွီ ကောင်းစွာ သိရှိထားသည်။

ယင်းမှာ သူ၏ ခမည်းတော်ကို အစဉ်တစိုက် နှောင့်ယှက်နေသည့် ပြဿနာတစ်ခုလည်း ဖြစ်၏။

အကယ်၍သာ သူသည် ဤထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှ လက်ရှိမျိုးဆက် ပါရမီရှင်များကို ဤနေရာ၌ အမြစ်ပြတ် သုတ်သင်နိုင်မည်ဆိုပါက ခမည်းတော်မှာ အလွန်ပင် ဝမ်းမြောက်သွားပေလိမ့်မည် မဟုတ်ပါလား။

ထို့ပြင် သူတို့ သုံးဦးစလုံး တစ်နေရာတည်း၌ ရှိနေခြင်းမှာလည်း အကောင်းဆုံးသော အခွင့်အရေးပင် ဖြစ်သည်။

ထိုအတွေးကြောင့် ချင်ဖေးယွီ၏ လက်သီးများမှာ အလိုအလျောက် တင်းတင်းဆုပ်မိသွားပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားများမှာလည်း တည်ငြိမ်မှုမရှိဘဲ လှုပ်ရှားလာ၏။

တစ်ချိန်တည်းမှာပင် ဖန်ဇီချန်သည် လီယွမ်ဖုန်း၊ ရန်ထျန်းဟောက်တို့နှင့်အတူ ရှေ့သို့ ညီတူညာတူ တက်လှမ်းလိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ ရှေ့မှ ချင်ဖေးယွီထံ၌ စိုက်ထားကြသည်။

သို့သော် ထိုခဏ၌ လင်းချန်သည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ရှေ့မှ လူသုံးဦးကို ဖယ်ကာ ဟင်းလင်းပြင်ထဲမှ ရှေ့သို့ တိုးထွက်လာ၏။

ဤသို့ တင်းမာနေသည့် အခြေအနေ၌ လင်းချန်က လူအုပ်ကြီးအား ပြောလိုက်သည်။ “မိတ်ဆွေတို့… ကျုပ် အရင်က ပြောခဲ့တဲ့ စကားကို ယုံခြင်း မယုံခြင်းက ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ပဲ။ အကယ်၍ ခင်ဗျားတို့က ကိုယ့်အသက်ကို ရင်းပြီး စွန့်စားချင်တယ်ဆိုရင်လည်း သဘောပဲ၊ ကျုပ် တားမှာ မဟုတ်ဘူး။”

“ကျုပ်ကတော့ စေတနာအရရော ကျုပ်တို့အားလုံးက လူသားမျိုးနွယ်ဝင်တွေ ဖြစ်ကြတာကြောင့်ရော အခြေအနေမှန် သိအောင် ပြောပြတာ။ ခင်ဗျားတို့ အလကားနေရင်း အသက်မဆုံးရှုံးစေချင်လို့။”

လင်းချန်က ထိုသို့ ပြုံးလျက် လူအုပ်ကြီးကို ယဉ်ကျေးစွာ ဂါရဝပြုလိုက်၏။ ထို့နောက် သူ၏ မျက်နှာမှာ ရုတ်တရက် အေးစက်သွားပြီး ချင်ဖေးယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

“ကျုပ် ဒီကိုလာတဲ့ အဓိကရည်ရွယ်ချက်က ဒီကိစ္စကို လူတိုင်း သိအောင် ပြောပြဖို့ပဲ။ မင်းကမှ အကောင်းနဲ့အဆိုးကို မခွဲခြားနိုင်ဘဲ ဖြစ်နေမှတော့ မင်းရဲ့ ညီမအတွက် လက်စားချေဖို့ ကျုပ် အခွင့်အရေး တစ်ခု ပေးလိုက်မယ်။”

လင်းချန်သည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ အကြောဆန့်နေပြီး ချင်ဖေးယွီအား စိတ်မရှည်သလို ပြောလိုက်၏။ “မင်းနောက်ကလူတွေက မင်းရဲ့ လက်အောက်ငယ်သားတွေ မဟုတ်လား။ အကုန်လုံးကို တစ်ခါတည်း လွှတ်လိုက်စမ်း။ မင်းဘေးက အမှိုက်ပုံ နှစ်ပုံကပါ လှုပ်ရှားချင်တယ်ဆိုရင်လည်း ကျုပ်က သဘောတူပေးဖို့ ဝန်လေးမှာ မဟုတ်ဘူး။”

လင်းချန် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျောက်လုံမှာ အလျင်အမြန် ရှေ့သို့ တက်လာပြီး ဧကရာဇ်အား စိုးရိမ်တကြီး မေးလိုက်သည်။ “အရှင်မင်းမြတ်… ဒီလို ရိုင်းစိုင်းရူးသွပ်တဲ့ လူတစ်ယောက်ကို အရှင်ကိုယ်တိုင် ဘာလို့ ကိုင်တွယ်ဖြေရှင်းမှာလဲ။”

လင်းချန်က ခေါင်းရမ်းလိုက်၏။ “ဘာမှမဖြစ်ဘူး… သူတို့ရဲ့ အစွမ်းက သာမန်ပဲ။ ငါ့ရဲ့ အကြောအခြင်တွေကို လေ့ကျင့်ခန်း လုပ်ပေးဖို့အတွက် အကောင်းဆုံးပဲပေါ့။ ကျောက်လုံ… ငါကတော့ စိတ်ဝင်စားစရာ တစ်ခု တွေ့ထားတာ၊ မင်းက ငါနဲ့ လုမလို့လား။”

ကျောက်လုံက တုန်တုန်ရင်ရင်ဖြင့် ဘေးသို့ ပြန်လည် ဆုတ်ခွာသွားသည်။ “ကျွန်တော်မျိုး မဝံ့ရဲပါဘူး။”

ထိုစဉ် ရှိနေသူအားလုံးမှာ လုံးဝ မှင်သက်သွားကြရ၏။

လင်းချန်၏ စကားမှာ အလွန်ပင် ထောင်လွှားလွန်းလှသည်။

သူသည် သေခြင်းရှင်ခြင်းနယ်ပယ်၏ ခန္ဓာအဆင့်မှာသာ ရှိနေသေးသော်လည်း ချင်ဖေးယွီနှင့် သူ၏ အပေါင်းအပါများကို ပူးပေါင်းတိုက်ခိုက်ရန် စိန်ခေါ်နေသည်။

သူ ရူးသွားပြီလော။ ထိုသည်မှာ လူတိုင်း၏ စိတ်ထဲ၌ ဖြစ်ပေါ်လာသည့် အတွေးပင် ဖြစ်၏။ ထို့အပြင် လင်းချန်၏ စကားအရဆိုလျှင် ချင်ဖေးယွီနှင့် သူ၏နောက်မှ စစ်သူကြီး ငါးဦး၊ ဝေနိုင်ငံ နှင့် ချိုးနိုင်ငံ မှ ပါရမီရှင်များမှာ သူ၏လက်ထဲ၌ ကစားစရာ သက်သက်သာ ဖြစ်နေပေသည်။

လူတိုင်း၏ အမြင်၌ လင်းချန်၏ စကားမှာ အလွန်ပင် မောက်မာလွန်းလှပြီး လောကကြီးအကြောင်းကို နားမလည်သူဟု ယူဆနေကြ၏။

ဝေနိုင်ငံနှင့် ချိုးနိုင်ငံမှ ပါရမီရှင် ၁၀ ဦးမှာ စုစုပေါင်း သေခြင်းရှင်ခြင်းနယ်ပယ် စွမ်းအားနယ်ပယ် အဆင့်၌ ရှိနေကြသလို ချင်ဖေးယွီ၏ နောက်မှ စစ်သူကြီး ငါးဦးကိုလည်း လျှော့တွက်၍ မရနိုင်ပေ။

ချင်မင်းဆက်၏ မင်းသားများနှင့် မင်းသမီးများ၌ ငယ်စဉ်ကတည်းက လိုက်ပါစောင့်ရှောက်သူများ ရှိကြပြီး မူလက ပါရမီရှင် ကလေးငယ် တစ်ထောင်ထက်မနည်းဖြင့် စတင်ကြခြင်း ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ အဆင့်တက်လာသူများကိုသာ ရွေးချယ်ပြီး အားအနည်းဆုံးသူများကို ပယ်ထုတ်ကာ အားအကောင်းဆုံးသူများကသာ မင်းသား၊ မင်းသမီးများ၏ ကိုယ်ရံတော်များ ဖြစ်လာကြခြင်း ဖြစ်၏။

ဤကိုယ်ရံတော်များ၏ အစွမ်းမှာ ထူးခြားပြောင်မြောက်လှပြီး ငယ်စဉ်ကတည်းက အတူတကွ လေ့ကျင့်လာကြသဖြင့် ပေါင်းစပ်တိုက်ကွက်များကို အလွန်ပင် ကျွမ်းကျင်ကြသည်။

ချင်ဖေးယွီ၏ နောက်မှ စစ်သူကြီး ငါးဦးမှာမူ အထက်တန်းလွှာ ငါးဦးပင် ဖြစ်ကြ၏။

ချင်ဖေးယွီ၏ စစ်သူကြီး ငါးဦး၏ စွမ်းအားမှာ အခြားသူများကပင် ကြောက်လန့်ရသည့် တိုက်ခိုက်ရေး အင်အားစုတစ်ခု ဖြစ်သည်။

သို့သော် လင်းချန်၏ နှုတ်မှမူ သူတို့မှာ ကစားစရာ သက်သက်ဟုသာ ဆိုလိုက်ရာ လင်းချန်မှာ အလွန်ပင် မောက်မာလွန်းသည်ဟု လူအများက ခံစားနေရခြင်း ဖြစ်၏။

ချင်ဖေးယွီသည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် ရယ်မောလိုက်သည်။ “ဟားဟား…”

သူသည် လင်းချန်ကို တည့်တည့်စိုက်ကြည့်လိုက်၏။ “ပြောရမယ်ဆိုရင်တော့ မင်းက တကယ်ကို သတ္တိရှိတာပဲ။ ငါ့ကို ဒေါသထွက်အောင် လုပ်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာ မင်း သိရဲ့လား။”

လင်းချန်က သူ၏ လက်ကောက်ဝတ်ကို အသာအယာ နှိပ်လိုက်ရင်း ပေါ့ပါးသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ငါက မင်းကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းလို အမှိုက်က တကယ်ပဲ ငါ့ရဲ့ ရန်စမှုကို ခံယူထိုက်တယ်လို့ ထင်နေတာလား။ ရယ်စရာတွေ လာမပြောစမ်းပါနဲ့…”

ထို့နောက် လင်းချန်၏ ပုံရိပ်မှာ ဝေဟင်သို့ ပျံတက်သွားပြီး ချင်ဖေးယွီကို အထက်စီးမှ ငုံ့ကြည့်လျက် နှုတ်ခမ်းထောင့်ကို အသာအယာ မြှင့်လိုက်၏။ “ငါ အပျော်တမ်းကစားဖို့ ရှာနေတဲ့သူ တစ်ယောက်အနေနဲ့… မင်းက ကစားစရာတစ်ခု ဖြစ်နေတယ်ဆိုတဲ့ အသိစိတ်တော့ ရှိသင့်တယ်နော်။”

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၁၀ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters