← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃) လှပသော ဒေါင်းစိမ်းနှင့် အငြင်းခံလိုက်ရသော ရွှီယန်

ကျယ်ပြန့်သော တောအုပ်ကြီးထဲတွင် အစိမ်းရောင်ဒေါင်း နှစ်ကောင် လမ်းလျှောက်နေကြသည်။ ဤနေရာရှိ သစ်ပင်များမှာ တော်တော်လေး ထူးဆန်းနေပေသည်။ သစ်ပင်စည်များက အရမ်းသေးသွယ်ပြီး သစ်ရွက်အုပ်များကလည်း သိပ်မကြီးမားပေ။ မြေပြင်ပေါ်ရှိ ပေါင်းပင်များမှာလည်း အဝါရောင်ဖျော့ဖျော့ဘက် သန်းနေသည်။

ရွှီယန်က အဝေးတွင်ရပ်ကာ ဤဒေါင်းစိမ်း နှစ်ကောင်ကို အကဲခတ်နေလိုက်သည်။

"တောရိုင်း ဒေါင်းစိမ်းတွေက နိုင်ငံတော်အဆင့် ၁ ကာကွယ်ရမယ့် တိရစ္ဆာန်တွေလေ... ဒါက တကယ်ကို ရှားပါးတယ်"

"သာမန်ဒေါင်းတွေက ဒေါင်းပြာတွေဖြစ်ပြီး လည်ပင်းက တောက်ပတဲ့ အပြာရောင်ရှိတယ်... ဒေါင်းစိမ်းတွေကတော့ တစ်ကိုယ်လုံး အစိမ်းရောင်ဖြစ်ပြီး လည်ပင်းက အမွေးတွေကလည်း အစိမ်းရောင်ပဲ"

"ဒါက တရုတ်ပြည်ရဲ့ သီးသန့်ဒေါင်းမျိုးစိတ်ဖြစ်ပြီး အခုဆို အရေအတွက် အရမ်းနည်းနေပြီ"

ရွှီယန်၏ ရှင်းပြသံက တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ထွက်ပေါ်လာသည်။ အင်တာနက်သုံးစွဲသူများက အရှေ့မှ ဒေါင်းစိမ်းကို ကြည့်ကာ အံ့ဩချီးကျူးနေကြတော့သည်။

[ဘုရားရေ... တောရိုင်းဒေါင်း... ပထမဆုံး မြင်ဖူးတာပဲ]

[အရမ်းလှတာပဲ]

[ဒီနေရာမှာလည်း လှပတဲ့ တိရစ္ဆာန်တွေ ရှိသေးတာပဲ]

[ဒေါင်းကို မြင်ရတော့ အိုက်လောင်တောင်က အဲဒီလောက် မကြောက်စရာတော့ဘူးလို့ ခံစားရတယ်]

ဒေါင်းစိမ်းများက တောအုပ်ထဲတွင် အေးအေးဆေးဆေး အစာရှာနေကြသည်။ သူတို့၏ အခြေအနေက တော်တော်လေး ကောင်းမွန်နေပေသည်။ ဤနေရာမှာ အိုက်လောင်တောင်၏ တောနက်ပိုင်း ဖြစ်ပြီး အဆင့် ၁ ကာကွယ်ရမည့် တိရစ္ဆာန် နှစ်ကောင်ကို မြင်လိုက်ရသဖြင့် အားလုံး၏စိတ်ထဲတွင်လည်း ကြည်နူးသွားကြသည်။

ရွှီယန်က ဒေါင်းများနှင့် အတူတူ ဓာတ်ပုံရိုက်ရန် ရည်ရွယ်ထားသည်။ သို့သော် အရင်ပြဿနာအတိုင်းပင် အနားကပ်သွားမှသာ ရမည်ဖြစ်သည်။ ဓာတ်ပုံရိုက်ရမည့် တာဝန်က ကြည့်ရသည်မှာ လွယ်ကူသလို ထင်ရသော်လည်း တကယ်တမ်းတွင်မူ အရမ်း ခက်ခဲလှသည်။ တချို့ တိရစ္ဆာန်များက ကိုယ့်ဘာသာ အနားလာကပ်လျှင်တော့ တော်သေးသည်။ ဒေါင်းစိမ်းကမူ ရွှီယန်ကို လုံးဝ မသိရှိပေ။

"ဒေါင်းစိမ်းတွေက ဘယ်လို အစားအစာကို စိတ်ဝင်စားလဲ မသိဘူး... ကျွန်တော့်ဆီမှာလည်း သူတို့ကို ဆွဲဆောင်နိုင်မယ့် အရာ မရှိဘူးထင်တယ်"

ရွှီယန် တကယ်ပင် အခက်တွေ့သွားသည်။ လိုက်ဖ်ထဲက အင်တာနက်သုံးစွဲသူများကတော့ ဒေါင်းစိမ်း၏ အလှကို ချီးကျူးနေကြဆဲပင်။ ထိုအချိန်တွင် ရွှီယန်က ထပ်ပြောလိုက်သည်။

"ဒီလို တောရိုင်း ဒေါင်းစိမ်းတွေကို မြင်ရဖို့ အရမ်းခက်တယ်"

"ကျွန်တော် သူတို့နဲ့ အတူတူ ဓာတ်ပုံရိုက်ပြီး အမှတ်တရ သိမ်းထားချင်လို့"

"ဒါပေမဲ့ ဓာတ်ပုံတွဲရိုက်ဖို့ဆိုတာ မလွယ်ဘူး... ဒီအကောင်တွေက ကျွန်တော် အနားကပ်သွားတာကို မြင်တာနဲ့ သေချာပေါက် ထွက်ပြေးမှာ"

ရွှီယန်၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။

[လောင်ရွှီ... မင်းရဲ့ သစ်တောစောင့်နတ် စွမ်းရည်ကို မမေ့နဲ့လေ]

[ဟားဟားဟား... မင်း ဆွဲဆောင်လို့မရတဲ့ တိရစ္ဆာန်တွေလည်း ရှိသေးတာလား]

[ဒေါင်းက မင်းဆီလာပြီး ပွတ်သပ်ခိုင်းမှာ မဟုတ်ဘူးလား]

[သူတို့ ထွက်ပြေးမယ်ဆိုတာ ငါတို့ မယုံဘူး]

ယခုအချိန်တွင်တော့ အားလုံးက ရွှီယန်အပေါ် အထင်လွဲနေကြဆဲပင်။ ဤကွန်မန့်များကို မြင်သောအခါ ရွှီယန်လည်း ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။

'ဘယ်က သစ်တောစောင့်နတ် စွမ်းရည်လဲ... ငါသာ အနားသွားရင် ဒီဒေါင်းတွေ မပြေးဘဲ နေမလား'

ရွှီယန်က ဘေးတွင်ရပ်ကာ လှမ်းကြည့်နေလိုက်သည်။ ထိုအချိန်တွင် ဒေါင်းနှစ်ကောင်က အရှေ့သို့ တိုးလာနေသည်ကို သူ သတိထားမိလိုက်သည်။ ထိုနေရာတွင် ကုန်းဆင်းလေးတစ်ခုနှင့် ချုံပုတ်တစ်ခု ရှိနေပေသည်။

ရွှီယန်က အကြံရသွားပြီး ခါးကိုကိုင်းကာ ချုံပုတ်အနောက်တွင် ပုန်းနေလိုက်သည်။ သူ၏ပုံစံကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ချက်ချင်း ရယ်မောလိုက်ကြတော့သည်။

[ဟားဟားဟား... လောင်ရွှီ မင်း ဘာလုပ်ချင်တာလဲ]

[ခိုးကြောင်ခိုးဝှက် ပုံစံကြီးနဲ့]

ရွှီယန်ကတော့ စကားတစ်ခွန်းမှ မဟပေ။ ဤအချိန်မျိုးတွင် စကားပြော၍ လုံးဝမရနိုင်ချေ။ သူက အသံမထွက်ဘဲ ငြိမ်သက်စွာ ပုန်းနေရမည် ဖြစ်သည်။

ဤသို့ဖြင့် ဒေါင်းများက နည်းနည်းချင်းစီ တိုးလာနေသည်ကို သူ စောင့်ကြည့်နေလိုက်သည်။ သူက ခေါင်းပြူပြီး မကြည့်ဘဲ ဖုန်းကိုကိုင်ကာ လိုက်ဖ် ဗီဒီယိုကိုသာ ကြည့်နေလိုက်၏။ ဤအချိန်တွင် ဤနည်းလမ်းက အကောင်းဆုံးပင် ဖြစ်သည်။ ဒေါင်းများ မမြင်အောင် ပုန်းနေ၍ ရနိုင်ပေသည်။

သူ ထင်ထားသည့်အတိုင်းပင် ဒေါင်းများက သူ့ကို သတိမထားမိကြပေ။ အေးအေးဆေးဆေး လမ်းလျှောက်ရင်း အရှေ့သို့ တိုးလာကြသည်။ ဒေါင်းများက ရွှီယန်နှင့် နီးလာလေ အင်တာနက်သုံးစွဲသူများ ပိုပြီး စိတ်လှုပ်ရှားလာလေပင်။

[လောင်ရွှီ... တစ်နေ့တစ်နေ့ စိတ်လှုပ်ရှားစရာတွေချည်း လုပ်ပြနေတာပဲ]

[ဘယ်သူကများ တောရိုင်း တိရစ္ဆာန်တွေနဲ့ ဒီလို ကစားလိမ့်မယ်လို့ ထင်မှာလဲ]

ဒေါင်းများက အတော်လေး နီးလာပြီဖြစ်သည်။ သူတို့က ချုံပုတ်ကို ဖြတ်သွားတော့မည့် အနေအထား ရှိနေ၏။ ရွှီယန်က ဆဲလ်ဖီ ရိုက်ရန် အဆင်သင့် ပြင်ထားလိုက်သည်။

ထိုအချိန်မှာပင် တိုက်ဆိုင်စွာဖြင့် ဒေါင်းစိမ်း တစ်ကောင်က ရွှီယန်ကို ကျောခိုင်းပြီး နောက်ထပ် ဒေါင်းတစ်ကောင်ဘက်သို့ ရုတ်တရက် အမွေးများ ဖြန့်ပြလိုက်သည်။ တစ်ခဏအတွင်းမှာပင် အမွေးများပေါ်ရှိ အကွက်များက မျက်လုံးများကဲ့သို့ အရောင်အသွေး စုံလင်ပြီး တောက်ပသွားတော့သည်။ ဤမြင်ကွင်းက တကယ်ကို လှပလွန်းလှပေသည်။

အင်တာနက်သုံးစွဲသူများက ဒေါင်း၏အလှတွင် နစ်မြောနေကြစဉ် ရွှီယန်က ရုတ်တရက် ဒေါင်း၏ အနောက်ဘက်မှ ပေါ်လာပြီး ဖုန်းကိုမြှောက်ကာ ဆဲလ်ဖီ တစ်ပုံ ရိုက်လိုက်သည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းနှင့် ဘယ်လိုမှ မလိုက်ဖက်ပေ။

[လခွမ်း... လောင်ရွှီကတော့ တကယ် ခိုးကြောင်ခိုးဝှက် လုပ်တာပဲ]

[ဟားဟားဟား... ဒေါင်းက အမွေးဖြန့်နေတုန်း အနောက်ကနေ လူတစ်ယောက် ပေါ်လာတယ်]

[ဆဲလ်ဖီ ရိုက်တဲ့ အမြန်နှုန်းက တော်တော် မြန်တာပဲ]

[မင်းက မင်းပါပဲကွာ]

လိုက်ဖ်ထဲတွင် ချက်ချင်း စည်ကားသွားတော့သည်။ ရွှီယန်ကတော့ တော်သေးသည်ဟု တိတ်တဆိတ် တွေးလိုက်မိသည်။ သူလည်း မတတ်နိုင်သဖြင့် ဤသို့ လုပ်ရခြင်း ဖြစ်၏။ တာဝန် လုပ်ဆောင်သည်ဆိုသည်မှာလည်း အန္တရာယ် အနည်းငယ်တော့ ရင်ဆိုင်ရမည် မဟုတ်ပါလား။

သို့သော် ဒေါင်းအမွေးဖြန့်သည်မှာ တကယ်ကို လှပသည်။ ရွှီယန်က ဆဲလ်ဖီ ရိုက်ပြီးသည်နှင့် ခေါင်းပြူထွက်လာပြီး တိတ်တဆိတ် ကြည့်နေလိုက်သည်။ သူ့ပုံစံကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ထပ်ပြီး အော်ရယ်လိုက်ကြပြန်သည်။

ရွှီယန်၏ ရုပ်ရည်က တော်တော်လေး ကြည့်ကောင်းပေသည်။ ကောင်လေးက ချောမောသူ ဖြစ်၏။ သို့သော် ချုံပုတ်ထဲမှနေ၍ ခေါင်းပြူထွက်လာသည်မှာ ဘယ်လိုကြည့်ကြည့် အနေအထား မကျသလို ဖြစ်နေသည်။

ဒေါင်း နှစ်ကောင်က အပြန်အလှန် ကခုန်နေကြပြီး ဒေါင်းဖိုက ဒေါင်းမကို သူ၏ အမွေးများကို ပြသနေသည်။ ထိုအချိန်တွင် ဒေါင်းမက ရွှီယန်ကို မြင်သွားပြီး အံ့ဩသွားကာ ချက်ချင်းပင် ခြေလှမ်းအနည်းငယ် ပြေးထွက်သွားတော့၏။ ဒေါင်းဖိုကလည်း နောက်ကျမှ သတိထားမိပြီး ဒေါင်းမ နောက်သို့ လိုက်ပြေးသွားသည်။

သူက ရွှီယန်ကို တစ်ချက် လှည့်ကြည့်သွားပြီး သူ၏ အကြည့်က အခုလို ပြောနေသကဲ့သို့ပင်။

'ကံဆိုးလိုက်တာ'

ရွှီယန် နည်းနည်းတော့ အနေရခက်သွားသည်။ ဤကိစ္စက သိပ်ပြီး ကြည့်ကောင်းလှသည်တော့ မဟုတ်ပေ။ သို့သော် ဒေါင်းစိမ်း အမွေးဖြန့်သည်ကို မြင်ရဖို့က အရမ်း ရှားပါးလှသဖြင့် ထွက်ကြည့်ချင်စိတ်ကို ဘယ်လိုမှ မထိန်းနိုင်ခဲ့ချေ။

"အငြင်းခံလိုက်ရပြီ... တကယ်ပဲ တောင်းပန်ပါတယ်"

"ဆောရီးပါ"

ရွှီယန်က ဒေါင်းစိမ်းများ ရှိရာဘက်သို့ လှမ်း၍ တောင်းပန်လိုက်သည်။

အချိန်ရသေးသဖြင့် ရွှီယန်က ဆက်လက်၍ တောတောင်ရှာဖွေရေး ထွက်လာခဲ့သည်။ ဒေါင်းများနှင့် တွေ့ပြီးနောက်ပိုင်းတွင် အားလုံးက အိုက်လောင်တောင်ကို ထိုမျှလောက် မကြောက်တော့ဟု ခံစားရပေသည်။ ရွှီယန်က အထဲသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားရင်း ပြောလိုက်သည်။

"ဒီထက် ပိုဝင်သွားရင် အဆိပ်ငွေ့တွေ ရှိနိုင်တယ်"

"ဒီဓာတ်ငွေ့တွေက အဆိပ်ရှိတယ်... အရမ်း ပြင်းထန်တဲ့ အဆိပ်တော့ မဟုတ်ဘူး... နာတာရှည်လိုမျိုးပေါ့... ဒါပေမဲ့ အဆိပ်ငွေ့ထဲမှာ နာရီအတော်ကြာ နေရင် လူက မူးဝေပြီး နေမကောင်း ဖြစ်လာလိမ့်မယ်"

"ကျွန်တော့်ဆီမှာ ဓာတ်ငွေ့ စစ်ဆေးတဲ့ ကိရိယာ မပါတော့ လောလောဆယ် အထဲကို မဝင်တော့ဘူး"

"နောက်မှ အခွင့်အရေး ရရင် ပြန်လာခဲ့မယ်"

"အိုက်လောင်တောင်က အကြမ်းဖျင်းတော့ ဒီလို အခြေအနေမျိုးပါပဲ"

ထို့နောက် သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုပြီး ရတနာရှာဖွေရေး တာဝန်ကို ဖွင့်လိုက်သည်။

[ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ - အုပ်စုလိုက် သွားလာနေသော ရစ်ငှက်များကို ရိုက်ကူးပါ]

[တာဝန် ဖော်ပြချက် - ရစ်ငှက် ခြောက်ကောင် ပါဝင်သော မြင်ကွင်းကို ရိုက်ကူးပါ... မြင်ကွင်းထဲရှိ ရစ်ငှက်များက သတ်မှတ်ထားသော အရွယ်အစားထက် ပိုကြီးရပါမည်]

[တာဝန် ဆုလာဘ် - ကျောက်မျက်ရတနာ အဖြူ တစ်လုံး]

ကျောက်မျက်ရတနာ ရှာဖွေရာတွင် တကယ်ပင် ရတနာရှာဖွေရေး တာဝန်ကို အားကိုးရသည်က ပိုမြန်ဆန်ပေသည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အားကိုးပါက ရှာတွေ့သည်များမှာ သိပ်မကောင်းလှချေ။

ဤဘက်တွင် ရစ်ငှက်များလည်း ပေါများသည်။ အချိန်ရသေးသဖြင့် ရွှီယန်က ခြေလှမ်း ခပ်သွက်သွက် လျှောက်ကာ ရစ်ငှက်များ လှုပ်ရှားသည့် နေရာဘက်သို့ သွားလိုက်သည်။

ရစ်ငှက်များ လှုပ်ရှားသည့် နေရာမှာ ရေပြင် တစ်ခု ဖြစ်သည်။ ဤအကောင်များက အရမ်း သတိထားတတ်ကြ၏။ ရွှီယန် အနားမကပ်ရသေးမီမှာပင် လှုပ်ရှားမှုကို သတိထားမိပြီး အဝေးသို့ ပျံသန်းရန် လုပ်နေကြသည်။

ဤငှက်များထဲတွင် အဖိုများက အရမ်း လှပသည်။ ကျောနှင့် အမြီးက အဖြူရောင် ဖြစ်ပြီး ဗိုက်က အမည်းရောင် ဖြစ်သည်။ ခေါင်းတွင်တော့ အနီရောင် အနည်းငယ် ပါဝင်၏။ အလွန် တောက်ပလှပေသည်။

သို့သော် အမများကတော့ တစ်ကိုယ်လုံး မီးခိုးရောင် ဖြစ်နေပြီး ထိုမျှလောက် မလှပချေ။ ငှက်များ၏ ပုံစံက တော်တော်လေး ထူးဆန်းသည်။ အဖိုများက အရမ်းလှသော်လည်း အမများကတော့ အဲဒီလောက် မတောက်ပပေ။

ရစ်ငှက်များကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ထပ်ပြီး စိတ်လှုပ်ရှားလာကြပြန်သည်။

[ဒီငှက်ဖြူတွေက အရမ်းလှတာပဲ]

[ငါမသိတဲ့ ငှက် နောက်တစ်မျိုး ထပ်ပေါ်လာပြန်ပြီ]

[ဒါ ဘာငှက်တွေလဲ... အများကြီးပဲ]

[တောရိုင်း ငှက်တွေကို ငါ လုံးဝ မသိဘူး]

ထိုအချိန်တွင် ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။

"ဒါတွေက ရစ်ငှက် လို့ ခေါ်တယ်... လောလောဆယ် အဆင့် ၂ ကာကွယ်ရမယ့် တိရစ္ဆာန်တွေပါ... ကွမ်တုန်း ပြည်နယ်ရဲ့ ပြည်နယ် ကိုယ်စားပြု ငှက်လည်း ဖြစ်တယ်... ကံကောင်းခြင်း... ပျော်ရွှင်ခြင်း နဲ့ အသီးအနှံ အထွက်တိုးခြင်း ကို ကိုယ်စားပြုတယ်လေ"

"သူတို့က အပူပိုင်း ဒေသမှာ နေထိုင်ပြီး အရေအတွက် ကလည်း အတော်လေး များပါတယ်"

"ပုံမှန်အားဖြင့် မိသားစု အသေးစားလေးတွေ အနေနဲ့ အတူတူ နေထိုင်ကြတယ်... သုံးကောင်ကနေ ခြောက်ကောင်လောက် အထိပေါ့"

ရွှီယန်က ရှင်းပြရင်း ဓာတ်ပုံရိုက်ရန် အဆင်ပြေမည့် ထောင့်ကို ရှာနေလိုက်သည်။ တကယ်ပင် ရှာရခက်လှ၏။ ရစ်ငှက်များက အဝေးကြီးတွင် ပုန်းနေကြသည်။

ရွှီယန် စဉ်းစားလိုက်ပြီး ကျောပိုးအိတ်ကို ချထားကာ သစ်ပင် တစ်ပင်ပေါ် တက်၍ ခဏလောက် စောင့်နေလိုက်သည်။ ထိုအခါမှသာ ရစ်ငှက် ခြောက်ကောင် အုပ်စုလိုက် အစာစားနေသည့် မြင်ကွင်းကို ရိုက်ကူးနိုင်သွားတော့၏။ တာဝန် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

အိုက်လောင်တောင် ခရီးစဉ် ကလည်း ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။

"ကျွန်တော် ပြန်လှည့်ရတော့မယ်... ညဘက်ဆို ဒီမှာ မြွေတွေ များတယ်... ပိုးမွှားတွေလည်း များတယ်... တော်တော်လေး အန္တရာယ်များတယ်"

"ပြီးတော့ အပူချိန်ကလည်း အရမ်း ကျသွားတော့ တဲလည်း မပါဘဲ ဒီမှာ နေလို့ မရဘူးလေ"

"ဒီနေ့တော့ ဒီလောက်ပဲ စူးစမ်းလေ့လာလိုက်မယ်"

"နောက်မှ အခွင့်အရေး ရရင် ပြန်လာခဲ့မယ်"

ရွှီယန်က ပြောရင်း မြစ်ကမ်းဘေးသို့ ရောက်လာသည်။

သူက မြစ်၏ စီးဆင်းရာ လမ်းကြောင်းကို သေချာ စဉ်းစားပြီး မြေပုံကိုလည်း ထုတ်ကာ ခဏလောက် ကြည့်လိုက်၏။ နှစ်ဖက်စလုံးက ချောက်ကမ်းပါးများ ဖြစ်နေသဖြင့် လမ်းလျှောက်၍ မရနိုင်ပေ။ မြစ်ကူးမှသာ ရမည်ဖြစ်သည်။ ကြည့်ရသည်မှာ မြစ်က တောင်ထဲမှနေ၍ အပြင်သို့ စီးထွက်လာခြင်း ဖြစ်ရမည်။ ထို့ကြောင့် ရွှီယန်က လေထိုးလှေကို လေထိုးရန် ပြန်စလိုက်သည်။

ပတ်ဝန်းကျင် အခြေအနေက အနည်းငယ် ခြောက်ခြားဖွယ် ကောင်းနေသေးသော်လည်း ရစ်ငှက်နှင့် ဒေါင်းတို့ ပေါ်လာသောအခါ အားလုံး၏ စိတ်ထဲမှ ကြောက်ရွံ့မှုများ လွင့်စင်သွားကြသည်။ ရွှီယန် ပြောသကဲ့သို့ပင် ဤနှစ်မျိုးလုံးမှာ ကံကောင်းခြင်း၏ သင်္ကေတများ ဖြစ်သည်။

ဒေါင်းစိမ်းမှာ ငှက်များ၏ ဘုရင်ဟု နာမည်ကြီးပြီး ရစ်ငှက်ကလည်း ကွမ်တုန်း ပြည်နယ်၏ ကိုယ်စားပြု ငှက်ဖြစ်သည်။ သူတို့ ရှိနေသဖြင့် ဤတောင်တန်းကြီးက သိပ်ပြီး ခြောက်ခြားစရာ မကောင်းတော့ပေ။ လျှို့ဝှက်ချက် ဖြေရှင်းပြီးသွားသောအခါ အားလုံးလည်း သိပ်မကြောက်ကြတော့ချေ။

သိပ်မကြာခင်မှာပင် ရွှီယန် လေထိုးလှေပေါ် ထိုင်ကာ အပြင်ဘက်သို့ စတင် စီးမျောလာခဲ့သည်။ မြစ်ရေစီးဆင်းမှုက အရမ်း နှေးကွေးပြီး တစ်ခုလုံး အစိမ်းရောင် ဖြစ်နေ၏။ အစိမ်းရောင် ဆိုသည်မှာ မြစ်ရေ အရမ်း နက်ရှိုင်းသည်ကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။

ထို့ကြောင့် ဤမြစ်က ကြည့်ရသည်မှာ မကျယ်သော်လည်း တကယ်တမ်းတွင် ရေထုထည် အရမ်း များပြားပြီး အထဲတွင် အန္တရာယ်များ အပြည့် ရှိနေသည်။

ရွှီယန်က လှော်တက်ဖြင့် ဖောင်၏ ဦးတည်ရာကို ထိန်းချုပ်နိုင်သည်။ မြစ်ရေ စီးဆင်းမှုက သူ၏အပေါ် အများကြီး သက်ရောက်မှု မရှိပေ။ အောက်ဘက်သို့ ခဏလောက် စီးမျောသွားပြီးနောက် လမ်းခွဲ နှစ်ခု ထပ်တွေ့ရပြန်သည်။ ရွှီယန်က အခြေအနေကို သုံးသပ်ပြီး လမ်းခွဲ တစ်ခုကို ရွေးချယ်ကာ ဆက်သွားလိုက်သည်။

ပတ်ဝန်းကျင် အခြေအနေက ပြန်လည် ခြောက်ခြားလာပြန်သည်။ အားလုံး ထပ်ပြီး စိုးရိမ်လာကြပြန်၏။

[လောင်ရွှီ... သူ အပြင်ရောက်အောင် သွားနိုင်ပါ့မလား... ဒီနေရာက အရမ်း စိမ်းသက်နေသလိုပဲ]

[သူ့လို စွမ်းရည် မရှိရင် တောင်ထဲကို အလွယ်တကူ မဝင်ပါနဲ့]

[အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာကြီးတွေ ဦးဆောင်မှ ဖြစ်မှာ]

[လောင်ရွှီ က တကယ် တော်တာ... အသက်ငယ်ငယ်လေးနဲ့ အတွေ့အကြုံ အများကြီး ရှိသလိုမျိုး ခံစားရတယ်]

လိုက်ဖ်ထဲက ကွန်မန့်များက အဆက်မပြတ် ဆွေးနွေးနေကြသည်။ ဒီနေ့ ရွှီယန်ကို အင်တာနက် တစ်ခွင်လုံးက စောင့်ကြည့်နေကြခြင်း ဖြစ်၏။ ရေပန်းစားမှု ကလည်း အလွန် မြင့်မားနေသည်။

ရွှီယန်ကတော့ ဤကိစ္စများကို သိပ်ဂရုမစိုက်ပေ။ မြစ်ရေစီးကြောင်း အတိုင်း အပြင်သို့သာ တောက်လျှောက် လိုက်ပါသွားတော့သည်။ ဆက်တိုက် နှစ်နာရီကျော်လောက် စီးမျောသွားပြီးမှသာ အိုက်လောင်တောင်၏ တောနက်ထဲမှနေ၍ တဖြည်းဖြည်း အပြင်သို့ ရောက်လာခဲ့တော့သည်။

အခန်း (၂၇၄) ကျားသစ်မိသားစု ပြန်လည်ဆုံဆည်းခြင်းနှင့် ယောက္ခမနှင့် ချွေးမပြဿနာကို ဖြေရှင်းပေးရခြင်း

ရွှီယန် မြစ်ငယ်လေးထဲမှ စီးမျောထွက်လာရသည့် ခရီးစဉ်မှာလည်း ငြိမ်းချမ်းလှသည်တော့ မဟုတ်ပေ။

လမ်းတစ်လျှောက်တွင် အင်တာနက်သုံးစွဲသူများက မြစ်ကမ်းဘေးမှနေ၍ ရေထဲသို့ တိုက်ရိုက်တိုးဝင်လာသော စပါးကြီးမြွေတစ်ကောင်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

ထိုမြွေ၏ လှုပ်ရှားနေသော အကွက်များမှာ အလွန်သိသာလွန်းနေ၏။

အားလုံးကို ထပ်ပြီးလန့်သွားစေပြန်သည်။ သို့သော် စပါးကြီးမြွေက ခဏမျှသာ ပေါ်လာပြီးနောက် ရွှီယန်နှင့် ဘာမျှမပတ်သက်ဘဲ ထွက်သွားခဲ့သည်။

လမ်းတစ်လျှောက်လုံး အန္တရာယ်ကင်းစွာဖြင့် သိပ်မကြာခင်မှာပင် ပြေပြစ်သော ကမ်းစပ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။ ရွှီယန်က ဤနေရာသည် အပြင်ဘက်နှင့် အတော်လေး နီးကပ်သည်ဟု ထင်သဖြင့် ကမ်းစပ်တွင် ကမ်းကပ်ရန် ရွေးချယ်လိုက်ပြီးနောက် လေထိုးလှေကို သိမ်းဆည်းကာ ကျောပိုးအိတ်ကိုလွယ်ပြီး အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

"ဒီနေ့ အိုက်လောင်တောင် တောတောင်ရှာဖွေရေး ခရီးစဉ်ကတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်သွားပြီ... တောင်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းကိုတော့ မရောက်သေးပါဘူး"

"အကယ်၍ အနက်ရှိုင်းဆုံး အပိုင်းကို ဝင်ချင်တယ်ဆိုရင် လေထုစစ်ဆေးတဲ့ ကိရိယာတစ်ခု လိုအပ်မယ်... ပြီးတော့ တဲလည်း လိုသေးတယ်လေ"

"အခု ကျွန်တော့်အိတ်ထဲမှာ လေထိုးလှေ ပါနေတော့ တဲထည့်ဖို့ နေရာမရှိတော့ဘူး... ဒါကြောင့် အထဲကို ဝင်ချင်ရင် အနည်းဆုံးတော့ တဲသယ်ပေးမယ့် လူတစ်ယောက် လိုအပ်လိမ့်မယ်"

"ဒီနေရာက ဝက်ဝံနည်းနည်း ပိုများတယ်... ပိုးမွှားနဲ့ မြွေတွေလည်း နည်းနည်း ပိုများတယ်... အဲဒီလောက်ပါပဲ"

"အရမ်းကြီးတော့ အန္တရာယ် မများပါဘူး... ဒါပေမဲ့ သာမန်လူတွေကတော့ မဝင်တာ အကောင်းဆုံးပဲ"

ရွှီယန်က ယခင်အတိုင်းပင် တည်ငြိမ်နေ၏။

သူက တည်ငြိမ်နေသော်လည်း အင်တာနက်သုံးစွဲသူများတွင်မူ သူ၏ စိတ်ခံစားမှုမျိုး မရှိကြချေ။

[ဒါတောင် အန္တရာယ် မများဘူးတဲ့လား... ငါကတော့ တစ်နေ့လုံး ကြည့်နေတာ လန့်သေတော့မယ်]

[ဒါက သင်္ချိုင်းဂူ ဖောက်ထွင်းသူများ မှတ်တမ်း ရုပ်ရှင်ဇာတ်ကွက်တွေကို တိုက်ရိုက် ရိုက်ကူးလို့ ရတယ်... အရမ်း လက်တွေ့ကျပြီး အရမ်း ကြောက်စရာ ကောင်းတယ်]

[အဓိကက အိုက်လောင်တောင် သစ်တောရဲ့ အရောင်က သိပ်မတောက်ပတော့ ခြောက်ခြားစရာ ကောင်းနေတာလေ]

[ဒေါင်းနဲ့ ရစ်ငှက် ရှိနေတော့ ဘယ်လောက် ဆိုးနိုင်မှာလဲလို့ ထင်ပါတယ်]

အင်တာနက်သုံးစွဲသူများက အသီးသီး ဆွေးနွေးနေကြသည်။ ရွှီယန်ကတော့ အပြင်ဘက်သို့ ဆက်လက် လျှောက်သွားနေဆဲပင်။

သူ၏ ခံနိုင်ရည်မှာ အလွန် ကောင်းမွန်လှပြီး ဤအချက်ကလည်း လူအများအပြားကို လေးစားသွားစေသည်။ အဓိကအားဖြင့် သူသည် အမြဲတမ်း တောတောင်ရှာဖွေရေး လုပ်နေသဖြင့် လေ့ကျင့်ပြီးသား ဖြစ်နေသောကြောင့်ပင်။

လမ်းတစ်လျှောက်လုံး အန္တရာယ် ကင်းရှင်းခဲ့၏။ စပါးကြီးမြွေနှင့် ဝက်ဝံညိုတို့ကို တွေ့ခဲ့သော်လည်း အများကြီး ပွတ်တိုက်မှု မရှိခဲ့ချေ။

သိပ်မကြာခင်မှာပင် ရွှီယန်က ရှေ့ကလမ်း ပိုပိုပြီး ညီညာလာသည်ကို တွေ့လိုက်ရပြီး သူ အိုက်လောင်တောင်ထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

"ထွက်လာနိုင်ပြီ... သိပ်ပြီး လမ်းမလွဲပါဘူး"

သူက အနောက်ဘက်ရှိ ရှုပ်ထွေးလှသော မြေမျက်နှာသွင်ပြင် ရှိသည့် တောင်တန်းကြီးများကို လှည့်ကြည့်လိုက်သည်။

"ထွက်လာတဲ့ လမ်းကြောင်းလေးက တော်တော်ကောင်းတယ်... ဘယ်လို လာရလဲဆိုတာ ကျွန်တော် မှတ်မိနေတယ်... နောက်တစ်ခေါက်ကျရင် ဒီဘက်ကနေ ဝင်လို့ရပြီ... အဲဒီလိုဆိုရင် အမြန်နှုန်း ပိုမြန်လာလိမ့်မယ်လို့ ထင်တယ်"

ရွှီယန်က ခန့်မှန်းလိုက်၏။

တောတောင်ရှာဖွေရေး ကဏ္ဍတွင်တော့ အင်တာနက်သုံးစွဲသူများက ရွှီယန်၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုထားပြီး ဖြစ်သည်။

သူက အပြင်ဘက်သို့ ဆက်လက် လျှောက်သွားရာ သိပ်မကြာခင်မှာပင် မြေနီလမ်း တစ်လမ်းကို တွေ့လိုက်ရ၏။ ဖြတ်သန်းသွားလာသော ကားများ သိပ်မရှိသော်လည်း လူသားများ လှုပ်ရှားသွားလာသော ဧရိယာသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ထိုအချိန်တွင် စွန်းရွန့်ကျယ်က ရွှီယန်ကို အသံမက်ဆေ့ခ်ျ ပို့လာပြီး တည်နေရာ ပို့ပေးရန် ပြောလာ၏။

ရွှီယန်က သူ့ကို တည်နေရာ ပို့ပေးလိုက်ပြီးနောက် လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများကို နှုတ်ဆက်လိုက်ကာ ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဤမျှဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသော်လည်း အင်တာနက်ပေါ်တွင် မှတ်တမ်းတင်ထားသော ဗီဒီယိုအပိုင်းအစများက စတင် ပျံ့နှံ့လာတော့၏။ သတင်းဖြန့်ဝေသူ အများအပြားက ရွှီယန်၏ လုပ်ဆောင်ချက်များကို ပြန်လည် မျှဝေနေကြသည်။

လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များသော အိုက်လောင်တောင်၏ အစစ်အမှန်ပုံစံကို ရွှီယန်၏ စူးစမ်းလေ့လာမှုအောက်တွင် လူတိုင်း ပိုမို ရှင်းလင်းစွာ သိမြင်လာရ၏။

သို့သော် ထူးဆန်းသည်မှာ လူတစ်စုက ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် တောနက်ထဲတွင် မကောင်းသော အရာများ ရှိနေသည်ဟု ပို၍ပင် ယုံကြည်သွားကြခြင်း ဖြစ်သည်။ လူများသည် မိမိတို့ ယုံကြည်လိုသည်ကိုသာ ယုံကြည်ကြသည်ဟူသော စကားမှာ လုံးဝ မှားယွင်းခြင်း မရှိပေ။

ထို့နောက် ရွှီယန်သည် ပြင်ပလှုပ်ရှားမှု ကလပ်မှ အဖွဲ့ဝင်များနှင့် အတူတကွ ညစာစားခဲ့ပြီး ဓာတ်ပုံ တွဲရိုက်ခဲ့ကာ နောက်တစ်နေ့တွင် လယ်ယာခြံဝင်းသို့ လေယာဉ်ဖြင့် ပြန်လာခဲ့တော့၏။

ခရီးဝေး ထွက်တိုင်း အပြန်တွင် အလွန် ပင်ပန်းလှပေသည်။ အဓိကအားဖြင့် ခရီးသွားရသည်က လူကို ပင်ပန်းစေသောကြောင့် ဖြစ်၏။ ထို့ကြောင့် ပြန်ရောက်ပြီးနောက် အချိန်အတိုင်းအတာ တစ်ခုအထိ သေချာ အနားယူရန် လိုအပ်သည်။

'တစ်လကို တစ်ခေါက်လောက် အပြင်ထွက်ပြီး လည်ပတ်ရင် လုံလောက်ပါပြီ...'

လယ်ယာခြံဝင်းမှာတော့ အရင်အတိုင်းပင် တိတ်ဆိတ်ပြီး လှပနေဆဲ ဖြစ်သည်။ တိရစ္ဆာန်လေးများ အားလုံးက လယ်ယာခြံဝင်းထဲတွင် လှုပ်ရှားသွားလာနေကြ၏။ အကောင်တော်တော်များများက ဤနေရာကို အိမ်အဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။

ရွှီယန် ပြန်ရောက်ရောက်ချင်း ထုံးစံအတိုင်း ဤကောင်လေးများကို စတင် အစာကျွေးတော့၏။ အစာကျွေးရသည့် ခံစားချက်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပေသည်။

နောက်တစ်နေ့တွင် ရွှီယန်သည် အနောက်ဘက် တောင်ပေါ်သို့ တိုက်ရိုက် သွားလိုက်သည်။ သူ၏ ကျောပိုးအိတ်ထဲတွင် နို့ဘူး ခြောက်ဘူး ပါလာပြီး လုံးဝ မလောက်မည်ကို မကြောက်ချေ။

တကယ်ကို ပရော်ဖက်ရှင်နယ် ကလေးထိန်းကြီးပင် ဖြစ်သည်။

ကျားသစ်ပေါက်လေးများနှင့် မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်ရာ အနည်းငယ် လွမ်းနေမိ၏။ သိပ်မကြာခင်မှာပင် သူသည် ရှောင်ဟွာနှင့် လူးနားတို့ နေထိုင်ရာ နေရာသို့ ရောက်ရှိသွားတော့သည်။

ရွှီယန် ရောက်လာသည်ကို မြင်သောအခါ ရှောင်ဟွာမှာ ချက်ချင်းပင် ဝမ်းသာသွားတော့၏။ ဤရက်ပိုင်း ရွှီယန် မလာသဖြင့် ရှောင်ဟွာမှာတော့ အတော်လေး ဒုက္ခရောက်နေပြီ ဖြစ်သည်။

ကျားသစ်ပေါက်လေးများကတော့ ဆော့သန်လာကြပြီဖြစ်ပြီး တကယ်ကို ဆော့သန်လှပေသည်။ ခုန်ပေါက်နေကြပြီး အားဖြည့်ဆေးများ စားထားသကဲ့သို့ပင် ဖြစ်သည်။ လုံးဝ ရပ်တန့်မသွားကြချေ။

အမှန်တိုင်း ပြောရလျှင် ရှောင်ဟွာက မသိခဲ့ချေ။ တကယ်တမ်းတွင် သူ ငယ်ငယ်က ဤကျားသစ်ပေါက်လေး နှစ်ကောင်ထက် အများကြီး ပို၍ ဆော့သန်ခဲ့ပေသည်။ သူ၏ ခွန်အားက ပို၍ ပြည့်ဝပြီး တားဟွာ တစ်ကောင်တည်းသာ သူ့ကို ထိန်းခဲ့ရခြင်း ဖြစ်၏။ တားဟွာမှာ သူ့ကို စိတ်ပျက်လွန်း၍ ဘဝကိုပင် အရှုံးပေးချင်စိတ် ပေါက်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ရွှီယန် ရှိနေခဲ့၏။ ရွှီယန်က ထုံးစံအတိုင်း သူတို့ကို နို့တိုက်ပေးလိုက်သည်။ တစ်ကောင်ကို နို့တစ်ဘူးစီဖြင့် ကျားသစ် လေးကောင်လုံးကို အကုန်လုံး တိုက်ကျွေးလိုက်၏။

တိုက်ကျွေးပြီးနောက် သူက ကျားသစ်ပေါက်လေးများနှင့် အတူတကွ ဆော့ကစားနေလိုက်သည်။ ထိုအချိန်တွင် ရှောင်ဟွာနှင့် လူးနားတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရုတ်တရက် အတူတကွ မတ်တပ်ရပ်လိုက်ကြ၏။

ကျားသစ် နှစ်ကောင်က ရွှီယန်နှင့် ကျားသစ်ပေါက်လေးများ အတူတကွ ဆော့ကစားနေသည့် မြင်ကွင်းကို ကြည့်ပြီးနောက် တစ်ပြိုင်နက်တည်း တောအုပ် အပြင်ဘက်သို့ ပြေးထွက်သွားကြတော့သည်။

ကြည့်ရသည်မှာ သူတို့က အတူတကွ အပြင်ထွက် လည်ပတ်ပြီး နှစ်ကိုယ်တည်း အချိန်လေးများကို ပြန်လည် ခံစားရန် ရည်ရွယ်ထားပုံ ရသည်။

"ဟေး... မင်းတို့ ဘယ်သွားမလို့လဲ"

ရွှီယန်က ကျားသစ်ပေါက်လေး နှစ်ကောင်ကို ပွေ့ချီထားရင်း မေးလိုက်သည်။

ရှောင်ဟွာနှင့် လူးနားတို့က နောက်သို့ပင် မလှည့်ကြည့်ဘဲ ပြေးထွက်သွားကြတော့၏။ သူတို့က အဝေးကြီးသို့တော့ မပြေးသွားကြချေ။ ဘေးနားရှိ တောင်စောင်း တစ်ခုပေါ်တွင် ဆော့ကစားနေကြခြင်းသာ ဖြစ်သည်။ အပူအပင် ကင်းမဲ့စွာဖြင့် ဖြစ်၏။

ရွှီယန်က ခြေရင်းရှိ ဆော့သန်သော ကျားသစ်ပေါက်လေး နှစ်ကောင်ကို ကြည့်လိုက်သည်။ ဤကောင်လေး နှစ်ကောင်က ရွှီယန်၏ ဘောင်းဘီစကိုပင် စတင် ကိုက်ဆွဲနေကြပြီ ဖြစ်၏။

သူက လက်တစ်ဖက်စီဖြင့် တစ်ကောင်စီကို ပွေ့ချီလိုက်သည်။ ဤကောင်လေး နှစ်ကောင်က အလွန် သွက်လက်ပြီး ခန္ဓာကိုယ်များကလည်း တောင့်တင်းကာ ရုန်းကန်သည့် အားကလည်း မသေးလှချေ။

ရွှီယန်က ထိုင်ချလိုက်ပြီး သူတို့နှင့် အတူတကွ ဆော့ကစားနေလိုက်၏။ ငယ်ငယ်ကတည်းက ကျွေးမွေးလာခဲ့ခြင်း ဖြစ်သဖြင့် ဤကျားသစ် နှစ်ကောင်က ရွှီယန်ကို အံတုခြင်း မရှိချေ။ ယေဘုယျအားဖြင့် ရွှီယန်ကို သူတို့၏ လူကြီး တစ်ယောက်အဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။

ရွှီယန်က ကျားသစ်ပေါက်လေး တစ်ကောင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရာ ကောင်လေးက ချစ်စရာ ကောင်းစွာဖြင့် ပါးစပ်ကို ဟကာ ရွှီယန်၏ လက်ကို ကိုက်ရန် ကြိုးစားလာ၏။ သို့သော် အားမသုံးဘဲ ဖွဖွလေးသာ ကိုက်နေခြင်း ဖြစ်သည်။ ဆော့ကစားတတ်နေပြီ ဖြစ်သည်။

"မင်းတို့ အဖေနဲ့အမေကတော့ အခွင့်ကောင်း ယူတတ်တာပဲ... ငါတကယ်ပဲ အချိန်ပြည့် ကလေးထိန်း ဖြစ်နေပြီ"

ရွှီယန်က ကျားသစ်ပေါက်လေး နှစ်ကောင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

ကောင်လေး နှစ်ကောင်ကလည်း နားမလည်ကြဘဲ ဟိုဟိုဒီဒီ ခုန်ပေါက်နေကြဆဲပင်။

အခြား တစ်ဖက်တွင်တော့ ရှောင်ဟွာနှင့် လူးနားတို့က ပျော်ရွှင်စွာ ဆော့ကစားနေကြ၏။ လူးနားက တစ်ခါတရံ သားပေါက်လေးများကို လာရောက် ကြည့်ရှုတတ်သေးသည်။ ဘာပြဿနာမှ မရှိကြောင်း တွေ့သောအခါ ရှောင်ဟွာနှင့် အတူတကွ ပြန်လည် ဆော့ကစားနေပြန်၏။

အရှေ့မြောက်ဒေသရှိ အရှေ့မြောက် ကျားသစ် အရေအတွက်က အလွန် နည်းပါးလှပြီး ကျားထက်ပင် ပို၍ နည်းပါးသေးသည်။ သို့သော် ရွှီယန်၏ အနားတွင်တော့ လေးကောင်တောင် ရှိနေပေသည်။ ဤကဲ့သို့သော မြင်ကွင်းက အလွန် ရှားပါးလှ၏။

ယနေ့ အခြေအနေက ပို၍ပင် စည်ကားနေသေးသည်။

ရှောင်ဟွာနှင့် လူးနားတို့ ဆော့ကစားနေစဉ် ရှောင်ဟွာက ရုတ်တရက် တစ်ခုခုက သူ့ကို ကြည့်နေကြောင်း ခံစားလိုက်ရသည်။ သူက သတိကြီးစွာဖြင့် ထထိုင်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်၏။

သေချာ ကြည့်လိုက်ရာ တောင်စောင်း အထက်ပိုင်းတွင် တစ်ကိုယ်လုံး အကွက်ဝိုင်းများ ပါရှိသော ကျားသစ် တစ်ကောင်က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ မိခင် တားဟွာ ပင် ဖြစ်သည်။

လူးနားက ရှောင်ဟွာ၏ ပုံစံကို သတိထားမိသွားသောအခါ တားဟွာ ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။ သူမက တားဟွာကို မသိဘဲ အခြား ကျားသစ်မ တစ်ကောင်ကို မြင်သောအခါ ချက်ချင်း သတိထားလာပြီး ခြောက်လှန့်သည့် အနေအထားမျိုးပင် ပြသလာတော့သည်။ အခြေအနေက တစ်ခဏချင်းမှာပင် တင်းမာလာတော့၏။

ရွှီယန်က ဤဘက်တွင် ကျားသစ်ပေါက်လေးများနှင့် ဆော့ကစားနေရင်း အဝေးမှ ဤဘက်ရှိ အခြေအနေကို သတိထားမိသွားသည်။

"လခွမ်း... အဲဒါ တားဟွာ ပြန်လာတာပဲ"

"ဆွေမျိုးတွေ လာလည်တာလား"

"ဒီနေ့ တော်တော် စည်ကားနေပါလား"

ရွှီယန်က အာမေဍိတ်သံဖြင့် အော်လိုက်ရင်း ကျားသစ်ပေါက်လေး နှစ်ကောင်ကို ပွေ့ချီကာ တားဟွာ ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ အန္တရာယ် တစ်ခုခု ဖြစ်မည်ကို သူ စိုးရိမ်နေမိ၏။

ကျားများ ရန်ဖြစ်ပါက သူ ဝင်မပါနိုင်သော်လည်း ဤကျားသစ်များနှင့်တော့ သူ အကုန်လုံး ရင်းနှီးနေသဖြင့် တကယ်ပင် ဝင်ပါနိုင်ပေသည်။

ရှောင်ဟွာက တားဟွာ ရှိရာဆီသို့ ပျော်ရွှင်စွာ ပြေးသွားနေပြီ ဖြစ်၏။ သူက မိမိ၏ မိခင်ကို မှတ်မိပြီး အချိန်အတော်ကြာ မတွေ့ရသဖြင့် သေချာပေါက် နှုတ်ဆက်ချင်နေမည်သာ ဖြစ်သည်။

ရွှီယန်ကတော့ သားပေါက်လေးများကို ပွေ့ချီကာ လူးနား၏ အနားသို့ သွားလိုက်သည်။ သူက လူးနားကို ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးလိုက်၏။

"အဲဒါ ရှောင်ဟွာရဲ့ အမေလေ... ကလေးတွေကို လာကြည့်တာပါ"

"ဘာမှ မဖြစ်ပါဘူး... စိတ်မပူနဲ့"

လူးနားလည်း ဤအချက်ကို သတိထားမိသွားပုံရပြီး ငြိမ်သက်သွားတော့သည်။

ရွှီယန်က အဝေးမှ မြင်ကွင်းကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

'တစ်နေ့နေ့မှာ တိရစ္ဆာန်တွေရဲ့ ယောက္ခမနဲ့ ချွေးမ ပြဿနာကို ငါဖြေရှင်းပေးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ...'

ထို့နောက် သူက ကျားသစ်ပေါက်လေး နှစ်ကောင်ကို လူးနား၏ ခြေရင်းတွင် ချထားပေးခဲ့ပြီး တားဟွာနှင့် သွားရောက် ဆက်သွယ်လိုက်သည်။

ယနေ့တော့ ကျားသစ်အသိုက်ထဲ ရောက်သွားသလိုပင်။ ကျားသစ် အကြီးအသေးမှသည် အမည်းရောင် ကျားသစ်အထိ တစ်ခါတည်း အကုန်လုံးကို ပွတ်သပ်ရတော့မည် ဖြစ်၏။

ကျားသစ်တိုင်းက ကြီးမားဝိုင်းစက်နေသော ကြောင်မျက်နှာများ ရှိကြပြီး ရုပ်ရည်များက အလွန် ချစ်စရာ ကောင်းလှပေသည်။ ရွှီယန်အတွက်တော့ ဤအထိအတွေ့က တကယ်ကို အလွန် ကောင်းမွန်လှ၏။

တားဟွာနှင့် ရှောင်ဟွာတို့က ရင်းနှီးစွာ ဆက်သွယ်နေကြသည်။ ရှောင်ဟွာက အပူအပင် ကင်းမဲ့သော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြန်၏။

ရွှီယန်ကလည်း ယခင်နှစ်က ကဲ့သို့ပင် သူတို့ နှစ်ကောင်၏ ဘေးတွင် အတူတကွ နေထိုင်ပေးလိုက်သည်။

တိရစ္ဆာန်များအတွက်တော့ သက်တမ်းက တိုတောင်းသဖြင့် ဘဝနေထိုင်မှု အရှိန်အဟုန်ကလည်း အလွန် မြန်ဆန်လှပေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် မျိုးဆက် သုံးဆက် အတူတကွ ဆုံစည်းနေကြပြီ ဖြစ်၏။ လူသားများအတွက်တော့ တစ်နှစ်ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ အနောက်ဘက် တောင်ပေါ်တွင် အလွန် စည်ကားနေပေသည်။

ကျားသစ်တစ်အုပ် စုဝေးနေကြသဖြင့် သစ်ပင်ပေါ်ရှိ ငှက်များပင် ဤမြင်ကွင်းကို မြင်သောအခါ ပတ်ဝန်းကျင်တွင် မရပ်နားရဲကြတော့ဘဲ စောစောစီးစီး ပျံသန်းသွားကြတော့၏။ မည်သို့ပင်ဆိုစေ ကျားသစ်များက သစ်ပင်တက်နိုင်ပြီး ငှက်ဥများနှင့် ငှက်များကိုလည်း စားတတ်ကြသည်။

ထို့ကြောင့် ငှက်သိုက်များက အများအားဖြင့် သေးငယ်သော သစ်ကိုင်းများပေါ်တွင်သာ ရှိတတ်ပြီး ကျားသစ်များ တက်၍ မရနိုင်ချေ။

တားဟွာက ရွှီယန်ကို ခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီး ရွှီယန်ကို နှုတ်ဆက်လိုက်ပြန်သည်။

"ပြန်လာချင်တဲ့ အချိန် ပြန်လာခဲ့ပါ... အမြဲတမ်း ပြန်လာလည်ပေါ့"

ရွှီယန်က ၎င်းကို ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်ပြီး ရင်ထဲတွင် အလွန် ဝမ်းသာနေမိ၏။

'ကျားသစ် ငါးကောင်တောင်ပဲ... တကယ်ကို ရှားပါးတာပဲ'

'ကျားသစ် ထိန်းသိမ်းစောင့်ရှောက်ရေး သစ်တောဥယျာဉ်မှာတောင် ဒီလို မြင်ကွင်းမျိုး မြင်ရပါ့မလား မသိဘူး'

'ဒီအနောက်ဘက် တောင်က တကယ်ကို နေရာကောင်း တစ်ခုပဲ'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

ငွေပိုရှိလာပါက ဤတောင်ကို ကန်ထရိုက် ယူလိုက်မည်ဟုပင် သူ စဉ်းစားနေမိ၏။ သို့မဟုတ် အရှေ့ဘက် ဧရိယာကို ကန်ထရိုက်ယူကာ သစ်ထုတ်လုပ်နိုင်သော သစ်ပင်များ စိုက်ပျိုးလိုက်ပါက အရင်းပြန်ရနိုင်ပေသည်။

ဤသို့ဆိုလျှင် အနောက်ဘက် တောင်တန်းများဆီသို့ မည်သူမျှ ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။ တိရစ္ဆာန်များက အထဲတွင် အေးချမ်းစွာ နေထိုင်နိုင်ကြမည် ဖြစ်၏။ စဉ်းစားကြည့်ရုံဖြင့်ပင် အတော်လေး ကောင်းမွန်သည်ဟု ခံစားရပေသည်။

မည်သို့ပင်ဆိုစေ သူတို့ဘက်တွင် တောင်များကို ကန်ထရိုက်ယူထားသော သူဌေးများ မနည်းလှချေ။

All Chapters