← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း (၂၇၅) တန်းစီနေကြတဲ့ ကောင်လေးတွေနဲ့ စွန်နက်ရဲ့ လက်ဆောင်

ပထမအသုတ် အာလူးများအားလုံး ရောင်းချပြီးသွားချိန်တွင် ရွှီယန် မျှော်လင့်ထားသည်ထက် ငွေပိုမိုရရှိခဲ့သည်။ တစ်ဧကအထွက်နှုန်းက မူလကတည်းက မြင့်မားနေပြီး ကုန်သည်များပေးသည့် စျေးနှုန်းကလည်း မြင့်မားနေသည်။ ထို့ကြောင့် အမြတ်အစွန်းများခြင်း ဖြစ်သည်။

ကျိန့်ယိုချိုက်နှင့် ရွှီယန်တို့ စာချုပ်ကိစ္စဆွေးနွေးချိန်တွင် အလွန်အဆင်ပြေချောမွေ့ခဲ့ပြီး စျေးနှုန်းပိုင်း၌လည်း ရက်ရောခဲ့ကြသည်။

မြို့တော်ဆင်ခြေဖုံးရှိ အပန်းဖြေစခန်းဆီသို့ ကားတစ်စီးပြီးတစ်စီး အာလူးများကို သယ်ယူသွားကြသည်။ အပန်းဖြေစခန်းမှ စားဖိုမှူးများမှာလည်း မျှော်လင့်တကြီး စောင့်စားနေကြသည်။

"နောက်ဆုံးတော့ ရောက်လာပြီပဲ... သူ့ဆီက အာလူးတွေ သုံးပြီးကတည်းက တခြားလူတွေဆီကဟာတွေကို သုံးရတာ တကယ်ကို အဆင်မပြေတော့ဘူးကွာ"

"တကယ်ပဲ... တခြားလူတွေစိုက်တဲ့ ရောင်စုံအာလူးတွေကို ငါတို့ ကြည့်ဖူးပေမယ့် သူစိုက်သလောက် မကောင်းဘူးလေ"

"သူ ဘယ်လိုများ စိုက်ထားလဲ မသိဘူး... အရသာက တကယ် ကောင်းတာပဲ"

"ဟုတ်တယ်... သူ့ဆီက အာလူးတွေက နူးညံ့ပြီး ဟင်းရည်ကိုလည်း သေချာ စုပ်ယူထားနိုင်တယ်... စားလိုက်ရင် အာလူးထောင်းလေး စားနေရသလို ခံစားရတယ်... တကယ်ကောင်းတာ"

အားလုံးက အာလူးများကို မြင်သောအခါ ပြုံးရွှင်သွားကြသည်။

ယခုအခါ အပန်းဖြေစခန်းက ရွှီယန်နှင့် ရေရှည်စာချုပ် ချုပ်ဆိုထားပြီးဖြစ်ရာ ဆောင်းရာသီ မတိုင်မီ နောက်ထပ် တစ်သုတ် ထပ်မံစိုက်ပျိုးနိုင်သေးသည်။ နောက်ထပ် ငွေတစ်ပိုဒ် ထပ်ရဦးမည်ဖြစ်သည်။ ရွှီယန်သည် ဤရက်ပိုင်းများတွင် အလွန်ပျော်ရွှင်နေသည်။ ငွေရလာသဖြင့် စိတ်အခြေအနေမှာ သဘာဝကျကျပင် ကောင်းမွန်နေတော့သည်။

ထို့အပြင် အာလူးခင်းကို ထွန်ယက်ပြီး မြေဩဇာများကျွေးကာ တစ်ပတ်ခန့် မြေနှပ်ထားပြီးနောက် အာလူးမျိုးစေ့ အသစ်များကို ထပ်မံစိုက်ပျိုးလိုက်သည်။

လယ်ယာခြံဝင်း၏ မြေကွက်ပေါ်တွင် ကောင်းမွန်သော ထွက်ကုန်များ အများအပြား ထွက်ရှိနေသည်။ ဟင်းသီးဟင်းရွက်ခင်း၊ သစ်သီးမှန်လုံအိမ်၊ ဝက်သား၊ ကြက်ဥနှင့် နွားနို့ အစရှိသဖြင့် ထွက်ကုန်များ အလွန်ပေါများကြွယ်ဝလှပေသည်။

အာလူးများ ရိတ်သိမ်းပြီးနောက် လယ်ယာခြံဝင်းအတွက် အတော်များများကို ချန်ထားခဲ့သည်။ ခြံဝင်းထဲတွင် ရွှီယန်က အစားအသောက်များကို စမ်းသပ်ချက်ပြုတ်နေသည်။

အာလူး ချက်ပြုတ်နည်းများက အလွန်များပြားလှပြီး ဤဒေသတွင် အတွေ့ရအများဆုံးမှာ အာလူးနှင့် ပဲတောင့်ရှည်နှပ်ခြင်း ဖြစ်သည်။ အရသာရှိသော်လည်း အများကြီးစားပါက အနည်းငယ် အီသွားတတ်သည်။

ရွှီယန်က ယနေ့တွင်တော့ အာလူးနှင့် ဝက်အူချောင်း ကြော်ရန် ရည်ရွယ်ထားသည်။

အရသာရှိသော အာလူးတုံးများနှင့် ကြီးမားသော ဝက်အူချောင်း အတုံးများကို အတူတကွ ရောကြော်ပြီး ကြက်သွန်မြိတ်နှင့် နှမ်းအစရှိသည့် ဟင်းခတ်အမွှေးအကြိုင်များ ဖြူးလိုက်ပါက ဖော်ပြ၍မရနိုင်အောင် အရသာရှိလှပေသည်။ မီးဖိုပေါ်ရှိ အာလူးကြော်ကလည်း အလွန်အရသာရှိလှသည်။

မီးဖိုမှ မီးခိုးများ စတင်ထွက်ပေါ်လာသည်နှင့် လယ်ယာခြံဝင်း၏ ကွက်လပ်တွင် ဆော့ကစားနေသော ခွေးသုံးကောင်က ချက်ချင်း သတိထားမိသွားကြသည်။

ရှောင်ဟေးက မီးခိုးငွေ့များကို မြင်သောအခါ ပထမဆုံးအချိန်မှာပင် ချက်ချင်း ပြန်ပြေးလာခဲ့သည်။ ယွမ်ပေါင်ကတော့ အဝေးသို့ ပြေးထွက်သွားသော ရှောင်ဟေး၏ ကျောပြင်ကိုကြည့်ကာ ခေါင်းလေးစောင်းပြီး အနည်းငယ် စပ်စုချင်နေသည်။ ၎င်း၏ပုံစံက ဤသို့ပြောနေသည့် အလားပင်။

'ဘာဖြစ်သွားတာလဲ'

သိပ်မကြာခင်မှာပင် ၎င်းလည်း ခြံဝင်းထဲမှ မီးခိုးငွေ့များကို မြင်လိုက်ရသဖြင့် နောက်ကျမှ သတိထားမိသွားကာ အလျင်အမြန် ခုန်ပေါက် ပြေးထွက်သွားတော့သည်။

ရှောင်ဟားကတော့ ဘေးနားတွင် အူကြောင်ကြောင်ဖြင့် မြက်ပင်ရှည်တစ်ပင်ကို ကိုက်နေဆဲပင်။ ခဏခန့် ကိုက်နေပြီးမှ အနောက်သို့ လှည့်ကြည့်လိုက်ရာ ခွေးနှစ်ကောင်လုံး ပျောက်သွားပြီဖြစ်သည်။ ၎င်းမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီး ဟိုဟိုဒီဒီ လမ်းလျှောက်ကာ ပတ်ဝန်းကျင်ကို ရှာဖွေနေတော့သည်။

'ခွေးတွေရော'

'ပျောက်သွားပြီလား'

ရှောင်ဟားမှာ ဘာဖြစ်သွားမှန်း မသိသေးချေ။ ၎င်းက မူလနေရာတွင် အကြိမ်အနည်းငယ်ခန့် လှည့်ပတ်သွားပြီးနောက် ဘာလုပ်ရမှန်းမသိဖြစ်ကာ ဖြည်းညင်းစွာဖြင့် ပြန်ပြေးလာခဲ့သည်။

ဤအချိန် ခြံဝင်းထဲတွင်တော့ ရှောင်ဟေးနှင့် ယွမ်ပေါင်တို့က ထမင်းခွက်ကိုယ်စီ ကိုက်ချီထားပြီး ရွှီယန်၏ ခြေရင်းတွင် လိမ္မာစွာ ထိုင်နေကြသည်။

ခွေးများအတွက် အကောင်းဆုံး အစားအစာမှာ လူများစားသော အစားအစာသာ ဖြစ်ပေသည်။ မြို့ပေါ်တွင် မွေးမြူထားသော အိမ်မွေးတိရစ္ဆာန် အများအပြားမှာ ပိုင်ရှင်များနှင့်အတူ ဇာတိရွာသို့ တစ်ခေါက်ပြန်လိုက်သွားပြီးနောက် ခွေးစာကို လုံးဝမစားကြတော့ချေ။ အိမ်မွေးခွေးလေးများ၏ စိတ်ထဲတွင်တော့ ဤသို့ တွေးနေလောက်သည်။

'အရင်တုန်းက ငါ ဘယ်လို ဆင်းရဲဒုက္ခတွေနဲ့ ဖြတ်သန်းခဲ့ရတာလဲ'

ရွှီယန်က မီးဖိုချောင်တွင် အလုပ်များနေပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ ရှောင်ဟေးနှင့် ယွမ်ပေါင်တို့ကို မြင်လိုက်ရသည်။ သူ ချက်ချင်းပင် ရယ်မောလိုက်သည်။

"မင်းတို့နှစ်ကောင်က အနံ့ခံ တကယ်ကောင်းတာပဲ... ချက်ချင်း ရောက်လာကြပြီလား"

ခွေးနှစ်ကောင်လုံးက အမြီးလေးများ လှုပ်ယမ်းကာ တုံ့ပြန်လိုက်ကြ၏။

မတတ်နိုင်ပေ... ရွှီယန် ချက်ပြုတ်သည့် အစားအသောက်များက အလွန် အရသာရှိလွန်းလှသဖြင့် သူတို့က လုံးဝ မခုခံနိုင်ကြချေ။ အထူးသဖြင့် ဝက်အူချောင်းများ ဒယ်အိုးထဲရောက်သွားပြီး အနံ့မွှေးလာကာ အသားနံ့များ လွင့်ပျံလာချိန်တွင် ပို၍ ဆိုးရွားလှသည်။ ထိုအနံ့များက ဝမ်းဗိုက်ထဲမှ အစားမက်သော ပိုးကောင်လေးများကို အဆက်မပြတ် ဆွဲဆောင်နေပြီး ဗိုက်ထဲမှ အသံများပင် ထွက်ပေါ်လာတော့သည်။

ရွှီယန်က ဆက်လက် အလုပ်များနေပြီး မွှေးကြိုင်သော အနံ့များကလည်း အဆက်မပြတ် လွင့်ပျံနေသည်။ လီဟွာကြောင် ဆန်းပြောင် လည်း ခြံစည်းရိုးပေါ်သို့ ရောက်ရှိလာပြီး အပေါ်မှနေ၍ ရွှီယန်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

၎င်း၏ပုံစံကို ကြည့်ရသည်မှာ ခဏနေလျှင် ဝက်အူချောင်း အနည်းငယ် စားချင်နေသည့် အလားပင်။ မြေခွေးလေး လေးကောင်ကလည်း အုပ်စုလိုက် ဆော့ကစားရင်း ပြေးလာကြကာ ခြံဝင်းထဲသို့ ဝင်ရောက်လာကြ၏။ ဘေးနားတွင် ရပ်နေသော ရက်ကွန်းဝက်ဝံလေး တစ်ကောင် ပါဝင်လာသောအခါ ခြံဝင်းလေးမှာ ချက်ချင်းပင် စည်ကားသွားတော့သည်။

သူတို့အားလုံးက ရွှီယန်၏ အစာကျွေးမွေးမှုကို စောင့်မျှော်နေကြသည်။ ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်က တိတ်တဆိတ် အာလူးနှစ်လုံးနှင့် ဝက်အူချောင်း အနည်းငယ်ကို ထပ်မံထည့်လိုက်သည်။ အားလုံးကို ဗိုက်ဝအောင် ကျွေးရမည် ဖြစ်သည်။

ရွှီယန်၏ ယနေ့ နေ့လယ်စာ အဓိကဟင်းလျာမှာ ဤအရာပင်ဖြစ်ပြီး ဟင်းရံအဖြစ် ချဉ်ဖတ်နှစ်ခွက်၊ ထမင်းတစ်ပွဲနှင့် မီးဖိုချောင်မှ ယူလာသော ကြက်ဥဟင်းချို တစ်အိုးတို့ ပါဝင်သည်။ အာလူးနှင့် ဝက်အူချောင်းများကို ထမင်းထဲသို့ နယ်လိုက်ရာ ထမင်းများပေါ်တွင် ဆီအနံ့လေးများ ကပ်ကျန်နေပြီး တစ်လုတ်စားလိုက်သည်နှင့် တကယ်ကို စိတ်ကျေနပ်မှု ရရှိစေပေသည်။

ကောင်လေးများ အားလုံးက အာလူးနှင့် ဝက်အူချောင်းများကို ကိုယ်စီ ရရှိသွားကြသည်။ ခြံဝင်းထဲတွင် ထမင်းစားနေသည့် အသံများဖြင့် ပြည့်နှက်နေ၏။ ဤကောင်လေးများ၏ မျက်နှာပေါ်တွင် ဖော်ပြ၍မရနိုင်သော ကျေနပ်မှုများ ပေါ်လွင်နေသည်။ ဤအချက်ကြောင့်ပင် သူတို့က ရွှီယန်ကို ခင်တွယ်နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှီယန်နှင့်အတူ ရှိနေပါက တကယ်ပင် အသားစားရသောကြောင့် ဖြစ်သည်။

မွန်းလွဲပိုင်းအချိန်တွင် ရွှီယန်က အိမ်အမိုး၏ အရိပ်အောက်တွင် ထိုင်ကာ အနားယူရင်း ဖုန်းသုံးနေလိုက်သည်။ မည်သို့ပင်ဆိုစေ သူက အလုပ်သွားရန် မလိုအပ်သဖြင့် ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်နိုင်ပေသည်။ ပင်ပန်းလျှင် ခဏလှဲအိပ်လိုက်ရုံပင်။ နေ့ရက်များက အလွန် အေးချမ်းလှသည်။

ထိုအချိန်မှာပင် ခေါင်းအထက်မှ တောင်ပံခတ်သံများ ထွက်ပေါ်လာသကဲ့သို့ ဖြစ်လာသည်။ ရွှီယန်က မော့ကြည့်လိုက်ရာ စွန်နက်က ကောင်းကင်တွင် ဝဲပျံနေပြီး အောက်သို့ ဆင်းသက်လာသည်ကို အတိအကျ မြင်တွေ့လိုက်ရသည်။

ဤကောင်လေးက ရွှီယန် မွေးမြူထားသော တိရစ္ဆာန်များအားလုံးထဲတွင် အလျှို့ဝှက်ဆုံးဖြစ်ပြီး အခြားလူများက ၎င်းကို အကြိမ်တော်တော်များများ မမြင်တွေ့ရချေ။ ရွှီယန်ကိုယ်တိုင်လည်း ၎င်းက မည်သည့်နေရာတွင် လှုပ်ရှားနေမှန်းမသိဘဲ တစ်ခါတရံ ပြန်လာကာ အနည်းငယ် လှည့်ပတ်သွားတတ်ကြောင်းကိုသာ သိရှိထားသည်။

ရွှီယန် မော့ကြည့်လိုက်သောအခါ စွန်နက်၏ ခြေသည်းများထဲတွင် တစ်ခုခုကို ကိုက်ချီထားသကဲ့သို့ ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ သူ သေချာမကြည့်ရသေးမီမှာပင် စွန်နက်က အောက်သို့ ဆင်းသက်လာပြီး ခြေသည်းများကို ဖြေလျှော့လိုက်ရာ ထိုအရာက ဗုံးကြဲလေယာဉ်မှ ဗုံးတစ်လုံး ကျလာသကဲ့သို့ ရွှီယန်၏အရှေ့သို့ တည့်မတ်စွာ ကျရောက်လာတော့သည်။

ရွှီယန် သေချာကြည့်လိုက်ရာ မြေပြင်ပေါ်သို့ ကျလာသောအရာမှာ တောယုန်တစ်ကောင်ဖြစ်ပြီး အလွန်ဝဖြိုးသော အညိုရောင် တောယုန်ကြီးတစ်ကောင်ပင်။ တောယုန်မှာ သေဆုံးနေပြီဖြစ်ပြီး နောက်စေ့ကို လင်းယုန်ခြေသည်းများဖြင့် ထိုးဖောက်ခံထားရသဖြင့် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

စွန်နက်က ဘေးတွင် နားခိုလိုက်ပြီး ရွှီယန်ကို ကြည့်လာရာ စူးရှထက်မြက်သော မျက်ဝန်းများထဲတွင် ရင်းနှီးမှုအချို့ ပါဝင်နေသည်။ ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်လည်း ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။

"နေပါဦး... မင်းက ငါ့ကို ပေးတာလား"

ရွှီယန် ဘာပြောရမှန်း မသိတော့ချေ။ ဤစွန်နက်က တကယ်ကို လိမ္မာပေသည်။ သူ မွေးမြူထားသော တိရစ္ဆာန်များထဲတွင် စွန်နက်ကသာ သူ့ကို ပစ္စည်းများ ပြန်လည်ပေးအပ်သော တစ်ကောင်တည်းသော တိရစ္ဆာန် ဖြစ်သည်။ သို့သော်...

"ရှောင်ယွမ်... ငါတို့ လူသားတွေအတွက်တော့ တောယုန်တွေကို အမဲလိုက်လို့ မရဘူးကွ... မင်း ငါ့အတွက် အမဲလိုက်ပေးဖို့ ငါ မင်းကို မွေးထားတာ မဟုတ်ဘူးလေ"

ရွှီယန်က စွန်နက်ကို ရှင်းပြရန် ကြိုးစားလိုက်သည်။

စွန်နက်က နားမလည်ဘဲ အနားသို့ တိုးလာကာ ရွှီယန်၏ဘေးသို့ ပျံသန်းလာပြီး ရွှီယန်၏ ပွတ်သပ်ပေးမှုကို ခံယူနေတော့သည်။ ရွှီယန်က ၎င်းကို ပွတ်သပ်ပေးပြီး ခဏမျှ ရင်းနှီးစွာ အတူရှိနေပေးလိုက်သည်။ ဤကောင်လေးက အလွန်ပျော်ရွှင်သွားပြီး အပေါ်သို့ထကာ ထပ်မံ ပျံသန်းသွားတော့သည်။ မြေပြင်ပေါ်တွင် ကြီးမားဝဖြိုးသော တောယုန်ကြီး တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။

တောရိုင်းယုန်များက အမြဲတမ်း ပြေးလွှားနေရသဖြင့် ခန္ဓာကိုယ်က တောင့်တင်းကာ ကြွက်သားများ အလွန်များပြားပြီး အသားများက ပိုမို အရသာရှိပေသည်။ ရွှီယန်က သေဆုံးနေသော တောယုန်ကိုကြည့်ကာ သက်ပြင်းချရင်း ခေါင်းရမ်းလိုက်မိသည်။ မတတ်နိုင်ပေ... လာပို့ပေးပြီးပြီဖြစ်ရာ စွန်နက်၏ စေတနာကို အလဟဿ မဖြစ်စေနိုင်ချေ။ ထို့အပြင် တောယုန်မှာ သေဆုံးနေပြီဖြစ်ရာ ကယ်တင်၍လည်း မရနိုင်တော့ပေ။

တကယ်တမ်းတွင် ရွာထဲ၌ တောယုန်များကို အမဲလိုက်သူများ ရှိကြပြီး ဤကဲ့သို့သော ကိစ္စများက ထင်းခုတ်သကဲ့သို့ပင် မသိကျိုးကျွံ ပြုထားကြပြီး အများအားဖြင့် ဘယ်သူမှ ဂရုမစိုက်ကြချေ။ ပြည်ပနိုင်ငံများတွင် တောယုန်များ အလွန်ပေါများနေသော်လည်း ဘယ်သူမှ မစားကြပေ။ ဤဘက်ရှိ တောအုပ်ထဲတွင်လည်း တောယုန် အများအပြား ရှိနေသဖြင့် အနည်းငယ် ဖမ်းယူခြင်းက ပုံမှန်ပင် ဖြစ်သည်။

ရွှီယန်က မြေပြင်ပေါ်ရှိ တောယုန်ကိုကြည့်ရင်း ရုတ်တရက် မျက်လုံးများ အရောင်လင်းသွားသည်။

"အရင်တစ်ခေါက်က ဝက်ဝံမည်း ပေးသွားတဲ့ တောရိုင်း ပျားလပို့က မကုန်သေးဘူး... တောယုန်နဲ့ တွဲစားဖို့ အရမ်း သင့်တော်တာပဲ"

"ဒီညတော့ ပျားရည်ဆမ်း ယုန်ကင် စားလို့ ရပြီ"

သူက ပြောပြီးသည်နှင့် ချက်ချင်း စတင်လုပ်ဆောင်တော့သည်။ အားလပ်နေခိုက် ကိစ္စတစ်ခု ပေါ်လာခြင်းပင်။ သူက ယုန်၏ နားရွက်ကို ဆွဲကိုင်ကာ ရေဇလုံရှိရာဘက်သို့ သွား၍ ယုန်ကို ဆေးကြောသန့်စင်လိုက်ပြီးနောက် မီးဖိုချောင်သို့ သွားကာ ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်ကို ယူလာခဲ့သည်။ ထို့အပြင် အသားကင်စင် တစ်ခုနှင့် အသားကင်ရာတွင် အသုံးပြုသော မီးသွေးအနည်းငယ်ကိုပါ ထုတ်ယူလာခဲ့သည်။

ယုန်သားစားသည့် နေရာတွင်တော့ ချွမ်းယွီဒေသက အကောင်းဆုံးပင်။ စားသောက်နည်း မျိုးစုံ အလွန်များပြားလှသည်။ ရွှီယန်က ယုန်သားစားလေ့ သိပ်မရှိသော်လည်း ယုန်ကင်ကိုတော့ သူ စားတတ်ပေသည်။ မည်သို့ပင်ဆိုစေ အသားကင်၏ အရသာများက အများအားဖြင့် မဆိုးလှချေ။ ယုန် တစ်ကောင်လုံးကို ကင်မည်ဆိုပါက အချိန်အနည်းငယ် ပိုပေးရမည် ဖြစ်သည်။

ရွှီယန်က အသားကင်စင်ဘေးတွင် ထိုင်ကာ အေးဆေးစွာ စောင့်ဆိုင်းနေလိုက်သည်။ တစ်ခါတရံ အသားကင်စင်ကို လှည့်ပေးကာ သို့မဟုတ် ဘရပ်ရှ်အသေးလေးဖြင့် ပျားရည်ကို တို့ယူပြီး ယုန်သား မျက်နှာပြင်ပေါ်သို့ သုတ်လိမ်းပေးလိုက်သည်။ ယုန်သားမျက်နှာပြင်မှာ မူလက အနည်းငယ် နီရဲနေသော်လည်း တစ်ခဏအတွင်းမှာပင် ရွှေရောင်သို့ ပြောင်းလဲသွားတော့သည်။ မျက်စိရှေ့တွင်ပင် လှပလာသည်ကို မြင်တွေ့နိုင်သည်။

ရှောင်ဟေးနှင့် ယွမ်ပေါင်တို့က ပထမဆုံးအချိန်မှာပင် ပြန်ပြေးလာကြပြီး သေသေချာချာထိုင်ကာ ခန္ဓာကိုယ်ကို မတ်မတ် ထားနေကြသည်။

"သွား သွား... ယုန်တစ်ကောင်တည်း ရှိတာ... ငါတစ်ယောက်တည်း စားဖို့ အတိအကျပဲ... မင်းတို့ ဝေစု မပါဘူးကွာ"

ရွှီယန်က သူတို့ကို မြင်သောအခါ လက်ကာပြလိုက်သည်။

ရှောင်ဟေးက အလွန်လိမ္မာပါးနပ်ပြီး ဤစကားကို ကြားသောအခါ ချက်ချင်းပင် အပြုံးမျက်နှာလေး ဖန်တီးကာ ဖင်လေးလှုပ်ရမ်းပြီး အနားသို့ တိုးကပ်လာတော့သည်။ မျက်နှာချိုသွေးနေသည့် အဓိပ္ပာယ်က အလွန် သိသာလွန်းနေသည်။

မာလီနွိုက်ခွေး ယွမ်ပေါင်က ဤတစ်ကြိမ်တွင် သူ့ကို အထင်သေးခြင်း မရှိတော့ဘဲ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ အပြည့်ဖြစ်နေကာ ဤသို့ပြောနေသည့် အလားပင်။

'ညီအစ်ကို ကြိုးစားပါ'

ဤကောင်လေး နှစ်ကောင်က ပိုပိုပြီး ပါးနပ်လာကြပေသည်။

ရွှီယန်လည်း သဘောကျသွားပြီး ခဏနေလျှင် ယုန်ပေါင်ကို နှစ်လုတ်ခန့်စားပြီးပါက သူတို့ကို ကျွေးရန် ရည်ရွယ်လိုက်သည်။

ဤအချိန်တွင်တော့ အူကြောင်ကြောင် ဟက်စကီ ရှောင်ဟားက မြက်ခင်းပြင်ပေါ်တွင် တွင်းတူးနေဆဲပင်။ ၎င်းက အနောက်သို့ လှည့်ကြည့်လိုက်ရာ ရှောင်ဟေးနှင့် ယွမ်ပေါင်တို့ မရှိတော့သည်ကို သတိထားမိသွားသောအခါ ရှောင်ဟားမှာ မှင်တက်သွားတော့သည်။ ၎င်း၏ မျက်ဝန်းများထဲတွင် သံသယ အရိပ်အယောင်များ ပေါ်လာခဲ့ပြီး ဤသို့ပြောနေသည့် အလားပင်။

'ခွေးတွေရော'

'ထပ်ပျောက်သွားပြန်ပြီလား'

လယ်ယာခြံဝင်း၏ နေ့ရက်များက အမြဲတမ်း အေးချမ်းလှပေသည်။ ရွှီယန်က ခြံဝင်းထဲတွင် ယုန်ကင်နေပြီး မီးအပူရှိန် အနေတော် ဖြစ်လာသောအခါ သူက ဓားငယ်ကိုယူကာ ယုန်သားပေါ်တွင် အရာတစ်ခု လှီးဖြတ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် တောက်ပနေသော ဆီရည်များက ယုန်သားထဲမှ စိမ့်ထွက်လာတော့သည်။

ရွှီယန်က ယုန်သားကျက်သွားသည်ကို မြင်သောအခါ ယုန်ကင် အတုံးတစ်တုံးကို လှီးဖြတ်လိုက်ပြီး အချဉ်ရည် တို့ရန်ပင်မလိုဘဲ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။ ယုန်သားက ပါးစပ်ထဲ ရောက်သည်နှင့် အနည်းငယ် ချိုမြိန်သော အရသာရှိပြီး ပျားရည်နှင့် ကြွပ်ရွနေသော အခွံ၏ အရသာပင် ဖြစ်သည်။

ညင်သာစွာ ဝါးလိုက်ရာ ရွှေရောင်အခွံက ကြွပ်ရွပြီး အရသာရှိကာ အသားရည်များက အပြင်သို့ ထွက်ပေါ်လာပြီး ပျားရည်၏ အရသာနှင့် ရောနှောသွားကာ ပါးစပ်တစ်ခုလုံးကို အပြည့်အဝ လွှမ်းမိုးသွားတော့သည်။ အသားက နူးညံ့ပြီး အရည်ရွှမ်းလှပေသည်။ တစ်လုတ်စားလိုက်သည်နှင့် တစ်ကိုယ်လုံး လန်းဆန်းသွားသကဲ့သို့ ခံစားရသည်။

"ဒီယုန်က တကယ် မဆိုးဘူး... အရသာ အရမ်း ကောင်းတာပဲ... ငါလည်း ယုန် နည်းနည်းလောက် မွေးထားလို့ ရတယ်ကွ"

ရွှီယန်က အံ့ဩချီးကျူးလိုက်သည်။ ဤသည်က လယ်ယာခြံဝင်းပိုင်ရှင် တစ်ယောက်၏ ကြီးကျယ်ခမ်းနားမှုပင် ဖြစ်သည်။ စားချင်သည့်အရာကို ဝယ်စရာမလိုဘဲ မွေးမြူရုံသာ ဖြစ်သည်။ နောက်ပိုင်းတွင် စားချင်သည့်အချိန် စားနိုင်ပြီ မဟုတ်ပါလား။

ထို့နောက် ရွှီယန်က နောက်ထပ် ယုန်သားတစ်တုံးကို လှီးဖြတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြန်သည်။ ထိုအရသာရှိသော ခံစားချက်က နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်လာပြန်၏။ အသားကင် စားရသည့် ခံစားချက်က တကယ်ကို သာမန်လန်းဆန်းမှုမျိုး မဟုတ်ချေ။

ဤမြင်ကွင်းကို မြင်သောအခါ ခွေးများက စိတ်လှုပ်ရှားလွန်း၍ ညည်းတွားသံများပင် ထွက်ပေါ်လာကြတော့သည်။ သို့သော် သူတို့က စည်းကမ်းကိုလည်း နားလည်ကြပြီး ငြိမ်သက်စွာထိုင်ကာ ရွှီယန်၏ အစာကျွေးမှုကို စောင့်ဆိုင်းနေကြသည်။

သူတို့၏ပုံစံကို မြင်သောအခါ ရွှီယန်က ယုန်သားအနည်းငယ်ကို လှီးဖြတ်ကာ ခွေးတစ်ကောင်စီကို အနည်းငယ်စီ ကျွေးလိုက်ပြီး ရက်ကွန်းဝက်ဝံလေးကိုလည်း ကျွေးလိုက်သည်။ တကယ်ကို ပျော်စရာ ကောင်းလှပေသည်။

ထို့နောက် သူက အရသာရှိသော ယုန်သားကို ဆက်လက် မြည်းစမ်းနေလိုက်၏။ ဤယုန်က အလွန်ကြီးမားလှသည်။ ရွှီယန် စားပြီးသွားသောအခါ အတော်လေး ဗိုက်တင်းသွားတော့သည်။ ထို့နောက် အခြားဘာကိစ္စမှ မရှိသဖြင့် သူက အိမ်ထဲသို့ ပြန်ဝင်ကာ ဂိမ်းကစားနေလိုက်တော့သည်။

အခန်း (၂၇၆) မထင်မှတ်ထားသော ကိစ္စ... တောထဲပြေးဝင်သွားသော ခြင်္သေ့

ဒီရက်ပိုင်းအတွင်း လယ်ယာခြံဝင်း၌ အနည်းငယ် အလုပ်များနေသည်။

ရွှီယန်သည် ဆောက်လုပ်ရေးအဖွဲ့ တစ်ဖွဲ့ကိုခေါ်ကာ လယ်ယာခြံဝင်း၏ လူနေဆောင်ဧရိယာကို စတင်မွမ်းမံပြင်ဆင်နေ၏။

မြို့ထဲတွင် အိမ်တစ်လုံးဝယ်ရန် ငွေကြေးအမြောက်အမြား ကုန်ကျသော်လည်း ရွာတွင်မူ မြေနေရာရှိပါက နှစ်ထပ်တိုက်လေး တစ်လုံးဆောက်ရန် ငွေများများစားစား မကုန်ကျပေ။

ယွမ်နှစ်သိန်းကျော်ခန့်ဖြင့်ပင် တော်တော်လေး ခမ်းနားသော အိမ်တစ်လုံးကို တည်ဆောက်နိုင်ပြီဖြစ်သည်။

သာမန်ရွာသားများ အိမ်အသစ်ပြန်ဆောက်ပါက ယွမ်တစ်သိန်းခန့်ဆိုလျှင်ပင် တော်တော်လေး များပြားနေပြီဟု ဆိုရမည်။

သို့သော် ယခုအခါ ရွာတွင် သက်ကြီးရွယ်အိုများသာ ကျန်ရစ်တော့သဖြင့် အိမ်အသစ်ဆောက်ချင်စိတ် သိပ်မရှိကြတော့ဘဲ လူငယ်များမှာလည်း မြို့ထဲသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။

ရွှီယန်၏ အစီအစဉ်ကလည်း ရိုးရှင်းလှသည်။

သူ၏ ကိုယ်ပိုင်ခြံဝင်းကို တရုတ်ရိုးရာ အိမ်ပုံစံမျိုးဖြစ်အောင် အကုန်လုံး ပြန်လည်မွမ်းမံမည်ဖြစ်ပြီး အလယ်ရှိ အဓိကအဆောက်အအုံကို နှစ်ထပ်ဆောက်ကာ ကျန်သည်များကို တစ်ထပ်အိမ်များအဖြစ်သာ ထားရှိမည်ဖြစ်သည်။

ဝန်ထမ်းများအတွက်မူ အိပ်ဆောင်တစ်ခု ဆောက်ပေးမည်ဖြစ်ပြီး ၎င်းမှာလည်း နှစ်ထပ်ပင်ဖြစ်သည်။

အခန်းများမှာ အတော်လေးကျယ်ဝန်းပြီး တစ်ခန်းလျှင် ဧည့်ခန်းတစ်ခန်းနှင့် ရေချိုးခန်း အိမ်သာတွဲလျက် ပါဝင်မည်ဖြစ်သည်။

အိမ်ဆောက်နေရသဖြင့် အားလုံးက ဂိုဒေါင်နှစ်ခုထဲတွင် ယာယီပြောင်းရွှေ့နေထိုင်ကြရ၏။

ခန့်မှန်းခြေအားဖြင့် နှစ်လခန့်ကြာမှသာ ဆောက်လုပ်ပြီးစီးမည်ဖြစ်သည်။

သို့သော် ဝန်ထမ်းများအားလုံးမှာ အရမ်းပျော်ရွှင်နေကြသည်။

မည်သို့ပင်ဆိုစေ သူတို့က သုံးနှစ်စာချုပ် ချုပ်ဆိုထားသူများဖြစ်ရာ သေချာကြိုးစားလုပ်ကိုင်ပါက ဤခံစားခွင့်များ အားလုံးကို အပြည့်အဝ ရရှိမည်မှာ သေချာနေသည်မဟုတ်ပါလော။

အိမ်ရှင်းရသည်ကလည်း ပြဿနာတစ်ခုပင်ဖြစ်သည်။

ရွှီယန်၌ ပစ္စည်းကောင်းများစွာ ရှိနေသဖြင့် အတော်များများကို ရွာထဲရှိအိမ်သို့ သယ်သွားရဦးမည်ဖြစ်သည်။

ရှောင်ဟေးနှင့် မာလီနွိုက်ခွေး ယွမ်ပေါင်တို့က ရွှီယန် ခရီးဆောင်အိတ်များ သိမ်းဆည်းနေသည်ကို မြင်သောအခါ ပြေးလာကြပြီး အမြီးလေးများကို တယမ်းယမ်း လုပ်နေကြ၏။

သူတို့က ရွှီယန် သူတို့ကိုမခေါ်ဘဲ ထွက်သွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

အထူးသဖြင့် ယခုတစ်ခေါက်က အိမ်ကြီးတစ်ခုလုံးကို ရှင်းထုတ်နေသကဲ့သို့ ဖြစ်နေသဖြင့် ပို၍တောင် စိုးရိမ်နေကြသေးသည်။

ရွှီယန်က သူတို့ကို ဂရုမစိုက်အားပေ။

နေ့လယ်လောက် ရောက်သောအခါ ခွေးနှစ်ကောင်လုံးမှာ မျက်နှာငယ်လေးများ ဖြစ်နေကြပြီဖြစ်သည်။

"မင်းတို့နှစ်ကောင်က ဘာလို့ ဒီလောက် ဝမ်းနည်းနေရတာလဲ... ငါ့အိမ် ဘယ်မှာရှိလဲဆိုတာ မင်းတို့ မသိလို့လား"

"အရင်တုန်းက နေ့တိုင်း ရွာထဲကို ပြေးသွားပြီးမှ အခုကျတော့ ဟန်လုပ်နေကြတယ်... နေရာလာယူနေတာပဲ"

ရွှီယန်က ပြောလိုက်သည်။

ရွှီယန်၏ ပစ္စည်းများ အားလုံးကို ရွာထဲသို့ သယ်သွားပြီးပြီဖြစ်သည်။

အိမ်ပြောင်းရသည်မှာ အနည်းငယ်တော့ ပင်ပန်းလှ၏။

ထိုနေ့ နေ့လယ်တွင် ရွာလူကြီးက နောက်ထပ် ရောက်လာပြန်သည်။

မြို့နယ်မှ အရာရှိတစ်ဦးပါ ပါလာပြီး မြို့နယ်က ပွဲတစ်ခုကိုတက်ရန် လာရောက်ဖိတ်ကြားခြင်းဖြစ်သည်။

အစိုးရကလုပ်သော ပွဲများဖြစ်သဖြင့် မဖြစ်မနေ တက်ရမည်ဖြစ်ရာ ရွှီယန်လည်း အချိန်ခွဲ၍ သွားရောက်ခဲ့သည်။

တကယ်တော့ အစိုးရကလည်း လူကြိုက်များမှု ရေပန်းစားမှုကို လိုအပ်ပေသည်။

ဥပမာအားဖြင့် နာမည်ကြီးသည့် လိုက်ဖ်လွှင့်သူတစ်ယောက် ပေါ်လာပါက ဒေသတွင်း ခရီးသွားလာရေး ဌာနများက ဖိတ်ကြားလေ့ရှိကြပြီး တချို့သော နာမည်ကြီး လိုက်ဖ်လွှင့်သူများဆိုလျှင် အသင်းအဖွဲ့များ၏ ကော်မတီဝင်များပင် ဖြစ်လာတတ်ကြသည်။

သို့သော် နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက်ယောက် ပြဿနာတက်ပြီဆိုပါက ထိုရာထူးများ ချက်ချင်း ပြုတ်သွားမည်သာဖြစ်သည်။

ရွှီယန်က ဤကိစ္စရပ်များကို သေချာစွာ နားလည်ထားသည်။

သူသည် အဓိကပွဲများကိုသာ တက်ရောက်ပြီး အစိုးရကပေးသော ရာထူးများ ကတိကဝတ်များနှင့် အခြားသော အပိုပွဲများကိုတော့ မည်သည့်အခါမျှ လက်မခံခဲ့ချေ။

ဘဝကတော့ အတော်လေး အေးချမ်းနေဆဲပင်ဖြစ်သည်။

ထိုနေ့တွင် ဝန်ထမ်းများနှင့် အတူတကွ ထမင်းစားနေစဉ် ရွှီယန်သည် မထင်မှတ်ထားသော သတင်းတစ်ခုကို ကြားလိုက်ရသည်။

မာဝန်က စတင်ပြောဆိုလာ၏။

"အခု တန်ဖိုးပွဲတော် ရောက်တော့မယ်လေ... မြို့ထဲကို ဆပ်ကပ်အဖွဲ့ တစ်ဖွဲ့ ရောက်လာမယ်တဲ့... တော်တော်လေး နာမည်ကြီးတယ်လို့ ကြားတယ်"

ဝမ်ဝူက ချက်ချင်း ပြန်မေးလိုက်သည်။

"ဆပ်ကပ်အဖွဲ့ ဟုတ်လား... မတွေ့ရတာတောင် ကြာပြီ... အခုထိ ရှိသေးတာလား"

မာဝန်က ခေါင်းညိတ်ပြလိုက်သည်။

"သေချာတာပေါ့... သူတို့က လှည့်လည် ဖျော်ဖြေရေး လုပ်တာလေ... မြို့ကြီးတွေမှာ မလုပ်ဘဲ မြို့ငယ်လေးတွေ ဒါမှမဟုတ် နယ်မြို့လေးတွေမှာပဲ သွားလုပ်ကြတာ... မြို့ကြီးတွေမှာဆိုရင် ကြည့်လို့ မရဘူးလေ"

"သူတို့ရဲ့ နေရာ ဖန်တီးဖို့က နေရာအကျယ်ကြီး လိုတာကိုး"

သူတို့နှစ်ဦး ပြောနေသည်ကို ကြားသောအခါ ရွှီယန်လည်း စိတ်ဝင်စားသွားသည်။

ဆပ်ကပ် ဖျော်ဖြေမှုကို စိတ်ဝင်စားခြင်း မဟုတ်ဘဲ ထိုသတင်းကို စိတ်ဝင်စားခြင်းဖြစ်သည်။

ယခုခေတ်တွင် လူအတော်များများက တိရစ္ဆာန် ဖျော်ဖြေမှုများကို လက်မခံကြတော့ချေ။

သေချာပေါက် တိရစ္ဆာန် ကိုယ်တိုင်က ဖျော်ဖြေလိုခြင်းမျိုးမှအပဖြစ်သည်။

တချို့ တိရစ္ဆာန်များက ဖျော်ဖြေရသည်ကို နှစ်သက်ကြပြီး ထိုသို့ဆိုလျှင် လူများကလည်း ကြည့်ရသည်ကို သဘောကျကြသည်။

သို့သော် ဆပ်ကပ်အဖွဲ့မှ တိရစ္ဆာန်များကတော့ ထိုသို့ မဟုတ်ပေ။

အတော်များများမှာ လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံရပြီး ခရီးပန်းနေကြရသည်။

ရွှီယန်က အနည်းငယ် စိတ်ပူသွားကာ မေးလိုက်၏။

"ဘယ်လို ဆပ်ကပ်အဖွဲ့မျိုးလဲ... လူတွေ ဖျော်ဖြေတာလား... တိရစ္ဆာန်တွေ ဖျော်ဖြေတာလား"

"လူတွေ ဖျော်ဖြေတာဆိုရင်တော့ ကိစ္စမရှိဘူး... တိရစ္ဆာန်တွေ ဖျော်ဖြေတာဆိုရင် သူတို့ ခွင့်ပြုချက် ရနိုင်ပါ့မလား"

လူများ ဖျော်ဖြေသည်ဆိုသည်မှာ ဂျွမ်းဘားကဲ့သို့သော အရာများကို ဆိုလိုခြင်းဖြစ်သည်။

ဥပမာအားဖြင့် ကြိုးတန်းပေါ် လမ်းလျှောက်ခြင်း၊ ဆိုင်ကယ်စီးပြီး စက်ဝိုင်းထဲ လှည့်ပတ်ခြင်း စသည်တို့ပင်။

တိရစ္ဆာန်များ ဖျော်ဖြေသည်ဆိုသည်ကတော့ ခြင်္သေ့ မီးကွင်းလျှိုခြင်း ကဲ့သို့သော ကိစ္စရပ်များ ဖြစ်သည်။

မာဝန်က ထပ်ပြောပြသည်။

"ကျွန်တော် သူတို့ ကြော်ငြာပိုစတာကို ကြည့်ဖူးတယ်... နှစ်မျိုးလုံး ပါတယ်ထင်တယ်"

"ပိုစတာပေါ်က တိရစ္ဆာန်တွေကတော့ ဝက်ဝံမည်းရယ် မျောက်ရယ် ခြင်္သေ့တွေရယ်ပဲ"

"ဒီဆပ်ကပ်အဖွဲ့က တော်တော်ကြီးတယ်... ပွဲတော်မှာ ခရီးသွားတွေလည်း များတော့ သေချာပေါက် လူစည်မှာပဲ"

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

ခြင်္သေ့များကို သက်သက် သွားကြည့်ချင်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ခြင်္သေ့မှာလည်း ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ပင်ဖြစ်ပြီး သူ တစ်ခါမှ မမြင်ဖူးသေးချေ။

သိပ်မကြာခင်မှာပင် တန်ဖိုးပွဲတော် ရောက်လာသည်။

လယ်ယာခြံဝင်းတွင် ကောက်ညှင်း၊ စွန်ပလွံသီးနီ၊ ယိုစုံနှင့် ဖက်ရွက်များကို ပြင်ဆင်ပြီး ဖက်ထုပ်ထုပ်ရန် လုပ်ဆောင်နေကြ၏။

ယခုခေတ်တွင် အချို အငန် ငြင်းခုံမှုများက သိပ်မသိသာတော့ဘဲ နေရာတော်တော်များများ၌ အချိုရော အငန်ရော နှစ်မျိုးလုံး ရှိနေပြီဖြစ်သည်။

သို့သော် တချို့လူများကတော့ တစ်မျိုးတည်းကိုသာ စားပြီး နောက်တစ်မျိုးကို လုံးဝ လက်မခံကြချေ။

ရွှီယန်ကတော့ အချိုကို ပိုကြိုက်ပေသည်။

ကောက်ညှင်းဆိုသည်မှာ ဤသို့သော အရသာမျိုး ဖြစ်သင့်သည်ဟု ခံစားရသောကြောင့်ပင်။

ပွဲတော်ရက် ရောက်သောအခါ မြို့ထဲနှင့် ရွာထဲတွင် လူများ အရမ်းများပြားနေသည်။

လယ်ယာခြံဝင်းကလည်း ဤနှစ်ရက်တွင် ဈေးသွားရောင်းရန် စီစဉ်ထားပြီး ဖက်ထုပ်များနှင့် လက်လုပ် ရေခဲမုန့်များကို ရောင်းချမည်ဖြစ်သည်။

ဤအစားအစာများက ခရီးသွားများ စားရအဆင်ပြေပြီး အမြတ်လည်း တော်တော်လေး ရနိုင်ပေသည်။

ထိုအချိန်တွင် ဆပ်ကပ်အဖွဲ့၏ ကားများက တောင်ပေါ်လမ်းအတိုင်း မောင်းနှင်လာနေကြသည်။

ဤဘက်ရှိ တောင်ပေါ်လမ်းများက သွားရသည်မှာ သိပ်မလွယ်ကူလှချေ။

ထို့အပြင် ဆပ်ကပ်အဖွဲ့၏ ကားများက အကုန်လုံး ကားကြီးများဖြစ်ပြီး ပစ္စည်းများ အများအပြား တင်ထားကြသည်။

ကားနှစ်စီးတွင်မူ သံလှောင်အိမ်များ ပါရှိပြီး အထဲတွင် တိရစ္ဆာန် အမျိုးမျိုး ထည့်ထား၏။

ဤတိရစ္ဆာန်များမှာ အနည်းငယ် မှိုင်တွေနေကြသည်။

သူတို့ အားလုံးက ဤသို့ ခရီးသွားရသည်ကို မနှစ်သက်ကြသောကြောင့် ဖြစ်သည်။

ကားများက တော်တော်မြန်မြန် မောင်းနှင်နေကြ၏။

ထိုအချိန်မှာပင် ဆပ်ကပ်အဖွဲ့မှ ကားသမားက အရှေ့ရှိ တောင်ပေါ်လမ်းတွင် ကျောက်ခဲလေးများနှင့် ရွှံ့များ အဆက်မပြတ် ပြုတ်ကျနေသည်ကို သတိထားမိလိုက်သည်။

သူ လန့်သွားပြီး ကားများကို အမြန်နှုန်းလျှော့ရန် ချက်ချင်း သတိပေးလိုက်သည်။

သို့သော် အချိန်မမီတော့ချေ။

ခဏအကြာတွင် ကျောက်ခဲများ ပိုမိုများပြားစွာ ပြုတ်ကျလာသည်။

ထို့နောက် ဧရာမ ကျောက်တုံးကြီး အချို့ပါ ပြုတ်ကျလာတော့၏။

ဤကျောက်တုံးကြီးများက ကားတန်းထဲသို့ တည့်တည့်ကြီး ကျရောက်လာရာ ကားများလည်း ရုတ်တရက် ဘရိတ်အုပ်ပြီး စတီယာရင်ကို ကွေ့ရှောင်လိုက်ကြရသည်။

“ဒိုင်း... ဒိုင်း…”

အသံကျယ်ကြီး နှစ်ချက် ကြားလိုက်ရပြီးနောက် တိရစ္ဆာန်များ တင်ထားသော ကားများ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ပြင်းထန်သော တိုက်မိမှုကြောင့် နောက်တံခါးများမှာ တိုက်ရိုက် ပွင့်ထွက်သွား၏။

တိရစ္ဆာန်များက မူလက နည်းနည်း မှိုင်နေကြသော်လည်း ယခုလို တိုက်မိလိုက်သောအခါ ချက်ချင်း လန်းဆန်းသွားကြသည်။

ဤအချိန်တွင် တိရစ္ဆာန်အချို့က သံကြိုးများ ပြတ်သွားသည်ကို သတိထားမိပြီး ကားထဲမှနေ၍ ထွက်လာကြသည်။

ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများကို သေချာမြင်တွေ့ရသောအခါ တိရစ္ဆာန် အတော်များများက နောက်သို့ပင် မလှည့်ကြည့်တော့ဘဲ တောင်စောင်းအတိုင်း လျှောဆင်းသွားကာ တောအုပ်ထဲသို့ ပြေးဝင် ပျောက်ကွယ်သွားကြတော့၏။

All Chapters