← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇) လောင်ရွှီ မင်းက သတင်းတွေနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်နေတာလား

လူတစ်စုက တောထဲသို့ ဝင်ရောက်သွားကြသည်။

တောထဲတွင် ခြင်္သေ့ရှာနေကြသည်ဟု ပြောလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။

ဆပ်ကပ်အဖွဲ့မှ ခြင်္သေ့နှစ်ကောင်နှင့် ဝက်ဝံမည်းတစ်ကောင် ပြေးသွားခဲ့သည်။ ဤသည်က အလွန်ကြီးမားသော မတော်တဆမှု တစ်ခုပင်။

ခြင်္သေ့က လူကိုမကိုက်ရန်သာ ဆုတောင်းရမည်ဖြစ်သည်။ မဟုတ်ပါက ဆပ်ကပ်အဖွဲ့ ပိုင်ရှင်မှာ ထောင်ကျသွားနိုင်ပေသည်။ သေချာပေါက် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ရသဖြင့် ထောင်ဒဏ် မကျနိုင်သော်လည်း လျော်ကြေးငွေ အမြောက်အမြား ပေးရမည်မှာ သေချာနေ၏။

ရွှီယန်က အဖွဲ့၏ အရှေ့ဆုံးမှ လျှောက်သွားနေပြီး ရဲများနှင့် ကင်မရာမန်းက သူ၏ အနောက်မှ လိုက်ပါလာကြသည်။

ရွှီယန်က ဒရုန်းကိုလည်း ထိန်းချုပ်ကာ အထက်ကောင်းကင်ယံသို့ ပျံသန်းစေလိုက်သည်။

အပေါ်စီးမှ ရှာဖွေခြင်းက မြေပြင်မှ ရှာဖွေခြင်းထက် အများကြီး ပို၍ လွယ်ကူမည် မဟုတ်ပါလော။

"ဒီကိစ္စက တကယ်ကို မယုံနိုင်စရာပဲ... ခြင်္သေ့တွေ ပြေးသွားတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး"

ရွှီယန်၏ အနောက်မှ ရဲများက ဆွေးနွေးနေကြသည်။

"ဒီလောက်ကြီးတဲ့ တောင်ကြီးထဲမှာ ရှာရတာ လွယ်မှာ မဟုတ်ဘူး"

အခြားတစ်ယောက်က ဝင်ပြောလိုက်သည်။

"ဖြည်းဖြည်းချင်း ရှာကြတာပေါ့... ဒီနေ့တော့ ညအထိ ရှာရလောက်တယ်"

ရွှီယန်က ပတ်ဝန်းကျင် အခြေအနေကို သေချာစွာ ကြည့်ရှုနေလိုက်သည်။ ဤအနောက်ဘက်တောင်က အတော်လေး မတ်စောက်ပြီး လူသားများ၏ အနှောင့်အယှက်က အလွန်နည်းပါးလှသဖြင့် ခြင်္သေ့များက ဤဘက်သို့ ရောက်လာနိုင်ခြေ အလွန်များပြားပေသည်။

ထိုအချိန်မှာပင် စနစ်၏အသံက အချိန်ကိုက် ထွက်ပေါ်လာ၏။

[ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ - ပျောက်ဆုံးနေသော ခြင်္သေ့]

[တာဝန် ဖော်ပြချက် - ပျောက်ဆုံးနေသော ခြင်္သေ့ဖို နှစ်ကောင်ကို ရှာဖွေပါ]

[တာဝန် ဆုလာဘ် - မိန်းကွန်းကြောင် တစ်ကောင်]

[မှတ်ချက် - မိန်းကွန်းကြောင်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကြောင်မျိုးစိတ် ဖြစ်ပြီး သေချာစွာ ကျွေးမွေးပြုစုပါက ဤမိန်းကွန်းကြောင်သည် ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်သည်]

စနစ်၏ သတိပေးသံကို ကြားသောအခါ ရွှီယန် အနည်းငယ် မှင်တက်သွားတော့သည်။

'မိန်းကွန်းကြောင်'

ဤကြောင်မျိုးစိတ်က ခန္ဓာကိုယ် အရွယ်အစားကြီးမားပြီး ယခုခေတ်တွင် မွေးမြူသူ အတော်လေး များပြားပေသည်။ သူ၏ လယ်ယာခြံဝင်းတွင် တိုက်ဆိုင်စွာပင် ကြောင်တစ်ကောင် လိုအပ်နေသဖြင့် မွေးမြူထားလိုက်လျှင်လည်း မဆိုးလှချေ။

မည်သို့ပင်ဆိုစေ ရှောင်ဟွာက ယခုအခါ လယ်ယာခြံဝင်းထဲသို့ သိပ်မဝင်တော့ဘဲ သူ့ကိုတွေ့ချင်ပါက အနောက်ဘက် တောင်ပေါ်သို့ သွားရှာရသည် မဟုတ်ပါလော။

လီဟွာကြောင် ဆန်းပြောင်လည်း အကြိမ်တော်တော်များများ ခြံဝင်းထဲတွင် မရှိချေ။ ဆန်းပြောင်က ရွာထဲသို့ ပြေးသွားကာ ရန်ဖြစ်ရသည်ကို သဘောကျပြီး ကြောင်မလေးများကို လိုက်ရှာကာ နေ့စဉ်နေ့တိုင်းကို အလွန်ပျော်ရွှင်စွာ ဖြတ်သန်းနေ၏။ တစ်ခါတရံမှသာ လယ်ယာခြံဝင်းသို့ ပြန်လာပြီး အနားယူတတ်သည်။

ထို့ကြောင့် ရွှီယန်က နောက်ထပ် ကြောင်တစ်ကောင် မွေးထားရန် တွေးလိုက်မိသည်။

သို့သော် ရတနာရှာဖွေရေး တာဝန်က ခြင်္သေ့များ လှုပ်ရှားနေသည့် နယ်မြေကို မပေးထားသဖြင့် ရွှီယန်ကိုယ်တိုင် ရှာဖွေရမည် ဖြစ်၏။

ထိုအချိန်မှာပင် ရွှီယန် တစ်ခုခုကို သတိထားမိသွားသဖြင့် အရှေ့သို့ ခြေလှမ်းအနည်းငယ် ခပ်သွက်သွက် လျှောက်သွားလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ရဲများကလည်း အလျင်အမြန် လိုက်လာကြ၏။

"ဒီမှာကြည့်... ခြေရာတွေ ရှိတယ်"

"ဒီလောက်ကြီးတဲ့ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ရဲ့ ခြေရာဆိုတော့ ခြင်္သေ့ သေချာတယ်"

"သူတို့ ဒီမှာ ရှိနေတယ်... လောလောဆယ် နှစ်ကောင် အတူတူ သွားနေကြတာပဲ"

ရွှီယန်က ပြောလိုက်သည်။

ရွှီယန်၏ စကားကို ကြားသောအခါ ရဲများ ချက်ချင်းပင် စိုးရိမ်သွားကြတော့၏။

"ခြင်္သေ့က ဒီမှာလား"

"ဒီဘက်ကိုတောင် ရောက်လာတယ်ပေါ့"

"အားလုံး သတိထားကြပါ... တောထဲမှာ သစ်ပင်တွေ မြက်ပင်တွေ အများကြီး ရှိတယ်... အကိုက်မခံရစေနဲ့နော်"

လူအများအပြားက အသီးသီး ပြောဆိုနေကြသည်။

ရွှီယန်က ခြင်္သေ့များ ထွက်သွားသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။ ထိုလမ်းကြောင်းက အတိအကျပင် ရှောင်ဟွာတို့ မိသားစု ရှိရာဘက်သို့ ဦးတည်နေသဖြင့် ရွှီယန်လည်း ထိုဘက်သို့ သွားရောက်ကြည့်ရှုရန် ရည်ရွယ်လိုက်၏။

"ဒုစခန်းမှူး... ကျွန်တော်တို့ အတူတူ သွားနေရင် အရမ်းနှေးတယ်... ကျွန်တော် ကိုယ်တိုင်ပဲ တောင်ထဲကို တစ်ခေါက်လောက် သွားကြည့်လိုက်မယ်"

"ခြင်္သေ့တွေ ပြေးသွားတာ နှစ်နာရီလောက် ရှိပြီဆိုတော့ အဝေးကြီး ရောက်သွားလောက်ပြီ"

ရွှီယန်က အနောက်သို့ လှည့်ကာ ရွာရဲစခန်းမှ ဒုစခန်းမှူးကို ပြောလိုက်သည်။ ယခုအဖွဲ့ကို သူက ဦးဆောင်လာခြင်း ဖြစ်၏။

"မင်း တစ်ယောက်တည်း သွားမလို့လား... ခြင်္သေ့နှစ်ကောင် ရှိနေတာနော်... သတိထားမှ ရမယ်"

ဒုစခန်းမှူး၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။

"ဘာမှ မဖြစ်ပါဘူး... ခြင်္သေ့တွေက သစ်ပင်တက်တာ သိပ်မကျွမ်းကျင်ဘူးလေ... ဘေးနားမှာ သစ်ပင်တွေ ရှိနေသရွေ့ သူတို့ ကျွန်တော့်ကို မထိခိုက်နိုင်ပါဘူး"

"ကျွန်တော် အရင် သွားလိုက်မယ်... ပြီးတော့ ကျွန်တော့် လုပ်ရပ်တွေအတွက် ကျွန်တော် ကိုယ်တိုင်ပဲ တာဝန်ယူပါတယ်လို့ ကြိုပြောထားပါရစေ"

ရွှီယန်က လက်ကာပြလိုက်ပြီးနောက် တောင်ထဲသို့ အမြန်ပြေးဝင်သွားတော့၏။

ရဲများ အသုံးပြုသော နည်းလမ်းမှာ တစ်နေရာမကျန် အသေးစိတ် ရှာဖွေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အားလုံး အတူတကွ စုပေါင်း၍ အထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်ရှာဖွေခြင်းပင် ဖြစ်၏။

ရွှီယန်ကတော့ ဤသို့လုပ်ဆောင်ခြင်းက အလုပ်တွင်ကျယ်မှု အလွန်နည်းပါးလှပြီး ခြင်္သေ့တွေက အစောကြီးကတည်းက ပြေးသွားပြီဖြစ်ရာ ဘယ်အချိန်မှ ရှာတွေ့မည်ကို မပြောနိုင်တော့ဟု ထင်မြင်မိသည်။ ထို့ကြောင့် သူက တစ်ယောက်တည်း ဝင်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ထို့အပြင် ရဲများက သူ၏အနားတွင် ရှိနေပါက တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်၍ မရနိုင်ချေ။ ဤကိစ္စက အလွန်ကြီးမားသော သတင်းတစ်ခုဖြစ်ပြီး ယခုဆိုလျှင် သတင်းဌာနများတွင်ပင် ပါလာပြီဖြစ်ရာ ဤရေပန်းစားမှုကို ရွှီယန်လည်း သေချာပေါက် ဆုပ်ကိုင်ထားရမည် မဟုတ်ပါလော။

ထို့ကြောင့် ရွှီယန်က ဘေးနားရှိ မတ်စောက်သော ချောက်ကမ်းပါး အတိုင်း တိုက်ရိုက်ပင် အပေါ်သို့ တွယ်တက်သွားတော့၏။ ဤချောက်ကမ်းပါးက အလွန်မတ်စောက်သော်လည်း ခြေကုပ်ယူစရာ နေရာများ ရှိနေသဖြင့် တွယ်တက်ရန် မခက်ခဲလှပေ။

အောက်ဘက်ရှိ ရဲများမှာတော့ ကြည့်ရင်း အံ့ဩမှင်တက်သွားကြတော့သည်။

"နေပါဦး... သူ အဲဒီလိုကြီး တက်သွားတာလား"

"ဘယ်လို လုပ်လိုက်တာလဲ"

"လခွမ်း"

အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ တကယ်ကို ပုံမှန်လမ်းကြောင်းကနေ မသွားသည်ပဲဖြစ်သည်။ တောတောင်ထဲက ရွှီယန်၏ စွမ်းရည်ကိုတော့ သူတို့ မလေးစားဘဲ မနေနိုင်ကြတော့ချေ။

ချောက်ကမ်းပါး အပေါ်သို့ ရောက်သောအခါ ရွှီယန်က ဖုန်းကိုထုတ်ကာ ဒရုန်းနှင့် ချိတ်ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။ သိပ်မကြာခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ လူများ အလျင်အမြန် ဝင်ရောက်လာကြတော့၏။

တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ်မှာ တောင်ထဲဝင်ပြီး ခြင်္သေ့ရှာမယ် ဟူ၍ဖြစ်သည်။ ဤခေါင်းစဉ်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ချက်ချင်းပင် မအောင့်အည်းနိုင်တော့ချေ။

[လောင်ရွှီ... မင်း ခေါင်းစဉ် ရေးတာ မှားနေပြီလား... တောင်ထဲဝင်ပြီး ခြင်္သေ့ ရှာမယ် ဟုတ်လား... ဘယ်က ခြင်္သေ့ လာမှာလဲ]

[ဘာလို့ တောင်ထဲဝင်ပြီး ကုလားအုတ် မရှာတာလဲ]

[ငါ့ အကြံပေးချက်ကတော့ တောင်ထဲဝင်ပြီး ဝင်ရိုးစွန်း ဝက်ဝံကို ရှာလိုက်ပါ]

[အဲဒါဆို ငါက တောင်ထဲဝင်ပြီး ပင်ဂွင်း ရှာဖို့ အကြံပေးတယ်]

အင်တာနက်သုံးစွဲသူများက အမြဲတမ်း နောက်ပြောင်ရသည်ကို သဘောကျကြသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် အလွန်စည်ကားနေတော့၏။

ရွှီယန်က အထဲသို့ ဝင်သွားရင်း ရှင်းပြလိုက်သည်။

"ဒီနေ့ တကယ်ပဲ တောင်ထဲဝင်ပြီး ခြင်္သေ့ရှာမှာပါ"

"ကျွန်တော်တို့ မြို့ထဲကို လာဖျော်ဖြေတဲ့ ဆပ်ကပ်အဖွဲ့ တစ်ဖွဲ့ ရှိတယ်လေ... သူတို့က တောင်ပေါ်က ပြုတ်ကျလာတဲ့ ကျောက်ခဲတွေနဲ့ မိပြီး ကားမှောက်သွားတာ... အဲဒီမှာ ခြင်္သေ့နဲ့ ဝက်ဝံမည်းတွေ ထွက်ပြေးသွားတယ်"

"အခု ရဲတွေ... မီးသတ်သမားတွေ... ကယ်ဆယ်ရေး အဖွဲ့တွေ အကုန်လုံး တောင်ထဲ ရောက်နေကြပြီ"

"ဒီကိစ္စက တော်တော်ကြီးတယ်... သတင်းတွေမှာတောင် ပါနေပြီလေ"

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံး အနည်းငယ် မှင်တက်သွားကြတော့သည်။

[နေပါဦး... အဲဒီသတင်း ငါကြည့်လိုက်တယ်... အဲဒီ ဆပ်ကပ်အဖွဲ့က ဒီမှာ မှောက်သွားတာလား]

[လောင်ရွှီ... မင်းက သတင်းတွေနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်နေတာလား]

[အဲဒီသတင်း ငါလည်း ကြည့်လိုက်တယ်... တကယ်ကြီး ဒီမှာလား]

[လခွမ်း... မင်း တကယ်ကြီး တောင်ထဲဝင်ပြီး ခြင်္သေ့ ရှာတာလား]

မှတ်ချက်များက ချက်ချင်းပင် ပွက်လောညံသွားတော့၏။ အင်တာနက်သုံးစွဲသူများ အသီးသီး ဆွေးနွေးနေကြသည်။

ရွှီယန် တစ်ယောက်တည်း တောထဲဝင်ပြီး ခြင်္သေ့ရှာမည်ဆိုသည်ကို အားလုံး မထင်မှတ်ထားခဲ့ကြချေ။ တစ်ယောက်တည်း လက်နက်မပါဘဲ ဒီလောက်တောင် သတ္တိကောင်းနေသည်ပဲဖြစ်သည်။

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"တကယ်ပါ... ကျွန်တော် ရဲတွေနဲ့ အတူတူ ဝင်လာခဲ့တာ"

"ခြင်္သေ့တွေက တောနက်ပိုင်းကို ရောက်သွားလောက်တယ်လို့ ထင်လို့ သွားကြည့်မလို့ပါ"

"ဒီတောင်က ကျွန်တော့် လယ်ယာခြံဝင်းရဲ့ အနောက်ဘက် တောင်လေ... ဒီနေရာကို ကျွန်တော် အရမ်း ရင်းနှီးတယ်"

"ခြင်္သေ့တွေ ဒီကို ရောက်လာလောက်တယ်"

ရွှီယန်၏ စကားကို ကြားပြီးနောက် သူ၏ အတည်ပေါက် ပြောနေသော မျက်နှာထားကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ အားလုံး ယုံကြည်သွားကြတော့၏။ ရွှီယန်က ယေဘုယျအားဖြင့် နောက်ပြောင်လေ့ မရှိပေ။ သို့မဟုတ် သူက ဘယ်တော့မှ အတုအယောင် မလုပ်ဘဲ အစစ်အမှန်ကိုသာ လုပ်ပြလေ့ရှိသူ ဖြစ်၏။

ဒါက တကယ်ကြီး တောင်ထဲဝင်ပြီး ခြင်္သေ့ရှာတာပဲဖြစ်သည်။

မှတ်ချက်များ အဆက်မပြတ် တက်လာနေပြီး အစ်ကိုယန် အတော်ဆုံးပဲ စသည့် စကားလုံးများဖြင့် ပြည့်နှက်နေတော့သည်။

ဆပ်ကပ်အဖွဲ့ ကားမှောက်သည့် ကိစ္စက လူမှုကွန်ရက် သတင်းရေပန်းစားမှု အဆင့်သတ်မှတ်ချက်တွင် တတိယနေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။ လူအတော်များများက ဤသတင်းကို ကြည့်ရှုနေကြသည်။

ယခုခေတ်တွင် ဆပ်ကပ်အဖွဲ့များနှင့် ပတ်သက်သော သတင်းများက သိပ်မရှိတော့ဘဲ လူအတော်များများက ဆပ်ကပ်အဖွဲ့များကို လုံးဝ ပိတ်ပင်လိုက်ပြီဟုပင် ထင်မှတ်ထားကြသည်။ သတင်းတစ်ခု ပေါ်လာသည်နှင့် ပြဿနာ အကြီးကြီး ဖြစ်နေမည်ဟု ဘယ်သူကများ ထင်မှတ်ထားမည်နည်း။

တစ်ချိန်တည်းမှာပင် လိုက်ဖ်လွှင့်သူ တောင်ထဲဝင်၍ ခြင်္သေ့ရှာဖွေခြင်း ဟူသော နောက်ထပ် သတင်းခေါင်းစဉ် တစ်ခုကလည်း ရေပန်းစားမှု အလျင်အမြန် မြင့်တက်လာတော့၏။

ဤသတင်းကို မြင်သောအခါ လူအများအပြား၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသထွက်ခြင်း ဖြစ်ပြီး ဆဲဆိုချင်သွားကြသည်။

'ဒီလိုက်ဖ်လွှင့်သူတွေက သိပ်ကို အောက်တန်းကျလွန်းတယ်... နာမည်ကြီးဖို့အတွက် ဘာမဆို လုပ်ကြတာပဲ... လိုက်ဖ်လွှင့်သူက တောင်ထဲဝင်ပြီး ခြင်္သေ့ရှာမယ် ဟုတ်လား... ဘယ်လိုက်ဖ်လွှင့်သူကများ ဒီလို ကိစ္စမျိုး လုပ်ရဲမှာလဲ... မင်းကိုယ်မင်း လောင်ရွှီလို့များ ထင်နေလား' စသဖြင့် တွေးမိကြသည်။

သို့သော် အင်တာနက်သုံးစွဲသူများက သတင်းခေါင်းစဉ်ထဲသို့ ဝင်ကြည့်လိုက်သောအခါ တကယ်ကို လောင်ရွှီ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက အခု လိုက်ဖ်လွှင့်နေပြီး တကယ်ကြီး တောင်ထဲတွင် ခြင်္သေ့ရှာနေခြင်း ဖြစ်သည်။

အားလုံးက ထပ်မံ လေ့လာကြည့်လိုက်ရာ အခင်းဖြစ်ပွားရာ နေရာမှာ ရွှီယန်၏ လယ်ယာခြံဝင်းနှင့် အဝေးကြီး မဟုတ်ကြောင်း သိလိုက်ရ၏။ အကုန်လုံးက ကိုက်ညီနေပေသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှုက အလျင်အမြန် တိုးတက်လာတော့သည်။

ရွှီယန်ကတော့ ယခင်အတိုင်းပင် တောတောင်ရှာဖွေရေးကိုသာ အာရုံစိုက်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ အခြေအနေကို အများကြီး ဂရုမစိုက်နေချေ။ တစ်ခါတရံ အားလပ်မှသာ အားလုံးကို ဗဟုသုတ အနည်းငယ် မျှဝေပေးခြင်း သို့မဟုတ် စကားအနည်းငယ် ပြောဆိုခြင်းမျိုး လုပ်လေ့ရှိသည်။ သို့သော် ယနေ့တွင်တော့ ဤကဲ့သို့ အားလပ်ချိန် မရှိပေ။

ရွှီယန်က ပထမဆုံး စဉ်းစားမိသည်မှာ ကျားသစ်မိသားစုကို သွားကြည့်ရန်ပင် ဖြစ်၏။ အနည်းဆုံးတော့ သူတို့ကို သစ်ပင်ပေါ် တက်ခိုင်းပြီး သတိထားစေရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ မြက်ခင်းပြင်ကြီးများပေါ်တွင် ခြင်္သေ့များက ကျားသစ်များကို စားတတ်သည် မဟုတ်ပါလော။ ကံကောင်းသည်မှာ ဆပ်ကပ်အဖွဲ့မှ ခြင်္သေ့များ၏ အမဲလိုက်နိုင်စွမ်းက သိပ်မပြင်းထန်လှသဖြင့် တောရိုင်း ကျားသစ်များ အပေါ် ခြိမ်းခြောက်နိုင်စွမ်းက အများကြီး မရှိလှချေ။

တိုက်ရိုက်ထုတ်လွှင့်မှုက ပိုပိုပြီး စည်ကားလာသည်။ ရွှီယန်က အထဲသို့ တောက်လျှောက် ဝင်သွားသော်လည်း ခြင်္သေ့ခြေရာများကို ထပ်မတွေ့ရတော့ချေ။

"ဒီခြင်္သေ့ နှစ်ကောင် ဘယ်တွေ ရောက်သွားလဲ မသိဘူး... တောက အရမ်းကြီးတော့ ရှာရတာ လွယ်မှာ မဟုတ်ဘူး"

"တကယ်တော့ ခြင်္သေ့တွေကို ရှာတာကလည်း သူတို့ကို ကာကွယ်ဖို့ပဲလေ... မဟုတ်ရင် ချန်ပိုင်တောင်တန်းရဲ့ ဆောင်းရာသီမှာ သူတို့ သေချာပေါက် အေးခဲသေသွားမှာ"

ရွှီယန်က နဖူးပေါ်မှ ချွေးများကို သုတ်ကာ ပြောလိုက်သည်။

ယခုက နွေရာသီဖြစ်ပြီး နေရောင်ခြည်က ပြင်းထန်ကာ ရာသီဥတုက အနည်းငယ် ပူပြင်းနေ၏။ ရွှီယန်က ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်ကြည့်သော်လည်း ဘာအပြောင်းအလဲမှ မတွေ့ရသဖြင့် အရှေ့သို့ ဆက်လက် လျှောက်သွားလိုက်သည်။

တောထဲသို့ ခဏခဏ သွားဖူးသဖြင့် သူက ပတ်ဝန်းကျင်၏ ကွာခြားမှုများကို ခံစားသိရှိနိုင်စွမ်း ရှိပေသည်။ ဥပမာ ယခုအချိန်တွင် ဘေးနားရှိ သစ်ပင်ပေါ်၌ ရှဉ့်နှစ်ကောင်က ဆော့ကစားနေကြသဖြင့် ဤနေရာသို့ ခြင်္သေ့များ သေချာပေါက် ရောက်မလာခဲ့ဘူးဆိုသည်ကို သိနိုင်၏။ မဟုတ်ပါက ခြင်္သေ့ကို မြင်သည်နှင့် ရှဉ့်များက သစ်ခေါင်းထဲသို့ အစောကြီးကတည်းက ပုန်းဝင်သွားကြပြီ ဖြစ်မည်။

နောက်ထပ် ခဏအကြာတွင် ရွှီယန်က ရှောင်ဟွာနှင့် အတော်လေး နီးကပ်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူက ဒရုန်းကို ထိန်းချုပ်ကာ ဘေးနားရှိ တောအုပ်ထဲသို့ သွားရောက် ရိုက်ကူးစေလိုက်သည်။

သူက အင်တာနက်သုံးစွဲသူများကို ဒရုန်းကို အသုံးပြု၍ ရှာဖွေခိုင်းလိုက်ခြင်းဖြစ်သည်ဟု ပြောလိုက်ပြီး သူကိုယ်တိုင်ကတော့ ဤအားလပ်ချိန်လေးတွင် ရှောင်ဟွာနှင့် လူးနားတို့ကို သွားရှာလိုက်၏။

ရှောင်ဟွာတို့ မိသားစုက ဘာအန္တရာယ်ကိုမှ သတိမထားမိကြဘဲ အေးအေးဆေးဆေး ဆော့ကစားနေကြဆဲပင်။ ရွှီယန်ကို မြင်သောအခါ ကျားသစ်ပေါက်လေး နှစ်ကောင်က ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် သူ့ဆီသို့ ပြေးလာကြပြီး ရှောင်ဟွာကလည်း ဖြည်းညင်းစွာ လျှောက်လာ၏။

"ရှောင်ဟွာ... မင်းတို့ သစ်ပင်ပေါ် တက်ပြီး ပုန်းနေကြ"

"ခြင်္သေ့တွေ ဝင်လာတယ်"

ရွှီယန်က ရှောင်ဟွာကို သတိပေးလိုက်သည်။

သူ၏ စကားကို ကြားသောအခါ ရှောင်ဟွာက နားမလည်သည့် မျက်နှာထားမျိုး ဖြစ်သွား၏။

"အန္တရာယ် ရှိတယ်... မင်းတို့ သတိထားရမယ်... သစ်ပင်ပေါ် တက်ဖို့ ပြင်ထားကြ"

ရွှီယန်က သစ်ပင်ပေါ်သို့ လက်ညှိုးထိုးပြကာ နောက်တစ်ကြိမ် သတိပေးလိုက်ပြန်သည်။

ရှောင်ဟွာ နားမလည်သော်လည်း လူးနားကတော့ နားလည်သွား၏။ လူးနားက ကျားသစ်ပေါက်လေး တစ်ကောင်ကို ပါးစပ်ဖြင့် ကိုက်ချီကာ သစ်ပင်ပေါ်သို့ ချက်ချင်း တက်သွားသည်ကို တွေ့လိုက်ရသည်။ ဤသစ်ပင်က အလွန်ကြီးမားပြီး သစ်ကိုင်းများကလည်း တုတ်ခိုင်ကာ သူတို့က အမြဲတမ်း ဤအပေါ်တွင် လှုပ်ရှားလေ့ ရှိကြသည်။

ကျားသစ်ပေါက်လေး နှစ်ကောင်လုံးကို သစ်ပင်ပေါ်သို့ တင်ပေးပြီးနောက် လူးနားက သစ်ပင်ပေါ်တွင် ကလေးများကို စောင့်ရှောက်နေလိုက်၏။ ရှောင်ဟွာကတော့ ရွှီယန်၏ ဘေးတွင် လိုက်ပါလာပြီး တစ်ခုခုကို သတိထားမိနေပုံ ရသည်။

တစ်ချိန်တည်းမှာပင် ဒရုန်းက ဘေးနားရှိ တောအုပ်ထဲတွင် ရိုက်ကူးနေ၏။ ရွှီယန်က ကင်းလှည့်သည့်မုဒ်ကို ဖွင့်ထားသဖြင့် ဒရုန်းက လှုပ်ရှားနေသော အသက်ရှိ သတ္တဝါများကို အလိုအလျောက် ဖမ်းယူပေးမည် ဖြစ်သည်။

ထိုအချိန်မှာပင် ဒရုန်းကင်မရာက ရုတ်တရက် အပေါ်သို့ ရွေ့လျားသွား၏။ ဤကဲ့သို့သော အခြေအနေမျိုးက တစ်ခုခုကို ရှာတွေ့သွားခြင်းပင် ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အင်တာနက်သုံးစွဲသူများ အလွန်များပြားနေပြီး အားလုံးက ခြင်္သေ့များ တွေ့သွားပြီလားဟု သိချင်နေကြသည်။

အားလုံးက သေချာကြည့်လိုက်သောအခါ ပန်းရောင်ဝက်တစ်ကောင်က ရူးသွပ်နေသည့် အလား ပြေးလာသည်ကို တွေ့လိုက်ရ၏။ ဤပန်းရောင်ဝက်က အိမ်မွေးဝက် တစ်ကောင်ဖြစ်သော်လည်း အခြား အိမ်မွေးဝက်များကဲ့သို့ ခန္ဓာကိုယ်က ဖောင်းကားမနေဘဲ တစ်ကိုယ်လုံး ကျစ်လျစ်သွယ်လျနေပေသည်။

အင်တာနက်သုံးစွဲသူများက သူတို့ အမြင်မှားသွားသည်ဟု ထင်လိုက်ကြ၏။

'ဟင်... ဒါက ဘာအကောင်ကြီးလဲ'

'တောထဲကနေ အိမ်မွေးဝက် တစ်ကောင် ထွက်လာတယ် ဟုတ်လား... ဒီလောက်တောင် အံ့ဩစရာ ကောင်းတာလား'

အားလုံးက အံ့ဩချိန်ပင် မရလိုက်ဘဲ အိမ်မွေးဝက်၏ နောက်မှ ခြင်္သေ့တစ်ကောင်က အပြင်းအထန် ပြေးလာကာ ဤအိမ်မွေးဝက်ကို လိုက်လံဖမ်းဆီးနေသည်ကို တွေ့လိုက်ရပြန်သည်။

ခြင်္သေ့က တောတောင်ထဲမှ ပတ်ဝန်းကျင်ကို သိပ်မကျွမ်းကျင်သဖြင့် ဤဘက်ရှိ အတက်အဆင်းများတွင် ပြေးရသည်မှာ အလွန်ခက်ခဲပြီး အားအင် အလွန်ကုန်ခန်းလှပေသည်။ ထို့ကြောင့် အိမ်မွေးဝက်လေးကို လုံးဝ မီအောင် မလိုက်နိုင်ချေ။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များ လုံးဝ ပွက်လောညံသွားတော့၏။

[လခွမ်း... တကယ်ကြီး ခြင်္သေ့ ပါလား]

[သက်တမ်းတစ်လျှောက် ပထမဆုံး အကြိမ်ပဲ... တောထဲမှာ ခြင်္သေ့ တစ်ကောင်က ဝက်မကြီးကို လိုက်ဖမ်းနေတာကို မြင်လိုက်ရတယ်]

[လောင်ရွှီ ရော... လောင်ရွှီ ခြင်္သေ့ကို ရှာတွေ့ပြီ... မြန်မြန် သူ့ကို ဖမ်းလိုက်လေ]

[အားလုံးပဲ တစ်ခုခု အထင်လွဲနေကြတာလား မသိဘူး... လောင်ရွှီက ခြင်္သေ့ကို လာရှာတာလေ... ခြင်္သေ့ လာဖမ်းတာ မဟုတ်ဘူး... မင်းတို့က သူ့ကို တကယ် သေစေချင်နေတာလား]

ကားသမားက တောရိုင်း တိရစ္ဆာန်များကို သတိထားမိသော်လည်း ကားတံခါးများနှင့် မှန်များကို လုံးဝ မဖွင့်ရဲချေ။

တိရစ္ဆာန်ထိန်းများပင် ကားထဲမှနေ၍ မထွက်ရဲကြပေ။

ပိုင်ရှင်ဖြစ်သူမှာ အရမ်းစိုးရိမ်ပူပန်နေ၏။

"လျိုဝေ့... ကျန်းရွှီး... ခြင်္သေ့နဲ့ ဝက်ဝံမည်းတွေ ပြေးသွားပြီ... အမြန် သွားဖမ်းကြလေ"

လျိုဝေ့နှင့် ကျန်းရွှီးတို့က တိရစ္ဆာန်ထိန်းများ ဖြစ်ကြသည်။

ယခုအချိန်တွင် သူတို့နှစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး မည်သူမျှ မလှုပ်ရှားကြချေ။

နောက်ပြောင်နေတာလား...

အရင်က ဆပ်ကပ်အဖွဲ့၏ လှောင်အိမ်ထဲတွင် လုံခြုံရေးဝန်ထမ်းများ ရှိနေသောကြောင့်သာ တိရစ္ဆာန်များကို ထိန်းကျောင်းရဲခြင်း ဖြစ်သည်။

ယခုက တောထဲတွင်ဖြစ်ပြီး ဘယ်သူကများ ခြင်္သေ့ကို သွားဖမ်းရဲမည်နည်း။

အခြေအနေက ချက်ချင်း ရှုပ်ထွေးသွားတော့သည်။

သိပ်မကြာခင်မှာပင် မြို့နယ် ရဲစခန်းနှင့် ရွာရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားမှုများ ဝင်ရောက်လာ၏။

သတင်းသေချာသွားသောအခါ မီးသတ်နှင့် လက်နက်ကိုင် ရဲတပ်ဖွဲ့များပင် ထွက်ခွာလာကြပြီ ဖြစ်သည်။

ဤသည်က အရေးပေါ် အခြေအနေကြီး တစ်ရပ်ပင်။

ခဏအကြာတွင် ရွှီယန်၏ ဖုန်းမြည်လာခဲ့သည်။

ရဲအရာရှိ လျိုမင်ထံမှ ဖုန်းဆက်လာခြင်း ဖြစ်၏။

လျိုမင်က ဘာမျှထိမ်ချန်မထားဘဲ အခြေအနေ အကုန်လုံးကို ရွှီယန်အား ပြောပြလိုက်သည်။

"ဘာ... ဆပ်ကပ်အဖွဲ့ ကားမှောက်တယ်"

"ခြင်္သေ့တွေ ဝက်ဝံတွေ အကုန်ပြေးကုန်ပြီ... ဒီအနီးအနားမှာတင်ပဲ"

ရွှီယန် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။

ဤသည်က တကယ် အန္တရာယ်များလှ၏။

ခြင်္သေ့က မြက်ခင်းပြင် တိရစ္ဆာန်ဖြစ်သော်လည်း ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက ကျားနှင့် တစ်တန်းတည်းရှိပြီး ကျားသစ်ထက် ပို၍သာလွန်ပေသည်။

တကယ်လို့ ရှောင်ဟွာတို့ မိသားစုနှင့် သွားတွေ့ပါက ဘယ်လိုလုပ်မည်နည်း။

တိရစ္ဆာန်ရုံမှ ခြင်္သေ့များက ဘယ်လို အခြေအနေရှိသည်ဆိုတာ ဘယ်သူက သိနိုင်မည်နည်း။

"ပြေးသွားတဲ့ တိရစ္ဆာန်တွေကို အတိအကျ သိပြီလား"

ရွှီယန်က ထပ်မေးလိုက်သည်။

"ဆပ်ကပ်အဖွဲ့က လူတွေ စစ်ဆေးနေပြီ... အခုလောလောဆယ် သိရသလောက်က ခြင်္သေ့နှစ်ကောင်နဲ့ ဝက်ဝံမည်း တစ်ကောင်တဲ့... ကျန်တဲ့ အကောင်ကြီးတွေကတော့ ရှိသေးတယ်"

လျိုမင်က ပြောပြီးနောက် ထပ်မေးလာ၏။

"ငါတို့ တောင်ထဲဝင်ပြီး ရှာဖွေမလို့... တောင်ထဲ ဝင်ရမှာမို့ မင်း လိုက်ခဲ့နိုင်မလားလို့ မေးတာပါ"

"တောင်ထဲက အခြေအနေကို မင်း ပိုသိတယ်လေ"

လျိုမင်၏ စကားကို ကြားသောအခါ ရွှီယန် ချက်ချင်း သဘောတူလိုက်သည်။

"ရတယ်... ပြဿနာ မရှိဘူး... ကျွန်တော် အခုပဲ လာခဲ့မယ်"

ဤကိစ္စအတွက် အထက်မှ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။

အဖွဲ့ခွဲ၍ နယ်မြေအလိုက် ရှာဖွေကြမည်ဖြစ်သည်။

ရွာရဲစခန်းမှ ရဲများက အဖွဲ့တစ်ဖွဲ့ ဖြစ်၏။

မြို့ပေါ်မှ မီးသတ်နှင့် လက်နက်ကိုင် ရဲတပ်ဖွဲ့များနှင့် ယှဉ်ပါက သူတို့က သိပ်မတောင့်တင်းပေ။

ပစ္စည်းကိရိယာများလည်း မပြည့်စုံသလို ခန္ဓာကိုယ် အချိုးအစားကလည်း သူတို့လောက် မကောင်းမွန်ကြချေ။

မီးသတ်နှင့် လက်နက်ကိုင် ရဲတပ်ဖွဲ့များက ကျန်းမာသန်စွမ်းသော်လည်း ရွာက ရဲများမှာ ဗိုက်ရွှဲရွှဲနှင့် သာမန် လူလတ်ပိုင်း အရွယ်များသာ ဖြစ်သည်။

သို့သော် လျိုမင်က ရွှီယန်ကို ပြင်ပအကူအညီအဖြစ် စဉ်းစားမိသွားခြင်းဖြစ်သည်။

ရွှီယန် ပါလာပါက တကယ်ကို မတူတော့ပေ။

အဖွဲ့ကို ဦးဆောင်သော ဒုစခန်းမှူးက လျိုမင်၏ စကားကို ကြားသောအခါ ရွှီယန်ကို အမြန်ဖုန်းဆက်ရန် ပြောလိုက်၏။

ထိုလေသံ ထိုအမူအရာက ရုပ်ရှင်ထဲတွင် မျောက်ဘုရင် နတ်ပြည်ကို မွှေနှောက်စဉ်က ဂျိတ်အင်ပါယာက 'ဗုဒ္ဓကို အမြန် သွားပင့်ကြ' ဟု အော်သည့် ပုံစံမျိုးပင်။

ရွှီယန် ကို ဤသို့ ဖိတ်ခေါ်လာခြင်း ဖြစ်သည်။

ရဲအဖွဲ့က သူ့ကို တော်တော်လေး ယုံကြည်ကြပေသည်။

"ဘယ်လောက် ကြာပြီလဲ"

ရွှီယန်က အခင်းဖြစ်ပွားရာ နေရာသို့ ကားဖြင့်ရောက်လာပြီး ဆပ်ကပ်အဖွဲ့၏ ကားတန်းကို ကြည့်ရင်း မေးလိုက်သည်။

"နှစ်နာရီ ကျော်ပြီ"

လျိုမင်က အမြန် ပြန်ဖြေ၏။

"ဒီကနေ ပြေးဆင်းသွားတာလား"

ရွှီယန်က အောက်ဘက်သို့ ဆင်းသွားသော တောင်စောင်းကို ကြည့်ပြီး ထပ်မေးလိုက်သည်။

"ဟုတ်တယ်... အဲဒီကနေပဲ"

ထို့နောက် ရွှီယန်က တောင်စောင်းအတိုင်း အောက်သို့ လှမ်းကြည့်လိုက်သည်။

အောက်ဘက်က ဘေးနားရှိ တောင်တန်းများနှင့် ဆက်နေသဖြင့် ခြင်္သေ့နှင့် ဝက်ဝံမည်းများက တောင်ထဲသို့ ဝင်သွားလောက်ပြီ ဖြစ်၏။

တကယ်တော့ ဝက်ဝံမည်းဆိုလျှင် သိပ်ကိစ္စမရှိပေ။

မည်သို့ပင်ဆိုစေ တောင်ထဲတွင် မူလကတည်းက ဝက်ဝံမည်းများ ရှိနေပြီးသား ဖြစ်သည်။

သို့သော် ခြင်္သေ့ကိုတော့ သေချာပေါက် ရှာတွေ့မှ ရမည်ဖြစ်သည်။

ခြင်္သေ့ကို ကာကွယ်ရန်ဖြစ်သလို တောင်ထဲရှိ တိရစ္ဆာန်များကို ကာကွယ်ရန်လည်း ဖြစ်၏။

ဤဘက်တွင် ဆောင်းရာသီဆိုပါက အရမ်းအေးခဲသဖြင့် ခြင်္သေ့မှာ နှင်းများထဲတွင် အသက်ရှင်နိုင်မည် မဟုတ်ချေ။

"ဒီလိုဆိုရင် အဲဒီတောင်ထဲ ဝင်သွားလောက်တယ်"

"ရှောင်ဟွာနဲ့ လူးနားလည်း အဲဒီမှာ ရှိနေတာ"

"အဲဒီမှာပဲ သွားရှာကြတာပေါ့"

ရွှီယန်က အဓိက လမ်းကြောင်းကို ညွှန်ပြပေးလိုက်သည်။

အခြားလူများလည်း ခေါင်းညိတ်လိုက်ကြ၏။

သူတို့ သွားမည့်လမ်းကြောင်းကလည်း ထိုဘက်သို့ပင် ဖြစ်သည်။

လူရှစ်ယောက် ပါဝင်သော အဖွဲ့က တော်တော်လေး ကြီးမားသည်။

အဓိကအားဖြင့် ရွှီယန်နှင့် ရဲများအပြင် ကင်မရာထမ်းထားသော ကင်မရာမန်း တစ်ယောက်ပါ ပါလာခြင်းဖြစ်သည်။

အစိုးရအလုပ်များ လုပ်ဆောင်ရာတွင် မည်မျှကြီးမားသော ပွဲများဖြစ်ပါစေ သတင်းထုတ်ပြန်ရန် လုံးဝ မမေ့ကြချေ။

သတင်းထုတ်ပြန်ရေး အလုပ်က တစ်ခါတရံ တကယ် လက်တွေ့အလုပ်လုပ်ခြင်းထက်ပင် ပို၍ အရေးကြီးသေးသည်။

ကင်မရာမန်းကလည်း အလုပ်သဘောကို နားလည်သူဖြစ်သည်။

သူက ရွှီယန်ကိုသာ အမြဲတမ်း နောက်ယောင်ခံ ရိုက်ကူးနေ၏။

ပျောက်သွားသော ခြင်္သေ့များကို ရှာဖွေရာတွင် ရွှီယန်ကို အားကိုးမှသာ ရမည်ဆိုသည်ကို သူ သိရှိနေသောကြောင့် ဖြစ်သည်။

အခန်း (၂၇၈) ထူးခြားသော စွမ်းရည်၊ တောင်ထဲတွင် ခြင်္သေ့ ရှာဖွေခြင်း

ယနေ့ တောတောင်ထဲမှ မြင်ကွင်းက တကယ်ကို စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ခြင်္သေ့တစ်ကောင်က ဝက်မကြီးကို လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်။

မည်သူက ဤမြင်ကွင်းကို ကြည့်ပြီး မအံ့ဩဘဲ နေမည်နည်း။

မြက်ခင်းပြင်ကျယ်ကြီးများ၌ပင် ဤကဲ့သို့သော ဇာတ်ကွက်မျိုး ရိုက်ကူး၍ မရနိုင်သော်လည်း ချန်ပိုင်တောင်တန်းတွင် တကယ် ဖြစ်ပျက်နေခဲ့သည်။

ရွှီယန်က ရှောင်ဟွာနှင့် အတူတကွ ရှိနေစဉ် ထိုဘက်မှ လှုပ်ရှားသံကို နှစ်ဦးစလုံး ကြားလိုက်ရသည်။

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့ လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ပန်းရောင်ဝက်လေး တစ်ကောင်က အစွမ်းကုန် ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။

ဝက်ခြေထောက် လေးချောင်းမှာ အလျင်အမြန် လှုပ်ရှားနေပြီး မြေပြင်မှ မြေကြီးများနှင့် မြက်စများပင် လွင့်စင်လာခဲ့သည်။

"လခွမ်း... သူ အသက်ရှင်နေသေးတာပဲ"

"တော်တော် မိုက်တာပဲ"

ရွှီယန်က ပန်းရောင်ဝက်လေးကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် အနောက်မှ ခြင်္သေ့ဖိုတစ်ကောင် ပေါ်လာပြီး ခြေလှမ်းအနည်းငယ် လိုက်ပြေးပြီးနောက် ရပ်တန့်သွားကာ ထိုနေရာတွင်ပင် မောဟိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။

ရွှီယန်၏ မျက်ဝန်းများ ပြောင်းလဲသွားသည်။

"တွေ့ပြီ... တကယ်ကြီး ခြင်္သေ့ပါလား"

ရှောင်ဟွာလည်း အဝေးမှ ခြင်္သေ့ကို သတိထားမိသွားသည်။

သူက တစ်ဖက်လူထံမှ အန္တရာယ်ကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် သတိကြီးစွာဖြင့် အနောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်၏။

"ရှောင်ဟွာ... သစ်ပင်ပေါ် တက်တော့... အဲဒီကောင်က တော်တော် အန္တရာယ်များတယ်"

ရွှီယန်က အလျင်အမြန် သတိပေးလိုက်သည်။

ရွှီယန်၏ စကားကို ကြားသောအခါ ရှောင်ဟွာ ချက်ချင်းပင် အနောက်သို့ ပြေးသွားပြီး တင်ပါးကို လှုပ်ကာလှုပ်ကာဖြင့် သစ်ပင်ပေါ်သို့ တွယ်တက်သွားတော့သည်။

ကျားသစ်ပေါက်လေး နှစ်ကောင်က ရှောင်ဟွာ သစ်ပင်တက်သည့် ဟန်ပန်ကို ကြည့်ပြီး မျက်လုံးများထဲတွင် သိချင်စိတ်များ ပြည့်နှက်နေ၏။

ထိုဟန်ပန်က အလွန် ထူးဆန်းနေသဖြင့် သူတို့လည်း လိုက်လံသင်ယူချင်နေကြသည်။

ရွှီယန်ကတော့ ခြင်္သေ့ရှိရာသို့ ချဉ်းကပ်သွားရင်း ရဲစခန်းမှ ရဲအရာရှိထံ ဖုန်းဆက်ရန် မမေ့ခဲ့ချေ။

"ဟလို... လျိုမင်လား... ငါ ခြင်္သေ့တစ်ကောင်ကို ရှာတွေ့ပြီ... မင်းတို့ကို တည်နေရာ ပို့ပေးလိုက်မယ်"

"ငါ အရင် သူ့နောက်ကို လိုက်သွားမယ်... မင်းတို့ အမြန် လာခဲ့ကြ"

ရွှီယန်၏ စကားကို ကြားသောအခါ ရဲအဖွဲ့က သူရှိရာဘက်သို့ ချက်ချင်း ထွက်လာကြသည်။

သူတို့က အခြားအဖွဲ့များကိုလည်း အကြောင်းကြားလိုက်ရာ အခြားသူများလည်း အနားသို့ ချဉ်းကပ်လာရန် ပြင်ဆင်နေကြ၏။

ခြင်္သေ့မှာ သိသိသာသာ ပြေးရသည်ကို ပင်ပန်းသွားသဖြင့် မြေပြင်ပေါ်တွင် မှောက်လျက် နားနေသည်။

တောထဲမှ အရာအားလုံးက သူ့အတွက် စိမ်းသက်နေသဖြင့် အနည်းငယ် စိုးရိမ်ပူပန်နေပုံရသည်။

သို့သော် သူသည် သားရဲတိရစ္ဆာန် ဖြစ်သည့်အားလျော်စွာ သတိထားနိုင်စွမ်းက အလွန် မြင့်မားလှ၏။

နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်နှင့် အဝေးမှ လျှောက်လာသော ရွှီယန်ကို သတိထားမိသွားတော့သည်။

ထိုအချိန်တွင် ဒရုန်းက အပေါ်သို့ တက်သွားပြီး ခြင်္သေ့နှင့် ရွှီယန်တို့၏ မြင်ကွင်းကို ရိုက်ကူးနေသည်။

[လောင်ရွှီ ပေါ်လာပြီဟေ့]

[ခြင်္သေ့က သူ့ကို မြင်သွားပြီ]

[တော်တော် မိုက်တာပဲ]

[လောင်ရွှီ ဘာလုပ်ချင်တာလဲ]

အင်တာနက်သုံးစွဲသူများက အဆက်မပြတ် အော်ဟစ်နေကြသည်။

သို့သော် ယခုအခါ အားလုံးက ရွှီယန်၏ စွမ်းရည်ကို သိရှိနားလည်ထားကြပြီဖြစ်ရာ အနည်းငယ် စိုးရိမ်ရုံမှလွဲ၍ အရင်ကလို အလွန်အမင်း ထိတ်လန့်နေခြင်းမျိုး မရှိတော့ချေ။

ရွှီယန်က ခြင်္သေ့ကို ကြည့်နေလိုက်သည်။

တိရစ္ဆာန်ရုံမှ ခြင်္သေ့မှာ အထူးတလည် သန်မာထွားကြိုင်းနေခြင်းမျိုး မရှိသော်လည်း မျက်ဝန်းများထဲတွင် အတွေ့အကြုံ ရင့်ကျက်သည့် အရိပ်အယောင်များ ရှိနေပုံရ၏။

ဤခြင်္သေ့က ရွှီယန်ကို ကြည့်ကာ ရွှီယန်ရှိရာသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။

ရွှီယန်က ပထမဆုံး အချိန်မှာပင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး တက်၍ရနိုင်သော သစ်ပင်များကို ရှာတွေ့ထားပြီး ဖြစ်သည်။

သူက ရင်ဘတ်ရှိ မိုက်ခရိုဖုန်းကို ဖွင့်ကာ အနည်းငယ် ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။

"အားလုံး မြင်တဲ့အတိုင်းပဲ... အခု ခြင်္သေ့က ကျွန်တော့်ဆီကို တဖြည်းဖြည်း ကပ်လာနေပြီ"

"သူ့မျက်လုံးတွေကို ကြည့်ရတာ... သူက ကျွန်တော့်ကို အမဲလိုက်ချင်နေပုံရတယ်"

"ဒီခြင်္သေ့က တော်တော် ဆိုးတယ်"

"ဒါပေမဲ့ အားလုံးလည်း စိတ်ပူစရာ မလိုပါဘူး... ခြင်္သေ့တွေက သစ်ပင်မတက်တတ်ဘူးလေ... အနည်းဆုံးတော့ ဖြောင့်တန်းနေတဲ့ သစ်ပင်တွေကို မတက်နိုင်ဘူးပေါ့"

"ကျွန်တော့်မှာ လွတ်အောင်ပြေးဖို့ အချိန် အလုံအလောက် ရှိပါတယ်"

ရွှီယန်က ပြောရင်း သစ်ပင်အနားသို့ တိုးကပ်သွားသည်။

သူက ခြင်္သေ့ အနားရောက်လာသည်ကို မစောင့်တော့ဘဲ ချက်ချင်းပင် သစ်ပင်ပေါ်သို့ တွယ်တက်သွားပြီးနောက် ခန္ဓာကိုယ်ကို အားပြုကာ အိမ်မြှောင် လမ်းလျှောက်သကဲ့သို့ ပေါ့ပေါ့ပါးပါးဖြင့် သစ်ပင်ပေါ်သို့ ရောက်ရှိသွားတော့၏။

အင်တာနက်သုံးစွဲသူများက သူ သစ်ပင်တက်သည်ကို မြင်တိုင်း အမြဲတမ်း အံ့ဩကြရသည်။

ဤကျွမ်းကျင်မှုအတွက် ပြောစရာစကားပင် မရှိတော့ချေ။

ခြင်္သေ့က သူ သစ်ပင်တက်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် ခြေလှမ်းရပ်တန့်သွားသည်။

ထို့နောက် ခြင်္သေ့က နောက်လှည့်ကာ ထွက်သွားတော့၏။

ခြင်္သေ့ ထွက်သွားသည်ကို မြင်သောအခါ ရွှီယန်လည်း သတ္တိကောင်းစွာဖြင့် သစ်ပင်ပေါ်မှ ချက်ချင်းဆင်းလာပြီး ခြင်္သေ့နောက်သို့ လိုက်သွားလိုက်သည်။

ဤခြင်္သေ့ကို လွှတ်ပေးလိုက်၍ မရသေးချေ။

ခြင်္သေ့က အနောက်မှ လှုပ်ရှားသံကို သတိထားမိပြီး ရွှီယန်ထံသို့ လှည့်ကြည့်လာသည်။

ခြင်္သေ့ ရပ်လိုက်သောအခါ ရွှီယန်လည်း ရပ်လိုက်၏။

ထို့နောက် ခြင်္သေ့က ရွှီယန်ရှိရာဘက်သို့ ခြေလှမ်း နှစ်လှမ်းခန့် ပြေးလာပြီး မကျေမနပ်ဖြင့် ဟိန်းဟောက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

'မင်း ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ'

ခြင်္သေ့က ထိုသို့ ပြောနေသည့် အလားပင်။

"ခြင်္သေ့ ညီအစ်ကို... မတတ်နိုင်ဘူး... ဒီတောက တကယ်ကို မင်းနဲ့ မသင့်တော်ဘူး"

"စိတ်ချပါ... ရဲတွေ ပြောပြချက်အရ ဒီကိစ္စ ပြီးသွားရင် မင်း ဆပ်ကပ်အဖွဲ့ကို ပြန်သွားရမှာ မဟုတ်ဘူး... တိရစ္ဆာန်ရုံကို ပို့ခံရမှာ"

"ဒီလိုကိစ္စ ဖြစ်ပြီးသွားပြီဆိုတော့ ဆပ်ကပ်အဖွဲ့ကလည်း မင်းတို့ကို ဆက်မွေးထားလို့ မရတော့ဘူးလေ"

ရွှီယန်က မူလနေရာတွင် ရပ်ကာ ခြင်္သေ့ကို လှမ်း၍ ပြောလိုက်သည်။

သူက ခြင်္သေ့နှင့် ဆက်သွယ်နေခြင်း ဖြစ်၏။

ခြင်္သေ့က တကယ်ပင် ဆက်မသွားတော့ချေ။

အဓိကအားဖြင့် ဆပ်ကပ်အဖွဲ့မှ ခြင်္သေ့ဖြစ်နေသောကြောင့် လူများနှင့် အချိန်အကြာကြီး နေလာခဲ့သဖြင့် ထိုမျှလောက်ကြီး အရိုင်းစိတ် မရှိတော့ခြင်းဖြစ်သည်။

တည်ငြိမ်သွားပါက လျှောက်ပြေးတော့မည် မဟုတ်ပေ။

ခြင်္သေ့က မူလနေရာတွင်ပင် မှောက်ချလိုက်ပြီး အနည်းငယ် ပင်ပန်းနေပုံရသည်။

ရွှီယန်က သစ်ပင်တစ်ပင်ကို မှီကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေလိုက်သည်။

မည်သို့ပင်ဆိုစေ နောက်ထပ် ခြင်္သေ့တစ်ကောင် ရှိနေသေးကြောင်း သူ သိထားသည် မဟုတ်ပါလော။

အင်တာနက်သုံးစွဲသူများမှာ ကြည့်ရင်းဖြင့် အံ့ဩမှင်တက်နေကြသည်။

'ဒါတောင် ရတာလား'

တစ်ဖက်လူမှာ ခြင်္သေ့ဖြစ်သည်။ ကျားကဲ့သို့ပင် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များထဲတွင် အမြင့်ဆုံး အဆင့်ရှိသည့် အကောင် ဖြစ်၏။

'မင်းက နည်းနည်းလေးတောင် မကြောက်ဘူးလား'

'သူနဲ့ စကားတောင် ပြောနိုင်သေးတယ်'

ဆပ်ကပ်အဖွဲ့ ကားမှောက်သည့် ကိစ္စမှာ လူမှုကွန်ရက် သတင်းရေပန်းစားမှု အဆင့်သတ်မှတ်ချက်တွင် ရှိနေဆဲဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူအရေအတွက်မှာ ပိုပိုပြီး များပြားလာသည်။

ရွှီယန် ခြင်္သေ့ရှာနေကြောင်း ကြားသိရသောအခါ လူများ အကုန်လုံး ရောက်လာကြတော့သည်။

ထို့အပြင် ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ကြည့်လိုက်သောအခါ ဘယ်တော့မှ စိတ်ပျက်စရာ မဖြစ်ခဲ့ဘဲ လူများက တကယ်ကြီး ခြင်္သေ့ကို မြင်တွေ့လိုက်ရ၏။

တစ်ချိန်တည်းမှာပင် ရဲစခန်းသို့ သတင်းပေးဖုန်းများ အများအပြား ဝင်ရောက်လာခဲ့သည်။

စိတ်အားထက်သန်သော အင်တာနက်သုံးစွဲသူများက ဤသတင်းကို ရဲများအား အကြောင်းကြားကြခြင်း ဖြစ်သည်။

ဖုန်းလက်ခံရသော ရဲများမှာ အလုပ်ပင် မအားလပ်နိုင်တော့ချေ။

"ဟုတ်ကဲ့... ရွှီယန် ခြင်္သေ့ကို ရှာတွေ့သွားပြီဆိုတာ ကျွန်တော်တို့ သိပါပြီ... အဖွဲ့တွေ သွားနေပါပြီ"

"ကျွန်တော်တို့ သိပါပြီ... ကူညီဖို့ အဖွဲ့တွေ လွှတ်လိုက်ပါပြီ"

ဖုန်းများ အားလုံးက ဤကိစ္စများအကြောင်းချည်းသာ ဖြစ်သည်။

ရွှီယန်က ထိုနေရာတွင် ခြင်္သေ့ကို စောင့်ပေးနေသည်။ သိပ်မကြာခင်မှာပင် အစိုးရ၏ ဒရုန်းကလည်း ပျံသန်းလာပြီး ခြင်္သေ့၏ တည်နေရာကို အတည်ပြုလိုက်၏။

ခဏအကြာတွင် မီးသတ်အဖွဲ့ ရောက်လာသည်။

သူတို့က ခြင်္သေ့ကို မေ့ဆေးပေးပြီး ကြိုးဖြင့်တုပ်ကာ လူနာတင်စင် တစ်ခုဖြင့် ခြင်္သေ့ကို တောင်အောက်သို့ သယ်ဆောင်သွားကြသည်။

ခြင်္သေ့၏ အလေးချိန်မှာ မပေါ့ပါးလှချေ။ လူလေးယောက် သယ်ဆောင်သည်ကိုပင် အနည်းငယ် အားစိုက်ရသည်။

ရွှီယန်ကတော့ ဘေးနားမှနေ၍ ကြည့်နေလိုက်၏။

မီးသတ်သမား အချို့က ရွှီယန်ကို မြင်သောအခါ ဝမ်းသာအားရဖြင့် လာရောက် နှုတ်ဆက်ကြပြီး ရွှီယန်နှင့်အတူ ဓာတ်ပုံ တွဲရိုက်ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများလည်း ရယ်မောလိုက်ကြ၏။

[လောင်ရွှီ ရဲ့ နာမည်ကျော်ကြားမှုက တကယ် မြင့်တာပဲ... သွားလေရာ နေရာတိုင်းမှာ ပရိသတ်တွေ ချည်းပဲ]

[ဟားဟားဟား... သူ့ကို မြင်ရင် ဘယ်သူက ဓာတ်ပုံ မတွဲရိုက်ချင်ဘဲ နေမလဲ]

[ချန်ပိုင်တောင်တန်းရဲ့ ရှားပါး လူသား အမွေအနှစ် တစ်ခုလို ဖြစ်နေပြီ... အကုန်လုံးက သူ့ဘေးမှာ လာမှတ်တမ်းတင်ချင်ကြတာ]

[သူက အခု အရမ်း နာမည်ကြီးနေတာ... အဓိကက အမည်းစက် လုံးဝ မရှိဘူး... အစစ်အမှန်တွေချည်းပဲ လုပ်ပြတာ]

နေရာလေးက အတော်လေး စည်ကားသွားသည်။

ကျားသစ် မိသားစုကတော့ သစ်ပင်ပေါ်တွင် ပုန်းအောင်းကာ ဤဘက်မှ အခြေအနေကို ကြည့်နေကြ၏။

လူများက ခြင်္သေ့ကို သယ်ဆောင်သွားသည်ကို မြင်သောအခါ သူတို့က လူများကို ပို၍ သတိထားသွားကြသည်။

သေချာပေါက် ရွှီယန်ကလွဲ၍ ဖြစ်သည်။

ထို့နောက် ရွှီယန်က ဒုတိယ ခြင်္သေ့ကို ဆက်လက် ရှာဖွေခဲ့သည်။

စနစ်က တာဝန် ထက်ဝက် ပြီးသွားပြီဟု ပြသနေပြီး ဒုတိယမြောက် ခြင်္သေ့ကို ရှာတွေ့မှသာ ရမည်ဖြစ်သည်။

"အခု ကျွန်တော် ဒုတိယ ခြင်္သေ့ကို သွားရှာတော့မယ်... ပုံမှန်အားဖြင့် ခြင်္သေ့တွေက အုပ်စုဖွဲ့ နေထိုင်တတ်ကြတယ်... ခြင်္သေ့ နှစ်ကောင်က အတူတူ သွားလာသင့်တာ"

"ဒါပေမဲ့ ကျွန်တော် ခြင်္သေ့ တစ်ကောင်ပဲ တွေ့တယ်"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။

"ဒါဆိုရင် အဖြစ်နိုင်ဆုံးက တောင်ထဲကို ဝင်လာတဲ့ လမ်းမှာ ခြင်္သေ့ နှစ်ကောင်က အကြောင်းတစ်ခုခုကြောင့် လမ်းခွဲသွားတာ ဖြစ်မယ်"

"ဒါကြောင့် ကျွန်တော်က ခြင်္သေ့ လာခဲ့တဲ့ လမ်းအတိုင်း နောက်ကြောင်း ပြန်လှည့်ရမယ်"

ရွှီယန်က ပထမဆုံး ခြင်္သေ့ခြေရာ တွေ့ခဲ့သည့် နေရာကို စိတ်ထဲတွင် ပြန်လည် စဉ်းစားလိုက်သည်။

ထို့နောက် လက်ရှိ နေရာကို အတည်ပြုလိုက်၏။

တောင်ကြီး၏ သုံးဖက်မြင် ပုံစံငယ်က သူ၏ ခေါင်းထဲတွင် ပေါ်လာပြီး ခြင်္သေ့ လာခဲ့မည့် ခန့်မှန်း လမ်းကြောင်းကို အလျင်အမြန် တွက်ချက်လိုက်သည်။

ရွှီယန်၏ စကားကို ကြားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်သုံးစွဲသူများ အားလုံး လေးစားသွားကြတော့၏။

[တွေ့လား... ဒါကို ကျွမ်းကျင်တယ်လို့ ခေါ်တာ]

[လောင်ရွှီရဲ့ စွမ်းရည်က တကယ်ပဲ အလကား မဟုတ်ဘူး]

[အရင်တုန်းက သူ့ကို တော်တဲ့ တောတောင်ရှာဖွေသူ တစ်ယောက်လို့ပဲ ထင်ခဲ့တာ... နောက်မှ သိလိုက်ရတယ် သူက ချန်ပိုင်တောင်တန်းရဲ့ ကျန်းချီလင် ဝင်စားတာပဲ... အရမ်း တော်လွန်းတယ်]

[လောင်ရွှီရဲ့ လိုက်ဖ်ကို ကြည့်ရတာ အရမ်း စိတ်ချရတယ်]

ရွှီယန်က ခြင်္သေ့ လာခဲ့သည့် လမ်းအတိုင်း နောက်ကြောင်း ပြန်လှည့်သွားခဲ့သည်။

သူက ပတ်ဝန်းကျင်ကို အမြဲတမ်း အကဲခတ်နေသော်လည်း တစ်နာရီကျော်ခန့် ရှာဖွေပြီးနောက် မည်သည့် အရာကိုမျှ မတွေ့ရချေ။

ခြင်္သေ့၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

"ထူးဆန်းတယ်... ဒီကောင် ဘယ်ရောက်သွားတာလဲ"

"အလိုလို ပျောက်သွားတာတော့ မဖြစ်နိုင်ဘူး"

ရွှီယန်က ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ တောအုပ်ကို ကြည့်လိုက်သည်။

ခြင်္သေ့ နှစ်ကောင် အတူတကွ နေထိုင်လာကြခြင်း ဖြစ်သဖြင့် မခွဲခွာသင့်ပေ။

ထို့အပြင် ရွှီယန်က အရှေ့မလှမ်းမကမ်းတွင် ကယ်ဆယ်ရေး အဖွဲ့များ အပေါ်သို့ တက်ကာ အသေးစိတ် ရှာဖွေနေကြသည်ကို သတိထားမိလိုက်သည်။

ဆိုလိုသည်မှာ ခြင်္သေ့က ဤအနီးအနားတွင် သေချာပေါက် မရှိဘူးဆိုသည်ပင်။

"ပြန်လှည့်ပြီး ရှာရမယ်... သေချာပေါက် တစ်ခုခု လွတ်သွားတာ ရှိမယ်"

ရွှီယန်က နောက်သို့ လှည့်ကာ ပြန်လည် ရှာဖွေလိုက်သည်။

ဒရုန်းကလည်း အထက်တွင် ပျံသန်းရင်း အောက်ဘက်တွင် လှုပ်ရှားနေသော သတ္တဝါများကို ခြေရာခံနေ၏။

အင်တာနက်သုံးစွဲသူ သိန်းနှင့်ချီပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ရွှီယန်နှင့်အတူတကွ ရှာဖွေနေကြသည်။

ကွန်မန့်များက အလွန် စည်ကားနေ၏။

ရွှီယန်က ဘာမျှ ရှင်းပြစရာပင် မလိုတော့ဘဲ ကွန်မန့်များကို ကြည့်ရုံဖြင့်ပင် အလွန် စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်သည်။

သို့သော် ဒုတိယ ခြင်္သေ့ကို ယခုထိ မရှာတွေ့သေးချေ။

[ခြင်္သေ့ ရော... ပျံသွားတာတော့ မဟုတ်ဘူးမလား]

[ပုန်းနေတာများလား]

[ဒီလောက်ကြီးတဲ့ တောင်ကြီးထဲမှာ ရှာရတာ မလွယ်ဘူးနော်]

[စိတ်ချပါ... ဒီလောက် လူအများကြီး ရှာနေတာပဲ... ဘယ်လိုပဲဖြစ်ဖြစ် တွေ့မှာပါ]

လူများက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် စကားပြောနေကြသည်။

ရွှီယန်က ဆက်လက်၍ ဟိုဟိုဒီဒီ ကြည့်ရှုနေ၏။

ထိုအချိန်မှာပင် ရွှီယန်က ပြောလိုက်သည်။

"ကျွန်တော် တောထဲကို မကြာခဏ သွားလေ့ရှိတယ်... တောထွက်ပစ္စည်းတွေ ရှာတဲ့အခါ ပိုပြီး အကဲခတ်တတ်ဖို့ ပိုပြီး သတိထားမိဖို့ လိုအပ်တယ်"

"အသေးအမွှား အပြောင်းအလဲလေးတွေက တောထွက်ပစ္စည်းတွေ ပေါက်တဲ့ နေရာ ဖြစ်တတ်တယ်လေ"

"ခြင်္သေ့ ရှာတာကလည်း တောထွက်ပစ္စည်း ရှာတာနဲ့ သဘောတရား အတူတူပဲ"

"ပထမအကြိမ် မတွေ့ဘူးဆိုရင် ဒုတိယအကြိမ် သေချာပေါက် ကွာခြားချက် ရှိရမယ်"

"ကျွန်တော် ခြင်္သေ့ကို ရှာတွေ့ပြီလို့ ထင်တယ်"

ပြောရင်းဖြင့် ရွှီယန်က အရမ်း မတ်စောက်သော တောင်စောင်း တစ်ခုဆီသို့ ရောက်သွားခဲ့သည်။

တောင်စောင်းပေါ်တွင် မြက်ပင်ရှည်များ ပေါက်ရောက်နေပြီး အရှေ့ဘက်ကို ကွယ်ထား၏။ အကယ်၍ သတိမထားဘဲ မြက်ပင်ရှည်များ ကြားထဲသို့ ဖြတ်သွားပါက ခြေချော်ပြီး လိမ့်ကျသွားနိုင်ပေသည်။

ရွှီယန်က တောင်စောင်း၏ နေရာတစ်ခုတွင် ခြေသည်းရာများ ရှိနေသည်ကို သတိထားမိလိုက်သည်။

မလွဲမသွေ ခြင်္သေ့က အောက်သို့ လိမ့်ကျသွားခြင်း ဖြစ်ရမည်။

"ခြင်္သေ့က အောက်မှာ ရှိနေနိုင်တယ်လို့ ကျွန်တော် ထင်တယ်"

"အောက်ကို ဆင်းကြည့်မယ်"

ရွှီယန်က မြက်ပင်ရှည်များကို ဖြတ်သွားပြီး မြက်ခင်းပြင်ပေါ်တွင် ဖင်ထိုင်ချလိုက်သည်။

ဤကဲ့သို့သော တောင်စောင်းမျိုးက ဘာမှ လုပ်၍ မရနိုင်ချေ။ လျှောချသွားမှသာ ရမည်ဖြစ်သည်။

အမြန်နှုန်း အရမ်း မလွန်သွားစေရန် အမြဲတမ်း ခြေထောက်ဖြင့် ဘရိတ်အုပ်ပေးရန်လည်း လိုအပ်သေးသည်။ မဟုတ်ပါက တကယ်ကြီး လိမ့်ကျသွားမည် ဖြစ်၏။

တောင်ထဲမှ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးလှသည်။ ရွှီယန်က တောင်စောင်းပေါ်တွင် ထိုင်ကာ အောက်သို့ စတင် လျှောချသွားတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ လေးစားသွားကြ၏။

လောင်ရွှီ က သတ္တိကောင်းဆဲပင်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ အခုမှ ရောက်လာသော အင်တာနက်သုံးစွဲသူ အသစ်များကတော့ ဤမြင်ကွင်းကို မြင်ပြီး သိချင်စိတ်ဖြင့် မေးကြသည်။

[လောင်ရွှီက ဘယ်လိုဖြစ်လို့ မြက်လျှောစီး ကစားနေတာလဲ]

မြက်လျှောစီးခြင်းက ရှုခင်းသာ နေရာ တော်တော်များများတွင် ရှိသော ဖျော်ဖြေရေး အစီအစဉ် တစ်ခု ဖြစ်သည်။ ကားငယ်လေး တစ်စီးပေါ်တွင် ထိုင်ပြီး ရှင်းလင်းထားသော မြက်ခင်း လမ်းကြောင်း အတိုင်း အောက်သို့ လျှောချသွားရခြင်း ဖြစ်၏။

ရွှီယန်၏ လက်ရှိ အခြေအနေနှင့် တော်တော်လေး ဆင်တူနေသည်။

သို့သော် ရွှီယန်ကတော့ တင်ပါးနှင့် ကျောပြင်ကို အားပြုပြီး လျှောချရခြင်း ဖြစ်၏။

အနည်းငယ်တော့ ကွာခြားပေသည်။

All Chapters