← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉) မပြေးနဲ့... သူက ငါ့အစ်ကိုကြီးကွ

ရွှီယန်က တောင်စောင်းအတိုင်း အောက်သို့ တောက်လျှောက် လျှောဆင်းသွားခဲ့သည်။

အောက်ဘက်တွင် ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့် နက်သည့် ချောက်တစ်ခု ရှိနေပြီး ရွှီယန်က အောက်သို့ ပြုတ်ကျတော့မည့် အချိန်တွင် သူက အလျင်အမြန်ပင် ခြေထောက်ကို ဆန့်ထုတ်ကာ ချောက်၏ အခြားတစ်ဖက်ကို နင်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် အနောက်သို့ လှမ်းဆွဲကာ အရှိန်ကို ထိန်းလိုက်၏။

မြင်ကွင်းက အလွန် အန္တရာယ်များလှသည်။

ကျောက်စရစ်ခဲများနှင့် မြေကြီးများက အဆက်မပြတ် ပြုတ်ကျလာတော့၏။

အင်တာနက်သုံးစွဲသူများက မနေနိုင်ဘဲ အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။

ထို့နောက် ရွှီယန်က ဧရာမ ကျောက်တုံးကြီး တစ်တုံးကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ ခြေထောက်နှစ်ဖက်ကို ပြန်ရုပ်ပြီးနောက် ပေါ့ပေါ့ပါးပါးဖြင့် အပေါ်သို့ တွယ်တက်သွားသည်ကို မြင်တွေ့လိုက်ရ၏။

"လခွမ်း... လန့်စရာကြီး... ဒီအောက်မှာ ချောက်တစ်ခု ရှိနေတာပဲ"

"ဒါပေမဲ့ သိပ်မနက်ပါဘူး... ငါးမီတာလောက်ပဲ ရှိမယ်"

ရွှီယန်က ချောက်အပေါ်တွင် ရပ်ကာ အောက်သို့ လှမ်းကြည့်လိုက်သည်။

အောက်ဘက်တွင် ခြင်္သေ့ တစ်ကောင်က ဘေးတစောင်း လဲလျောင်းနေပြီး အသက်ရှင်သလား သေဆုံးနေသလား မသိရချေ။

"ခြင်္သေ့က ဒီမှာပဲ... ကျွန်တော့်ရဲ့ ခန့်မှန်းချက်က မမှားပါဘူး"

"ဒုတိယ ခြင်္သေ့ ကိုလည်း ရှာတွေ့သွားပြီ"

"သူက ခြေချော်ပြီး အောက်ကို လိမ့်ကျသွားတာ ဖြစ်ရမယ်"

ရွှီယန်က ခြင်္သေ့ကို မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။

အင်တာနက်သုံးစွဲသူများက ရွှီယန်၏ အစွမ်းအစကို မြင်သောအခါ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ချေ။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များက ချက်ချင်းပင် ပွက်လောညံသွားတော့၏။

[လောင်ရွှီ... မင်း တကယ် အရမ်း မိုက်တာပဲ]

[သူ တကယ်ကြီး ရှာတွေ့သွားတာလား]

[ခြင်္သေ့ တစ်ကောင်ကို ရှာတွေ့တာတောင် အရမ်း တော်နေပြီ... သူက နှစ်ကောင်လုံးကို ရှာတွေ့ခဲ့တာလေ]

[ချန်ပိုင်တောင်တန်း ရဲ့ အခြေအနေကို လောင်ရွှီ ကပဲ အဆုံးအဖြတ် ပေးတာ]

[အရမ်း တော်တာပဲ... တောင်ပေါ်က လူကြမ်းကြီး တစ်ယောက်ပဲ]

တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လာသော လူအရေအတွက်က ပိုပိုပြီး များပြားလာပြီး ဤကိစ္စက သံသယဖြစ်စရာ မလိုဘဲ သတင်းရေပန်းစားမှု အဆင့်သတ်မှတ်ချက်ထဲသို့ ထပ်မံ ဝင်ရောက်သွားခဲ့ပြန်သည်။

ထိုအချိန်တွင် ကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က တောင်ထဲသို့ ဝင်ရောက်ကာ ရှာဖွေနေကြဆဲပင်။

ကယ်ဆယ်ရေးအဖွဲ့၏ လူငါးယောက် ပါဝင်သော အဖွဲ့တစ်ဖွဲ့က အထဲသို့ ဝင်ရောက်သွားရင်း အပြန်အလှန် စကားပြောနေကြ၏။

"ဒီလောက်ကြီးတဲ့ တောင်ကြီးထဲမှာ ခြင်္သေ့ကို ဘယ်သွားရှာရမှာလဲ"

"တစ်ကောင်ကို ရှာတွေ့ပြီ မဟုတ်ဘူးလား... ဒုတိယ တစ်ကောင်လည်း သေချာပေါက် အဝေးကြီး ရောက်မှာ မဟုတ်ပါဘူး"

"အားလုံး သတိထားကြပါ... ခြင်္သေ့ က ရုတ်တရက် ခုန်ထွက်လာပြီး ကိုက်မှာကို စိုးရိမ်ရတယ်"

"ဒီနေ့တော့ ညအထိ ရှာရလောက်တယ်... အားလုံး ကြိုတင် ပြင်ဆင်ထားကြပါ"

အားလုံးက အသီးသီး ဆွေးနွေးနေကြသည်။

ထိုအချိန်မှာပင် ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်၏ စကားပြောစက်မှ အသံထွက်ပေါ်လာ၏။

"အဖွဲ့တိုင်း အာရုံစိုက်ပါ... အဖွဲ့တိုင်း အာရုံစိုက်ပါ... ဒုတိယ ခြင်္သေ့ကို ရှာတွေ့သွားပါပြီ... တည်နေရာ အတိအကျ သိရပါပြီ... အားလုံးက တည်နေရာ အတိုင်း ချဉ်းကပ်သွားကြပါ"

ဤအသံကို ကြားသောအခါ အဖွဲ့ဝင်များ အားလုံး အနည်းငယ် မှင်တက်သွားကြတော့သည်။

"ရှာတွေ့ပြီ ဟုတ်လား"

"တော်တော် ကောင်းတာပဲ... အလုပ်တွင်ကျယ်မှုက တော်တော်လေး မြန်တာပဲ... ဘယ်အဖွဲ့က ရှာတွေ့တာလဲ"

"ကျွန်တော် မေးကြည့်လိုက်မယ်"

ထို့နောက် ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်က စကားပြောစက်ကို အသုံးပြု၍ အခြေအနေ အတိအကျကို မေးမြန်းလိုက်သည်။

တစ်ဖက်လူက ပြန်လည် ဖြေကြားလာ၏။

"ဒီလောက် မြန်မြန် ရှာတွေ့တာ ဘယ်သူ ရှိဦးမှာလဲ... ဒုတိယ တစ်ကောင်ကိုလည်း ရွှီယန် ကပဲ ရှာတွေ့ခဲ့တာ"

"ဒီတစ်ခေါက် နေရာက တော်တော်လေး ခေါင်တယ်... သူသာ မဟုတ်ရင် တကယ်ကြီး ရှာတွေ့နိုင်ဖို့ မသေချာဘူး"

"အားလုံး အမြန် စုစည်းကြပါ... ဒီတစ်ခေါက်တော့ ကြိုးဆွဲပြီး အပေါ်တင်မှ ရမယ်ထင်တယ်... ကြိုးတွေနဲ့ လူနာတင်စင်တွေ ပြင်ဆင်ထားကြပါ"

စကားပြောစက်ထဲမှ အသံကို ကြားသောအခါ ကယ်ဆယ်ရေး အဖွဲ့ဝင်များ အားလုံး၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာခဲ့သည်။

"သူပဲလား... တကယ်ကို အံ့ဩစရာ ကောင်းတာပဲ"

"ဒီလူက တကယ် မတူဘူးပဲ... အရမ်း တော်တာပဲ"

"ဒီခေတ်မှာ အင်တာနက်ပေါ်က ထိပ်တန်း အဆင့်ကို ရောက်ဖို့ဆိုတာ သေချာပေါက် အရည်အချင်းတော့ ရှိရမှာပဲ"

"သူ့ရဲ့ စွမ်းရည်က တကယ် အစစ်အမှန် ကြီးလေ... မင်းတို့ထဲက ဘယ်သူကများ တောရိုင်း ကျား ကို သွားပွတ်သပ်ရဲမှာလဲ... ငါ့ကို ပြစမ်းပါဦး"

"သူ ဘယ်လိုများ လုပ်နိုင်တာလဲ ဆိုတာ တကယ် မသိတော့ဘူး"

အဖွဲ့ဝင်များ အားလုံး အလွန် စိတ်လှုပ်ရှားနေကြ၏။

အားလုံးက ပစ်မှတ် ရှိရာ နေရာသို့ အလျင်အမြန် သွားရောက်ကြသည်။

သိပ်မကြာခင်မှာပင် အဖွဲ့တစ်ဖွဲ့ပြီး တစ်ဖွဲ့ အနားသို့ ရောက်ရှိလာကြတော့၏။

ချောက်ထဲသို့ ကျသွားသော ခြင်္သေ့မှာလည်း အလွန် ကံဆိုးလှသည်။ ဒဏ်ရာ ရနေသည့်အပြင် မေ့ဆေး အပ်အချို့ပါ အထိုးခံလိုက်ရသေး၏။

ထို့နောက် အဖွဲ့ဝင်များက ဆင်းသွားကာ ၎င်းကို အပေါ်သို့ ဆွဲတင်ရန် ပြင်ဆင်ကြတော့သည်။

အခင်းဖြစ်ပွားရာ နေရာတွင် လူအလွန် များပြားနေသဖြင့် အခြေအနေက အနည်းငယ် ရှုပ်ထွေးနေသည်။

ထို့ကြောင့် အလွန် စိတ်ဝင်စားစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

လူတစ်စုက ခြင်္သေ့ကို ကယ်ဆယ်နေပြီး အခြား လူတစ်စုက ရွှီယန်ကို ဝိုင်းရံကာ ဓာတ်ပုံ တွဲရိုက်နေကြခြင်းပင်။

အဖွဲ့တိုင်းလောက်နီးနီးက ရွှီယန်ထံသို့ လာရောက်ကာ ဓာတ်ပုံ တွဲရိုက်ကြသည်။

သူတို့အတွက်တော့ ရွှီယန်နှင့် ဓာတ်ပုံ တွဲရိုက်ရခြင်းက ဤခရီးစဉ်၏ အကြီးမားဆုံးသော ဆုလာဘ်ပင် ဖြစ်၏။

ရွှီယန်ကလည်း ပျော်ရွှင်စွာပင် မီးသတ်၊ ကယ်ဆယ်ရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့နှင့် ဓာတ်ပုံ တွဲရိုက်ပေးခဲ့သည်။

အားလုံးက တောင်ထဲဝင်ပြီး တိရစ္ဆာန်များကို ရှာဖွေရသဖြင့် အလွန် ပင်ပန်းနေကြပြီ မဟုတ်ပါလော။

ခြင်္သေ့ကို ရှာတွေ့သွားပြီဖြစ်ရာ အခင်းဖြစ်ပွားရာ နေရာ၏ လေထုက အတော်လေး ပေါ့ပါးနေသည်။

အားလုံးက ရယ်မောကာ စကားပြောနေကြ၏။

ထိုအချိန်တွင် ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်လာပြီး ညနေ လေးနာရီ ကျော်နေပြီ ဖြစ်သည်။

ဝက်ဝံမည်း တစ်ကောင်တော့ မရှာတွေ့သေးချေ။

ဝက်ဝံမည်း ဆိုလျှင်တော့ အားလုံးက သိပ်ပြီး အလျင်မလိုကြတော့ပေ။

အကြောင်းရင်းမှာ တောင်ထဲတွင် မူလကတည်းက ဝက်ဝံမည်းများ ရှိနေပြီးသား ဖြစ်သဖြင့် ဝက်ဝံမည်း တစ်ကောင် တောင်ထဲ ဝင်သွားခြင်းက ဂေဟစနစ် အပေါ် ဘာမှ သက်ရောက်မှု မရှိနိုင်သည့်အပြင် ဝက်ဝံမည်း ကိုယ်တိုင်လည်း အသက်ရှင် နေထိုင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

ရှာနိုင်သလောက် ရှာမည်ဖြစ်ပြီး မရှာတွေ့ပါက နောက်မှ အခွင့်အရေး ရလျှင် ထပ်ရှာရန်သာ ရှိတော့၏။

ထို့အပြင် ရွှီယန်ကလည်း လယ်ယာခြံဝင်းသို့ ပြန်ရန် ရည်ရွယ်ထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့က ဤသတင်းကို ကြားသောအခါ ဝက်ဝံမည်းကို သေချာ ရှာဖွေရန် မရည်ရွယ်တော့ချေ။

ခဏမျှ ရှာဖွေကြည့်သော်လည်း ဘာမှ မတွေ့ရသဖြင့် သူတို့က နောက်ဆုတ်သွားကြတော့သည်။

နောက်ဆက်တွဲ ကိစ္စများကိုတော့ သစ်တောရေးရာ ဦးစီးဌာန နှင့် တိရစ္ဆာန် ကာကွယ်ရေး အသင်းတို့က တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်၏။

သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်သော်လည်း အစိုးရ အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများအရ ပြဿနာ တစ်ခု ဖြစ်လာပါက သေချာပေါက် တာဝန်ယူ ဖြေရှင်းရမည်သာ ဖြစ်သည်။

ထို့ကြောင့် ဆပ်ကပ်အဖွဲ့မှ ခြင်္သေ့ကို တိရစ္ဆာန်ရုံမှ လွှဲပြောင်း ရယူသွားခဲ့၏။

ဆပ်ကပ်အဖွဲ့ ကလည်း ဤကိစ္စကို လက်ခံလိုက်သည်။

ဆပ်ကပ်အဖွဲ့ ပိုင်ရှင်မှာ သေဘေးမှ လွတ်မြောက်လာခြင်းဖြစ်သဖြင့် သူ့အတွက်တော့ ပြဿနာ မရှိလျှင် လုံလောက်ပြီဖြစ်ပြီး ဤခြင်္သေ့များနှင့် ဝက်ဝံမည်း များကို သူ လုံးဝ ဂရုမစိုက်နိုင်တော့ချေ။

ကိစ္စများက ဤသို့ဖြင့် ပြီးဆုံးသွားခဲ့သည်။

ရွှီယန်က ခြင်္သေ့ကို ရှာတွေ့ပြီးနောက် လယ်ယာခြံဝင်းသို့ ပြန်သည့် လမ်းပေါ်တွင် လျှောက်သွားနေ၏။

သူက အင်တာနက်သုံးစွဲသူများကို ပြုံးကာ ပြောလိုက်သည်။

"ဒီနေ့ ကိစ္စက တကယ်ကို မယုံနိုင်စရာပဲ... ကျွန်တော်က တောင်ထဲမှာ ခြင်္သေ့ လိုက်ရှာနေရတယ်"

"သက်တမ်း တစ်လျှောက် ပထမဆုံး အကြိမ်ပဲ"

ရွှီယန်၏ စကားကို ကြားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများ အားလုံး ရယ်မောလိုက်ကြတော့၏။

[လောင်ရွှီ... မင်း ကြုံရတဲ့ ကိစ္စတွေထဲမှာ မယုံနိုင်စရာ မကောင်းတာ ဘာမှ မရှိပါဘူး]

[ဟားဟားဟားဟား... မင်း ကျားကို သွားပွတ်သပ်တာက ပိုပြီး မယုံနိုင်စရာ ကောင်းသေးတယ်]

[သာမန် လူတွေထဲမှာ ဘယ်သူကများ မင်းလို ကစားရဲမှာလဲ]

[ရှာတွေ့သွားတာက တကယ်ကို လေးစားစရာပဲ... တောင်ထဲမှာ မင်းက ကယ်ဆယ်ရေး အဖွဲ့တွေထက်တောင် ပိုပြီး တော်သေးတယ်လို့ ခံစားရတယ်]

တိုက်ရိုက်ထုတ်လွှင့်မှု၏ လေထုက ပေါ့ပါးပြီး ပျော်ရွှင်စရာ ကောင်းနေသည်။

ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုများက အမြဲတမ်း ဤသို့ပင် ဖြစ်သည်။ တစ်ခါတရံ အန္တရာယ်များသော်လည်း အမြဲတမ်း ပေါ့ပါးပြီး သက်သောင့်သက်သာ ရှိလှပေသည်။

ရွှီယန်က တောတောင်ထဲတွင် လမ်းလျှောက်နေ၏။ ဤတစ်ကြိမ်တွင်တော့ သူက တောထွက်ပစ္စည်းများကို မရှာဖွေတော့သလို အရင်ကလိုမျိုး တောင်ထဲ ဝင်သည့်အခါတိုင်း သတိထားနေခြင်းမျိုးလည်း မရှိတော့ချေ။

အပြန်အလှန်အားဖြင့် ပို၍ တည်ငြိမ်ပြီး အေးချမ်းသွားသကဲ့သို့ ဖြစ်နေသည်။

ဖြစ်နိုင်သည်မှာ အရမ်း ရင်းနှီးကျွမ်းဝင်နေသောကြောင့် ဖြစ်ပေမည်။

တောင်ထဲမှ ရှုခင်းများက အလွန် လှပနေဆဲပင်။

မြက်ပင်များနှင့် သစ်ပင်များက စိမ်းလန်းစိုပြည်နေပြီး ပန်းများကလည်း ဖူးပွင့်နေကြ၏။

ငှက်များ အော်မြည်သံနှင့် ပိုးမွှားများ အော်မြည်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။

လေထုကလည်း လတ်ဆတ်သော အနံ့များ ပါဝင်နေ၏။

ထိုအချိန်မှာပင် ခေါင်းအထက်မှ စူးရှသော အော်သံ တစ်သံ ထွက်ပေါ်လာသည်။

စွန်နက်က ရွှီယန် သည် ယနေ့၏ အဓိက ဇာတ်ကောင် ဖြစ်ကြောင်း သိနေသည့် အလား ရွှီယန်ကို ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး ရိုင်းစိုင်းသော အငွေ့အသက်များ ပေးစွမ်းနိုင်ရန် တမင်တကာ ပျံသန်းဆင်းသက်လာခြင်း ဖြစ်၏။

စွန်နက်က ကောင်းကင်ယံတွင် ဝဲပျံကာ အဆက်မပြတ် ဆင်းသက်လာပြီး ရွှီယန်၏ ခေါင်းအထက်တွင် တောင်ပံများကို ခတ်ကာ အရှိန် လျှော့ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ရွှီယန်က အလျင်အမြန်ပင် လက်မောင်းကို ဆန့်ထုတ်ပေးလိုက်ပြီး ၎င်းကို နားခိုစရာ နေရာ ဖန်တီးပေးလိုက်၏။

ရွှီယန်က လက်ရှည် ဆွယ်တာ အင်္ကျီကို ဝတ်ဆင်ထားပြီး စွန်နက်ကလည်း ရွှီယန်၏ လက်မောင်းကို ခြေသည်းများဖြင့် မထိခိုက်မိစေရန် ရှောင်ရှားကာ ထူထဲသော ခြေဝါးများဖြင့်သာ ရွှီယန်၏ လက်မောင်းကို ထိတွေ့ပြီး ခြေသည်းများကို ဆုပ်ကိုင်လိုက်သည်။

ရွှီယန်၏ လက်မောင်းကို ဘာအန္တရာယ်မှ မဖြစ်စေနိုင်ချေ။

ယခုအခါ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လူအရေအတွက် အလွန် များပြားနေပြီး အများစုက စွန်နက်ကို မမြင်ဖူးကြချေ။

ရွှီယန်က ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကွန်မန့်များ တက်လာသည်ကို တွေ့လိုက်ရ၏။

[အားလုံးပဲ မအံ့ဩကြပါနဲ့... လောင်ရွှီ က ဒီသိမ်းငှက် ကို သူ မွေးထားတာ မဟုတ်ဘူးလို့ ပြောလိမ့်မယ်... သူနဲ့ ဒီသိမ်းငှက် က မရင်းနှီးဘူးလို့ ပြောလိမ့်မယ်]

[မင်းတို့ ယုံရင်လည်း ယုံ... ငါကတော့ လုံးဝ မယုံဘူး]

[ဒီလို အခြေအနေကြီး ဖြစ်နေတာတောင် မရင်းနှီးဘူးလို့ ပြောနေသေးတယ်... လိုက်ဖ်လွှင့်သူ က သရဲတွေကို လိမ်နေတာလား]

[ဟားဟားဟား... ဒါက စွန်နက် တစ်ကောင်ပဲ... သူက လောင်ရွှီ ကို ခင်နေတာလေ... ဘာတတ်နိုင်မှာလဲ]

[ငယ်ငယ်ကတည်းက မွေးထားတဲ့ အကောင် မဟုတ်ဘဲနဲ့ လူတွေကို ခင်တွယ်တတ်တယ် ဟုတ်လား... မဖြစ်နိုင်တာ]

[သူ့ကိုယ်ပေါ်မှာတော့ ဖြစ်နိုင်တာတွေချည်းပဲ]

အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဆူညံစွာ ပြောဆိုနေကြသည်။

ရွှီယန်က ကွန်မန့်များကို အများကြီး ဂရုမစိုက်နေချေ။

သူက လက်မောင်းပေါ်မှ စွန်နက်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"မင်းသာ ငါပြောတဲ့ စကားတွေကို နားလည်ရင် တော်တော် ကောင်းမှာပဲ... နောက်ပိုင်း တောင်ထဲမှာ တစ်ခုခု ရှာစရာ ရှိရင် မင်းကို ရှာခိုင်းလို့ ရတာပေါ့"

"မင်းရဲ့ မျက်လုံးတွေက ဒရုန်း ထက် အများကြီး ပိုစူးရှတယ်လေ"

ရွှီယန်၏ စကားကို ကြားသောအခါ စွန်နက်က ခေါင်းလေးစောင်းကာ သူ့ကို အကဲခတ်ကြည့်နေပြီး သူ၏ စကားများကို နားလည်အောင် ကြိုးစားနေပုံ ရ၏။

ဤစွန်နက်က အလွန် လှပပြီး တက်ကြွလန်းဆန်းနေကာ သားရဲငှက်များ ရှိသင့်သော ကြီးကျယ်ခမ်းနားမှုနှင့် မာနထောင်လွှားသော အငွေ့အသက်များ ရှိနေပေသည်။

၎င်းက ရွှီယန်၏ လက်မောင်းပေါ်တွင် ရပ်ကာ နှုတ်သီးဖြင့် အမွေးများကို အကြိမ်အနည်းငယ် ဖီးသင်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ယားယံသည့် နေရာများကို ကုတ်နေ၏။

နားရတာ လုံလောက်သွားသောအခါ ၎င်းက တောင်ပံများကို ဖြန့်ကားကာ ပျံသန်းရန် ပြင်ဆင်လိုက်သည်။

ရွှီယန်ကလည်း ၎င်းနှင့် အပေးအယူ မျှစွာဖြင့် လက်မောင်းကို ချက်ချင်း မြှောက်တင်ပေးလိုက်၏။

စွန်နက်က ချက်ချင်းပင် တောင်ပံများကို ခတ်ကာ အပေါ်သို့ ပျံသန်းသွားတော့ရာ လေပြင်းများ ထွက်ပေါ်လာပြီး ရွှီယန်၏ ဆံပင်များကိုပင် လွင့်ဝဲသွားစေသည်။

မြင်ကွင်းက အလွန် မိုက်လှပေသည်။

ခေတ်မီ လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့သော မြင်ကွင်းမျိုး မြင်တွေ့ရရန် အလွန် ခဲယဉ်းလှ၏။

ရွှီယန်ကတော့ တောအုပ်ထဲတွင် ဆက်လက် လမ်းလျှောက်နေဆဲပင်။

ခြင်္သေ့ ကိစ္စကလည်း ဤမျှဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ရွာရဲစခန်းမှ ရဲအရာရှိများက ရွှီယန်ကို အကူအညီ တောင်းထားသေး၏။ တကယ်လို့ တောင်ထဲတွင် ဝက်ဝံမည်း၏ အရိပ်အယောင်ကို တွေ့ပါက သူတို့ကို အကြောင်းကြားပေးရန် ဖြစ်သည်။

ထိုဝက်ဝံမည်းက မှတ်မိရန် အလွန် လွယ်ကူပြီး လည်ပင်းတွင် ဆွဲကြိုး တစ်ကွင်း ပါရှိပေသည်။

ရွှီယန်က ထိုအချိန်က သဘောတူခဲ့သည်။

နှစ်ရက်အကြာတွင် ရွှီယန်က ရတနာရှာဖွေရေး တာဝန် လုပ်ဆောင်ရန် တောင်ထဲသို့ ဝင်လာသောအခါ...

သူ တကယ်ပင် ထိုဝက်ဝံမည်းကို မြင်တွေ့ခဲ့ရသည်။

လည်ပင်းရှိ ဆွဲကြိုးက အလွန် သိသာလွန်းနေ၏။

သို့သော် ရွှီယန်က ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ချေ။

ထိုဆပ်ကပ်အဖွဲ့မှ ဝက်ဝံမည်းက လယ်ယာခြံဝင်းကို ခင်တွယ်နေသော ဝက်ဝံမည်း နှင့် အတူတကွ ရှိနေခြင်း ဖြစ်သည်။

ကောင်လေး နှစ်ကောင်က သူငယ်ချင်း ဖြစ်သွားပုံရပြီး အတူတကွ လှုပ်ရှားသွားလာနေကြကာ ဆက်ဆံရေးက အလွန် ရင်းနှီးနေပုံ ရ၏။

ရွှီယန်က အနည်းငယ် အံ့ဩသွားမိသည်။ ဝက်ဝံမည်းများက တစ်ကောင်တည်း နေထိုင်တတ်ကြပြီး အတူတကွ နေထိုင်ကြသည်ကို မြင်တွေ့ရခဲလှပေသည်။

ဤဝက်ဝံမည်း နှစ်ကောင်ကတော့ တကယ်ကို အတူတကွ နေထိုင်နေကြပြီ ဖြစ်၏။

"လောင်ဟေး က တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ... လယ်ယာခြံဝင်း ကို ခဏခဏ လာပြီး အလကား လာစားသောက်နေတဲ့ အပြင် အခု ဆပ်ကပ်အဖွဲ့ က ဝက်ဝံမည်း ကိုတောင် ခေါ်လာသေးတယ်"

ရွှီယန်က ဝက်ဝံမည်း နှစ်ကောင် အတူတကွ ရှိနေသည်ကို မြင်သောအခါ ပြုံးကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

သူက တိုက်ရိုက်ထုတ်လွှင့်မှုကို မဖွင့်တော့ဘဲ လျှောက်သွားကာ ဝက်ဝံမည်း နှစ်ကောင်ကို နှုတ်ဆက်လိုက်၏။

ဆပ်ကပ်အဖွဲ့မှ ဝက်ဝံမည်းက လူလာသည်ကို မြင်သောအခါ လန့်သွားပြီး နောက်လှည့်ကာ ချက်ချင်း ပြေးတော့သည်။

ရွှီယန်က "လောင်ဟေး" ဟု ခေါ်လေ့ရှိသော ဝက်ဝံမည်း ကတော့ ပျော်ရွှင်စွာဖြင့် ရွှီယန် ရှိရာသို့ ပြေးလာခဲ့၏။

ထို့အပြင် ၎င်းက ဆပ်ကပ်အဖွဲ့မှ ဝက်ဝံမည်းကို အနောက်သို့ လှည့်ကြည့်ကာ ခေါ်ရန်လည်း မမေ့ခဲ့ချေ။

"မပြေးနဲ့... သူက ငါ့အစ်ကိုကြီးကွ"

ဆပ်ကပ်အဖွဲ့မှ ဝက်ဝံမည်းက 'အရင်တုန်းက ငါ့မှာလည်း အစ်ကိုကြီး တစ်ယောက် ရှိတယ်... နေ့တိုင်း ငါ့ကို ရိုက်တာပဲ' ဟု ပြောနေသည့် အလားပင်။

လောင်ဟေး က 'မကြောက်နဲ့... ငါ့အစ်ကိုကြီး က လူမရိုက်ဘူး... ငါးပဲ ကျွေးတာ' ဟု ပြောနေသကဲ့သို့ ဖြစ်၏။

ရွှီယန်က လောင်ဟေး အနားသို့ တိုးကပ်သွားပြီး ဤအူကြောင်ကြောင် နိုင်လှသော ဝက်ဝံမည်းကို ကြည့်ကာ အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မိသဖြင့် ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

လောင်ဟေး ကလည်း အူကြောင်ကြောင်ဖြင့် ရယ်မောနေ၏။

ဆပ်ကပ်အဖွဲ့မှ ဝက်ဝံမည်းက ဤမြင်ကွင်းကို မြင်သောအခါ ပထမတော့ ရပ်တန့်ကာ ခဏမျှ ကြည့်နေပြီးနောက် ရွှီယန်က ၎င်းကို အစားအစာ အချို့ ကျွေးမွေးလိုက်သောအခါ ၎င်းလည်း ရွှီယန်ကို တဖြည်းဖြည်း ယုံကြည်လာတော့သည်။

ဤကောင်လေးက အတော်လေး အူကြောင်ကြောင် နိုင်ပေသည်။

နည်းနည်း ရှက်တတ်သည့် ပုံစံမျိုး ရှိ၏။

ပို၍ အံ့ဩစရာ ကောင်းသည်မှာ ဤကောင်လေးက မတ်တပ်ရပ်ပြီး လမ်းလျှောက်တတ်ခြင်းပင် ဖြစ်သည်။

ပုံမှန်အားဖြင့် ဝက်ဝံမည်းများက လေးဖက်ထောက် လမ်းလျှောက်တတ်ကြပြီး တစ်ခါတရံ ရန်ဖြစ်သည့် အခါမျိုးတွင်မှသာ မတ်တပ်ရပ်တတ်ကြ၏။

ဤဝက်ဝံမည်း ကတော့ ရှေ့ခြေထောက်များကို တွဲလောင်းချထားပြီး နောက်ခြေထောက် နှစ်ဖက်ဖြင့် အလျင်အမြန် လှုပ်ရှားကာ မတ်တပ်ရပ်ပြီး လမ်းလျှောက်နေခြင်း ဖြစ်သည်။

အကယ်၍ ညဘက်တွင်သာ တစ်ယောက်ယောက် မြင်တွေ့သွားပါက လန့်သေသွားနိုင်ပေသည်။

ဒါက တကယ် ဝက်ဝံမည်း သရဲ ဝင်စားတာပဲ...

ရွှီယန်က ဤကောင်လေးတွင် တိုက်ခိုက်လိုစိတ် မရှိသည်ကို သတိထားမိသည့်အပြင် အတော်လေး အူကြောင်ကြောင် နိုင်သဖြင့် ၎င်း၏ ဆွဲကြိုးကို ဖြုတ်ပေးလိုက်၏။

၎င်းက တောင်ထဲတွင် အတော်လေး ကောင်းမွန်စွာ နေထိုင်နိုင်ပြီး ဤနေရာက ၎င်းနှင့် အတော်လေး သင့်တော်ပေသည်။

ထို့အပြင် ဤကောင်လေးက ဖြည်းဖြည်းချင်း လေးဖက်ထောက် လမ်းလျှောက်ရန်လည်း သင်ယူလာပြီး သစ်တောထဲသို့ ပိုပိုပြီး ဝင်ဆံ့လာတော့၏။

ထိုနေ့မှစ၍ ဆပ်ကပ်အဖွဲ့မှ ဝက်ဝံမည်း ဆိုသည်မှာ မရှိတော့ဘဲ ချန်ပိုင်တောင်တန်း တွင် အမည်မသိ ဝက်ဝံမည်း တစ်ကောင်သာ ပိုလာခဲ့တော့သည်။

မည်သို့ပင်ဆိုစေ ဘယ်သူကမှ ဂရုမစိုက်ကြသည့်အပြင် ၎င်းကလည်း ဤနေရာတွင် ပျော်ရွှင်စွာ နေထိုင်နိုင်သဖြင့် ဤနေရာတွင်ပင် ဆက်လက် နေထိုင်ခွင့် ပြုလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အခန်း (၂၈၀) ကျားသစ်၏ ထူးဆန်းသော အပြုအမူ၊ ရွှီယန်ကို ကလေးထိန်းခိုင်းခြင်း

ရွှီယန်က မိန်းကွန်းကြောင်လေး တစ်ကောင်ကို ထပ်မွေးလိုက်သည်။

၎င်းမှာ စနစ်၏ ဆုလာဘ်ပင် ဖြစ်သည်။

သူ အပြင်တစ်ခေါက် ထွက်သွားပြီးနောက် ပြန်လာသောအခါ မိန်းကွန်းကြောင်လေးကို တစ်ပါတည်း ခေါ်လာခဲ့သည်။

ဝန်ထမ်းများကတော့ ရွှီယန် ဝယ်လာသော အိမ်မွေးတိရစ္ဆာန် အသစ်လေးဟုသာ ထင်မှတ်နေကြ၏။

မိန်းကွန်းကြောင်မှာ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ ရုပ်ရည်သွင်ပြင် ရှိသော်လည်း အခြား ကြောင်များနှင့် မတူညီသည့် အချက်မှာ နားရွက်များက အနည်းငယ် ပိုချွန်ပြီး ကိုယ်ပိုင် ဟန်ပန်လေး ရှိနေခြင်း ဖြစ်သည်။

၎င်းက အကြီးဆုံး ကြောင်မျိုးစိတ်ဖြစ်ပြီး ခန္ဓာကိုယ်မှာ အလွန် ကြီးမားလာနိုင်သည်။

လယ်ယာခြံဝင်းထဲတွင် မွေးမြူထားခြင်းကလည်း အတော်လေး သင့်တော်ပေသည်။

လယ်ယာခြံဝင်းမှာ ဆက်လက် ဆောက်လုပ်နေဆဲပင် ဖြစ်သည်။

အုတ်မြစ်များ ချပြီးသွားပြီဖြစ်ရာ အလုပ်သမားများက နံရံများကို စတင် တည်ဆောက်နေကြပြီ ဖြစ်၏။

ဝန်ထမ်းများကလည်း တစ်ခါတရံ လာရောက် ကြည့်ရှုတတ်ပြီး အကူအညီ ပေးတတ်ကြသည်။

ဤနေရာရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကြီးကြပ်သူ ရှိသဖြင့် အရည်အသွေးပိုင်း အတွက် လုံးဝ စိတ်ပူစရာ မလိုချေ။

မည်သို့ပင်ဆိုစေ ရွာထဲတွင် အလုပ်လုပ်ရခြင်း ဖြစ်သဖြင့် အရေးကြီးဆုံးမှာ နာမည်ကောင်းပင် ဖြစ်၏။

ဤဆောက်လုပ်ရေး အဖွဲ့သာ တကယ်လို့ ပစ္စည်းများကို ခိုးကြောင်ခိုးဝှက် လျှော့ချ သုံးစွဲမည်ဆိုပါက နောက်ပိုင်းတွင် အလုပ် ရနိုင်တော့မည် မဟုတ်ပေ။

သိပ်မကြာခင်မှာပင် နဂါးလှေသဘင်ပွဲတော် ရောက်ရှိလာသည်။

တရုတ်ပြည် တစ်နိုင်ငံလုံး ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြ၏။

ဘိုးဘေးကြီး ချွီယွမ် မြစ်ထဲ ခုန်ချခဲ့မှုကြောင့်သာ နောင်လာနောက်သားများ အတွက် သုံးရက်တာ အားလပ်ရက် ရရှိခဲ့ခြင်း ဖြစ်သဖြင့် သူ့ကို ကျေးဇူးတင်ရမည် ဖြစ်သည်။

နေရာဒေသ အသီးသီးတွင် နဂါးလှေလှော်ပြိုင်ပွဲများကို စတင် ကျင်းပနေကြပြီ ဖြစ်၏။

ရွှီယန်က အားလပ်နေသဖြင့် မိန်းကွန်းကြောင်လေးကို ပွေ့ချီကာ ရုပ်မြင်သံကြား ဖွင့်၍ အရှေ့မြောက်ဒေသမှ နဂါးလှေလှော်ပြိုင်ပွဲများကို ကြည့်ရှုနေလိုက်သည်။

နဂါးလှေ အသင်း စုစုပေါင်း ငါးသင်း ရှိရာ တစ်သင်းက တိုက်ရိုက် လှေမှောက်သွားပြီး အခြား တစ်သင်းက လမ်းကြောင်း အလွန် လွဲချော်သွားကာ ဘေးနားရှိ အခြား အသင်းကိုပါ ဝင်တိုက်၍ လှေမှောက်သွားစေခဲ့၏။

ကျန်ရှိနေသော နဂါးလှေ အသင်း နှစ်သင်းကတော့ ယိမ်းယိုင်ကာ ဟိုဘက်ဒီဘက် လှုပ်ရမ်းရင်း ပန်းတိုင်သို့ ရောက်ရှိသွားကြတော့သည်။

ရွှီယန်က ကြည့်ရင်းဖြင့် ရယ်မောနေမိ၏။

ပန်းတိုင်ကို ရောက်သွားလျှင် အောင်မြင်သည်ဟု သတ်မှတ်ရမည်ပင်။

မည်သို့ပင်ဆိုစေ မြောက်ပိုင်းသားများက ရေကြောင်း တိုက်ပွဲများကို ကျွမ်းကျင်သူများ မဟုတ်ကြချေ။

ကွမ်တုန်း ဘက်ရှိ ပြိုင်ပွဲများကို ပြန်ကြည့်လိုက်သောအခါ သူတို့က ကွေ့ကောက်နေသော မြစ်ငယ်လေးထဲတွင် ယှဉ်ပြိုင်နေကြခြင်း ဖြစ်ပြီး နဂါးလှေများ၏ အမြန်နှုန်းက အလွန် မြန်ဆန်သည့်အပြင် ကွေ့ကောက်ရာတွင် အရှိန်နှင့် ရေပြင်ကို ပွတ်တိုက် လျှောတိုက်၍ပင် ကွေ့သွားကြသေး၏။

ဤသည်ကမှ တကယ့် နဂါးလှေလှော်ပြိုင်ပွဲ အစစ်ပင် ဖြစ်သည်။

လယ်ယာခြံဝင်းမှ ဖက်ထုပ်များလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ချန်ကျွမ် က တကယ်ကို လက်မှုပညာ ကျွမ်းကျင်သူပင်။

သူမ ထုပ်ထားသော ဖက်ထုပ်များက အလွန် သေသပ်ပြီး ဖောင်းကားနေကာ ကိုင်ကြည့်လိုက်သည်နှင့် အလွန် ကျစ်လျစ်ကြောင်း သိနိုင်ပေသည်။

ဤသည်ကမှ တကယ့် ဖက်ထုပ်ကောင်းပင် ဖြစ်သည်။

တချို့ ဖက်ထုပ်များက ထုတ်လိုက်သည်နှင့် ထောင့်များ ပြဲထွက်နေပြီး ကိုင်ကြည့်ပါကလည်း မကျစ်လျစ်သဖြင့် အရသာ အများကြီး ကွာခြားသွားတတ်၏။

ထို့ကြောင့် ဖက်ထုပ် ထုပ်ပါက သေသပ် ကျစ်လျစ်အောင် ထုပ်ရမည် ဖြစ်သည်။

လယ်ယာခြံဝင်းက ဖက်ထုပ်များ အများအပြား ထုပ်ထားပြီး ဈေးတန်းသို့ သွားရောက် ရောင်းချရန်လည်း တစ်စိတ်တစ်ပိုင်းကို သယ်ဆောင်သွားခဲ့သည်။

ဤဘက်ရှိ ဈေးတန်းများတွင် လက်လုပ် ဖက်ထုပ်များက စက်ဖြင့် ပြုလုပ်ထားသော ဖက်ထုပ်များထက် အများကြီး ပို၍ လူကြိုက်များလှပေသည်။

အထူးသဖြင့် ရွှီယန်၏ လယ်ယာခြံဝင်းမှ ထွက်ရှိသော ထုတ်ကုန်များကို အားလုံးက ယုံကြည်ကြ၏။

ထို့ကြောင့် ဖက်ထုပ် လာဝယ်သူ အလွန် များပြားလှသည်။

မသိမသာဖြင့် ရွှီယန်၏ နာမည်ကောင်းကလည်း ဒေသတွင်းတွင် ပိုပိုပြီး ကြီးမားလာတော့၏။

ပွဲတော်ရက်များကို အလွန် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။

ပထမဆုံး ရက်တွင် အားလုံး အလုပ်များခဲ့ကြသော်လည်း နောက်ရက်များတွင်တော့ ရွှီယန်က အားလုံးကို သုံးရက်တာ အားလပ်ရက် ပေးလိုက်သည်။

အားလုံး အပြင်ထွက် လည်ပတ်နိုင်ကြ၏။

ဝန်ထမ်းများ အားလုံးတွင် အားလပ်ရက်များ ရှိကြပြီး အစိုးရ ရုံးပိတ်ရက်များ အပြင် တစ်ယောက်လျှင် နှစ်စဉ် ခွင့်ရက် ဆယ့်ငါးရက်စီ ရရှိကြသည်။

ဤဘက်ရှိ ခံစားခွင့်များက ဒေသတွင်းတွင် အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။

ထို့ကြောင့် အားလုံးက အလုပ်လုပ်ရန် အလွန် စိတ်အားထက်သန်နေကြပြီး လယ်ယာခြံဝင်းမှ ထုတ်ပယ်ခံရမည်ကို အလွန် ကြောက်ရွံ့နေကြ၏။

အားလပ်ရက် အတွင်း လီဆန်း၊ နွားသန်ကြီး နှင့် ချန်ကျွမ် တို့ သုံးယောက်က လယ်ယာခြံဝင်းတွင် ကျန်ခဲ့ကြပြီး ကျန်သည့်သူများကတော့ ကိုယ်ပိုင် အလုပ်များ ရှိကြသည်။

မာဝန် နှင့် ကျိန့်ရှန်ချီ တို့က အိမ်ပြန်ကြပြီး ဝမ်ဝူ ကတော့ တက္ကသိုလ် သူငယ်ချင်းများနှင့် အပြင်ထွက် လည်ပတ်ရန် ချိန်းဆိုထား၏။

ထို့ကြောင့် လယ်ယာခြံဝင်းက အနည်းငယ် ခြောက်ကပ်နေသကဲ့သို့ ဖြစ်နေသည်။

ထိုနေ့ နံနက်ပိုင်းတွင် ရွှီယန်က ပုံမှန်အတိုင်း လယ်ယာခြံဝင်းထဲတွင် လမ်းလျှောက်နေလိုက်သည်။

တိရစ္ဆာန်လေးများကိုလည်း လွှတ်ထားသဖြင့် လယ်ယာခြံဝင်း နေရာအနှံ့တွင် ဆော့ကစားနေကြ၏။

ထိုအချိန်မှာပင် ရွှီယန်က လယ်ယာခြံဝင်းထဲတွင် ရှောင်ဟွာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူ အမြင်မှားသွားသည်ဟုပင် ထင်လိုက်မိ၏။

"ရှောင်ဟွာ..."

လယ်ယာခြံဝင်းထဲတွင် ကျားသစ် တစ်ကောင် ရုတ်တရက် ပေါ်လာခြင်းက အနည်းငယ်တော့ အံ့ဩစရာ ကောင်းနေပေသည်။

ရှောင်ဟွာ က ရွှီယန်ကို အော်ဟစ်ကာ လာခဲ့ရန် အချက်ပြလိုက်၏။

ရွှီယန်က ရှောင်ဟွာ အပြင်ထွက်တော့မည်ကို မြင်သောအခါ သိချင်စိတ်ဖြင့် နောက်မှ လိုက်သွားခဲ့သည်။

ထို့နောက် ရှောင်ဟွာ က အရှိန်တင်ကာ တစ်မီတာကျော် မြင့်သော ခြံစည်းရိုးကို ခုန်ကျော် ထွက်သွားတော့၏။

ရွှီယန်က အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ လူးနား က တောင်ကုန်းပုလေး တစ်ခု၏ အောက်တွင် ပုန်းနေပြီး ကျားသစ်ပေါက်လေး နှစ်ကောင်လည်း ထိုနေရာ၌ ရှိနေသည်ကို တွေ့လိုက်ရသည်။

ရွှီယန် အနည်းငယ် မှင်တက်သွား၏။

၎င်းမှာ မည်သို့သော အခြေအနေဖြစ်ကြောင်း သူ နားမလည်နိုင်ဖြစ်သွားသည်။

ထို့နောက် ရှောင်ဟွာ က ကျားသစ်ပေါက်လေး တစ်ကောင်ကို ကိုက်ချီကာ လယ်ယာခြံဝင်း ရှိရာဘက်သို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။

သနားစရာ ကျားသစ်ပေါက်လေးမှာ ဘာဖြစ်သွားမှန်း မသိဘဲ အူကြောင်ကြောင်ဖြင့် ရှောင်ဟွာ ကိုက်ချီထားရာသို့ ပါလာရတော့၏။

ထို့နောက် ရှောင်ဟွာ က ခြံစည်းရိုး အနားသို့ ရောက်လာပြီး ကျားသစ်ပေါက်လေးကို ခြံစည်းရိုး အောက်ဘက်ရှိ အပေါက်လေး တစ်ခုတွင် ချထားပေးလိုက်သည်။

ထိုအပေါက်လေးမှာ မြေခွေးလေးများ ဝင်ထွက်နိုင်ရန် ချန်ထားပေးခြင်း ဖြစ်သော်လည်း ယခုအခါ ကျားသစ်ပေါက်လေးများ အထဲဝင်ရန် အဆင်ပြေသွားတော့၏။

"မင်းက ဘာသဘောလဲ... ငါ့ကို ကလေးထိန်း ခိုင်းမလို့လား"

"နေပါဦး... မင်း ဒါကို ဘယ်သူ့ဆီက သင်လာတာလဲ"

ရွှီယန်က ဤမြင်ကွင်းကို မြင်သောအခါ ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။

ထိုအဖြစ်အပျက်မှာ အလွန် မယုံနိုင်စရာ ကောင်းလှပေသည်။

ဤကျားသစ် နှစ်ကောင်က တကယ်ကို စိတ်ချ၍ မရနိုင်ချေ။

ရွှီယန်ကို ကလေးထိန်းခိုင်းရန် လယ်ယာခြံဝင်း အထိတောင် ရောက်လာကြခြင်း ဖြစ်သည်။

ရှောင်ဟွာ က ကျားသစ်ပေါက်လေး တစ်ကောင်ကို ချထားခဲ့ပြီး ဒုတိယ တစ်ကောင်ကို သွားယူပြန်၏။

ထို့နောက် ၎င်းက နောက်သို့ပင် မလှည့်ကြည့်တော့ဘဲ ပြေးထွက်သွားတော့သည်။

လူးနား က ကျားသစ်ပေါက်လေး နှစ်ကောင်ကို စိုးရိမ်တကြီး ကြည့်ကာ ရှောင်ဟွာ ကို မေးလိုက်သည်။

'ဒီလိုလုပ်လို့ ရပါ့မလား'

ရှောင်ဟွာ က ဟိန်းဟောက်သံ တိုးတိုးလေးဖြင့် ပြန်ဖြေလိုက်၏။

'စိတ်ချပါ... ငါ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ'

အရင်က မိုးရွာသည့် အခါမျိုးတွင် တားဟွာ က ရှောင်ဟွာ ကို တကယ်ပင် ဤနေရာသို့ လာပို့လေ့ ရှိခဲ့သည်။

ထိုစဉ်က ရှောင်ဟွာလေးမှာ ရွှီယန်၏ ခြံဝင်းထဲတွင် မိုးခိုခဲ့ရခြင်း ဖြစ်၏။

နောက်ပိုင်းတွင် လယ်ယာခြံဝင်းထဲတွင်ပင် တိုက်ရိုက် အခြေချ နေထိုင်သွားခဲ့တော့သည်။

လူးနား နှင့် ရှောင်ဟွာ တို့ အပြန်အလှန် ဆက်သွယ်ပြီးနောက် ကျားသစ် နှစ်ကောင်မှာ ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားကြတော့၏။

ကျားသစ်ပေါက်လေးများက ရွှီယန်၏ ခြေရင်းတွင် ရှိနေပြီး နည်းနည်းလေးမျှ မကြောက်ရွံ့ကြချေ။

သူတို့က ပထမဆုံး ရွှီယန်၏ ဘောင်းဘီစ နားတွင် အချင်းချင်း ဆော့ကစားကြပြီးနောက် မြက်ခင်းပြင်ပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင် အခြေအနေကို သိချင်စိတ်ဖြင့် အကဲခတ်နေကြသည်။

ဤအရွယ်ရှိ တိရစ္ဆာန်ပေါက်လေးများက အရာအားလုံးကို သိချင်စိတ် ပြည့်နှက်နေတတ်ကြ၏။

ထို့အပြင် ကြောက်ရွံ့စိတ် လည်း မရှိကြပေ။

ကျားသစ် နှစ်ကောင်က ခွဲပြီး လှုပ်ရှားကြကာ ဟိုဟိုဒီဒီ ပြေးလွှား ခုန်ပေါက်ရင်း လယ်ယာခြံဝင်း အတွင်းပိုင်းသို့ ဝင်ရောက်သွားကြတော့သည်။

ရွှီယန်က အလျင်အမြန်ပင် သူတို့ကို ဖမ်းယူကာ တစ်နေရာတည်းတွင် ထားလိုက်ပြီး အတူတကွ သွားစေလိုက်၏။

ဤကောင်လေးများကို လျှောက်ပြေးခွင့်ပေး၍ မဖြစ်နိုင်ချေ။

အဓိကအားဖြင့် လမ်းပျောက်သွားမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။

လမ်းပျောက်သွားပါက ပြဿနာ ကြီးမားသွားမည်သာ ဖြစ်သည်။

ထိုအချိန်တွင် မြေခွေးလေး လေးကောင်က ဘယ်နေရာကနေ ထွက်လာမှန်း မသိဘဲ ခုန်ပေါက်ကာ ရွှီယန် ရှိရာသို့ ပြေးလာကြသည်။

မြေခွေးလေး လေးကောင်က ယနေ့တွင် သူငယ်ချင်း အသစ်များ ထပ်ရောက်လာမည်ကို သေချာပေါက် မထင်မှတ်ထားခဲ့ကြချေ။

သူတို့က ကျားသစ်ပေါက်လေးများကို မြင်သောအခါ ချက်ချင်း လန့်သွားကြတော့သည်။

ကျားသစ်ပေါက်လေး နှစ်ကောင်ကလည်း အနည်းငယ် သတိထားသွားကြ၏။

သူတို့က ခါးကို ကိုင်းကာ အမွေးများ ထောင်လာပြီး ချစ်စရာ ကောင်းသော ဟိန်းဟောက်သံလေးများ ပြုလုပ်လာကြသည်။

နှစ်ဖက်စလုံးက အနည်းငယ် လန့်သွားကြပုံ ရ၏။

"ဘာမှ မဖြစ်ဘူး... ဘာမှ မဖြစ်ဘူး... မကြောက်ကြနဲ့"

"လယ်ယာခြံဝင်း ထဲမှာ အရမ်း လုံခြုံတယ်... အားလုံးက ညီအစ်ကိုတွေချည်းပဲ"

ရွှီယန်က ဤကောင်လေး နှစ်ဖွဲ့ကို အလျင်အမြန် ချော့မော့လိုက်သည်။

ကျားသစ် နှင့် မြေခွေးလေးများ အပြန်အလှန် ကြည့်လိုက်ကြ၏။

သူတို့က တဖြည်းဖြည်း သတိထားမှုကို လျှော့ချလိုက်ပြီး အချင်းချင်း တိုးကပ်သွားကြသည်။

သူတို့ အားလုံးက မွေးကာစ တိရစ္ဆာန်ပေါက်လေးများသာ ဖြစ်ပြီး မျက်ဝန်းများထဲတွင် အပြစ်ကင်းစင်မှုများ ပြည့်နှက်နေ၏။

ဤကဲ့သို့ အပြစ်ကင်းစင်သော ခံစားချက်က သူတို့ကို အလွန် ရင်းနှီးသွားစေသည်။

ထိုအချိန်မှာပင် မလှမ်းမကမ်းမှ ရက်ကွန်းဝက်ဝံလေး က ပျော်ရွှင်စွာဖြင့် ပြေးလာခဲ့သည်။

ဤကောင်လေးက မြေခွေးလေးများ နှင့် အတူတကွ ဆော့ကစားရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

မကြာသေးမီက သူတို့ အတူတကွ ဆော့ကစားရသည်မှာ အလွန် ပျော်စရာ ကောင်းနေခဲ့သည်။

သို့သော် ရက်ကွန်းဝက်ဝံလေး က ကျားသစ်ပေါက်လေးများကို မြင်သောအခါ လန့်သွားပြီး နေရာတွင်ပင် ချက်ချင်း နောက်ကြောင်း ပြန်လှည့်ကာ ဘီးစလစ်ဖြစ်ပြီး မြေပြင်ပေါ် မှောက်လျက်သားဖြင့် အမြန်ဆုံး ပြန်ပြေးသွားတော့၏။

တစ်ခဏချင်းမှာပင် ဘယ်ကို ရောက်သွားမှန်း မသိတော့ချေ။

ရွှီယန်က ဤမြင်ကွင်းကို ကြည့်ကာ ရယ်မောလိုက်မိသည်။

ဤရက်ကွန်းဝက်ဝံလေး၏ အကျင့်စရိုက်ကို သူ နားလည်ပေသည်။

ဤကောင်လေးက ကြောင်များကို အလွန် ကြောက်တတ်ပြီး ကြောင်မျိုးရင်းဝင် တိရစ္ဆာန် အားလုံးကို ကြောက်ရွံ့ကာ မွေးရာပါ အကြောက်တရား ရှိနေသကဲ့သို့ပင်။

အထူးသဖြင့် ဆန်းပြောင် ကို အကြောက်ဆုံး ဖြစ်၏။

ဤအချက်ကတော့ ရွှီယန်ကို အနည်းငယ် ငိုရခက် ရယ်ရခက် ဖြစ်စေသည်။

လီဟွာကြောင် ဆန်းပြောင် က ရက်ကွန်းဝက်ဝံလေး ကို ဂရုစိုက်ရန်ပင် ပျင်းရိနေသော်လည်း ရက်ကွန်းဝက်ဝံလေး က ဆန်းပြောင် ကို မြင်သည်နှင့် လန့်ပြီး အနောက်သို့ ပြေးလေ့ ရှိပေသည်။

ဤရက်ကွန်းဝက်ဝံလေး မည်သို့ တွေးတောနေသည်ကို မသိနိုင်ချေ။

ရက်ကွန်းဝက်ဝံလေး ရောက်လာပြီး ချက်ချင်း ပြန်ထွက်သွားသည်ကို ရွှီယန် မြင်သော်လည်း အများကြီး ဂရုမစိုက်နေတော့ချေ။

ယနေ့က ကျားသစ်များ၏ ကလေးများကို အပ်နှံခံရသော နေ့ဖြစ်ရာ ဤကျားသစ်ပေါက်လေး နှစ်ကောင်ကို သေချာ ဂရုစိုက်ရမည် ဖြစ်၏။

ထိုအချိန်တွင် ကျားသစ်ပေါက်လေး နှင့် မြေခွေးလေးများက သိချင်စိတ်ဖြင့် အချင်းချင်း ချဉ်းကပ်သွားကြသည်။

သူတို့က အပြန်အလှန် စမ်းသပ်ကြည့်ပြီး တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သိလိုက်ရသောအခါ အတူတကွ စတင် ဆော့ကစားကြတော့၏။

ဤကောင်လေးများ အားလုံးက ဆော့သန်သော အကျင့်စရိုက် ရှိကြသဖြင့် ချက်ချင်းပင် အပြန်အလှန် လုံးထွေး သတ်ပုတ်ကြတော့သည်။

ရွှီယန်က အရှေ့မှ မြင်ကွင်းကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

မြေခွေးလေးက ကျားသစ်ပေါက်လေးကို မြေပြင်ပေါ်သို့ ဖိလှဲကာ ဆော့ကစား သတ်ပုတ်နေကြသည်။

ဤမြင်ကွင်းမျိုးက မြင်တွေ့ရခဲလှပေသည်။

အဓိကအားဖြင့် မြေခွေးလေးများက ကျားသစ်ပေါက်လေးများ ထက် တစ်လ ပိုကြီးနေပြီး ဤအရွယ်တွင် တစ်လ ကွာခြားမှုက အတော်လေး များပြားလှ၏။

ထို့ကြောင့် ကျားသစ်ပေါက်လေးများက အနည်းငယ် အရေးနိမ့်နေပုံ ရသည်။

သို့သော် သူတို့ အားလုံးက ဆော့ကစားနေကြခြင်းသာ ဖြစ်ပြီး အားမသုံးကြသဖြင့် ကြည့်ရသည်မှာ အတော်လေး ပျော်စရာ ကောင်းနေပေသည်။

ရွှီယန်က မြေပြင်ပေါ်တွင် ထိုင်ကာ သူတို့နှင့် အတူတကွ ဆော့ကစားနေလိုက်၏။

တစ်ခါတရံ မြေခွေး နှင့် ကျားသစ်များကို ပွေ့ဖက်ကာ ခေါင်းလေးများကို ပွတ်သပ်ပေးလိုက်သေးသည်။

အလွန် ပျော်စရာကောင်းသော ခံစားချက်ပင် ဖြစ်၏။

ဤကောင်လေးများ အားလုံးက ရွှီယန်ကို အလွန် ယုံကြည်ကြသည်။

လီဆန်း နှင့် နွားသန်ကြီး တို့က တစ်ခါတရံ အပြင်ထွက်လာပါက ဤဘက်မှ မြင်ကွင်းကို အဝေးမှနေ၍ မြင်တွေ့သွားတတ်ကြ၏။

မြင်တွေ့သွားလျှင်ပင် သူတို့က မမြင်သကဲ့သို့သာ နေလိုက်ကြသည်။

မည်သို့ပင်ဆိုစေ သူဌေးက ဤကဲ့သို့ လုပ်ဆောင်နေသည်မှာ ထမင်းစားရေသောက် ကဲ့သို့ ပုံမှန် ကိစ္စတစ်ခု ဖြစ်နေပြီး ခဏခဏ မြင်တွေ့ရတတ်သည် မဟုတ်ပါလော။

ဤကဲ့သို့သော ကိစ္စများကို လယ်ယာခြံဝင်း အတွင်းတွင်သာ သိရှိထားလျှင် လုံလောက်ပေသည်။

သူတို့က လည်း အပြင်သို့ ဘယ်တော့မှ မပြောပြကြချေ။

မဟုတ်ပါက အင်တာနက်ပေါ် ရောက်သွားလျှင် လူအများ၏ ဝေဖန်ပြောဆိုခြင်းကို ခံရပြန်ဦးမည် ဖြစ်၏။

သူတို့က တစ်ခါတရံ တိတ်တဆိတ် အတွင်းရေး ဆွေးနွေးတတ်ကြသည်။

"သူဌေး က ကျားသစ်ပေါက်လေးတွေ ထပ်မွေးထားပြန်ပြီ... တောင်ထဲမှာပဲ မွေးထားတာ... တကယ် တော်တာပဲ"

"အနောက်ဘက် တောင်က အကောင်ကြီးတွေ အကုန်လုံး သူနဲ့ ရင်းနှီးနေကြတယ်လို့ ခံစားရတယ်... သူဌေးက ဒီတောင်ကြီးရဲ့ ခေါင်းဆောင်ပဲ"

"တကယ်ကို ထူးခြားတဲ့ လူပဲ"

ရွှီယန်က သူတို့၏ စိတ်ထဲတွင်တော့ အတော်လေး လျှို့ဝှက်ဆန်းကြယ်သူ တစ်ယောက် ဖြစ်နေ၏။

ရွှီယန်ကတော့ ဘာမှ မထူးဆန်းဘူးဟု ထင်ကာ ကိုယ်ဖြစ်ချင်သော ဘဝကိုသာ ဖြတ်သန်းနေခြင်း ဖြစ်သည်။

ကျားသစ်ပေါက်လေးများ နှင့် ဆော့ကစားရသဖြင့် ဤနေ့က စိတ်အခြေအနေ အလွန် ကောင်းမွန်နေခဲ့၏။

ညနေ လေးနာရီခန့် ရောက်သောအခါ ရှောင်ဟွာ က လယ်ယာခြံဝင်းထဲသို့ ထပ်မံ ရောက်ရှိလာပြန်သည်။

၎င်းက နှစ်ကြိမ်ခန့် အော်ဟစ်လိုက်ပြီး ရွှီယန်ကို ခေါ်ထုတ်လိုက်၏။

"ဘာဖြစ်လို့လဲ... ကလေး လာတောင်းတာလား"

"မင်းတို့ကတော့ တကယ်ကို အခွင့်ကောင်း ယူတတ်တာပဲ"

ရွှီယန်က ရှောင်ဟွာ ကို မြင်သောအခါ ၎င်း၏ ရည်ရွယ်ချက်ကို သိလိုက်သဖြင့် ပြုံးကာ ပြောလိုက်သည်။

ရှောင်ဟွာ က လယ်ယာခြံဝင်းထဲတွင် ကြီးပြင်းလာခဲ့ခြင်း ဖြစ်သဖြင့် ဤဘက်ရှိ အခြေအနေများကို အကုန်လုံး နားလည်ထား၏။

ထို့နောက် ရွှီယန်က ကျားသစ်ပေါက်လေး နှစ်ကောင်ကို ပွေ့ချီကာ ရှောင်ဟွာ နှင့်အတူ လယ်ယာခြံဝင်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ရှောင်ဟွာ က ကျားသစ်ပေါက်လေး နှစ်ကောင်ကို ခေါ်ကာ တောအုပ်ထဲသို့ ပြန်သွားခဲ့၏။

လူးနား ကတော့ တောင်ကုန်းပုလေး အောက်တွင် ပုန်းနေဆဲဖြစ်ပြီး ကျားသစ်ပေါက်လေးများ အနားရောက်လာမှသာ အပြေးအလွှား ထွက်လာကာ တစ်ကောင်ကို ကိုက်ချီသွားတော့သည်။

ထို့နောက် မိသားစု လေးကောင်လုံး ပြေးလွှားခုန်ပေါက်ရင်း တောအုပ်ထဲတွင် ပျောက်ကွယ်သွားကြတော့၏။

ရွှီယန်က သူတို့ ထွက်သွားသည်ကို ကြည့်ကာ သက်ပြင်းချရင်း မယုံနိုင်စရာ ကောင်းသော နေ့တစ်နေ့ဟု တွေးလိုက်မိသည်။

ဤတိရစ္ဆာန်များကို အချိန်ကြာကြာ မွေးမြူလာလေ သူတို့၏ ထူးခြားချက်များကို ပိုပိုပြီး သိရှိလာရလေပင် ဖြစ်သည်။

တစ်ကောင်ချင်းစီက အလွန် ဉာဏ်ကောင်းကြပြီး နတ်ဝိညာဉ် ဝင်စားနေသကဲ့သို့ပင် ဖြစ်၏။

အသိဉာဏ်ရှိသော တိရစ္ဆာန်များက သဘာဝကျကျပင် လူများ၏ ချစ်ခင်မှုကို ရရှိတတ်ကြပြီး အသိဉာဏ် မရှိသော တိရစ္ဆာန်များကိုတော့ ရွှီယန်က သိပ်မစိတ်ဝင်စားချေ။

ဥပမာအားဖြင့် တောဝက် ဆိုလျှင် ရွှီယန်၏ တစ်သက်တာ ရန်သူဟု ဆိုရမည်။

မြင်တွေ့သည်နှင့် သေချာပေါက် တိုက်ခိုက်ရမည်သာ ဖြစ်၏။

ရွှီယန်က နောက်လှည့်ကာ လယ်ယာခြံဝင်းထဲသို့ ပြန်ဝင်လာခဲ့သည်။

သူက နေကြာပန်းခင်းကို တစ်ချက်ကြည့်လိုက်ပြီး မှန်လုံအိမ် အားလုံးထဲသို့ လှည့်ပတ် ကြည့်ရှုလိုက်၏။

နေကြာပန်းများက မှည့်တော့မည်ဖြစ်ပြီး မှန်လုံအိမ်ထဲရှိ ဘလူးဘယ်ရီ သီးများကလည်း မှည့်တော့မည် ဖြစ်သည်။

နဂါးလှေသဘင်ပွဲတော် ပြီးသွားပါက လယ်ယာခြံဝင်းမှာ ပြန်လည် အလုပ်များရဦးမည် ဖြစ်၏။

ဤလယ်ယာအလုပ်များက သိပ်ပြီး မလွယ်ကူလှချေ။

ကံကောင်းသည်မှာ ဝန်ထမ်းများက ကြိုးစားပမ်းစား လုပ်ကိုင်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် အများကြီး စိုးရိမ်စရာ မလိုတော့ပေ။

All Chapters