← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း ၁၂၁

ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အရာအားလုံးနီးပါး ပျက်စီးနေသည်ကို သူ တွေ့လိုက်ရသည်။ ဤခြံဝန်းသည် အခြေခံအားဖြင့် ဝိညာဉ်အပင် အမြောက်အမြား စိုက်ပျိုးထားသော ဆေးဘက်ဝင်အပင်စိုက်ခင်းငယ်လေး တစ်ခုဖြစ်ပြီး ဆံပင်ဖြူအဖိုးအိုသည်လည်း ကျင့်ကြံခြင်းလမ်းစဉ်တွင် အတော်အတန် မြင့်မားသော အောင်မြင်မှုများ ရရှိခဲ့ပုံရသည်။

ကျန်းဟန် ပတ်ပတ်လည်ကို ရှာဖွေကြည့်ရာ သွေးညှီနံ့များ ထွက်ပေါ်နေသော မြေကွက်လပ်တစ်ခုတွင် သွေးအဆီအနှစ် သစ်သီးပင်ကို ရှာတွေ့သွားခဲ့၏။

၎င်းသည် ဥအရွယ်အစားရှိသော အသီးငါးလုံး သီးနေသည့် စိမ်းစိုနေသော သစ်ပင်ငယ်လေးတစ်ပင်ဖြစ်ပြီး ထိပ်ဆုံးမှ တစ်လုံးတည်းသာ လုံးဝအနီရောင် တောက်နေခဲ့သည်။

ကျန်းဟန်သည် ထိုဝိညာဉ်အပင် အမျိုးအစားကို သိသည်။ သွေးအဆီအနှစ် သစ်သီးပင်သည် သားရဲထိန်းချုပ်သူ၏ အိမ်မွေးတိရစ္ဆာန်များကို အဆင့်တက်ရာတွင် ကူညီပေးနိုင်သည့် ဝိညာဉ်အပင် အမျိုးအစားဖြစ်ပြီး အထူးသဖြင့် သွေးအမျိုးအစား အိမ်မွေးတိရစ္ဆာန်များအတွက် ပိုမိုထိရောက်မှု ရှိသည်။

သွေးအဆီအနှစ် သစ်သီးပင်ကို သွေးဆေးမြွေ၏ ဆေးဘက်ဝင်သွေးဖြင့် ရေလောင်းပေးရမည် ဖြစ်သည်။ သွေးဆေးမြွေများသည် ရှားပါးပြီး အစွမ်းထက်သောကြောင့် သွေးအဆီအနှစ်သီးကို စိုက်ပျိုးရန် ကုန်ကျစရိတ်မှာ အလွန်မြင့်မားသည်။ တတိယအဆင့် သွေးအဆီအနှစ်သီးတစ်လုံးသည် ဈေးကွက်တွင် ၅၀၀၀၀ ယွမ် ခန့် ပေါက်ဈေးရှိပြီး ရချင်တိုင်းလည်း မရနိုင်ပေ။

ကျန်းဟန်သည် သွေးအဆီအနှစ် သစ်သီးပင်ကို ကြည့်ပြီး ထိပ်ဆုံးမှ မှည့်နေသော သွေးအဆီအနှစ်သီးကို ဆွတ်ခူးကာ ဂရုတစိုက် သိမ်းဆည်းထားလိုက်သည်။

“ဟုတ်ဟုတ် ဒီကိုလာ...။ ဒီသွေးအဆီအနှစ်သီး သုံးလုံးကို စားလိုက်။”

ကျန်းဟန်သည် ဟုတ်ဟုတ်ကို ထုတ်လိုက်ပြီး တဝက်သာမှည့်သေးသည့် ကျန်သော သွေးအဆီအနှစ်သီး သုံးလုံးကို ဆွတ်ကာ ဟုတ်ဟုတ်ထံ ကမ်းပေးလိုက်သည်။

ချီရှီးမား ဆာကူရာက သူ့ကို သွေးအဆီအနှစ်သီး တစ်လုံးတည်းသာ ယူခွင့်ရှိသည်ဟု ပြောခဲ့သော်လည်း ကျန်းဟန်က သဘာဝအတိုင်း ထိုမျှအထိ လိမ်မာနာခံမည့်သူ မဟုတ်ပေ။

စောစောက ပြင်းထန်သော တိုက်ပွဲအပြီးတွင် သွေးအဆီအနှစ်သီးများ ပျက်စီးသွားခြင်းသည် လုံးဝပုံမှန် ဖြစ်သည်။

“ဟုတ်....”

သွေးအဆီအနှစ်သီးများကို မြင်လိုက်ရသဖြင့် ဟုတ်ဟုတ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ၎င်းသည် ရှေ့သို့ ခုန်ဆွခုန်ဆွ တိုးလာပြီး ကြက်ပေါက်လေး စပါးစေ့ကောက်သကဲ့သို့ တစ်လုံးပြီးတစ်လုံး စားပစ်လိုက်တော့သည်။

တစ်ဝက်သာမှည့်သေးသည့် သွေးအဆီအနှစ်သီး သုံးလုံး ဗိုက်ထဲရောက်သွားပြီးနောက် ဟုတ်ဟုတ်၏ ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းများ စတင်ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ အရှိန်အဝါသည် ဆက်တိုက်ဆိုသလို အားကောင်းလာပြီး သွေးလည်ပတ်မှု မြန်ဆန်လာကာ အသွင်ပြောင်းဒြပ်စင်အသစ်များက ၎င်း၏ရုပ်ခန္ဓာကို အဆက်မပြတ် မြှင့်တင်ပေးနေခဲ့လေသည်။

“သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲကို ပြန်သွားပြီး ကောင်းကောင်း စုပ်ယူလိုက်။”

ကျန်းဟန် ၎င်းကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ထို့နောက်တွင် သူသည် ခြံဝန်းထဲ၌ တိုက်ပွဲကြောင့် ပျက်စီးသွားသော ဝိညာဉ်အပင်အချို့ကို ရှင်းလင်းရင်း ကောင်းမွန်သော ဝိညာဉ်အပင်အချို့ကိုလည်း ပျက်စီးသွားသည့်အပင်များအဖြစ် သိမ်းဆည်းရန် အခွင့်ကောင်းယူကာ ဖျက်ဆီးပစ်လိုက်သည်။

“ဒုစရိုက်အလုပ်က တကယ်တွက်ခြေကိုက်တာပဲ။”

ကျန်းဟန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူသိမ်းဆည်းထားသော ပျက်စီးသွားသည့် ဝိညာဉ်အပင်များကို ရောင်းချပါက ငွေခုနစ်သိန်း သို့မဟုတ် ရှစ်သိန်းခန့် ရနိုင်မည်ဟု သူခန့်မှန်းမိသည်။

လက်တွေ့တွင်မူ ပျက်စီးသွားသော ဝိညာဉ်အပင် အဲ့ဒီလောက်အများကြီး မရှိသော်လည်း ကျန်းဟန်ကမူ ၎င်းတို့ထဲမှ အများအပြားကို “ပျက်စီးသွားပြီ” ဟု ကိုယ်တိုင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုမျှများပြားလှသော ဝိညာဉ်အပင်များကို မြင်တွေ့နေရပါလျက်နှင့် မခူးဆွတ်ဘဲနေခြင်းမှာ သူ၏စတိုင်လ် မဟုတ်ပေ။

အကယ်၍ ချီရှီးမား ဆာကူရာ ဒေါသတကြီး ဖြစ်လာမည်ကို မစိုးရိမ်ပါက သူသည် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်းပင် ရိတ်သိမ်းပစ်လိုက်ချင်သေးသည်။

သူ ခြံဝန်းကို တစ်ချက်ကြည့်လိုက်၏။ သူသည် အတန်အသင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့သဖြင့် ချီရှီးမား ဆာကူရာ စိတ်ဆိုးမည်မဟုတ်ဟု ထင်လိုက်သည်။

ထို့နောက် သူသည် ရှေ့ရှိ အိမ်ကြီးကို ကြည့်ကာ ၎င်းအထဲတွင်လည်း ကောင်းမွန်သော အရာများစွာ ရှိလိမ့်မည်ဟု တွေးမိလိုက်သည်။

သို့သော် အနည်းငယ် စဉ်းစားပြီးနောက် စိတ်ကူးကို လက်လျှော့လိုက်ပြီး အထဲသို့ မဝင်တော့ပေ။

ရုတ်တရက် မြေပြင်မှာ အနည်းငယ် တုန်ခါသွား၏။ မိနစ်အနည်းငယ်ကြာပြီးနောက် ချီရှီးမား ဆာကူရာက အဖိုးအိုနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။

“နင် သွေးအဆီအနှစ်သစ်သီးကို ယူပြီးပြီလား။”

ချီရှီးမား ဆာကူရာက ကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။

“ယူပြီးပြီ။”

ကျန်းဟန် ခေါင်းငြိမ့်ပြလိုက်၏။

“ဟမ်.. ငါ့ရဲ့ ဝိညာဉ်အပင်တချို့ ဘာလို့ ပျောက်နေတာလဲ။”

ဆံပင်ဖြူအဖိုးအိုသည် ခြံဝန်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းဟန်အပေါ်သို့ မျက်လုံးချင်းစုံကာ စိုက်ကြည့်လိုက်သည်။

“ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာ ဝိညာဉ်အပင်အချို့ ပျက်စီးသွားတာက လုံးဝပုံမှန်ပဲ မဟုတ်ဘူးလား။”

ကျန်းဟန်သည် သူဘာမှမသိသည့် ရိုးအပြစ်မဲ့ပုံစံမျိုး ဖမ်းကာ မျက်နှာပြောင်တိုက်ပြီး လိမ်ညာလိုက်သည်။

ဆံပင်ဖြူအဖိုးအို - “...”

မင်း ငါ့ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား။ ဝိညာဉ်အပင်တွေ ပျက်စီးသွားရင်တောင် အစအနတစ်စမှ မကျန်ခဲ့ဘဲ ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်မှာလဲ။

ချီရှီးမား ဆာကူရာသည် ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ သိသိကြီးနှင့် မမြင်ချင်ယောင်ဆောင်ပေးထားလိုက်သည်။

“ရှင် လောလောဆယ် ဒီမှာပဲ နေနေဦး။ နောက်မှ အဖွဲ့အစည်းက ရှင်အတွက် တာဝန်တွေ စီစဉ်ပေးလိမ့်မယ်။ ကျွန်မ သူ့ကို ခေါ်သွားမယ်။”

ချီရှီးမား ဆာကူရာက ပြောလိုက်သည်။

“ကောင်းပါပြီ သခင်မ။ ဒီလက်အောက်ငယ်သားက အဖွဲ့အစည်းရဲ့ အမိန့်ကို စောင့်ဆိုင်းနေပါ့မယ်။”

ဆံပင်ဖြူအဖိုးအိုက အလျင်အမြန်ပင် ဦးညွှတ်အရိုအသေပေးလိုက်သည်။

“သွားစို့...”

ချီရှီးမား ဆာကူရာသည် ပျံသန်းနိုင်သော အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ထုတ်လိုက်ပြီး ကျန်းဟန်ကို ခေါ်ကာ ကောင်းကင်သို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

ခဏအကြာတွင် သူတို့နှစ်ဦးသည် တောတွင်းဈေးကွက် အနီးသို့ ရောက်ရှိလာခဲ့ကြလေသည်။

“နင်သွားချင်တဲ့ နေရာကို ရောက်ပြီ။ ဆင်းတော့။ အကယ်၍ နင့်မှာ ဖြေရှင်းစရာ ကိစ္စတစ်ခုခုရှိရင် ငါ့ကို ဆက်သွယ်လို့ရတယ်။”

ချီရှီးမား ဆာကူရာက ရှေ့မှ တောတွင်းဈေးကွက်ကို ကြည့်ကာ ကျန်းဟန်ကို ပြောလိုက်သည်။

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။”

ကျန်းဟန် ခေါင်းငြိမ့်ပြလိုက်ပြီး ပျံသန်းနေသော သားရဲတိရစ္ဆာန်ပေါ်မှ ခုန်ဆင်းလိုက်သည်။

“မောင်လေး ကျန်းဟန်.. မင်း အမြန်ဆုံး ပိုပြီး သန်မာလာအောင် လုပ်ရမယ်နော်။”

ကျန်းဟန် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ချီရှီးမား ဆာကူရာက ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်ပြီး သူမ၏ သားရဲတိရစ္ဆာန်ကို မောင်းနှင်ကာ လေထဲသို့ ထိုးတက် ပျံသန်းထွက်ခွာသွားတော့သည်။

“နောက်ဆုံးတော့ သွားပြီပဲ။”

ကျန်းဟန် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်မိသည်။ ချီရှီးမား ဆာကူရာ၏ အနားတွင် နေရခြင်းမှာ အမှန်တကယ်ပင် ရင်တထိတ်ထိတ်နှင့် စိတ်ဖိစီးစရာ ကောင်းလွန်းလှသည်။

သူ ပိုတွေးလေ၊ ပိုပြီး ကံဆိုးသည်ဟု ခံစားရလေပင်။

ချီရှီးမား ဆာကူရာလို လူမျိုးကို သူ ဘယ်လိုလုပ်ပြီး သွားဆွမိရတာလဲ။

တစ်ခုတည်းသော စိတ်သက်သာရာရစရာကတော့ နောင်တွင် အတိုးကြီးပေးပြီး ငွေချေးစားသူများ၏ နှောင့်ယှက်ခြင်းကို ခံရတော့မည်မဟုတ်ခြင်းပင် ဖြစ်နိုင်သည်။

သူ၏ စိတ်အခြေအနေကို ပြောင်းလဲလိုက်ပြီးနောက် ကျန်းဟန်သည် တောတွင်းဈေးကွက်ထဲသို့ လျှောက်ဝင်သွားလိုက်၏။။ ယခုအချိန်က မနက် ဆယ်နာရီသာ ရှိသေးပြီး တောတွင်းဈေးကွက်သည် ညဘက်မှသာ စည်ကားလေ့ရှိသောကြောင့် ယခုအချိန်တွင် လူ သိပ်မရှိပေ။

တောတွင်းဈေးကွက်ထဲသို့ ဝင်ပြီးနောက် ကျန်းဟန်သည် ဝိညာဉ်အပင်များကို ဝယ်ယူသည့် ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားခဲ့သည်။

“ဘယ်သူရှိလဲ။ ကျွန်တော် ဝိညာဉ်အပင်အချို့ ရောင်းချင်လို့ပါ။”

ဆိုင်ထဲတွင် လူတစ်ယောက်မှ မတွေ့သဖြင့် ကျန်းဟန် လှမ်းအော်လိုက်သည်။

မကြာမီပင် အသက် တစ်ဆယ့်သုံး၊ တစ်ဆယ့်လေးနှစ်အရွယ် မိန်းမငယ်လေးတစ်ဦးသည် သမ်းဝေရင်း အပေါ်ထပ်မှ ဆင်းလာခဲ့သည်။

သူမသည် အဝါနုရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး အိပ်ချင်မူးတူး မျက်လုံးများဖြင့် ကျန်ဟန်ကို ကြည့်လိုက်သည်။

“လာပြီ...လာပြီ။ ဘယ်လို ဝိညာဉ်အပင်တွေကို ရောင်းချင်တာလဲ။”

“ခဏလေး ငါ ထုတ်ပြပေးမယ်။”

ကျန်းဟန်သည် သူ၏ သိုလှောင်သေတ္တာထဲမှ ဝိညာဉ်အပင် အားလုံးကို တစ်ပြိုင်နက်တည်း သွန်ချလိုက်သည်။

“များလှချည်လား။ ဒါတွေကို ရှင် ဘယ်လိုရလာတာလဲ။”

မိန်းမငယ်လေးလေးမှာ အံ့အားသင့်သွားခဲ့ရသည်။ ကျန်းဟန်၏ ငယ်ရွယ်နုပျိုသော အသက်အရွယ်ကို ကြည့်ပြီး အလွန်ဆုံးရှိမှ တစ်လုံး သို့မဟုတ် နှစ်လုံးခန့်သာ ရောင်းလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ကျန်းဟန်က ရုတ်တရက် ဤမျှများပြားလှသော အပုံကြီးကို ထုတ်ပြလာပြီး ၎င်းအပြင် အဆက်မပြတ် ဆက်ထုတ်နေဦးမည်ဟု မည်သူက ထင်ထားမည်နည်း။

“အိမ်မှာ စိုက်ထားတာ။ ငါ့ရဲ့ သားရဲက ဖျက်ဆီးပစ်လိုက်လို့ ရောင်းဖို့ ယူလာခဲ့တာ။ ဈေးနှုန်း တွက်ပေးလို့ရမလား။”

ကျန်းဟန်သည် မိန်းမငယ်လေးကို တစ်ချက်ကြည့်ပြီး အနည်းငယ် သံသယဝင်မိသည်။ ဤမိန်းမငယ်လေးလေးက ဈေးနှုန်းကို တိတိကျကျ တွက်ချက်နိုင်ပါ့မလား။

“ဟမ့်.. ငါ့ကို လျှော့မတွက်နဲ့။ ဒါက ဝိညာဉ်အပင် နည်းနည်းပဲ။”

မိန်းမငယ်လေးသည် ကျန်းဟန်၏ မျက်လုံးထဲမှ သံသယများကို ရိပ်မိသွားပြီး ချက်ချင်းပင် ခေါင်းမော့ကာ ပြန်ပြောလိုက်သည်။

သို့သော်လည်း မကြာမီပင် ဆိုင်၏ တကယ့်မန်နေဂျာဖြစ်သူ လှပသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ပြန်ရောက်လာခဲ့သည်။ သူမ၏ စီမံခန့်ခွဲမှုအောက်တွင် နှစ်ဦးနှစ်ဖက်စလုံးသည် သဘောတူညီချက်တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။

“စုစုပေါင်း ၈၅၃၀၀၀ ယွမ် ကျသင့်ပါတယ်။ အဆင်ပြေရဲ့လား။”

လှပသော အမျိုးသမီးက ကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။

“အဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့ သားရဲထိန်းချုပ်သူ အကောင့်ထဲကိုပဲ တိုက်ရိုက် လွှဲပေးလိုက်ပါ။”

ကျန်းဟန်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

မကြာမီမှာပင် သူ၏ သားရဲထိန်းချုပ်သူ အကောင့်ထဲသို့ ငွေရှစ်သိန်းငါးသောင်း ဝင်ရောက်လာခဲ့သည်။ သူ၏ မူလငွေများနှင့် ပေါင်းလိုက်ပါက ယခုအခါ သူ၏ အကောင့်ထဲတွင် စုစုပေါင်း ၁.၇ သန်း ဟူသော အောက်မေ့ဖွယ် ပမာဏအထိ ရှိနေပြီ ဖြစ်သည်။

ဤအရာအားလုံးမှာ သူ့၏ ပိုင်ဆိုင်မှုတန်ဖိုးကို ရုတ်တရက် ငွေရှစ်သိန်းကျော်အထိ တိုးပွားအောင် လုပ်ပေးခဲ့သည့် ချီရှီးမား ဆာကူရာကြောင့်ပင် ဖြစ်သည်။ ချီရှီးမား ဆာကူရာသည် သူ အမြန်ဆုံး ပိုမိုသန်မာလာစေရန် မျှော်လင့်ချက်ဖြင့် ယခုလို တမင်သက်သက် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သူ သိသည်။

၎င်းက သူ့ကို တစ်နည်းတစ်ဖုံ စိတ်မသက်မသာ ဖြစ်စေခဲ့လေသည်။ ချီရှီးမား ဆာကူရာက ယခုလို ပုံစံမျိုး ပိုမိုပြုမူလေလေ၊ သူမ၏ အကြံအစည်များက ပို၍ ကြီးမားနက်ရှိုင်းလေဖြစ်ကြောင်း ပိုမိုထင်ရှားလေလေ ဖြစ်သည်။

ဝိညာဉ်အပင်ဆိုင်မှ ထွက်ခွာလာပြီးနောက် ကျန်းဟန်သည် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့၏ သားရဲမွေးမြူရေး အခန်းသို့ သွားရောက်ကာ သူမကို ရှာဖွေပြီး ဆေးရည်အချို့ ပြင်ဆင်ပေးရန် အကူအညီတောင်းခံလိုက်သည်။

သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင်မူ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲထားပြီးဖြစ်သော ပိုင်လင်းသည် အဝေးမှနေ၍ ဟုတ်ဟုတ်ကို လှမ်းကြည့်နေခဲ့သည်။ အကြောင်းမှာ ထိုတစ်ဝက်သာမှည့်သေးသည့် သွေးအဆီအနှစ်သီး သုံးလုံးကို စားသုံးပြီးနောက် ဟုတ်ဟုတ်၏ အရှိန်အဝါသည် လက်ရွေးစင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ခေါင်းဆောင်အဆင့်သို့ တိုက်ရိုက် အဆင့်တက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သောကြောင့် ဖြစ်သည်။

“ဂူးးးး”

ဟုတ်ဟုတ်သည် ကျန်းဟန်ကို ခေါ်ရန် အသံတစ်ချက်ပြုလိုက်ပြီး နောက်ထပ် ဆေးရည်တစ်ပုလင်းသာ ရှိပါက အဆင့်တက်လှမ်းနိုင်ပြီဖြစ်ကြောင်း အရိပ်အယောင် ပြလိုက်သည်။

“ကောင်းပြီ။ ဒါဆို နောက်ဆုံး သွေးအဆီအနှစ်သစ်သီးကိုပါ ဆက်စားလိုက်တော့။”

ကျန်းဟန် ခေါင်းငြိမ့်ပြလိုက်ပြီး ၎င်းကို အပြင်ထုတ်ကာ လက်ထဲမှ လုံးဝမှည့်နေသော သွေးအဆီအနှစ်သစ်သီးကို ဟုတ်ဟုတ်အား ကျွေးလိုက်ပြီးနောက် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ထပ်မံ၍ ပြန်လည်သိမ်းဆည်းလိုက်သည်။

သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် ဟုတ်ဟုတ်၏ ခန္ဓာကိုယ်ပေါ်၌ နီရဲပြီး လှိုင်းထနေသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သွေးအဆီအနှစ်သစ်သီး၏ စွမ်းအင်သက်ရောက်မှုအောက်တွင် ၎င်းသည် အတွင်းမှအပြင်သို့ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ပထမဦးစွာ ၎င်း၏ သားရဲအမြုတေသည် ပိုမိုကြီးမားလာပြီး ခိုင်မာတည်ငြိမ်လာကာ ဝိညာဉ်ရေးရာစွမ်းအားများ ထုတ်လွှတ်မှုကြောင့် ပျက်စီးယိုယွင်းခြင်းမျိုး မရှိတော့ပေ။

ဒုတိယအနေဖြင့် ၎င်း၏ ရုပ်ခန္ဓာသည်လည်း သန်မာလာခဲ့သည်။ သားရဲအမြုတေနှင့် သွေးအဆီအနှစ်သစ်သီးတို့၏ နှစ်ထပ်ကွမ်း သက်ရောက်မှုသည် ဟုတ်ဟုတ်၏ ရုပ်ခန္ဓာကို အဆက်မပြတ် ပိုမိုကြံ့ခိုင်စေပြီး ၎င်း၏ ခွန်အားကို ပိုမိုမြင့်မားလာစေကာ အမျိုးမျိုးသော တိုက်ခိုက်မှုများကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်း ရှိလာစေခဲ့သည်။

ဤအသွင်ပြောင်းလဲမှုသည် အချိန်တစ်ခု ကြာမြင့်မည်ဖြစ်သည်။ ကျန်းဟန်သည် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့၏ အခန်းသို့ ရောက်ရှိချိန်တွင်မူ ဟုတ်ဟု၏ အရှိန်အဝါသည် လုံးဝဥဿုံ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

အခန်း ၁၂၂

ချုပ်ဆိုထားသော စာချုပ်ကြောင့် ကျန်းဟန်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဆန်းသစ်ပြီး နွေးထွေးသော လျှပ်စီးကြောင်းတစ်ခု အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး သူ့ကို အဆက်မပြတ် ပြန်လည်ပုံဖော်ပေးနေသည်ကို ခံစားလိုက်ရသည်။

ဤစွမ်းအင်သည် ဟုတ်ဟုတ်ထံမှ မြစ်ဖျားခံလာပြီး သွေးလမ်းစဉ်နှင့် အမှောင်လမ်းစဉ်ဘက်သို့ ပိုနွယ်နေသောကြောင့် ကျန်းဟန်၏ ကြံ့ခိုင်မှုသည်လည်း ဆက်တိုက် တိုးတက်လာခဲ့သည်။ သူသည် တဖြည်းဖြည်း အရပ်ရှည်လာပုံရပြီး အရိုးများနှင့် အရေပြားများပါ ပြောင်းလဲသွားကာ မူလက ဂျုံစပါးရောင်ရှိသော အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနူးညံ့သွားပြီး မျက်နှာမှာမူ အတန်ငယ် နုနယ်ချောမောသွားသည့် ပုံစံပင် ပေါက်လာခဲ့သည်။

သို့သော်လည်း ကျန်းဟန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သောအခါ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ပိုမိုသန်မာလာပြီး ကြံ့ခိုင်မှု၊ အရှိန်နှုန်းနှင့် အခြားသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အခြေအနေများမှာလည်း သိသိသာသာ မြင့်တက်လာကြောင်း ထင်ရှားစွာ ခံစားလိုက်ရသည်။

သူ့၏ အသားအရေ အရောင်အဆင်းနှင့် ပတ်သက်၍မူ သူ ဘာမှမတတ်နိုင်ပေ။ စွမ်းအင်တုံ့ပြန်မှုများ တစ်ပြိုင်နက်တည်း အလွန်အကျွံ ရရှိလာချိန်တွင် ဤသို့ဖြစ်တတ်သည်မှာ သဘာဝပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဟုတ်ဟုတ်နှင့် သက်ဆိုင်သော အချက်အလက် ဒေတာများသည်လည်း သူ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

[အမည်] : သွေးအရိပ်ညဇီးကွက်

[ဂုဏ်သတ္တိ] : အမှောင်၊ သွေး

[အဆင့်] : ခေါင်းဆောင်အဆင့် အစောပိုင်းအဆင့်

[ပါရမီအလားအလာ] : မရှိပါ။

[ထူးခြားချက်] : သွေးနတ်ဆိုး (သွေးအပေါ်တွင် လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ပြိုင်ဘက်၏ သွေးလည်ပတ်မှုကို ကြီးမားစွာ နှောင့်ယှက်နိုင်ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ လျော့ကျစေနိုင်သည်။ မိမိ၏ သွေးကို လှုံ့ဆော်ပြီး သွေးနတ်ဆိုးအခြေအနေ သို့ ဝင်ရောက်နိုင်သည်။ ဤအခြေအနေသည် ပြိုင်ဘက်ကို အဆက်မပြတ် သွေးထွက်သံယို ဖြစ်စေရုံသာမက မိမိ၏ ဂုဏ်သတ္တိစွမ်းရည်အားလုံးကို သုံးဆအထိ မြင့်တက်သွားစေပြီး သွေးကို စားသုံးခြင်းဖြင့် ၎င်းအခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။)

[စွမ်းရည်များ] : ဆွဲဖြဲလက်သည်း၊ ပျံသန်းဆိတ်ဆွခြင်း၊ အရိပ်ပုန်းကွယ်ခြင်း ၊ သွေးအရိပ်၊ အရိပ်အလင်းဓား (ရန်သူများကို တိုက်ခိုက်ရန် အတောင်ပံနှစ်ဖက်စလုံး၏ အမွှေးအတောင်များမှတစ်ဆင့် အနက်ရောင် ဓားအလင်းတန်းများကို စုစည်းစေနိုင်သည်။)

[နှိမ်နင်းနိုင်သောအမျိုးအစား] : အင်းဆက်အမျိုးအစား

[အားနည်းချက်] : စိတ်စွမ်းအင်အမျိုးအစား

[ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်း] : အနက်ရောင်မီးတောက်သွေးငှက်

[မိတ်ဆက်] : ဝါးကြွက်၊ တောယုန်၊ ဟမ်းစတားကြွက်နှင့် အိမ်မြှောင်များကို သားကောင်အဖြစ် ဖမ်းယူစားသောက်ရသည်ကို နှစ်သက်သော သွေးအရိပ်ညဇီးကွက် ပေါက်လေးဖြစ်သည်။ ညဘက်တွင် တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်မားပြီး ပျံသန်းနှုန်း မြန်ဆန်လာကာ တိုက်ခိုက်နိုင်စွမ်းလည်း မြင့်တက်လာသည်။ ၎င်းသည် ပါရမီအလားအလာ၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် နောင်တွင် အဆင့်တက်လှမ်းရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ကျန်ဟန်သည် မိမိရှေ့တွင် ပေါ်လာသော ဟုတ်ဟုတ်၏ အချက်အလက်များကို ကြည့်လိုက်၏။ ခေါင်းဆောင်အဆင့်သို့ ရောက်ရှိပြီးနောက် ဟုတ်ဟုတ်၏ ဒေတာပန်နယ်ပေါ်ရှိ ပြောင်းလဲမှုများသည် ကြီးကြီးမားမား မရှိလှဘဲ ၎င်း၏ ထူးခြားချက်များနှင့် အခြားကဏ္ဍများတွင်လည်း ပြောင်းလဲမှုမရှိပေ။

အဓိက ပြောင်းလဲမှု နှစ်ခုသာ ရှိသည်။ ပထမတစ်ခုမှာ ၎င်းသည် အမှောင်အမျိုးအစား စွမ်းရည်အသစ်ဖြစ်သော အရိပ်အလင်းဓားကို သင်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အတော်အတန် အစွမ်းထက်သော တိုက်ခိုက်ရေး အမျိုးအစား စွမ်းရည်တစ်ခု ဖြစ်သည်။

ယခင်က ဟုတ်ဟုတ် တတ်မြောက်ထားသော တစ်ခုတည်းသော အမှောင်အမျိုးအစား စွမ်းရည်မှာ မိမိ၏ အရှိန်အဝါကို ဖုံးကွယ်နိုင်သည့် အရိပ်ပုန်းကွယ်ခြင်းသာ ဖြစ်သည်။

ယခုအခါ ဤ အရိပ်ပလင်းဓား တိုက်ခိုက်ရေးစွမ်းရည်ကို သွေးအရိပ်စွမ်းရည်နှင့် ပေါင်းစပ်ကာ စစ်ကစားကွက် တစ်စုတစ်စည်းတည်း ဖြစ်အောင် ဖန်တီးနိုင်သည်။

သားရဲထိန်းချုပ်ခြင်း အသိပညာအရ သားရဲတိုင်းတွင် အခြေခံကျသော ကဏ္ဍသုံးခု ဖြစ်သည့် တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် အရှိန်နှုန်းတို့ ရှိသင့်ပြီး စံပြအနေဖြင့် ကောင်းမွန်သော ကင်းထောက်ခြင်းနှင့် ကုသခြင်းစွမ်းရည်များပါ ရှိရမည်ဖြစ်သည်။

သို့သော်လည်း သားရဲထိန်းချုပ်သူတစ်ဦးသည် သားရဲအများအပြားကို ပိုင်ဆိုင်နိုင်သောကြောင့် သားရဲတစ်ကောင်ချင်းစီကို မွေးမြူပျိုးထောင်ရာတွင် ၎င်းတို့ ပိုမိုအားသာသည့်ဘက်သို့ ဦးတည်လေ့ရှိသည်။ ကာကွယ်ရေးတွင် ထူးချွန်လျှင် ထူးချွန်၊ သို့မဟုတ် တိုက်ခိုက်ရေးတွင် ထူးချွန်လျှင် ထူးချွန် စသဖြင့် ကဏ္ဍတစ်ခုချင်းစီအတွက် သီးသန့်သားရဲများ ရှိကြသည်။

ဘက်စုံတော်နေခြင်းသည် တစ်ခါတစ်ရံတွင် မထူးခြားဘဲ သာမန်ဖြစ်နေခြင်းကို ဆိုလိုသည်။ အကယ်၍ သင်က အရာအားလုံးကို လုပ်နိုင်နေလျှင် ဘယ်အရာတွင်မှ ထူးထူးခြားခြား ကျွမ်းကျင်ခြင်း သို့မဟုတ် သန်မာခြင်းမျိုး မရှိဘဲ ဖြစ်နေဖို့ ရာခိုင်နှုန်း များပေသည်။ နှစ်ခုစလုံးကို ထူးချွန်အောင် လုပ်နိုင်သည့်သူမှာ ရှားပါလှ၏။

ကျန်းဟန်၏ သားရဲများထဲတွင် ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့ နှစ်ကောင်စလုံးသည် တိုက်ခိုက်ရေးသမား ကဏ္ဍတွင် ပါဝင်သည်။ ကျန်းဟန်သည် ပိုင်လင်းကို ရှေ့တန်းမှ တိုက်ရိုက်တိုက်ခိုက်ခြင်းနှင့် ပြင်းထန်သော ပေါက်ကွဲအား ထိခိုက်မှုကို ပေးနိုင်ရန် မွေးမြူနေခြင်းဖြစ်ပြီး ၎င်း၏ တစ်ကောင်ချင်းစီအပေါ် ပေးနိုင်သော ပေါက်ကွဲအား တိုက်ခိုက်မှုမှာ ပြိုင်ဘက်ကင်းသည်။

အခြားတစ်ဖက်တွင်မူ ဟုတ်ဟုတ်သည် ရေရှည်တိုက်ပွဲများနှင့် ဧရိယာအလိုက် ကျယ်ပြန့်စွာ တိုက်ခိုက်ခြင်းများအပြင် လုပ်ကြံသတ်ဖြတ်နိုင်စွမ်းများအတွက် ဖြစ်သောကြောင့် ၎င်းတို့၏ အဓိက အားသာချက်များမှာ ကွဲပြားသည်။

ပိုင်လင်းသည် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲထားပြီးဖြစ်၍ ၎င်း၏ ရှေ့တန်းတိုက်ခိုက်နိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့သည်။ ဟုတ်ဟုတ်သည် နောက်ပိုင်းတွင် အနက်ရောက်မီးတောက်သွေးငှက်အဖြစ် ဆင့်ကဲပြောင်းလဲသွားမည်ဖြစ်ပြီး ဧရိယာအလိုက် ကျယ်ပြန့်စွာ တိုက်ခိုက်ခြင်းနှင့် ရေရှည်တိုက်ပွဲများတွင် အလွန် ကျွမ်းကျင်လာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဟုတ်ဟုတ်ဖြစ်စေ၊ ပိုင်လင်းဖြစ်စေ ၎င်းတို့နှစ်ကောင်စလုံးသည် ရှားပါးပြီး အဆင့်မြင့်သော သားရဲများ ဖြစ်ကြသည်။ နောင်တစ်ချိန်တွင် ၎င်းတို့သည် အရှိန်နှုန်းနှင့် ခံစစ်ပိုင်းကဲ့သို့သော အမျိုးမျိုးသော ကဏ္ဍများထဲသို့ပါ ခြေဆန့်ဝင်ရောက်လာကြမည်ဖြစ်ရာ အဖွဲ့လိုက် ပူးပေါင်းတိုက်ခိုက်နိုင်ရုံသာမက တစ်ကောင်ချင်းစီ ထုတ်ယူသုံးစွဲလျှင်လည်း ကောင်းစွာ တိုက်ခိုက်နိုင်စွမ်း ရှိစေရန် အာမခံချက် ရှိနေမည် ဖြစ်သည်။

ဒါကလည်း သားရဲထိန်းချုပ်သူများ သားရဲများကို မွေးမြူပျိုးထောင်ရာတွင် အမြဲတစေ ကျင့်သုံးလေ့ရှိသော နည်းလမ်းပင် ဖြစ်သည်။

သို့ရာတွင် သာမန် သားရဲထိန်းချုပ်သူတစ်ဦးအဖို့ မိမိ၏ သားရဲများကို ဘက်စုံတော်အောင် လုပ်ရန်မှာ ခက်ခဲလှသည်။ အကြောင်းရင်းတစ်ခုမှာ စိုက်ထုတ်ရမည့် ကြိုးပမ်းအားထုတ်မှုမှာ အလွန်တရာ ကြီးမားလွန်းခြင်းကြောင့်ဖြစ်ပြီး နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ထိုကဲ့သို့ ဘက်စုံတော်သော သားရဲမျိုးမှာ အလွန်ရှားပါးပြီး ရရှိရန် ခက်ခဲသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လူအများစုသည် မိမိတို့၏ သားရဲများကို ကဏ္ဍတစ်ခု သို့မဟုတ် နှစ်ခုတွင်သာ အထူးပြုကျွမ်းကျင်စေရန် ရွေးချယ်ကြပြီး အဖွဲ့လိုက် ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်ကြခြင်း ဖြစ်သည်။

ပြီးပြည့်စုံသော သားရဲထိန်းချုပ်သူတစ်ဦးသည် အခြေခံကဏ္ဍ ခြောက်ခုဖြစ်သည့် တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း၊ ကင်းထောက်ခြင်း၊ အရှိန်နှုန်းနှင့် သိုလှောင်ခြင်း စသည်တို့ကို လွှမ်းခြုံနိုင်သော သားရဲများကို ပိုင်ဆိုင်ထားသင့်သည်။ ၎င်းတို့အပြင် ပုန်းကွယ်ခြင်းကဲ့သို့သော စွမ်းရည်မျိုး ရှိသည့် သားရဲများသည်လည်း အလွန်အရေးကြီးပေသည်။

တိုက်ခိုက်ရေးသမားများသည် သဘာဝအတိုင်း မိမိ၏ ကွပ်ကဲမှုအောက်ရှိ အဓိက တိုက်ခိုက်ရေး သားရဲများ ဖြစ်ကြသည်။ ခံစစ်သမားများမှာမူ အဓိကအားဖြင့် တိုက်ပွဲအတွင်း မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ဖြစ်သည်။ ကုသရေးသမားများသည်လည်း အလွန်အရေးကြီးပြီး တစ်ဖွဲ့လုံး၏ ကြံ့ခိုင်မှုနှင့် ရေရှည် တိုက်ခိုက်နိုင်စွမ်း ရှိနေစေရန် အာမခံချက် ပေးနိုင်သည်။

အရှိန်နှုန်းအမျိုးအစား သားရဲများကိုမူ အဓိကအားဖြင့် ထွက်ပြေးရန် သို့မဟုတ် ခရီးသွားရန်အတွက် စီးနင်းစရာ တိရစ္ဆာန်များအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် ကောင်းမွန်သော ပုန်းကွယ်နိုင်စွမ်း စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတတ်ကြသည်။ သားရဲထိန်းချုပ်သူများအနေဖြင့် အန္တရာယ်နှင့် ရင်ဆိုင်ရခြင်းမှာ အမြဲတစေဖြစ်ပြီး မယုံနိုင်စရာ အရှိန်နှုန်းရှိသော သားရဲတစ်ကောင်သည် ထွက်ပြေးလွတ်မြောက်ရန်အတွက် အကောင်းဆုံး လက်ထောက်ပင် ဖြစ်သည်။

ကင်းထောက်ခြင်းနှင့် ပတ်သက်၍မူ သားရဲထိန်းချုပ်သူ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် လုံလောက်နိုင်သော်လည်း ကင်းထောက် သားရဲများသည်လည်း ၎င်းတို့၏ ထူးခြားသော ကဏ္ဍများ ရှိကြပြီး ဆန်းကြယ်သော စွမ်းရည်အချို့ကို ပိုင်ဆိုင်ထားလေ့ ရှိကြသည်။

သိုလှောင်မှုအမျိုးအစား သားရဲများကိုမူ ယေဘုယျအားဖြင့် မည်သူမျှ သိပ်ပြီး ပြင်ဆင်မထားတတ်ကြသော်လည်း အကယ်၍ တစ်စုံတစ်ယောက်သည် အိုရှန်းနီးယားကဲ့သို့သော တောရိုင်းမြေရိုင်းဒေသများသို့ နယ်မြေအသစ် ရှာဖွေဖော်ထုတ်ရန် သွားရောက်မည်ဆိုပါက အစွမ်းထက်သော သိုလှောင်မှုစွမ်းရည်ရှိသည့် သားရဲတစ်ကောင်ကို မရှိမဖြစ် လိုအပ်ပေသည်။ ၎င်းသည် သင်၏ ထောက်ပံ့ရေး အာမခံချက်နှင့် ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

ဤအဓိက ကဏ္ဍကြီး ခြောက်ခုကို ပိုမိုအသေးစိတ်ကျသော ကဏ္ဍများအဖြစ် ထပ်မံ ခွဲထုတ်နိုင်သည်။ သားရဲအချို့သည် တာဝန် တစ်ခု သို့မဟုတ် နှစ်ခုကို ပိုင်ဆိုင်ထားတတ်ကြသည်။ ဥပမာအားဖြင့် တိုက်ခိုက်ရေးသမားများကို ပြင်းထန်သော ပေါက်ကွဲအားဖြင့် တိုက်ခိုက်သည့် အမျိုးအစားနှင့် ရေရှည်တိုက်ခိုက်သည့် အမျိုးအစားဟူ၍ ခွဲခြားထားသည်။ အခြားဥပမာတစ်ခုမှာ သားရဲထိန်းချုပ်သူ အများစုသည် စီးနင်းမည့် သားရဲကို ရွေးချယ်သောအခါ အရှိန်နှုန်းရော ပုန်းကွယ်နိုင်စွမ်းပါ နှစ်ခုစလုံး ရှိစေရန် သို့မဟုတ် ပုန်းကွယ်နိုင်စွမ်းနှင့် သိုလှောင်နိုင်စွမ်း နှစ်ခုစလုံး ရှိစေရန် ကြိုးစား ရွေးချယ်တတ်ကြသည်။

နှစ်ပေါင်း တစ်ရာကျော် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ဤအရာသည် အခြေခံ သီအိုရီ အသိပညာတစ်ခု ဖြစ်လာခဲ့သည်။ သားရဲထိန်းချုပ်သူတိုင်းသည် ဤအုတ်မြစ်ပေါ်တွင် မူတည်၍ မိမိတို့၏ သားရဲအဖွဲ့ကို တည်ဆောက်ကြသည်။ ယင်းတို့အထဲတွင် ကွဲပြားခြားနားသော ဂိုဏ်းအုပ်စုများစွာ ရှိပြီး တစ်ခုချင်းစီတွင် အားသာချက်၊ အားနည်းချက်များ ရှိကြရာ ၎င်းတို့အားလုံးကို တစ်ထိုင်တည်းနှင့် ပြော၍ ကုန်နိုင်မည်မဟုတ်သလို ရှင်းလင်းပြတ်သားအောင် ရှင်းပြရန်လည်း မလွယ်ကူပေ။

ကျန်းဟန် လက်ဝယ်ရှိသော ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့ နှစ်ကောင်စလုံးသည် တိုက်ခိုက်ရေးကို ဦးတည်သော သားရဲများ ဖြစ်ကြသည်။ သူသည် သူ၏ နောက်ထပ် သားရဲအတွက် အခြား အားကောင်းသော တိုက်ခိုက်ရေးသမားတစ်ကောင်ကို ထပ်မံရွေးချယ်ရန် အစီအစဉ်မရှိပေ။ ထိန်းချုပ်မှုကို အဓိကထားသော သားရဲ သို့မဟုတ် အစွမ်းထက်သော ကုသရေးစွမ်းရည်ရှိသည့် သားရဲတစ်ကောင်ကိုသာ ရွေးချယ်မည် ဖြစ်သည်။ တိုက်ခိုက်ရေးအပိုင်းတွင်မူ ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့ ရှိနေရုံနှင့်တင် လုံလောက်နေပြီ ဖြစ်သည်။

ဟုတ်ဟုတ်၏ အကြောင်းသို့ ပြန်ကောက်ရလျှင် ၎င်းအဆင့်တက်ပြီးနောက် နောက်ထပ် ပြောင်းလဲမှုတစ်ခုမှာ ၎င်း၏ ပါရမီအလားအလာ ကုန်ဆုံးသွားခြင်း ဖြစ်ပြီး ယခုအခါ သုညကြယ်ပွင့် ပါရမီအဆင့်သို့ ရောက်ရှိနေသည်။ ပုံမှန်အခြေအနေအရ ၎င်းကို ထပ်မံ၍ အဆင့်တက်စေချင်ပါက မွေးမြူရေးပညာရှင်တစ်ဦးကို ရှာဖွေပြီး ၎င်းနှင့် ကိုက်ညီမည့် ဆင့်ကဲပြောင်းလဲမှု အစီအစဉ်ကို စိတ်ကြိုက်ရေးဆွဲခိုင်းကာ ၎င်းကို ထပ်မံ ဆင့်ကဲပြောင်းလဲစေပြီး ပါရမီအလားအလာ ပြန်လည်ရရှိအောင် လုပ်ဆောင်ရမည် ဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် ဟုတ်ဟုတ်သည် ဆင့်ကဲပြောင်းလဲရန် အလွန်ခက်ခဲသော အမျိုးအစားထဲတွင် ပါဝင်နေ၏။ ၎င်းသည် အလွန်အစွမ်းထက်သောကြောင့် ထပ်မံ ဆင့်ကဲပြောင်းလဲရန် အလွန်ခက်ခဲပြီး များသောအားဖြင့် စီနီယာမွေးမြူရေးပညာရှင်တစ်ဦး ဝင်ရောက်ကူညီရန် လိုအပ်သည့်အပြင် ရှားပါးသော ပစ္စည်းအချို့လည်း လိုအပ်သည်။

သို့သော်ငြားလည်း ဤအရာက ကျန်းဟန်အတွက် ပြဿနာမဟုတ်ပေ။ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းကို အသက်သွင်းလိုက်သည်နှင့် ထိပ်တန်းအဆင့် မွေးမြူရေးပညာရှင်ပင်လျှင် ဘေးဖယ်ပေးလိုက်ရမည် ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ကျန်းဟန်တွင် စိုးရိမ်ပူပန်မှု လုံးဝမရှိပေ။ သူသည် လောလောဆယ်တွင် ဟုတ်ဟုတ်၏ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းကို အသေအချာ စဉ်းစားတွေးတောနိုင်ရန်အတွက် ကန်မြို့၏ အခြားတစ်ဖက်ရှိ သွေးနက်တွင်းကြီးသို့ သွားနိုင်ရန် ဤနေရာမှ ကိစ္စရပ်များကိုသာ အမြန်ဆုံး အဆုံးသတ်ရန် လိုအပ်သည်။

“ကွက်..ကွက်..ကွက်.. မင်း ဘာလို့ ပြန်လာပြန်တာလဲ သူငယ်ချင်းလေး။ ငါ့ရဲ့ ကြီးမြတ်ပြီး ပြိုင်ဘက်ကင်းတဲ့ အလှလေး အစ်မယိကော ဘယ်မှာလဲ။”

ကျန်းဟန် တံခါးထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မတွေ့ရတာ ကြာပြီဖြစ်သော ထိုကြက်တူရွေးကြီးက နားမခံသာသော အသံဖြင့် အော်ဟစ်လိုက်သည်။

“အစ်မယိ မပါဘူး။ ငါက စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ကို လာရှာတာ။ သူမ ဘယ်မှာလဲ။”

ကျန်းဟန်က ကြက်တူရွေးကြီးကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

“ကွက်.. ကွက်.. သခင်မရဲ့ သွားလာလှုပ်ရှားမှုတွေက လျှို့ဝှက်ချက်ပဲ။ မင်းကို ပြောပြလို့မရဘူး။”

ကြက်တူရွေးကြီးက ခေါင်းကိုမော့ကာ ပြောလိုက်သည်။

“မင်း ငါ့ကို စမုန်နက် ဆယ်ပိဿာ ပေးရင်တော့ တစ်မျိုးပေါ့။”

ကျန်းဟန် မျက်လုံးလှန်မိလိုက်၏။ ဒီ

ကောင်က သူ့ဆီကို လာဘ်ထိုးခိုင်းနေတာပဲ။ ဒါတော့ လုံးဝမဖြစ်နိုင်ဘူး။

သူသည် ငှက်တစ်ကောင်ကို လာဘ်ထိုးမည့်သူမဟုတ်သဖြင့် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့အား ဖုန်းခေါ်ရန် ဖုန်းကို ချက်ချင်းထုတ်ယူလိုက်သည်။

“နေဦး.. ကွက်.. စမုန်နက် တစ်ပိဿာဆိုရင်လည်း ရပါတယ် ကွက်...။”

ကျန်းဟန် ဖုန်းခေါ်တော့မည်ကို မြင်သောအခါ ကြက်တူရွေးကြီးသည် အလျင်အမြန် ပျံသန်းလာပြီး ဈေးလျှော့ပေးလာခဲ့သည်။

“တော်ပြီ တော်ပြီ။ ငါနဲ့ လိုက်ခဲ့တော့။ သခင်မဆီ ခေါ်သွားပေးမယ်။”

ကျန်းဟန်က သူ့ကို ဆက်ပြီး လျစ်လျူရှုထားသည်ကို မြင်သောအခါ ၎င်းက စကားလမ်းကြောင်းကို ချက်ချင်း ထပ်မံပြောင်းလဲလိုက်ပြန်သည်။

“ဒါဆိုရင်လည်း လမ်းပြပေးပါဦး။”

ကျန်းဟန်က ၎င်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

All Chapters